အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း ၂၃၈ - တွေဝေရှုပ်ထွေးခြင်း
ရွှေနန်းမြင့်မျှော်စင် အစည်းအဝေးအဆုံးမှာ လက်ထောက်မဟာအကြီးအကဲသုံးဦးသည် ဂိုဏ်းများအားလုံး လက်ခံနိုင်မည်ဟု ယူဆရသော ညှိနှိုင်းမှုတစ်ခုကို ရရှိသွားကြ၏။
အဲဒါက တိုက်ဆိုင်မှုလား သို့မဟုတ် တမင်သက်သက်လား မပြောတတ်ပေ။ ပဉ္စမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် အလောင်းအလျာ သုံးဦးစလုံးသည် ယခုအချိန်မှာ မဟာခန်းမသုံးဆောင်ကို တာဝန်ယူထားကြ၏။
သူတော်စင်တန်ဟွားက ကျိဝေခန်းမကို တာဝန်ယူ၍ သူတော်စင်ချင်းဝေက ပေချန်ခန်းမကို တာဝန်ယူကာ သူတော်စင်စီဟန်က ထျန်ကန်းခန်းမကို တာဝန်ယူလိုက်ပြီဖြစ်၏။
ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲများကို အသာထား… တာအိုဂိုဏ်းတော်အတွင်းမှာပင် ဤပုဂ္ဂိုလ်သုံးဦးက အမြင့်ဆုံးအဆင့်ကို ရရှိနေကြပြီဖြစ်သည်။
ပဉ္စမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်မှုက ပို၍ပြင်းထန်လာသည်မှာ သိသာရှင်းလင်းသည်။
အခြားသော သူတော်စင်များသည်လည်း အဆင့်မီ၍ သဘောတရားအရ မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်ခွင့် ရှိသော်လည်း အနိုင်ရဖို့ သူတို့၏ အခွင့်အရေးက ဤပုဂ္ဂိုလ်သုံးဦးနှင့် ယှဉ်လျှင် များစွာနည်းပါးသွားပြီဖြစ်သည်။
တန်ခိုးရှင်သူတော်စင် ၃၆ ဦးထဲမှာ ယခင် ထျန်ကန်းခန်းမသခင် နင်းလင်ကဲက ဤယှဉ်ပြိုင်မှုကနေ ဖယ်ရှားခံလိုက်ရသည့် ပထမဆုံးလူ ဖြစ်လာ၏။
နင်းလင်ကဲသည် ခန်းမသခင်နေရာကနေ နှုတ်ထွက်ထားသော်လည်း သူ့ရုံးကနေ ချက်ချင်း ဖယ်မပေးရပေ။ သူ့ရုံးမှာ တစ်ကိုယ်ရည်ပိုင်ဆိုင်မှုများစွာနှင့် ထျန်ကန်းခန်းမသခင်အသစ်ထံ လွှဲပြောင်းရမည့် အရာများစွာ ရှိနေပြီး အချိန်တချို့ ယူရပေလိမ့်မည်။ ထို့ကြောင့် ခန်းမသခင်အသစ်ကို တရားဝင် မကြေညာခင် နင်းလင်ကဲသည် ထျန်ကန်းခန်းမသခင် အလုပ်တာဝန်များကို ယူထားရဆဲဖြစ်၏။
ဤအပြောင်းအလဲနှင့် ပတ်သက်၍ ထျန်ကန်းခန်းမ အမှုထမ်းများမှာ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြသည်။ ဤအပြောင်းအလဲမှုမှာ အကျိုးအမြတ် ရရှိသည်က ယောင်ကွမ်းအဆောင် ဖြစ်သည်။ သူတို့၏ လက်ထောက်ခန်းမသခင် ကျန်းယွဲ့လုက ထျန်ကန်းခန်းမသခင်အသစ်၏ လက်ရင်းတပည့် ဖြစ်နေသောကြောင့်ပင်။
တာအိုအဖွဲ့အစည်းမှာ ဆရာနှင့်တပည့်များကြား ဆက်ဆံရေးသည် မိဘနှင့် သားသမီးများကြား ဆက်ဆံရေးနှင့် ဆင်တူလေသည်။ အဲဒါသည် အင်ပါယာနန်းတွင်းအရာရှိတစ်ဦးက သူ့ဖခင်ကို တိုက်ရိုက် အထက်လူကြီးအဖြစ် ရရှိထားခြင်းနှင့် တူလေသည်။
