အခန်း (၃၄၆-၃၄၈)
Vol. 24 Ch. 346-348
အခန်း(၃၄၆)
ကိုယ်ပျောက်ခြင်း… ။
ယင်းက သာမန်လူတစ်ယောက်၏ မျက်လုံးထဲ၌ တစ္ဆေသဖွယ် တည်ရှိမှု ဖြစ်သည်။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံမျက်လုံးကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် သို့မဟုတ် ဝိညာဉ်စွမ်းအားနှင့် မိစ္ဆာချီကို မျက်လုံးဆီသို့ ပို့လွှတ်လိုက်မည်ဆိုလျှင် သို့မဟုတ် ယင်ယန်မျက်လုံးနှင့် မွေးဖွားလာသည်ဆိုလျှင် တစ္ဆေကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်လိမ့်မည်။
ထို့ကြောင့် ကိုယ်ပျောက်အတတ်ပညာတွင် ကန့်သတ်ချက်များနှင့် အားနည်းချက်များ ရှိသည်။
သို့သော်လည်း သီရှီထျန်၏ လက်ရှိအခြေအနေက တစ္ဆေမဟုတ်ပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ဗလာနတ္ထိအဖြစ် လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ သူ့ကိုယ်ပိုင်အသိစိတ်မှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးက ပျောက်ကွယ်သွားသည်။ သူကိုယ်၌သည်ပင် သူ့ခန္ဓာကိုယ်ကို အာရုံမခံနိုင်တော့ပေ။ ဤလောကနှင့် ဟင်းလင်းပြင် မဖျက်ဆီးခံရသေးသရွေ့ မည်သည့်စွမ်းအားကမှ သူ့ကို အပြင်သို့ မခေါ်ထုတ်နိုင်ပေ။
သီရှီထျန်သည် အမှန်တကယ် ကံကောင်းသည်။ ပုံရိပ်ယောင်ဝိညာဉ်မြက်သည် အလွန်ရှားပါးသည်။ ထို့ပြင် ယင်းက မျက်မှောက်ခေတ်၌ မထွက်ပေါ်လာတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီ ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ပုံရိပ်ယောင်ဝိညာဉ်မြက် မွေးဖွားလာရန် လိုအပ်သော အခြေအနေများက အလွန်ပြင်းထန်သည်။ ထို့ပြင် ပုံရိပ်ယောင်ဝိညာဉ်မြက် အရွယ်ရောက်လာသည့်အခါ ယင်းကို နုတ်ရန် အတော်လေး သတိထားရသည်။ သို့မဟုတ်လျှင် ပုံရိပ်ယောင်ဝိညာဉ်မြက်က လေထဲမှာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ ယင်းကို ရှာဖွေရန် မည်သို့မှမဖြစ်နိုင်တော့ပေ။ အကယ်၍ မြက်ပင်က အတိုင်းအတာတစ်ခုထိ အန္တရာယ်ကင်းကင်း ရှင်သန်နိုင်မည်ဆိုလျှင် ယင်းက ချန်းရှီကဲ့သို့ အသိဉာဏ်ရှိလာပြီး အပင်မိစ္ဆာဖြစ်လာလိမ့်မည်။
ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကို နုတ်ယူခဲ့သော ဟူရှန်းသည် တောင်အစောင့်အရှောက် ဖြစ်သည်။ သူက ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ကြပ်ပေးပြီးနောက် ယင်း၏ ဝိသေသလက္ခဏာများကို သိနားလည်သွားသည်။ သူသိသည်မှာ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်က ကိုယ်ပျောက်စွမ်းရည်ကို ပေးစွမ်းနိုင်ပြီး အသက်ကယ်ရတနာ ဖြစ်သည်။ သို့သော်လည်း ယင်း၏ အစစ်အမှန်တန်ဖိုးကိုတော့ သူမသိပေ။ ဟူရှန်းသည် မိစ္ဆာနိုးထကျင့်စဉ်ကြောင့် ဉာဏ်အလင်းရရှိခဲ့သည့် မြေခွေးမိစ္ဆာ ဖြစ်သည်။ သူ့မှာ ဝိညာဉ်အသိဉာဏ်ရှိသော်လည်း ကိုယ့်ဘာသာ ဝိညာဉ်အသိဉာဏ်နိုးထနိုင်သူများထက် နိမ့်ကျနေဆဲပင်။ သို့ဖြစ်၍ သူက မြေခွေးမိစ္ဆာဖြစ်သော်လည်း လူသားကဲ့သို့ အသိဉာဏ်မရှိပေ။ ထို့ပြင် သူက တောင်အစောင့်အရှောက်ဖြစ်လေရာ အပြင်လောကအကြောင်း ဘာမှမသိပေ။
သို့မဟုတ်လျှင် သူက ထိုမျှတန်ဖိုးကြီးမားသော ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကို ဝိုင်ဘူးသီးခြောက်သုံးဆယ်ဖြင့် လဲလှယ်လိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ သီရှီထျန် ကံကောင်းသွားခြင်းက ငြင်းဆန်မရနိုင်သော အမှန်တရား ဖြစ်သည်။ မိစ္ဆာများသည် တောင်တန်းဒေသများထဲမှာသာ နေထိုင်ကြသည်။ သူတို့က အပြင်လောကအကြောင်း ဘာမှမသိကြသကဲ့သို့ သူတို့၏ စိတ်နေသဘောထားက ရိုးဖြောင့်သည်။
မိစ္ဆာများသည် သူတို့နှစ်သက်သော ပစ္စည်းများကို မြင်တွေ့လျှင် ပစ္စည်းကောင်းများကို ထုတ်၍ အပြန်အလှန် လဲလှယ်ကြလိမ့်မည်။ မည်သူက အကျိုးအမြတ်ပိုရပြီး မည်သူက အရှုံးထွက်သွားကြောင်း သူတို့စိတ်မဝင်စားကြချေ။ သူတို့လိုချင်သော ပစ္စည်းရလျှင် အဆင်ပြေပြီ ဖြစ်၏။ ယင်းက ရှေးခေတ်ကတည်းက မိစ္ဆာများ၏ လုပ်ထုံးလုပ်နည်း ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုဆီမှာ ရတနာများ၏ တန်ဖိုးကို ခန့်မှန်းနိုင်သော အထူးနည်းလမ်းတစ်ခုမရှိပေ။ အနာဂတ်တွင် ရှိလာနိုင်သော်လည်း လောလောဆယ်တွင် မီးခိုးလှိုင်းကျွန်းစုပေါ်မှာ အလဲအလှယ်လုပ်ခြင်းကိုသာ ပြုလုပ်ကြသည်။
သူ၏ ခန္ဓာကိုယ်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြောင်း သီရှီထျန် အာရုံခံမိသောအခါ သူ့နှလုံးသားထဲ၌ ယုံကြည်မှု ပိုတိုးပွားသွားသည်။ သူက ကိုယ့်ဘာသာ တွေးလိုက်သည်။
“ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ရဲ့ ပွင့်ချပ်တစ်ခုက ဆယ့်ငါးမိနစ်ပဲ အကျိုးအာနိသင်ရှိတယ်… ပုန်းအောင်းဖို့အတွက် အလောင်းအစားလုပ်ထားတဲ့ အချိန်သတ်မှတ်ချက်က တစ်နာရီပဲ… မိနစ်ခြောက်ဆယ်အထိ ငါပုန်းအောင်းချင်တယ်ဆိုရင် ပွင့်ချပ်လေးခုကို စားရလိမ့်မယ်… ဒီနေရာမှာ ငါရပ်နေလို့ မဖြစ်ဘူး… ပုန်းအောင်းဖို့ နေရာတစ်နေရာ ရှာဖွေရမယ် ”
တစ်ခဏတွေးပြီးနောက် သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူတစ်ချက်တွေးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရှေ့သို့ မျောလွင့်သွားသည်။
မှန်ပေသည်။ သူက လေထဲမှာ မျောလွင့်နေသည်။ ယခုအချိန်မှာ သူ့ခန္ဓာကိုယ်ကို မခံစားနိုင်ပေ။ သူ့မှာ မည်သည့်အလေးချိန်မှ မရှိပေ။ ထိုသို့ခံစားမှုက အလွန်အမင်း ထူးဆန်းသည်။
