အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း ၂၃၅ - အစောင့်အရှောက် (၂)
ချီရွှမ်းစုက မေးလိုက်၏။
“ခင်ဗျားပြောချင်တာ ကျုပ်က ဖန့်လင်းဟိုရဲ့ ကလေးကို စောင့်ရှောက်ပေးဖို့ လိုတာလား”
“ဘယ်ဟုတ်ပါ့မလဲ”
အစ်မချီက ပြောလိုက်၏။
“ဖန့်လင်းဟိုက လျှို့ဝှက်ချက်တွေ အများကြီးနဲ့ အတွင်းရေးဇာတ်လမ်းတွေ သိထားတယ်... အဲဒါကြောင့် ဟိုလူတွေက သူ့မိသားစုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး... နင် အဲဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်လို့ မရနိုင်ဘူး”
ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
အဲဒါက သူ ဝင်ရောက်စွက်ဖက်နိုင်သည့် ကိစ္စမဟုတ်ဘူးဆိုတာ သူကလည်း သိရှိထား၏။ ကျန်းယွဲ့လု၏ မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့် သူတော်စင်စီဟန်၊ ကောင်းကင်ဆရာသခင်နှင့် မြေကမ္ဘာဆရာသခင်တို့၏ ဂရုစိုက်မှုနှင့်ပင် ကျန်းယွဲ့လုက သေလုမတတ် ဖြစ်ခဲ့ရ၏။ ချီရွှမ်းစုက မဆင်မခြင် ပါဝင်ပတ်သက်မည်ဆိုလျှင် သူက အပုပ်ကောင်ဘဝသို့ ပြောင်းလဲသွားပေလိမ့်မည်။
လူတစ်ယောက်၏ ဝင်ငွေကို ဖြတ်တောက်ခြင်းက ထိုသူ၏ မိဘများကို သတ်ဖြတ်ခြင်းနှင့် အလားသဏ္ဌာန်တူသည်။ ဖြတ်စားလျှပ်စား ငွေများကို ရရှိနေကျ ထိုသူများသည် ကျန်းယွဲ့လု၏ နောက်ခံကို ဂရုမစိုက်ဘဲ ရန်ငြိုးရန်စ ထားပေလိမ့်မည်။
ချီရွှမ်းစုက အကဲစမ်း မေးလိုက်၏။
“ဒါဆို အဲဒါ ဘယ်သူလဲ”
အစ်မချီက ရှင်းပြလိုက်၏။
“ကျန်းနန်အမှုကြီးမှာ ပါဝင်ပတ်သက်နေတာက ဖန့်လင်းဟို တစ်ယောက်တည်း မဟုတ်ဘူး... အဲဒီ အကျင့်ပျက်ခြစားအပုပ်နံ့မှာ တချို့က တက်တက်ကြွကြွ ပါဝင်ပတ်သက်ပြီး တချို့ကတော့ ပါဝင်ပတ်သက်ဖို့ ဖိအားပေးခံထားရတာ... တချို့က ကွပ်မျက်ခံရဖို့ ထိုက်တန်ပေမဲ့ တချို့ကတော့ ကြားဝင်ခံရတာ... ဒါပေမဲ့ သူတို့အားလုံးက အတွင်းရေးဇာတ်လမ်းကို သိထားသလို သူတို့အားလုံးမှာ ဇနီးမယားတွေနဲ့ သားသမီးတွေ ရှိကြတယ်”