တကယ်တော့ ဤကဲ့သို့ ရှုမြင်ခံရသည်မှာ ယောင်ကွမ်းအဆောင်သာလျှင် မဟုတ်ပေ။ ထျန်ကန်းခန်းမမှ အခြားလူများက ကျန်းယွဲ့လုကို ခန်းမသခင်ငယ်ဟူ၍ စတင်၍ ခေါ်ဝေါ်လာကြပြီဖြစ်၏။
သူတော်စင်စီဟန်သည် ပဉ္စမမျိုးဆက် မဟာအကြီးအကဲ ဖြစ်လာနိုင်မည်ဆိုလျှင် ကျန်းယွဲ့လု၏ အဆင့်အတန်းကလည်း လိုက်ပါမြင့်တက်လာပေလိမ့်မည်။ ထိုအခါ သူမသည် တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်လာဖို့ အာမခံချက်ရသွားပေလိမ့်မည်။
သို့သော် ကျန်းယွဲ့လုက ဤအပြောင်းအလဲနှင့် ပတ်သက်၍ အားရကျေနပ်နေခြင်း မရှိချေ။ သူမ၏ ဆရာက သူမ၏ တိုက်ရိုက်အထက်လူကြီး ဖြစ်လာခြင်းသည် လီထျန်ကျန်း၏ အကြီးအကဲ သူတော်စင်ချင်းဝေနှင့် နှိုင်းစာလျှင် ပိုမိုကောင်းမွန်သည့် ရွေးချယ်စရာ သေချာပေါက် ဖြစ်သော်လည်း ကျန်းယွဲ့လုသည် ယခင် ခန်းမသခင် နင်းလင်ကဲနှင့် ဆက်ဆံရေးကောင်း ရှိထား၏။ မဟုတ်ပါက နင်းလင်ကဲသည် အရင်တုန်းက သူမအား ပြဇာတ်လက်မှတ်နှစ်စောင်ကို ပေးခဲ့လိမ့်မည် မဟုတ်ပေ။ သူမသည် နင်းလင်ကဲကို ရိုသေလေးစားရသော အထက်လူကြီးတစ်ဦးအဖြစ် ရှုမြင်ထားခဲ့၏။
နှစ်စမှ စတင်၍ သတင်းဆိုးများသာ ဆက်တိုက်ကြားနေရသောကြောင့် ကျန်းယွဲ့လုက စိတ်မချမ်းမမြေ့ ဖြစ်နေ၏။ ဒါ့အပြင် ဤအရာများသည် အစသာ ရှိသေးကြောင်း သူမ၏ ဆရာက သတိပေးထား၏။ ကျန်းယွဲ့လုသည် အပြောင်းအလဲများအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလျှင်တောင် သူမ၏ စိတ်အာရုံက သက်ရောက်ခံရဆဲဖြစ်၏။ သို့သော် မှန်ကန်သော လမ်းကြောင်းက အမြဲတမ်း ဆူးခလုတ်များဖြင့် ပြည့်နှက်နေသည်ကို သူမ နားလည်သဘောပေါက်ထား၏။ အထိနာခြင်းများက သူမကို လှဲမချနိုင်သရွေ့ သူမက ပိုမိုသန်မာလာပေလိမ့်မည်။
ကျန်းယွဲ့လုသည် ခန်းမသခင်၏ ရုံးခန်းသို့ ရောက်လာ၏။ နေရာမှာ ပုံထပ်ထားသော ပစ္စည်းများစွာ ရှိနေပြီး အရင်ကနှင့် ကွဲပြားခြားနားနေ၏။ အမျိုးအစားခွဲ၍ ချိပ်ပိတ်ထားသော စာတွဲများစွာနှင့် လွှဲပြောင်းပေးရမည့် အရာများစွာ ရှိနေ၏။ ထို့ကြောင့် ရုံးခန်းက ရှုပ်ပွနေလေသည်။
နင်းလင်ကဲက စာအုပ်တစ်အုပ်ကိုင်ပြီး စားပွဲနောက်မှာ တစ်ယောက်တည်း ထိုင်နေ၏။ ကျန်းယွဲ့လု ဝင်လာသည့်အခါ သူက စာအုပ်ကို စားပွဲပေါ်မှာ ချလိုက်၏။ ၎င်းသည် တာအိုဝါဒမှာ ဖတ်ကိုဖတ်ရမည့် အခြေခံကျသော စာအုပ် ရှေးဦးမူလတာအိုဘိုးဘေး ရေးသားခဲ့သည့် ‘စကားလုံးတစ်ထောင်’ဖြစ်သည်။
