အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း(၃၅၂)
နောက်ဆုံးတစ်ယောက်က ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းက ရံဖန်ရံခါ ထွက်ပေါ်လာလေ့ရှိသည်။ ထိုသူက ထူးခြားပုံမပေါ်ပေ။ သို့သော်လည်း ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်သည် ထိုပုဂ္ဂိုလ်ထံမှ အန္တရာယ်အရှိန်အဝါကို ခံစားမိသွားသည်။ ဤသည်မှာ ထိုပုဂ္ဂိုလ်က သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့်အလားပင်။ သို့ဖြစ်၍ သီရှီထျန်က ထိုပုဂ္ဂိုလ်ကို အာရုံစိုက်လိုက်သည်။
ထိုစဉ် ငွေဆံရှည်မိစ္ဆာဘုရင်၏ ပြောစကားကို သူကြားလိုက်သည်။ သီရှီထျန်က ခေါင်းလှည့်လိုက်ပြီး ငွေဆံရှည်ကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
“ ရတနာလဲလှယ်ပွဲက နှစ်တစ်ထောင်နေမှ တစ်ကြိမ်သာ ကျင်းပနိုင်တဲ့ ပွဲအခမ်းအနားတစ်ခု ဖြစ်တယ်… မိစ္ဆာဘုရင်တစ်ပါးအနေနဲ့ ဒီလိုပွဲမျိုးကို ကျုပ်ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ… ပြီးတော့ ခင်ဗျားလိုချင်တဲ့ ဝိညာဉ်ဝိုင်ကိုလည်း ကျုပ်ယူလာပါတယ် ”
သီရှီထျန်က လက်ဝှေ့ယမ်းလိုက်သည်။ ဝိုင်ဘူးသီးခြောက်သုံးခုက သူ့အရှေ့မှ စားပွဲခုံပေါ်သို့ ကျဆင်းသွားသည်။
သူက ဝိုင်ဘူးသီးခြောက်တစ်ခု၏ အဖုံးကို ညင်သာစွာ ဖွင့်လှစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မွှေးပျံ့သော ဝိုင်အနံ့က ဝိုင်ဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာသည်။
ဝိုင်အနံ့ကို ရှူသွင်းလိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏ စိတ်က ရွှင်လန်းသွားလိမ့်မည်။ ယင်းက ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီကိုလည်း အနည်းငယ် တိုးပွားစေသည်။ ယင်းက အကျိုးအာနိသင်က အမှန်တကယ် မှော်ဆန်သည်။
“ အဲ့ဒါက နှစ်တစ်ရာမျောက်မင်းဝိုင်… အဲ့ဒီဝိုင်ထဲမှာပါတဲ့ စွမ်းအင်အနှစ်သာရက မိစ္ဆာဘုရင်တွေအတွက် အရမ်းအသုံးဝင်တယ် ”
သီရှီထျန်က သာမန်ကာလျှံကာ မိတ်ဆက်ပေးသည်။
“ ကောင်းလိုက်တဲ့ ဝိုင် ”
ငွေဆံရှည်မိစ္ဆာဘုရင်က မျက်လုံးဝင်းလက်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဝိုင်ဘူးသီးခြောက်တစ်ခုကို ဖမ်းဆုပ်လိုက်သည်။ သူက ဝိုင်အနံ့ကို ရှူသွင်းလိုက်ပြီး ချီးကျူးပြောလိုက်သည်။
“ အကိုသီက တကယ် ထူးခြားတာပဲ… ဒီဝိညာဉ်ဝိုင်ကို ကျုပ်ယူမယ် ”
ငွေဆံရှည်မိစ္ဆာဘုရင်က တုံ့ဆိုင်းမနေဘဲ ပြောသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်စိမ်းသေတ္တာတစ်လုံးက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းသေတ္တာကို သူဖွင့်လိုက်သည်နှင့်ချက်ချင်း မွှေးကြိုင်သော အနံ့က အပြင်သို့ ထွက်လာသည်။
“ ဒြပ်စင်ငါးပါးမွန်မြတ်ကြာပန်း ”
ကျောက်စိမ်းသေတ္တာဖွင့်လှစ်သွားသည့်အခိုက် ခန်းမထဲမှ မိစ္ဆာဘုရင်များက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ သီရှီထျန်နှင့် ငွေဆံရှည်မိစ္ဆာဘုရင် စကားစပြောနေစဉ်ကတည်းက မိစ္ဆာဘုရင်အများစုက သူတို့ကို အာရုံစိုက်ထားကြသည်။
သလင်းကျောက်နန်းတော်ထဲသို့ သူတို့ခြေချလိုက်သည်နှင့်ချက်ချင်း ရတနာလဲလှယ်ပွဲက စတင်လိုက်ပြီ ဖြစ်၏။
လူတိုင်းသည် သူတို့၏ ရတနာများကို ထုတ်လိုက်ကြပြီး သူတို့လဲလှယ်ချင်သော ပစ္စည်းများကို ပြောကြသည်။ အကယ်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဆိုလျှင် ရတနာပစ္စည်းများ လဲလှယ်နိုင်လိမ့်မည်။ ရတနာပစ္စည်းများ လဲလှယ်ခြင်းက မရှုပ်ထွေးပေ။ အလွန်ရိုးရှင်းသည်။ ရတနာလဲလှယ်ပွဲသည် ရတနာများ အပြန်အလှန် လဲလှယ်ခြင်းမှလွဲ၍ တခြားမဟုတ်ပေ။
ပွဲစီစဉ်ကြီးကြပ်သူအနေဖြင့် နဂါးနန်းတော်သည် သူတို့ကို ထိန်းသိမ်းပေးရန် ပညာရှိလိပ်ဖိုးဖိုးကို စေလွှတ်ထားသည်။ သို့သော်လည်း နဂါးနန်းတော်သည် ဤနေရာမှ ရတနာပစ္စည်းလဲလှယ်ခြင်းကို ဝင်စွက်ဖက်ခြင်း မပြုချေ။
ခန်းမထဲမှာ သီရှီထျန်နှင့် ငွေဆံရှည်က ပထမဆုံး ပစ္စည်းလဲလှယ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ လုပ်ဆောင်မှုက မိစ္ဆာဘုရင်အမြောက်အမြား၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
သို့သော်လည်း ကျောက်စိမ်းသေတ္တာထဲမှ ပစ္စည်းက မိစ္ဆာဘုရင်အများအပြားကို အမူအရာပြောင်းလဲသွားစေသည်။ ရှင်းလင်းစွာပင် သေတ္တာထဲမှ ပစ္စည်းကို သူတို့သိကြသည်။
ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းသည် သာမန်ဝိညာဉ်အပင် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကြာပန်းအစေ့ငါးစေ့သာလျှင် ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းပေါ်မှာ မွေးဖွားလာနိုင်သောကြောင့် ဖြစ်သည်။ ထိုကြာပန်းအစေ့များကို ဒြပ်စင်ငါးပါးကြာပန်းအစေ့များဟု ခေါ်ကြသည်။ ကြာပန်းစေ့တစ်စေ့စီက ဒြပ်စင်တစ်မျိုးစီကို ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်၍ ယင်းတို့ကို မီးကြာပန်းစေ့၊ ရေကြာပန်းစေ့ အစရှိသဖြင့် ခေါ်ကြသည်။ ယင်းတို့က ဒြပ်စင်ငါးမျိုးပေါ်မူတည်၍ ထိုနာမည်ကို ရလာခဲ့ခြင်း ဖြစ်သည်။
ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းသည် သာမန်နေရာမျိုးတွင် မရှင်သန်နိုင်ပေ။ ယင်းက ဒြပ်စင်ငါးမျိုးစလုံး အတူတကွ တည်ရှိနေသော နေရာမျိုးတွင်သာ ပေါက်ရောက်ရှင်သန်သည်။
ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်း ပေါက်ရောက်ရှင်သန်ရန် လိုအင်သော အခြေအနေများက ဒဏ္ဍာရီလာ ဒြပ်စင်ငါးပါးသစ်သီးပင်နှင့် ဆင်တူသည်။ သို့သော်လည်း ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းက ရေကန်ထဲမှာသာ ရှင်သန်နိုင်သည်။ ထို့ကြောင့် ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းသည် ဒြပ်စင်ငါးမျိုးစလုံးရှိသော ရေကန်ထဲမှာသာ ပေါက်ရောက်ရှင်သန်သည်။ ဒြပ်စင်ငါးပါးသစ်သီးပင်သည်တော့ ကုန်းမြေပေါ်မှာသာ ပေါက်ရောက်သည်။ သို့သော်လည်း ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းဖြစ်စေ သို့မဟုတ် ဒြပ်စင်ငါးပါးသစ်သီးပင်ဖြစ်စေ ယင်းတို့၏ အကျိုးအာနိသင်က ကြီးကြီးမားမား မခြားနားပေ။
ယင်းတို့ထဲမှ တစ်ခုကို စားလိုက်သည့်အခါ တစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်က ဒြပ်စင်ငါးပါးရုပ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ ဥပမာ အကယ်၍ တစ်စုံတစ်ယောက်က မီးကြာပန်းစေ့ သို့မဟုတ် မီးဒြပ်စင်သစ်သီးကို စားလိုက်မည်ဆိုလျှင် သူ၏ ရုပ်ခန္ဓာကိုယ်က မီးဒြပ်စင်အထူးပြု ရုပ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထိုအခါ သူက မီးဒြပ်စင်ပညာရပ်များကို အလွယ်တကူ တတ်မြောက်သွားလိမ့်မည်။ သို့ဖြစ်၍ ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းက အလွန်အံ့ဖွယ်ကောင်းသည်။ ထို့ပြင် ယင်းမှာ ကုသခြင်းစွမ်းရည်လည်း ရှိသည်။
ယေဘုယျအားဖြင့် ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းကိုသော်လည်းကောင်း ဒြပ်စင်ငါးပါးသစ်သီးပင်ကိုသော်လည်းကောင်း ရှာတွေ့ရန် မလွယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့ ရှင်သန်ပေါက်ရောက်သော ပတ်ဝန်းကျင်က အလွန်ရှားပါးသောကြောင့်ပင်။ မျက်မှောက်ခေတ်မှာ ယင်းတို့က မျိုးတုန်းသွားပြီ ဖြစ်၏။
သို့သော်လည်း ယခု ငွေဆံရှည်က ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းကို သာမန်ကာလျှံကာ ထုတ်ပြလိုက်လေရာ မိစ္ဆာဘုရင်အများအပြားက အံ့ဩသွားကြသည်။ ယင်းက အလွန်တန်ဖိုးကြီးမားသည်။ ယင်း၏ တန်ဖိုးက ဖော်မပြနိုင်အောင် ကြီးမားလှ၏။
ယင်းက မည်သည့်မိစ္ဆာအတွက်မဆို အလွန်အသုံးဝင်သည်။ ထို့ကြောင့် မိစ္ဆာဘုရင်တစ်ယောက်ပြီးတစ်ယောက်က အာမေဋိတ်သံကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း ဤနေရာမှ စည်းမျဉ်းစည်းကမ်းများကို သူတို့သိထားကြသည်။ ပစ္စည်းများ လဲလှယ်နေစဉ် အပြင်လူများက ဝင်မစွက်ဖက်နိုင်ပေ။ သို့သော် အကယ်၍ တစ်ဖက်လူက ပစ္စည်းကို စိတ်မကျေနပ်လျှင် သူတို့ကြားဝင်နိုင်သည်။
“ ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းလား ”
အစတွင် သီရှီထျန်က ဝမ်းသာပျော်ရွှင်သွားသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်သည်။ သူက ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။ သူက ပြောသည်။
“ ဒီမြင့်မြတ်ကြာပန်းက အရမ်းတန်ဖိုးကြီးမားတယ်… ကျုပ်ရဲ့ ဝိညာဉ်ဝိုင်က အဲ့ဒါရဲ့ တန်ဖိုးကို မယှဉ်နိုင်ဘူး… အဲ့ဒါနဲ့ တန်ဖိုးတူညီတဲ့ ပစ္စည်းကို ကျုပ်မထုတ်နိုင်မှာ စိုးရိမ်ရတယ်… ခင်ဗျားဘယ်လိုလုပ်ချင်လဲ ကျုပ်သိပါရစေ ”
အကယ်၍ တခြားမိစ္ဆာတစ်ကောင်က သူ့အား ထိုသို့လာလဲလှယ်မည်ဆိုလျှင် သူက မသိချင်ယောင်ဆောင်၍ လက်ခံထားလိုက်မည်။
သို့သော်လည်း သူ့အရှေ့မှာ ရှိနေသူက အစွမ်းထက်သော မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်။ သူ၏ အသိဉာဏ်သည် လူသားတစ်ယောက်ထက် လုံးဝ မနိမ့်ကျပေ။ သူ့ကို လှည့်စားရန် မဖြစ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ အစွမ်းထက် မိစ္ဆာဘုရင်များသည် ငတုံးများ မဟုတ်ကြချေ။ အကယ်၍ သူက ဝိုင်အနည်းငယ်ဖြင့် ထိုမျှတန်ဖိုးကြီးမားသော ဝိညာဉ်ကြာပန်းကို လဲလှယ်မည်ဆိုလျှင် ယင်းက ယုတ္တိမဲ့သောလုပ်ရပ် ဖြစ်လိမ့်မည်။
“ ဟား ဟား… ”
ငွေဆံရှည်သည် စက်ကရာကို ကြည့်၍ ရယ်မောလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ပြောသည်။
“ ဒီဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းကို မတော်တဆ ငါရလာခဲ့တာ… ကြာပန်းပေါ်က ဒြပ်စင်ငါးပါးကြာပန်းအစေ့တွေကို ငါသိမ်းထားပြီးပြီ… ဒါကြောင့် ကြာပန်းက မင်းထင်ထားသလို တန်ဖိုးမကြီးမားဘူး… တန်ဖိုးကို မင်းဘာသာခန့်မှန်းပြီး ဝိညာဉ်ဝိုင်နဲ့ ငါ့ကို လဲလှယ်ပေးပါ ”
ငွေဆံရှည်၏ မျက်နှာပေါ်မှာ အပူပင်ကင်းမဲ့သော အမူအရာ ထွက်ပေါ်လာသည်။ သူက ပေါင်းရသင်းရလွယ်ကူပုံပေါ်သည်။
သီရှီထျန်က အနီးကပ် သေချာကြည့်လိုက်သည်။ အမှန်တကယ်ပင် မြင့်မြတ်ကြာပန်းပေါ်မှာ မည်သည့်ကြာပန်းအစေ့မှ မရှိပေ။ မြင့်မြတ်ကြာပန်းသာလျှင် ရှိ၏။ အကယ်၍ သူက ဒြပ်စင်ငါးပါးကြာပန်းအစေ့များကို နောက်တစ်ကြိမ် မွေးဖွားချင်စေသည်ဆိုလျှင် မြင့်မြတ်ကြာပန်းကို ဒြပ်စင်ငါးမျိုးရှိသော ရေကန်ထဲမှာ ပြန်စိုက်ပျိုးရလိမ့်မည်။ ထို့ကြောင့် တန်ဖိုးအရဆိုလျှင် ယင်းက သူမျှော်လင့်ထားသကဲ့သို့ မကြီးမားပေ။ သို့တိုင် ယင်းက သူ့အား အလွန်ဆွဲဆောင်နိုင်ဆဲပင်။ ရှန်းနုန်ဥယျာဉ်ပန်းချီကားထဲမှာ ဒြပ်စင်ငါးမျိုးရေကန်ရှိသည် မဟုတ်ပါလော။
အကယ်၍ သူ့မှာ မြင့်မြတ်ကြာပန်းရှိမည်ဆိုလျှင် အနာဂတ်မှာ ဒြပ်စင်ငါးပါးကြာပန်းအစေ့များကို သူပူပန်နေရန် မလိုတော့ပေ။
“ ကောင်းပြီ… ဒီလိုဆိုရင် ခင်ဗျားကို ဆယ်နှစ်မျောက်မင်းဝိုင် ဘူးသီးခြောက်အခုတစ်ရာ၊ အနှစ်တစ်ရာမျောက်မင်းဝိုင် ဘူးသီးခြောက်ဆယ်ခုနဲ့ အနှစ်တစ်ထောင်မျောက်မင်းဝိုင် ဘူးသီးခြောက်တစ်ခု ပေးမယ်… ခင်ဗျားဘယ်လိုသဘောရလဲ ”
လောလောဆယ်၌ သီရှီထျန်အတွက် တန်ဖိုးအကြီးမားဆုံး ရတနာက အနှစ်တစ်ထောင်မျောက်မင်းဝိုင် ဖြစ်သည်။ ယင်းက ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားသည်။
ယင်းကို ကြားသောအခါ ငွေဆံရှည်က မျက်လုံးဝင်းလက်သွားသည်။ သူက သီရှီထျန်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ ကောင်းတယ်… ငါလက်ခံတယ်… မင်းဆီမှာ နှစ်တစ်ထောင်မျောက်မင်းဝိုင် ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး… ဒီတစ်ကြိမ်တော့ ငါမင်းအပေါ် အကျိုးအမြတ်ယူသလို ဖြစ်သွားပြီ ”
