← Chapters

မီးခိုးရောင်ပုံရိပ်

Vol. 014 Ch. 680

မီးခိုးရောင်ပုံရိပ်

Vol. 014 Ch. 680

သွေးအရိပ်က လှုပ်ရှားလာကာ နတ်ဆိုးအရိပ်ထံသို့ တိုးဝင်သွားသည်။ထူထဲသော နတ်ဆိုးစွမ်းအင်က ထိုသွေးအရိပ်ထံကနေ ထွက်ပေါ်လာ၏။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက နတ်ဆိုးမီးတောက်များ အဖြစ်သို့ ပြောင်းလဲ၍ ထိုဧရိယာအား လွှမ်းခြုံလာကာ အတွင်းဘက်ရှိ ဖြစ်ပျက်သမျှကို မမြင်ရအောင် ပြုလုပ်သည်။

မီးတောက်အပြင်ဘက်၌ ဝမ်လင်းက သူ့သွေးတော်တော်များ ဆုံးရှုံးသွားပြီဖြစ်ရာ ခုချိန်၌ သူက အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။သို့ရာတွင် နတ်ဆိုးအရိပ်၏ လှံရှည်ကတော့ ရပ်တန့်သွားခြင်း မရှိဘဲ ဝမ်လင်းထံသို့ ဆက်လက် တိုးဝင်လာခဲ့လေ၏။

ဝမ်လင်းလက်ချောင်းပေါ်၌ သတ်ဖြတ်ခြင်းစွမ်းအင်များက သိပ်သည်းလာ၏။သူက ထိုလှံထိပ်ဖျားကို တုံ့ဆိုင်းခြင်းမရှိ လက်ချောင်းဖြင့် ဖိနှိပ်ချသည်။

လှံရှည်မှ ပေါက်ကွဲထွက်လာသော အားအဟုန်က ဝမ်လင်းလက်ထဲသို့ ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစွမ်းအင်များကို စားသုံးပစ်သည်။တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းစွမ်းအင်များက လှံထဲသို့ တိုးဝင်ကာ ယင်းလှံကို စတင်ဖျက်စီးပစ်သည်။

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ဝမ်လင်းနှင့်ရှေးဟောင်းနတ်ဆိုးတို့ကြား မိုးကြိုးတစ်ခုအလား ဖြစ်ပေါ်သွားသည်။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတစ်သန်းလုံး ပျက်စီသွားခါနီး၌ ဝမ်လင်းမျက်လုံးက လက်ခနဲ တောက်ပသွား၏။သည့်နောက် သူက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းကာ နောက်သို့ ဆုတ်သည်။

ဝမ်လင်း လက်ချောင်းက နောက်တစ်ဖန် ဆန့်ထွက်သွားကာ လှံရှည်ပေါ်သို့ ထပ်မံကျရောက်သွားပြန်၏။

သည်လိုအဖြစ်က ဝမ်လင်းနောက်သို့ ပေတစ်ထောင်ခန့် ဆုတ်သွားသည့်အထိ ဆက်တိုက်ဖြစ်ပျက်သွား၏။နောက်ဆုံးတွင် လှံရှည်၏စွမ်းအားက လျော့နည်းသွားကာ ဝမ်လင်းထံမှ နတ်ဆိုးမိစ္ဆာအမျှင်တန်း၏ ဖြည်းဖြင်းချင်း ဖျက်စီးပစ်ခြင်းကို ခံလိုက်ရချေသည်။

ဝမ်လင်းမျက်နှာက အလွန်အမင်း ဖြူရောနေ၏။ သူက သွေးများစွာ ဆုံးရှုံးထားရခြင်းကြောင့် အသက်ပင် မနည်းရှူနေရသည်။သို့ရာတွင် သူက အနားယူရမည့်အစား နောက်သို့သာ လျင်မြန်စွာ ဆုတ်ခွာ၏။