ကျန်းယွဲ့လုက ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
“ခန်းမသခင်”
“ချင်းရှောင်… ဘာများဖြစ်လို့လဲ”
နင်းလင်ကဲက မေးလိုက်၏။
ကျန်းယွဲ့လုက ခဏမျှ တွေဝေပြီးနောက် ပြောလိုက်၏။
“ကျွန်မမှာ တင်ပြစရာ ဘာမှပါမလာပါဘူး... ဒီတိုင်း အလည်လာရုံပါပဲ”
နင်းလင်ကဲက ရယ်လိုက်၏။
“ငါက မုန်တိုင်းများစွာကို ဖြတ်ကျော်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ လူအိုကြီးတစ်ယောက်ပါ... ဒီအလုပ်ကနေ ထွက်ရတာက ငါ့အတွက် ဘာမှမဟုတ်ဘူး... အဲဒါကြောင့် မင်းလို လူငယ်တစ်ယောက်က ငါ့ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး”
နင်းလင်ကဲ၏ ရယ်သံကို ကြားပြီး ကျန်းယွဲ့လုက ပြုံးလိုက်မိ၏။
“ကျွန်မ ရှင့်ကို နှစ်သိမ့်ပေးဖို့ လာတာမဟုတ်ဘူး... အဲ့လိုလုပ်ဖို့ ကျွန်မက အရည်အချင်းမပြည့်မီဘူးဆိုတာ သိတယ်… ခန်းမသခင်… နောက်ပိုင်းအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ရှင့်ရဲ့အမြင်ကို ကျွန်မ သိချင်ရုံပါပဲ”
နင်းလင်ကဲက ကျေနပ်အားရစွာ ပြုံးလိုက်သော်လည်း သူမ၏ မေးခွန်းကို ဖြေဖို့ အလောတကြီး ရှိမနေဘဲ စောစောက ဖတ်လက်စ စာအုပ်ကို ကောက်ယူကာ မှတ်ချက်ပေးလိုက်၏။
“အခန်း ၅၈ က ဒီကောက်နုတ်ချက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်”
“အစိုးရက ဖရိုဖရဲအခြေအနေတစ်ခုမှာ ရှိနေတဲ့အခါ လူတွေက ရိုးသားဖြောင့်မတ်ကြတယ်… အစိုးရက စနစ်တကျဖြစ်လာတဲ့အခါ လူတွေက စဉ်းလဲလာကြတယ်… ကံဆိုးခြင်းက ကံကောင်းခြင်းထဲမှာ ပုန်းနေတတ်ပြီး ကံကောင်းခြင်းကလည်း ကံဆိုးခြင်းထဲမှာ ပုန်းနေတတ်တယ်… အဲဒီအရာတွေရဲ့ အဆုံးစွန်အမှန်တရားကို ဘယ်သူက နားလည်နိုင်မှာလဲ… အမှန်တကယ် အမြော်အမြင်ရှိတဲ့သူတွေပဲပေါ့… အဲဒါကြောင့် သူတော်စင်တွေက တရားမျှတရပေမဲ့ ကြမ်းတမ်းလို့ မရဘူး… ရိုးသားရပေမဲ့ ထိခိုက်ဒဏ်ရာရစေလို့ မဖြစ်ဘူး… ပွင့်လင်းပေမဲ့ အုံကြွလို့ မရဘူး… တောက်ပပေမဲ့ စူးရှလို့ မဖြစ်ဘူး”
ကျန်းယွဲ့လုက ထိုကောက်နုတ်ချက်ကို ချက်ချင်းပင် ရှင်းပြလိုက်၏။
“ရှေးဦးမူလတာအိုဘိုးဘေး ပြောတာက သက်ညှာတဲ့ ပတ်ဝန်းကျင်မှာ လူတွေက ရောင့်ရဲပြီး ဥပဒေကို လိုက်နာကြလိမ့်မယ်… ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာတော့ သူတို့က ထွက်ပြေးနေရလိမ့်မယ်… ကပ်ဘေးတွေ ကျရောက်လာတဲ့အချိန်မှာတောင် ကံကောင်းခြင်းတွေက အဆုံးမှာ ထွက်ပေါ်လာတတ်တယ်… ချမ်းသာကြွယ်ဝတဲ့ ခေတ်တွေမှာတောင် ကံဆိုးခြင်းတွေက ရုတ်တရက် ပေါ်ထွက်လာနိုင်တယ်… ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းက ဘယ်အချိန်မှာ အလှည့်အပြောင်းဖြစ်သွားမလဲ ဆိုတာ ဘယ်သူက ကြိုပြီးတော့ ခန့်မှန်းနိုင်မှာလဲ… အဲဒါကို ဆုံးဖြတ်ဖို့က ပင်ကိုယ်သဘာဝအရ ခက်ခဲလွန်းတယ်”