ငွေဆံရှည်က ရယ်ရယ်မောမော ပြောသည်။
ပစ္စည်းလဲလှယ်မှုက ချောချောမွေ့မွေ့ ပြီးသွားသည်။ သီရှီထျန်က ဝိညာဉ်ဘူးသီးခြောက်များကို ထုတ်ပေးလိုက်ပြီး ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းပါသော ကျောက်စိမ်းသေတ္တာကို လက်ခံလိုက်သည်။ ထိုသို့ဖြင့် ဤတစ်ကြိမ် လဲလှယ်မှုက အောင်မြင်စွာ ပြီးမြောက်သွားသည်။
သီရှီထျန်နှင့် ငွေဆံရှည်၏ လဲလှယ်မှုကို မြင်တွေ့ပြီးနောက် တခြားမိစ္ဆာဘုရင်များသည်လည်း သူတို့၏ ရတနာများကို အသီးသီး ထုတ်လိုက်ကြသည်။ သူတို့ထုတ်လိုက်သော ပစ္စည်းများက ရှားပါးရတနာများ ဖြစ်ကြသည်။ သူတို့က ပစ္စည်းများလဲလှယ်ခြင်းကို စတင်လုပ်ဆောင်လိုက်ကြသည်။
သူတို့က သူတို့လိုချင်သော ပစ္စည်းအတွက် နှစ်ပေါင်းများစွာကြာအောင် သူတို့သိမ်းဆည်းထားခဲ့သော ရတနာများကို ယခုအချိန်မှာ ထုတ်လိုက်ကြသည်။
သီရှီထျန်သည်လည်း တခြားသော ရှားပါးဝိညာဉ်အပင်များဖြင့် လဲလှယ်ရန် နှစ်တစ်ထောင်မျောက်မင်းဝိုင်ကို ထုတ်လိုက်သည်။ နှစ်တစ်ထောင်မျောက်မင်းဝိုင်သည် အလွန်တန်ဖိုးကြီးမားပြီး မိစ္ဆာဘုရင်များအတွက် အလွန်အသုံးဝင်သည်။ ထို့ကြောင့်် မိစ္ဆာဘုရင်အများအပြားက သူနှင့် အလဲအလှယ်လုပ်ခဲ့ကြသည်။
သူက အလွန်တန်ဖိုးကြီးမားသော ရှားပါးဝိညာဉ်အပင်များကို ရရှိခဲ့သည်။ ယင်းတို့က အရွက်ကိုးရွက်ခရမ်းသစ်ခွပင်၊ ပျော်ရွှင်မှုသစ်ပင်နှင့် အသင်္ချေကပ်ဘေးရွှေရောင်ဝါးပင်တို့ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင် သူက ရိတ်သိမ်းမှုကြီးတစ်ခု ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း တခြားမိစ္ဆာဘုရင်များ၏ အလဲအလှယ်ပြုလုပ်သော ရတနာများက သီရှီထျန်ကို အမြင်ကျယ်သွားစေသည်။
ယင်းတို့က ဓမ္မရတနာများ၊ အံ့ဖွယ်ရတနာများနှင့် တန်ဖိုးကြီးမားသော ဆေးလုံးများ ဖြစ်ကြသည်။ အကယ်၍ ယင်းတို့ကို မသေမျိုးကျင့်ကြံခြင်းလောကမှာ ထုတ်ဖော်လိုက်မည်ဆိုလျှင် သေချာပေါက် သွေးမုန်တိုင်းထန်သွားလိမ့်မည်။
မဒူဆာသည်လည်း ထူးဆန်းသော ငါးရောင်ခြယ်ကျောက်တုံးတစ်တုံးကို ထုတ်၍ အထွတ်အမြတ် ဓမ္မရတနာအဆင့် မြွေတောင်ဝှေးဖြင့် လဲလှယ်လိုက်သည်။ မြွေတောင်ဝှေးသည် ဝိညာဉ်ရတနာအဆင့်သို့ ဝင်ရောက်နိုင်သော အလားအလာကို ပိုင်ဆိုင်ထားသည်။ မဒူဆာသည် ထိုလဲလှယ်မှုအပေါ် အလွန်စိတ်ကျေနပ်သည်။
သလင်းကျောက်နန်းတော်ထဲတွင် ပစ္စည်းလဲလှယ်မှုက ပုံမှန်အတိုင်း ဆက်သွားနေသည်။ သူတို့ဆီမှာ လူသားများကဲ့သို့ အငြင်းပွားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း မရှိပေ။ နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဆိုလျှင် အလဲအလှယ် ဖြစ်မြောက်လိမ့်မည်။ အကယ်၍ နှစ်ဦးနှစ်ဖက် အဆင်မပြေလျှင် သူတို့၏ ရတနာများကို ပြန်သိမ်းဆည်းသွားလိမ့်မည်။ မိစ္ဆာဘုရင်အများအပြားသည် သူတို့လိုချင်သော ရတနာများကို ရရှိပြီးနောက် ပျော်ရွှင်စွာ ပြန်ထွက်သွားကြသည်။
သီရှီထျန်၏ အမြင်တွင် ဤရတနာလဲလှယ်ပွဲက လျှို့ဝှက်မဆန်းကြယ်ပေ။ ရတနာပစ္စည်းလဲလှယ်သူများက မိစ္ဆာဘုရင်များဖြစ်သောကြောင့် သူတို့၏ ရတနာများ၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ ထို့ကြောင့် နဂါးနန်းတော်က ပြဿနာတစ်စုံတစ်ရာမဖြစ်ရအောင် ကြီးကြပ်ပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမျှသာ ဖြစ်၏။ တခြားမည်သည့်ထူးခြားချက်မှ မရှိပေ။
မိစ္ဆာဘုရင်များသည် တစ်ယောက်နှင့်တစ်ယောက် ဝမ်းမြောက်ဝမ်းသာ ပစ္စည်းများလဲလှယ်နေကြောင်း သီရှီထျန် မြင်သွားသောအခါ သူ့စိတ်ထဲ၌ တွေးတောလိုက်သည်။
“ မိစ္ဆာမျိုးနွယ်စုက မိစ္ဆာတွေက မတူညီတဲ့ တောင်တန်းဒေသတွေထဲမှာ နေထိုင်ကြတယ်… သူတို့က အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ အရမ်းခက်ခဲတယ်… သူတို့လိုချင်တဲ့ ပစ္စည်းကို ရှာဖွေဖို့ကလည်း မလွယ်ကူဘူး… အဲ့ဒါကြောင့် မီးခိုးလှိုင်းကျွန်းစုဆီ ဒီတစ်ခေါက် ခရီးစဉ်က သူတို့အတွက် အရမ်းအရေးကြီးတယ် ”
အခန်း(၃၅၃)
“ အဲ့ဒီလိုဆိုတော့ အနာဂတ်မှာ ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ပိုပြီးဖွင့်ဖြိုးတိုးတတ်လာမယ်ဆိုရင် လေလံစံအိမ်ကို ငါတည်ဆောက်သင့်တယ်… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုထဲမှာ အရမ်းနာမည်ကျော်ကြားလောက်တယ်… ဒါ့အပြင် ငါ့အမြင်မှာ မိစ္ဆာမြို့တော်တစ်ခု တည်ထောင်တာက ပိုပြီးသင့်တော်လိမ့်မယ် ”
သီရှီထျန်က အနာဂတ်အတွက် လျှို့ဝှက်စွာ အစီအစဉ်ရေးဆွဲလိုက်သည်။ ရတနာလဲလှယ်ပွဲ ပြီးဆုံးရန် သိပ်မလိုတော့ပေ။ မိစ္ဆာဘုရင်အများစုသည် ပစ္စည်းလဲလှယ်ပြီးနောက် ပြန်ထွက်သွားကြသည်။ ယခု ခန်းမထဲ၌ မိစ္ဆာဘုရင်အနည်းစုသာ ကျန်ရှိကြတော့သည်။
အခြေအနေကို အကဲခတ်ပြီးနောက် သီရှီထျန်က မဒူဆာနှင့်အတူ ပြန်သွားသည်။
ခရမ်းသလင်းကျောက်နန်းတော်ထဲတွင် ထွက်ပေါက်တစ်ခု ရှိသည်။ သူတို့သည် ထိုထွက်ပေါက်မှတဆင့် အပြင်သို့ ပြန်နိုင်သည်။
သလင်းကျောက်နန်းတော်ထဲမှ ထွက်သွားပြီးနောက် သီရှီထျန်နှင့် မဒူဆာသည် မီးခိုးလှိုင်းကျွန်းစုပေါ်မှာ ပြန်ပေါ်လာသည်။
“ သီရှီထျန် ”
သူတို့၏ အနီးနားမှာ မည်သူမှမရှိကြောင်း မဒူဆာမြင်သောအခါ သူက လှပသော မျက်လုံးများဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် ပြောသည်။
“ ဒီရက်တွေမှာ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း တခြားမိစ္ဆာဘုရင်တွေကို ငါမေးကြည့်ခဲ့တယ် ”
ယင်းကို ကြားသောအခါ သီရှီထျန်၏ စိတ်ဝင်စားမှုက ချက်ချင်း မြင့်တတ်သွားသည်။ သူက နားစွင့်လိုက်သည်။ တစ်စုံတစ်ခု လွတ်သွားမည်ကို သူစိုးရိမ်သည်။ သူက ပြန်ပြောသည်။
