အခန်း ၂၃၃
Vol. 24 Ch. 233
အခန်း ၂၃၃ - နောက်ဆက်တွဲဖြစ်ရပ်များ (၂)
ချီရွှမ်းစုတစ်ယောက် အကြံကုန်နေသည်။ လ၏ ပထမဆုံးနေ့ကို ကျော်လွန်လာခဲ့ပြီ ဖြစ်သောကြောင့် အိပ်မက်အစည်းအဝေးသို့ မတက်ရောက်နိုင်တော့ဘဲ ၁၅ရက်နေ့အထိ စောင့်ရမည်ဖြစ်သည်။
သူ အစ်မချီနှင့် ဆက်သွယ်ကာ သွေးဆေးလုံးကို လှီးဖြတ်၍ နည်းနည်းစီ ခွဲစားလို့ရလား မေးကြည့်ချင်သည်။ သို့သော် ပြန်လည်စဉ်းစားပြီးနောက် ထိုစိတ်ကူးကို စွန့်လွှတ်လိုက်၏။ အစ်မချီက အလုပ်များနေပုံရပြီး သူ့မှာလည်း မိခင်ကလေးအဆောင်များစွာ မကျန်ရှိတော့ရာ လက်လွတ်စပယ်သုံးလို့ မဖြစ်တော့ပေ။ တကယ့်တကယ် အရေးကြီးသည့်အချိန်မှာ အစ်မချီနှင့် ဆက်သွယ်၍မရ ဖြစ်နေပေလိမ့်မည်။
ဒါ့အပြင် အဲဒါက မကောင်းသောအကြံဟု ချီရွှမ်းစု တွေးမိ၏။ မခွဲရသေးသော ဖရဲသီးတစ်လုံးကို ရက်အတော်အတန်ကြာအောင် သိမ်းထား၍ ရသော်လည်း ခွဲပြီးသွားလျှင် အဲဒါက နှစ်ရက်အတွင်း ပုပ်သိုးသွားပေလိမ့်မည်။ ဤသဘောတရားက ဆေးလုံးများအပေါ်မှာလည်း သက်ရောက်မှုရှိမည်ဟု သူယူဆ၏။ ဆေးလုံးကို လှီးဖြတ်ခြင်းက ၎င်း၏ အာနိသင်ကိုလည်း လျော့ကျစေပေလိမ့်မည်။
ချီရွှမ်းစုသည် လလယ်အိပ်မက်အစည်းအဝေးကို စောင့်ရင်း ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာမှာ ကျင့်ကြံနေဖို့ ဆုံးဖြတ်လိုက်၏။
ချင်းဖျင်အသင်း၏ တည်ငြိမ်မှုနှင့်ယှဉ်လျှင် တာအိုဂိုဏ်းတော်အတွင်း ရေအောက်စီးကြောင်းများက ထိန်းမနိုင်သိမ်းမရ လှိုင်းလုံးများအဖြစ် စုဖွဲ့လာခဲ့လေပြီ။
. . . . . . . .
