အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
အခန်း(၃၅၅)
“ ညီလေးသီ ဒီဟာကို မှတ်ထားပါ… လျှို့ဝှက်နယ်မြေဆီ ဝင်ရောက်တာက မဟာအခွင့်အရေးပဲ… လျှို့ဝှက်နယ်မြေထဲက မြင်ကွင်းတွေက မင်းကို မျက်စိပွင့်နားပွင့်စေလိမ့်မယ်… အတွေ့အကြုံအသစ်တွေ ပေးလိမ့်မယ် ”
ငွေဆံရှည်က လေးနက်သော အဓိပ္ပာယ်ဖြင့် ပြောသည်။ အတိတ်မှာ လျှို့ဝှက်နယ်မြေထဲသို့ သူဝင်ရောက်ဖူးသည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေထဲမှ ကိစ္စများကို အများကြီး သူမရှင်းပြပေ။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
“ တကယ်လို့ မင်းက ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို ရရှိသွားမယ်ဆိုရင် မင်းရဲ့ အနာဂတ်အောင်မြင်မှုက အကန့်အသတ်မဲ့သွားလိမ့်မယ်… ဒါတင်မကဘဲ ငါတို့ရဲ့ မိစ္ဆာမျိုးနွယ်စုလည်းပဲ တဖန် မြင့်တတ်သွားလိမ့်မယ် ”
“ ကျီး ”
ငွေဆံရှည်၏ စကားကို လေးလေးနက်နက် တွေးရန် သီရှီထျန်ကို အချိန်မပေးပေ။ ကျယ်လောင်သော အသံက ကြီးမြတ်သော အရှိန်အဝါနှင့်အတူ လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ သီရှီထျန်က ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်။ သူက အံ့ဩထိတ်လန့်သွားသည်။
ဝဲကတော့၏ ဘေးတွင် အရွယ်အစားအလွန်ကြီးမားသော နတ်ဘုရားငှက်တစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာကြောင်း သူမြင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော နီညိုရောင်မီးတောက်က နတ်ဘုရားငှက်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။
နတ်ငှက်သည် ၎င်း၏ ဧရာမအတောင်ပံများကို မြင့်မြတ်ထည်ဝါစွာ ဖြန့်ထုတ်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ပူနွေးသော လေက မိုးမြေတစ်လျှောက် ရိုက်ခတ်သွားသည်။ ထိုနတ်ငှက်၏ သရုပ်ကို ခန့်မှန်းရန် မခက်ခဲပေ။ ၎င်းက မြင့်မြတ်သားရဲလေးကောင်ထဲမှ ဇာမဏီငှက် ဖြစ်သည်။
“ ဝေါင်း ”
ဇာမဏီငှက် ထွက်ပေါ်လာပြီး သိပ်မကြာမီ ကြောက်မက်ဖွယ်ကောင်းသော ကျားဟိန်းသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ထိုဟိန်းသံထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။ ဟိန်းသံပျံ့လွင့်သွားသည်နှင့် ဒဏ္ဍာရီလာ ကျားဖြူတစ်ကောင်က ဝဲကတော့၏ ဘေးမှာ ထွက်ပေါ်လာသည်။ ၎င်း၏ ကျောပေါ်တွင် အတောင်ပံတစ်စုံ ရှိသည်။
ထို့နောက် မြွေခန္ဓာကိုယ်နှင့် လိပ်ခန္ဓာကိုယ် ပေါင်းစပ်ထားသော ရွှမ်ဝူသည်လည်း ထွက်ပေါ်လာသည်။ ထို့နောက် မိုးပြာရောင်နဂါးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး မြေကြီးပေါ်မှ သက်ရှိများကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။ ဒဏ္ဍာရီလာ မြင့်မြတ်သားရဲလေးကောင်က တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
၎င်းတို့က ဝဲကတော့၏ အရပ်လေးမျက်နှာမှာ ရပ်နေကြသည်။ ၎င်းတို့က မိုးကောင်းကင် တုန်ခါသွားစေမည့် ကြောက်မက်ဖွယ် ဟိန်းသံများနှင့် အော်သံများကို ထုတ်လွှတ်နေသည်။ ဒဏ္ဍာရီလာ မြင့်မြတ်သားရဲလေးကောင်က ဝဲကတော့ကို စောင့်ကြပ်ပေးနေကြသည်။
၎င်းတို့၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက မြေကြီးပေါ်သို့ သက်ဆင်းသွားသည်။
ကျင့်ကြံခြင်းအားနည်းသော မိစ္ဆာများသည် ထိုအရှိန်အဝါအောက်မှာ ချက်ချင်း ဒူးထောက်ကျသွားကြသည်။
“ အဲ့ဒါက နတ်သားရဲတွေရဲ့ ဖိအားပဲ… တကယ် အံ့ဩစရာကောင်းတယ် ”
သီရှီထျန်သည် ခါးကို မတ်မတ်ထားသည်။ သူက သမုဒ္ဒရာအလယ်မှ အပ်တစ်ချောင်းသဖွယ် ဖြောင့်မတ်နေသည်။ သို့သော်လည်း တောင်ကုန်းအများအပြားက သူ၏ ဦးခေါင်းပေါ်သို့ ဖိကျလာနေသည်ဟု ရှင်းလင်းစွာ သူခံစားမိသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုဖိအားက သူ့အား အသက်ရှူမွန်းကျပ်စေသည်။ ဤအခိုက်အတန့်မှာ သူက လှုပ်ရှားရန် အလွန်ခက်ခဲသွားသည်။
အကယ်၍ သူသာ အစစ်အမှန် မြင့်မြတ်သားရဲလေးကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ၎င်းတို့၏ အရှိန်အဝါကပင် သူ့အား အသက်ဆုံးရှုံးစေနိုင်သည်။ ယခု ထွက်ပေါ်လာသော မြင့်မြတ်သားရဲလေးကောင်သည် ကောင်းကင်ဘုံနိမိတ်ပုံရိပ်သာ ဖြစ်၏။ ၎င်းတို့က အစစ်အမှန် မြင့်မြတ်သားရဲလေးကောင် မဟုတ်ပေ။