သူသည် တောအုပ်ထဲမှာ ပုန်းအောင်းနေရန် မရွေးချယ်ပေ။ ယင်းအစား အစောနက သူရောက်လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်သွားသည်။ မကြာမီ သူက မိစ္ဆာများ စုဝေးနေသော နေရာဆီသို့ ပြန်ရောက်သွားသည်။ သူ၏ အတွေးက အလွန်ရိုးရှင်းသည်။
ယခုအချိန်၌ အောင်းချင်၏ ရှာဖွေမှုမှ သူပုန်းအောင်းနိုင်မည့် သူ့အတွက် တစ်ခုတည်းသော အားကိုးရာက ပုံရိပ်ယောင်ဝိညာဉ်မြက်ပင် ဖြစ်သည်။ အကယ်၍ အောင်းချင်ဆီမှာ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်၏ မှော်စွမ်းရည်ကို ချိုးဖြတ်နိုင်သော အထူးနည်းလမ်းရှိသည်ဆိုလျှင် သူက မီးခိုးလှိုင်းကျွန်းစု၏ မည်သည့်နေရာမှာ ပုန်းအောင်းနေပါစေ ဖော်ထုတ်ခံရလိမ့်မည်။ မည်သည့်နေရာမှာ သူပုန်းအောင်းနေပါစေ ရလဒ်က အတူတူ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သူက မိစ္ဆာများ စုဝေးနေသော နေရာဆီသို့ ပြန်လာခဲ့သည်။ ထို့ပြင် သူ့မှာ တခြားရည်ရွယ်ချက်လည်း ရှိ၏။ ဤနေရာမှာဆိုလျှင် သူက အောင်းချင်၏ နည်းလမ်းအမျိုးမျိုးကို စောင့်ကြည့်လေ့လာနိုင်လိမ့်မည်။ သူက ယင်းတို့အားလုံးကို နားမလည်နိုင်လျှင်ပင် အနည်းဆုံးတော့ ယင်းက သူ၏ ဗဟုသုတကို တိုးပွားစေလိမ့်မည်။
ဗလာနတ္ထိအခြေအနေသို့ ကူးပြောင်းသွားပြီးနောက် သူ၏ အလျင်က မယုံကြည်နိုင်ဖွယ်ကောင်းစွာ အလွန်မြန်ဆန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မိစ္ဆာစုဝေးပွဲထဲမှာ ပြန်ပေါ်လာပြီး အောင်းချင်၏ ဘေးမှာ ရပ်လိုက်သည်။
ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်က အမှန်တကယ် မှော်ဆန်သည်။ သူက အောင်းချင်၏ ဘေးမှာ ရပ်နေသည့်တိုင် တစ်ဖက်လူက သူ၏ တည်ရှိမှုကို သတိမထားမိပေ။
“ အမွှေးတိုင်တစ်တိုင်စာကြာချိန် ပြည့်သွားပြီ… သီရှီထျန် နင်ကောင်းကောင်း ပုန်းနေပါ… အခု ငါစတင်ရှာဖွေတော့မယ်… ဟဲ ဟဲ… ငါ့ကို မြန်မြန် ရှာမတွေ့သွားစေနဲ့… မဟုတ်ရင် ပျင်းဖို့ကောင်းလိမ့်မယ် ”
အောင်းချင်က အချိန်ကို တွက်ချက်လိုက်သည်။ သူလိုက်ရှာရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိသွားသောအခါ စိတ်လှုပ်ရှားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အမှန်တကယ်ပင် လောင်းကစားက သူ့ကို စိတ်ပျော်ရွှင်စေသည်။
မည်သည့်အလောင်းအစားဖြစ်ပါစေ သို့မဟုတ် ပြိုင်ဘက်က မည်သူဖြစ်ပါစေ အလောင်းအစားလုပ်နေရသရွေ့ သူပျော်ရွှင်သည်။ ထို့ပြင် သူ့မှာ အနိုင်ယူရန် ယုံကြည်ချက်အပြည့်ရှိသည်။ ယခု အချိန်စေ့သွားပြီဖြစ်လေရာ သူက အော်ပြောလိုက်သည်။ သူ၏ အသံက မကျယ်လောင်သော်လည်း မီးခိုးလှိုင်းကျွန်းစုပေါ်မှ သက်ရှိအားလုံးက ယင်းကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
“ ဦးလေး… စောစောက သီရှီထျန်စားလိုက်တဲ့ ပွင့်ချပ်က ဘာလဲ… ယုအာ သူ့ကို နောက်ထပ် မရှာနိုင်တော့ဘူး… သူက လေထဲမှာ ဘွားခနဲ ပျောက်သွားတယ် ”
တောင်ကုန်းတစ်ခုပေါ်မှာ မတ်တတ်ရပ်နေသော မိန်းကလေးသည် အံ့ဩစွာ ရေရွတ်လိုက်သည်။ သူက တောင်ကုန်းပေါ်မှတဆင့် သီရှီထျန်ကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ သူ့ဦးလေးသည်ပင် ချီးကျူးရသော ထိုမိစ္ဆာဘုရင်က မည်မျှအစွမ်းထက်ပြီး အံ့ဖွယ်ကောင်းကြောင်း သူသိချင်သည်။ သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ သီရှီထျန်က သူ့မျက်စိအောက်မှာပင် ချက်ချင်း ပျောက်ကွယ်သွားသည်။ ယခု သူက သီရှီထျန်၏ သဲလွန်စကို လုံးဝ မရှာဖွေနိုင်တော့ပေ။ သီရှီထျန်၏ ခန္ဓာကိုယ်ကို မဆိုထားနှင့် သူ၏ အရိပ်ကိုပင် မမြင်နိုင်တော့ပေ။
ငွေဆံရှည်သည် သူ့လက်ထဲမှာ ကိုင်ထားသော ဝိုင်ဘူးသီးခြောက်ကို လှုပ်၍ ပါးစပ်အပြည့် နောက်ထပ် တစ်ငုံသောက်လိုက်သည်။ လတ်ဆတ်သော ဝိုင်အနံ့ကို ရှူသွင်းလိုက်ပြီးနောက် သူက သက်ပြင်းချလိုက်ပြီး ပြောသည်။
“ ကောင်းလိုက်တဲ့ဝိုင်… တကယ့် ဝိုင်ကောင်းပဲ… မျောက်မင်းဝိုင်က ဝိညာဉ်ဝိုင်လို့ တကယ်ပဲ ခေါ်ထိုက်ပါတယ်… မျောက်မင်းဝိုင်ထဲမှာ အမျိုးအစားတစ်ရာကျော်တဲ့ သစ်သီးတွေနဲ့ ဆေးဖက်ဝင်အပင်တွေ ပါဝင်တယ်… အဲ့ဒါတွေကို အချိုးအစားကျကျရောစပ်ပြီးမှ မျောက်မင်းဝိုင်ကို ရလာခဲ့တာ… ဒီဝိုင်ကို ငါမချီးကျူးဘဲ မနေနိုင်ဘူး… ရှေးခေတ်က မျောက်ဘိုးဘေးတွေက တကယ် ချီးကျူးလေးစားဖို့ကောင်းတယ် ”
ငွေဆံရှည်သည် မိန်းကလေး၏ စကားကို ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက လက်ထဲမှ မျောက်မင်းဝိုင်ကို ချီးကျူးလိုက်သည်။ ထိုငွေဆံရှည်သည် သီရှီထျန် မျောက်မင်းဝိုင်ဘူးသီးခြောက်တစ်ခု လက်ဆောင်ပေးလိုက်သော မိစ္ဆာဘုရင် ဖြစ်သည်။
သက်ပြင်းချပြီးနောက် ငွေဆံရှည်က သူ၏ ဘေးပတ်ဝန်းကျင်ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
“ ယုအာ… ဒီလောကမှာ အံ့ဖွယ်ကောင်းတဲ့ ထူးထူးဆန်းဆန်းအရာတွေ အများကြီးရှိတယ်… မိစ္ဆာဘုရင်ဖြစ်လာတဲ့ မိစ္ဆာအားလုံးဆီမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ထူးခြားချက်တွေ ရှိတယ်… ယုအာ… သမီးက သူတို့နဲ့ နှိုင်းယှဉ်ရင် အတော်လေး အားနည်းနေသေးတယ်… အဲ့ဒါကြောင့် ဦးလေးက သမီးအမြင်ကျယ်အောင် မိစ္ဆာဘုရင်တွေနဲ့ တွေ့ပေးဖို့ ဒီကို ခေါ်ဆောင်လာခဲ့တာ… စောစောက သီရှီထျန်စားလိုက်တဲ့ ပွင့်ချပ်က ရှားပါးဝိညာဉ်ရတနာ ဖြစ်မယ်… အဲ့ဒါက ရုပ်ခန္ဓာကိုယ်ကို ငါတောင် အာရုံမခံနိုင်တဲ့ အခြေအနေအထိ ဖုံးကွယ်ပေးနိုင်တယ်… ဟား ဟား ဟား… ပွဲကတော့ တကယ်ကြည့်ကောင်းပြီ ”
