အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အခန်း(၃၄၉)
ယုအာ၏ မျက်နှာသေးသေးလေးက တင်းမာသွားသည်။ သူ့မျက်လုံးထဲမှာ အလင်းရောင်က ဖြတ်ခနဲ ပေါ်လျှိုးလာသည်။ သူက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ ယုအာ… ဦးလေးရဲ့ သင်ကြားမှုတွေကို မှတ်ထားပါမယ် ”
“ အင်း ”
ငွေဆံရှည်သည် အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ ယုအာ… ဒီတစ်ခေါက်မှာ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ သွားဖို့ သမီးဘာသာဆုံးဖြတ်ခဲ့တယ်… လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်တာနဲ့ သေခြင်းရှင်ခြင်းက သမီးအပေါ်မှာပဲ မူတည်လိမ့်မယ်… သမီး အသက်ရှင်ရက် ပြန်ထွက်လာနိုင်မယ်ဆိုရင် သမီးရဲ့ အနာဂတ်အောင်မြင်မှုက မှန်းဆမရအောင် ကြီးမားလိမ့်မယ်… တကယ်လို့ သမီးသေဆုံးသွားမယ်ဆိုရင် သမီးမလုပ်ဆောင်ရသေးတဲ့ ဆန္ဒတွေကို ဦးလေးက ဖြည့်ဆည်းပေးမယ် ”
“ ကျေးဇူးတင်ပါတယ် ဦးလေး ”
ဦးလေးနှင့် တူမလေးက အံ့ဖွယ်မီးခိုးကျွန်းစု၏ တောင်ကုန်းတစ်ခုပေါ်မှာ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း ပြောနေကြသော်လည်း ယင်းက သီရှီထျန်နှင့် ဘာမှမသက်ဆိုင်ပေ။ ဤအခိုက်အတန့်မှာ သူက အခန်းထဲ၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ့အရှေ့တွင်မူ ဖြန့်ထားသော ပန်းချီစာလိပ်က လေထဲမှာ မျောလွင့်နေသည်။
ပန်းချီကားထဲမှ မြင်ကွင်းသည် အသက်ဝင်နေသည့်အလား စစ်မှန်သည်။ အဝါရောင်အလင်းတန်းက ပန်းချီကား၏ မျက်နှာပြင်ပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။
အဝါရောင်အလင်းက အပြင်ဘက်သို့ ပျံ့နှံ့သွားသည့်အခါ အခန်းတစ်ခုလုံး ထိန်ထိန်လင်းသွားသည်။ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းက အဝါရောင်အလင်း တောက်ပသွားသည်။
နောက်ဆုံးမှာတော့ ထူးဆန်းသော အသံများက ပန်းချီကားထဲမှ ထွက်ပေါ်လာသည်။
ရေစီးကျသံ၊ လေတိုးဝှေ့သံ အစရှိသော သဘာဝအသံများ ထွက်ပေါ်လာသည်။ မြေဆီလွှာ၏ ရနံ့သည်ပင် အပြင်သို့ တိုးထွက်လာသည်။ အရာအားလုံးက အစစ်အမှန်သဖွယ် အောက်မေ့ရ၏။ ဤအခိုက်အတန့်မှာ သူက တောင်ပေါ်ရွာလေးဆီသို့ ရောက်သွားသည့်အလား ခံစားမိသွားသည်။
“ ရှန်းနုန်ဥယျာဉ်ပန်းချီကားက ငါ့အပိုင်ဖြစ်ရမယ် ”
ပန်းချီကားပေါ်မှ အဝါရောင်အလင်းက အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ သီရှီထျန်၏ အချိန်အတော်ကြာ မှိတ်ထားခဲ့သော မျက်လုံးက ပြန်ဖွင့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းနှစ်ခုက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာပြီး ပန်းချီကားပေါ်သို့ ထိမှန်သွားသည်။ နောက်အခိုက်အတန့်မှာ သူအော်လိုက်သည့်အခါ အဝါရောင်အလင်းက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူ့ကို ပန်းချီကားထဲသို့ ဆွဲခေါ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက ပန်းချီကားထဲမှ ရှန်းနုန်ဥယျာဉ်ထဲသို့ ဝင်ရောက်သွားသည်။
သူ၏ ပျောက်ကွယ်သွားမှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ မည်သည့်သဲလွန်စမှ ကျန်မနေခဲ့ပေ။ ဤသည်မှာ သူက လေထဲမှာ ဘွားခနဲ ပျောက်ကွယ်သွားသည့်အလားပင်။ နောက်အခိုက်အတန့်မှာ သူက ခရမ်းဝါးအိမ်လေးထဲမှာ ပြန်ပေါ်လာသည်။
ရှန်းနုန်ဥယျာဉ်ပန်းချီကားကို သန့်စင်ရန် မခက်ခဲပေ။ ပန်းချီကားသည် အစကတည်းက ပိုင်ရှင်မရှိပေ။ သို့ဖြစ်၍ သူ၏ သန့်စင်မှုက အတော်လေး အဆင်ချောမွေ့သည်။ နှစ်နာရီကြာပြီးနောက် သူက ရှန်းနုန်ဝိညာဉ်ကျောက်ပြားကို အပြည့်အဝ သန့်စင်နိုင်သွားသည်။
ဤအခိုက်အတန့်မှာ သူက ရှန်းနုန်ဥယျာဉ်ပန်းချီကား၏ သခင်ဖြစ်သွားသည်။ ပန်းချီကားထဲမှ ရှန်းနုန်ဥယျာဉ်သည်လည်း သူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။
သူတစ်ချက်တွေးလိုက်သည်နှင့် ရှန်းနုန်ပန်းချီကားထဲမှ အရာအားလုံးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာလိမ့်မည်။
“ ရှန်းနုန်ဥယျာဉ်ကို သန့်စင်ပြီးသွားပြီ… ဒီဥယျာဉ်က အောင်းချင်ပြောသလို တကယ်ပဲ မှော်ဆန်လား ငါစမ်းသပ်ကြည့်မယ်… ပြီးတော့ မကြာသေးခင်က ဝိညာဉ်ဝိုင်နဲ့ ငါလဲလှယ်ခဲ့တဲ့ ဝိညာဉ်မျိုးစေ့တွေနဲ့ အပင်တွေကို ဒီမှာ ငါစိုက်ပျိုးနိုင်တယ်… အဲ့ဒါဆိုရင် ဝိညာဉ်အပင်တွေရဲ့ အစွမ်းအာနိသင်က ပျောက်ဆုံးသွားတော့မှာ မဟုတ်ဘူး ”
ယခု သူက ရှန်းနုန်ဥယျာဉ်ပန်းချီကား၏ အရှင်သခင်ဖြစ်သွားသည်။ ထို့ကြောင့် ဤရှန်းနုန်ဥယျာဉ်ပန်းချီကားက အောင်းချင်ပြောသကဲ့သို့ မှော်ဆန်သလော သူစမ်းသပ်ကြည့်ချင်သည်။ သူက တုံ့ဆိုင်းမနေဘဲ စတင်လှုပ်ရှားလိုက်သည်။
နောက်အခိုက်အတန့်မှာ သူက ငါးရောင်ခြယ်မြေဆီလွှာပေါ်မှာ ပြန်ပေါ်လာသည်။ သူ့ခြေထောက်အောက်မှ မြေဆီလွှာကို အာရုံခံလိုက်သည့်အခါ သီရှီထျန် တိတ်တဆိတ် အံ့ဩသွားသည်။ ယင်းက ငါးရောင်ခြယ်မြေဆီလွှာမျှသာ ရှိသေး၏။ အကယ်၍ ယင်းသာ ကောင်းကင်ဘုံကိုးခုမှ နတ်ဘုရားမြေဆီလွှာဖြစ်မည်ဆိုလျှင် မည်မျှအံ့ဖွယ်ကောင်းလိုက်မည်နည်း။
“ ရေကန်က ဒြပ်စင်ငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ အစစ်အမှန်ရေကန် ဖြစ်တယ်… မြစ်က ကောင်းကင်ဘုံမြစ်ဖြစ်တယ်… ဒီလို အံ့ဖွယ်ထူးခြားတဲ့ မြေကြီးနဲ့ ရေရှိနေမှတော့ ဝိညာဉ်အပင်တွေ ဘယ်လိုလုပ် မရှင်သန်နိုင်ဘဲ နေမှာလဲ ”
သေချာကြည့်မည်ဆိုလျှင် ဤနယ်မြေလွတ်က သိပ်မကြီးမားပေ။ ယင်းက အချင်းသုံးမိုင်သာ ကျယ်ဝန်းသည်။ သို့သော်လည်း အပင်စိုက်ပျိုးရန်အတွက် လုံလောက်ပေသည်။ ရှေးလူကြီးများက ဤသို့ပြောသည်။ လောဘကြီးသောလူသည် ဆင်ကို ဝါးမျိုရန် ကြိုးစားနေသော မြွေနှင့် ဆင်တူသည်။ ရှန်းနုန်ဥယျာဉ်ကို သူပိုင်ဆိုင်နိုင်ခြင်းက သူ့အတွက် မဟာကံကောင်းမှု ဖြစ်သည်။ သို့မဟုတ်ဘဲ သူက ထိုထက်ပိုပြီး လိုချင်သည်ဆိုလျှင် လောဘကြီးသောမြွေ ဖြစ်သွားလိမ့်မည်။