ထုံးတမ်းစဉ်လာဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းယွဲ့လုက မူကျင်းနှင့်အတူ ယွီကျူးတောင်ပေါ်ရှိ အထူးသီးသန့် ဆိပ်ကမ်းသို့ သွားရောက်လိုက်၏။
ယွီကျူးတောင်ထွတ်ကို ဖုံးလွှမ်းထားသည့် ဝင်္ကပါများ မရှိရာ လေက အော်မြည်တိုက်ခတ်၍ ကျန်းယွဲ့လု၏ ဟဲချန်က တဖျပ်ဖျပ်လွင့်နေ၏။
အေးစက်သော လေပြင်းတစ်ချက်က သူမ၏ အရေပြားကို တိုက်ခတ်သွားပြီး ၎င်းနှင့်အတူ ဆီးနှင်းပွင့်တချို့ ပါလာရာ မူကျင်းက ချမ်းတုန်သွား၏။ သူမက မှေးမှိန်နေသော ကောင်းကင်ကို မော့ကြည့်ပြီးနောက် ရှေ့ရှိ တည်ငြိမ်နေသည့် ရေကန်ကို လှည့်ကြည့်လိုက်၏။
ဤနေရာသည် တာအိုဂိုဏ်းတော်၏ စစ်သင်္ဘောများအတွက် အထူးသီးသန့် ဆိပ်ကမ်းဖြစ်သောကြောင့် သာမန် ဝေဟင်ပျံသင်္ဘောများ ဤနေရာမှာ မဆိုက်ကပ်နိုင်ပေ။
တစ်ခါတုန်းက ခမ်းနားထည်ဝါခဲ့သည့် စစ်သင်္ဘောက ယခုအချိန်မှာ လဲပြိုကျလုဆဲဆဲ အခြေအနေဖြင့် ကြီးမားသော လူလုပ်ရေကန်ထဲမှာ မျောနေ၏။ ၎င်း၏ ဘောင်တန်းများက ယိုင်နဲ့နေသော်လည်း အရွယ်အစားက အလွန်တရာ ကြီးမားရာ အောက်ဘက်မှာရှိသော လူများကို ပုရွက်ဆိတ်များကဲ့သို့ ထင်ရစေ၏။
တာအိုဂိုဏ်းတော်သည် အရင်းအမြစ်ပစ္စည်းများနှင့် ဝင်္ကပါများစွာကို အသုံးပြုကာ တန်ခိုးရှင်သူတော်စင် လေးပါးနှင့် သာမန်သူတော်စင် ၁၂ ပါး စေလွှတ်ပြီး ဤစစ်သင်္ဘောကို ခွန်လွင်သို့ ပြန်ယူလာစေခဲ့သည်။
အစကတော့ သူတို့သည် အဖိုးတန်ဆုံး နဂါးပုလဲလုံးများအပြင် နဂါးအရိုးစုများဖြင့် ပြုလုပ်ထားသည့် သင်္ဘော၏ ဧရာ(ကျောဘက်ဆူးတောင်)အစိတ်အပိုင်းကိုသာ ပြန်ယူလာချင်သော်လည်း တာအိုဂိုဏ်းတော်ကို သတိပေးသည့်အနေဖြင့် စစ်သင်္ဘောတစ်စင်းလုံးကို ခွန်လွင်သို့ ပြန်ယူဆောင်လာဖို့ ရွှေနန်းမြင့်မျှော်စင်က ဆုံးဖြတ်ခဲ့၏။
ဘေးနားပတ်လည်မှာ လူအုပ်ကြီးက စုဝေးနေပြီး လူတိုင်း၏ အမူအရာက မှိုင်တွေ၍ တည်တံ့နေကြ၏။
လေထုက မွန်းကျပ်ဖွယ်ရာ ကောင်းလေသည်။
ကျန်းယွဲ့လုသည် ဧရာမယင်လုံစစ်သင်္ဘောကို ငေးကြည့်ရင်း အမူအရာကင်းမဲ့နေ၏။
ဤအချိန်မှာ လေထဲတွင် အနက်ရောင် အစက်အပြောက်တစ်ခုက လျင်မြန်စွာ ကြီးမားလာပြီး ကောင်းကင်တစ်ဝက်နီးပါးကို ဖုံးအုပ်သွား၏။ လူတိုင်း၏ စိတ်အာရုံက အနက်ရောင်အရိပ်ဘက်ကို ရောက်ရှိသွား၏။ မွန်းကျပ်ဖွယ်ရာကောင်းသော လေထုက ထပ်မံ၍ ညှိုးငယ်ထိုင်းမှိုင်းလာသည်။