“ မီးခိုးလှိုင်းရေနဂါးမျိုးနွယ်ရဲ့ မင်းသမီးအောင်းချင်ဆီမှာ ဝှက်ဖဲကတ်တွေ အများကြီး ရှိတယ်… အဲ့ဒါက သီရှီထျန်ကို ရှာဖွေပေးနိုင်မလား စောင့်ကြည့်ရမယ် ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အောင်းချင်က စလှုပ်ရှားလိုက်သည်။
သူ၏ လှပသော မျက်လုံးနှစ်လုံးက ညင်သာစွာ ပိတ်သွားသည်။ သူ၏ မျက်တောင်သာလျှင် မသိမသာ လှုပ်နေသည်။ မကြာမီ အံ့ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံက သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ၏ နတ်ဘုရားစိတ်အာရုံက မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နတ်ဘုရားစိတ်အာရုံသည် မီးခိုးလှိုင်းကျွန်းစု၏ နေရာအားလုံး၌ စစ်ဆေးရှာဖွေလိုက်သည်။ မည်သည့်နေရာမှ ကျန်မနေခဲ့ပေ။
သူ၏ နတ်ဘုရားစိတ်အာရုံက မိစ္ဆာဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။ ယခု ပြောသည့် မိစ္ဆာဘုရင်က အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသည့် မိစ္ဆာဘုရင်ကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ယင်းအစား တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်ထားသော မိစ္ဆာဘုရင်များကို ရည်ညွှန်းသည်။
မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်တွင် တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်ပြီးသော မိစ္ဆာများကို အစစ်အမှန်မိစ္ဆာဘုရင်များဟု ခေါ်ကြသည်။ ဆဌမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်ပြီးသော မိစ္ဆာများကို မဟာမိစ္ဆာများဟု ခေါ်ကြသည်။ နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်ပြီးသော မိစ္ဆာများကို မိစ္ဆာသူတော်စင်များဟု ခေါ်ကြသည်။
တစ်နည်းဆိုရသော် အောင်းချင်၏ ကျင့်ကြံခြင်းအဆင့်က တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်ပြီးသော မိစ္ဆာဘုရင်တစ်ပါးနှင့် ညီမျှသည်။ ယင်းက စတုတ္ထအကြိမ် အမြူတေဓာတ်လုံးအသွင်သဏ္ဍာန်ပြောင်းလဲခြင်းနယ်ပယ် ဖြစ်သည်။ ယင်းက ယခုမှ အမြူတေဓာတ်လုံး ဖွဲ့စည်းရသေးသော သီရှီထျန်ထက် အများကြီး ပိုသန်မာသည်။
နဂါးများသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုကို ရရှိထားသော မြင့်မြတ်သားရဲများ ဖြစ်ကြသည်။ သူတို့က အကြေးခွံမျိုးနွယ်အားလုံး၏ အရှင်သခင် ဖြစ်သည်။ သူတို့၏ မွေးရာပါပါရမီက အလွန်မြင့်မားလေရာ သာမန်ပုဂ္ဂိုလ်များ သူတို့တစ်ဘဝလုံး ကြိုးစားလျှင်ပင် လက်လှမ်းမီနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နဂါးများ၏ ကျင့်ကြံခြင်းအမြန်နှုန်းက အလွန်မြန်ဆန်သည်။ ယင်းက အမှန်တကယ် မနာလိုစရာကောင်း၏။
ယခုအချိန်မှာ အောင်းချင်၏ အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံက မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ နတ်ဘုရားစိတ်အာရုံသည် ကျွန်းစုထဲ၌ နေရာလပ်မကျန်အောင် ဖြတ်သန်းသွားသည်။ မိုးမြေက သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
နတ်ဘုရားစိတ်အာရုံ ဖြတ်သန်းသွားသည့်အခိုက် ကျွန်းစုပေါ်မှာ ရှိနေကြသော မိစ္ဆာများက အံ့ဩသွားကြသည်။ သူတို့က အောင်းချင်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံကို အာရုံခံမိသွားကြသည်။ လူတိုင်း၏ အကြည့်ထဲမှာ မတူညီသော စိတ်ခံစားချက်များ ထွက်ပေါ်လာသည်။
“ အမ် ”
တစ်ခဏကြာပြီးနောက် အောင်းချင်က ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အံ့ဩသော အကြည့် ထွက်ပေါ်လာသည်။ ထို့ပြင် သူက ပိုပြီးစိတ်လှုပ်ရှားသွားသည်။
သူက တီးတိုးရေရွတ်လိုက်သည်။
“ ဟဲ ဟဲ… မိစ္ဆာဘုရင်က မိစ္ဆာဘုရင်ဆိုတဲ့အတိုင်းပါပဲ… တခြားမိစ္ဆာဘုရင်တွေနဲ့ ယှဉ်ရင် နင်က ကွဲပြားခြားနားတယ်… နင်က ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံအောက်မှာ တကယ်ပဲ ပုန်းကွယ်နိုင်တယ်… စိတ်ဝင်စားစရာပဲ… တကယ်စိတ်ဝင်စားစရာပဲ… ငါ အလွယ်လေး အနိုင်ရမယ်ဆိုရင် ဒီအလောင်းအစားက ဘယ်လိုလုပ် စိတ်လှုပ်ရှားဖို့ကောင်းတော့မှာလဲ ”
“ ကောင်းပြီ… ‘ ကောင်းကင်ဘုံကိုးခု မြေကြီးဘုံဆယ်ခု နတ်ဘုရားရှာဖွေအတတ် ’ကို နင့်အပေါ်မှာ ငါအသုံးပြုမယ် ”
အခန်း(၃၄၇)
အောင်းချင်၏ စိတ်ဝင်စားမှုက ပိုပြီးမြင့်တတ်သွားသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်သင်္ကေတများကို အမြန်ဖွဲ့စည်းလိုက်သည်။ တစ်ချိန်တည်းမှာ သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူအော်လိုက်သည်နှင့်ချက်ချင်း သဏ္ဍာန်မဲ့သော လှိုင်းတစ်ခုက ကျွန်းစုတစ်ခုလုံးကို ရိုက်ခတ်သွားသည်။
“ ကောင်းကင်ဘုံကိုးခု မြေကြီးဘုံဆယ်ခု နတ်ဘုရားရှာဖွေအတတ် ”သည် ရန်သူများကို ရှာဖွေရာတွင် အလွန်အစွမ်းထက်သော ပညာရပ် ဖြစ်သည်။ ယင်းကို အသုံးပြုလိုက်သည့်အခါ အချင်းမိုင်တစ်သောင်းအတွင်းမှာရှိသော အရာအားလုံးက အသုံးပြုသူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ ထိုအချင်းမိုင်တစ်သောင်းအတွင်းဝယ် လူသားများဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ သို့မဟုတ် တစ္ဆေများဖြစ်စေ သူတို့အားလုံးက ရှာဖွေဖော်ထုတ်ခံရလိမ့်မည်။ သူတို့သည် မည်သည့်နည်းလမ်းနှင့်မှ ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအတတ်ပညာက မိုးမြေမှာလည်း ရှာဖွေနိုင်သည်။ ကောင်းကင်ဘုံကိုးခုက မိုးကောင်းကင်ကို ရည်ရွယ်ပြီး မြေကြီးဘုံဆယ်ခုက ကမ္ဘာမြေကို ရည်ရွယ်သည်။ သို့ဖြစ်၍ မိုးမြေအတွင်းမှာရှိသော အရာအားလုံးက ထိုအတတ်ပညာ၏ ရှာဖွေမှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
