← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇ - ကျားဇီ

မြင်းများ ဒုန်းစိုင်းလာသည့်အသံက ချဉ်းကပ်လာ၏။ မီးအိမ်များ ကိုင်ဆွဲထားသည့် လူတစ်အုပ်စုက အထက်စီးဆန်ဆန်ပုံစံဖြင့် စီးနင်းလာကြသည်။ ဆားမှောင်ခိုနှစ်ဖွဲ့က အသံတစ်ချက် မထွက်ရဲကြပေ။

မြင်းစီးသမားတစ်ဦးက ပြောလိုက်၏။

“ဒေသခံယဇ်ပလ္လင်မှာ ကောင်းကင်မယ်တော်ကို အရိုအသေလာပြုဖို့ ငါမင်းတို့ဆီ သတင်းစကားပို့ထားတယ်လေ... ဘာလို့ မသွားကြတာလဲ”

ဆားမှောင်ခိုသမားများ၏ ခေါင်းဆောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“အဲ့လို မဟုတ်ပါဘူး... ကျုပ်... ကျုပ်တို့က…”

“ဘာလဲ”

မြင်းစီးသူက မေးခွန်းထုတ်လိုက်၏။

“မင်းတို့က ကောင်းကင်ဘုံနန်းတော်ကို အထင်သေးနေတာလား”

“လူကြီးမင်း... ကျုပ် အထင်မသေးဝံ့ပါဘူး”

ဆားမှောင်ခိုခေါင်းဆောင်က အလျင်အမြန် တောင်းပန်လိုက်၏။

“ကျုပ်တို့က ကောင်းကင်မယ်တော်ကို မလေးမစား ပြုမူတာ မဟုတ်ရပါဘူး... အခုတလော ဟိုလင်းယုန်လက်သည်းတွေက အရမ်းတင်းကျပ်ထားလို့ပါ... ကျုပ်တို့ လမ်းမှာ ဖမ်းခံရပြီး ကောင်းကင်ဘုံနန်းတော်ကို ပြဿနာတက်စေမိမှာ စိုးရပါတယ်”

မြင်းစီးသူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“ဟမ့်... အကြောင်းပြချက်ကတော့ ကောင်းသားပဲ... အခု ငါတို့ ဒီမှာ လာဆုံပြီဆိုမှတော့ ငါ မင်းတို့ကို ထပ်မေးမယ်... မင်းတို့ ကောင်းကင်ဘုံနန်းတော်ကို ဝင်ရောက်ချင်လား... မင်းတို့ ကောင်းကင်ဘုံနန်းတော်ကို ဝင်ရောက်မယ်ဆိုရင် ငါတို့က သစ္စာခံညီအစ်ကိုတွေ ဖြစ်လာမယ်... မဝင်ရောက်ချင်ဘူးဆိုရင်တော့....”

ခြိမ်းခြောက်မှုက သိသာရှင်းလင်းနေ၏။

ဆားမှောင်ခိုခေါင်းဆောင်က ခပ်တိုးတိုးပြောလိုက်၏။

“ကျုပ် ကောင်းကင်ဘုံနန်းတော်ကို ဝင်ရောက်လိုပါတယ်”

“ကောင်းတာပေါ့”

ထိုလူက လက်ခုပ်တီးလိုက်၏။

“အခု မင်းတို့က ကောင်းကင်ဘုံနန်းတော်ကို ဝင်ရောက်လိုက်ပြီဆိုတော့ ငါတို့က တစ်မိသားစုတည်း ဖြစ်သွားပြီ... အဲဒါကြောင့် ဆင်းရဲဒုက္ခတွေနဲ့ ကောင်းချီးမင်္ဂလာတွေကို အတူတကွ မျှယူရမယ်... ကောင်းကင်ဘုံနန်းတော်မှာ အဖွဲ့ဝင်တိုင်းက လစဉ်လတိုင်း ရွှေမျိုးနွယ်စုခေါင်းဆောင်ကို လက်ဆောင်ပဏ္ဍာ ဆက်သရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်... မင်းတို့က ပိုပြီးတော့ ပေးလေ၊ စိတ်ရင်းမှန်ကန်မှု ပိုရှိလေ၊ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကို ပိုပြီးတော့ ရလေပဲ”