ထိုဖိအားသည် အချိန်တစ်ခဏကြာပြီးနောက် ပျောက်ကွယ်သွားသည်။
မြင့်မြတ်သားရဲလေးကောင်သည် တစ်ကောင်ပြီးတစ်ကောင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြိုကွဲသွားသည်။ ချက်ချင်းဆိုသလိုပင် ထိုအလင်းစက်များက ရွှေရောင်နတ်ဘုရားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကျွန်းစုပေါ်မှ သက်ရှိအားလုံးကို ဖုံးလွှမ်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မီးခိုးလှိုင်းကျွန်းစုတစ်ခုလုံးက နတ်ဘုရားအလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ကျွန်းစုပေါ်မှ သက်ရှိအားလုံးသည် နတ်ဘုရားအလင်းဖြင့် ထိမှန်သွားကြသည်။
“ ရွှတ်… ရွှတ်… ရွှတ်… ”
နတ်ဘုရားအလင်းထဲတွင် ထူးဆန်းသော ဆွဲငယ်အားတစ်မျိုး ရှိသည်။ ထိုဆွဲငင်အားသည် အလွန်အားမကောင်းပေ။ အကယ်၍ တစ်စုံတစ်ယောက်ဆီမှာ ယင်းကို ခုခံချင်သော ဆန္ဒရှိလျှင် သူတို့က နတ်ဘုရားအလင်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ ကျွန်းစုပေါ်မှ မိစ္ဆာအများအပြားသည် နတ်ဘုရားအလင်း၏ အလုပ်လုပ်ပုံကို အစောကြီးကတည်းက သိထားကြသည်။ သို့ဖြစ်၍ နတ်ဘုရားအလင်း ကျဆင်းလာသည်ကို မြင်သောအခါ မိစ္ဆာအမြောက်အမြားက စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ နတ်ဘုရားအလင်း၏ ဆွဲငင်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ပျောက်ကွယ်သွားကြသည်။ ဝဲကတော့ထဲဝယ် လှိုင်းတစ်ခုပင် မလှုပ်ခတ်သွားပေ။
“ ယင်ယန်ကောင်းကင်တံတားမှာ ပြန်တွေ့ဆုံကြမယ် ”
သီရှီထျန်သည် ဆွဲငင်အားတစ်မျိုးက သူ့ခန္ဓာကိုယ်ကို ဆွဲခေါ်နေကြောင်း ခံစားမိသွားသည်။ သူက ငွေဆံရှည်ကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ညာလက်ကို မြှောက်၍ ကျားဝိညာဉ်ဓားမော့အရိုးကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ ကျားဝိညာဉ်ဓားမော့က ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ နတ်ဘုရားအလင်း၏ ဆွဲခေါ်မှုကြောင့် သူ့ခန္ဓာကိုယ်က ဝဲကတော့ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
“ ယုအာ… ဂရုစိုက်ပါ ”
ငွေဆံရှည်သည် သူ့ဘေးမှ မိန်းကလေးကို ညင်သာစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ အပေါ်သို့ ပျံသန်းသွားပြီး ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။
ဤအခိုက်အတန့်မှာ မီးခိုးလှိုင်းကျွန်းစုပေါ်တွင် နတ်ဘုရားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက အမှောင်ထဲမှာ မီးရှူးမီးပန်းများ ဖောက်ခြင်းနှင့် ဆင်တူသည်။ ယင်းက အလွန်လှပပြီး အံ့ဖွယ်ကောင်းသည်။
နတ်ဘုရားအလင်းတန်းတစ်ခုစီက မိစ္ဆာမျိုးနွယ်စု၏ မျှော်လင့်ချက်ကို သယ်ဆောင်လျက် ဝဲကတော့ထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က လျှို့ဝှက်နယ်မြေအပေါ် မျှော်လင့်ချက်ကြီးကြီး ထားရှိကြသည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသော မိစ္ဆာထောင်သောင်းချီတွင် မည်မျှများပြားသော မိစ္ဆာများက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်နည်း။ အဖြေကို မည်သူမှ မသိပေ။
လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ခြင်းက မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။ သို့သော်လည်း ယင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားမည့် တိုက်ခိုက်ရေးနယ်မြေတစ်ခုလည်း ဖြစ်၏။
မီးခိုးလှိုင်းကျွန်းစုတစ်ခုတည်း ထိုသို့တွေ့ကြုံနေရခြင်း မဟုတ်ပေ။ ကောင်းကင်ဘုံနိမိတ်သည် မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်မှာလည်း ထွက်ပေါ်လာသည်။ သို့သော်လည်း မြောက်ပိုင်းအမှောင်ကျွန်းစုပေါ်တွင် ထွက်ပေါ်လာသော နတ်ဘုရားအလင်းတန်းများက မီးခိုးလှိုင်းကျွန်းစုထက် အများကြီး ပိုများသည်။ အကြမ်းဖျဉ်း ခန့်မှန်းရမည်ဆိုလျှင် ကျင့်ကြံသူသိန်းပေါင်းများစွာက ကျွန်းစုပေါ်မှာ စုဝေးနေကြသည်။ သူတို့အားလုံးက အင်အားစုအသီးသီးထံမှ လက်ရွေးစင်များ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအလင်းက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ထိုသို့ထူးဆန်းသော မြင်ကွင်းသည် ခရမ်းရွှေကုန်းမြေပေါ်တွင် နှစ်တစ်ထောင်ကြာသွားမှ တစ်ကြိမ် ဖြစ်ပေါ်လာလေ့ရှိသည်။