“အရင်တုန်းက ပေချန်ခန်းမက စုံစမ်းစစ်ဆေးမှု စတင်တဲ့အချိန်မှာ အဲဒီအမှုထဲက နောက်လိုက်ပါမွှားတစ်ဦးက နှုတ်ပိတ်ခံခဲ့ရတယ်... သူက စစ်ကြောမေးမြန်းခံရဖို့ ဖုန့်ရှန်ခန်းမကိုတောင် မရောက်လိုက်ဘူး... သူက မုဆိုးဖိုတစ်ဦးပဲ… သူ့မှာ သမီးတစ်ယောက်ပဲ ရှိတယ်… အဲဒါတွေ မတိုင်ခင် သူက စိတ်တထင့်ထင့် ခံစားချက်တစ်ခုကို ရနေခဲ့တယ်... အဲဒါကြောင့် သူက သူ့သမီးကို တခြားတစ်ယောက်ဆီမှာ ကြိုတင်ပြီးတော့ အပ်နှံထားခဲ့တယ်... အဲဒီ ယာယီစောင့်ရှောက်ပေးနေတဲ့သူက စောစောက ငါပြောခဲ့တဲ့ ငါ့ရဲ့မိတ်ဆွေဟောင်းပဲ”
“ဒီနှစ်တွေထဲမှာ အဲဒီ ငါ့ရဲ့အဲဒီမိတ်ဆွေဟောင်းက အဲဒီမိန်းကလေးငယ်ကို မွေးစားသမီးလို သဘောထားပြီး စောင့်ရှောက်ပေးနေခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့မိတ်ဆွေက ခရီးရှည်တစ်ခုထွက်ဖို့ လိုလာတယ်... အဲဒီမိန်းကလေးကို သူနဲ့အတူ ခေါ်သွားလို့မရဘူး... သူက စိုးရိမ်နေတဲ့အတွက် မိန်းကလေးကို စောင့်ရှောက်ဖို့ သက်တော်စောင့်တစ်ဦး ငှားရမ်းချင်နေတယ်… ဒီနှစ်တွေထဲမှာ သူတို့ရဲ့ ခြေရာလက်ရာကို ဖျောက်ဖျက်ဖို့ လူတချို့က ကြိုးစားနေကြတယ်... အဲဒီထဲမှာ ကျန်းယွဲ့လုရဲ့ လုပ်ကြံခံရတာလည်း ပါတယ်... ငါပြောတာကို နင်နားလည်လား”
ချီရွှမ်းစုက တည်တံ့စွာ ခေါင်းညိတ်ပြလိုက်၏။
“ကျုပ် နားလည်ပြီ”
အစ်မချီက ဆက်ပြောလိုက်၏။
“အဲဒါက တွက်ခြေမကိုက်တဲ့အတွက် ကောင်းကင်ပညာရှင်တစ်ဦးကို အပူကပ်စရာမလိုဘူး... ဒါပေမဲ့ ငါ့မိတ်ဆွေက ကျင့်ကြံမှုနိမ့်တဲ့လူကိုလည်း မလိုချင်ဘူး... အခြေအနေက နည်းနည်းတော့ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်... အခု နင်က ရူယီအဆင့်သတ်မှတ်ချက်ပေါ် ရောက်လာပြီး ကွေ့ကျန်းအဆင့် ပညာရှင်တွေနဲ့ တိုက်ခိုက်နိုင်တယ်... အဲဒီအလုပ်အတွက် နင်က အတော်လေး သင့်တော်မယ်လို့ ငါထင်တယ်... နင် ဘယ်လိုသဘောရလဲ”
ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် သဘောတူ လက်ခံလိုက်၏။
“ကျုပ် လုပ်နိုင်မယ်လို့ ထင်တယ်”
အစ်မချီက ပြုံးလိုက်၏။
“ကောင်းတာပေါ့... သူနဲ့တွေ့ဖို့ ငါ နင့်ကို လိပ်စာတစ်ခု ပေးမယ်... သူက နင့်ရဲ့ အစွမ်းအစကို စမ်းသပ်ကောင်း စမ်းသပ်နိုင်တယ်... သတိထားဦး”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