သူက မြို့တော်အလယ်ရှိ နတ်ဆိုးတောင်ကြားထံသို့ တရကြမ်းသွားနေသည်။

ပထမဆုံးအဆင့်က နတ်ဆိုးမြို့ပတ်လည်ရှိ နတ်ဆိုးအကာအရံကို ဖျက်စီးရန်ဖြစ်သည်။ဒုတိယအဆင့်က ရှေးဟောင်းနတ်ဆိုး၏ ပေငါးရာအတွင်းသို့ ရောက်အောင်သွားကာ ပေလော၏ သွေးအရိပ်ကို ဆင့်ခေါ်ကာ သူ့အော်ရာကို ငှားရမ်းရန် ဖြစ်သည်။တတိယအဆင့်ကတော့ ရှေးဟောင်းနတ်ဆိုး၏ နေရာ သို့ သွားကာ ပိတ်လှောင်ခံထားရသော ရှေးဟောင်းနတ်ဆိုး၏ စိတ်ဝိညာဉ် ပစ္စည်းကို ရယူရန် ဖြစ်ပေ၏။

ဝမ်လင်းက မီးတောက်မြူများကြား၌ တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဆိုး နှစ်ပါး၏ တိုက်ပွဲကို စောင့်ကြည်လိုခြင်း မရှိပေ။သူက အလင်းတန်းအလား ရွှေ့လားကာ မီးနတ်ဆိုးနိုင်ငံ၏ တော်ဝင်နေရာ နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်သွားလေသည်။

နတ်ဆိုးတောင်ကြားက လုံးဝ တိတ်ဆိတ်ငြိမ်သက် နေသည်။တောင်ကြားအတွင်းနက်ပိုင်း၌ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ကြီးမားသည့် ရုပ်တုကြီးတစ်ခု ရှိလို့နေသည်။ထိုရုပ်တုထံမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာက‌ ကောင်းကင်ထက်သို့ မြင့်တက်နေကာ ပေလောနှင့် တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဆိုးထံသို့ တိုးဝင်လို့နေ၏။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်၏။သို့သော် သူက မြန်ဆန်စွာ အရှိန်သပ်ကာ ရပ်တန့်လိုက်သည်။ ရုပ်တုထံမှ လှိုင်းတစ်ခု ပျံ့နှံ့နေကာ ထိုလှိုင်းပျံ့နှံ့လာသည်နှင့် ရုပ်တုထံမှ ကောင်းကင်ထက်သို့ မြင့်တက်နေသော နတ်ဆိုစိတ်ဝိညာဉ်စွမ်းအင်များက ရပ်တန့်သွား၏။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက အတူပေါင်းစပ်၍ ဝမ်လင်းနှင့် အရွယ်တူ ရှေးဟောင်းနတ်ဆိုးကိုယ်ပွား အဖြစ်သို့ ဖြစ်တည်သည်။

သည်ရှေးဟောင်းနတ်ဆိုးက ဦးချိုနှစ်ချောင်းရှိကာ လေထဲ၌ ရပ်တန့်နေ၏။ထိုကိုယ်ပွား၏ နောက်ဘက်၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက မြောလွင့်နေကာ ရုပ်တုနှင့် ချိတ်ဆက်ထားသည်။

သူက ဝမ်လင်းထံသို့ နတ်ဆိုးအလင်းတောက်ပသောမျက်လုံးဖြင့် အေးစက်စွာ ကြည့်လေ၏။

ဝမ်လင်းကလည်း ထိုရှေးဟောင်းနတ်ဆိုးကို ကြည့်ကာ အနည်းငယ်စဉ်းစားသည်။ သည့်နောက် သူကနောက်သို့ ပြန်ဆုတ်၏။သည်ရှေးဟောင်းနတ်ဆိုးက ကိုယ်ပွားတစ်ခုသာ ဖြစ်‌သော်လည်း ယင်းက အလွန်အမင်း စွမ်းအားကောင်းနေ ပေလိမ့်မည်။ဝမ်လင်းက လင်းထျန်ဟူ၏ဓားစွမ်းအင်ကို အသုံးပြုကြည့်လို့ အသုံးမဝင်ပါက သူ့တင် ၎င်းကိုယ်ပွားအား ဆန့်ကျင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု တွက်ချက်နေ၏။