မီးခိုးလှိုင်းရေကန်၏ အနက်ပိုင်းထဲတွင် ထူးဆန်းပြီး မှော်ဆန်သော ရေအောက်နန်းတော်တစ်ခု ရှိ၏။ ထိုနန်းတော်ထဲမှာ ခန်းမအမြောက်အမြား ရှိသည်။ သဏ္ဍာန်မဲ့သော အလင်းအလွှာတစ်ခုက အကာအကွယ်အစီအရင်တစ်ခုအနေဖြင့် နန်းတော်ကို ဖုံးလွှမ်းထားသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ ရေသည် နန်းတော်ထဲသို့ မဝင်ရောက်နိုင်ပေ။ ထိုနန်းတော်ပေါ်တွင် ရှေးဟောင်းစာလုံးများကို ချိတ်ဆွဲထားသည်။
သလင်းကျောက်နန်းတော်… ။
ထိုနန်းတော်သည် မီးခိုးလှိုင်းရေနဂါးမျိုးနွယ်စု၏ နန်းတော်ဖြစ်သည်။
ဤအခိုက်အတန့်မှာ သလင်းကျောက်နန်းတော်၏ အဓိကခန်းဆောင်ထဲတွင် အရေအတွက်များပြားသော နဂါးများ စုဝေးနေကြသည်။
မှန်ပေသည်။ ယင်းက နဂါးမျိုးနွယ်စု ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်သည် လူသားများနှင့် မခြားနားပေ။ သူတို့မှာ တာအိုခန္ဓာကိုယ် ရှိသည်။ သို့သော်လည်း လူသားခန္ဓာကိုယ်နှင့် ခြားနားချက်တစ်ခုမှာ သူတို့၏ ဦးခေါင်းပေါ်တွင် နဂါးဦးချိုများရှိသည်။ သူတို့ထဲမှ အများစုတွင် နဂါးဦးချိုများ ပေါက်နေသည်။ နဂါးဦးချိုများသည် သူတို့၏ အသက်အရွယ်ပေါ်မူတည်၍ အရွယ်အစား ကွဲပြားသည်။ အကယ်၍ သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် နတ်ဘုရားအလင်းက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ရွေ့လျားစီးဆင်းနေကြောင်း မြင်ရလိမ့်မည်။
နဂါးခန္ဓာကိုယ်ထဲ၌ အရေးကြီးဆုံး အစိတ်အပိုင်းက နဂါးပုလဲလုံးမှလွဲ၍ တခြားမဟုတ်ပေ။ သူတို့၏ ကျင့်ကြံခြင်းအားလုံးက နဂါးပုလဲလုံးထဲမှာ ရှိသည်။ နဂါးများသည် မိစ္ဆာများနှင့် နှိုင်းယှဉ်နိုင်သည်။
ယေဘုယျအားဖြင့်ဆိုရသော် နဂါးများသည် မိစ္ဆာအနွယ်အဝင် ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စုသည် မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းကြသည်။ သူတို့၏ ကျင့်ကြံခြင်းအားလုံးကို မိစ္ဆာအမြူတေဓာတ်လုံးထဲသို့ ထည့်သွင်းကြသည်။ ထိုနည်းတူပင် နဂါးမျိုးနွယ်စု၏ ကျင့်ကြံခြင်းစွမ်းအားက နဂါးပုလဲလုံးထဲမှာ ရှိသည်။ ထို့ကြောင့် နဂါးများသည် လူသားကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။
နဂါးမျိုးနွယ်စု၏ ဒုတိယအရေးကြီးဆုံး အစိတ်အပိုင်းက နဂါးဦးချိုဖြစ်သည်။ နဂါးဦးချိုထဲမှာ သူတို့၏ အနှစ်သာရ ကိန်းအောင်းနေသည်။ ရှေးလူကြီးများက ဤသို့ပြောကြသည်။ အကြေးခွံနှင့် ဦးချိုပါသော သတ္တဝါက နဂါးဖြစ်သည်။ အကြေးခွံပါပြီး ဦးချိုမပါလျှင် မြွေသာ ဖြစ်၏။
နဂါးများသည် မြွေများနှင့် အတူမနေထိုင်ကြပေ။ ဦးချိုမရှိခြင်းနှင့် ရှိခြင်းသည် နဂါးနှင့် မြွေကို ခွဲခြားနိုင်သော လက္ခဏာတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် ဦးချိုသည် နဂါးများအတွက် အလွန်အရေးကြီးသည်။ နောက်ထပ် ထူးခြားချက်တစ်ခုမှာ နဂါးများတွင် ပြောင်းပြန်အကြေးခွံရှိသည်။ ဤသို့ပြောကြသည်။ နဂါး၏ ပြောင်းပြန်အကြေးခွံကို ထိသော မည်သူမဆို အသတ်ခံရလိမ့်မည်။
သလင်းကျောက်နန်းတော်သည် ခမ်းနားထည်ဝါစွာ ထွန်းလင်းတောက်ပနေသည်။ ပင်လယ်ရေမှော်ပင်များက နန်းတော်၏ ဘေးပတ်ဝန်းကျင်မှာ တအိအိလှုပ်ယမ်းနေသည်။ သန္တာကျောက်ကိုလည်း နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရသည်။ သလင်းကျောက်နန်းတော်နှင့် နှိုင်းယှဉ်လျှင် အဓိကနန်းဆောင်က ကလေးကစားစရာတစ်ခုထက် မပိုပေ။ ယင်းတို့ကို မနှိုင်းယှဉ်နိုင်ပေ။ ယင်းတို့ထဲမှ မည်သည့်ပုလဲလုံးမဆို အလွန်တန်ဖိုးကြီးမားသည်။
မည်သို့ဖြစ်ပါစေ ရေအောက်ထဲတွင် ရတနာအများအပြားရှိသည် မဟုတ်ပါလော။
