← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆ - ဆားမှောင်ခိုကူးသူများ

ချီရွှမ်းစုသည် ထိုက်ဖျင်ဒင်္ဂါး ၅၀ ခန့်ကို သုံး၍ မြင်းတစ်ကောင်၊ မြင်းစာအနည်းငယ်၊ လေကာခြုံထည်တစ်ထည်၊ စားစရာတချို့၊ ရေ၊ ဆေးဝါးနှင့် လဲလှယ်စရာ အဝတ်တစ်စုံကို ဝယ်ပြီး ရှီဖျင်စီရင်စုကနေ ထွက်လာခဲ့သည်။

ချီရွှမ်းစုအတွက်တော့ ယုံကျိုးမှာ ကောင်းမွန်သော အမှတ်တရများ မကျန်ရှိခဲ့ပေ။ ယီရှန်မြို့၊ အနောက်ဘက်ဂိုဘီ၊ အရှေ့ဘက် အိုအေစစ်၊ ဆောဝမ်ပူ၊ ခွန်လွင်တောင်ကြားဂိတ်စခန်း၊ ကြယ်တာရာပင်လယ်၊ ဆားရေကန်၊ ကျားလင်ရေကန်နှင့် ကျိုးဝါတောင်တို့မှာ သူသည် အယူဝါဒမိစ္ဆာများနှင့် ပတ်သက်ခဲ့ရပြီး အန္တရာယ်ပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရ၏။

ထို့ကြောင့် သူ ယုံကျိုးကနေ ကျေကျေနပ်နပ် ထွက်ခွာ၍ လျန်ကျိုးမှာရှိသော ထျန်ရွှေစီရင်စုသို့ ဦးတည်လိုက်၏။

ချီရွှမ်းစု၏ မြင်းက တရားဝင်လမ်းမကျယ်မှာ ဒုန်းစိုင်းပြေးလာစဉ် ဖုန်လုံးများက အတန်းလိုက် ကျန်ရစ်ခဲ့၏။

အပေါ်ကနေ ကြည့်မည်ဆိုလျှင် လူသူအရိပ်အယောင်မရှိဘဲ မျက်စိနှင့်မြင်နိုင်သမျှ ဖြန့်ကြက်ထားသည့် ကျယ်ပြောသော လွင်ပြင်ကိုသာ တွေ့မြင်ရပေလိမ့်မည်။ မြင်ကွင်းအများစုက ကျိုးတိုးကျဲတဲ အစိမ်းရောင် အစက်အပြောက်တချို့နှင့် အဝါရောင် သဲကန္တာရသာဖြစ်သည်။ မှုန်မှိုင်း၍ ဖုန်များ ပျံ့လွင့်နေသော ကောင်းကင်သည် နယ်နိမိတ်စည်းမျဉ်းကို ခွဲခြား၍မရအောင် မြေပြင်နှင့် ပေါင်းစည်းသွားသည်ဟု ထင်ရစေ၏။

ထိုအရာများအားလုံး၏ အလယ်မှာ သေးငယ်သော အနက်ရောင် အစက်အပြောက်တစ်ခုက ဖုန်လုံးများကို အတန်းလိုက် ကျန်ရစ်ခဲ့စေ၏။ သို့သော် ကျယ်ပြောသော မြေပြင်နှင့်ယှဉ်လျှင် ထိုလှုပ်ရှားမှုက လျစ်လျူရှု၍ ရလောက်အောင် သေးငယ်လွန်းလေသည်။

အနောက်မြောက်ဘက်သည် ကျန်းနန်လောက် စည်ပင်ထွန်းကားခြင်း မရှိသော်လည်း အဆုံးမဲ့ပုံရသော သဲကန္တာရထဲမှာ မြင်းကို လွတ်လွတ်လပ်လပ် စီးနိုင်လေသည်။ ကျန်းနန်ကတော့ လူဦးရေထူထပ်၍ ရေထုများစွာက ဝန်းရံထားပြီး ကန္တာရထဲမှာကဲ့သို့ မြင်းကို လွတ်လပ်စွာ ဒုန်းစိုင်းဖို့ မဖြစ်နိုင်ပေ။