ဤသည်မှာ မြင့်မားသော အရှိန်ဖြင့် အမြင့်ကနေ ဆင်းသက်လာသည့် နောက်ထပ် ယင်လုံစစ်သင်္ဘောတစ်စင်း ဖြစ်၏။
သူတော်စင်တချို့က စစ်သင်္ဘောအနားကို ချဉ်းကပ်သွားပြီး ကောင်းကင်သက်ရှိ မဖြစ်သေးသည့် ကျန်လူများကတော့ ကမ်းစပ်မှာ ရပ်နေကြရ၏။
ဧရာမစစ်သင်္ဘောသည် ဝင်္ကပါကြောင့် တစ်နှစ်ပတ်လုံး မအေးခဲသည့် ရေကန်မျက်နှာပြင်ပေါ်သို့ ဆင်းသက်လာ၏။ သင်္ဘော၏ အောက်ဘက်မှာ မြူခိုးများက နှင်းခဲများအဖြစ် ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ရှုခင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ သို့သော် ဤအချိန်မှာ မည်သူကမှ ဤရှုခင်းကို ခံစားဖို့ အာရုံမရဘဲ သူတို့၏ အကြည့်များက ယင်လုံစစ်သင်္ဘော၏ ကုန်းပတ်ပေါ်ကို ရောက်နေကြ၏။
လူလေးယောက် ဘေးချင်းယှဉ်လျှောက်နိုင်သည့် ကုန်းပေါင်တံတားတစ်စင်းက နိမ့်ဆင်းလာ၏။ ပထမဆုံး ပေါ်ထွက်လာသည်မှာ ရှုပ်ထွေးသော အဆောင်လက်ဖွဲ့များ ခပ်နှိပ်ထားသည့် အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အဆင့်မြင့် စိတ်ဝိညာဉ်တပ်သားတစ်အုပ်စုဖြစ်သည်။ အနက်ရောင်ချပ်ဝတ်တန်ဆာသည် ဝတ်ရုံနက်များ၏ ချပ်ဝတ်တန်ဆာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။
ယင်းသည် လူတစ်ယောက်၏ ဝိညာဉ်ကို စုပ်ယူနိုင်စွမ်းရှိသည့် ညကောင်းကင်ယံကဲ့သို့ နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်နေ၏။ ထို့ကြောင့် မည်သူကမှ ၎င်းကို တည့်တည့်မကြည့်ရဲပေ။ သူတို့၏ ခါးများမှာ ဓားများကို ချိတ်ဆွဲထားပြီး လက်တစ်ဖက်မှာ လှံရှည်တစ်လက်နှင့် အခြားလက်တစ်ဖက်မှာ ကြီးမားသော ဒိုင်းကာတစ်လက်စီကို ကိုင်စွဲထားကြ၏။
စိတ်ဝိညာဉ်တပ်သားများ ဆင်းလာပြီးနောက် သူတို့က ယပ်တောင်ပုံစံ စုဖွဲ့မှုဖြင့် ကုန်းပေါင်တံတား၏ ဘေးတစ်ဖက်တစ်ချက်စီမှာ စီတန်းရပ်ကာ ကိုယ်ကိုမတ်ထားကြ၏။
ခဲယမ်းလက်နက်များ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်မှာ ထျန်ကန်းခန်းမ တာအိုဆရာများကို သေနတ်များ ထုတ်ပေးထား၏။ သို့သော်လည်း ဤစိတ်ဝိညာဉ်တပ်သားများက သူတို့၏ အခြေခံလက်နက်များအဖြစ် ဓားများ၊ လှံများနှင့် ဒိုင်းကာများကိုသာ မှီခိုထားဆဲဖြစ်သည်။
ဤအဆင့်မြင့် စိတ်ဝိညာဉ်တပ်သားများထဲမှာ အနိမ့်ဆုံးအဆင့်က အဆင့် ၄ ဖြစ်သည်။ ဦးဆောင်လာသူ နှစ်ယောက်က တတိယအဆင့် စိတ်ဝိညာဉ်တပ်သားများဖြစ်ကြသည်။