“ဝမ်လင်း…ရုပ်တုကို ဖျက်စီးပြီး ငါ့ကို ဒါနဲ့ ပျော်ဝင်ပေါင်းစပ်စေဖို့ ကူညီပါ…။မင်းသာ ဒီလိုလုပ်မယ်ဆိုရင် ငါက အခြားရှေးဟောင်းနတ်ဆိုးတွေကို ပေါင်းစပ်တဲ့ ကိစ္စမှာ မင်းကို အကူအညီမတောင်းတော့ဘူး။ငါ မင်းကို ကတိပေးထားတာတွေ အကုန်လုံးကိုလည်း ငါပေါင်းစပ်ပြီးတာနဲ့ ချက်ခြင်း လုပ်ပေးမယ်…”

“မင်းက ရှေးဟောင်းနတ်ဆိုးတစ်ပါးရဲ့ အမွေအနှစ်ကို နားမလည် ချင်ဘူးလား။ရုပ်တုကို ချိုးဖျက်ပြီးလို့ ငါက အဲ့တာနဲ့ ပေါင်းစပ်နိုင်တဲ့ အခါကျရင် ငါက မင်းရဲ့ နတ်ဘုရားအာရံကိုပါ ငါနဲ့အတူ ထည့်သွင်းပေးမယ်။ ဒါဆိုရင် မင်းက အမွေအနှစ် နှစ်ခုတောင် ရနိုင်ပြီး မင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ်…။ဒါ့အပြင် ငါက မင်းကို အကြိမ်များစွာ ကူညီပေးထားခဲ့ပြီးပြီး…ခုက မင်းအလှည့်ပဲ။ဝမ်လင်း…ငါ့ကို ကူညီပါ…”

ပေလော၏ အသံက ဝမ်လင်းစိတ်နှလုံးထဲ၌ ပဲ့တင်ထပ်လာ၏။ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချသည်။ပေလော သူ့ကို ကတိပေးထားသော အရာများကို ထည့်မတွက်လျှင်ပင် ပေလောက ဝမ်လင်းအတွက် သူ့သေရှေးရှင်ရေးတွင် နှစ်ကြိမ်တိုင်တိုင် ကူညီပေးထားခဲ့သည် မဟုတ်လော။

ဝမ်လင်း မျက်လုံးက အေးစက်လာ၏။ သူက လင်းထျန်ဟူ၏ ဓားစွမ်းအင်များထဲမှ တစ်ခုကို သူ့လက်ချောင်းထိပ်သို့ ပို့လွှတ်လိုက်၏။ ဓားစွမ်းအင်ထံမှ ရွှေရောင်အလင်း ထုတ်လွှတ်လာကာ နတ်ဆိုးတောင်ကြားတစ်ခုလုံး လင်းထိန်သွားသည်။

နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြုလုပ်ထားသော ရှေးဟောင်းနတ်ဆိုးကိုယ်ပွားက အလေးအနက် ဖြစ်လာ၏။သည့်နောက် ၎င်းက သူ့လက်နှစ်ဖက်ကို လှုပ်ရှားကာ လေထဲ၌ ရေးဆွဲလိုက်၏။ထိုအခါ ၎င်းကိုယ်ပွား၏ ရှေ့၌ နတ်ဆိုးစွမ်းအင်များပေးစွမ်းနေသော အမျိုးမျိုးသော နတ်ဆိုးသင်္ကေတများ ထွက်ပေါ်လာချေသည်။

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်တော့သည်။သည်အခိုက်အတန့်၌ နတ်ဆိုးတောင်ကြားတစ်ခုလုံသည် ဓားစွမ်းအင်များနှင့် ပြည့်နှက်သွား၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သည်ဓားစွမ်းအင်အောက်၌ ပြိုကျလာခဲ့သည်။