ချီရွှမ်းစုက မြင်းဖြင့် တစ်ရက်ကြာအောင် ခရီးနှင်ပြီးနောက် တောစပ်တွင် လေကွယ်တစ်နေရာကို ရှာပြီး ညဘက်မှာ ရပ်နားဖို့ ဆုံးဖြတ်လိုက်၏။ နွေဦးအစောပိုင်း ဖြစ်သော်လည်း အနောက်မြောက်မှာရှိသော ရာသီဥတုက အေးစက်နေပြီး ညမှာ ပိုကဲလေသည်။ သို့သော် ချီရွှမ်းစု၏ သန်မာသော သွေးချီနှင့် ပင်ကိုယ်ချီက သူ့ကို အအေးဒဏ်ကနေ ကာပေးထား၏။

ထိုသို့ဆိုလျှင်တောင် ချီရွှမ်းစုသည် မီးဖိုငယ်တစ်ခုဖို၍ ၎င်းရှေ့မှာ ခြေချိတ်ထိုင်ကာ ပင်ကိုယ်ချီကို ကျင့်ကြံလိုက်၏။

သူက ကျင့်ကြံမှုမှာ ပို၍ပေါက်မြောက်လာသည်နှင့် သူ၏ ချီကို လှည့်ပတ်ရန် တရားထိုင်စရာ မလိုတော့ပေ။ သူက ခြေချိတ်ထိုင်နေရုံနှင့် ချီကို လှည့်ပတ်နိုင်သည်။ သူက ကျင့်ကြံရင်း အခြားသူများနှင့် စကားပင် ပြောနိုင်၏။

အဲဒါက မြင်းစီးသကဲ့သို့ပင်။ လက်သင်များသည် အတော်လေး သတိထားရသည်။ သူတို့သည် မြင်းပေါ်ကနေ ပြုတ်ကျမည်စိုး၍ စိတ်အာရုံပျံ့လွင့်မခံရဲပေ။ သို့သော်လည်း လုံလောက်အောင် လေ့ကျင့်ပြီးသည်နှင့် မြင်းစီးခြင်းက အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ကျွမ်းကျင်မြင်းစီးသူရဲများသည် ဒုန်းစိုင်းစီးနင်းရင်း မြားပစ်ခြင်း၊ ဓားဝင့်ခြင်းနှင့် ကြိုးကွင်းပစ်ခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။

ကွေ့ကျန်းအဆင့်ကို ရောက်ရှိလာပြီးနောက် ခန္ဓာကိုယ်ထဲရှိ ပင်မဒါန်ထျန်သုံးခုက ပွင့်လစ်သွားလိမ့်မည်ဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ ပင်ကိုယ်ချီက သူ့ဘာသာသူ စီးဆင်းနေပေလိမ့်မည်။ ထိုအခါ ချီကို တကူးတက ကျင့်ကြံနေစရာ မလိုအပ်တော့ပေ။ အဲဒါသည် မြင်းပေါ်မှာပင် စားနိုင်အိပ်နိုင်ခြင်းနှင့် တူလေသည်။

ဤအချိန်မှာ ချီရွှမ်းစုသည် အနောက်ဘက်ကနေ သုတ်သီးသုတ်ပျာဖြင့် လာနေသည့် လူတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။