“ကောင်းပါပြီ အရှင်”

ဆားမှောင်ခိုခေါင်းဆောင်က ငွေစက္ကူတစ်ရွက်ကို ထုတ်ကာ မြင်းစီးသမားကို ကမ်းပေးလိုက်၏။

ထိုလူက ငွေစက္ကူကိုယူ၍ ပမာဏကို တစ်ချက်ကြည့်ပြီးနောက် သိပ်ပြီး အလိုမကျဟန်ဖြင့် နှာတစ်ချက်မှုတ်လိုက်၏။ သို့သော် သူက ငွေစက္ကူကို သူ၏ အင်္ကျီလက်အိတ်ကပ်ထဲ ထည့်လိုက်ဆဲဖြစ်ပြီး လှည်းများနှင့် ရောက်လာသည့် နောက်ထပ် ဆားမှောင်ခိုအုပ်စုဘက်ကို ကြည့်လိုက်၏။

ထိုဆားမှောင်ခိုအဖွဲ့၏ ခေါင်းဆောင်က ခြောက်ကပ်စွာ ရယ်မောလိုက်၏။

“ကျုပ်... ကျုပ်တို့က လျန်ကျိုးကပါ”

ကောင်းကင်ဘုံနန်းတော်သည် နေရာဒေသအသီးသီးမှာ ယဇ်ပလ္လင်များ ထားရှိလေသည်။ သူတို့သည် သက်ဆိုင်ရာ နယ်နိမိတ်စည်းမျဉ်းများကို ဖြတ်ကျော်ခွင့် မရှိကြပေ။ ထိုလူက သိပ်ပြီး မကျေနပ်သော်လည်း အိမ်နီးနားချင်း ယဇ်ပလ္လင်နှင့် ပြဿနာမတက်ချင်ပေ။ ထို့ကြောင့် လက်ကာပြလိုက်၏။

“ဟုတ်ပြီ... မင်းတို့ သွားလို့ရပြီ”

“ကျေးဇူးတင်ပါတယ် အရှင်”

တစ်ဖက် ဆားမှောင်ခိုအဖွဲ့က ဒုက္ခခံပြီး ဝယ်ယူထားသည့် တွင်းထွက်ဆားများကို မယူအားတော့ဘဲ သုတ်သီးသုတ်ပျာဖြင့် ထွက်သွားကြ၏။

ချီရွှမ်းစုက နောက်ယောင်ခံလိုက်လာသည့် နဂိုဆားမှောင်ခိုအဖွဲ့ဘက်သို့ မြင်းစီးသမားက လှည့်ကြည့်လိုက်၏။

“ဒါက ငါတို့ ကောင်းကင်ဘုံနန်းတော်ရဲ့ အရှင်ကျားဇီပဲ... အရှင်က အပြင်ဘက်ကို ထွက်လာခဲ့တယ်... မင်းတို့ ဒီနေ့ သူနဲ့တွေ့ဆုံရတာ ဂုဏ်ယူစရာပဲ”

ဆားမှောင်ခိုသမားများက ကျားဇီကို ဦးညွှတ်လိုက်ကြ၏။

ဤအရှင်ဆိုသူက သာမန်ရုပ်ရည်သွင်ပြင်နှင့် အသက်လေးဆယ်ကျော်အရွယ်မှာ ရှိသည့်ပုံပေါ်၏။ သူက တန်ဖိုးကြီး ပန်းထိုးပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အော်ရာရှိနေ၏။

ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက ကောင်းကင်ဘုံနန်းတော်နှင့် ဆက်လက်၍ မပတ်သက်ချင်တော့ဘဲ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်၏။

သို့သော် ချီရွှမ်းစုက ကျားဇီကို ​လျှော့တွက်မိ၏။ သူ လှုပ်ရှားလိုက်သည်နှင့် ကျားဇီက ချက်ချင်းပင် သတိထားမိပြီး လှမ်းအော်လိုက်၏။

“ဘယ်သူလဲ... ထွက်ခဲ့စမ်း”