ယင်းက အလွန်အစွမ်းထက်သည်။ ဒဏ္ဍာရီများအရ ထိုအတတ်ပညာက ရှေးခေတ်ကာလမှာ ပျောက်ဆုံးသွားပြီ ဖြစ်၏။ သို့သော်လည်း ထိုအတတ်ပညာက အောင်းချင်၏ လက်ထဲမှာ ပြန်ထွက်ပေါ်လာမည်ဟု မည်သူတွေးမိမည်နည်း။
“ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်က တကယ် အံ့ဩဖို့ကောင်းတယ် ”
သီရှီထျန်က အောင်းချင်၏ ဘေးမှာ ရပ်နေသည်။ သူနှင့် အောင်းချင်သည် တစ်ပေသာ ကွာခြားသည်။ အောင်းချင်၏ အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံက သူ့ကို ဖြတ်သန်းသွားသော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိပေ။ ယခု “ ကောင်းကင်ဘုံကိုးခု မြေကြီးဘုံဆယ်ခု နတ်ဘုရားရှာဖွေအတတ် ”၏ သဏ္ဍာန်မဲ့လှိုင်းက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ သို့သော်လည်း သဏ္ဍာန်မဲ့လှိုင်းက သူ့ကို မရှာတွေ့ပေ။
ပုံရိပ်ယောင်ဝိညာဉ်ဆေးပင်သည် အမှန်တကယ် မှော်ဆန်သည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကိုသာမက သူ၏ အရှိန်အဝါနှင့် သဲလွန်စများကိုလည်း ဗလာနတ္ထိအဖြစ် ပျောက်ကွယ်စေသည်။
ဤသည်မှာ သူက ဤလောကမှ ပျောက်ကွယ်သွားသည့်အလားပင်။ သို့ဖြစ်လေရာ သူ့ကို မည်သို့ရှာဖွေနိုင်မည်နည်း။ ထိုအတတ်ပညာက မည်မျှအစွမ်းထက်ပါစေ ဤလောကမှ ပျောက်ကွယ်နေသော သူ့ကို မည်သို့မှ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
“ မဖြစ်နိုင်တာ ”
လျှို့ဝှက်အတတ်ပညာကို အသုံးပြု၍ ကြိမ်ဖန်များစွာ ရှာဖွေပြီးနောက် အောင်းချင်၏ စိတ်လှုပ်ရှားနေသော မျက်နှာက တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ သူက အံ့ဩသွားသည်။
“ ‘ ကောင်းကင်ဘုံကိုးခု မြေကြီးဘုံဆယ်ခု နတ်ဘုရားရှာဖွေအတတ် ’က အရာအားလုံးသိဆရာကြီးနဲ့ ငါအလောင်းအစားလုပ်ပြီး အနိုင်ရလာခဲ့တဲ့ဟာပဲ… သူပြောတာက မိုးမြေကြားမှာ ရှိနေတဲ့ သက်ရှိသက်မဲ့အားလုံးကို ဒီအတတ်ပညာနဲ့ ရှာဖွေနိုင်တယ်တဲ့… ဒါဆို သီရှီထျန်ကို ငါဘာလို့မရှာဖွေနိုင်တာလဲ… အဲ့အဖိုးကြီးက ငါ့ကို အတုကြီးပေးလိုက်တာလား ”
အောင်းချင်က စိတ်ထဲမှာ ရေရွတ်လိုက်သည်။ သို့သော်လည်း သူက မည်သို့ကြောင့် အလွယ်တကူ အရှုံးပေးမည်နည်း။
သူက မျက်နှာတည်ကြည်သွားပြီး လေးနက်စွာ ပြောသည်။
“ ဟွန့်… နင့်ကို ငါမရှာဖွေနိုင်ဘူးလို့ ငါမယုံဘူး… စောစောက နင့်ရဲ့ အရှိန်အဝါက ဒီနေရာမှာ ကျန်နေခဲ့တယ်… ငါ့ရဲ့ မိုင်တစ်သောင်းခြေရာခံအတတ်ကို မြည်းစမ်းလိုက်စမ်း… ”
“ အဲ့ဒါလည်း အလုပ်မဖြစ်ဘူးလား… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ရတယ်… ငါ့မှာ မိခင်နဲ့ကလေး တစ္ဆေပန်းချီကားဆိုတဲ့ ဓမ္မရတနာ ရှိတယ် ”
“ မျက်နှာမဲ့လိပ်ဝိညာဉ်ကြေးမုံ… ငါ့အတွက် သူ့ကို ရှာပေးစမ်း… ”
“ တစ္ဆေတစ်ရာမှော်ဝင်ပန်းချီကား… တစ္ဆေတွေ ထွက်လာပြီး သူ့ကို လိုက်ရှာစမ်း… မိုးမြေတစ်ခွင် သူ့ကို ရှာဖွေစမ်း ”
“ မိစ္ဆာထိန်းသိမ်းကြေးမုံ… ”
အောင်းချင်သည် အမှန်တကယ်ပင် ကြွယ်ဝချမ်းသာသည်။ လောင်းကစားဖြင့် မည်မျှများပြားသော ရတနာများကို သူအနိုင်ရခဲ့ကြောင်း မည်သူမှ မသိပေ။
ဤအခိုက်အတန့်မှာ အောင်းချင်ကို အာရုံစိုက်နေကြသော မိစ္ဆာများသည် အောင်းချင်က ဓမ္မရတနာတစ်ခုပြီးတစ်ခုကို သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှ ထုတ်နေကြောင်း မြင်သွားကြသည်။ သူတို့က မျက်လုံးပြူးသွားကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ထိုရတနာများသည် သူတို့ဘဝမှာ တစ်ကြိမ်ပင် မြင်တွေ့ရန် မဖြစ်နိုင်သော ရှားပါးရတနာများ ဖြစ်ကြသည်။
မျက်နှာမဲ့လိပ်ဝိညာဉ်ကြေးမုံ… ။
လိပ်သည် မိုးမြေကြားမှ ဝိညာဉ်သတ္တဝါဖြစ်သည်။ မသေမျိုးကျင့်ကြံသူများသည် သူတို့၏ အခွံကို အသုံးပြု၍ ဓမ္မရတနာအမျိုးမျိုး ဖန်တီးသန့်စင်ကြသည်။ ယင်းတို့ကို ကြေးမုံများအဖြစ် ဖန်တီးသန့်စင်မည်ဆိုလျှင် ပိုပြီးအစွမ်းထက်လိမ့်မည်။ ကြေးမုံ၏ အလင်းပြန်မှုကို တစ်နေရာပေါ်မှာ ကျရောက်စေမည်ဆိုလျှင် ထိုနေရာ၏ အစစ်အမှန်ပုံစံက ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ ထို့ပြင် တစ်စုံတစ်ယောက်၏ ပုံရိပ်ကို ကြေးမုံပေါ်မှာ တံဆိပ်ခတ်လိုက်မည်ဆိုလျှင် ကြေးမုံက ထိုလူကို ချက်ချင်း ရှာဖွေပေးလိမ့်မည်။
တစ္ဆေတစ်ရာမှော်ဝင်ပန်းချီကားသည် မြေအောက်လောက၏ ရတနာဖြစ်သည်။ ယင်းက မရေမတွက်နိုင်သော တစ္ဆေများကို စုပ်ယူနိုင်ပြီး ထိန်းချုပ်ခိုင်းစေနိုင်သည်။ ယင်းက အလွန်အစွမ်းထက်သည်။ တချို့က ပြောကြသည်မှာ မှော်ဝင်ပန်းချီကားထဲမှာ တစ္ဆေချုပ်နှောင်အစီအရင် ပါရှိသည်။
မိစ္ဆာထိန်းသိမ်းကြေးမုံက ပိုပြီးအစွမ်းထက်သည်။ မိစ္ဆာတစ်ကောင်က ကြေးမုံအရှေ့မှာ ရှိနေမည်ဆိုလျှင် သူ၏ မူလအသွင်သဏ္ဍာန်က ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ ယင်းက မိုးမြေကို ရှာဖွေပေးနိုင်သည်။