အစ်မချီက စာရင်းစာအုပ်မှာ လိပ်စာတစ်ခုရေးပြီး ထိုစာရွက်ကို ဆုတ်ဖြဲကာ ချီရွှမ်းစု၏ နဖူးကို ရိုက်ချလိုက်၏။ စာရွက်က ချီရွှမ်းစု၏ ဦးခေါင်းနှင့် ပေါင်းစည်းပြီး သူ့စိတ်ထဲမှာ သက်ဆိုင်ရာ အကြောင်းအရာက ပေါ်ထွက်လာ၏။
လိပ်စာသည် ကျုံးကျိုးပြည်နယ်၊ လုံမန်စီရင်စုက တစ်နေရာဖြစ်၏။ သူမသည် သီးသန့်လမ်းကြားတစ်ခုကို ချရေးထားရာ ချီရွှမ်းစုသည် ကျောက်စိမ်းဖြူခန်းမကို ရှာဖွေတုန်းကလို ဦးတည်ရာမဲ့ လျှောက်သွားနေစရာ မလိုပေ။
ကျုံးကျိုးသည် အင်ပါယာ၏ အလယ်ဗဟိုဖြစ်၏။ မဟာရွှမ်မင်းဆက်သည် ထိုနေရာမှာ သူတို့၏ မြို့တော်ကို တည်ထောင်မထားသော်လည်း အရင်တုန်းက ထိုနေရာမှာ သူတို့၏ မြို့တော်များကို တည်ထောင်ခဲ့သည့် မင်းဆက် ၁၃ ဆက် ရှိခဲ့လေသည်။ ဧကရာဇ်များ၊ စစ်ဗိုလ်များ၊ သူတော်စင်များနှင့် ပညာရှင်များစွာက ကျုံးကျိုးကနေ ပေါ်ထွက်ခဲ့ဖူးသည်။ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒသည်လည်း ဤနေရာကနေ အရင်းခံလာခဲ့၏။ ကွန်ဖြူးရှပ် ဂန္ထဝင်လက်ရာများက ထိုနေရာမှာ ထွန်းတောက်ခဲ့ဖူးသည်။ ထိုနေရာသည် မဟာယာနဗုဒ္ဓဝါဒကို အလယ်ပိုင်းလွင်ပြင်သို့ ယူဆောင်လာသည့် နေရာလည်းဖြစ်၏။ ထို့ကြောင့် ကျုံးကျိုးသည် ကြီးကျယ်ခမ်းနားသော ပြည်နယ်တစ်ခုအဖြစ် ကျော်ကြားလေသည်။
လုံမန်စီရင်စုက ကျုံးကျိုး၏ မြို့တော်ဖြစ်ပြီး ပီအိုနီမြို့က မင်းဆက်ကိုးဆက်၏ မြို့တော်ဟောင်းများအဖြစ် ရှိခဲ့ဖူးသော အကြီးဆုံးမြို့ဖြစ်သည်။
သူ ကလေးဘဝက နေထိုင်ခဲ့သည့် ဝမ်ရှန်းတာအိုနန်းတော်ကလည်း လုံမန်စီရင်စုမှာ တည်ရှိရာ ချီရွှမ်းစုအတွက်တော့ အဲဒါက ဇာတိမြေကို ပြန်ရခြင်းဟုလည်း ဆိုနိုင်၏။
သို့သော် ဝမ်ရှန်းတာအိုနန်းတော်၏ အောက်နန်းတော်ကို အပြင်လောကနှင့် ပိုင်းခြားထားရာ မိဘမဲ့ကလေးများသည် ကျောင်းမဆင်းမချင်း ထွက်ခွာခွင့် မရကြပေ။
ထို့ကြောင့် ချီရွှမ်းစုသည် လုံမန်စီရင်စုမှာ ဆယ်နှစ်ကျော်ကြာအောင် နေခဲ့သည်ဆိုလျှင်ပင် ထိုနေရာဒေသအကြောင်း သူ ဘာမှသိရှိမထားပေ။ ဝမ်ရှန်းတာအိုနန်းတော်ကနေ ကျောင်းဆင်းပြီးနောက် သူ ဘယ်တုန်းကမှ ပြန်မသွားဖြစ်ခဲ့ပေ။