ချီရွှမ်းစုက မတတ်သာဘဲ ရှေ့သို့ ထွက်လိုက်ရ၏။

အမှောင်ထဲကနေ သူတို့ကို စောင့်ကြည့်နေသည့် တစ်ယောက်ယောက် ရှိလိမ့်မည်ဟု ထင်မှတ်မထားသည့်အတွက် ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များက တုန်လှုပ်သွားကြ၏။ သူတို့က ရှေ့ကိုပြေးတက်တော့မည့်ဆဲဆဲမှာ ကျားဇီက သူတို့ကို တားဆီးလိုက်၏။

ကျားဇီက လှုပ်ရှားမှု မပြုလုပ်ဘဲ ချီရွှမ်းစုကို အကဲခတ်ကြည့်နေ၏။ ဤလူငယ်သည် သူ၏ တည်ရှိမှုမှာ ကြောက်လန့်သွားခြင်းမရှိဘဲ သူ့ကို တည်ငြိမ်စွာပင် ပြန်ကြည့်နေသည့်အတွက် အံ့အားသင့်သွားရ၏။

“မင်းကိုယ်မင်း မိတ်ဆက်ပေးစမ်း”

ကျားဇီက အမိန့်ပေးလိုက်၏။

ချီရွှမ်းစုက လက်နှစ်ဖက်ကို ယှက်လိုက်၏။

“ရတယ်လေ”

ချီရွှမ်းစုက သူ့လက်နှစ်ဖက်ကို မြှောက်ပြီး အလေးပြုလိုက်သည်နှင့် ကျားဇီ၏ မျက်နှာပေါ်မှာ သတ်ဖြတ်လိုစိတ်က ဖျတ်ခနဲ ပေါ်ထွက်လာ၏။

ချီရွှမ်းစုက အကဲခတ်ကြည့်နေရာ ကျားဇီ၏ လျှပ်တပြက် ပေါ်ထွက်လာသော သတ်ဖြတ်လိုစိတ်ကို သတိထားမိလိုက်၏။

ခါးမှာ ချိတ်ဆွဲထားသည့် သူ၏ ဝတ်ရုံနက်တံဆိပ်ပြားကို သူ တစ်ချိန်လုံး မေ့လျော့နေခဲ့၏။ ထို့ကြောင့် သူ့လက်နှစ်ဖက်ကို မြှောက်သည့်အချိန်မှာ ခြုံထည်က ကြွသွားပြီး ကျားဇီက သူ့တံဆိပ်ပြားကို တွေ့မြင်သွား၏။

ထင်မှတ်ထားသည့်အတိုင်း ကျားဇီက အော်လိုက်၏။

“သူက ဝတ်ရုံနက်ဘက်တော်သားပဲ”

ကျားဇီ၏ နောက်ဘက်ရှိ ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များက ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာကြ၏။

ချီရွှမ်းစုကလည်း အချိန်ဖြုန်းမနေပေ။ သူ၏ ခြုံထည်ကို လွှဲပြီး သူ့ခါးက သင်္ဘောသားဓားနှစ်လက်ကို ဆွဲထုတ်ကာ ချီတချို့ကို ပို့လွှတ်လိုက်၏။ မီးစွဲသွားသော ဓားသွားများက ညဘက်မှာ ထင်ရှားပေါ်လွင်နေလေသည်။

ဤကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များက သာမညောင်ညများ မဟုတ်ကြပေ။ သူတို့အများစုသည် ဟောက်ထျန်သက်ရှိများကြားမှာ ထိပ်တန်းအဆင့်တွင် ရှိပြီး တချို့က ခွန်လွင်အဆင့် ရှန်းထျန်သက်ရှိများပင် ဖြစ်ကြသည်။ ချီရွှမ်းစုသည် ခွန်လွင်အဆင့်မှာ ရှိနေတုန်း ယမန်နှစ်က ဤလူများနှင့် ဆုံရမည်ဆိုလျှင် အခက်တွေ့ရပေလိမ့်မည်။ သူတို့အတွက် ကံဆိုးစွာဖြင့် လက်ရှိချီရွှမ်းစုက ယခင်ကထက် များစွာပိုမိုသန်မာလာသည်။