သလင်းကျောက်နန်းတော်ထဲမှာ စုဝေးနေသော နဂါးမျိုးနွယ်စုသည် အဓိကခန်းဆောင်၏ အလယ်မှာ လွင့်မျောနေသော ကြေးနီရောင်ကြေးမုံတစ်ချပ်ကို ကြည့်နေသည်။ ကြေးမုံသည် အရွယ်အစားအလွန်ကြီးမားသည်။ ကြေးမုံပေါ်တွင် ရေလှိုင်းအတွန့်တွန့်များ ထွက်ပေါ်နေသည်။ ထို့နောက် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ် ကြည့်မည်ဆိုလျှင် ကြေးမုံပေါ်မှာ မီးခိုးလှိုင်းကျွန်းစုပေါ်မှ မြင်ကွင်းက ထွက်ပေါ်နေကြောင်း မြင်ရလိမ့်မည်။ နတ်ဘုရားအလင်းတန်းနှင့်အတူ ဝဲကတော့ထဲသို့ ဝင်ရောက်သွားနေကြသော မိစ္ဆာများကို ကြေးမုံပေါ်မှာ ရှင်းလင်းစွာ မြင်နိုင်ပေသည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ… အို ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ… ဒါက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ တတိယအကြိမ်မြောက် ဖွင့်လှစ်တာကို ငါမြင်ဖူးတာပဲ… အခုချိန်မှာတောင် အဲ့ဒါရဲ့ အံ့ဖွယ်စွမ်းအားကို ငါမဖမ်းဆုပ်နိုင်သေးဘူး… ကောင်းကင်မိစ္ဆာရဲ့ မှော်စွမ်းအားက တကယ်အနှိုင်းမဲ့တယ်… ဒါပေမဲ့ ဒီတစ်ကြိမ် ဝင်ရောက်ကြတဲ့ မိစ္ဆာအရေအတွက်က အရှေ့နှစ်ကြိမ်ထက် အများကြီး ပိုနည်းသွားတယ်… စိတ်မကောင်းစရာပဲ… လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ဖို့က မခက်ခဲပေမဲ့ အသက်ရှင်ရက် ပြန်ထွက်လာဖို့ဆိုတာ မလွယ်ကူဘူး… ဒီတစ်ကြိမ် မိစ္ဆာဘယ်နှစ်ယောက် ပြန်ထွက်လာနိုင်မလဲ မသိဘူး ”
သလင်းကျောက်နန်းတော်၏ အပေါ်တွင် နဂါးအိုကြီးတစ်ကောင်က ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားလျက် မတ်မတ်ရပ်နေသည်။ သူက မြင့်မြတ်ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ့အရှေ့မှ ကြေးမုံကို ကြည့်နေစဉ် အတိတ်ကို လွမ်းဆွတ်သတိရသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ သမီးတို့နဲ့အတူ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ချင်တယ်လို့ ခမည်းတော် တစ်ခါပြောဖူးတယ်လေ… လျှို့ဝှက်နယ်မြေထဲမှာ ဘာရှိတယ်ဆိုတာ ဘာလို့ ခမည်းတော် သမီးတို့ကို မပြောပြတာလဲ… လျှို့ဝှက်နယ်မြေဖွင့်လှစ်တဲ့အခါတိုင်း လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်… အဲ့ဒါ ဘာကြောင့်ပါလဲ ”
နဂါးဘုရင်၏ မိသားစုဝင်များက အဓိကခန်းဆောင်ထဲမှာ ထိုင်နေကြသည်။
နဂါးဘုရင်၏ ဘေးတွင် ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရှိသည်။ သူ့မှာ မိန်းကလေးငယ်တစ်ယောက်နှင့် လုံးဝ ခြားနားသော ရင့်ကျက်သိမ်မွေ့သော ဆွဲဆောင်မှု ရှိသည်။ သူက ပြိုင်စံရှားမိန်းမလှလေးများထက် နည်းနည်းမှ မနိမ့်ကျပေ။ နဂါးဘုရင်၏ အခြားဘေးတစ်ဖက်တွင် ပညာရှိလိပ်ဖိုးဖိုးက ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။ သက်လတ်ပိုင်းအမျိုးသမီး၏ ဘေးတွင် ကလေးနှစ်ယောက် ထိုင်နေကြသည်။ တစ်ယောက်က ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်မျှသာရှိသေးပြီး အခြားတစ်ယောက်က ရှစ်နှစ် ကိုးနှစ်မျှသာ ရှိသေးသည်။ သူတို့က နဂါးမျိုးနွယ်စု၏ လူငယ်များ ဖြစ်ကြသည်။ ညာဖက်တွင် မိန်းမပျိုလေးသုံးယောက် ထိုင်နေကြသည်။
အခန်း(၃၅၆)
အစောနက စကားပြောလိုက်သူသည် ပထမဆုံး မိန်းမပျိုလေး ဖြစ်သည်။ အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် ထိုမိန်းမပျိုလေးက နဂါးမျိုးနွယ်စု၏ ပထမဆုံး မင်းသမီးလေးဖြစ်သော အောင်းချင်ဖြစ်ကြောင်း မှတ်မိသွားလိမ့်မည်။ အောင်းချင်သည် သူနှင့် အလောင်းအစားပြုလုပ်ခဲ့သူ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံကြောင့် သူက ပိုပြီးရဲစွမ်းသတ္တိရှိပုံပေါ်လွင်သွားသည်။
ဒုတိယမိန်းမပျိုလေးသည် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေး၏။ သူက မီးခိုးလှိုင်းရေနဂါးမျိုးနွယ်၏ ဒုတိယမင်းသမီးလေး အောင်းဟုန် ဖြစ်သည်။ သူက မီးနဂါးဖြစ်သည်။ သူအကြိုက်နှစ်သက်ဆုံးအရာက တိုက်ခိုက်ခြင်း ဖြစ်သည်။ သေးငယ်သော တိုက်ပွဲက သုံးရက်ကြာမြင့်ပြီး တိုက်ပွဲကြီးက ငါးရက်ကြာမြင့်သည်။ သူက တစ်နေ့ မတိုက်ခိုက်ရလျှင် စားမဝင်အိပ်မပျော်ပေ။
နောက်ဆုံးမိန်းမပျိုလေးသည် ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ခန့်သာ ရှိသေးသည်။ သူက ချစ်စဖွယ်ကောင်းပြီး သူ၏ ဦးခေါင်းပေါ်မှာ နဂါးဦးချိုနှစ်ခု ရှိသည်။ သူ၏ သေးငယ်သော မျက်နှာက ဝင်းလက်သည်။ သူ၏ အထူးခြားဆုံး အစိတ်အပိုင်းက သူ့မျက်လုံးဖြစ်သည်။ သူ့မျက်လုံးများက အရည်ရွှဲနေသည်။ ဤသည်မှာ သူ့မျက်လုံးထဲတွင် သန့်စင်သော ရေကန်တစ်ကန် တည်ရှိနေသည့်အလားပင်။ ယင်းက အလွန်သန့်စင်သည်။
နဂါးဘုရင်သည် သူ၏ သမီးတော်သုံးပါးကို စဉ်းစားလိုက်သည့်အခါ ခေါင်းကိုက်သွားသည်။ သူက ထိုသမီးသုံးယောက်ကြောင့် အတော်လေး အကူအညီမဲ့နေသည်။