ချီရွှမ်းစုသည် လက်ရှိ ယုံကျိုးနယ် ရှီဖျင်စီရင်စုမှာ ရောက်ရှိနေပြီး ကျုံးကျိုးနယ် လုံမန်စီရင်စုကို ရောက်ဖို့ အတော်ကြာ ခရီးဆက်ရပေဦးမည်။ ယုံကျိုးနယ် ရှီဖျင်စီရင်စုကို ရောက်ဖို့ လျန်ကျိုးနယ် ထျန်ရွှေစီရင်စုကို သူ ဖြတ်ကျော်ရပေလိမ့်မည်။ ထို့နောက် ချင်ကျိုးကနေ ကျုံးကျိုးကို ဆက်ကူးပြီး နောက်ဆုံးမှာ လုံမန်စီရင်စုကို ရောက်ရှိမည်ဖြစ်သည်။
သူ တရားဝင်လမ်းအတိုင်း ခရီးသွားမည်ဆိုလျှင် စုစုပေါင်းခရီးစဉ်က ကီလိုမီတာ ၁၅၀၀ ခန့် ရှိပေလိမ့်မည်။ သူ တစ်ရက်မှာ ကီလိုမီတာ ၅၀၀ သွားနိုင်မည်ဆိုလျှင်ပင် ထိုနေရာကို ရောက်ဖို့ သုံးရက်အချိန်ယူရပေဦးမည်။
ကံဆိုးစွာဖြင့် ချီရွှမ်းစုက တစ်ရက်မှာ ကီလိုမီတာ ၅၀၀ မသွားနိုင်ပေ။ အရင်တုန်းက အမြန်ချောပို့အဆောင်များ မတီထွင်ခင် အမြန်ဆုံး အရေးပေါ်ချောပို့က တစ်ရက်မှာ ကီလိုမီတာ ၂၅၀ သာ သွားနိုင်သည်။ သို့သော် အဲဒါသည် ၁၀ ကီလိုမီတာတိုင်းမှာ ရပ်နားစရာ နေရာတစ်ခု ရှိနေမှသာဖြစ်၏။ ထိုအခါမှ မြင်းစီးသမားသည် ရပ်နားစရာ နေရာများကနေ မြင်းများကို အဆက်မပြတ် လဲသွားနိုင်မည်ဖြစ်၏။ ထိုသို့ဖြင့် မြင်းတစ်ကောင်ချင်းစီကို အရှိန်ကုန် မောင်းနှင်နိုင်ပေမည်။ ပေးပို့ရမည့်စာများက အလွန်တရာ အရေးကြီးသည့်အခါ မြင်းစီးသမားသည် မြင်းကို ခြေကုန်လက်ပန်းကျကာ သေဆုံးသည့်အထိ ဖိအားပေး မောင်းနှင်ပေလိမ့်မည်။
ချီရွှမ်းစုက မြင်းများစွာ လဲသွားနိုင်အောင် ကံမကောင်းပေ။ သူ့ကိုယ်သူ အပင်ပန်းမခံချင်သလို သူ့မြင်းကိုလည်း အသေခံမည် မဟုတ်ပေ။ ထို့ကြောင့် အလွန်ဆုံး သူက တစ်ရက်မှာ ကီလိုမီတာ ၁၀၀ ခန့်သာ သွားနိုင်မည်ဖြစ်၏။ အနားယူမည့် အချိန်တချို့ကို ဖယ်ထုတ်လိုက်လျှင် သူက ပျမ်းမျှ တစ်ရက်မှာ ကီလိုမီတာ ၅၀ ဝန်းကျင်သာ သွားနိုင်ပေလိမ့်မည်။ အဲဒါကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် ကီလိုမီတာ ၁၅၀၀ ခရီးစဉ်က တစ်လနီးပါး ကြာပေလိမ့်မည်။ အမြန်ဆုံးက ရက် ၂၀ ဖြစ်ပေမည်။
ချီရွှမ်းစုက အချိန်ကို အကြမ်းဖျင်း တွက်ချက်ပြီးနောက် မေးလိုက်၏။