လင်းထျန်ဟူ၏ လွှမ်းမိုးနိုင်သည့် စိတ်ဆန္ဒက ပေါက်ကွဲထွက်လာကာ မုန်တိုင်းတစ်ခုအသွင် ပြောင်း၍ နတ်ဆိုးတောင်ကြားတစ်ခုလုံးကို သိမ်းကြုံးရိုက်ခတ်လာသည်။ထိုမုန်တိုင်းက သည်ဧရိယာကို ရိုက်ခတ်လာရင်း ဓားစွမ်းအင်ပေါ်၌ မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်လာခဲ့တော့သည်။

ကောင်းကင်တစ်ခုလုံးက ဓားစွမ်းအင်များနှင့် ပြည့်နေသည်။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ထိုဓားစွမ်းအင်၏ နုပ်နုပ်စဉ်းခြင်းကို ခံနေရပေသည်။

ရှေးဟောင်းနတ်ဆိုး၏ ကိုယ်ပွား ရေးဆွဲလိုက်သော သင်္ကေတများက တောက်ပလာခဲ့သည်။ သည့်နောက် အနက်ရောင်လျှပ်စီးအလင်းများက တစ်ခုနှင်တစ်ခု ချိတ်ဆက်ကာ ပိုက်ကွန်တစ်ခုအသွင် ဖြစ်တည်၍ နီးကပ်လာနေသော လင်းထျန်ဟူ၏ဓားစွမ်းအင်ကို တားဆီးလာသည်။

သို့ရာတွင် မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက သူ့နတ်ဘုရားအာရုံအများစုကို ပေလောနှင့် တိုက်ခိုက်ရာတွင် သုံးစွဲနေရသည့်အတွက် သည်နေရာရှိ ကိုယ်ပွားက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်နှင့်သာ ညီမျှသောစွမ်းအင် ရှိတော့၏။ဝမ်လင်းတွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်မပိုင်ဆိုင်ထားပါက သည်တိုက်ပွဲ၌ သူ့မှာ မျှော်လင့်ချက် မရှိပေ။သို့ရာတွင် ခုလင်းထျန်ဟူ၏ဓားစွမ်းကြောင့် ဝမ်လင်းက ရပ်တန့်သွားရခြင်း မရှိဘဲ တိုက်စစ်ဆင်လာနိုင်ပေသည်။

ဓားစွမ်းအင်က ရှေ့တည့်တည့်သို့ တရကြမ်း ထိုးတက်နေကာ တောက်ပသေ ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။ဓားစွမ်းအင်က ထိုသင်္ကေတများနှင့် ထိတိုက်မိသည့်အခိုက်တွင် သင်္ကေတအားလုံး တစ်ခုပြီးတစ်ခု ပျက်စီးကုန်ကြသည်။

ဓားစွမ်းအင်က ထိုသင်္ကေတများကို ထွင်းဖောက်ကာ ရှေးဟောင်းနတ်ဆိုးကိုယ်ပွားထံသို့ တိုက်ရိုက် တိုးဝင်လာသည်။ရှေးဟောင်းနတ်ဆိုးကိုယ်ပွား၏ သွင်ပြင်က ကြီးစွာ ပြောင်းလဲသွားသည်။သည့်နောက် ၎င်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ထု အဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက ရူးသွပ်စွာဖြင့် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ဝန်းရံလို့လာသည်။

ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များအတွင်းမှ ဓားတေးသံများ ထွက်ပေါ်လာ၏။ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ ရုပ်တုရှေ့သို့ ခြေချလိုက်သည်။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းသည် သူ့ညာလက်ကို ရုပ်တုပေါ်သို့ ဖိနှိပ်ချလိုက်လေသည်။

“ရပ်လိုက်…” မိုးခြိမ်သံထက်ပင် ကျယ်လောင်သော အသံနှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။အသံတစ်ခုက ကောင်းကင်ထက်မှ ဖြစ်ကာ နောက်တစ်ခုက ဓားစွမ်းအင်များကို ပိတ်လှောင်နေသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များထံမှ ဖြစ်၏။အသံနှစ်ခုလုံးက တစ်ပြိုင်နက်တည်းလိုလို ရောက်ရှိလာခဲ့၏။