သူတို့၏ နောက်ဘက်ကနေ လိုက်ပါလာသည်က အဖြူရောင်ပိုးဖဲဖြင့် ဖုံးအုပ်ထားသည့် ယင်းတိုက်သား ခေါင်းတလားတစ်လုံးကို သယ်ဆောင်လာသော ဒုတိယအဆင့် စိတ်ဝိညာဉ်တပ်သား လေးဦးဖြစ်သည်။ သူတို့က ကုန်းပေါင်တံတားကနေ တစ်လှမ်းပြီးတစ်လှမ်း ဆင်းချလာ၏။
သူတို့၏ လေးလံသော ခြေလှမ်းများက လူတိုင်း၏ ရင်ကို လာရောက်ရိုက်ခတ်ပုံရသည်။ လက်ရှိအခြေအနေ၏ လေးနက်မှုအရ လူတိုင်းက အသက်အောင့်ထားကြ၏။
ခေါင်းတလားထဲမှာ တိုက်ပွဲထဲတွင် ကျဆုံးသွားသော ထျန်ကန်းခန်းမ၏ သတ္တမလက်ထောက်ခန်းမသခင် ရှန့်ကွမ်ကျင့် လှဲလျောင်းနေသည်။ သူက ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲဖြစ်ပြီး မကြာသေးခင်နှစ်များအတွင်း တိုက်ပွဲထဲမှာ ကျဆုံးခဲ့သော အဆင့်အမြင့်ဆုံး တာအိုဆရာလည်းဖြစ်သည်။
တန်ခိုးရှင်သူတော်စင်များနှင့် သာမန်သူတော်စင်များကြားမှာ ကွဲပြားခြားနားမှုများ ရှိသော်လည်း သူတော်စင်များအားလုံးက ဒုတိယအဆင့်မှာ ရှိကြသည်။ နောက်ဆုံးတစ်ခေါက် ဝေဟင်ပျံသင်္ဘော ပျက်ကျမှုမှ သေကြေပျက်စီးသူများထဲတွင် အမြင့်ဆုံးအဆင့်က အဆင့် ၄ ဖြစ်သည်။ ဤတစ်ခေါက် သေကြေပျက်စီးသူများထဲ အမြင့်ဆုံးအဆင့်က ဒုတိယအဆင့် တာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ ယင်လုံစစ်သင်္ဘောတစ်စင်းကလည်း ဖျက်ဆီးခံခဲ့ရသည်။
ထို့ကြောင့် ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲ မဖြစ်သေးသော လူတိုင်းက ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်မှာ တစ်နေ့တွင် သူတို့က သားကောင်ဖြစ်ရမည်ကို စိုးရိမ်နေကြ၏။
ရှန့်ကွမ်ကျင့်နှင့် ဆက်ဆံရေး သိပ်မကောင်းသော သူများပင် ဤအခိုက်အတန့်မှာ စိတ်ထိခိုက် ဝမ်းနည်းနေကြ၏။
နောက်ဆုံးဆင်းသက်လာသည့်သူများက သူတော်စင်စီဟန်၊ ထျန်ကန်းခန်းမသခင်နှင့် ခွန်လွင်တာအိုစံအိမ်သခင်တို့ ဖြစ်ကြသည်။ သူတော်စင်သုံးပါးသည် ခွန်လွင်သို့ ပျံသန်းမလာဘဲ သာမန်တပည့်ဂိုဏ်းသားများကဲ့သို့ ယင်လုံစစ်သင်္ဘောနှင့် ပြန်လိုက်လာကြ၏။
ထျန်ကန်းခန်းမသခင်က တည်ငြိမ်နေပြီး သူ၏ အမူအရာကို မြင်သူကမှ မဖတ်နိုင်ပေ။ သို့သော်လည်း ကျော်ကြားလှသော ဤတန်ခိုးရှင်သူတော်စင်သည် ဤဖြစ်ရပ်မှာ အဓိက တာဝန်ခံရမည့်သူဖြစ်ပြီး သူ၏ အနာဂတ်က မသေချာတော့သည်ကို လူတိုင်းသိရှိထားကြ၏။
ထိုစဉ် ခပ်လှမ်းလှမ်း မြောက်ဘက်ကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးကို လှုပ်ခါသွားစေ၏။