“ မင်း အရေးကြီးတဲ့ သတင်းတစ်ခုကို ကြားခဲ့လို့လား ”
သူက ထိုသို့ပြောလိုက်သော်လည်း မဒူဆာဆီမှာ သတင်းအချက်အလက်တချို့ရှိကြောင်း သူသေချာသည်။ သို့မဟုတ်လျှင် မဒူဆာက သူ့ကို ထိုသို့ပြောလာလိမ့်မည် မဟုတ်ချေ။
မဒူဆာသည် မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေဆဲပင်။ သို့တိုင် သူက လေးနက်စွာ ပြန်ဖြေသည်။
“ အင်း… အရင်တစ်ခေါက်တုန်းက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားခဲ့တဲ့ မိစ္ဆာဘုရင်တချို့ဆီကနေ သတင်းတချို့ ငါကြားလာခဲ့တယ် ”
“ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ ”
သီရှီထျန်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ မည်သို့ဖြစ်ပါစေ ယင်းက ကိစ္စသေးသေးလေး မဟုတ်ပေ။ ယင်းက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေနှင့် ပတ်သက်နေသည်။ အကယ်၍ သူတို့က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း အနည်းအကျဉ်း သိထားမည်ဆိုလျှင် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သည့်အခါ သူတို့ရင်ဆိုင်ရမည့် အန္တရာယ်က အနည်းငယ် လျော့ပေါ့သွားလိမ့်မည်။
“ အဲ့ဒါက ဟွမ်ချွမ်းမြစ်နဲ့ ယင်ယန်ကောင်းကင်တံတားအကြောင်း ”
မဒူဆာသည် လမ်းလျှောက်နေရင်း ပြောသည်။
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ယင်ယန်ကောင်းကင်တံတားလား… ဟွမ်ချွမ်းမြစ်အကြောင်း ငါကြားဖူးတယ်… ဒါပေမဲ့ ယင်ယန်ကောင်းကင်တံတားက ဘာကို ပြောတာလဲ ”
သီရှီထျန်က ဇဝေဇဝါဖြစ်သော အမူအရာဖြင့် မဒူဆာကို ကြည့်လိုက်သည်။
“ အဲ့ဒါက မြစ်ကူးတံတား ”
မဒူဆာ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
“ ငါသိထားတဲ့ သတင်းအချက်အလက်တွေအရ ယင်ယန်ကောင်းကင်တံတားက လျှို့ဝှက်နယ်မြေထဲက သေခြင်းရှင်ခြင်းလမ်းကြောင်းတစ်ခု ဖြစ်တယ်… အဲ့ဒီတံတားကို သွေးတွေနဲ့ အလောင်းတွေနဲ့ တည်ဆောက်ထားတာ ”
“ အဲ့ဒီတံတားက လျှို့ဝှက်နယ်မြေရဲ့ နောက်ဆုံးအတားအဆီးဖြစ်တယ်လို့ ပြောကြတယ်… တံတားကို ဖြတ်ကျော်နိုင်မှပဲ လျှို့ဝှက်နယ်မြေရဲ့ အခြားတစ်ဖက်ဆီ ရောက်နိုင်လိမ့်မယ်… ဒါပေမဲ့ လူကိုးယောက်ပဲ အဲ့ဒီတံတားကို ဖြတ်ကျော်နိုင်တယ်… ပိုပြီးကြောက်စရာကောင်းတာက အဲ့ဒီတံတားအပေါ် ခြေချလိုက်တာနဲ့ နင့်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်မြင့်မားပါစေ နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ချက်ချင်း ချိပ်ပိတ်ခံရလိမ့်မယ်… နင်က ပျံသန်းနိုင်တော့မှာမဟုတ်သလို ဓမ္မအတတ်ပညာတွေကိုလည်း ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး… တံတားပေါ် ခြေချလိုက်တာနဲ့ နင်က သာမန်လူတစ်ယောက်လို ဖြစ်သွားလိမ့်မယ်… မသေမျိုးကျင့်ကြံသူတွေပဲဖြစ်ဖြစ် မိစ္ဆာတွေပဲဖြစ်ဖြစ် အကုန်အတူတူပဲ… ဒါကြောင့် တံတားရဲ့ အခြားတစ်ဖက်ကမ်းဆီ ရောက်ချင်တယ်ဆိုရင် ရုပ်ခန္ဓာကိုယ်ရယ်၊ သိုင်းပညာတွေနဲ့ တိုက်ခိုက်ရေးပညာရပ်တွေကိုပဲ မှီခိုအားထားရလိမ့်မယ်… ”
သီရှီထျန်က မဒူဆာ၏ စကားကို ဖြည်းဖြည်းချင်း နားထောင်နေသည်။
သူက အလွန်အံ့ဩသွားသည်။ ထိုယင်ယန်ကောင်းကင်တံတားသည် သေခြင်းနယ်နိမိတ် ဖြစ်သည်။ တံတားပေါ်မှ အန္တရာယ်များသည် ဖော်မပြနိုင်အောင် အလွန်ကြီးမားသည်။ ကျင့်ကြံသူအားလုံးသည် ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံရလိမ့်မည်။ သူတို့က တံတားပေါ် ခြေချလိုက်သည်နှင့် သာမန်လူများ ဖြစ်သွားကြလိမ့်မည်။ သူတို့မှီခိုးအားထားနိုင်သည်မှာ ရုပ်ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးပညာရပ်များသာ ဖြစ်၏။
ဤသို့တွေးကြည့်နိုင်သည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူသည် အပြင်လောကတွင်မူ အလွန်အစွမ်းထက်သော တည်ရှိမှု ဖြစ်သည်။ သို့သော်လည်း တံတားပေါ် ခြေချလိုက်သည့်အခါ သူတို့၏ စွမ်းအားက သေမျိုးလောကမှ လူသားကဲ့သို့ အားနည်းသွားလိမ့်မည်။ ထိုအခါ ပြင်းထန်သော တိုက်ပွဲများက သူတို့အသက်ကို အချိန်မရွေး နုတ်ယူသွားနိုင်သည်။
ယင်းယန်ကောင်းကင်တံတားပေါ်တွင် သက်ရှိအားလုံးက တန်းတူညီမျှ ဖြစ်သွားကြလိမ့်မည်။ သို့သော်လည်း ထိုပုံစံအတိုင်းဆိုလျှင် သိုင်းပညာကျင့်ကြံသူများနှင့် ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများက တံတားပေါ်မှာ ကြီးမားသော အားသာချက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာကျင့်ကြံသူများနှင့် ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများ၏ ရုပ်ခန္ဓာကိုယ်က တခြားကျင့်ကြံသူများထက် အများကြီး ပိုသန်မာသည်။
ဥပမာအနေဖြင့် သီရှီထျန်ကို ကြည့်နိုင်သည်။ သီရှီထျန်သည် ရှေးဟောင်းမိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ရုပ်ခန္ဓာကိုယ်ကိုသာမက မိစ္ဆာချီကိုလည်း ကျင့်ကြံသည်။ သူ၏ ရုပ်ခွန်အားသည် သိုင်းပညာကျင့်ကြံသူများထက် လုံးဝ မလျော့ချေ။ အကယ်၍ သူတို့ တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် သူ၏ ကျားဝိညာဉ်ဓားမော့က သွေးမုန်တိုင်းကို ဖြစ်ပေါ်စေလိမ့်မည်။ သွေးလမ်းကို သူလျှောက်လှမ်းလိမ့်မည်။
“ ဟဲ ဟဲ ”
ထူးဆန်းသော အပြုံးရိပ်ယောင်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒါဆိုရင် ယင်ယန်ကောင်းကင်တံတားဆီ ရောက်တဲ့အခါ ငါတို့မိစ္ဆာတွေ ကြီးမားတဲ့ အားသာချက်ရှိလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတွေတောင် ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံရပြီး သာမန်လူတစ်ယောက် ဖြစ်သွားလိမ့်မယ်… ဖြစ်နိုင်တာက ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့က ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကို သောက်သုံးနိုင်လိမ့်မယ် ”
သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားနေရာတွင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်။ လူသားကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ်မှစတင်၍ အခြေတည်နယ်ပယ်၊ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၊ ဝိညာဉ်သန္ဓေတည်နယ်ပယ်၊ ယွမ်ဝိညာဉ်နယ်ပယ်၊ ဝိညာဉ်ပေါင်းစည်းနယ်ပယ်၊ ကပ်ဘေးဒုက္ခနယ်ပယ်နှင့် တတ်လှမ်းခြင်းနယ်ပယ်ဟူ၍ အဆင့်ဆင့် ကျင့်ကြံကြရသည်။
ကောင်းကင်မိစ္ဆာလျှို့ဝှယ်နယ်မြေဆီသို့ ခရီးစဉ်တွင် အချိန်အတော်ကြာအောင် မမြင်တွေ့ရသော ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက ထွက်ပေါ်လာကြလိမ့်မည်။ ယွမ်ဝိညာဉ်နယ်ပယ်နှင့် ဝိညာဉ်ပေါင်းစည်းနယ်ပယ်မှ ဘိုးဘေးများသည်ပင် ထွက်ပေါ်လာကြလိမ့်မည်။
သို့သော်လည်း တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က မည်မျှမြင့်မားပါစေ ယင်ယန်ကောင်းကင်တံတားပေါ် ခြေချလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းနယ်ပယ်က ချိပ်ပိတ်ခံရလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့ကို သတ်ဖြတ်ရန်က မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။
ယေဘုယျအားဖြင့်ဆိုရသော် ယင်ယန်ကောင်းကင်တံတားပေါ်တွင် မသေမျိုးကျင့်ကြံသူများက မိစ္ဆာများ၏ ပြိုင်ဘက်မဟုတ်ပေ။ သိုင်းပညာကျင့်ကြံသူများသာလျှင် သူတို့ကို ယှဉ်ပြိုင်နိုင်ကြလိမ့်မည်။
သို့သော်လည်း သိုင်းပညာကျင့်ကြံသူများအတွက် အမွေအနှစ်များက ရှေးခေတ်ကတည်းက ပျောက်ဆုံးသွားပြီ ဖြစ်၏။ သို့ဖြစ်၍ မျက်မှောက်ခေတ်တွင် သိုင်းပညာကျင့်ကြံသူများက မရှိတော့လုနီးပါး ရှားပါးသွားသည်။ သီရှီထျန် မြင်တွေ့ဖူးသော မသေမျိုးကျင့်ကြံသူများထဲတွင် ဝူဝူဒီတစ်ယောက်တည်းသာ သိုင်းပညာကျင့်ကြံသူ ဖြစ်သည်။
အတိတ်တွင် သူက သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်၏ ခန္ဓာကိုယ်ထုဆစ်သန့်စင်ခြင်းနယ်ပယ်ဆီသို့ ဝင်ရောက်ပြီးပြီ ဖြစ်၏။ ဝူဝူဒီ၏ ပါရမီအရ မည်သည့်မတော်တဆမှုမှ မရှိလျှင် ယခု သူက အကြောအရွတ်ထုဆစ်သန့်စင်ခြင်းနယ်ပယ်ဆီသို့ ရောက်ရှိနေလောက်၏။ သူ၏ သိုင်းခန္ဓာကိုယ်သည် မိစ္ဆာခန္ဓာကိုယ်ထက် မနိမ့်ကျပေ။
“ နင်သတိပေါ့ဆလို့ မရဘူး ”
သီရှီထျန်က လူသားမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူများကို သတ်ဖြတ်ရန် စိတ်အားထက်သန်နေကြောင်း မဒူဆာမြင်သွားသည်။ သို့သော်လည်း သူက မအံ့ဩပေ။ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုက မဟာရန်သူတော်များ ဖြစ်ကြသည်။
သူတို့သည် တွေ့ဆုံသည်နှင့် မည်သည့်စကားမှမဆိုဘဲ အပြန်အလှန် သတ်ဖြတ်ရန် ကြိုးစားကြလိမ့်မည်။ သူတို့ကြားမှာ ခင်မင်ရင်းနှီးမှု မရှိပေ။
သို့သော်လည်း မဒူဆာက သီရှီထျန်ကို သတိပေးလိုက်ဆဲပင်။
“ ယင်ယန်ကောင်းကင်တံတားပေါ် ခြေချလိုက်တာနဲ့ ဘယ်သက်ရှိပဲဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံရလိမ့်မယ်… ဒါပေမဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်က ရှေးခေတ်က မိစ္ဆာပညာရှင်တစ်ယောက် ဖြစ်တယ်… ဒါကြောင့် ယင်ယန်ကောင်းကင်တံတားပေါ်မှာ မိစ္ဆာတွေက ကြီးမားတဲ့ အားသာချက်ကို ပိုင်ဆိုင်ထားတယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်စုရဲ့ နောင်မျိုးဆက်တွေ အခွင့်အလမ်းရှာဖွေနိုင်တဲ့နေရာ ဖြစ်တယ်… ငါတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံရမယ်ဆိုရင်တောင် ငါတို့မှာ မိစ္ဆာခန္ဓာကိုယ်ရှိနေသေးတယ် ”
“ ဒါပေမဲ့ လူသားမျိုးနွယ်ကျင့်ကြံသူတွေဆီမှာ အမျိုးအစားစုံလင်တဲ့ ဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေ ရှိတယ်… တကယ်လို့ သူတို့က သွေးချီကို အသုံးပြုပြီး ဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေရဲ့ စွမ်းအားကို ထုတ်လွှတ်မယ်ဆိုရင် သူတို့ရဲ့ တိုက်ပွဲစွမ်းအားက ငါတို့ထက် လျော့မှာမဟုတ်ဘူး… အဲ့ဒီအချိန်ကျရင် ရန်သူကို ငါတို့လျော့တွက်လို့ မဖြစ်ဘူး ”
အမှန်တကယ်ပင် လူသားများဆီမှာ အမျိုးအစားစုံလင်သော ဓမ္မလက်နက်များနှင့် ဓမ္မရတနာများ ရှိသည်။ သူတို့က ဓမ္မရတနာများကို အသုံးမပြုနိုင်လျှင်ပင် မှော်အဆောင်များကို အသုံးပြုနိုင်ပေသည်။ မှော်အဆောင်များ၏ ပေါက်ကွဲမှုစွမ်းအားသည် မသေးငယ်ပေ။ ယင်ယန်ကောင်းကင်တံတားကို ဖြတ်လျှောက်ရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။ ယင်းက သွေးခင်းလမ်း ဖြစ်သည်။
“ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်သော အမူအရာကို ဖော်ပြလိုက်သည်။
အမှန်မှာ သီရှီထျန်သည် မဒူဆာ၏ သတိပေးမှုကို မလိုအပ်ပေ။ ဝိညာဉ်သန္ဓေတည်နယ်ပယ်အထက်မှ ပုဂ္ဂိုလ်များကို သတ်ဖြတ်ရန် စဉ်းစားနေသော သူ့အတွေးက မည်မျှစိတ်ကူးယဉ်ဆန်ကြောင်း သူသိသည်။ ထိုပုဂ္ဂိုလ်များက မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ သူတို့ဆီမှာ တခြားနည်းလမ်းမရှိလျှင် ကပ်ဘေးဒုက္ခနယ်ပယ်မှ ကျင့်ကြံသူများပင် ဖြစ်လင့်ကစား တူညီသော စတင်မှုကို တွေ့ကြုံရလိမ့်မည်။
ထို့ပြင် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်သန်ခဲ့ဖူးသူများသည် ယေဘုယျအားဖြင့် သေရမည်ကို အလွန်ကြောက်ကြသည်။ ထို့ကြောင့် သူတို့သည် အပြင်လောကမှာ အချိန်ဖြုန်းမည့်အစား တံခါးပိတ်ကျင့်ကြံခြင်းကို လုပ်ဆောင်ကြလိမ့်မည်။ သူတို့က အသက်ရှည်ရှည်ပိုနေနိုင်ရန် နောက်ထပ် နယ်ပယ်ဆီသို့ တတ်လှမ်းရန် ကြိုးစားအားထုတ်ကြလိမ့်မည်။