ကောင်းကင်ထက်မှ ဧရာမလက်ကြီးတစ်ဖက် ဆင်းသက်လာကာ ဝမ်လင်းထံသို့ အံ့မခန်းနှုန်းဖြင့် ကျရောက်လာ၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကလည်း ရှေးဟောင်းနတ်ဆိုး၏ ဦးခေါင်းအသွင် ဖြစ်ပေါ်၍ ဝမ်လင်းအား ဝါးမြိုရန် တရကြမ်း တိုးဝင်လာချေသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်လေသည်။သည် လက်နှင့် ဦးခေါင်းတို့ သူ့ထံသို့ တရကြမ်း တိုးဝင်လာသော အခိုက်အတန့်၌ ဝမ်လင်းခန္ဓာကိုယ်မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ရုပ်တုထဲသို့ တိုးဝင်သွားခဲ့လေပြီ။

ရုပ်တုပေါ်၌ အက်ကွဲကြောင်းများ ဆက်တိုက် ဖြစ်ပေါ်လာကာ အက်သံများပါ ထွက်ပေါ်လာသည်။သည့်နောက် ထိုအက်ကွဲကြောင်းများထဲမှ များပြားသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ပမာဏက လွတ်ထွက်လာ၏။သည်အခိုက်အတန့်၌ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် နတ်ဆိုးမြူလွှာထဲမှ ထိုးထွက်ကာ ဝမ်လင်းထံသို့ ဦးတည်လာနေသော ဦးခေါင်းအား ထွင်းဖောက်ကာ သွားသည်။သည့်နောက် ဝမ်လင်း၏ အတွေးတစ်ချက်ဖြင့်ပင့် ထိုဓားစွမ်းအင်က ရုပ်တုပေါ်သို့ ကျရောက်သွားလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာသည်။သည့်နောက် ရုပ်တုက လုံးဝ ပြိုကျပျက်စီးသွားလေသည်။

၎င်းက ပြိုကျပျက်စီးသွားသည်နှင့် ဝမ်လင်းထံသို့ တိုးဝင်လာနေသော လက်ကြီးသည်လည်း ပျောက်ကွယ်သွား၏။သည့်နောက် ကောင်းကင်ထက်မှ အလိုမကျသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။သိပ်မကြာခင်တွင် ထိုအသံမန္တာန်များသည် တိုက်ခိုက်ခြင်း ခံလိုက်ရ၏။ပေလောက ထိုအသံတိုက်ခိုက်မှုက ဝမ်လင်းထံသို့ မသက်ရောက်အောင် ကြားဖြတ်တိုက်ခိုက်လိုက်သည်မှာ ရှင်းလင်းပေ၏။

ရုပ်တုက ပြိုကျသွားကာ များပြားသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ပမာဏက ထိုးတက်လာခဲ့သည်။ဝမ်လင်းက သည်ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကြားထဲ၌ လက်အရိုးစု အစိတ်အပိုင်းတစ်ခုအား တွေ့မြင်လိုက်သည်။

သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နာက် သူက ညာလက်ကို ဆန့်ထုတ်ကာ သည်အရိုးစုကို ဖမ်းယူလိုက်၏။

သူက ထိုအရိုးကို ထိမိလိုက်သည့်အခိုက်တွင် နှိုင်းဆမရသောအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူ့မူလစိတ်ဝိညာဉ်အား ထိမှန်သွားသည်။ဝမ်လင်း မူလစိတ်ဝိညာဉ်က ရုတ်တရက် တုန်ယင်သွား၏။သည့်နောက် သူက ထူးဆန်းအံ့ဖွယ်ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားချေ၏။

ထိုနေရာ၌ ကောင်းကင်နှင့်မြေကြီးမရှိ၊ အဆုံးမဲ့သော ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေသည်။ထူးဆန်းသောအားများကလည်း သည်ဧရိယာတွင် ဝန်းရံလွှမ်းခြုံလို့နေ၏။ ဝမ်လင်းစိတ်က သည်နေရာသို့ ရောက်လာသည့်အခါတွင် သူက ဆက်လက်မြင့်တက်နေသော သန့်စင်မွန်းမံခြင်းအာရုံကို ခံစားမိ၏။