သူတို့က တစ်ပုံစံတည်း သိုးရေခြုံထည်အင်္ကျီများကို ဝတ်ဆင်ထားပြီး ထမ်းပိုးများနှင့် သေတ္တာတစ်လုံးအား သယ်လာသည်ကို သူ သတိထားမိလိုက်၏။ ထိုသေတ္တာက အဖြူရောင် ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ဆားများဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ဆားလေးမျိုးရှိပြီး အမည်အားဖြင့် ပင်လယ်ဆား၊ ရေကန်ဆား၊ ရေတွင်းဆားနှင့် တွင်းထွက်ဆားတို့ ဖြစ်သည်။ ပင်လယ်ဆားကို ကမ်းရိုးတန်းဒေသများကနေ အဓိကရရှိပြီး ရေကန်ဆားနှင့် တွင်းထွက်ဆားတို့ကို အလယ်ပိုင်းလွင်ပြင်ရှိ ကုန်းတွင်းပိတ်ဒေသများကနေ အဓိကရရှိသည်။ ဆောဝမ်ပူ၏ ဘေးနားပတ်လည်မှာ ရေကန်ဆားကွင်းများနှင့် ယုံကျိုးမှာ ကြီးမားသော ဆားတွင်းအတော်များများ ရှိလေသည်။

ဆားက လိုအပ်ချက် မြင့်မားသည်။ သို့သော် ဆားနှင့် သံလုပ်ငန်းများကို အင်ပါယာနန်းတော်က အဓိက ထိန်းချုပ်ထားပြီး အလွန်တရာ အကျိုးအမြတ်များသည်။ ထို့ကြောင့် ထပ်တလဲလဲ တားမြစ်ပိတ်ပင်ထားလျှင်တောင် ဆားမှောင်ခိုကူးသူများက ရှိနေဆဲဖြစ်၏။

ဤလူအုပ်စုမှာ သန်မာသော ကိုယ်ကာယများရှိပြီး ကောင်းကောင်းလေ့ကျင့်ထားသည့်ပုံပေါ်၏။ ထို့ကြောင့် သူတို့သည် ဆားမှောင်ခိုကူးသူများဖြစ်မည်ဟု ချီရွှမ်းစုက ခန့်မှန်းမိ၏။ သူတို့ပခုံးပေါ်က ထမ်းပိုးများက လေးလံပြီး အနည်းဆုံး ကီလိုဂရမ် ၁၀၀ အလေးချိန်ရှိ၏။

သူတို့တစ်ယောက်ချင်းစီက ကီလိုဂရမ် ၁၀၀ ခန့် အလေးချိန်ကို ထမ်းပိုးထားရသော်လည်း လျင်လျင်မြန်မြန် လျှောက်လှမ်းနိုင်ကြဆဲဖြစ်၏။ ထိုအချက်သည် သူတို့မှာ ကျင့်ကြံမှုရှိနေသည်ဟု ညွှန်ပြနေ၏။ သူတို့က ရှန်းထျန်သက်ရှိများ မဟုတ်လျှင်တောင် ဟောက်ထျန်သက်ရှိများကြားမှာ ထိပ်တန်းအဆင့်တွင် ရှိကြပေလိမ့်မည်။

ပုံမှန်ဆိုလျှင် ချီရွှမ်းစုက သူတို့နောက်ကို လိုက်လံ၍ စုံစမ်းကြည့်မိပေလိမ့်မည်။ သို့သော် သူ့မှာ အစ်မချီပေးထားသည့် လက်တိုလက်တောင်းကိစ္စ ပါလာသောကြောင့် ကြန့်ကြာနေ၍ မဖြစ်ပေ။ ထို့ကြောင့် အခြားသူများ၏ ကိစ္စမှာ ဝင်မရှုပ်ဘဲ သူလမ်းသူသွားဖို့ ဆုံးဖြတ်လိုက်၏။

ညနေခင်းမှာ သူသည် ယုံကျိုးနယ်စပ်ရှိ မြို့ငယ်လေးတစ်မြို့သို့ ရောက်လာပြီး တည်းခိုခန်းငယ်တစ်ခုကို ရှာဖွေလိုက်၏။

