အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း ၂၄၀ - ရှန့်ဂေဟာ
လျန်ကျိုးက မြေပြင်အနေအထားသည် တောင်မြောက်ကျယ်၍ အရှေ့အနောက်ကျဉ်းပြီး ရှည်မျောမျောပုံစံ ဖြစ်သည်။ လျန်ကျိုး၏ မြောက်ဘက်ကနေ တောင်ဘက်သို့ သွားခြင်းက အတော်လေး ရှည်လျားသည့် ခရီးဖြစ်ပြီး စီရင်စု အတော်များများကို ဖြတ်ကျော်သွားရ၏။ သို့သော်လည်း လျန်ကျိုးကို အနောက်ကနေ အရှေ့သို့ ဖြတ်ခြင်းက ခရီးစဉ်တိုတောင်းပြီး စီရင်စုတစ်ခုစာခန့်သာ ကွာဝေး၏။ ဤစီရင်စုက ထျန်ရွှေစီရင်စု ဖြစ်သည်။
ချီရွှမ်းစု လျန်ကျိုးသို့ ဝင်ရောက်၍ သိပ်မကြာခင် ထျန်ရွှေစီရင်စုသို့ ရောက်လာပြီး မြို့ရှိမည့်ဘက်သို့ ဦးတည်လိုက်၏။
အနောက်မြောက်ဘက်က ကျယ်ပြော၍ လူဦးရေကျဲပါးပြီး လူသူမရောက်သည့် နေရာများစွာ ရှိလေသည်။ လူဦးရေအများစုက မြို့ကြီးတချို့အနီးနားမှာသာ စုစည်းကာ ရှိနေ၏။
ရှီကျိုးကို မသိမ်းပိုက်ခင်က လျန်ကျိုးသည် နယ်စပ်ဒေသ ဖြစ်ခဲ့သည်။ ဤဒေသသည် လက်များစွာပြောင်းပြီး စစ်ပွဲများစွာကို အဆက်မပြတ် ကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် ဤနေရာ ဤဒေသမှာ အလောင်းများနှင့် သွေးချောင်းစီးမှုများ မကြာခဏ ဖြစ်ခဲ့လေသည်။ စစ်ပွဲများအပြင် ဤနေရာဒေသသည် ကူးစက်ရောဂါ၊ ကပ်ဘေးများနှင့် မိုးခေါင်ရေရှားခြင်းများကိုလည်း ကြုံတွေ့ခဲ့သည်။ ရောဂါသည်အလောင်းများကို ကောင်းမွန်စွာ မမြှုပ်နှံနိုင်သောကြောင့် နောက်ထပ်ကူးစက်ရောဂါများနှင့် ငတ်မွတ်ခေါင်းပါးခြင်းများလည်း ဖြစ်ခဲ့လေသည်။
အရင်တုန်းက လျန်ကျိုးတွင် အိမ်ဆယ်အိမ်မှာ ကိုးအိမ်က လူမရှိဟုဆိုသည်မှာ ချဲ့ကားပြောဆိုနေခဲ့ခြင်း မဟုတ်ပေ။ ရလဒ်ကတော့ နောက်ပိုင်းတွင် လူသားဈေးများ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တုန်းက အသက်နှစ်ဆယ်အရွယ် ရွှမ်အရှင်မြတ်က လျန်ကျိုးကို ရောက်ရှိလာခဲ့၏။ သူက ထိုအသက်အရွယ်မှာ ပန်းခင်းထဲက တာအိုဆရာတစ်ဦး မဟုတ်တော့ဘဲ မုန်တိုင်းများ၊ အငြင်းပွားစရာများနှင့် စစ်ပွဲများစွာကို ကြုံတွေ့ထားခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင် ကမ္ဘာမြေပေါ်က ငရဲဘုံနှင့်တူသည့် လျန်ကျိုးက သွေးအလိမ်းလိမ်းမြင်ကွင်းကို တွေ့မြင်ရပြီးနောက် သူက တုန်လှုပ်သွားရဆဲဖြစ်၏။ ထိုအချိန်မှစ၍ ရွှမ်အရှင်မြတ်သည် လောကကို ကယ်တင်ဖို့ ကျိန်ဆိုပြီး နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်း၍ ယခင် ဝေမင်းဆက်ကို မဟာရွှမ်မင်းဆက်နှင့် အစားထိုးခဲ့သည်။