“မှန်ကန်ဖြောင့်မတ်တယ်လို့ ယူဆထားတဲ့အရာက စဉ်းလဲလာနိုင်တယ်… ကောင်းတယ်လို့ မြင်ထားတဲ့အရာက ဆိုးယုတ်မှု ဖြစ်လာနိုင်တယ်… အဲဒါက လူတွေကြားမှာ တွေဝေရှုပ်ထွေးမှုကို ဖြစ်လာစေတယ်… ကွဲလွဲမှုတွေက နောက်ဆုံးမှာ သူတို့ဘာသာသူတို့ ပြောင်းလဲပြီး ဆန့်ကျင်ဘက်တွေ ဖြစ်သွားနိုင်တယ်ဆိုတာ သူတော်စင်က နားလည်သဘောပေါက်ထားတယ်… အဲဒါကြောင့် တခြားသူတွေကို ကိုင်တွယ်တဲ့အခါ သူတော်စင်တွေက အလွန်အမင်း အတင်းအကျပ် မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြတယ်… အညံ့ခံဖို့ ဖိအားမပေးဘဲ လေးစားမှုကို ရယူကြတယ်… ခေါင်းမာဖို့ထက် သိက္ခာရှိရှိနဲ့ ပြုမူကြတယ်… တခြားသူတွေကို ချုပ်နှောင်ထားခြင်း မရှိဘဲ တောက်ပခွင့်ပေးတယ်”
နင်းလင်ကဲက ထပ်ပြောလိုက်၏။
“လူတွေက တွေဝေရှုပ်ထွေးနေခဲ့တာ အတော်ကြာပြီ... တာအိုဂိုဏ်းတော်မှာ မလှည့်စားခံရတာ ဘယ်သူရှိမလဲ... ဘယ်သူက မှန်ကန်ဖြောင့်မတ်ပြီး ဘယ်သူက ဆိုးယုတ်တာလဲ... ကောင်းခြင်းမင်္ဂလာလား ကပ်ဘေးလားဆိုတာ ဘာနဲ့ဆုံးဖြတ်သလဲ... အဲဒီ စာထဲမှာ ဖော်ပြထားတဲ့ သူတော်စင်က ဘယ်မှာရှိတာလဲ”
ကျန်းယွဲ့လုက သဘောတူလက်ခံခြင်းမရှိပေ။
“တာအိုဂိုဏ်းတော်ရဲ့ လက်ရှိအခြေအနေက မဟာအကြီးအကဲတစ်ပါးကို ရွေးချယ်တင်မြှောက်တဲ့ကိစ္စတင် မဟုတ်တော့ဘူး... ရွှမ်အရှင်မြတ်က တစ်ယောက်တည်းနဲ့ အဲဒီကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းယူနိုင်လောက်အောင် သန်မာတယ်... အခု ဒီကိစ္စမှာ ကျွန်မတို့က ရှေးဦးမူလတာအိုဘိုးဘေးရဲ့ အဆိုအမိန့်အတိုင်း လိုက်နာလို့ မရတော့ဘူး”
နင်းလင်ကဲက ဖြည့်စွက်ကာ ပြောလိုက်၏။
“ဘယ်ဟာ မှားလဲ၊ ဘယ်ဟာ မှန်လဲကို သိဖို့က လွယ်ပေမဲ့ အမှန်ကို လုပ်ဖို့က ခက်တယ်... ဒါပေမဲ့ အခု ငါတို့ ရင်ဆိုင်နေရတာက သိသာထင်ရှားတဲ့ ပြဿနာပဲ... လူတစ်ယောက် ဩဇာအာဏာ ရလာတာနဲ့ မင်းအောက်မှာရှိတဲ့ အုတ်မြစ်က တိုက်စားခံနေရပြီဆိုတာကို သိတဲ့အချိန်မှာ မင်း ဘာလုပ်မလဲ... လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းဖို့ ရွေးချယ်မလား... မင်းက လက်ရှိအဆင့်အတန်းကို ထိန်းထားဖို့ ရွေးချယ်မယ်ဆိုရင် တာအိုဂိုဏ်းတော်ရဲ့ အပြစ်သား ဖြစ်လာလိမ့်မယ်... မင်းက လက်ရှိအဆင့်အတန်းကို ထိန်းမထားချင်ဘူးဆိုရင် မင်းက လမ်းသစ်တစ်ခုကို ဖောက်ဖို့လည်း လုံလောက်အောင် မစွမ်းဘူးဆိုရင် ဘာဖြစ်လာမလဲ”