သူ့ခါးပေါ်မှ သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်လေရာ ကျောက်စိမ်းသေတ္တာတစ်ခုပြီးတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းတို့တစ်ခုစီက တောက်ပသော ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသည်။ ထိုကျောက်စိမ်းသေတ္တာများထဲမှာ အစောနက သူလဲလှယ်ခဲ့သော ဝိညာဉ်အပင်များနှင့် မျိုးစေ့များ ရှိသည်။ ထို့ပြင် အတိတ်မှာ သူရှာဖွေစုဆောင်းခဲ့သော ဝိညာဉ်အပင်များလည်း ပါဝင်သည်။ ဤအခိုက်အတန့်မှာ သူက သိုလှောင်အိတ်ထဲမှာရှိသော အပင်အားလုံးကို ထုတ်လိုက်သည်။
ပထမဆုံးအနေနှင့် သူက ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကို အပြင်သို့ ထုတ်လိုက်သည်။
မကြာသေးခင်က သူသည် ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်၏ ပွင့်ချပ်သုံးခုကို စားသုံးခဲ့သည်။ ယခု သူတွေးလိုက်သည့်အခါ ပွင့်ချပ်သုံးခုကို စတေးခဲ့ခြင်းက ထိုက်တန်သည်ဟု ခံစားမိသွားသည်။ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်၏ အမြစ်များက အကောင်းတိုင်း ရှိနေဆဲပင်။
သူက မြေကြီးပေါ်မှာ သေးငယ်သော တွင်းတစ်ခု တူးလိုက်ပြီး ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ကို ဂရုတစိုက် စိုက်ပျိုးလိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ဒြပ်စင်ငါးပါးရေကန်ထဲမှ သန့်စင်သောရေက အပေါ်သို့ မြှောက်တတ်သွားပြီး ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်ပေါ်သို့ လောင်းကျသွားသည်။
ထိုအခါ ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်က ထွန်းလင်းတောက်ပသွားပြီး အသက်ဓာတ်ကို ထုတ်လွှတ်လိုက်သည်။ မြက်ပင်၏ အမြစ်များက မြေကြီးထဲသို့ အလွန်နက်ရှိုင်းစွာ တိုးဝင်သွားပြီး ပွင့်ချပ်များက တအိအိလှုပ်သွားသည်။
ပုံရိပ်ယောင်ဝိညာဉ်မြက်ပင်က တဖန်ရှင်သန်သွားသည်။
တစ်ခုသိထားရမည်မှာ တစ်ကြိမ်နုတ်ထားပြီးသော ဝိညာဉ်အပင်များကို ပြန်စိုက်ပျိုးရန် မလွယ်ကူပေ။ သို့သော်လည်း ရုန်းနုန်ဥယျာဉ်ထဲတွင် အပင်များကို အလွယ်တကူ စိုက်ပျိုးနေသည်။ ရှန်းနုန်ဥယျာဉ်သည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ထိုမြင်ကွင်းကို မြင်သောအခါ သီရှီထျန်က တိတ်တဆိတ် ဝမ်းသာပျော်ရွှင်သွားသည်။ သူက အများကြီး တွေးမနေဘဲ တခြားကျောက်စိမ်းသေတ္တာများကိုလည်း ဖွင့်လိုက်သည်။ သူက သေတ္တာများထဲမှ ဝိညာဉ်ဆေးပင်များကို ထုတ်လိုက်သည်။
သူက ရေကန်နှင့်နီးသော နေရာတစ်နေရာကို ရှာဖွေလိုက်ပြီး အမတမက်မွန်ပင်ကို စိုက်ပျိုးလိုက်သည်။ ထို့နောက် သူက အရွယ်ရောက်ပြီးသော တစ္ဆေမျက်နှာမက်မွန်ပင်ကို ထုတ်လိုက်သည်။
တစ္ဆေမျက်နှာမက်မွန်ပင်သည် ဆယ်ပေကျော် ရှည်လျားသည်။ သူစိုက်ပျိုးလိုက်သည်နှင့်ချက်ချင်း ယင်းက ရှင်သန်ကြီးထွားသွားသည်။ ထို့နောက် သူက သွေးဗုဒ္ဓနွယ်ပင်ကို မက်မွန်ပင်အောက်မှာ စိုက်ပျိုးလိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်သည့်အခါ သွေးဗုဒ္ဓနွယ်ပင်သည် အရွယ်ရောက်လာလျှင် မက်မွန်ပင်ပေါ်သို့ တွယ်တတ်သွားနိုင်လိမ့်မည်။
ထို့နောက် သူက သွေးဂျင်ဆင်း၊ လင်ဇီးပင်၊ ဝိညာဉ်မှို အစရှိသော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးလိုက်သည်။ ကြာပန်းများကိုတော့ ရေကန်ထဲမှာ သူစိုက်ပျိုးလိုက်သည်။ ဒြပ်စင်ငါးပါးရေကန်၏ အထောက်အပံ့ကြောင့် ကြာပန်းများက သေချာပေါက် ပွင့်လန်းလာလိမ့်မည်။
မျိုးစေ့များကိုတော့ သူက မြေကွက်လပ်တစ်ခုမှာ ဖြန့်ကြဲလိုက်သည်။ ငါးရောင်ခြယ်မြေဆီလွှာ၏ အစွမ်းအာနိသင်ကြောင့် မကြာခင်မှာ ယင်းတို့က ပျိုးပင်များ ဖြစ်လာကြလိမ့်မည်။
သူက ခရမ်းဝါးပင်များကို ခရမ်းဝါးအိမ်လေး၏ ဘေးပတ်ဝန်းကျင်မှာ စိုက်ပျိုးလိုက်သည်။ ဝါးပင်များက ထိုနေရာမှာ မြန်ဆန်စွာ ရှင်သန်ကြီးထွားလာလိမ့်မည်။ မကြာမီ ဤနေရာက ခရမ်းဝါးတော ဖြစ်လာလိမ့်မည်။
ထို့နောက် သူက ကျန်ရှိသော ဝိညာဉ်ဆေးပင်များနှင့် သစ်ပင်များကို ဆက်လက် စိုက်ပျိုးလိုက်သည်။
ဝိညာဉ်ဆေးပင်များနှင့် သစ်ပင်များ ထွက်ပေါ်လာသည့်အခါ ရှန်းနုန်ဥယျာဉ်က အသက်ဓာတ်ဖြင့် နိုးကြားသက်ဝင်လာသည်။
သီရှီထျန်သည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်း ခပ်ရေးရေး ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။
“ ရှန်းနုန်ဥယျာဉ်ပန်းချီကားနဲ့ဆိုရင် ဝိညာဉ်အပင်တွေနဲ့ ဆေးပင်တွေ အလေအလွင့်ဖြစ်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး ”
သူ၏ စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ အနာဂတ်တွင် ဝိညာဉ်အပင်များ သူရရှိလာသည့်အခါ ယင်းတို့ကို ဤနေရာမှာ စိုက်ပျိုးမည်။ သူက ရှန်းနုန်ဥယျာဉ်ကို အကောင်းဆုံး ဝိညာဉ်စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပစ်မည်။
ထိုအတိုင်း ဖြစ်လာမည်ဆိုလျှင် သူက အနာဂတ်မှာ ဝိညာဉ်အပင်များ ပြတ်လပ်သွားမည်ကို စိုးရိမ်ရန်မလိုတော့ပေ။
ရှန်းနုန်ဥယျာဉ်ပန်းချီကားကြောင့် ဝိညာဉ်ဝိုင်အမျိုးမျိုး ချက်လုပ်ချင်သည့် သူ့အိမ်မက်ကို အကောက်အထည်ဖော်ရန် ခြေတစ်လှမ်း နီးစပ်သွားပြီ ဖြစ်၏။ ယင်းက သူ၏ အခြေခံအုတ်မြစ်ကို ပိုပြီးတောင့်တင်းခိုင်မာစေလိမ့်မည်။ တစ်ခဏကြာပြီးနောက် သူက ရှန်းနုန်ဥယျာဉ်ပန်းချီကားထဲမှ ပြန်ထွက်သွားသည်။
တိတ်ဆိတ်နေသော အခန်းထဲတွင် သီရှီထျန်၏ ပုံရိပ်က ဝှစ်ခနဲ ပြန်ပေါ်လာသည်။ သိပ်မကြာမီ အခန်းတံခါးခေါက်သံက အပြင်မှ ထွက်ပေါ်လာသည်။
“ ဒေါက်… ဒေါက်… ”
“ ဟမ်… ဒီအချိန်ကျမှ ဘယ်သူ ငါ့ကို လာရှာတာလဲ ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ မီးခိုးလှိုင်းကျွန်းစုပေါ်မှာ မိစ္ဆာအများကြီးရှိသော်လည်း သူတို့ကို သူမသိပေ။ ဤနေရာတွင် သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေသူများက ငွေဆံရှည်နှင့် အောင်းချင် ဖြစ်သည်။ မဒူဆာမှလွဲလျှင် မည်သူမှ သူ့အခန်းကို မသိကြပေ။