ချီရွှမ်းစုသည် တည်းခိုခန်းကနေ အစားအသောက်မမှာသော်လည်း သူပြင်ဆင်လာသည့် ရိက္ခာခြောက်များကို ထုတ်လိုက်၏။ ထိုစဉ် ဧည့်ကြိုခန်းကနေ ရုတ်တရက် အသံဗလံတချို့ကို ကြားလိုက်ရ၏။ လူတစ်အုပ်စုက နေရာထိုင်ခင်း လာရှာကြခြင်းဖြစ်၏။ သူတို့၏ အသံများအရ ဤလူများမှာ ကျင့်ကြံမှုရှိသည်ကို ချီရွှမ်းစုပြောနိုင်၏။ ထို့ကြောင့် ချီရွှမ်းစုက တံခါးကြားကနေ ချောင်းကြည့်လိုက်စဉ် ထိုသူများက လမ်းမှာ သူကြုံတွေ့ခဲ့ရသည့် ဆားမှောင်ခိုကူးသူများ ဖြစ်သည်ကို သိရှိလိုက်၏။

သူက ထိုသူများကို သိပ်ပြီး ဂရုစိုက်မနေဘဲ အိပ်စက်မည့်အစား ချီကို ဆက်လက်၍ ကျင့်ကြံလိုက်၏။

ညသန်းခေါင်ယံအချိန်တွင် ချီရွှမ်းစုသည် အသံတစ်သံကို ကြားပြီး မိန်းမောနေရာကနေ ရုတ်တရက် နိုးထလာ၏။

သူက ပြတင်းပေါက်အဟကနေ အပြင်ဘက်ကို ကြည့်လိုက်စဉ် ဆားမှောင်ခိုအုပ်စုက သူတို့၏ သေတ္တာများအား သယ်ထုတ်သွားသည်ကို တွေ့လိုက်ရ၏။

ဤလူများ၏ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေပုံကို ကြည့်ပြီး ချီရွှမ်းစုက စူးစမ်းချင်စိတ် ဖြစ်ပေါ်လာ၏။ ထိုသို့ဖြင့် အခန်းထဲကနေ တိတ်တဆိတ်ထွက်ပြီး သူတို့နောက်ကို လိုက်သွား၏။

ညအမှောင်ထဲမှာ ဆားမှောင်ခိုကူးသူများသည် သေတ္တာများကို သယ်၍ တောအုပ်ဘက်သို့ လျင်မြန်စွာ လျှောက်သွားသည်ကို သူ ခပ်ရေးရေး တွေ့မြင်ရ၏။ ချီရွှမ်းစုသည် သူတို့နောက်ကနေ တိတ်တဆိတ် လိုက်ပါသွား၏။ ဤဆားမှောင်ခိုအဖွဲ့က အလောတကြီး ရှိနေပုံရပြီး နောက်ပြန်လှည့်မကြည့်ရာ သူတို့က ချီရွှမ်းစုကို သတိမထားမိချေ။

လမ်းမှာ ဆားဖြူများ ဖြည့်ထားသည့် သေတ္တာများကိုပင် ထမ်းပိုးများဖြင့် သယ်လာသော နောက်ထပ်လူများလည်း ထွက်လာကြပြီး သူတို့အုပ်စုနှင့် ပူးပေါင်းသွားကြ၏။ နောက်ဆုံးမှာတော့ အရပ်တစ်ဖက်တည်းကို ဦးတည်နေသည့် လူ ၁၀၀ ခန့် ရှိပြီကို ချီရွှမ်းစု မှန်းဆမိလိုက်၏။

တစ်နာရီကျော်ကြာအောင် ဤကဲ့သို့ လျှောက်သွားပြီးနောက် မှောင်ခိုအဖွဲ့သည် ယုံကျိုးနှင့် လျန်ကျိုးကြားက ရေခန်းမြစ်သို့ ရောက်လာပြီး နောက်ဆုံးမှာ ရပ်တန့်လိုက်ကြ၏။ လှည်းများနှင့် နောက်ထပ် လူတစ်အုပ်စုကလည်း ထိုနေရာကနေ စောင့်နေကြ၏။