“ လျှို့ဝှက်နယ်မြေ ”
နဂါးဘုရင်သည် နှစ်ပေါင်းသောင်းချီကြာအောင် အသက်ရှင်သန်ခဲ့သော နဂါးအိုကြီးတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း သူပြောသည့်အခါ သူ့မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူ့အရှေ့မှ ကြေးမုံကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူက သက်ပြင်းချလိုက်သည်။ သူက ပြောသည်။
“ အဲ့ဒီလျှို့ဝှက်နယ်မြေက မရိုးရှင်းဘူး… ရှေးခေတ်ကာလမှာ မိစ္ဆာမျိုးနွယ်စုက အရမ်းသန်မာခဲ့တယ်… အဲ့ဒီဟာက ဘယ်လိုလုပ် လျှို့ဝှက်နယ်မြေတစ်ခုဖြစ်မှာလဲ… တကယ်တော့ အဲ့ဒါက ကမ္ဘာငယ်တစ်ခုပဲ… ကောင်းကင်မိစ္ဆာရဲ့ စွမ်းအားက တကယ်တုနှိုင်းမဲ့တယ်… လူသားမျိုးနွယ်စုပဲဖြစ်ဖြစ် တခြားမျိုးနွယ်စုပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေထဲက အမွေအနှစ်ကို မရရှိနိုင်ဘူး… ဘာလို့လဲဆိုတော့ အမွေအနှစ်က မိစ္ဆာမျိုးနွယ်စုအတွက်ဖြစ်လို့ပဲ ”
“ ကောင်းကင်မိစ္ဆာက မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာနိုင်အောင် လျှို့ဝှက်နယ်မြေထဲမှာ အရံအစီအစဉ်တစ်ခု ချန်ထားခဲ့တယ်… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုကို တဖန်ဦးမော့လာနိုင်စေမယ့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ် ”
နဂါးဘုရင် စကားပြောနေစဉ် သူ၏ လေသံထဲမှာ ဖော်မပြနိုင်သော စိတ်ခံစားချက်တချို့ ကိန်းအောင်းနေသည်။ ယင်းက အမှန်တကယ် ဇဝေဇဝါဖြစ်စရာကောင်း၏။
“ ဘာ… လျှို့ဝှက်နယ်မြေက မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာနိုင်အောင် လုပ်ပေးနိုင်တယ်လား ”
“ လျှို့ဝှက်နယ်မြေက တကယ်ပဲ ဘာပါလဲ ”
ချက်ချင်းဆိုသလိုပင် အဓိကခန်းဆောင်ထဲမှာ ထိုင်နေကြသော နဂါးမျိုးနွယ်ဝင်များက အံ့ဩထိတ်လန့်သွားကြသည်။ နဂါးဘုရင်၏ ဆိုလိုရင်းကို သူတို့အားလုံး ရှင်းလင်းစွာ နားလည်ကြသည်။
အကယ်၍ ထိုသတင်းက အမှန်ဆိုလျှင် ယင်းက ခရမ်းရွှေကုန်းမြေတစ်ခုလုံးကို ဂယက်ရိုက်သွားစေလိမ့်မည်။
မိစ္ဆာမျိုးနွယ်စုသည် အတိတ်တွင် လောကကို အုပ်ချုပ်ခဲ့သည်။ သူတို့က လောကကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အုပ်ချုပ်ခဲ့သော အာဏာရှင်များ ဖြစ်ကြသည်။ ရှေးခေတ်တွင် မိစ္ဆာမျိုးနွယ်စုက ကျွမ်းကျင်ပညာရှင်အမြောက်အမြားကို မွေးထုတ်ပေးခဲ့သည်။
ရှေးခေတ်ကာလတွင် မည်သည့်မျိုးနွယ်စုမှ မိစ္ဆာမျိုးနွယ်စုကို မဆန့်ကျင်နိုင်ခဲ့ပေ။ မိစ္ဆာမျိုးနွယ်စုက မျက်မှောက်ခေတ်မှာ မျိုးတုန်းလုနီးပါး အခြေအနေဆိုးဝါးနေသော်လည်း နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်သန်ခဲ့သော ဘိုးဘေးများသည် ရှေးခေတ်မှ မိစ္ဆာမျိုးနွယ်စု၏ အင်အားကို မမေ့ကြသေးပေ။
အကယ်၍ မိစ္ဆာမျိုးနွယ်စုက တဖန်ဦးမော့လာမည်ဆိုလျှင် ခရမ်းရွှေကုန်းမြေ၏ အင်အားဖွဲ့စည်းပုံက ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မည်။ အမှန်မှာ ခရမ်းရွှေကုန်းမြေတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။
“ အရိုးသားဆုံးပြောရရင် အတိတ်မှာ ငါက လျှို့ဝှက်နယ်မြေထဲကို တစ်ခေါက် ဝင်သွားကြည့်ခဲ့တယ်… အဲ့ဒီတုန်းက သေလုနီးပါး ငါကြောက်လန့်သွားခဲ့တယ်… ကောင်းကင်မိစ္ဆာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာတွေနဲ့ အရင်းအမြစ်တွေက လူသားမျိုးနွယ်စုကို ခြောက်လှန့်ပစ်နိုင်တယ်… လျှို့ဝှက်နယ်မြေထဲက ရတနာတွေနဲ့ဆိုရင် မိစ္ဆာမျိုးနွယ်စုရဲ့ ပြန်လည်မြင့်တတ်မှုက မိစ္ဆာတွေရဲ့ အိတ်ကပ်ထဲမှာရှိတယ်… အထူးအနေနဲ့ အဲ့ဒီအထွတ်အမြတ်ရတနာပဲ… အဲ့ဒီအထွတ်အမြတ်ရတနာနဲ့ဆို မိစ္ဆာမျိုးနွယ်စုက သိပ်မကြာခင်မှာ လူသားမျိုးနွယ်စုကို အန္တရာယ်ပေးလာနိုင်လိမ့်မယ် ”
နဂါးဘုရင်သည် ကိုယ့်မိသားစုဝင်များ၏ အရှေ့မှာ မရှက်ဘဲ ကိုယ်ပေါင်ကိုယ်လှန်ထောင်းလိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“ ဒါပေမဲ့ ကံမကောင်းတာက ကောင်းကင်မိစ္ဆာရဲ့ အသိအမှတ်ပြုမှုကိုရဖို့ အရမ်းခက်ခဲတယ်… မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရှိအခြေအနေအရ မဖြစ်နိုင်သေးဘူး ”
မိစ္ဆာဘုရင်ပြောသော “ အရမ်းခက်ခဲတယ် ”ဟူသော စကားလုံးက လျှို့ဝှက်နယ်မြေထဲမှ မရေမတွက်နိုင်သော အန္တရာယ်များကို ရည်ရွယ်သည်။