မျိုးဆက်များစွာကြာအောင် ပြန်လည်အားဖြည့်ကုသပြီးနောက် လျန်ကျိုးက နောက်ဆုံးမှာ စည်ပင်ထွန်းကားမှု အနည်းငယ်ကို ပြန်လည်ရရှိလာသော်လည်း အခြားသော ပြည်နယ်များနှင့် ယှဉ်လျှင် ဤနေရာမှာ လူဦးရေက ကျဲပါးနေဆဲဖြစ်၏။
ချီရွှမ်းစုအတွက်တော့ မြို့တစ်မြို့က စည်ကားသည်ဖြစ်စေ လူဦးရေထူထပ်သည်ဖြစ်စေ ကိစ္စမရှိပေ။ သူ့အား ချင်ဝူပင်း ပေးထားသည့် ဝတ်ရုံနက်တံဆိပ်ပြားဖြင့် ချီရွှမ်းစုက စစ်သားတစ်ဦး၏ သရုပ်သကန်ကို သုံးကာ သွားလာနိုင်၏။ ထို့ကြောင့် ထိုသရုပ်သကန်နှင့်အတူ သူ့အနေဖြင့် မြို့ကြီးများမှာ တည်းခိုသည်က လုံခြုံစိတ်ချရဆုံး ဖြစ်ပေလိမ့်မည်။
နယ်စပ်ဒေသအနီးမှာ ရှိသောကြောင့် ထျန်ရွှေစီရင်စုတွင် ဖီးနစ်စိမ်းတပ်ဖွဲ့ ဒုစစ်ကဲရုံးတစ်ရုံးနှင့် ဝတ်ရုံနက်တပ်စခန်းတစ်ခု ရှိလေသည်။ ဤအာဏာပိုင်များ ရှိနေသည့်အတွက် မည်သူကမှ ပြဿနာမရှာရဲကြပေ။
ထို့ကြောင့် ချီရွှမ်းစုသည် အနားယူဖို့အတွက် ထျန်ရွှေစီရင်စု၏ စီရင်စုမြို့တော်သို့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သူက အေးအေးဆေးဆေး နားနေချင်သည်ဆိုလျှင် ထိုက်ဖျင်တည်းခိုခန်းကို သွားနိုင်သည်။ အသပြာချွေတာချင်သည်ဆိုလျှင် ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာမှာလည်း တည်းခိုနိုင်၏။
သို့သော် ယခု သူက ထျန်ရွှေစီရင်စု၏ နယ်မြေထဲသို့ ဝင်ရောက်လာခါစဖြစ်ရာ စီရင်စုမြို့တော်ကို ရောက်ဖို့ ခရိုင်အတော်များများကို ဖြတ်ကျော်ရပေဦးမည်။
ချီရွှမ်းစုသည် ရပ်နားခြင်းမရှိဘဲ ထျန်ရွှေစီရင်စုမြို့တော်သို့ တန်းသွားချင်သော်လည်း သူက အအေးလှိုင်းတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။ ဤအအေးလှိုင်းက အပူချိန် ရုတ်တရက် ကျဆင်းခြင်းမျှသာ မဟုတ်ဘဲ နှင်းများလည်း သည်းထန်စွာ ကျဆင်းလာလေသည်။
ကံကောင်းစွာဖြင့် ချီရွှမ်းစုသည် လေကာခြုံထည်ကို ဝတ်ဆင်ထား၏။ ရှန်းထျန်သက်ရှိတစ်ဦးအနေဖြင့် သူ၏ သွေးချီ၊ ပင်ကိုယ်ချီနှင့် သန်မာသော ကိုယ်ကာယကလည်း သူ့ကို အအေးဒဏ်ကနေ ခုခံပေးထား၏။ ထို့ကြောင့် သူက ဤရာသီဥတုကို မှုမနေပေ။ သို့သော်လည်း သူ့မြင်းက ဤကဲ့သို့သော အပူချိန်မှာ ကြမ်းတမ်းသော ခရီးစဉ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ မြင်းက နှင်းကိုက်နာ ရသွားလျှင် ချီရွှမ်းစု၏ ခရီးစဉ်ကို နှောင့်နှေးစေပေလိမ့်မည်။
ထို့ကြောင့် ချီရွှမ်းစုသည် အအေးဒဏ်ကနေ ခိုလှုံဖို့ ယာယီတည်းခိုစရာနေရာတစ်ခုကို ရှာရပေမည်။ လျန်ကျိုးမှာ နေရာအများစုက လူသူကင်းမဲ့သောကြောင့် တည်းခိုခန်းများစွာက မြို့အစွန်မှာ မရှိတတ်ပေ။