ချီရွှမ်းစုသည် သိုးအုပ်ထဲကို ဝင်ရောက်လာသော ကျားတစ်ကောင်ကဲ့သို့ လူအုပ်ကြားထဲ ပြေးဝင်သွားပြီး သင်္ဘောသားဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်၏။ ဓားသွားက ပြိုင်ဘက်များနှင့် မထိခင်မှာပင် လေပူလှိုင်းက သူတို့၏ မျက်နှာများကို လာရောက်ရိုက်ခတ်ကာ သူတို့၏ ဆံပင်များနှင့် မျက်ခုံးမွေးများကို လောင်ကျွမ်းသွားစေ၏။

ထိုသို့ဖြင့် မည်သူကမှ ချီရွှမ်းစု၏ လက်ထဲက သင်္ဘောသားဓားနှစ်လက်ကို လုယူရဲခြင်း မရှိပေ။ ဒါ့အပြင် ချီရွှမ်းစု၏ ဓားသိုင်းက ရှောင်ရ ဖမ်းရ ခက်လေသည်။ သူက ခြေတစ်လှမ်းတိုင်းမှာ လူတစ်ယောက်ကို သတ်ဖြတ်နိုင်၏။ တစ်ခဏချင်းမှာပင် လူငါးယောက်က မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွား၏။

ချီရွှမ်းစု၏ လျင်မြန်သော လှုပ်ရှားမှုများမှာ မီးတောက်အမျှင်တန်းများက ချိတ်ဆက်၍ ညအမှောင်ထဲမှာ ကြီးမားသော မီးစွဲဘီးလုံးတစ်လုံးနှင့် ဆင်တူနေ၏။

ခွန်လွင်အဆင့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ဓားသွားလှံတစ်လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ချီရွှမ်းစု၏ ခေါင်းကို အပေါ်ကနေ ခုတ်ချလိုက်၏။

ချီရွှမ်းစုက သူ့ဘယ်ဘက်လက်ထဲရှိ သင်္ဘောသားဓားကိုသုံး၍ ကြီးမားသော ဓားသွားလှံကို ပိတ်ဆို့တားဆီးလိုက်၏။

ချီရွှမ်းစုက ခွန်အားသက်သက်ဖြင့် သူ၏ ဓားသွားလှံကို ပိတ်ဆို့တားဆီးနိုင်သည့်အတွက် သက်လတ်ပိုင်းအရွယ်ယောက်ျားက ထိတ်လန့်သွား၏။ သူတွေးလိုက်သည်မှာ ‘ဒီလူက ကိုယ်ခံပညာသိုင်းသမားတစ်ဦးလား ဒါမှမဟုတ် သဘာဝလွန်စွမ်းအား ရှိနေတာလား…’ဟူ၍ ဖြစ်သည်။

သို့သော် သက်လတ်ပိုင်းအရွယ်ယောက်ျားက ထဲထဲဝင်ဝင် မစဉ်းစားနိုင်ခင် ချီရွှမ်းစုက သူ့ညာဘက်လက်ထဲရှိ သင်္ဘောသားဓားဖြင့် ထိုလူ၏ နှလုံးကို ထိုးဖောက်လိုက်ပြီဖြစ်၏။

နောက်ခဏ၌ ခပ်လှမ်းလှမ်းကနေ သူ့ကို သေနတ်များဖြင့် ချိန်ရွယ်လာသည့် လူနှစ်ယောက်ကို ချီရွှမ်းစု တွေ့မြင်လိုက်၏။ ထိုသို့ဖြင့် သူက ဓားနှစ်လက်ကို ပစ်ထုတ်ပြီး ထိုသေနတ်သမားနှစ်ဦးကို ချက်ချင်းပင် သတ်ဖြတ်လိုက်၏။

ချီရွှမ်းစုမှာ လက်နက်မရှိတော့သည်ကို အခွင့်ကောင်းယူပြီး လူတစ်ယောက်က တိုက်ခိုက်လာ၏။ ရလဒ်ကတော့ ချီရွှမ်းစုသည် သူ့မျက်နှာကို ပစ်ထိုးပြီး သူ့ခေါင်းကို ပျော့ပြဲသွားစေ၏။