ကျန်းယွဲ့လုက ခဏမျှ ပြောစရာစကားမဲ့သွား၏။
နင်းလင်ကဲက ဆက်ပြောလိုက်သည်။
“လူအများစုကတော့ လက်ရှိအဆင့်အတန်းကို ထိန်းထားဖို့ပဲ ရွေးချယ်ကြလိမ့်မယ်... အနည်းဆုံးတော့ သူတို့က နည်းနည်းကြာ ဆက်ပြီး အသက်ရှင်နိုင်ဦးမယ်... သူတို့ မှားခဲ့တယ်ဆိုတာကို မျိုးဆက်တွေ အများကြီးကြာမှ သက်သေပြနိုင်တာလည်း ဖြစ်ရင်ဖြစ်မယ်... ဒါပေမဲ့ အဲဒီအချိန်ကျရင် သူတို့တွေက ရှိကြတော့မှာ မဟုတ်ဘူး... ဒီရေလှိုင်းက ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ… အဲဒါက သေပြီးသား လူတွေအပေါ်မှာ သက်ရောက်မှု ရှိမှာမဟုတ်ဘူး... မဟာရည်မှန်းချက်နဲ့ ကန့်သတ်ထားတဲ့ အစွမ်းအစရှိတဲ့သူတွေအတွက်တော့ အဲဒါက မတိုးသာ မဆုတ်ရာ အခြေအနေတစ်ခုပဲ… အဓိကအကြောင်းအရင်းကတော့ လုံလောက်တဲ့ အစွမ်းအစ မရှိလို့… အဲဒါကြောင့်ပဲ အစွမ်းအစရှိတဲ့သူတွေပဲ ကျန်ခဲ့ကြတာ”
ကျန်းယွဲ့လုက နင်းလင်ကဲကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“အခုကရော…”
နင်းလင်ကဲက သူ့ကိုယ်သူ လက်ညှိုးထိုးပြီးနောက် တံခါးအပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။
“ငါတို့မှာ မဟာရည်မှန်းချက်တွေ ရှိသည်ဖြစ်စေ… မရှိသည်ဖြစ်စေ… အခြေခံအားဖြင့်တော့ ငါတို့တွေက ကန့်သတ်ထားတဲ့ အစွမ်းအစနဲ့ လူတွေပဲ... ငါတို့တွေက လျှို့ဝှက်ကြံစည်တဲ့နေရာမှာ တော်ကြပေမဲ့ မဟာအကြံအစည်တွေကို ဖော်ဆောင်ဖို့တော့ လိုအပ်နေတယ်... ငါတို့မှာ တာအိုဂိုဏ်းတော်ကို ဦးဆောင်နိုင်တဲ့ အစွမ်းအစ သေချာပေါက် မရှိကြဘူး... အလွန်ဆုံး ငါတို့က တခြားသူတွေကို ထောက်ပံ့ပေးရင်း အသေးအဖွဲ့ အောင်မြင်မှုတချို့ကိုပဲ ရှာနိုင်ကြတယ်”
“တာအိုဂိုဏ်းတော်ကို မပြောင်းလဲနိုင်ဘူးဆိုတာ အဲဒါက ကောင်းကင်နဲ့တူနေလို့ပဲ... ကောင်းကင်ကို ဘယ်လိုပြောင်းလဲနိုင်မှာလဲ... ကောင်းကင်မှာ အပြောင်းအလဲဆိုတဲ့ အရာတွေက ရာသီဥတုအပြောင်းအလဲတွေပဲ... ဒါပေမဲ့ နဂိုမူလကောင်းကင်ကတော့ တူညီနေမြဲပဲ... အဲဒါက အပြင်ပန်းသဏ္ဌာန်အရ ပြောင်းလဲသွားပုံရပေမဲ့… အနှစ်သာရမပါဘူး... အပြောင်းအလဲတွေကို အမှန်တကယ် ယူဆောင်လာဖို့အတွက် လူတစ်ယောက်က ကောင်းကင်ကို ပြောင်းလဲပြီး လောကသစ်တစ်ခု ဖွင့်လှစ်ရမယ်... အဲဒါက မိုးနဲ့မြေကို ဖန်တီးရသလိုပဲ... ငါတို့လို သာမန်လူတွေက အဲ့လောက်ထိ ကြောက်စရာကောင်းတဲ့ အောင်မြင်မှုကို ဘယ်လိုရရှိနိုင်မှာလဲ”