သို့သော်လည်း နဂါးဘုရင်၏ စကားများက လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နေကြသော မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စု၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုမရှိပေ။ နတ်ဘုရားအလင်းတန်းများက ကောင်းကင်ယံမှာ မီးရှူးမီးပန်းများသဖွယ် လင်းလက်သွားသည်။ အမှောင်ထုထဲတွင် ယင်းတို့က အလွန်အမင်း လှပသည်။
နတ်ဘုရားအလင်းတန်းဖြင့် လွှမ်းခြုံခံထားရသော သီရှီထျန်သည် ဝဲကတော့ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ ဝဲကတော့သည် မရပ်မနား လှည့်ပတ်နေသည်။ ပြိုင်ဘက်ကင်းစွမ်းအားက ဝဲကတော့ထဲမှ အံ့ဖွယ်ကောင်းစွာ ထွက်ပေါ်နေသည်။ ယင်းကို မည်သူမှ မခုခံနိုင်ဟန် ရ၏။ သို့သော်လည်း နတ်ဘုရားအလင်းတန်း၏ ကာကွယ်ပေးမှုကြောင့် ဝဲကတော့၏ စွမ်းအားက သူ့အပေါ် မကျရောက်လာပေ။ သူက ဝဲကတော့ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
သူက ဝဲကတော့ကို အလွယ်တကူ ဖြတ်သန်းသွားသည်။
“ ဝဲကတော့ထဲ အဲ့လောက်လွယ်လွယ်ကူကူ ငါရောက်သွားတာလား… အခု ငါ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ ရောက်သွားပြီ ”
စက်ကရာက ကျားဝိညာဉ်ဓားမော့ကို သူ့လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှာ စတင်လှည့်ပတ်သွားပြီး သူ၏ မိစ္ဆာသွေးကြောများထဲမှာ စီးဆင်းသွားသည်။ သူ၏ စိတ်အခြေအနေသည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ တောက်ပသော အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကို ဝန်ရံထားသော နတ်ဘုရားအလင်းက ပျောက်ကွယ်သွားသည်။ နတ်ဘုရားအလင်းက ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက တာဝန်ပြီးမြောက်သွားပြီးနောက် ထွက်သွားသည့်အလားပင်။
နတ်ဘုရားအလင်း ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း စက်ကရာသည် သူ့ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားနေကြောင်း ခံစားမိသွားသည်။ ဘေးဘီကို အမြန် သူစစ်ဆေးကြည့်လိုက်သည့်အခါ သူက လေထဲမှာ ထွက်ပေါ်လာကြောင်း မြင်တွေ့သွားသည်။ သူက မြေကြီးနှင့် အတော်ဝေးဝေးမှာ ရှိနေသည်။ ထိုအမြင့်မှ သူပြုတ်ကျသွားမည်ဆိုလျှင် သူမသေသွားလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။ နတ်ဘုရားအလင်းက ရုတ်တရက်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း သီရှီထျန်မှာ မည်သူနည်း။ သူတစ်ချက်တွေးလိုက်သည့်အခါ မိစ္ဆာလေက သူ့ခြေဖဝါးအောက်မှာ ချက်ချင်း ဖွဲ့စည်းသွားသည်။ သူ၏ ခြေထောက်က အနက်ရောင်မိစ္ဆာလေပေါ်မှာ ဂုဏ်ယူစွာ ရပ်လိုက်သည်။
လေတဟူးဟူး တိုက်ခတ်နေစဉ် သူ၏ ဆံပင်ရှည်က တအိအိလှုပ်ခတ်သွားသည်။ သူ၏ အဝတ်အစားသည်လည်း တဖျပ်ဖျပ်လှုပ်သွားသည်။ မောက်မာထောင်လွှားပြီး လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက တစ်ချိန်တည်းမှာ ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့ကို အလျားလိုက် သူကိုင်ဆောင်ထားစဉ် သားရဲဘုရင်အရှိန်အဝါက မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ သူက ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ အံ့ဩသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက… ”
သူ၏ ခြေထောက်အောက်တွင် သူမျှော်လင့်ထားသကဲ့သို့ မီးပင်လယ်နှင့် ဓားတောင် မရှိပေ။ ထိုနေရာက ကြေးချွတ်သန့်စင်ဘုံမဟုတ်ပေ။ ယင်းအစား အကန့်အသတ်မဲ့စွာ သွယ်တန်းနေသော တောင်တန်းများနှင့် အဆုံးမဲ့စွာ ရှည်လျားသော မြစ်များ ရှိသည်။ ထူထဲသော တောအုပ်များထဲတွင် ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်နှင့် ထိစပ်လုနီးပါး အလွန်မြင့်မားကြသည်။ နေရာတိုင်းတွင် အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။ ယင်းက သူမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားသည်။ ဤအခိုက်အတန့်မှာ သူက အနည်းငယ် အံ့ဩသွားသည်။
“ ဂျိန်း ”