ချီရွှမ်းစုသည် ယာယီနားခိုဖို့အတွက် နေရာတစ်ခုရှာရင်း ရှေ့ကိုဆက်တက်လာရ၏။
တစ်ဆယ်ကီလိုမီတာခန့် ထွက်လာပြီးနောက် ချီရွှမ်းစုသည် နောက်ဆုံးမှာ ရှန့်မိသားစု ခံတပ်ရွာဟုခေါ်သော ရွာတစ်ရွာကို ရှာတွေ့လိုက်၏။ ကျန်းနန်နှင့် ကျန်းပေက ရွာများနှင့် မတူသည်မှာ ဤနေရာကို ခံတပ်ပုံစံဖြင့် ပြင်ဆင်ထားလေသည်။ ပြအိုးများ၊ မြားစင်များပါသည့် တုတ်ခိုင်မြင့်မားသော တံတိုင်းများကို ပတ်ပတ်လည် ကာရံထား၏။ အဲဒီမှာ ခံတပ်အဝင် တံတားအရှင်တစ်ခုလည်း ရှိသည်။ သူခိုးဓားပြများ စီးနင်းသည့်အခါ သို့မဟုတ် စစ်ပွဲများ ဖြစ်ပွားသည့်အခါ ဤရွာကို ခုခံကာကွယ်ဖို့အတွက် ခံတပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်မှာ အတိတ်ကာလ စစ်ပွဲများ၏ အမွေအနှစ်တစ်ခုဟု ဆိုနိုင်၏။
ယခု နေရာဒေသက တည်ငြိမ်အေးချမ်းလာပြီး ခံတပ်အဝင်တံတားကို ချထားရာ လူများက လွတ်လပ်စွာ ဝင်နိုင်ထွက်နိုင်ကြ၏။
ချီရွှမ်းစုသည် ခံတပ်ရွာထဲသို့ မြင်းစီးကာ ဝင်ရောက်လာ၏။ နှင်းများ သည်းထန်စွာ ကျဆင်းနေခြင်းကြောင့် အိမ်တိုင်းက တံခါးများကို ပိတ်ထားကြ၏။ ချီရွှမ်းစုက ပင်မလမ်းမအတိုင်း ဆက်သွားရင်း စံအိမ်တစ်ခုရှေ့ကို ရောက်ရှိသွား၏။ ဘေးတစ်ဖက်စီမှာ မီးအိမ်များနှင့် အလယ်မှာ အနက်ရောင် မော်ကွန်းပြားတစ်ချပ်ကို ချိတ်ဆွဲထားပြီး ‘ရှန့်ဂေဟာ’ဟု ရွှေရောင်စာလုံးဖြင့် ရေးထိုးထား၏။
ဤဂေဟာကို လူရတတ်မိသားစုတစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်သည်။
ဤဂေဟာကို လူရတတ်မိသားစုက ပိုင်ဆိုင်သည်ဟု ချီရွှမ်းစုပြောနိုင်ခြင်းမှာ ၎င်း၏ အမည်ကြောင့်ဖြစ်၏။ မည်သည့်မင်းဆက်မှာဖြစ်စေ ဂေဟာများအား အမည်ပေးခြင်းကို ကန့်သတ်ထားလေသည်။ များသောအားဖြင့် ဆွေကြီးမျိုးကြီးမိသားစု၊ နန်းတွင်းအရာရှိများနှင့် သာမန်အရပ်သားများ၏ နေအိမ်များကို စံအိမ်များ၊ ဂေဟာများနှင့် အိမ်များဟူ၍ အသီးသီးခေါ်ဆိုကြသည်။ နန်းတော်များနှင့် ခန်းမများကို အင်ပါယာတော်ဝင်မိသားစုအတွက် သီးသန့်ထားပြီး အဲဒါကို ခွင့်ပြုချက်မရှိဘဲ သုံးသည့်သူများက ပုန်ကန်မှုဖြင့် အရေးယူခံရနိုင်သည်။
မဟာရွှမ်မင်းဆက်မှာ ပထမအဆင့်၊ ဒုတိယအဆင့် နန်းတွင်းအရာရှိများနှင့် မင်းသားများ၏ ဂေဟာများကို စံအိမ်များဟု ခေါ်ဆိုကြသည်။ အခြားသော အရာရှိများ၏ အိမ်များကိုတော့ ဂေဟာများဟု ခေါ်ဆိုပြီး သာမန်အရပ်သားများ၏ အိမ်များကိုတော့ အိမ်ဟုသာ ခေါ်ဆိုကြသည်။