နင်းလင်ကဲက ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“တကယ်တော့ အဲ့လောက်ထိ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လည်း အချိန်မတန်သေးပါဘူး... အဲဒါကြောင့်လည်း ဒါက လူတစ်ဦးတစ်ယောက်ရဲ့ ပြဿနာလို့ ငါပြောခဲ့တာပေါ့”
“လူတစ်ဦးတစ်ယောက်…”
ကျန်းယွဲ့လုက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
နင်းလင်ကဲက ရှင်းပြလိုက်သည်။
“အဲဒါက ရွှမ်အရှင်မြတ်ရဲ့ အဆိုအမိန့်နဲ့တော့ ဆန့်ကျင်နေလိမ့်မယ်... ဒါပေမဲ့ အဲဒါက အမှန်ပဲ... တာအိုဂိုဏ်းတော်က အစွမ်းအစရှိတဲ့၊ တာဝန်ခံနိုင်တဲ့၊ တစ်ကိုယ်ကောင်းမဆန်တဲ့၊ အရည်အချင်းရှိတဲ့ မဟာအကြီးအကဲတစ်ဦးကို လိုနေတယ်... ရှင်းရှင်းပြောရရင်တော့ ငါတို့တွေက အမြော်အမြင်ရှိတဲ့ ဘုရင်တစ်ပါးနဲ့ မှန်ကန်ဖြောင့်မတ်တဲ့ အရာရှိတွေကို မျှော်လင့်စောင့်စားနေတဲ့ ပြည်သူတွေနဲ့ မကွာခြားဘူး”
“သက်ညှာတဲ့ ပတ်ဝန်းကျင်က လူတွေကို ရောင့်ရဲစေပြီး ဥပဒေကို လိုက်နာစေမယ်… ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကတော့ သူတို့ကို ပြေးလွှားနေရစေမယ်လို့ ရှေးဦးမူလတာအိုဘိုးဘေး ပြောခဲ့တယ်… ဒါပေမဲ့ တကယ်တမ်းမှာတော့ ငါတို့က အဲဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်နေကြတာမလား… မဟာအကြီးအကဲက သက်ညှာတဲ့အချိန်မှာ ငါတို့တွေက ဘာမှ ဂရုစိုက်စရာမလိုဘဲ လုပ်နိုင်ကြတယ်… မဟာအကြီးအကဲက တင်းကျပ်လာတဲ့အခါမှာတော့ ငါတို့က သတိထားပြီး သွားလာလှုပ်ရှားရတယ်… မဟာအကြီးအကဲ မရှိတဲ့အခါ ဖရိုဖရဲအခြေအနေတွေက သေချာပေါက် ဖြစ်လာမှာပဲ”
ကျန်းယွဲ့လုက နှုတ်ဆိတ်သွား၏။
နင်းလင်ကဲက နောက်ဆုံးမှာ ပြောလိုက်သည်။
“သူတော်စင်စီဟန်၊ သူတော်စင်တန်ဟွားနဲ့ သူတော်စင်ချင်းဝေတို့ကို ငါသိပ်ပြီးမျှော်လင့်မထားဘူး… သူတို့မှာ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ ဗိုလ်မှူးတွေ ဖြစ်လာဖို့ လုံလောက်တာထက်ပိုတဲ့ အရည်အချင်း ရှိကြတယ်… ဒါပေမဲ့ ငါ့အမြင်တော့ သူတို့က တာအိုဂိုဏ်းတော်တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ မလုံလောက်သေးဘူး… ကံဆိုးစွာနဲ့ပဲ… ရွှမ်အရှင်မြတ်၊ တုံဟွမ်နဲ့ ပဉ္စမမျိုးဆက်မဟာအကြီးအကဲလို လူတွေက တကယ့်ကို ရှားပါးလွန်းတယ်… မရှိသလောက်ပဲ”