ရုတ်တရက်ဆိုသလို မိုးခြိမ်းသံက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။ သူက အမြန်ခေါင်းမော့ကြည့်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ငွေရောင်ထိန်ထိန်လင်းနေသော ဖိုးလမင်းက ကောင်းကင်ယံမှာ မြင့်မြင့် ချိတ်ဆွဲခံထားရသည်။ မိုးခြိမ်းသံက အလွန်ကျယ်လောင်လေရာ လောကတစ်ခုလုံးကြားရန် လုံလောက်သည်။ လစန္ဒာ၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကြသည်။ ထိုအလင်းတန်းများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အတူတကွ စုဝေးသွားကြပြီး ထူးဆန်းသော ခရမ်းရောင်လျှပ်စီးကို ဖွဲ့စည်းလိုက်ကြသည်။ ယင်းက ဟင်းလင်းပြင်ကို တုန်ယင်စေသည်။
မိုးခြိမ်းသံ ပဲ့တင်ထပ်သွားစဉ် ခရမ်းရောင်လျှပ်စီးတန်းများက ခရမ်းရောင်နဂါးများသဖွယ် ကောင်းကင်ယံမှာ ရှေ့တိုးနောက်ဆုတ် ရွေ့လျားကူးခတ်နေကြသည်။ သို့သော်လည်း ခရမ်းရောင်လျှပ်စီးတန်းများသည် ပျောက်ကွယ်သွားမည့် အရိပ်အယောင်ကို မဖော်ပြပေ။
အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်သည် မိုးခြိမ်းသံထဲမှာ အသက်ဓာတ်နှင့် ပြန်လည်ရှင်သန်ခြင်းအရှိန်အဝါ ကိန်းအောင်းနေသည်ဟု ခံစားမိသွားသည်။
“ ကျစ်… ကျစ်… ”
လစန္ဒာ၏ ဘေးတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ တစ်ဆက်တည်းမှာ ယင်းတို့က ခရမ်းရောင်လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က အဆုံးမရှိသည့်အလားပင်။ ထိုစဉ် လစန္ဒာ၏ ဘေးပတ်ဝန်းကျင်မှ ခရမ်းရောင်လျှပ်စီးတန်းများက ဦးတည်ရာတစ်ခုတည်းဆီသို့ တစ်ပြိုင်နက် ရွေ့လျားသွားသည့်အခါ အချင်းချင်း ပွတ်တိုက်သွားကြပြီး ပေါက်ကွဲသွားသည်။ ထိုအခါ ဟင်းလင်းပြင်ကို တုန်ခါစေမည့် ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။
ထိုသို့ပေါက်ကွဲသွားသည့်အခါ ခရမ်းရောင်လျှပ်စီးတန်းများက ယင်းတို့၏ စွမ်းအားကို လစန္ဒာဆီသို့ ပို့လွှတ်လိုက်ဟန် ရ၏။
ထို့ကြောင့် ဤအခိုက်အတန့်မှာ ငွေရောင်လစန္ဒာက ခရမ်းရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထွန်းလင်းတောက်ပသော လစန္ဒာက ခရမ်းရောင်လအဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ခရမ်းရောင်လျှပ်စီးတန်းများက ခရမ်းရောင်လထဲသို့ တိုးဝင်သွားကြသည်။ ထို့ကြောင့် ခရမ်းရောင်လက ငွေရောင်လရောင်ခြည်အစား ခရမ်းရောင်လရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။
“ ကျစ်… ကျစ်... ”
သူ့အရှေ့မှ မြင်ကွင်းကို သီရှီထျန် စိုက်ကြည့်နေစဉ် လေထုဆုတ်ဖြဲသံများက ကောင်းကင်ယံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ခရမ်းရောင်လျှပ်စီးတန်းများက ခရမ်းရောင်လထဲမှ ကျဆင်းလာကြသည်။
အဆုံးမဲ့သော ခရမ်းရောင်အလင်းတန်းများက ခရမ်းရောင်လထဲမှ ကျဆင်းလာကြပြီး လောကကို ဖုံးလွှမ်းသွားသည်။ သို့သော်လည်း ခရမ်းရောင်အလင်းတန်းများသည် ခရမ်းရောင်လထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရေစက်အသွင်သို့ ပြောင်းလဲသွားသည်။
မိုးရေစက်များ… ။
မှန်ပေသည်။ ယင်းတို့က ခရမ်းရောင်မိုးရေစက်များ ဖြစ်သည်။
“ အဲ့ဒါ… အဲ့ဒါက… ဒဏ္ဍာရီလာ ခရမ်းလျှပ်စီးမိုးလား ”
သီရှီထျန်သည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူက အချိန်အတော်ကြာသွားသည်အထိ သတိပြန်မဝင်သေးပေ။
ရှေးလူကြီးများက ဤသို့ပြောသည်။ လျှပ်စီးမိုးရွာသည့်အခါ သက်ရှိအားလုံးက အသက်ပြန်ရှင်လာလိမ့်မည်။
လျှပ်စီးနှင့် မိုးကြိုးသည် ဖျက်ဆီးခြင်းကို ကိုယ်စားပြုရုံသာမက ဖျက်ဆီးခြင်းစိတ်ဆန္ဒကိုလည်း သယ်ဆောင်ထားသည်။ ထို့ပြင် ယင်းထဲမှာ အဆုံးမဲ့သော အသက်ဓာတ်နှင့် ဖန်ဆင်းခြင်းစွမ်းအားလည်း ပါရှိသည်။ တစ်နည်းဆိုရသော် လျှပ်စီးနှင့် မိုးကြိုးထဲမှာ မတူညီသော စွမ်းအားနှစ်မျိုး ပါဝင်သည်။
ဥပမာ စက်ကရာနှင့် တခြားမိစ္ဆာသားရဲများသည် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည့်အခါ ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်ကြရသည်။ အဘယ့်ကြောင့်ဆိုသော် ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ လျှပ်စီးနှင့် မိုးကြိုးထဲမှာ အသက်ဓာတ်နှင့် ဖန်ဆင်းခြင်းစွမ်းအား ကိန်းအောင်းနေသောကြောင့်ပင်။ မိုးကြိုးထဲမှ ဖန်ဆင်းခြင်းစွမ်းအားကို စုပ်ယူမှသာလျှင် သူတို့က အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ကြလိမ့်မည်။ ထို့ကြောင့် မိုးကြိုးထဲမှာ အဖျက်စွမ်းအားသာ ကိန်းအောင်းနေခြင်းမဟုတ်ဘဲ အဆုံးမဲ့သော အသက်ဓာတ်လည်း ကိန်းအောင်းနေသည်။ ယင်းက သက်ရှိများကို ပြန်လည်ရှင်သန်စေနိုင်လိမ့်မည်။