ဘိုးဘေးများသည် သေရေးရှင်ရေး အရေးကြီးကိစ္စမရှိလျှင် တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာကြလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က သေရမည်ကို အလွန်ကြောက်ကြသည်။
သူတို့သည် စကားတပြောပြောဖြင့် လမ်းလျှောက်နေကြသည်။ မကြာမီ သူတို့က တည်းခိုဆောင်ဆီသို့ ပြန်ရောက်သွားကြပြီး သူတို့၏ ကိုယ်ပိုင်အခန်းဆီသို့ ပြန်သွားကြသည်။
ထိုသို့ဖြင့် ရတနာလဲလှယ်ပွဲက ပြီးဆုံးသွားသည်။ အရိုးသားဆုံးဝန်ခံရလျှင် ဤရတနာလဲလှယ်ပွဲက သီရှီထျန် မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ ရတနာလဲလှယ်ပွဲသည် အလွန်ရိုးရှင်းပြီး မည်သည့်စည်းကမ်းမှ မသတ်မှတ်ထားပေ။ ယင်းက အလွန်သာမန်ဆန်သည်။
သို့သော်လည်း ထိုကိစ္စက သီရှီထျန်နှင့် သက်ဆိုင်မှုမရှိပေ။ သူက အခန်းထဲသို့ ပြန်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဒြပ်စင်ငါးပါးမြင့်မြတ်ကြာပန်းကို ရှန်းနုန်ဥယျာဉ်ပန်းချီကားထဲမှ ဒြပ်စင်ငါးမျိုးရေကန်ထဲမှာ စိုက်ပျိုးလိုက်သည်။ သူက တခြားဝိညာဉ်အပင်များကိုလည်း ဂရုတစိုက် စိုက်ပျိုးလိုက်သည်။ အထူးသဖြင့် ပျော်ရွှင်ခြင်းပန်းပင် ဖြစ်သည်။ ပျော်ရွှင်ခြင်းပန်းပင်သည် ရွှင်ပျော်ပျော်ဝိညာဉ်ဝိုင်ကို ချက်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိကကုန်ကြမ်းပစ္စည်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ သီရှီထျန်က ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။
“ ဝီး ”
တိုးညင်းသော မြည်သံနှင့်အတူ ရွှေရောင်ကျားဝိညာဉ်ဓားမော့က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
သူက လက်တစ်ဖက်ဖြင့် ရွှေရောင်ကျားဝိညာဉ်ဓားမော့၏ ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ဓားမော့ကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ ဇဝေဇဝါဖြစ်သော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့မှာ စိတ်ဝိညာဉ်ရှိဟန် ရ၏။ ဓားမော့ကို ညင်သာစွာ သူပွတ်သပ်နေစဉ် ဓားမော့ဟိန်းသံနှင့် ကျားဟိန်းသံက မကြာခဏ ထွက်ပေါ်လာသည်။
“ ကျားဝိညာဉ်ဓားမော့… ကျားဝိညာဉ်ဓားမော့… မင်း ဓမ္မရတနာအဖြစ် အဆင့်တတ်လှမ်းသွားပြီးကတည်းက သွေးမသောက်ရသေးဘူး… အခု မင်း အရမ်းသွေးဆာနေလောက်ပြီပေါ့… ဒါပေမဲ့ ဆန္ဒမစောပါနဲ့… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါကျရင် မင်းရဲ့ ထက်ရှမှုက ငါ့ရန်သူတွေရဲ့ အိမ်မက်ဆိုးဖြစ်လာစေရမယ် ”
အခန်း(၃၅၄)
သီရှီထျန်သည် ကျားဝိညာဉ်ဓားမော့ကို သူ၏ မိတ်ဆွေတစ်ယောက်ဟု သဘောထားသည်။
ကျားဝိညာဉ်ဓားမော့ဖြစ်စေ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းဖြစ်စေ ယင်းတို့နှစ်ခုစလုံးက သီရှီထျန်၏ သက်စောင့်မိစ္ဆာလက်နက်များ ဖြစ်၏။ ထိုရတနာများကို သန့်စင်ရန် သူအသုံးပြုခဲ့သော ပစ္စည်းများက အလွန်တန်ဖိုးကြီးမားသည်။ အကယ်၍ အတိတ်၌ သီရှီထျန်၏ ကျင့်ကြံခြင်းအဆင့်သာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်နေမည်ဆိုလျှင် ထိုသက်စောင့်မိစ္ဆာလက်နက်နှစ်ခုကို သူဖန်တီးသန့်စင်လိုက်သည့်အခါ ယင်းတို့က ဓမ္မရတနာအဆင့်သို့ ချက်ချင်း ရောက်ရှိသွားလိမ့်မည်။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် သူ၏ သက်စောင့်မိစ္ဆာလက်နက်နှစ်ခုစလုံးက ဓမ္မရတနာအဆင့်သို့ တတ်လှမ်းသွားသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် လိုအင်ဆန္ဒစွမ်းအားအမြောက်အမြားကို စုပ်ယူခဲ့သည်။ ထို့ကြောင့် ကုချင်းက သူ၏ မိစ္ဆာစံအိမ်ထဲမှာ အိပ်မောကျနေသည်။ ယင်းကို အချိန်ကာလတစ်ခုအထိ သူအသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ကျားဝိညာဉ်ဓားမော့၏ ဆင့်ကဲပြောင်းလဲမှုက ပြီးမြောက်သွားပြီ ဖြစ်၏။ ယခု ယင်းက ဓမ္မရတနာတစ်ခု ဖြစ်လာသည်။ ယင်းက အဆင့်နိမ့်အဆင့် ဓမ္မရတနာတစ်ခုမျှသာဖြစ်သော်လည်း ယင်း၏ ကိုယ်ပိုင်အလားအလာအရ ဓမ္မရတနာက ယင်း၏ အကန့်အသတ် မဟုတ်သေးပေ။
ကျားဝိညာဉ်ဓားမော့သည် ဓမ္မရတနာအဖြစ် အဆင့်တတ်လှမ်းသွားပြီးနောက် စိတ်ဝိညာဉ် စတင်မွေးဖွားလာသည်။ ထိုစိတ်ဝိညာဉ်သည် ဓမ္မရတနာနှင့် သီးခြားကွဲထွက်နေသည်။ ထို့ပြင် ယင်း၏ ထက်ရှမှုက ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ ကျားဝိညာဉ်ဓားမော့၏ လက်ရှိ ထက်ရှမှုသည် အလယ်အလတ်အဆင့် ဓမ္မရတနာတစ်ခုကိုပင် အလယ်မှ ထက်ခြမ်းပိုင်းဖြတ်နိုင်သည်။ အထွတ်အထိပ်အဆင့် ဓမ္မရတနာသည်ပင် ထိခိုက်ပျက်စီးသွားနိုင်သည်။
ပြိုင်ဘက်ကင်းထက်ရှမှုအပြင် ကျားဝိညာဉ်ဓားမော့၏ အံ့ဖွယ်ကောင်းသော နောက်ထပ် စွမ်းရည်တစ်မျိုးက ဝါးမျိုခြင်း ဖြစ်သည်။ ကျားဝိညာဉ်ဓားမော့ကို သူဖန်တီးသန့်စင်ခဲ့စဉ်မှာ ဝိညာဉ်ဝါးမျိုကျောက်တုံးက ကျားဝိညာဉ်ဓားမော့ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ယင်းက ကျားဝိညာဉ်ဓားမော့ကို ဝါးမျိုခြင်းစွမ်းအား ပိုင်ဆိုင်စေသည်။
ယခု ကျားဝိညာဉ်ဓားမော့က ဓမ္မရတနာအဖြစ် အဆင့်မြင့်တတ်သွားလေရာ ယင်း၏ ဝါးမျိုခြင်းစွမ်းရည်က ပိုပြီးအားကောင်းလာသည်။ ဓားမော့သည် တိုက်ပွဲအတွင်းမှာ ရန်သူ၏ သွေးချီကို စုပ်ယူပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ သန့်စင်သော စွမ်းအင်အနှစ်သာရကို ထည့်သွင်းပေးနိုင်လိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူ၏ မိစ္ဆာချီသည် တိုက်ပွဲအတွင်းမှာ မည်သည့်အခါမှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ချေ။
“ ဝီး… ဝီး… ”
ကျားဝိညာဉ်ဓားမော့သည် ယခု စိတ်ဝိညာဉ်ရှိလာလေရာ ယခင်နှင့် အနည်းငယ် ကွာခြားသွားသည်။ ယင်းက သီရှီထျန်၏ စကားများကို နားလည်ဟန် ရ၏။ ယင်းက သီရှီထျန်နှင့် အတူတူ ကျင့်ကြံချင်နေသည်။ ဤအခိုက်အတန့်မှာ ဓားမော့က အနည်းငယ် တုန်ယင်သွားသည်။ ပယင်းရောင်နတ်ဘုရားအလင်းက ဓားမော့ထံမှ ထွက်ပေါ်လာသည်။