ယောက်ျားတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ”

ဆားမှောင်ခိုအဖွဲ့မှ တစ်ယောက်က ပြောလိုက်၏။

“ထိပ်တန်းအဆင့် တွင်းထွက်ဆား ဆယ်တန်... မင်းတို့မှာ အသပြာ ပါလာလား”

သူတို့၏ ဟန်အမူအရာအရ နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြပြီးသားဖြစ်၏။

“အမ်း... ငါ အဲဒါကို ကောင်းကောင်း ကြိုတင်ပြင်ဆင်လာတယ်... ထိုက်ဖျင်ဒင်္ဂါး ၂၀၀ စာ

ငွေစက္ကူတွေကို အရံသင့် လဲယူထားတယ်”

ထိုလူက တုံ့ပြန်ပြောဆိုလိုက်၏။

“အခုတလော ဖီးနစ်စိမ်းတပ်ဖွဲ့က စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်လာကြတယ်... ကြီးကြီးမားမား အရောင်းအဝယ်တွေက အလွယ်တကူ ပေါက်ကြားသွားနိုင်လို့ ငါတို့က ဒီလိုအသေးစားလေးတွေကိုပဲ ခိုးကြောင်ခိုးဝှက် လုပ်နိုင်တော့တယ်… မင်းတို့ ဆားတွေကို လူနဲ့သယ်လာရတာဆိုတော့ ပင်ပန်းမှာပဲ”

ဆားမှောင်ခိုအဖွဲ့မှ လူတစ်ယောက်က ငွေစက္ကူများကို ယူပြီး မကျေမနပ်ပြောလိုက်၏။

“ငါတို့က အယောက်တစ်ရာ ရှိတယ်… အားလုံး ခွဲယူလိုက်ရင် တစ်ယောက်ကို ထိုက်ဖျင်ဒင်္ဂါး နှစ်ပြားပဲ ရမှာ”

တစ်ဖက်လူက ပြောလိုက်၏။

“အဲဒါလည်း မဆိုးပါဘူး… မင်းတို့က တစ်နေ့မှာ ထိုက်ဖျင်ဒင်္ဂါး နှစ်ပြားရမယ်ဆိုရင် တစ်လကို ထိုက်ဖျင်ဒင်္ဂါး ၆၀ပဲ… တာအိုဂိုဏ်းတော်က အဆင့် ၅ တာအိုဆရာတစ်ဦးတောင် တစ်လကို ထိုက်ဖျင်ဒင်္ဂါး ၅၀ပဲ ရတယ်…. မင်းတို့တွေက အဆင့် ၅ တာအိုဆရာထက်တောင် ပိုရနေပြီ… ဘာလဲ မင်းတို့က ပညာရှိတစ်ဦးနဲ့ ပြိုင်မလို့လား”

“ဒါက ငါတို့ရဲ့ ချွေးနဲ့သွေးနဲ့ ခက်ခက်ခဲခဲ ရှာရတဲ့ အသပြာပဲ… အဲဒါတင်မကဘူး… ငါတို့က ဖီးနိမ်းစိမ်းတပ်ဖွဲ့နဲ့ တွေ့ရင် ခေါင်းဖြတ်ခံရနိုင်သေးတယ်… ဟိုတာအိုဆရာတွေကတော့ စားရင်းသောက်ရင်းနဲ့ အဲဒီငွေကို ရနေကြတာ… ငါတို့ကို သူတို့နဲ့ ယှဉ်ကြည့်လို့ ဘယ်ဖြစ်ပါ့မလဲ”