ယင်းတို့ထဲမှ တချို့က အစစ်အမှန်ဖြစ်ပြီး တချို့က အတုဖြစ်သည်။ မည်သို့ဖြစ်ပါစေ ထိုရတနာများ၏ စွမ်းအားကို မလျော့တွက်နိုင်ပေ။ သီရှီထျန်ကို မည်သည့်လျှို့ဝှက်အတတ်ပညာနှင့်မှ မရှာဖွေနိုင်ကြောင်း မြင်သောအခါ အောင်းချင်က စိုးရိမ်ကြောင့်ကြလာသည်။ သူက ဓမ္မရတနာများကို တစ်ခါတည်း အသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် တစ္ဆေအမြောက်အများက မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးသို့ ဖြန့်ကြက်သွားကြပြီး သီရှီထျန်ကို လိုက်ရှာဖွေကြသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက လေထဲမှာ ပြည့်နှက်သွားသည်။
ကျွန်းစုတစ်ခုလုံးက တစ္ဆေမြို့တော်အဖြစ် ပြောင်းလဲသွားသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
အောင်းချင်၏ ဘေးမှာ ရပ်နေသော သီရှီထျန်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အောင်းချင်ဆီမှာ ထိုမျှများပြားသော ရတနာများ ရှိမည်ဟု သူမမျှော်လင့်ထားပေ။ သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှာ အဆုံးမဲ့သော ရတနာများ ရှိနေဟန် ရ၏။ အကယ်၍ သူသာ ထိုဓမ္မရတနာများကို ပိုင်ဆိုင်မည်ဆိုလျှင် ကြွယ်ဝချမ်းသာသူတစ်ယောက် ဖြစ်လာလိမ့်မည်။
အမှန်မှာ အောင်းချင်ကိုယ်တိုင်ပင် သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှာ ရတနာမည်မျှရှိကြောင်း မသိပေ။ မည်သို့ဖြစ်ပါစေ သူက လောင်းကစားပညာရှင်ဖြစ်သည်။ သူက မကြာခဏဆိုသလို နဂါးနန်းတော်ထဲမှ ထွက်သွားပြီး ကုန်းမြေတစ်လျှောက် လှည့်ပတ်သွားလေ့ရှိသည်။
သူစိတ်ဝင်စားသော ပုဂ္ဂိုလ်ကို မြင်သည်နှင့် ထိုသူနှင့် အတင်းအဓမ္မ အလောင်းအစားလုပ်လိမ့်မည်။ သူက အလောင်းအစားမလုပ်လျှင်ပင် သူတို့နှင့် ဆော့ကစားလိမ့်မည်။ သူက ပင်လယ်လေးစင်း၊ ခရမ်းရွှေကုန်းမြေ၊ မသေမျိုးကျင့်ကြံခြင်းလောကနှင့် သေမျိုးလောကဆီသို့ သွားရောက်ဖူးသည်။ ဤအခိုက်အတန့်မှာ သူက အလောင်းအစားဖြင့် သူအနိုင်ရရှိခဲ့သော ဓမ္မရတနာအားလုံးကို စကြာဝဠာသိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။
သူ၏ အဆိုအရ မည်သည့်ပုဂ္ဂိုလ်ကိုဖြစ်စေ သို့မဟုတ် မည်သည့်ပစ္စည်းကိုဖြစ်စေ သူအနိုင်ရပါစေ ကိစ္စမရှိပေ။ ယင်းက ကျောက်တုံးတစ်တုံးဖြစ်လျှင်ပင် သူအလောင်းအစားလုပ်ရသရွေ့ အဆင်ပြေသည်။ အချိန်ကာလတစ်ခုကြာပြီးနောက် မရေမတွက်နိုင်သော ရတနာများက သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲမှာ စုပုံသွားသည်။ ပိုင်ရှင်ဖြစ်သော သူကိုယ်တိုင်သည်ပင် အရေအတွက်အတိအကျကို မသိပေ။
အတိတ်တွင် သူ၏ စကြာဝဠာသိုလှောင်အိတ်ကို လုယက်ရန် မည်သူမှ မကြိုးစားခဲ့ဖူးခြင်း မဟုတ်ပေ။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသည်။ ထို့ပြင် သူ့အနောက်မှာ နဂါးမျိုးနွယ်စု ရှိသည်။ မည်သူက အကြောင်းအရင်းရေရေရာရာမရှိဘဲ နဂါးမျိုးနွယ်စုကို ရန်စချင်မည်နည်း။ ခရမ်းရွှေကုန်းမြေထဲမှ ထိပ်တန်းဂိုဏ်းကြီးများသည်ပင် နဂါးမျိုးနွယ်စုကို လက်ရှောင်ကြသည်။ နဂါးမျိုးနွယ်စုကို ရန်စခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်း မဟုတ်ပါလော။
သို့သော်လည်း မည်မျှများပြားသော ဓမ္မရတနာများကို သူအသုံးပြုပါစေ သီရှီထျန်ကို မရှာဖွေနိုင်သေးပေ။
သီရှီထျန်သည်တော့ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်၏ နောက်ထပ် ပွင့်ချပ်တစ်ခုကို စားလိုက်သည်။
ဤအခိုက်အတန့်မှာ မိစ္ဆာအများအပြားသည် အောင်းချင်၏ လျှို့ဝှက်အတတ်ပညာများနှင့် ဓမ္မရတနာများကြောင့် အံ့ဩနေကြသည်။ တစ်ချိန်တည်းမှာ သူတို့က သီရှီထျန်ကို ပိုပြီးချီးကျူးလေးစားသွားကြသည်။ မည်သို့ဖြစ်ပါစေ သီရှီထျန်နေရာမှာ သူတို့ဆိုလျှင် ထိုမျှများပြားသော ဓမ္မရတနာများ၏ ရှာဖွေမှုအောက်မှာ ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ချေ။ သီရှီထျန်၏ ပုန်းကွယ်မှုနည်းလမ်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ထို့ကြောင့် မိစ္ဆာသားရဲများဖြစ်စေ သို့မဟုတ် အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသော မိစ္ဆာဘုရင်များဖြစ်စေ သူတို့အားလုံးက သီရှီထျန်၏ နာမည်ကို မှတ်ထားလိုက်ကြသည်။
ထို့ကြောင့် သီရှီထျန်က မိစ္ဆာမျိုးနွယ်စုထဲမှာ နာမည်ကျော်ကြားလာသည်။ ဤအခိုက်အတန့်မှာ ကျွန်းစုပေါ်မှ မိစ္ဆာအားလုံးက သူ့ကို သိသွားကြသည်။
“ မဖြစ်နိုင်တာ… သီရှီထျန်က မကြာသေးခင်ကမှ အမြူတေဓာတ်လုံး ဖွဲ့စည်းထားနိုင်တဲ့ မိစ္ဆာတစ်ကောင်ပဲ… ပုံမှန်ဆိုရင် သူက ငါ့ရဲ့ ရှာဖွေမှုကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး… ငါ့မှာ ဓမ္မရတနာတွေနဲ့ လျှို့ဝှက်အတတ်ပညာတွေ အများကြီး ရှိတယ်… ဒါပေမဲ့ သူ့ကို ငါမရှာဖွေနိုင်သေးဘူး… မဟုတ်မှလွဲရော သူက ဒဏ္ဍာရီလာ အံ့ဖွယ်အတတ်ပညာတွေကို တတ်မြောက်ထားတာလား ”
အောင်းချင်က မျက်မှောင်ကြုတ်လိုက်သည်။ သီရှီထျန်က သူ၏ ရှာဖွေမှုအောက်မှာ မည်သို့လွတ်မြောက်နေကြောင်း သူစဉ်းစားလိုက်သည်။ သို့သော်လည်း မည်သို့သူစဉ်းစားပါစေ အဖြေကို မရှာဖွေနိုင်ပေ။ သီရှီထျန်က သေးငယ်သော ဤကျွန်းစုထဲမှာ ပုန်းအောင်းနေရန် မည်သည့်နည်းလမ်းကို အသုံးပြုထားကြောင်း သူမစဉ်းစားနိုင်ပေ။
ဘေးပတ်ဝန်းကျင်ကို သူကြည့်လိုက်သည့်အခါ မိစ္ဆာအများအပြားက သူ့ကို အာရုံစိုက်နေကြောင်း မြင်တွေ့သွားသည်။
တကယ်ပဲ ငါရှုံးသွားတော့မှာလား… ။
အောင်းချင်သည် ယခင်က တစ်ခါမှ မတွေးဖူးသော အတွေးကို စဉ်းစားမိသွားသည်။ ထိုအတွေး ထွက်ပေါ်လာသည့်အခါ ယင်းကို ပယ်ဖျောက်ရန် အလွန်ခက်ခဲသည်။ လောင်းကစားကို သူစတင်ခဲ့သည့်အချိန်မှစ၍ အရှုံးက ကြုံတောင့်ကြုံခဲပင်။ သူက လောကတစ်ခွင် ခရီးထွက်ပြီး လူတိုင်းနှင့် အလောင်းအစား လုပ်ခဲ့သည်။ အလောင်းအစားအားလုံးနီးပါးကို သူအနိုင်ရခဲ့သည်။ သို့သော်လည်း ယနေ့ ဤနေရာမှာ သူရှုံးနိမ့်တော့မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။