“ကျုပ် အဲဒီကိုရောက်ဖို့ တစ်လလောက် အချိန်ယူရလိမ့်မယ်... သူ စောင့်နိုင်မှာလား”
အစ်မချီက ခေါင်းညိတ်ပြလိုက်၏။
“အင်း... ရတယ်လေ... သူက ကြိုတင်ပြီးတော့ အစီအစဉ်ချတတ်တယ်... အဲဒါကြောင့် ဒီကိစ္စတွေကို စီစဉ်ဖို့ အနားနီးမှ သူလုပ်မှာမဟုတ်ဘူး... သူ ခရီးထွက်ဖို့ နှစ်လလိုသေးတယ်... အဲဒါကြောင့် နင် အဲဒီကို နှစ်လအတွင်း ရောက်နိုင်သရွေ့ ပြဿနာရှိမှာ မဟုတ်ဘူး”
ချီရွှမ်းစုက ထပ်မေးလိုက်၏။
“အဖိုးအခကို ဘယ်လိုပေးချေမှာလဲ”
အစ်မချီက လက်တစ်ချောင်း ထောင်ပြလိုက်၏။
“ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ဆိုရင် ကျောက်စိမ်းရည်တစ်ပုလင်း ဝယ်ဖို့ လောက်တယ်မလား”
“ရတာပေါ့”
ချီရွှမ်းစုက ထိုအလုပ်ကို လက်ခံလိုက်၏။
“ငါ အခု သူ့ကို သတင်းစကား ပို့လိုက်မယ်... အဲဒါကြောင့် နင်ထွက်ဖို့ အဆင်သင့်ပြင်ထားလိုက်တော့”
အစ်မချီက သူမ၏ ရွှေခရမ်းငါးရုပ်အဆောင်ကို စုဖွဲ့ပြီး သူမ၏ မိတ်ဆွေဟောင်းထံ သတင်းစကား ပေးပို့လိုက်၏။
အစ်မချီကို နှုတ်ဆက်ပြီးနောက် ချီရွှမ်းစုသည် လာမည့်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အိပ်မက်အစည်းအဝေးကနေ ထွက်ခွာသွား၏။
ရှန့်ကွမ်ကျင့်၏ ရုပ်ကလာပ်ကို ကျောက်စိမ်းနေပြည်တော်သို့ ပြန်လည်ယူဆောင်လာပြီးနောက် ရွှေနန်းမြင့်မျှော်စင်သည် အများသဘောဆန္ဒကို ကောက်ခံကာ ဖြစ်ပျက်ခဲ့သည့်အရာအတွက် သွားလေသူ သတ္တမလက်ထောက်ခန်းမသခင်ကို တာဝန်ခံခိုင်းမည် မဟုတ်ဘဲ သူသေဆုံးပြီးနောက် ချီးကျူးဂုဏ်ပြုဖို့ ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် ရှန့်ကွမ်ကျင့်၏ ရုပ်ကလာပ်ကို ချန်ရှင်းလမ်းအတိုင်း သယ်ဆောင်၍ ထိုက်ရှန်အကွက်ကိုဖြတ်ပြီး ရွှမ်မြို့တော်မှာ အနားယူစေကာ စီကျိခန်းမမှ တာအိုဆရာများက ခုနှစ်ရက် ခုနှစ်ည ဆုတောင်းစာများ ရွတ်ဆိုပေးမည်ဖြစ်၏။ အဲဒါပြီးလျှင် သူ့ကိုမြှုပ်နှံဖို့အတွက် စီကျိခန်းမ၏ ဝိညာဉ်ငြိမ်းချမ်းရေးဌာနမှာရှိသော သုသာန်သို့ ပို့ဆောင်ပေလိမ့်မည်။
ဈာပနကျင်းပသည့် ခုနှစ်ရက်အတောအတွင်း တန်ခိုးရှင်သူတော်စင်များ အားလုံးက ရှန့်ကွမ်ကျင့်ကို တစ်ယောက်ပြီးတစ်ယောက် လာရောက်၍ ဂါရဝပြု နှုတ်ဆက်ကြ၏။ အဲဒါက ထူးခြားအံ့မခန်း ပွဲတော်တစ်ခုဖြစ်သည်။