မဒူဆာများဖြစ်နေမလား… ။
သူက လေးနက်စွာ တွေးတောနေသော်လည်း အသံပြုလိုက်ဆဲပင်။
“ ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ ”
တိတ်ဆိတ်ငြိမ်သက်သော အခန်းထဲမှာ စည်းချအစီအရင်များ ရှိ၏။ မည်သို့ဖြစ်ပါစေ ဤတည်းခိုဆောင်များက နဂါးနန်းတော်၏ စီစဉ်မှု ဖြစ်သည်။ သို့ဖြစ်လေရာ အခန်းထဲတွင် အကာအကွယ်များ မည်သို့မရှိဘဲနေမည်နည်း။ မည်သို့ဖြစ်ပါစေ ဤနေရာမှာ တည်းခိုနေသူများက မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်။
တစ်စုံတစ်ယောက်က အခန်းထဲမှာ ကျင့်ကြံနေသည့်အချိန် အပြင်ဘက်မှ တခြားတစ်ယောက်က အတင်းဝင်ရောက်လာမည်ဆိုလျှင် ချီသွေဖယ်မှုဖြစ်သွားနိုင်သည်။ ထို့ကြောင့် အကာအကွယ်များ မဖြစ်မနေ လိုအပ်သည်။
သီရှီထျန်က ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ပြီး သူ့အခန်းထဲမှ အစီအရင်များကို ဖယ်ရှားလိုက်သည်။
“ ကျွီ ”
တိုးညင်းသော မြည်သံနှင့်အတူ တံခါးက ပွင့်သွားသည်။ အံ့ဩဖွယ်ကောင်းစွာ သူ့အခန်းကို တံခါးလာခေါက်သူသည် သူမျှော်လင့်ထားသကဲ့သို့ မဒူဆာ မဟုတ်နေပေ။ ယင်းအစား လိပ်အိုကြီးတစ်ကောင် ဖြစ်သည်။ ထိုလိပ်အိုကြီးသည် အတိတ်ဘဝမှ ရုပ်မြင်သံကြားဇာတ်လမ်းတွဲထဲမှာ သူမြင်ခဲ့ဖူးသော ပညာရှိလိပ်ဖိုးဖိုးနှင့် ဆင်တူသည်။ သူက လက်ထဲမှာ ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။
အခန်းထဲမှ သီရှီထျန်ကို မြင်သွားသောအခါ လိပ်ဖိုးဖိုးက ပြုံးလိုက်သည်။
“ လူကြီးမင်းကို မိတ်ဆက်ပါတယ်… ကျုပ်က မီးခိုးလှိုင်းရေနဂါးမျိုးနွယ်က ပညာရှိလိပ်ဖိုးဖိုးပါ… အခုလိုအချိန်မှာ ခင်ဗျားကို လာနှောင့်ယှက်မိတာ ကျုပ်ကို ခွင့်လွှတ်ပေးပါ ”
လိပ်ဖိုးဖိုးက အခန်းထဲသို့ ဝင်လာပြီး ပြောသည်။ သူက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲပြီးသော်လည်း သူ့ကျောပေါ်မှ အခွံကို မဖြုတ်ထားပေ။ ကျောပေါ်မှာ အခွံတစ်ခုကို သယ်ဆောင်ထားခြင်းက လိပ်မျိုးနွယ်စု၏ ထူးခြားချက် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လူသားအသွင်သဏ္ဍာန် ပြောင်းလဲသွားလျှင်ပင် ကျောပေါ်မှ အခွံကို မဖြုတ်ကြချေ။
“ အော်… နဂါးနန်းတော်ရဲ့ ပညာရှိအမတ်က ကျုပ်ကို လာတွေ့တာကို… ကျုပ်သီရှီထျန် ခင်ဗျားကို လေးစားပါတယ် ”
အမှန်မှာ သီရှီထျန်သည် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ သရုပ်အဆင့်အတန်းကို ခန့်မှန်းနိုင်သွားသည်။ ကျောပေါ်မှာ လိပ်အခွံသယ်ဆောင်ထားသော အဖိုးအို၏ သရုပ်ကို ခန့်မှန်းရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း သူက လိပ်ဖိုးဖိုးအပေါ် အထင်မသေးဝံ့ပေ။ နဂါးနန်းတော်၏ ပညာရှိအမတ်က မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ သီရှီထျန်က မတ်တတ်ရပ်လိုက်ပြီး စူးစမ်းလိုသော အမူအရာဖြင့် ပြောသည်။
“ ပညာရှိအမတ် ကျုပ်ကို လာရှာတာ ဘာကိစ္စရှိလို့ပါလဲ ”
ရှေးလူကြီးများက ဤသို့ပြောခဲ့သည်။ အကြောင်းမရှိဘဲ ထိုင်စောင့်မနေသင့်ပေ။ ပညာရှိအမတ်သည် မည်သည့်ကိစ္စမှမရှိဘဲ သူ့ဆီသို့ ရောက်လာမည် မဟုတ်ချေ။
“ မိစ္ဆာဘုရင်… ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ ”
ပညာရှိလိပ်ဖိုးဖိုးက ပေါ့ပေါ့ပါးပါး ပြောသည်။
“ ကျုပ်က နောက်ရက်အနည်းငယ်နေရင် ကျင်းပမယ့် ရတနာလဲလှယ်ပွဲရဲ့ တည်နေရာကို မိစ္ဆာဘုရင်ထံ လာအကြောင်းကြားတာပါ… မိစ္ဆာဘုရင် နားမလည်တာရှိရင် ဒီအဖိုးကြီးက ခင်ဗျားရဲ့ မေးခွန်းတွေကို ဖြေကြားပေးပါမယ် ”
အခန်း(၃၅၀)
နဂါးနန်းတော်မှ ပညာရှိလိပ်ဖိုးဖိုးနှင့် စကားအနည်းငယ် ပြောပြီးနောက် ရတနာလဲလှယ်ပွဲကျင်းပမည့် နေရာက နဂါးနန်းတော်ဖြစ်ကြောင်း သီရှီထျန် သိလိုက်သည်။ မည်သို့ဖြစ်ပါစေ မီးခိုးလှိုင်းကျွန်းစုက နဂါးနန်းတော်၏ ပိုင်နက်အတွင်းမှာ တည်ရှိသည်။ ပွဲစီစဉ်သူအနေဖြင့် နဂါးနန်းတော်သည် မိစ္ဆာဘုရင်များကို လျစ်လျူမရှုဝံ့ပေ။
ရတနာလဲလှယ်ပွဲမှာ တတ်ရောက်ရန် အရည်အချင်းပြည့်မီသူများက အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသော မိစ္ဆာဘုရင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက မိစ္ဆာမျိုးနွယ်စု၏ ထောက်တိုင်များ ဖြစ်ကြသည်။
မိစ္ဆာဘုရင်များအနေဖြင့် သူတို့လဲလှယ်မည့် ပစ္စည်းများက သေချာပေါက် သာမန်ပစ္စည်းများ မဟုတ်ပေ။ သို့ဖြစ်၍ ရတနာလဲလှယ်ပွဲကို တခြားလူများ စီစဉ်ကျင်းပရန် မဖြစ်နိုင်ပေ။ အကယ်၍ သူတို့က စီစဉ်ကျင်းပချင်သည်ဆိုလျှင်ပင် ထိုသို့လုပ်ဆောင်နိုင်သော အင်အားမရှိပေ။ အင်အားကြီးမားပြီး သီးခြားတည်ရှိသော နဂါးမျိုးနွယ်စုသာလျှင် ထိုသို့စီစဉ်ကျင်းပနိုင်သော အရည်အချင်းရှိသည်။
ထိုအကြောင်းအရင်းကြောင့် ပညာရှိလိပ်ဖိုးဖိုးက သီရှီထျန်ဆီသို့ ရောက်လာခြင်းပင်။ ယေဘုယျအားဖြင့်ဆိုရသော် ဤတစ်ကြိမ် ရတနာလဲလှယ်ပွဲကျင်းပမည့် တည်နေရာက အနည်းငယ် ထူးခြားသည်။ နဂါးနန်းတော်သည် ဤတစ်ကြိမ်တွင် ရတနာလဲလှယ်ပွဲကို နဂါးဘုရင်၏ သလင်းကျောက်နန်းတော်ထဲမှာ ကျင်းပလိမ့်မည်။
သလင်းကျောက်နန်းတော်သည် နဂါးဘုရင်၏ ဓမ္မရတနာတစ်ခု ဖြစ်သည်။ ယင်းက နယ်မြေလွတ်ရတနာတစ်ခု ဖြစ်သည်။ ယင်း၏ နယ်မြေလွတ်က အစစ်အမှန်နန်းတော်တစ်ခုနှင့် မခြားနားပေ။ ယင်းက ပွဲအခမ်းအနားများ ကျင်းပရန် အထူးသင့်တော်သည်။
သို့သော် သလင်းကျောက်နန်းတော်ထဲသို့ လူတိုင်းမဝင်နိုင်ပေ။ သလင်းကျောက်နန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် တစ်စုံတစ်ယောက်ဆီမှာ ပညာရှိလိပ်ဖိုးဖိုးပေးသော ကျောက်စိမ်းပြား ရှိရမည်။
ပွဲတော်အချိန် ကျရောက်လာသည့်အခါ တစ်စုံတစ်ယောက်က ကျောက်စိမ်းပြားကို ခွဲလိုက်မည်ဆိုလျှင် သလင်းကျောက်နန်းတော်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလိမ့်မည်။ တစ်စုံတစ်ယောက်သည် ပစ္စည်းလဲလှယ်ပြီးလျှင် လွတ်လပ်စွာ ပြန်ထွက်သွားနိုင်သည်။ နဂါးနန်းတော်သည် ပွဲကျင်းပပေးရုံသာ ဖြစ်၏။ သူတို့က ရတနာပစ္စည်းများ လဲလှယ်ခြင်းတွင် လုံးဝ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