တာအိုအဖွဲ့အစည်းက ဤစည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်း မရှိပေ။ တာအိုအဖွဲ့အစည်းက အင်အားကြီးမားသောကြောင့် နန်းတော်များ၊ ခန်းမများနှင့် တာအိုစံအိမ်များ ဟူ၍ အမည်ပေးခြင်းများကို အင်ပါယာနန်းတော်က ဘာမှမပြောနိုင်ပေ။
ဤအိမ်တွင် ရှန့်ဂေဟာဟူသော မော်ကွန်းပြားတစ်ခု ချိတ်ဆွဲထားသည်ကို ကြည့်ခြင်းဖြင့် ဤမိသားစုမှ တစ်ယောက်ယောက်သည် နန်းတွင်းအရာရှိတစ်ဦး ဖြစ်သော်လည်း ဒုတိယအဆင့်အထက်မှာ မဟုတ်ကြောင်း သိရှိနိုင်သည်။
ချီရွှမ်းစုသည် သူ့ဆရာ သေဆုံးပြီးနောက် တစ်ယောက်တည်း သွားလာခြင်းကနေ ဤအရာများကို သင်ယူထားခြင်းဖြစ်သည်။ သူက မြင်းပေါ်ကနေ ဆင်း၍ ရှေ့ကိုတက်ကာ တံခါးခေါက်လိုက်၏။
ခဏနေပြီးနောက် တံခါးစောင့်တစ်ဦးက အထဲကနေ တံခါးကို ဖွင့်လိုက်၏။ တံခါးစောင့်က နှင်းကာခြုံထည်နှင့် ချီရွှမ်းစုကို တွေ့မြင်သောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“လူကြီးမင်း... ခင်ဗျား ဘာအတွက် ဒီကို ရောက်လာတာပါလဲ”
ချီရွှမ်းစုက သူ့တံဆိပ်ပြားကို ထုတ်ယူပြီး ဝတ်ရုံနက်များ၏ တင်းမာသော လေသံကို တုပလိုက်၏။
“ငါက ဗိုလ်မှူးလောလန်ရဲ့ လက်အောက်ငယ်သားပဲ... နှင်းတွေ အရမ်းကျလာလို့ ငါ တည်းခိုစရာ နေရာတစ်ခု လိုနေတယ်... မင်းရဲ့သခင်က ဒီတစ်ည ငါ့ကို တည်းခိုခွင့်ပေးနိုင်မလား”
တံခါးစောင့်က အစစ်အမှန် ဝတ်ရုံနက်တံဆိပ်ပြားကို တွေ့မြင်သောအခါ ချီရွှမ်းစုကို လျစ်လျူမရှုရဲဘဲ ဦးညွှတ်လိုက်၏။
“လူကြီးမင်း... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ... ကျုပ် သခင်ကို အရင်ဆုံး တင်ပြလိုက်ပါဦးမယ်... ဒီတံဆိပ်ပြားကို အတည်ပြုဖို့အတွက် ကျုပ်သခင်ဆီ ယူသွားလို့ ရမလား”
“ရတယ်လေ”
ချီရွှမ်းစုက တံဆိပ်ပြားကို ကမ်းပေးပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
တံခါးစောင့်က တံဆိပ်ပြားကိုယူ၍ နောက်တစ်ဖန် ဦးညွှတ်ပြီးနောက် အထဲကို မြန်မြန်ဆန်ဆန် ပြန်လှည့်ဝင်သွား၏။
ခဏနေပြီးနောက် တံခါးစောင့်က နောက်ထပ် အစေခံတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာ၏။ သူက တံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ချီရွှမ်းစုထံ ကမ်းပေးပြီး ပြောလိုက်၏။
“ကျုပ်သခင်က လူကြီးမင်းကို စကားပြောဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်... ကျေးဇူးပြုပြီး ကြွပါ”
တစ်ချိန်တည်းမှာ နောက်ကနေ ပါလာသော အစေခံက ရှေ့သို့တက်ပြီး ချီရွှမ်းစုထံကနေ မြင်းဇက်ကြိုးကို ယူလိုက်၏။
တံခါးစောင့်၏ ဦးဆောင်မှုဖြင့် ချီရွှမ်းစုက ဂေဟာထဲကို လျှောက်လှမ်းဝင်ရောက်လာ၏။