သို့သော် ဤဈာပနပွဲသည် စတင်လာတော့မည့် ပြပွဲအတွက် ကန့်လန့်ကာ ဖွင့်လှစ်ရုံမျှသာ ဖြစ်သည်ကို လူတိုင်းက နားလည်သဘောပေါက်ထား၏။
ထင်မှတ်ထားသည့်အတိုင်း ရှန့်ကွမ်ကျင့်ကို မြှုပ်နှံပြီး နောက်တစ်နေ့မှာ ရွှေနန်းမြင့်မျှော်စင်သည် တစ်ခုတည်းသော ရည်ရွယ်ချက်နှင့် နောက်ထပ် အစည်းအဝေးတစ်ခု ကျင်းပလိုက်၏။ သူတို့သည် သေဆုံးသူကို တာဝန်ခံခိုင်းလိမ့်မည် မဟုတ်သော်လည်း တစ်ယောက်ယောက်ကတော့ တာဝန်ယူ တာဝန်ခံဖို့ လိုအပ်နေဆဲဖြစ်သည်။ ပထမဆုံး မရှောင်လွှဲနိုင်သည့်သူက ထျန်ကန်းခန်းမသခင်ဖြစ်သည်။
ဤကိစ္စသည် တန်ခိုးရှင်သူတော်စင်တစ်ပါး ပါဝင်ပတ်သက်နေသည့် ကြီးလေးသောကိစ္စ ဖြစ်သောကြောင့် ယွင်ကျင်းတောင်၏ တာကျန်းစံအိမ်မှာ အတန်ကြာအောင် နေထိုင်နေသည့် ကောင်းကင်ဆရာသခင်နှင့် မကြာသေးခင်ကမှ တီဖေးတောင်မှာရှိသော ချုံးယန်ထာဝရနန်းတော်သို့ ပြန်သွားခဲ့သည့် မြေကမ္ဘာဆရာသခင်တို့က ဤဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ရန် ခရမ်းရောင်စံအိမ်သို့ ပြန်လာရလေသည်။
ထျန်ကန်းခန်းမသခင်က ဤကိစ္စကို တာဝန်ခံဖို့ ကြိုတင်ပြင်ဆင်ထားပြီး သူ့ဘက်က အရင်စ၍ ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့ထံ သူ၏ နှုတ်ထွက်စာကို တင်သွင်းလိုက်၏။
[ရွှေနန်းမြင့်မျှော်စင်ထံသို့…
ထျန်ကန်းခန်းမ တပည့်ဂိုဏ်းသားများစွာ သေဆုံးစေမှုကို သွယ်ဝိုက်၍ ဖြစ်စေခဲ့သော ကျွန်ုပ်၏ နုံချာမှုအတွက် အလွန်တရာ ရှက်ရွံ့မိပါသည်။ ကျွန်ုပ်၏ ပြစ်မှုများက ခွင့်လွှတ်နိုင်စရာ မရှိသောကြောင့် ကျွန်ုပ်သည် ထျန်ကန်းခန်းမကို ဦးဆောင်ဖို့ ဆက်လက်၍ မထိုက်တန်တော့ပါ။ ကျေးဇူးပြု၍ ထျန်ကန်းခန်းမ၏ ခန်းမသခင်အဖြစ် ကျွန်ုပ်၏ ရာထူးကနေ နှုတ်ထွက်ခွင့်ပေးပါ။ နောင်တရ ဆင်ခြင်သုံးသပ်နိုင်မည့် အခွင့်အရေးအတွက် ကျွန်ုပ် ထာဝရ ကျေးဇူးတင်ရှိနေပါမည်။
လေးစားသမှုဖြင့်…
နင်းလင်ကဲ ]
နင်းလင်ကဲသည် ထျန်ကန်းခန်းမသခင်၏ နာမည်အပြည့်အစုံဖြစ်၏။