နောက်ထပ် ယောက်ျားတစ်ယောက်က အခွင့်အလမ်းကို ချိန်ဆ၍ ချီရွှမ်းစု၏ ပခုံးနှစ်ဖက်ကို လေးလံသော ပုဆိန်နှစ်လက်ဖြင့် ခုတ်ပိုင်းချလာ၏။ သို့သော် ချီရွှမ်းစုက ထိုလူ၏ ရင်ဘတ်ကို ဖမ်းဆွဲ၍ မြှောက်တင်လိုက်၏။ ထို့နောက် ချီရွှမ်းစုက ထိုလူကို မြေပြင်ဆီသို့ ခေါင်းနှင့်ပစ်ချလိုက်၏။ ထိုလူ၏ ခေါင်းက သဲထဲမှာ နစ်ဝင်သွားပြီး သူ့ခြေနှစ်ဖက်က အညှောက်ထွက်လာသော ကြက်သွန်စိမ်းပင်ကဲ့သို့ တန်းလန်းဖြစ်နေ၏။

ထိုအချင်းအရာကို ကြည့်ပြီး ချီရွှမ်းစုကို တိုက်ခိုက်ဖို့ စဉ်းစားနေသည့် လူတချို့က ကြောက်ရွံ့တုန်လှုပ်ကာ ချက်ချင်းပင် ရပ်တန့်သွားကြ၏။

ထိုလူများက တွေဝေနေစဉ်မှာပင် ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ဆွဲထုတ်ပြီး သူတို့ထဲမှ တစ်ယောက်ကို ပစ်သတ်လိုက်၏။ ထို့နောက် သူက ကျည်ဆန်ကို အလျင်အမြန် ထပ်ဖြည့်လိုက်၏။

သနားကြင်နာမှုကို တိုက်ပွဲမစခင်မှာသာ ပြရပြီး တိုက်ပွဲစလာသည်နှင့် လုံးဝ မပြရဟု အစ်မချီက သူ့အား သင်ကြားပေးထား၏။ တိုက်ပွဲက စတင်သည်နှင့် ရှင်သန်ဖို့အတွက် ရက်စက်ကြမ်းတမ်းရပေမည်။

ကျန်ရှိနေသော ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြ၏။ သူတို့က အနားကို မချဉ်းကပ်နိုင်ခင် ချီရွှမ်းစုက ကျည်ဖြည့်လို့ ပြီးသွားမည်ကို သူတို့က စိုးရိမ်နေကြ၏။

ရုတ်တရက် လူတစ်ယောက် တုန်ယင်နေသော အသံဖြင့် အော်လိုက်၏။

“ပြေးကြ…”

လူတိုင်းက ချီရွှမ်းစုနှင့် ဆက်လက်၍ မရင်ဆိုင်လိုတော့ဘဲ ခြေဦးတည့်ရာ လှည့်ထွက်ပြေးကုန်ကြ၏။ တိုက်ပွဲအတွင်း ထွက်ပြေးခြင်းက ဘယ်လိုအပြစ်ဒဏ်ဖြစ်ပါစေ၊ လူတိုင်းက လက်ရှိမှာ ရှင်သန်ချင်ရုံမျှသာဖြစ်၏။

ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေးခံရသည့် ထိုဆားမှောင်ခိုသမားများကတော့ တိုက်ပွဲစသည်နှင့် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေပြီ။

ချီရွှမ်းစုက ကျည်ဖြည့်ပြီးသော နတ်နဂါးပစ္စတိုကို သေနတ်အိမ်ထဲ ပြန်ထည့်လိုက်၏။

ကျားဇီက ဒေါသထွက်ခြင်း၊ တုန်လှုပ်ခြင်းနှင့် ရှေ့ကိုပြေးဝင်လာ၏။ သူ၏ လက်သီးများက ကြီးမားသော အင်အားနှင့်အတူ လေထုကို ဖြိုခွင်းပြီး ချီရွှမ်းစု၏ ရင်ဘတ်ပေါ် ဆင်းသက်လာ၏။

ချီရွှမ်းစုလိုပင် ကျားဇီက ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်သည်။