သူ၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့နှုတ်ခမ်းက အပေါ်သို့ တွန့်ကွေးသွားသည်။ သူက ခါးသီးစွာ ပြုံးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူ့အရှေ့မှ ဓမ္မရတနာအားလုံးက သူ၏ စကြာဝဠာသိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားသည်။ သူက လေသံမြှင့်လိုက်ပြီး အော်ပြောလိုက်သည်။
“ သီရှီထျန်… ထွက်လာတော့… ငါအောင်းချင် အရှုံးဝန်ခံတယ် ”
သူက လျှို့ဝှက်အတတ်ပညာများနှင့် ဓမ္မရတနာအမျိုးမျိုးကို အသုံးပြု၍ သီရှီထျန်ကို ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သည့်ရလဒ်မှ မထွက်ပေါ်လာပေ။ ယခု အချိန်တစ်နာရီမပြည့်သေးသော်လည်း နောက်ထပ် ဆက်ကြိုးစားနေလျှင်ပင် အချည်းနှီးသာဖြစ်လိမ့်မည်ကို သူသိသည်။ ဤအလောင်းအစားမှာ သူရှုံးသွားပြီဖြစ်ကြောင်း သိသည်။ သူက ပွင့်လင်းပြီး တည်ကြည်ဖြောင့်မတ်သူ ဖြစ်သည်။ အရှုံးက သူ့အတွက် လက်ခံရန် ခဲယဉ်းသော်လည်း အလောင်းအစားမှာ အနိုင်အရှုံးရှိကြောင်း သူသိသည်။ အရှုံးက အရှုံး၊ အနိုင်က အနိုင် ဖြစ်သည်။
လောင်းကစားပညာရှင်တစ်ယောက်အနေဖြင့် ထိုအချက်ကို ကောင်းကောင်း သူနားလည်သည်။
အရှုံးကို လိုလိုလားလား ဝန်ခံဝံ့သော အောင်းချင်၏ သတ္တိက အမှန်တကယ် လေးစားဖွယ်ကောင်းသည်။ လူအများစုသည် သူ့ကဲ့သို့ မလုပ်ဆောင်နိုင်ကြချေ။
“ မင်းသမီးအောင်းချင်က တကယ် တည်ကြည်ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ပဲ… ကျုပ်သီရှီထျန် ခင်ဗျားကို လေးစားပါတယ် ”
အောင်းချင်က အရှုံးဝန်ခံလိုက်မှတော့ သီရှီထျန်သည် နောက်ထပ် ဆက်ပုန်းအောင်းနေရန် မလိုတော့ပေ။ သူက အောင်းချင်ကို ချီးကျူးလေးစားစွာ ပြောသည်။ သူက အောင်းချင်၏ ဘေးမှာ ရပ်နေလေရာ သူ့စကားသံက အောင်းချင်၏ နားထဲသို့ ရှင်းလင်းပီသစွာ ပျံ့လွင့်သွားသည်။
ယင်းက အောင်းချင်ကို ထိတ်လန့်ချောက်ချားသွားစေသည်။ သူက အမြန်ခေါင်းလှည့်လိုက်လေရာ သူ့ဘေးမှ ဟင်းလင်းပြင်ထဲမှာ သီရှီထျန်၏ ခန္ဓာကိုယ်က ပြန်ပေါ်လာကြောင်း မြင်တွေ့သွားသည်။
အခန်း(၃၄၈)
“ ဝိုး… အဲ့ဒါ… အဲ့ဒါ မယုံနိုင်စရာပဲ… သီရှီထျန်က မင်းသမီးအောင်းချင်ရဲ့ ဘေးမှာ ရှိနေတယ် ”
“ ငါ့မျက်စိတွေ ဝေဝါးနေတာလား… အဲ့ဒီလူက ငါ့အရှေ့မှာတင် ပုန်းအောင်းနေတယ်… သူက ဘယ်လိုအံ့ဖွယ်အတတ်တွေ ကျင့်ကြံထားတာလဲ ”
“ သူက မီးခိုးလှိုင်းကျွန်းစုပေါ်မှာ တကယ်ကြီး ရှိနေတယ်… ငါထင်ထားတာက သီရှီထျန်က ကျွန်းစုကနေ ထွက်သွားပြီလို့… အဲ့ဒါကြောင့် သူ့ကို မရှာနိုင်တာဖြစ်မယ်လို့… သူက ငါ့အရှေ့မှာရှိနေမယ်လို့ မမျှော်လင့်ထားဘူး… ”
“ မိစ္ဆာဘုရင်… အဲ့ဒါက မိစ္ဆာဘုရင်ရဲ့ အစွမ်းလား… ငါဆုံးဖြတ်လိုက်ပြီ… ငါမိစ္ဆာဘုရင်ဖြစ်လာအောင် ကြိုးစားမယ် ”
သီရှီထျန်သည် အောင်းချင်၏ ဘေးမှာ ပြန်ပေါ်လာသည်။ ယင်းက အောင်းချင်ကိုသာမက ဘေးပတ်ဝန်းကျင်မှာ စောင့်ကြည့်နေကြသော မိစ္ဆာများကိုလည်း အံ့ဩသွားစေသည်။ ယင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။ သီရှီထျန်က အောင်းချင်၏ ဘေးမှာ အမြဲရှိနေမည်ဟု မည်သူမှ မတွေးမိကြချေ။
အောင်းချင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ပါးစပ်ပြန်ပိတ်သွားသည်။ သူက အနည်းငယ် ထိတ်လန့်နေဆဲပင်။ သူက ဘေးသို့ လှည့်လိုက်သည့်အခါ အနည်းငယ် မျက်နှာသုန်မှုန်သွားသည်။ သူက ရှန်းနုန်ဥယျာဉ်ပန်းချီကားကို ထုတ်လိုက်ပြီး သီရှီထျန်ဆီသို့ ပစ်ပေးလိုက်သည်။ သူက ပြောသည်။
“ ငါရှုံးသွားပြီ… အလောင်းအစားအရ ဒီရှန်းနုန်ဥယျာဉ်ပန်းချီကားက အခု နင့်ဟာဖြစ်သွားပြီ… ဒါပေမဲ့… ”
စကားပြောနေစဉ် သူ၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ယုံကြည်မှုရှိစွာ ပြောသည်။
“ ဒီတစ်ကြိမ် နင်အနိုင်ရသွားပေမဲ့ နောက်တစ်ကြိမ်ဆိုရင် နင်ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး… ငါနင့်ကို ထပ်လာရှာဦးမယ် ”
ထိုသို့ပြောပြီးနောက် သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။
“ ဂရား ”
ကျယ်လောင်သော နဂါးဟိန်းသံက မိုးကောင်ကင်ကို တုန်ယင်သွားစေသည်။ အောင်းချင်၏ ခန္ဓာကိုယ်က အစိမ်းရောင်နဂါးအဖြစ် ရုတ်တရက် အသွင်ပြောင်းလဲသွားသည်။
“ ဗွမ်း ”
သူက မီးခိုးလှိုင်းရေကန်ဆီသို့ တိုက်ရိုက် ထိုးဆင်းသွားသည်။ အလောင်းအစားရှုံးသွားပြီးနောက် သူက စိတ်မကြည်မသာဖြစ်သွားသည်။ ထို့ကြောင့် သူက နဂါးနန်းတော်ဆီသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
“ ရှန်းနုန်ဥယျာဉ်ပန်းချီကားက တန်ဖိုးကြီးရတနာတစ်ခုပဲ… အဲ့ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်… ငါ့ရဲ့ တိတ်ဆိတ်တဲ့ အခန်းဆီ ပြန်သွားပြီး အဲ့ဒါကို အရင်သန့်စင်ရမယ်… ညတာရှည်ရင် ပြဿနာများတယ်ဆိုတဲ့ စကားကို ငါမေ့လို့ မဖြစ်ဘူး ”
အောင်းချင်၏ သရုပ်ကို သူခန့်မှန်းနိုင်ခဲ့သော်လည်း အောင်းချင်က အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကြောင်း သူမြင်လိုက်သောအခါ အံ့ဩသွားသည်။ သူ၏ ယခင်ဘဝတွင် သူက နတ်နဂါး၏ မျိုးဆက်တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်လည်း နတ်နဂါးကို တစ်ခါမှ သူမမြင်ဖူးချေ။ ယခုက နဂါးတစ်ကောင်ကို ပထမဆုံးအကြိမ် သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် နဂါးကို သူမြင်လိုက်သောအခါ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