သူတို့က ပွဲကို ကြီးကြပ်ထိန်းသိမ်းပေးရန်သာ ရှိနေကြလိမ့်မည်။ သူတို့၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ ယခု ရတနာလဲလှယ်ပွဲ ကျင်းပရန် ရှစ်ရက်သာ ကျန်တော့သည်။
သီရှီထျန်က ပညာရှိလိပ်ဖိုးဖိုးကို အခန်းရှေ့ထိ ပြန်လိုက်ပို့လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အကြည့် ထွက်ပေါ်လာသည်။ သူ့မှာ ပညာရှိလိပ်ဖိုးဖိုးအပေါ် အမြင်ကောင်းရှိသည်။ ပညာရှိလိပ်ဖိုးဖိုး၏ အရှိန်အဝါက ရင်းနှီးဖော်ရွေသည်။ သူက စကားပြောညက်ညောသည်။ ထိုသို့ပုဂ္ဂိုလ်သာလျှင် နဂါးနန်းတော်၏ ပညာရှိအမတ်လုပ်ရန် သင့်တော်သည်။
ထို့ပြင် ပညာရှိအမတ်တာဝန်ကို လိပ်မျိုးနွယ်စုမှ ပုဂ္ဂိုလ်များသာလျှင် ထမ်းဆောင်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် လိပ်မျိုးနွယ်စုသည် အလွန်သက်တမ်းရှည်လျားသည်။ သူတို့က တခြားမျိုးနွယ်စုများ မတွေ့ကြုံဖူးသော ကိစ္စများကို တွေ့ကြုံဖူးကြသည်။ လိပ်များသည် သူတို့၏ ရှည်လျားသော သက်တမ်းနှင့် အတွေ့အကြုံများပြားမှုကြောင့် နဂါးဘုရင်အတွက် အားကိုးအားထားရသော ပညာရှိအမတ်များ ဖြစ်လာကြသည်။
“ ရတနာလဲလှယ်ပွဲကို ငါတတ်ရောက်ရမယ်… ဒါပေမဲ့ ရတနာလဲလှယ်ပွဲကျင်းပဖို့ ရှစ်ရက်ကျန်နေသေးတယ်… အဲ့ဒီရှစ်ရက်ကို အလဟဿ ငါအချိန်ဖြုန်းလို့ မဖြစ်ဘူး… အဲ့ဒီရက်တွေမှာ အပြင်ထွက်ပြီးတော့ ငါဆိုင်ခင်းရမယ်… အခု ငါ့မှာ ရှန်းနုန်ဥယျာဉ်ပန်းချီကားရှိသွားပြီဆိုတော့ ဝိညာဉ်ဆေးပင်တွေကို တတ်နိုင်သလောက် ငါများများ စုဆောင်းရမယ် ”
သီရှီထျန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ပစ္စည်းကောင်းများကို ပိုဝယ်ယူခြင်းက မှားယွင်းသောအရာ မဟုတ်ပေ။ ထို့ပြင် သူ့မှာ ဝိညာဉ်ဝိုင်များ အများကြီး ကျန်နေသေးသည်။ အကယ်၍ ထိုဝိညာဉ်ဝိုင်များ ကုန်သွားမည်ဆိုလျှင်ပင် သူ့ဆီမှာ ဆယ်နှစ်သက်တမ်းရှိသော မျောက်မင်းဝိုင် ကျန်နေဦးလိမ့်မည်။ ရတနာလဲလှယ်ပွဲအတွက်တော့ ထွေထွေထူးထူး သူပြင်ဆင်နေရန် မလိုပေ။
ထိုအချိန်ကျလျှင် သူက နှစ်တစ်ရာမျောက်မင်းဝိုင်တချို့ကို ထုတ်လိုက်မည်။ အကယ်၍ ယင်းက မလုံလောက်သေးလျှင် အရှားပါးဆုံးဖြစ်သော နှစ်တစ်ထောင်မျောက်မင်းဝိုင်ကို သူထုတ်လိုက်မည်။ နှစ်တစ်ထောင်မျောက်မင်းဝိုင်က အလွန်ရှားပါးလေရာ သူ့ဆီမှာပင် ဝိုင်ဘူးသီးခြောက်ဆယ်ခုသာ ရှိသည်။
ယင်းတို့၏ တန်ဖိုးက သာမန်မျောက်မင်းဝိုင်ထက် အဆပေါင်းများစွာ သာလွန်သည်။ ထိုသို့မျောက်မင်းဝိုင်တစ်ငုံကို ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်ပေ။ ထို့ကြောင့် ရတနာလဲလှယ်ပွဲ၌ ပစ္စည်းကောင်းများဖြင့် သူမလဲလှယ်နိုင်မည်ကို စိတ်မပူပေ။
သီရှီထျန်သည် အများကြီး မတွေးနေပေ။ နောက်တစ်နေ့တွင် သူက မနေ့က နေရာဆီသို့ ပြန်သွားပြီး ဆိုင်ခင်းကာ စီးပွားရေးစလုပ်လိုက်သည်။
မီးခိုးလှိုင်းကျွန်းစုပေါ်တွင် မိစ္ဆာအများအပြား စုဝေးရှိနေကြသည်။ ထို့နည်းတူပင် မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်မှာလည်း မသေမျိုးကျင့်ကြံသူအများအပြား စုဝေးရှိနေကြသည်။
မြောက်ပိုင်းအမှောင်ကျွန်းစုသည် မြောက်ပိုင်းအမှောင်ရေကန်၏ အလယ်မှာ တည်ရှိသည်။ မီးခိုးလှိုင်းရေကန်နှင့် မတူသည်မှာ မြောက်ပိုင်းအမှောင်ရေကန်က အလွန်အန္တရာယ်များပြီး အပျက်အစီးနေရာတစ်နေရာ ဖြစ်သည်။ ရေကန်ထဲမှ ရေကို မရဏရေဟု ခေါ်ပြီး အလွန်အေးစက်သည်။ ရေက ထိုသို့အေးစက်နေရသည့် အကြောင်းအရင်းကိုတော့ မည်သူမှ မသိပေ။ ရေကန်၏ မျက်နှာပြင်ပေါ်တွင် အအေးလှိုင်းများ ထွက်ပေါ်နေသည်။ ညအချိန်ရောက်သည့်အခါ အအေးဓာတ်က ပိုပြီးအားကောင်းလာသည်။ ကောင်းကင်က မည်းမှောင်သွားသည့်အခါ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ရေခဲအလွှာများ ထွက်ပေါ်လာလေ့ရှိသည်။ အမှောင်မိုက်ဆုံး ညများ၌ ရေခဲအလွှာက ရေကန်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ညအချိန်မှာ မြောက်ပိုင်းအမှောင်ရေကန်ထဲသို့ ပြုတ်ကျသွားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က ရေခဲရုပ်တု ဖြစ်သွားလိမ့်မည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူသည်ပင် ထိုအအေးဓာတ်ကို ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
သာမန်ရေနေသတ္တဝါများသည် ထိုသို့ပတ်ဝန်းကျင်နှင့် နေသားကျလိမ့်မည် မဟုတ်ချေ။ သူတို့သည် ရေကန်ထဲသို့ ဝင်ရောက်သွားပြီးလျှင် တစ်နာရီမပြည့်ခင်မှာ အေးခဲသေဆုံးသွားကြလိမ့်မည်။
သို့သော်လည်း မြောက်ပိုင်းအမှောင်ရေကန်က အနည်းငယ် ထူးဆန်းသည်။ သာမန်ရေနေသတ္တဝါများက ဤနေရာမှာ အသက်မရှင်နိုင်ကြသော်လည်း နေမီးလျှံငါးဟုခေါ်သော ထူးထူးဆန်းဆန်း ငါးတစ်မျိုး ရှိသည်။ ထိုငါး၏ ခန္ဓာကိုယ်က ရဲရဲတောက် အနီရောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ အလွန်ပြင်းထန်သော အပူဓာတ် ပါဝင်နေသည်။ ထို့ကြောင့် နေမီးလျှံငါးသည် အလွန်အေးစက်သော ဤမြောက်ပိုင်းအမှောင်ရေကန်ထဲမှာ အေးခဲမသေကြချေ။ ယင်းအစား သူတို့က ပင်လယ်ထဲမှ ငါးများကဲ့သို့ လွယ်ကူချောမွေ့စွာ ကူးခတ်သွားလာနိုင်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ အပူဓာတ်က ရေကန်၏ အအေးဓာတ်ကို လွင့်ပြယ်စေသည်။
ပိုပြီးထူးဆန်းဖွယ်ကောင်းသော အချက်မှာ တစ်စုံတစ်ယောက်က နေမီးလျှံငါးကို စားလိုက်မည်ဆိုလျှင် သူ၏ သက်တမ်းက ပိုရှည်လျားသွားလိမ့်မည်။ နေမီးလျှံငါး၏ ဦးခေါင်းပေါ်မှ အဖြူရောင်အကြေးခွံများက ရေဒြပ်စင်နှင့် မီးဒြပ်စင်ကို သဘာဝအလျောက် ခုခံကာကွယ်နိုင်သည်။ ရှေးခေတ်တွင် မသေမျိုးကျင့်ကြံသူတချို့သည် နေမီးလျှံငါးများ၏ အဖြူရောင်အကြေးခွံများကို လိုက်လံစုဆောင်းခဲ့သည်။ ထို့နောက် သူတို့က ကောင်းကင်အကြေးခွံဝတ်စုံဟုခေါ်သော ရတနာတစ်ခုကို ဖန်တီးသန့်စင်လိုက်သည်။