ယင်းက အသုဘချ အချက်ပေး ခေါင်းလောင်းသံဖြစ်၏။
ကျန်းယွဲ့လုက မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အလေးအနက် စဉ်းစားတွေးတောနေ၏။
မူကျင်းက သူမ၏ လက်နှစ်ဖက်ကိုယှက်ပြီး လွတ်မြောက်ခြင်း သုတ္တန်ကို တီးတိုးရွတ်ဆိုနေ၏။
မူကျင်းကဲ့သို့ အခြားသူများကလည်း သုတ္တန်များနှင့် ဆုတောင်းစာများကို တီးတိုးရွတ်ဆိုနေကြသည်။ ထို့ကြောင့် သူတို့၏ တီးတိုးရွတ်ဆိုသံများက ခပ်လှမ်းလှမ်းက အသုဘအချက်ပေးခေါင်းလောင်းသံနှင့်အတူ ယွီကျူးတောင်ထွတ်မှာ ပဲ့တင်ထပ်သွား၏။ ဤအဖြစ်ဆိုးမှာ ငိုကြွေးမြည်တမ်းနေသည့်အလား ခပ်လှမ်းလှမ်းကနေ အခြားသော ခေါင်းလောင်းသံများလည်း ထွက်ပေါ်လာ၏။
ဒုတိယအဆင့် စိတ်ဝိညာဉ်တပ်သား လေးဦးက ရှန့်ကွမ်ကျင့်၏ ခေါင်းတလားကို ယွီရှုတောင်ထွတ်အောက်က ကျောက်စိမ်းနေပြည်တော်သို့ သယ်ဆောင်သွားကြပြီး ထျန်ကန်းခန်းမသခင်နှင့် ခွန်လွင်တာအိုစံအိမ်သခင်က လိုက်ပါလာကြသည်။
ဤသေဆုံးမှုကို အလေးအနက်ထား ဂုဏ်ပြုသည့်အနေဖြင့် တန်ခိုးရှင်သူတော်စင် ၃၆ပါးထဲ ပထမနေရာမှာ ရပ်တည်နေသော သူတော်စင်တန်ဟွားက မဟာသူတော်စင် လွင်ကျစ်ကိုယ်စား ကျောက်စိမ်းနေပြည်တော် အပြင်ဘက်မှာ အသုဘချ လူတန်းကို လက်ခံကြိုဆိုပေးနေ၏။
သို့သော်လည်း သူတော်စင်စီဟန်က ကျန်းယွဲ့လု၏ ဘေးမှာ ရပ်တန့်လိုက်၏။
ကျန်းယွဲ့လု စကားမစခင် မူကျင်းက အရင်စတင်ထွက်ခွာသွား၏။ သူတို့၏ ဘေးနားမှာရှိသော အခြားသော တပည့်ဂိုဏ်းသားများကလည်း ဤဆရာနှင့်တပည့်ကို လုံလောက်သည့် နေရာလွတ်တစ်ခု ပေးလိုက်ကြ၏။
သူတော်စင်စီဟန်နှင့် ကျန်းယွဲ့လုက ဘေးချင်းယှဉ်လျှောက်လိုက်ကြသည်။
ကျန်းယွဲ့လုက ခပ်တိုးတိုး မေးလိုက်၏။
“ဆရာ... ဘာတွေဖြစ်နေတာလဲ”
သူတော်စင်စီဟန်က ပြန်ဖြေလိုက်၏။
“သက်သေအထောက်အထား မရှိရင် ငါတို့ ဘာမှပြောလို့မရဘူး”
ဤစကားကိုကြားပြီး ကျန်းယွဲ့လုက နားလည်သဘောပေါက်သွားသည်။
သူတော်စင်စီဟန်က ဆက်ပြောလိုက်၏။
“ရှန့်ကွမ်ကျင့်က ဖြစ်လာတော့မယ့်အရာကို ကြိုပြီးသတိထားမိခဲ့တဲ့ပုံပဲ... ဒါပေမဲ့ သူက ဒီပြဿနာကို တာအိုဂိုဏ်းတော်ထံ တင်ပြရမလား တွေဝေနေတုန်းမှာပဲ တိုက်ခိုက်ခံခဲ့ရတယ်... ဝူလောက အဲ့လောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာမယ်လို့ သူ ထင်ထားခဲ့မှာ မဟုတ်ဘူး”
ကျန်းယွဲ့လုက အံကိုကြိတ်ကာ မကျေမနပ် ရေရွတ်လိုက်၏။