မဟာသူတော်စင် လွင်ကျစ်နေရာကို အလှည့်ကျယူထားသည့် အင်ပါယာဆရာသခင်သည် နင်းလင်ကဲ၏ နှုတ်ထွက်စာကို သဘောတူလက်ခံသော်လည်း တန်ခိုးရှင်သူတော်စင်အဖြစ် သူ၏ အဆင့်အတန်းကို မရုပ်သိမ်းရာ နင်းလင်ကဲသည် ရွှေနန်းမြင့်မျှော်စင်၏ ဆွေးနွေးပွဲများမှာ ပါဝင်တက်ရောက်နိုင်ဆဲဖြစ်သည်။
နောက်တစ်ဆင့်က ထျန်ကန်းခန်းမသခင်အသစ်ကို ရွေးချယ်တင်မြှောက်ရန်ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ လက်ထောက်ခန်းမသခင် သုံးဦးမှာ မတူညီသော ထင်မြင်ချက်များ ရှိနေကြသည်။
အင်ပါယာဆရာသခင်သည် သူတော်စင်ချင်းဝေကို အဆိုပြုသော်လည်း ကောင်းကင်ဆရာသခင်နှင့် မြေကမ္ဘာဆရာသခင်က သဘောတူညီမှုတစ်ခု ရရှိပြီး ထိုနေရာအတွက် သူတော်စင်စီဟန်ကို ပူးပေါင်းထောက်ခံလိုက်ကြ၏။
အကြောင်းပြချက်မှာ သူတော်စင်စီဟန်သည် ယင်လုံစစ်သင်္ဘောနှင့် အခြားသော ရှင်သန်ကျန်ရစ်သူများကို ကယ်တင်ရန်အတွက် ထိုနေရာသို့ အချိန်မီ ရောက်ရှိခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမသည် ထျန်ကန်းခန်းမကို ဦးဆောင်ဖို့အတွက် အကောင်းဆုံး သင့်လျော်သူဖြစ်သည်။
အင်ပါယာဆရာသခင်သည် လက်ရှိမှာ မဟာသူတော်စင် လွင်ကျစ်နေရာကို ယူထားသော်လည်း သူက လက်ထောက်ခန်းမသခင်နှစ်ဦး၏ အဆိုပြုချက်ကို မပယ်ချနိုင်ပေ။ ဒါ့အပြင် သူတော်စင်စီဟန်၏ အကျိုးဆောင်မှုများနှင့် ကြီးမားသော အောင်မြင်မှုများကြောင့် အင်ပါယာဆရာသခင်က အဲဒါကို သဘောတူလက်ခံပေးရသည်။ အပေးအယူတစ်ခုအနေဖြင့် ကောင်းကင်ဆရာသခင်နှင့် မြေကမ္ဘာဆရာသခင်သည် အင်ပါယာဆရာသခင်ထံမှ နောက်ထပ်အဆိုပြုချက်တစ်ခုကို လက်ခံပေးရ၏။
သူတော်စင်ချင်းဝေသည် ပေချန်ခန်းမသခင်နေရာကို ယူလိမ့်မည်ဖြစ်ပြီး မူလ ပေချန်ခန်းမသခင်ကို ချီကျိုးတာအိုစံအိမ်သို့ လွှဲပြောင်းပေးပေလိမ့်မည်။ သူတော်စင်စီဟန်က ထျန်ကန်းခန်းမသို့ ရွှေ့ပြောင်းလိမ့်မည် ဖြစ်သောကြောင့် သူမသည် တူကျစ်ခန်းမသခင်အဖြစ် ဆက်လက်၍ ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် တူကျစ်ခန်းမသခင်နေရာကို သင့်လျော်သည့် ခေါင်းဆောင်တစ်ဦး ရှာတွေ့သည်အထိ လက်ရှိ တူကျစ်လက်ထောက်ခန်းမသခင်ခေါင်းဆောင်က ယူထားလိမ့်မည်ဖြစ်သည်။