တစ်စုံတစ်ယောက်က ထိုဝတ်စုံကို ဝတ်လိုက်မည်ဆိုလျှင် ရေနှင့် မီးကို ကြောက်စရာမလိုတော့ပေ။ ထို့ပြင် ယင်းက မကောင်းဆိုးဝါးများကိုလည်း တားဆီးပေးနိုင်သည်။
ကောင်းကင်အကြေးခွံဝတ်စုံသည် အမှန်တကယ်ပင် ရှားပါးရတနာတစ်ခု ဖြစ်သည်။
သို့သော်လည်း နေမီးလျှံငါးအမြောက်အမြား ဖမ်းဆီးခံရပြီးနောက် သူတို့က ယခု အလွန်ရှားပါးသွားသည်။
ဤအခိုက်အတန့်မှာ မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်တွင် မသေမျိုးကျင့်ကြံသူအမြောက်အမြား စုဝေးရှိနေကြသည်။ ကျွန်းစုပေါ်တွင် အအေးဓာတ်က အလွန်ပြင်းထန်သော်လည်း ယင်းက သူတို့နှလုံးသားထဲမှ မီးတောက်ကို မငြိမ်းသတ်နိုင်ပေ။ ယင်းအစား အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှ ရတနာများအပေါ် သူတို့၏ လိုချင်တပ်မက်စိတ်က ပိုပိုပြီးအားကောင်းလာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်မှာ စုဝေးနေသော ကျင့်ကြံသူအရေအတွက်က မိစ္ဆာမျိုးနွယ်စုထက် အများကြီး ပိုများကြောင်း မြင်နိုင်လိမ့်မည်။ အခြေတည်နယ်ပယ် ကျင့်ကြံသူများ၊ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက ကျွန်းစုပေါ်မှာ စုဝေးနေကြသည်။
ထုံးစံအားဖြင့် ကျွန်းစုပေါ်မှာ ထိုမျှများပြားသော ကျင့်ကြံသူများ စုဝေးရှိနေလေရာ ဈေးပွဲတော်က အလိုအလျောက် ဖြစ်ပေါ်လာသည်။ အရေအတွက်များပြားသော ကျင့်ကြံသူများက ဈေးရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြသည်။ ယင်းက ကျွန်းစုကို စည်ကားသိုက်မြိုက်စေသည်။ မသေမျိုးကျင့်ကြံသူအရေအတွက်သည် ပျဉ်းမျှအားဖြင့် တစ်သိန်းကျော်သည်။
ပညာရှင်ကျင့်ကြံသူများက ဤနေရာမှာ စုဝေးနေကြသည်။
ကျွန်းစုပေါ်တွင် တည်းခိုဆောင်များ၊ စားသောက်ဆိုင်များ ရှိသည်။ ယင်းတို့က အရေအတွက် အလွန်များပြားသည်။ ဤအခိုက်အတန့်မှာ တည်းခိုဆောင်တစ်ခု၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းထဲဝယ် အမျိုးသမီးနှစ်ယောက်က အတူတူ ထိုင်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာပေါ်မှာ ဇာပဝါရှိသည်။ သူ၏ ပေါင်ပေါ်တွင် ကုချင်းတစ်ခုကို တင်ထားသည်။ သူ၏ အရှေ့မှ မိန်းကလေးသည်တော့ အသက်ငယ်ရွယ်ပြီး ပေါ့ပါးသွက်လက်ပုံပေါ်သည်။
“ အမကိုတိုမီ… အကိုသီရော ဒီတစ်ကြိမ် ဖွင့်လှစ်မယ့် ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်မှာလားဟင် ”
မိန်းကလေးသည် သူ့လက်နှစ်ဖက်ဖြင့် မေးကို ထောက်ထားလျက် မျှော်လင့်တကြီး မေးသည်။
“ ရှောင်သွဲ့က အကိုသီကို မမြင်ရတာ တစ်နှစ်ပြည့်တော့မယ်… အခု အကိုသီ ဘာလုပ်နေမလဲ ငါသိချင်မိတယ် ”
အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုမိန်းကလေးကို အကြည့်တစ်ချက်ဖြင့် သူမှတ်မိသွားလိမ့်မည်။ ထိုမိန်းကလေးသည် ကုချင်းချိုင့်ဝှမ်းထဲမှာ သူတွေ့ဆုံခဲ့သော လင်းသွဲ့ဖြစ်သည်။ အတိတ်မှာ လင်းသွဲ့သည် ချင်မိသားစုထဲသို့ ဝင်ရောက်ခဲ့သည်။
သူ့အရှေ့၌ ဇာပဝါဝတ်ဆင်ထားသော အမျိုးသမီးသည်တော့ ကိုတိုမီ ဖြစ်သည်။
“ အကိုသီ သေချာပေါက် ရောက်လာလိမ့်မယ်လို့ ငါခံစားမိတယ် ”
ကိုတိုမီသည် သူ၏ လက်ထဲမှ ကုချင်းကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ သိမ်မွေ့နူးညံ့သော စိတ်ခံစားချက်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။
“ ငါ့အဖေရဲ့ ပြောကြားချက်အရ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်စုရဲ့ အထွတ်အထိပ်ပညာရှင်တစ်ဦး ချန်ထားခဲ့တဲ့ အမွေအနှစ်နယ်မြေ ဖြစ်တယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ သွားနိုင်တဲ့ ဝင်ပေါက်နှစ်ခုရှိတယ်… ဝင်ပေါက်တစ်ခုကို မိစ္ဆာမျိုးနွယ်စုကလွဲလို့ တခြားမျိုးနွယ်တွေ မသိကြဘူး… တကယ်လို့ သူတို့သိရင်တောင် အဲ့ဒီကို မသွားနိုင်ကြဘူး… ကောလဟာလအရ နဂါးမျိုးနွယ်စုက အဲ့ဒီဝင်ပေါက်ကို စောင့်ကြပ်ပေးနေတယ် ”
“ ဝင်ပေါက်က မတူဘူးဆိုပေမဲ့ လျှို့ဝှက်နယ်မြေထဲမှာ အကိုသီနဲ့ နောက်တစ်ကြိမ် ငါတွေ့ဆုံနိုင်လိမ့်မယ်လို့ ခံစားမိတယ် ”
ကိုတိုမီ၏ လေသံထဲမှာ သေချာမှုရှိသော အရိပ်အမြွက် ရှိ၏။
“ ဟီး ဟီး… ရှောင်သွဲ့လည်း အကိုသီနဲ့ တွေ့ချင်တယ်… အကိုသီက မိစ္ဆာဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပါဘူး… အကိုသီက ရှောင်သွဲ့ကို နာကျင်အောင် မလုပ်ခဲ့ဘူး… မိစ္ဆာတိုင်းက လူဆိုးမဟုတ်ပါဘူး ”
ရှောင်သွဲ့သည်လည်း သီရှီထျန်၏ သရုပ်မှန်ကို သိထားသည်။
အစတွင် သူက အံ့ဩသွားသော်လည်း သီရှီထျန်အပေါ် မုန်းတီးစိတ်မရှိပေ။ အထူးသဖြင့် သူတို့က ကုချင်းချိုင့်ဝှမ်းထဲမှာ မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်၍ သီရှီထျန်က လူဆိုးမဟုတ်ကြောင်း သူသိသည်။
အခြားအခန်းတစ်ခန်းတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချူယွင်က ပြတင်းပေါက်အပြင်ကို ငေးကြည့်နေရင်း မျက်ခုံးပင့်တင်လိုက်သည်။ သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး တီးတိုးပြောသည်။
“ ခမည်းတော်က ငါ့ကို ချူမိသားစုရဲ့ တန်ဖိုးကြီးရတနာကို ပေးပြီး ဒီမှာ အခွင့်အရေးရှာဖွေဖို့ စေလွှတ်လိုက်တယ်… ခမည်းတော်ကို ငါစိတ်ပျက်စေလို့ မဖြစ်ဘူး… အဲ့ဒီကျိုးယွမ်ဖေးက ဘာမှသောက်သုံးမကျဘူး… မိစ္ဆာကျားတစ်ကောင်ကိုတောင် အနိုင်မယူနိုင်ဘူး… ဒါနဲ့များ သူက ငါ့ကို လက်ထပ်ချင်သေးတယ်… စိတ်ကူးယဉ်နေလိုက်… ဒီတစ်ကြိမ် ဖွင့်လှစ်မယ့် ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာ အခွင့်အရေးကို ငါရရှိမယ်ဆိုရင် ငါ့ရဲ့ စွမ်းအားက ကြီးကြီးမားမား တိုးတတ်သွားလိမ့်မယ်… အဲ့ဒီအခါ ငါသွားချင်တဲ့နေရာကို သွားနိုင်ပြီ… ဘယ်သူမှ ငါ့ကို ချုပ်ခြယ်နိုင်တော့မှာ မဟုတ်ဘူး ”