ဂေဟာက ဝင်းနှစ်ထပ်နှင့် သစ်ပင်ဝါးပင်များစွာနှင့်အတူ အတော်လေး ကြီးမားလေသည်။ အေးစက်သော ရာသီဥတုကြောင့် အပင်များက ညှိုးနေသော်လည်း နွေးထွေးသော လများမှာ ဥယျာဉ်၏ ခမ်းနားမှုကို ချီရွှမ်းစုက မြင်ယောင်ကြည့်နိုင်၏။
သို့သော် ချီရွှမ်းစုက ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး မကြာခင် သူက ရင်တစ်ချက်ထိတ်၍ ကျောချမ်းလာ၏။
တစ်ခုခုတော့ မှားနေလေပြီ။
သူက မျက်မှောင်ကြုတ်၍ ယင်ယန်မျက်လုံးကို သုံးကာ သူ့ရှေ့မှ လမ်းလျှောက်နေသော တံခါးစောင့်ကို စိုက်ကြည့်လိုက်၏။ ယင်ယန်မျက်လုံးသည် သူအသုံးမပြုတာ ကြာပြီဖြစ်သည့် စဦးထွန်းပေါက်မှု လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တစ်ခုဖြစ်သည်။ ဤစဦးထွန်းပေါက်မှု ကျင့်စဉ်သည် ဂမ္ဘီရဝိဇ္ဇာလမ်းစဉ်ကနေ ဆင်းသက်လာခြင်းဖြစ်၏။ ယင်းသည် ဂမ္ဘီရဝိဇ္ဇာ၏ အလယ်အလတ် ထွန်းပေါက်မှုကျင့်စဉ် ရှေ့ဖြစ်ဟောမျက်လုံးများထက် ပိုမိုနိမ့်ကျလေသည်။ ရှေ့ဖြစ်ဟောမျက်လုံးများက တစ္ဆေသရဲများကို ငြိမ်သက်စေနိုင်ပြီး ယင်ယန်မျက်လုံးကတော့ တစ္ဆေသရဲများနှင့် စိတ်ဝိညာဉ်ကို ထောက်လှမ်းနိုင်ရုံသာ ဖြစ်၏။
သို့သော် ယခုအချိန်မှာ ယင်ယန်မျက်လုံးက ချီရွှမ်းစုအတွက် လုံလောက်လေသည်။ သို့သော် တံခါးစောင့်ထံမှ ယန်အလင်းသုံးခုက လင်းလက်တောက်ပနေမည်ဟု သူ ထင်မှတ်မထားပေ။ အဲဒါနှင့် ပတ်သက်၍ မူမမှန်တာ ဘာမှမရှိချေ။
တာအိုဆရာများသည် လူ့ခန္ဓာမှာ ယန်အလင်းသုံးခု ရှိသည်ဟု ယုံကြည်ကြသည်။ တစ်ခုက ဦးခေါင်းမှာ ရှိပြီး ကျန်နှစ်ခုက ပခုံးတစ်ဖက်စီမှာ ဖြစ်၏။ ဤသည်မှာ လူသားခန္ဓာမှာ ရှင်သန်ဖို့အတွက် မဖြစ်မနေ လိုအပ်သော ယန်မီးတောက်များဖြစ်သည်။ ထို့ကြောင့် ညဘက် လမ်းလျှောက်ရင်း နာမည်ခေါ်ခံရသည့်အခါ ခေါင်းလှည့်မကြည့်သင့်ပေ။ ရှူထုတ်လိုက်သော ထွက်သက်က ပခုံးပေါ်က ယန်မီးတောက်များကို ငြှိမ်းသတ်မိလျှင် တစ္ဆေသရဲများကို အလွယ်တကူ ဆွဲဆောင်မိနိုင်သောကြောင့်ဖြစ်သည်။
တံခါးစောင့်၏ ယန်မီးတောက်များက တောက်ပစွာ လောင်ကျွမ်းနေရာ သူက တစ္ဆေတစ်ဦး မဟုတ်နိုင်ပေ။ ဒါ့အပြင် ချီရွှမ်းစု၏ သန်မာသော သွေးချီနှင့် သတ်ဖြတ်ခြင်းအော်ရာမှာ သာမန်တစ္ဆေသရဲများက အနားကို ချဉ်းကပ်နိုင်မည် မဟုတ်ပေ။ သူ၏ သွေးချီသည် မီးပြင်းဖိုတစ်လုံးကဲ့သို့ တစ္ဆေသရဲများအတွက် မခံမရပ်နိုင်အောင် ပူပြင်းနေမည် ဖြစ်သောကြောင့်ပင်။
သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု စဉ်းစားရင်း ချီရွှမ်းစုက ဒွိဟဖြစ်နေမိ၏။
သို့သော် အတွေ့အကြုံရှိ ခရီးသွားတစ်ဦးအနေဖြင့် သူက သတိကို တင်ထားလိုက်ဆဲဖြစ်သည်။