နဂါးသည် သားရဲအားလုံး၏ အထွတ်အမြတ်ဥသျှောင်ဖြစ်သည်။ နဂါးသည် အကြေးခွံမျိုးနွယ်စုအားလုံး၏ အရှင်သခင်ဖြစ်သည်။ သို့ဖြစ်၍ နဂါးသည် အလွန်မြင့်မြတ်သည်။
ရှန်းနုန်ဥယျာဉ်ပန်းချီကားကို လက်ထဲမှာ ကိုင်ထားစဉ် သီရှီထျန်က စိတ်လှုပ်ရှားသွားသည်။ ယင်းက ရှားပါးရတနာတစ်ခု ဖြစ်သည်။ ပန်းချီကားထဲမှာ သီးခြားနယ်မြေလွတ်တစ်ခု ရှိသည်။ ယင်းကို သူအသုံးပြုချင်လျှင် ပန်းချီကားကို သူ့အပိုင်အဖြစ် အရင်ဆုံး သန့်စင်ရလိမ့်မည်။
သို့မှသာ သူက ရှန်းနုန်ဥယျာဉ်ထဲမှာ ဝိညာဉ်အပင်များနှင့် ဆေးပင်များကို စိုက်ပျိုးနိုင်လိမ့်မည်။ သို့ဖြစ်၍ ပန်းချီကားသန့်စင်သော လုပ်ငန်းစဉ်က သူ့အတွက် အလွန်အရေးကြီးသည်။
ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ရှန်းနုန်ဥယျာဉ်ပန်းချီကားကို သိမ်းဆည်းလိုက်ပြီး သူ့အခန်းဆီသို့ ပြန်သွားသည်။ လမ်းတစ်လျှောက်တွင် မိစ္ဆာများက သူ့ကို ဖိတ်ကြားခဲ့သော်လည်း သူက သူတို့အားလုံးကို ငြင်းဆန်ခဲ့သည်။ နောက်ဆုံးမှာတော့ မိစ္ဆာများ ပိုမိုများပြားလာသည့်အခါ သူက လေပေါ်သို့ ပျံသန်းသွားသည်။
သူ့အခန်းဆီသို့ ပြန်ရောက်သွားသည့်အခါ သီရှီထျန်က မိစ္ဆာအာရုံကို ထုတ်လွှတ်၍ ပန်းချီကားကို သေချာစူးစမ်းကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို ပန်းချီကားထံမှ သတင်းအချက်အလက်များက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ ယင်းက ပန်းချီကားကို သန့်စင်နိုင်သော နည်းလမ်းဖြစ်သည်။
ထိုနည်းလမ်းက သီရှီထျန်ကို တိတ်တဆိတ် အံ့ဩသွားစေသည်။ အကြောင်းမှာ ပန်းချီကားသန့်စင်သော နည်းလမ်းက အလွန်ရှုပ်ထွေးခက်ခဲသောကြောင့် မဟုတ်ပေ။ ယင်းအစား အလွန်ရိုးရှင်းလွယ်ကူသည်။ ပန်းချီကားကို သန့်စင်ရန် အဆင့်နှစ်ဆင့်သာလိုအပ်သည်။ ပထမဆုံးအနေနှင့် ပန်းချီကားပေါ်သို့ သွေးစက်ချပြီး ပန်းချီကား၏ သခင်အသိအမှတ်ပြုမှုကို ရယူရမည်။ ထို့နောက် သူက ပန်းချီကားထဲမှ သီးခြားနယ်မြေလွတ်ဆီသို့ ဝင်ရောက်ရမည်။ ပန်းချီကားထဲတွင် ခရမ်းဝါးအိမ်တစ်လုံးရှိသည်။ ဝါးအိမ်ထဲတွင် သီးခြားနယ်မြေလွတ်ကို ထိန်းချုပ်ထားသော ဝိညာဉ်ကျောက်ပြားတစ်ချပ် ရှိသည်။ ထိုဝိညာဉ်ကျောက်ပြားကို သူသန့်စင်လိုက်လျှင် ရှန်းနုန်ဥယျာဉ်ပန်းချီကားက သူ့အပိုင်ဖြစ်လာလိမ့်မည်။
ထိုအချိန်ကျလျှင် ပန်းချီကားထဲမှ အရာအားလုံးက သူ့အပိုင်ဖြစ်လာလိမ့်မည်။
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ ပန်းချီကားကို စတင်သန့်စင်လိုက်သည်။
မီးခိုးလှိုင်းကျွန်းစု၏ တောင်ကုန်းတစ်ခုပေါ်တွင် ငွေဆံရှည်နှင့် သူ၏ တူမလေးသည် တောင်ကုန်းအောက်မှ အဖြစ်အပျက်အားလုံးကို မြင်တွေ့ပြီးနောက် အကြည့်ပြန်ရုပ်လိုက်ကြသည်။
“ ဦးလေး… ယုအာအမြင်မှာတော့ အဲ့ဒီသီရှီထျန်က အနိုင်ရဖို့ ဝိညာဉ်ဆေးပင်ကို မှီခိုအားထားခဲ့တာ… သူက ကိုယ်ပိုင်အရည်အချင်းနဲ့ အနိုင်ရသွားတာ မဟုတ်ဘူး ”
ယုအာက စိတ်ဘဝင်မကျသော လေသံဖြင့် ပြောသည်။
“ ဟား ဟား… ယုအာ အဲ့ဒါဘာရှက်စရာရှိလို့လဲ… အောင်းချင်လည်း ဓမ္မရတနာတွေ အသုံးပြုပြီး ရှာခဲ့တယ်မဟုတ်ဘူးလား… ဝိညာဉ်ဆေးပင်က ပြင်ပအထောက်အပံ့ဆိုရင် ဓမ္မရတနာတွေကလည်း ပြင်ပအထောက်အပံ့ပဲ မဟုတ်ဘူးလား… ဘာပဲဖြစ်ဖြစ် အနိုင်ရဖို့က အရေးကြီးတယ်… ဒီလောကမှာ ပြင်ပအထောက်အပံ့ဆိုတာ မရှိဘူး… သေခြင်းရှင်ခြင်းတိုက်ပွဲမျိုး ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရန်သူကို သတ်ဖြတ်ဖို့ နည်းလမ်းမျိုးစုံကို အသုံးပြုရတယ်… မဟုတ်ရင် အသတ်ခံရမယ့်လူက ကိုယ်ဖြစ်သွားလိမ့်မယ်… ဒါကြောင့် ဘယ်လိုအနိုင်ရခဲ့တယ်ဆိုတာ အရေးမကြီးဘူး… အနိုင်ရဖို့ပဲ လိုအပ်တယ် ”
ငွေဆံရှည်၏ စကားထဲမှာ လေးနက်သော အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။
“ ဟုတ်ပြီ ယုအာ… မကြာခင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်တော့မယ်… အဲ့ဒီအချိန်ကျရင် ဦးလေးက သမီးကို လျှို့ဝှက်နယ်မြေဆီ ခေါ်ဆောင်သွားမယ်… သမီး ဘယ်လောက်ဝေးဝေး သွားနိုင်ပါစေ အရေးမကြီးဘူး… ဒီတစ်ကြိမ်ကို အတွေ့အကြုံယူတယ်လို့ သဘောထားပါ… သမီးက လျှို့ဝှက်နယ်မြေထဲမှာ ဉာဏ်အလင်းရသွားနိုင်တယ်… တကယ်လို့ ကံကောင်းမယ်ဆိုရင် အဲ့ဒီစေတီကို သမီးရှာဖွေနိုင်လိမ့်မယ်… တကယ်လို့ သမီးသာ အဲ့ဒီစေတီကို ပိုင်ဆိုင်သွားမယ်ဆိုရင် သမီးရဲ့ အနာဂတ်က အကန့်အသတ်မဲ့သွားလိမ့်မယ်… သမီးက ဒီလောကရဲ့ အထွတ်အထိပ်ကို အနှေးနဲ့အမြန် ရောက်သွားလိမ့်မယ် ”
စေတီ… ကောင်းကင်ဘုံစေတီ… ။
ဤလောကမှာ ကောင်းကင်ဘုံစေတီကို မလိုချင်သောလူ အဘယ်မှာရှိမည်နည်း။ ယင်းက အစစ်အမှန်ရတနာဖြစ်သည်။ ယင်းကို ပိုင်ဆိုင်သွားလျှင် တစ်စုံတစ်ယောက်၏ ကံကြမ္မာက ပြောင်းလဲသွားလိမ့်မည်။ ဝက်တစ်ကောင်သည်ပင် နတ်ဘုရားအစွမ်းပိုင်ရှင်ဖြစ်လာနိုင်လိမ့်မည်။
“ ယုအာ နားလည်ပါပြီ… ဒါပေမဲ့ ဦးလေးက အရင်တစ်ခေါက်မှာလည်း လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခဲ့တယ်… အခု လျှို့ဝှက်နယ်မြေက နောက်တစ်ကြိမ် ဖွင့်လှစ်တော့မယ်… ဦးလေး ယုအာကို လျှို့ဝှယ်နယ်မြေအကြောင်း ဘာလို့ မပြောပြတာလဲ ”