ချီရွှမ်းစု၏ ခန္ဓာကိုယ်က လှုပ်ခါသွားသော်လည်း သူက ထိုအချိန်မှာ ကျားဇီ၏ ပေါင်ခွကြားကို ဖြတ်ကန်လိုက်၏။

သူတို့နှစ်ယောက်က ခြေနှစ်လှမ်းခန့် နောက်ဆုတ်၍ တစ်ချိန်တည်းမှာ ရပ်တန့်ပြီးနောက် တစ်ယောက်ဆီတစ်ယောက် ပြန်ပြေးဝင်လာကြ၏။

မီးခိုးများနှင့် ဖုန်လုံးများက လေထဲမှာ ပျံ့လွင့်သွား၏။ ဆားဖြူများကလည်း အဘက်ဘက်ကို ပြန့်ကြဲကာ နှင်းများ ကျဆင်းနေသကဲ့သို့ ဖြစ်၏။

တစ်ယောက်ကိုတစ်ယောက် လုံးထွေးသတ်ပုတ်နေသူနှစ်ယောက်ကို ခပ်ရေးရေးသာ တွေ့မြင်ရတော့သည်။

ချီရွှမ်းစုက အစစ်အမှန်ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်ပေ။ သူ့မှာ ယွီတင်းနယ်ပယ် လေလွင့်ကျင့်ကြံသူတစ်ဦး၏ ပင်ကိုယ်ချီလည်း ရှိနေ၏။ ထို့ကြောင့် နှစ်ဦးစလုံးက ယွီရှုအဆင့်မှာ ရှိနေလျှင်တောင် ကျားဇီက တဖြည်းဖြည်း အရေးနိမ့်လာ၏။

ထိချက်သုံးလေးဆယ် ဖလှယ်ပြီးနောက် ချီရွှမ်းစုက ကျားဇီကို ကိုယ်နှင့် ပစ်တိုက်ချလိုက်၏။ ထို့နောက် ကြွက်သား စုတ်ဖြဲခံရသည့် ခပ်ကြမ်းကြမ်းအသံက လေထဲကနေ ပျံ့လွင့်လာ၏။ ချီရွှမ်းစုက ချင်းယွမ်ကို သုံး​ပြီး ကျားဇီ၏ နှလုံးကို ထိုးဖောက်လိုက်ခြင်းဖြစ်သည်။

ချီရွှမ်းစုသည် တိုက်ပွဲ၏ ကျင့်ဝတ်ထုံးတမ်းများကို ဂရုစိုက်ခြင်း မရှိဘဲ ထိထိရောက်ရောက် သတ်ဖြတ်နိုင်ဖို့ကိုသာ အာရုံစိုက်ထား၏။

ကျားဇီ၏ ပါးစပ်နှင့် နှာခေါင်းကနေ ​သွေးများ စီးကျလာ၏။ သူ့မှာ သွေးသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ပြန်လည်ကုသနိုင်စွမ်း ရှိမည်ဆိုလျှင်ပင် သူ့ဒဏ်ရာကို ကုသနိုင်ဖို့အတွက် ချင်းယွမ်ကို အရင်ဆွဲနုတ်ရပေမည်။ သို့သော် သူ့မှာ ဓားတိုကို ဆွဲနုတ်ဖို့ ခွန်အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျကာ သေဖို့ကို စောင့်နေရ၏။

သူ သေရတော့မည်ကို သိရှိထားပြီး ကျားဇီက ချီရွှမ်းစုကို စိုက်ကြည့်ကာ လေသံမျှနှင့် ပြောလိုက်၏။

“ကောင်းကင်ဘုံနန်းတော်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ချီရွှမ်းစုက မည်သည့်စကားမှ မဆိုတော့ပေ။ သူက ကျည်ဖြည့်ထားသော နတ်နဂါးပစ္စတိုကို ဆွဲထုတ်၍ ကျားဇီ၏ မျက်ခုံးနှစ်ဖက်ကြား ထောက်ကာ မောင်းတံကို ဖိချပြီး ခလုတ်ကို ကုတ်ဆွဲလိုက်၏။

ဒိုင်း…

ကျားဇီ၏ ခေါင်းက ပေါက်ကွဲထွက်သွား၏။

All Chapters