ဓားမော့သည် ဝမ်းသာပျော်ရွှင်မှုနှင့် သွေးဆာလောင်သော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။
ယင်းကို သီရှီထျန် မြင်သောအခါ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
သူက ကျားဝိညာဉ်ဓားမော့ကို သူ၏ ဒူးနှစ်ဖက်ပေါ်မှာ တင်လိုက်သည်။ သူ၏ လက်တစ်ဖက်က ဓားရိုးကို ဆုပ်ကိုင်ထားစဉ် သူ၏ အခြားလက်တစ်ဖက်ကို ဓားမော့အသွားပေါ်မှာ တင်လိုက်သည်။ ယင်းက ပုံမှန်ကျင့်ကြံခြင်းနည်းလမ်းနှင့် ကွဲပြားခြားနားသည်။
မိစ္ဆာချီကို သူ၏ လက်ဆီသို့ ပို့လွှတ်လိုက်သည့်အခါ ယင်းက သူ့လက်မှတဆင့် ကျားဝိညာဉ်ဓားမော့ထဲသို့ စီးဆင်းသွားသည်။ ကျားဝိညာဉ်ဓားမော့ထဲမှာ ရွေ့လျားစီးဆင်းသွားပြီးလျှင် မိစ္ဆာချီက အခြားလက်တစ်ဖက်ဆီသို့ ဝင်ရောက်သွားသည်။ ထိုမှတဖန် မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။ သူ၏ မိစ္ဆာချီက ကျားဝိညာဉ်ဓားမော့ကို ဖြတ်သန်းသွားပြီးနောက် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာတိုင်း ဓားမော့၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို သယ်ဆောင်လာသည်။ မိစ္ဆာချီကို အသုံးပြု၍ ဓမ္မရတနာများကို အာဟာရပြုပေးနိုင်သည်ဆိုလျှင် ဓမ္မရတနာများ၏ အရှိန်အဝါကို အသုံးပြု၍လည်း မိစ္ဆာချီကို သန့်စင်နိုင်ပေသည်။
ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ရန် နီးကပ်နေပြီဖြစ်ကြောင်း သီရှီထျန် သိလိုက်သောအခါ အပြင်ထွက်ပြီး ဆိုင်မခင်းတော့ပေ။ ယင်းအစား သူက တခြားမိစ္ဆာဘုရင်များနည်းတူ အခန်းထဲမှာသာ ထိုင်နေ၍ ကျင့်ကြံနေသည်။
သူက လျှို့ဝှက်နယ်မြေမဖွင့်လှစ်မီ သူ၏ စွမ်းအင်အနှစ်သာရ၊ သွေးချီနှင့် စိတ်ဝိညာဉ်ကို အထွတ်အထိပ်အခြေအနေမှာ ထားချင်သည်။ သူက တိတ်တဆိတ် ကျင့်ကြံနေပြီး ရသမျှအချိန်ကို အကျိုးရှိရှိ အသုံးချနေသည်။ သူက အထွတ်အထိပ်အခြေအနေမှာ အမြဲတမ်း ရှိနေရန် အသင့်ပြင်ထားသည်။
ထို့ကြောင့် သီရှီထျန်သည် အပြင်လောကမှ အခြေအနေကို လျစ်လျူရှုထားသည်။ သို့သော်လည်း တတိယမြောက်နေ့တွင် ငွေဆံရှည်က သူ့ကို ရုတ်တရက် လာရှာသည်။ သူတို့နှစ်ယောက်သည် အခန်းထဲ၌ လျှို့ဝှက်စွာ ဆွေးနွေးကြသည်။ အချိန်အတန်ကြာပြီးနောက် ငွေဆံရှည်က ပြန်ထွက်သွားသည်။ မည်သည့်အကြောင်းအရာကို သူတို့ဆွေးနွေးခဲ့ကြောင်း သူတို့နှစ်ယောက်မှလွဲ၍ တခြားလူများ မသိနိုင်ပေ။ သီရှီထျန်သည်လည်း ငွေဆံရှည်၏ သရုပ်မှန်ကို သိသွားသည်။
ငွေဆံရှည်သည် အိမ်မက်မိစ္ဆာဘုရင် ဖြစ်သည်။ သူက ခရမ်းရွှေကုန်းမြေ၏ မဟာမိစ္ဆာဘုရင်ရှစ်ပါးတွင် အဆင့်သုံးချိတ်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မီးခိုးလှိုင်းကျွန်းစုပေါ်မှ လေထုသည်လည်း တဖြည်းဖြည်း ပိုတင်းကျပ်လာသည်။ ယနေ့တွင် သီရှီထျန်သည် ခါတိုင်းကဲ့သို့ အခန်းထဲမှာသာရှိနေပြီး သူ၏ ကျင့်ကြံခြင်းအုတ်မြစ်ကို အခြေခိုင်မာအောင် ပြုလုပ်နေသည်။
သူက ကြာပန်းနက်ကို အသုံးပြု၍ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနေသည်။ သူက ရသမျှအချိန်တိုင်းမှာ မိစ္ဆာချီပမာဏကို တိုးမြှင့်နေသည်။
“ ဝုန်း ”
သို့သော်လည်း ကျင့်ကြံခြင်းမှာ သူအာရုံစိုက်နေသည့်အချိန် မီးခိုးလှိုင်းကျွန်းစုပေါ်မှ ကောင်းကင်အရောင်က ရုတ်တရက် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ မည်သည့်သတိပေးချက်မှမရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဝဲကတော့တစ်ခုက ကောင်းကင်ပေါ်မှာ ထူးဆန်းစွာ ထွက်ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာမြေကို ဖျက်ဆီးပစ်နိုင်ဟန်ရသော ခရမ်းရောင်မိုးကြိုးသွားတစ်စင်းက ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားသည်။ မိုးကြိုးသွားထွက်ပေါ်လာသည့်အခါ မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။
ဝဲကတော့သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မရေမတွက်နိုင်သော မိစ္ဆာများ၏ ချောက်ချားဖွယ်ကောင်းသော အကြည့်အောက်မှာ ဝဲကတော့က မိုးမြေကြားမှ အလင်းရောင်အားလုံးကို အဆက်မပြတ် စုပ်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် နေ့အချိန်က ထူးဆန်းဖွယ်ကောင်းစွာ ညအချိန်သို့ ကူးပြောင်းသွားသည်။ အမှောင်ထုက မိုးမြေကို ဖုံးအုပ်သွားသည်။
မိုးခြိမ်းသံ ကျယ်ကျယ်လောင်လောင် ပဲ့တပ်ထပ်သွားသည့်အခိုက် သီရှီထျန်၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ပွင့်သွားသည်။ သူ့မျက်လုံးထဲမှာ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို ဆုပ်ကိုင်လိုက်ပြီး ဓားမော့ကို သူ့ကျောနောက်မှ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ နောက်ဆုံးတော့ စတင်ပြီ ”
သူက သူ့ဘာသာ တီတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။ မကြာမီ သူက တည်းခိုဆောင်အပြင်ဘက်မှာ ပြန်ပေါ်လာသည်။ သူ၏ ဘေးတွင် မရေမတွက်နိုင်သော မိစ္ဆာများ ရှိသည်။ သူတို့က ဟင်းလင်းပြင်ကို ထိတ်လန့်ချောက်ချားသော အကြည့်ဖြင့် ကြည့်နေကြသည်။ ကြောက်ရွံ့မှု၊ မျှော်လင့်မှုနှင့် စူးစမ်းချင်မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သီရှီထျန်က ခေါင်းမော့လိုက်သည်။ အံ့ဩသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဝဲကတော့က မိုးမြေကြားမှ အလင်းရောင်ကို အဆက်မပြတ် ဝါးမျိုနေသည်။ ထို့ကြောင့် နေ့အချိန်သည်ပင် ညအချိန်သို့ ကူးပြောင်းသွားသည်။ အမှောင်ထုက မိုးမြေတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ယင်းက မိုးကောင်းကင်ကို ဝါးမျို၊ နေကို ဖုံးအုပ်သော အတတ်ပညာ ဖြစ်ပုံပေါ်သည်။