သူ့စိတ်ထဲမှာ မိစ္ဆာကျားနက်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ မိစ္ဆာကျားနက်ကို ဝိညာဉ်သားရဲအဖြစ် ထိန်းကျောင်းချင်သော သူ၏ ဆန္ဒက မည်သည့်အခါမှ မပျောက်ကွယ်သွားပေ။
လင်းနန်မြို့တော်မှ လီမိသားစုသည် ဤတစ်ကြိမ်တွင် မိသားစုထဲမှ လက်ရွေးစင်တပည့်အားလုံးကို စေလွှတ်လိုက်သည်။ အဖွဲ့ခေါင်းဆောင်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် အကြီးအကဲတစ်ယောက် ဖြစ်သည်။
ထိုအကြီးအကဲသည် လီမိသားစု၏ မရေမတွက်နိုင်သော ကျင့်ကြံခြင်းအရင်းအမြစ်များကို အသုံးပြုပြီးနောက် မကြာသေးမီကမှ အဆင့်တတ်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ လီမိသားစုသည် ဤတစ်ကြိမ်၌ အစွမ်းကုန် အသုံးပြုလိုက်ပြီ ဖြစ်သည်။
ချူမိသားစုက မင်းသမီးချူယွင်ကို စေလွှတ်လိုက်စဉ် ချင်မိသားစုက ကိုတိုမီကို စေလွှတ်လိုက်သည်။ သွေးတိမ်ဂိုဏ်းသည်လည်း ဤသို့အခွင့်အရေးကို မည်သို့လက်လွှတ်ခံမည်နည်း။ ဂိုဏ်းထဲမှ လက်ရွေးစင်တပည့်အမြောက်အမြားက ဤနေရာမှာ စုဝေးနေကြသည်။
ယခုအချိန်၌ မသေမျိုးကျင့်ကြံခြင်းလောက၏ အင်အားစုအသီးသီးမှ လက်ရွေးစင်များက မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်မှာ စုဝေးနေကြသည်။
မှန်ပေသည်။ မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းကြီးများနှင့် အင်အားစုကြီးများက သူတို့၏ လက်ရွေးစင်များကို စေလွှတ်လိုက်သော်လည်း ယင်းက ဂိုဏ်းကြီးများနှင့် အင်အားစုကြီးများ၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေပေ။ ကောင်းကင်လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတိုင်း ကျင့်ကြံသူ(၃၀)ရာခိုင်နှုန်းသာ အပြင်သို့ ပြန်ထွက်လာနိုင်ကြောင်း သူတို့သိကြသည်။ လျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားကြသူများက မရေမတွက်နိုင်အောင် များပြားလှ၏။
သို့ဖြစ်၍ ဂိုဏ်းကြီးများသည် သူတို့၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေရန် အင်အားအကုန် မစေလွှတ်ကြပေ။ လျှို့ဝှက်နယ်မြေထဲမှ ရတနာများက အလွန်တန်ဖိုးကြီးမားသည်။
သို့သော်လည်း ရတနာများက မည်မျှတန်ဖိုးကြီးမားပါစေ သေလူများ၏ လက်ထဲတွင် မည်သည့်တန်းဖိုးမှမရှိပေ။
သို့တိုင် မြောက်ပိုင်းအမှောင်ကျွန်းစုထဲမှာ စုဝေးနေသော မသေမျိုးကျင့်ကြံသူများ၏ အလုံးစုံအင်အားက အလွန်ကြောက်စရာကောင်းနေဆဲပင်။ သူတို့၏ အင်အားက မိစ္ဆာမျိုးနွယ်စုထက် အများကြီး ပိုသန်မာသည်။
အခန်း(၃၅၁)
အတိတ်၌ သီရှီထျန် ကြုံတွေ့ခဲ့သော ဂိုဏ်းများသည် မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်တွင်မူ ကျားသစ်၏ ခန္ဓာကိုယ်ပေါ်မှ အစက်အပြောက်များနှင့် ဆင်တူသည်။ ဥပမာအနေဖြင့် ဂိုဏ်းကြီးများကို ကြည့်နိုင်သည်။
သားရဲတစ်သောင်းဂိုဏ်း၊ မဟာကောင်းကင်ဂိုဏ်း၊ သွေးတိမ်ဂိုဏ်းနှင့် လျန်ယွင်ဂိုဏ်း ယင်းတို့က ဂိုဏ်းကြီးများ ဖြစ်ကြသည်။ သို့သော်လည်း မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်တွင် ထိုသို့ဂိုဏ်းကြီးများက ဒါဇင်ခန့် စုဝေးနေကြသည်။
ဂိုဏ်းကြီးများ၏ အထက်တွင်မူ မဟာသူတော်စင်ကုန်းမြေလေးခု ရှိသည်။ ယင်းတို့က ကောင်းကင်ဓားချိုင့်ဝှမ်း၊ မိစ္ဆာတစ်သောင်းနန်းတော်၊ မဟာသူတော်စင်ကမ်းစပ်နှင့် ဟင်းလင်းပြင်ဘုရားကျောင်းတို့ ဖြစ်ကြသည်။ ယင်းတို့က မသေမျိုးကျင့်ကြံခြင်းလောက၌ အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်ထားကြသော မဟာသူတော်စင်ကုန်းမြေလေးခု ဖြစ်သည်။
ထို့ပြင် ခရမ်းရွှေကုန်းမြေ၌ ရုပ်လုံးထုတ်မပြသေးသော လျှို့ဝှက်အဖွဲ့အစည်းများ အများကြီး ရှိသည်။ မသေမျိုးကျင့်ကြံခြင်းလောက၌ ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေသော အင်အားစုများက မည်မျှများပြားကြောင်း မည်သူမှမသိပေ။ သူတို့ကို လာမထိသေးသရွေ့ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။ သို့မဟုတ်ဘဲ သူတို့ကို ခြိမ်းခြောက်နိုင်သော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည့်အခါ သူတို့က အံ့ဖွယ်ကောင်းသော အင်အားကို ထုတ်ပြကြလိမ့်မည်။
ဥပမာ ချင်မိသားစုကို ကြည့်နိုင်သည်။ အပေါ်ယံတွင် ချင်မိသားစု၏ အင်အားက အထင်ကြီးဖွယ်မကောင်းပေ။ ချင်မိသားစုခေါင်းဆောင် ချင်ရွှမ်းသည် အလွန်ဆုံး ဝိညာဉ်သန္ဓေတည်နယ်ပယ်မှာသာ ရှိနိုင်သည်။ သို့သော်လည်း သေရေးရှင်ရေးအခြေအနေမျိုးတွင် ချင်မိသားစု ထုတ်လွှတ်နိုင်သော အင်အားက ထိုထက် အများကြီး ပိုသည်။
အလုံအလောက်သန်မာသော အင်အားမရှိလျှင် ချင်မိသားစုက လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ကြပ်နိုင်ခဲ့မည် မဟုတ်ချေ။ လျှို့ဝှက်အင်အားကို အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည်။
မကြာခင် ဖွင့်လှစ်တော့မည့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသည် ပုန်းကွယ်နေသော ထိုအင်အားစုများကိုပင် ဆွဲဆောင်နိုင်သော ကိစ္စအကြီးကြီး ဖြစ်သည်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်တွင် ကျွမ်းကျင်ပညာရှင်များဖြင့် ပြည့်နှက်နေသည်။ လမ်းမှာတွေ့သော ကြုံရာကျပန်း လူငယ်တစ်ယောက်သည်ပင် အင်အားစုကြီးတစ်ခု၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်နေနိုင်သည်။ ဤနေရာသည် အမှန်တကယ်ပင် မြင့်မြတ်သော ပုဂ္ဂိုလ်များ စုဝေးရာနေရာ ဖြစ်သည်။
သို့သော်လည်း မြောက်ပိုင်းအမှောင်ကျွန်းစုမှာဖြစ်စေ သို့မဟုတ် မီးခိုးလှိုင်းကျွန်းစုမှာဖြစ်စေ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်က မဖွင့်လှစ်သေးပေ။ ထို့ကြောင့် သူတို့သည် ကျွန်းစုပေါ်မှာ ထိုင်စောင့်နေကြသည်။
လျှို့ဝှက်နယ်မြေဖွင့်လှစ်သည့်အခါ အထဲသို့ ဝင်ရောက်ခြင်း မဝင်ရောက်ခြင်းက သူတို့၏ သဘောဆန္ဒပေါ်မှာသာ မူတည်လိမ့်မည်။ အကယ်၍ သူတို့က အထဲသို့ ဝင်ရောက်မည်ဆိုလျှင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများသည်ပင် ကြီးမားသော အန္တရာယ်များကြောင့် အသက်ဆုံးရှုံးသွားနိုင်သည်။