“ဒီ ဝူလောပဲလား... ရှေးဟောင်းအင်မော်တယ်တွေက တော်တော်ကို မောက်မာလာကြတာပဲ”
သူတော်စင်စီဟန်က ခေါင်းခါလိုက်၏။
“ဒါက သူ့အတွက် ဘာမှမဟုတ်ဘူး... အရင်တုန်းကဆို ဝူရှန် အသတ်ခံရတဲ့အမှုမှာ ဝူလောက အဓိက သွေးထိုးလှုံ့ခဲ့ဆော်သူပဲ... လင်းရှန်ရဲ့ ပိုင်ရှင်နဲ့ မဟာစုန်းဆယ်ပါးရဲ့ခေါင်းဆောင် ဝူရှန်ကို ရှေးဟောင်းအယူဝါဒရဲ့ တည်ထောင်သူလို့ သတ်မှတ်လို့ရတယ်... လင်းရှန်ရဲ့ မဟာစုန်းဆယ်ပါးက သူနဲ့ ညီအစ်မတွေလို ရင်းနှီးကြတယ်... ဒါတောင် ဝူလောက သူ့ရဲ့အကြီးဆုံးအစ်မကို တိုက်ခိုက်ရဲသေးတယ်... အဲဒါကြောင့် တာအိုဂိုဏ်းတော်က လူတွေကို သတ်တာက သူ့အတွက် ဘာမှမဟုတ်သေးဘူး”
ကျန်းယွဲ့လုက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မကျေမနပ် ထပ်ပြောလိုက်၏။
“သွေးကြွေးကို သွေးနဲ့ပဲ ပြန်ပေးဆပ်ရမယ်”
သူတော်စင်စီဟန်က ထိုစကားကို တုံ့ပြန်ခြင်းမရှိဘဲ ပြောလိုက်၏။
“ဒီတစ်ခေါက် မြေကမ္ဘာဆရာသခင်ရဲ့ အမြော်အမြင်ကြောင့် မဟုတ်ရင် အခြေအနေက ဒီထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်”
“ဒီထက်ပိုပြီး ဘာက ဆိုးရွားနိုင်ဦးမှာလဲ”
ကျန်းယွဲ့လုက ထပ်မေးလိုက်၏။
“ဒီလောက် လူတွေအများကြီး သေခဲ့ရတယ်”
သူတော်စင်စီဟန်က ရှင်းပြလိုက်၏။
“လူတချို့ကတော့ အသက်ရှင်နိုင်ခဲ့သေးတယ်... သွေးယဇ်ပူဇော်မှုမှာ ပုံမှန်ဆိုရင် အဲဒီလူတွေက သေပြီးတာတောင် အေးအေးချမ်းချမ်းနဲ့ ထွက်ခွာသွားနိုင်မှာ မဟုတ်ဘူး”
ကျန်းယွဲ့လုက ချက်ချင်းပင် နှုတ်ဆိတ်သွား၏။
သူတော်စင်စီဟန်က ပင့်သက်ရှိုက်ကာ ပြောလိုက်၏။
“တာအိုဂိုဏ်းတော်ရဲ့ ပြင်ပပြဿနာတွေ အားလုံးက... ငါတို့ရဲ့ အတွင်းပိုင်းပြဿနာတွေဆီကနေ အရင်းခံလာတာပဲ... ပဉ္စမမျိုးဆက် မဟာအကြီးအကဲ လက်ထက်တုန်းကဆိုရင် ဘယ်သူကမှ ဒါမျိုးကြံစည်ရဲမှာ မဟုတ်ဘူး”
သူတော်စင်စီဟန်က ဘယ်သူ့ကို ရည်ညွှန်းနေသည်ကို ကျန်းယွဲ့လုက မမေးပေ။
သူတော်စင်စီဟန်က ထပ်ပြောလိုက်၏။
“နင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်... ဒါက အစပဲ ရှိသေးတယ်... ဒီလောကက ကြင်နာမှုမရှိဘူး... ငါတို့က ဩဇာအာဏာကို ကိုင်စွဲထားတဲ့ အဲဒီသူတွေအတွက် အသုံးချခံတွေပဲ... သူတို့အတွက်တော့ သေဆုံးခြင်းဆိုတာ အရေအတွက်တစ်ခုပဲ... ရေအောက်စီးကြောင်းတွေက ပြင်းထန်လာနေပြီ... နင်ရော ငါရော မတားဆီးနိုင်မယ့် မြင့်မားတဲ့ ဒီရေလှိုင်းတွေ ပေါ်ထွက်လာတော့မယ်။”