သူ့ရှေ့ရှိ လေဟာနယ်ဟင်းလင်ပြင်၌ မြင်ကွင်းများ ဆက်တိုက် ဖြစ်ပေါ်လာ၏။သည်မြင်ကွင်းများက သူ့ဘဝတွင် သင်ယူခဲ့သော မန္တာန်အချို့၏ မြင်ကွင်းပုံရိပ်များ ဖြစ်နေသည်။

ထိုမြင်ကွင်းများထဲမှ တစ်ခုက လူငယ်လေးတစ်ယောက်သည် သူ့လက်ကို ဝှေ့ယမ်းကာ ကျောက်တုံးကြီးတစ်ခုကို ပင့်မနေခြင်း ဖြစ်၏။ထိုလူငယ်လေး၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နေကာ သူက ထိုကျောက်တုံးကြီးကို ထိန်းချုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်။

ထိုမြင်ကွင်းက တုန်ယင်လာကာ ပျက်စီးသွား၏။သည့်နောက် လူငယ်လေးတစ်ယောက်သည် ထိုမြင်ကွင်းမှ ထွက်လာ၍ ဝမ်လင်းကို ကြည့်၏။သူက ပြုံး၍ ဝမ်လင်းဘေး၌ ထိုင်ချလိုက်သည်။သို့ရာတွင် သူ့လက်ကတော့ ဆက်လက်လှုပ်ရှားနေကာ ဆွဲငင်ခြင်းမန္တာန်ကို သူ့ပတ်လည်၌ ဝန်းရံ ဖြစ်တည်စေ၏။

အခြားမြင်ကွင်းတစ်ခုက အေးစက်စက်လူငယ်တစ်ယောက် ဖြစ်၏။ထိုလူငယ်၏ ဆံပင်များက လေထဲ၌ လွင့်လို့နေသည်။သူ့မျက်လုံများကတော့ မှိတ်ထားလျက် ရှိ၏။သို့သော် သူက မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်စက်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။သူ့မျက်လုံးထဲ၌ အံမခန်းသတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။သူ့ရှေ့တွင် မရေမတွက်နိုင်သော အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနေကာ သူတို့က တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြ၏။

ထိုလူငယ်ကလည်း မြင်ကွင်းထဲကနေ လှမ်းလျှောက်၍ ထွက်လာသည်။သူက ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် ဘေးနားတွင် ထိုင်လိုက်ပြန်သည်။သူ့ဆံပင်များက လေနှင့်အတူ လွင့်မြောနေကာ သူ့ခန္ဓာကိုယ်ပေါ်မှ ဂျိနယ်ပယ် သတ်ဖြတ်ခြင်းဆန္ဒ တောက်ပနေ၏။

သည့်အပြင် ဝမ်လင်း မရဏလက်ချောင်း၊နတ်ဆိုးလက်ချောင်း၊တစ္ဆေလောကမြစ်နှင့် အခြားမန္တာန်မျိုးစုံ တို့ကို အသုံးပြုနေသော မြင်ကွင်းတစ်ခုလည်း ပေါ်လာ၏။သည့်နောက် သူက မြင်ကွင်းမှ ထွက်လာပြီး ထိုင်ချလိုက်ပြန်သည်။

သည်အရာများအပြင် နောက်ထပ် ဝမ်လင်းစိတ်ကို တုန်လှုပ်သွားစေသော မြင်ကွင်းတစ်ခုလည်း ပေါ်လာ၏။ထိုမြင်ကွင်းထဲ၌ ဝမ်လင်းက မီးခိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ့ပတ်လည်တွင် သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်း ရှိနေကာ သူ သွားသည့်နေရာတိုင်းက အပျက်အစီးများနှင့် ပြည့်နှက်ကုန်ကြ၏။

ထိုအမျိုးမျိုးသော မြင်ကွင်းများမှ ဝမ်လင်းများသည် လှမ်းလျှောက်၍ ထွက်လာကာ သူတို့အားလုံးက ပြန့်ကျဲသွား၏။အချို့က မျက်လုံးမှိတ်ထားကာ ကျင့်ကြံနေကြ၏။အချို့က သူတို့၏မန္တာန်များကို ထုတ်ဖော်နေသည်။တစ်ယောက်ကတော့ ရပ်တန့်ခြင်း ကောင်းကင်ဘုံမန္တာန်ကို အသုံးပြုနေပေသည်။