ထိုလျှို့ဝှက်နယ်မြေကို မည်သူဖန်တီးခဲ့ကြောင်း မမေ့သင့်ပေ။
ကောင်းကင်မိစ္ဆာ၏ မျက်လုံးထဲတွင်မူ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက ပုရွက်ဆိတ်များနှင့် မခြားပေ။ သူတို့၏ အရေအတွက်က မည်မျှများပြားပါစေ သူက လက်တစ်ချောင်းတည်းဖြင့် သူတို့ကို သုတ်သင်ပစ်နိုင်သည်။
မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်မှ အခြေအနေက လက်ရှိသီရှီထျန်အတွက် ဘာမှမဟုတ်ပေ။ သူက ယင်းကို သိရှိသွားလျှင်ပင် အများကြီး အာရုံစိုက်လိမ့်မည် မဟုတ်ချေ။
သူက သူ့ကိုယ်ပိုင်အစီအစဉ်အတိုင်း ကျွန်းစုပေါ်မှာ ရှစ်ရက်ကြာအောင် ဆိုင်ခင်းခဲ့သည်။ သူက နေ့စဉ်နေ့တိုင်း အရေအတွက်များပြားသော ဝိညာဉ်အပင်များကို မျောက်မင်းဝိုင်ဖြင့် လဲလှယ်ခဲ့သည်။ ရှစ်ရက်ကြာပြီးနောက် သူက ဝိညာဉ်အပင်အမြောက်အမြားကို စုဆောင်းမိသွားသည်။ တချို့ဝိညာဉ်အပင်အများက အနည်းငယ် ထူးဆန်းသည်။ ယင်းတို့ကို တစ်ခါမှ သူမကြားဖူးပေ။ သို့သော်လည်း သူက ငြင်းမနေဘဲ အကုန်လက်ခံခဲ့သည်။ ယင်းက ဝိညာဉ်အပင် သို့မဟုတ် ရှားပါးဆေးဖက်ဝင်အပင်ဖြစ်သည်ဆိုလျှင် သူငြင်းလိမ့်မည် မဟုတ်ချေ။ ယင်းတို့က အရေအတွက်မည်မျှများပြားပါစေ သူက အကုန်လက်ခံလိမ့်မည်။ သူ့မှာ တခြားပစ္စည်းများ မရှိပေ။ သို့သော်လည်း ဝိုင်က အများကြီး ရှိသည်။
သူ့ကို ဝမ်းသာသွားစေသည်မှာ တတိယမြောက်နေ့တွင် သူလိုချင်နေသော ရေခဲမီးတောက်သစ်သီးကို မိစ္ဆာတစ်ကောင်က ဝိညာဉ်ဝိုင်ဘူးသီးခြောက်ဆယ်ခုဖြင့် လဲလှယ်သွားခဲ့သည်။ မှန်ပေသည်။ ရေခဲမီးတောက်သစ်သီးတစ်လုံးက ဝိညာဉ်ဝိုင်ချက်လုပ်ရန် မလုံလောက်ပေ။ သို့သော်လည်း ထိုမိစ္ဆာသည် ရေခဲမီးတောက်သစ်သီးပင်ကိုလည်း သူ့အား သစ်သီးနှင့်တွဲလျက် ပေးခဲ့သည်။ ရေခဲမီးတောက်သစ်သီးပင်သည် မရှည်လျားပေ။ ယင်း၏ အရောင်က ရေခဲသလင်းကျောက်နှင့် ဆင်တူသည်။ ယင်းက အရွယ်ရောက်ပြီးသား သစ်ပင်ဖြစ်လေရာ နောက်ထပ် မကြီးထွားနိုင်တော့ပေ။
ငါးရောင်ခြယ်မြေဆီလွှာသည် မည်သည့်ဝိညာဉ်အပင်မဆို ရှင်သန်ကြီးထွားနိုင်သော မြေကြီး ဖြစ်သည်။ သို့ဖြစ်၍ ဝိညာဉ်အပင် ပြန်လည်ရှင်သန်လာပြီး ကြီးထွားလာရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ သီရှီထျန်သည် အချိန်တစ်ခဏ စောင့်ရန် ကြံရွယ်ထားသည်။ အချိန်ကျလာသည့်အခါ သူက ရေခဲမီးတောက်သစ်သီးပင်၏ အကိုင်းအခတ်များကို ဖြတ်၍ နောက်ထပ် စိုက်ပျိုးလိမ့်မည်။
ထိုနည်းဖြင့်ဆိုလျှင် အနာဂတ်မှာ သူက “ အံ့ဖွယ်ရေခဲမီးတောက်ကျောက်စိမ်းဝိုင် ”ကို ချက်လုပ်ရန် ရေခဲမီးတောက်သစ်သီးများကို အလုံအလောက် ပိုင်ဆိုင်သွားလိမ့်မည်။ ယင်းက မျောက်မင်းဝိုင်ထက် မနိမ့်သော ဝိညာဉ်ဝိုင်ဖြစ်သည်။
“ မီးခိုးလှိုင်းကျွန်းစုပေါ်မှာ ငါ့ရဲ့ ရိတ်သိမ်းမှုက တကယ် အံ့မခန်းပဲ… ငါ့မှာ ရှန်းနုန်ဥယျာဉ်ပန်းချီကားနဲ့ ဝိညာဉ်အပင်တွေ အများကြီး ရှိသွားပြီ… အဲ့ဒါတွေနဲ့ဆိုရင် ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အချိန်တိုလေးအတွင်းမှာ အင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်… ‘ အံ့ဖွယ်ရေခဲမီးတောက်ကျောက်စိမ်းဝိုင် ’ကို ငါချက်လုပ်နိုင်တဲ့အခါ ဝိုင်နတ်ဘုရားရဲ့ အံ့ဖွယ်ရတနာကြေးမုံက နောက်ထပ် ဝိညာဉ်ဝိုင်တစ်မျိုးရဲ့ ချက်လုပ်နည်းကို ငါ့ကို ဖော်ပြပေးလိမ့်မယ်… ဒါပေမဲ့ ရတနာလဲလှယ်ပွဲက မကြာခင် စတင်တော့မယ် ”
သီရှီထျန်က အသံလုံအခန်းထဲမှာ ထိုင်နေသည်။ သူ့လက်ထဲတွင် ပညာရှိလိပ်ဖိုးဖိုးပေးခဲ့သော ကျောက်စိမ်းပြားကို ကိုင်ထားသည်။ ကျောက်စိမ်းပြားမှာ မည်သည့်ထူးခြားချက်မှ မရှိပေ။ သို့သော် ဤအခိုက်အတန့်တွင် ကျောက်စိမ်းအလင်းက ကျောက်စိမ်းပြားပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။ အချိန်ကို သူတွက်ကြည့်လိုက်သည့်အခါ ရတနာလဲလှယ်ပွဲစတင်ရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ရတနာလဲလှယ်ပွဲကို အများကြီး စိတ်မဝင်စားပေ။
ကျွန်းစုပေါ်မှ ပစ္စည်းလဲလှယ်ခြင်းက အဆင့်နိမ့်ရတနာများအတွက် ဖြစ်သည်ဆိုလျှင် ရတနာလဲလှယ်ပွဲက အဆင့်မြင့်ရတနာများအတွက် ဖြစ်လိမ့်မည်။
ကျောက်စိမ်းပြား၏ တုံ့ပြန်မှုကို မြင်သွားသောအခါ သလင်းကျောက်နန်းတော်ဆီသို့ သူဝင်သွားရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။
“ ခရက် ”
သူက တုံ့ဆိုင်းမနေဘဲ သူ့လက်ထဲမှ ကျောက်စိမ်းပြားကို ခွဲပစ်လိုက်သည်။ ကျောက်စိမ်းပြားသည် ကွဲကြေသွားပြီးနောက် မရေမတွက်နိုင်သော အဖြူရောင်အလင်းစက်များအဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ အလင်းစက်များက လူတစ်ယောက် ဖြတ်သန်းနိုင်သော တံခါးတစ်ချပ်အဖြစ် ဖွဲ့စည်းသွားသည်။ သီရှီထျန်သည် တံခါးကို မြင်သောအခါ အထဲသို့ လျှောက်သွားသည်။ တံခါးထဲသို့ သူဝင်သွားသည်နှင့်ချက်ချင်း မျက်စိတစ်မှိတ်အတွင်းမှာ သူက ပျောက်ကွယ်သွားသည်။ သူပျောက်ကွယ်သွားသည့်အခါ တံခါးသည်လည်း ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
သီရှီထျန်သည် အပြင်လောကတွင် မည်သည့်လုပ်စရာမှ မရှိပေ။ သူ့မှာ ဝိုင်ချက်လုပ်ရန် ဝိုင်မြက်နှင့် ရေခဲမီးတောက်သစ်သီး ရှိသည်။ တခြားလိုအပ်သော ဝိညာဉ်ရတနာများကို ရှန်းနုန်ဥယျာဉ်ထဲမှာ ရှာဖွေနိုင်သည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်သည် ဝိုင်ချက်လုပ်ရန် အကောင်းဆုံး ရတနာပစ္စည်း ဖြစ်သည်။
ဘူးသီးခြောက်ထဲမှာ ဝိုင်ရေကန်ရှိသည်။ ဝိုင်ရေကန်ကို ဝိုင်ချက်လုပ်ရန် အသုံးပြုနိုင်သည်။ ဝိညာဉ်ဆေးပင်အမျိုးမျိုးကို ဖော်စပ်နည်းအတိုင်း ဝိုင်ရေကန်ထဲသို့ ထည့်သွင်းမည်ဆိုလျှင် ဝိုင်ရေကန်က အလိုအလျောက် ဝိုင်ချက်လုပ်ပေးလိမ့်မည်။ သူက အထူးတလည် အာရုံစိုက်ပေးရန် မလိုပေ။
ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှာ နောက်ထပ် ဝိုင်တစ်မျိုး ထပ်တိုးလာရန် သိပ်မလိုတော့ပေ။ ဝိုင်နတ်ဘုရားဘူးသီးခြောက်၏ အံ့ဖွယ်စွမ်းရည်အရ လျှို့ဝှက်နယ်မြေမဖွင့်လှစ်မီ ‘ အံ့ဖွယ်ရေခဲမီးတောက်ကျောက်စိမ်းဝိုင် ’ကို သူမြည်းစမ်းနိုင်လိမ့်မည်ဟု သီရှီထျန် ခန့်မှန်းလိုက်သည်။
“ ရှပ်… ရှပ်… ”
တံခါးကို ဖြတ်ကျော်ပြီးနောက် သီရှီထျန်သည် ရေမျက်နှာပြင်ပေါ်မှာ သူပြန်ပေါ်လာကြောင်း မြင်တွေ့သွားသည်။ ယခု သူက ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်နေသည်။ အရှေ့သို့ သူခြေလှမ်း လှမ်းလိုက်သည့်အခါ သူ့အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ သူက နန်းတော်ကြီးတစ်ခုထဲမှာ ရောက်နေကြောင်း မြင်တွေ့သွားသည်။ နန်းတော်ထဲမှာ သူလမ်းလျှောက်နေစဉ် ကြွပ်ဆပ်သော မြည်သံများကို ကြားလိုက်ရသည်။
သူက သာမန်ကာလျှံကာ ကြည့်လိုက်လေရာ အံ့ဩမှင်သက်သွားသည်။
“ ရှေးလူကြီးတွေပြောတာ မမှားဘူး… နဂါးဘုရင်က အရမ်းကြွယ်ဝချမ်းသာတယ်.. နန်းတော်တစ်ခုလုံးကို သလင်းကျောက်တွေနဲ့ ဆောက်လုပ်ထားတယ်… ပြီးတော့ အနုလက်ရာမြောက်တယ်… နန်းတော်တစ်ခုလုံးကို သလင်းကျောက်ထောက်တိုင်ကိုးခုက ထောက်ပံ့ထားတယ် ”
“ လူကြီးမင်း… ကျေးဇူးပြုပြီး ကျွန်မအနောက်လိုက်ခဲ့ပါ… အဲ့ဒီမှာ ထိုင်ခုံရှိပါတယ် ”
သလင်းကျောက်နန်းတော်ထဲတွင် ချောမောလှပသော အစေခံအများကြီး ရှိသည်။ သူတို့၏ အရှိန်အဝါကို စမ်းစစ်ကြည့်လိုက်သည့်အခါ သူတို့က ရေနေမိစ္ဆာများဖြစ်ကြောင်း သီရှီထျန် သိလိုက်သည်။ သူတို့က ငါးများ၊ ပုစွန်များ၊ ဂဏန်းများနှင့် တခြားရေနေသတ္တဝါများမှ အသွင်ပြောင်းလဲသွားသူများ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက အားမနည်းကြချေ။
သီရှီထျန်က နန်းတော်ထဲသို့ ဝင်ရောက်လာကြောင်း အစေခံမိန်းကလေးတစ်ယောက် မြင်သွားသောအခါ သူက ချက်ချင်း ကြိုဆိုလိုက်သည်။ အစေခံမိန်းကလေးက အရှေ့မှ ဦးဆောင်လမ်းပြပေးသည်။
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ အစေခံမိန်းကလေးနောက်မှ လိုက်သွားပြီး ခန်းမထဲသို့ ဝင်သွားသည်။ ခန်းမထဲတွင် အရွယ်အစားကြီးမားသော အဌဂံစားပွဲတစ်ခု ရှိသည်။ အရေအတွက်များပြားသော ထိုင်ခုံများကို စားပွဲ၏ ဘေးပတ်ပတ်လည်မှာ စီရီထားသည်။ အရေအတွက်အားဖြင့် ထိုင်ခုံစုစုပေါင်း တစ်ရာကျော်သည်။
ဤအခိုက်အတန့်မှာ မိစ္ဆာဘုရင်ဒါဇင်ခန့်က သူတို့၏ ထိုင်ခုံပေါ်မှာ ထိုင်နေကြသည်။ သူက ဘေးဘီကို တစ်ချက်ကြည့်လိုက်လေရာ မဒူဆာသည်လည်း ရောက်နေကြောင်း မြင်တွေ့သွားသည်။ မဒူဆာ၏ ဘေးမှာ ထိုင်ခုံအလွတ်တစ်လုံး ရှိသည်။ သီရှီထျန်က အများကြီး စဉ်းစားမနေဘဲ မဒူဆာ၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက မဒူဆာနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြုံးပြလိုက်သည်။
အဌဂံစားပွဲပေါ်မှာတော့ ယခင်က သူတွေ့ဆုံခဲ့ဖူးသော ပညာရှိလိပ်ဖိုးဖိုးက မတ်တတ်ရပ်နေသည်။
“ အကိုသီ… ကျုပ်က ခင်ဗျားကို စောင့်နေတာ… ခင်ဗျား ဒီနေ့ပွဲကို မလာတော့မှာ ကျုပ်စိုးရိမ်နေတာ… ခင်ဗျားသာ မရောက်လာရင် ကျုပ်မှာ သောက်စရာ ဘာဝိညာဉ်ဝိုင်မှ ကျန်တော့မှာမဟုတ်ဘူး ”
သီရှီထျန်က ဘေးဘီကို ကြည့်လိုက်ပြီး ယနေ့ ရောက်လာသော မိစ္ဆာဘုရင်များကို လေ့လာအကဲခတ်လိုက်သည်။ ထိုမိစ္ဆာဘုရင်များသည် အမြူတေဓာတ်လုံး ဖွဲ့စည်းထားပြီးသော မိစ္ဆာပညာရှင်များ ဖြစ်ကြသည်။ သူတို့က မိစ္ဆာမျိုးနွယ်စု၏ ထောင့်တိုင်များဖြစ်ကြသည်။ သူတို့က မိစ္ဆာမျိုးနွယ်စုထဲမှာ နာမည်တစ်ခုရချင်သည်ဆိုလျှင် ထိုမိစ္ဆာဘုရင်များဖြင့် သေချာပေါက် ပေါင်းသင်းဆက်ဆံရလိမ့်မည်။
အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးနောက် မိစ္ဆာဘုရင်များသည် သူတို့၏ အကျင့်စရိုက်အတိုင်း အသွင်သဏ္ဍာန် ပြောင်းလဲသွားကြသည်။ ဥပမာ တချို့က ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံရှိသည်ဆိုလျှင် သူတို့၏ အကျင့်စရိုက်သည်လည်း ရက်စက်ကြမ်းကြုတ်လိမ့်မည်။ တချို့က မျက်နှာသုန်မှုန်နေသည်ဆိုလျှင် သူတို့၏ အကျင့်စရိုက်သည်လည်း ထိုအတိုင်း တူညီနေလိမ့်မည်။ တချို့က ရုပ်ရည်ချောမောပြီး တချို့က မောက်မာထောင်လွှားကြသည်။ သူတို့၏ အသွင်ပုံစံက မတူညီသကဲ့သို့ သူတို့၏ အကျင့်စရိုက်သည်လည်း ကွဲပြားခြားနားသည်။
သီရှီထျန်သည် ထိုမိစ္ဆာဘုရင်များထဲမှာ သုံးယောက်ကို သတိထားမိသွားသည်။ သူတို့ထဲမှ ပထမတစ်ယောက်က သူ့ကို စကားလာပြောသော ငွေဆံရှည်မိစ္ဆာဘုရင် ဖြစ်သည်။ ငွေဆံရှည်၏ အကျင့်စရိုက်က ထူးဆန်းသည်။ သူက ကန်ရေပြင်ပမာ တည်ငြိမ်အေးချမ်းသည်။ ဤသည်မှာ သူက လောကအကြောင်း ကောင်းကောင်း သိနားလည်ထားသည့်အလားပင်။ သူ့ကို မှန်းဆရန် မလွယ်ကူပေ။
ထို့ပြင် တခြားမိစ္ဆာဘုရင်များသည် ငွေဆံရှည်မိစ္ဆာဘုရင်၏ ဘေးနားမှာ မထိုင်ဝံ့ကြကြောင်း သူသတိပြုမိသွားသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ငွေဆံရှည်က သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း မြင်သာပေ၏။ သူ၏ ဘေးတွင် မိန်းကလေးတစ်ယောက် ရှိသည်။ ထိုမိန်းကလေးသည် အတော်လေး ထူးဆန်းသည်။
အခြားတစ်ယောက်က အမျိုးသမီးတစ်ဦး ဖြစ်သည်။ အရိုးသားဆုံးဝန်ခံရလျှင် သီရှီထျန်သည် ထိုအမျိုးသမီး၏ အသွင်သဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဤသည်မှာ မြူခိုးအလွှာတစ်ခုက ထိုအမျိုးသမီးကို ဖုံးကွယ်ပေးထားသည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။ သူက ထိုင်ခုံပေါ်မှာ ထိုင်နေရင်း အစိမ်းရောင်ကျောက်စိမ်းဝါးလုံးတစ်လုံးကို ကိုင်ထားသည်။ သူက သေးသွယ်သော လက်ချောင်းများကို အသုံးပြု၍ ကျောက်စိမ်းဝါးပေါ်မှာ ရုပ်ပုံများ ရေးဆွဲနေသည်။ ရံဖန်ရံခါ ထူးဆန်းသော မှော်အဆောင်များက ကျောက်စိမ်းဝါးထဲသို့ ဝင်ရောက်သွားသည်။ သူက ယင်းကို ဂရုစိုက်မနေပေ။ မည်သူမှ သူ့ဘေးနားမှာ မထိုင်ဝံ့ကြချေ။