ယုအာက ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာသေးသေးလေးမှာ မျှော်လင့်သော အမူအရာရှိသည်။ သူက ဗဟုသုတအသစ်များကို ဆည်းပူးရန် စိတ်အားထက်သန်နေသည်။
ငွေဆံရှည်က ဝိုင်ဘူးသီးခြောက်ကို မြှောက်လိုက်ပြီး ပါးစပ်အပြည့် နောက်တစ်ငုံ သောက်လိုက်သည်။ သူက ပြောသည်။
“ ဦးလေးက ယုအာကို တမင်မပြောပြတာ မဟုတ်ဘူး… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက တကယ်တော့ ကမ္ဘာငယ်တစ်ခုပဲ… ရှေးခေတ်ကာလမှာ အထွတ်အမြတ်ပညာရှင်တစ်ပါးက လောကသစ်ပင်ရဲ့ မျိုးစေ့ကို အသုံးပြုပြီး မိုးမြေကြားမှာမရှိတဲ့ သီးခြားကမ္ဘာငယ်တစ်ခုကို ဖန်တီးခဲ့တယ်… ကမ္ဘာငယ်ကို မှော်စွမ်းရည်တွေနဲ့ ဖန်တီးထားတယ်… လျှို့ဝှက်နယ်မြေက ဘယ်လောက်ကျယ်ပြောပြီး လျှို့ဝှက်နယ်မြေထဲမှာ ဘယ်လိုအန္တရာယ်တွေရှိတယ်ဆိုတာ ဘယ်သူမှ သေချာမသိကြဘူး… တချို့ဟာတွေက ဦးလေးပြောပြရင်တောင် သမီးအတွက် အသုံးမဝင်နိုင်ဘူး… လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်တဲ့အခါ လူတိုင်းက မတူညီတဲ့ နေရာတွေဆီ တည်နေရာပြောင်းရွှေ့ခံရလိမ့်မယ်… အတိတ်မှာ ဦးလေးရောက်သွားခဲ့တဲ့ နေရာက မီးပင်လယ်ပဲ… ”
သူ၏ လေသံထဲမှာ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ အတိတ်တွင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသည် အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း လူအနည်းစုသာလျှင် ယင်းထံမှ အကျိုးအမြတ်များ ရိတ်သိမ်းနိုင်ခဲ့ကြသည်။ လျှို့ဝှက်နယ်မြေသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း၊ စိတ်ခွန်းအားနှင့် ကံကောင်းခြင်းကို စမ်းသပ်သောနေရာ ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်၏ ကံက အလွန်ကောင်းနေလျှင် လျှို့ဝှက်နယ်မြေထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း ရတနာများရှိသော နေရာဆီသို့ တည်နေရာပြောင်းရွှေ့ခံရလိမ့်မည်။ ထိုအခါ အကျိုးအမြတ်များ ရိတ်သိမ်းရန် သူ့အတွက် မခက်ခဲတော့ပေ။
“ ဒါပေမဲ့ ယုအာ… သမီး သတိထားရမယ့်အရာ ရှိတယ်… တကယ်လို့ ယင်ယန်ကောင်းကင်တံတားလို့ခေါ်တဲ့ နေရာဆီ သမီးရောက်သွားမယ်ဆိုရင် သေချာသတိထားရမယ် ”
ငွေဆံရှည်သည် သူ၏ တူမလေးကို အလွန်ချစ်ခင်သည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ တူမလေးကို အကူအညီပေးနိုင်တော့မည် မဟုတ်ကြောင်း သူသိသည်။ လျှို့ဝှက်နယ်မြေထဲတွင် အရာအားလုံးကို ကိုယ့်ဘာသာ အားကိုးရလိမ့်မည်။ မည်သူမှ သူ့ကို ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း တချို့အရာများကို ယခု သူသိထားခြင်းက သူ့အတွက် အကျိုးတစ်စုံတစ်ရာရှိနိုင်သည်။
“ ယင်ယန်ကောင်းကင်တံတားလား… ဦးလေး အဲ့ဒါက ဘယ်လိုနေရာလဲ ”
ယင်းကို ကြားသောအခါ ယုအာက စိတ်ဓာတ်တတ်ကြွသွားသည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက အာရုံစိုက်၍ နားထောင်လိုက်သည်။ တစ်စုံတစ်ခု လွတ်သွားမည်ကို သူစိုးရိမ်သည်။
“ ယင်ယန်ကောင်းကင်တံတားက မြစ်ကြီးတစ်စင်းပေါ်မှာ ဆောက်လုပ်ထားတဲ့ နတ်ဘုရားတံတားတစ်စင်း ဖြစ်တယ်… တံတားအောက်က မြစ်ကြီးကို ဟွမ်ချွမ်းမြစ်လို့ ခေါ်ကြတယ်… တချို့က အဲ့ဒါကို ဟွမ်ချွမ်းသန့်စင်မြစ်လို့ ခေါ်ကြတယ်… ဘယ်သက်ရှိပဲဖြစ်ဖြစ် ဟွမ်ချွမ်းမြစ်ထဲ ပြုတ်ကျသွားမယ်ဆိုရင် သူတို့က မြစ်ရေရဲ့ ယိုယွင်းတိုက်စားတာကို ခံရလိမ့်မယ်… သူတို့ရဲ့ စိတ်ဝိညာဉ်က မြစ်ကြမ်းပြင်အထိ နစ်မြုပ်သွားလိမ့်မယ်… သူတို့က အဆုံးမဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ နာကျင်မှုတွေကို ခံစားရလိမ့်မယ်… ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူတို့က သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး ”
ဤအခိုက်အတန့်မှာ ငွေဆံရှည်၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူ၏ လေသံထဲမှာ ကြောက်ရွံ့သော အရိပ်အယောင် တစ်စွန်းတစ်စ ရှိသည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဆက်ပြောသည်။
“ ဒါ့အပြင် ဟွမ်ချွမ်းမြစ်ပေါ်မှာ ပျံသန်းလို့ မရဘူး… မင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ပျံသန်းနိုင်မှာမဟုတ်ဘူး… ဟွမ်ချွမ်းမြစ်ကို ဖြတ်သန်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ယင်ယန်ကောင်းကင်တံတားပဲ… ဒါ့အပြင် ကန့်သတ်ချက်တစ်ခု ရှိတယ်… လူကိုးယောက်ပဲ တံတားကို ဖြတ်သန်းနိုင်တယ်… လူကိုးယောက် တံတားကို ဖြတ်သန်းပြီးသွားရင် နောက်ထပ်ဘယ်သူမှ မဖြတ်သန်းနိုင်တော့ဘူး… ကျန်တဲ့လူတွေက အနောက်ဆုတ်ဖို့ပဲ တတ်နိုင်တယ်… ဒါကြောင့် တံတားပေါ်မှာ သွေးလွှမ်းတဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာလိမ့်မယ်… အရှေ့တစ်လှမ်း လျှောက်လှမ်းနိုင်ဖို့ သွေးလမ်းခင်းရလိမ့်မယ် ”
“ မင်းက မြစ်တစ်ဖက်ကမ်းဆီ သွားချင်တယ်ဆိုရင် ရန်သူတွေကို သတ်ဖြတ်ရမယ်… ပြိုင်ဘက်တွေကို ရှင်းထုတ်ပစ်ရမယ် ”
သူ၏ လေသံက တည်ငြိမ်သည်။ သို့သော်လည်း သူ့စကား၏ အဓိပ္ပာယ်ထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။ ယင်းက ရိုးရှင်းသော်လည်း ယင်းက တောတွင်းဥပဒေ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အလုံအလောက် သန်မာမည်ဆိုလျှင် အခွင့်အလမ်းများကို ပိုင်ဆိုင်နိုင်လိမ့်မည်။ အခွင့်အလမ်းများသည် မိုးကောင်းကင်ပေါ်မှ အလိုအလျောက် ကျဆင်းလာလိမ့်မည် မဟုတ်ချေ။ အခွင့်အလမ်းများကို ရယူရန် ကိုယ်တိုင်တိုက်ခိုက်ရလိမ့်မည်။