ဝမ်လင်းက သူ့ရှေ့ရှိ အထိုထိုသော မြင်ကွင်းများကြောင်း နက်နက်နဲနဲ တုန်လှုပ်နေတော့သည်။သူက သည်မြင်ကွင်းများနှင့် မစိမ်းလှပေ။အတိတ်တုန်းက သူက ရှေ့ဖြစ်ဟောသူထံမှ မန္တာန်တစ်ခုကို ရွေးချယ်ရာ၌လည်း အခုလို တူညီသောမြင်ကွင်းမျိုးကို တွေ့မြင်ခဲ့ရသည် မဟုတ်လော။ထိုအချိန်က ရှေ့ဖြစ်ဟောသူ တစ်ယောက်စီတိုင်းသည် မတူကွဲပြားသောမန္တာန်တစ်ခုစီကို အသုံးပြုနေခဲ့ကြသည်။

သို့ရာတွင် ဝမ်လင်းက ထိုတုန်လှုပ်မှုကနေ ချက်ခြင်း နိုးထလာ၏။သူက မတူညီမှုတစ်ခုကို သတိပြုမိသွားသည်။

ရှေ့ဖြစ်ဟောသူ၏ စိတ်ထဲရှိ ပုံရိပ်များက အစစ်အမှန်လူများကဲ့သို့ အထည်ဒြပ်ရှိ၏။ထို့ကြောင့် မတူညီမှုကို ပြောပြဖို့ မဖြစ်နိုင်ပေ။သို့ရာတွင် သူ့ကိုယ်ပိုင်ပုံရိပ်များကတော့ အထည်ဒြပ်နှင့် ပုံရိပ်ယောင်ကြားတွင် ရှိလို့နေ၏။

“ပုံရိပ်ယောင်နဲ့ အထည်ဒြပ်…ဖြစ်နိုင်တာက…ဒါက ကျင့်ကြံခြင်းနယ်ပယ်ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး ပုံရိပ်ယောင်ယင်နဲ့ အထည်ဒြပ်ယန်အဆင့် ထဲကို ဝင်ရောက်ဖို့ ပြင်နေတဲ့ လူတစ်ယောက် ဖန်တီးထားတဲ့ မန္တာန်များ ဖြစ်နေနိုင်လား…။ငါက ရှေးဟောင်းနတ်ဆိုးအမွေအနှစ် နားလည်မှုကြောင့် ဒီလို ပြောင်းလဲမှုအတွေ့အကြုံကို စောလျင်စွာ တွေ့ကြုံနိုင်စွမ်း ရှိနေတာ ဖြစ်မယ်…”

ဝမ်လင်းက အသက်ဝဝရှူသွင်းမိလိုက်သည်။

သူက သည်အရာများအားလုံးကို ခန့်မှန်းကြည့်ရုံသာ တက်နိုင်၏။သူ့တွင် အမှန်ကို သိနိုင်သည့် နည်းလမ်း မရှိပေ။ရုတ်တရက် သည်ပုံရိပ်များက ဖျော့တော့လာပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။ကေားကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်နေသော မီးခိုးရောင်ဝတ်စုံနှင့် ဝမ်လင်းက အမြန်ဆုံးပျောက်ကွယ်သွားသည့် လူတစ်ယောက် ဖြစ်နေသည်။

သည်အခိုက်အတန့်တွင် ဝမ်လင်းက အခွင့်အရေးတစ်ခုကိ ရုတ်တရက် တွေ့မြင်လိုက်၏။သူ့ခန္ဓာကိုယ်က ရှေ့သို့ လွင့်မြောသွားသည်။သူက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို အသုံးပြုနေသော မီးခိုးရောင်ဝတ်စုံပုံရိပ်နှင့် ပေါင်းစပ်လိုက်လေ၏။

***

All Chapters