ဆားမှောင်ခိုသမားတစ်ဦးက ကန့်ကွက်ပြောဆိုလိုက်၏။

တစ်ဖက်လူက ရယ်လိုက်၏။

“ဒါပေါ့... ငါတို့ကို သူတို့နဲ့ ယှဉ်ကြည့်လို့ ဘယ်ရပါ့မလဲ... သူတို့က ကံကောင်းကြတာကိုး... ညီအစ်ကိုတို့... ငါတို့ရဲ့ ကံကြမ္မာကို ငါတို့ လက်ခံကြရုံပဲရှိတယ်”

သူတို့ပြောနေသည်ကို နားထောင်ရင်း ချီရွှမ်းစုက အတော်လေး စိတ်ပျက်မိသွား၏။ ဤမှောင်ခိုအဖွဲ့က ကြီးကြီးမားမား ကိစ္စတစ်ခုခုကို လုပ်တော့မည်ဟု သူတွေးထားခဲ့သော်လည်း အဲဒါက တရားမဝင် ဆားကုန်သွယ်မှုတစ်ခုသာ ဖြစ်နေ၏။

ချီရွှမ်းစုက ထွက်ခွာတော့မည့်ဆဲဆဲမှာ ခပ်လှမ်းလှမ်းကနေ မြင်းများ ဒုန်းစိုင်းပြေးလာသံကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံကနေ မြင်းဆယ်ကောင်ကျော်က လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သိရ၏။ ခပ်လှမ်းလှမ်းကနေ လူတစ်ယောက်က လှမ်းအော်လိုက်၏။

“အဝါရောင်ကောင်းကင်အောက်မှာ လောကက တည်ငြိမ်အေးချမ်းမှု ရှိနေမယ်”

ဆားမှောင်ခိုနှစ်ဖွဲ့က ခဏမျှ အသံတိတ်သွားပြီးနောက် ကြောက်ရွံ့မှုဖြင့် တုန်ယင်လာကြ၏။

“သူတို့က ကောင်းကင်ဘုံနန်းတော်ကပဲ”

ချီရွှမ်းစုသည် ပုန်းအောင်းနေသည့် နေရာကနေ ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ထိုစကားသံက ရယ်စရာကောင်းသည်ဟု သူခံစားမိ၏။ မူလကြွေးကြော်သံသည် ‘အပြာရောင်ကောင်းကင် ပျောက်ကွယ်သွားသည့်အခါ အဝါရောင်ကောင်းကင် ပေါ်ထွက်လာမည်... ကျားဇီနှစ်မှာ လောကက တည်ငြိမ်အေးချမ်းမှု ရှိနေမည်’ ဟူ၍ဖြစ်၏။

အဲဒါသည် လွန်ခဲ့သည့် နှစ် ၂၀၀၀ ခန့်က ပုန်ကန်ထကြွမှုအတွင်း ထိုက်ဖျင်ဂိုဏ်းမှ ကျော်ကြားခဲ့သော ကြွေးကြော်သံဖြစ်၏။ နောက်ပိုင်းမှာ ထိုက်ဖျင်ဂိုဏ်းက ထိုကြွေးကြော်သံကို စွန့်လွှတ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများအပေါ်သာ အာရုံစိုက်လာကြ၏။

မထင်မှတ်ထားဘဲ နောက်ပိုင်းမှာ ပေါ်ထွက်လာသည့် ကောင်းကင်ဘုံနန်းတော်သည် ထိုက်ဖျင်ဂိုဏ်း စွန့်ခဲ့သည့် ဤကြွေးကြော်သံကို ယူပြီး အနည်းငယ် ပြောင်းလဲကာ သူတို့ကိုယ်ပိုင်ကြွေးကြော်သံအဖြစ် ပြောင်းလဲလိုက်၏။ သူတို့က တကယ့်ကို ထင်ယောင်ထင်မှား စိတ်ဝေဒနာသည်များ ဖြစ်ကြသည်။

ခဏနေပြီးနောက် ကောင်းကင်ဘုံနန်းတော်မှ လူများ ရောက်လာကြ၏။

All Chapters