“ ဘယ်လိုလဲ… အဲ့ဒါက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်း ထွက်ပေါ်လာလေ့ရှိတဲ့ ကောင်းကင်ဘုံနိမိတ်ပုံရိပ်ပဲ… အတိတ်မှာ အဲ့ဒါကို ငါတစ်ခါမြင်ဖူးပြီးပြီ… ဒါပေမဲ့ အခု အဲ့ဒါကို နောက်တစ်ခါ ထပ်မြင်လိုက်ရတော့ ငါက အရမ်းသေးနုတ်တယ်လို့ ခံစားရမိတယ်… ကောင်းကင်မိစ္ဆာရဲ့ စွမ်းအားက တကယ်အနှိုင်းမဲ့တယ်… လျှို့ဝှက်နယ်မြေဖွင့်လှစ်ရုံနဲ့တင် မိုးကောင်းကင်ကို ဝါးမျို၊ နေကို ဖုံးအုပ်တဲ့ ကောင်းကင်ဘုံနိမိတ်ပုံရိပ်ကို ဖြစ်ပေါ်စေတယ် ”
မည်သည့်အချိန်ကမှန်းမသိ ငွေဆံရှည်က သီရှီထျန်၏ ဘေးနားသို့ ရောက်နှင့်နေသည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်လေးသည် သူ့အနောက်သို့ လျှောက်လာသည်။ ငွေဆံရှည်သည် လက်တစ်ဖက်တွင် ဝိုင်ဘူးသီးခြောက်ကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါ့း ပြောသည်။
“ အဲ့ဒီအထွတ်အမြတ်စွမ်းအားက အခု ငါ့အရှေ့မှာ တောင်ကြီးတစ်တောင်လို တည်ရှိနေတယ်… အဲ့ဒါကို မော့ကြည့်ရုံကလွဲလို့ ငါဘာမှမတတ်နိုင်ပေမဲ့ ကြောက်တဲ့စိတ်တော့ ငါ့မှာမရှိဘူး… အဲ့ဒီအစား ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ကောင်းကောင်း မြင်နိုင်စေတယ် ”
သီရှီထျန်သည် သူ့ဘေး၌ ငွေဆံရှည်၏ ရုတ်တရက် ထွက်ပေါ်လာမှုကို မအံ့ဩပေ။ ငွေဆံရှည်က မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲမှ တစ်ပါးဖြစ်ကြောင်း သူသိသော်လည်း ဦးညွတ်ရန် ဆန္ဒမရှိပေ။
အလွန်ကြီးမြတ်သော စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ သူအံ့ဩထိတ်လန့်သွားလိမ့်မည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတော့ ဆုံးရှုံးသွားလိမ့်မည် မဟုတ်ချေ။ ဤနေရာအထိ ရောက်ရန် အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် သူ၏ စိတ်ဓာတ်ခိုင်မာမှုက အမြင့်အသစ်တစ်ခုသို့ ရောက်ရှိသွားသည်။ တစ်နေ့မှာ သူသည်လည်း အထွတ်အထိပ်သို့ ရောက်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည်။
ထို့ပြင် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သူသည် အထွတ်အထိပ်ပညာရှင်တစ်ဦး၏ စိတ်ခံစားချက်ကို တွေ့ကြုံခဲ့သည်။ ထိုစိတ်ခံစားချက်က သူ့နှလုံးသားထဲမှာ တံဆိပ်ရိုက်ခတ်ထားသည့်အလား စွဲမြဲနေသည်။
ကျင့်ကြံခြင်းအပေါ် သူ့ကိုယ်ပိုင်နားလည်မှု သူ့မှာ ရှိသည်။ အကယ်၍ သူက အထွတ်အထိပ်သို့ တတ်လှမ်းချင်သည်ဆိုလျှင် မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်သော သတ္တိရှိရမည်။ မည်သည့်အခါမှ လက်မလျော့မည့် စိတ်ဓာတ်ခိုင်မာမှုကိုလည်း ပိုင်ဆိုင်ထားရမည်။ မည်သည့်အခြေအနေမှာဖြစ်စေ အရှေ့ဆက်သွားမည့် ယုံကြည်မှုလည်း ရှိရမည်။
အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သူတွေ့ကြုံခဲ့သော စိတ်ခံစားချက်က သူ့အား ကြီးကြီးမားမား သက်ရောက်မှုရှိစေသည်။ ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ကြည်ညိုလေးစားမှုကို သူခံစားရလိမ့်မည်။ သို့သော်လည်း ယင်းက သူ့အား အရှေ့ဆက်သွားရန် စိတ်ခွန်အားပေးလိမ့်မည်။ ထို့ပြင် သူက မကြောက်ရွံ့ပေ။ အကယ်၍ သူကြောက်ရွံ့မည်ဆိုလျှင် အရိပ်မည်းကြီးက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာလိမ့်မည်။ သူ၏ စိတ်ခွန်အားက အလုံအလောက် မသန်မာလျှင် အထွတ်အထိပ်သို့ မည်သို့သူတတ်လှမ်းနိုင်မည်နည်း။
“ သီရှီထျန်… မင်းက တကယ့်ကောင်ပဲ ”
ယင်းကို ငွေဆံရှည်ကြားသောအခါ သူက ချီးကျူးလိုက်သည်။ သူက သီရှီထျန်ကို မောက်မာထောင်လွှားသည်ဟု မထင်ပေ။
သူ့ဘေးမှ မိန်းကလေးသည်လည်း သီရှီထျန်ကို ကွဲပြားခြားနားသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်က ယခင်ကနှင့် အနည်းငယ် ကွဲပြားသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။
“ အဲ့ဒါ ဦးလေးပြောပြောနေတဲ့ အစကနေ ရုန်းကန်ခဲ့ရတဲ့ မိစ္ဆာဘုရင်တစ်ပါးရဲ့ စိတ်ဓာတ်ခိုင်မာမှုဆိုတာလား ”
“ ဝုန်း ”
ဝဲကတော့ထွက်ပေါ်လာသည်မှာ အချိန်သိပ်မကြာသေးပေ။ သို့သော်လည်း ယင်းက နေ့ကို ညပြောင်းလဲစေပြီး ဝဲကတော့၏ ဘေးနားတစ်ဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို စုဝေးသွားစေသည်။ ငွေရောင်လျှပ်စီးမြွေများက ရိုင်းစိုင်းကြမ်းကြုတ်စွာ ရွေ့လျားနေကြသည်။ အမှောင်အတိ ဖုံးလွှမ်းနေသော လောကတွင် ထိုလျှပ်စီးတန်းများက အလွန်ကြောက်စရာကောင်းသည်။ ယင်းတို့က ကောင်းကင်ဘုံအင်အား၏ ပြယုဂ်ဖြစ်သည်။ တစ်ချိန်တည်းမှာ ပမာဏများပြားသော ဝိညာဉ်စွမ်းအားက ဝဲကတော့၏ ဘေးနားတစ်ဝိုက်မှာ စုဝေးသွားသည်။ ဝိညာဉ်စွမ်းအားက အရပ်လေးမျက်နှာမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ရင် ထွက်ပေါ်လာလေ့ရှိတဲ့ ကောင်းကင်ဘုံနိမိတ်ပုံရိပ် ဖြစ်တယ်… အတိတ်မှာ အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တယ်… ကောင်းကင်ဘုံနိမိတ် ပြီးဆုံးသွားရင် နတ်ဘုရားအလင်းက ဝဲကတော့ကနေ ဆင်းသက်လာလိမ့်မယ်… နတ်ဘုရားအလင်းက မင်းအပေါ် ကျဆင်းလာတဲ့အခါ အဲ့ဒါက မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်… နတ်ဘုရားအလင်း မင်းအပေါ် ကျဆင်းလာရင် အဲ့ဒါကို အတင်းအကျပ် မခုခံပါနဲ့… မင်းက လျှို့ဝှက်နယ်မြေဆီ မသွားချင်ဘူးဆိုရင် နတ်ဘုရားအလင်းကို မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ ခုခံချိုးဖြတ်နိုင်တယ်… မင်းက လျှို့ဝှက်နယ်မြေဆီ သွားချင်တယ်ဆိုရင် နတ်ဘုရားအလင်းရဲ့ လမ်းညွှန်မှုနောက်ကို လိုက်ပါ… အဲ့ဒါဆို လျှို့ဝှက်နယ်မြေဆီ မင်းဝင်ရောက်နိုင်လိမ့်မယ်… ဒါပေမဲ့ လျှို့ဝှက်နယ်မြေဆီ ဝင်ရောက်ပြီးရင် မင်းက ကြုံရာကျပန်းနေရာမှာ ပြန်ပေါ်လာလိမ့်မယ် ”