သေခြင်းရှင်ခြင်း၏ လေးနက်သော အဓိပ္ပာယ်က မိုးကြိုးတစ်ခုတည်းမှာ အကုန်ပါဝင်နေသည်။ မိုးကြိုးသည် အဖျက်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ရုံသာမက ဖန်ဆင်းခြင်းစွမ်းအားကိုလည်း ပေးစွမ်းနိုင်သည်။
“ ခရမ်းလျှပ်စီးမိုး… အဲ့ဒါက ရှေးခေတ်မှာပဲ ထွက်ပေါ်လာတဲ့ ဒဏ္ဍာရီလာ ခရမ်းလျှပ်စီးမိုး… အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာ မဟုတ်ရင် ခရမ်းလျှပ်စီးမိုး တကယ်ရှိတယ်ဆိုတာ ငါယုံကြည်နိုင်မှာ မဟုတ်ဘူး… ဒီလောက်အံ့ဖွယ်ကောင်းတဲ့ ခရမ်းလျှပ်စီးမိုးကို ငါမြင်ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး… တကယ်လို့ ခရမ်းလျှပ်စီးမိုးသာ ခရမ်းရွှေကုန်းမြေမှာ ရှိမယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာမျိုးနွယ်စုက ချက်ချင်း ပြန်ရှင်သန်လာလိမ့်မယ်… ဘယ်လိုလုပ် ခရမ်းလျှပ်စီးမိုးက ဒီနေရာမှာ ရှိနေတာလဲ ”
အခန်း(၃၅၇)
ကောင်းကင်ပေါ်မှ ရွာသွန်းကျလာသော ခရမ်းလျှပ်စီးမိုးကို ကြည့်နေစဉ် သီရှီထျန်၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှု ထွက်ပေါ်လာသည်။ ခရမ်းလျှပ်စီးမိုးသည် နွေဦးလေပြေကဲ့သို့ သိမ်မွေ့ညင်သာပြီး မြေကြီးပေါ်မှ သက်ရှိအားလုံးပေါ်သို့ ကျဆင်းသွားသည်။ သစ်ပင်ကြီးများဖြစ်စေ၊ ပန်းပင်များဖြစ်စေ သို့မဟုတ် သတ္တဝါများဖြစ်စေ သူတို့အားလုံး၏ ခန္ဓာကိုယ်ပေါ်သို့ ခရမ်းလျှပ်စီးမိုးက ကျဆင်းသွားသည်။
ထူးဆန်းသည်မှာ ခရမ်းလျှပ်စီးမိုးက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ သူတို့၏ အမွှေးအမျှင်များသည်ပင် မစိုစွတ်ပေ။
သစ်ပင်ကြီးများသည် ပျော်ရွှင်စွာ လှုပ်ယမ်းသွားကြသည်။ သစ်ပင်အကိုင်းအခတ်များက ဆန့်တန်းသွားကြသည်။ ဤသည်မှာ ယင်းတို့က ခရမ်းလျှပ်စီးမိုး ကျဆင်းလာသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေသည့်အလားပင်။ ခရမ်းလျှပ်စီးမိုးက သတ္တဝါများနှင့် ငှက်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ ယင်းက စကားလုံးဖြင့် ဖော်ပြရန်ခဲယဉ်းသော အသက်ဓာတ်နိုးကြားမှု ဖြစ်သည်။
ခရမ်းလျှပ်စီးမိုး၏ အားဖြည့်ပေးမှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်ထဲ၌ အပြောင်းအလဲတစ်ခု စတင်ဖြစ်ပေါ်လာသည်။
ခရမ်းလျှပ်စီးမိုး… ။
ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့သွားသည်။ ဖော်ပြရန် ခက်ခဲသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ခရမ်းရောင်လျှပ်စီးသည် ဤလောကမှ လျှပ်စီးအမျိုးမျိုးအနက် အဖျက်စွမ်းအားအကောင်းဆုံး လျှပ်စီးဖြစ်သည်။ လျှပ်စီးထဲမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား ကိန်းအောင်းနေသည်။ အဖျက်စွမ်းအားက ပိုကြီးမားလေ ယင်းထဲမှာ ပါဝင်နေသော အသက်ဓာတ်နှင့် ဖန်ဆင်းခြင်းစွမ်းအားက ပိုအားကောင်းလေ ဖြစ်သည်။
ထို့ကြောင့် ခရမ်းရောင်မိုးကြိုး ပေါက်ကွဲသွားသည့်အခါ အဆုံးမဲ့သော အသက်ဓာတ်စွမ်းအားက ထွန်းလင်းတောက်ပသော လစန္ဒာထဲမှာ စုဝေးသွားသည်။ ထို့ကြောင့် လက ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
အဆုံးမဲ့သော အသက်ဓာတ်နှင့် အကန့်အသတ်မဲ့သော ဖန်ဆင်းခြင်းစွမ်းအားက ခရမ်းရောင်လရောင်ခြည်အဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ မိုးရေစက်များအသွင်ဖြင့် ကျဆင်းသွားသည်။ မြေကြီးပေါ်သို့ ကျဆင်းသွားသည်မှာ လရောင်ခြည်မဟုတ်ပေ။ ယင်းအစား အသက်ဓာတ်စွမ်းအား ဖြစ်သည်။ ယင်းက သက်ရှိသက်မဲ့အားလုံးကို အသက်ဓာတ်နိုးကြားစေသည်။
ခရမ်းလျှပ်စီးမိုးသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းမှာ သက်ရှိအားလုံးအတွက် အသုံးဝင်မည့် အကျိုးအာနိသင်များ အများကြီး ရှိသည်။ မြက်ပင်သော်လည်းကောင်း၊ သစ်ပင်များသော်လည်းကောင်း၊ ငှက်များသော်လည်းကောင်း သို့မဟုတ် သားရဲများသော်လည်းကောင်း အကုန်အတူတူ ဖြစ်သည်။ ခရမ်းလျှပ်စီးမိုးဖြင့် အတိုင်းအတာတစ်ခုအထိ အားဖြည့်ခံရပြီးလျှင် သူတို့က ဝိညာဉ်အသိဉာဏ်ရှိလာကြလိမ့်မည်။ ယင်းက သူတို့၏ ခန္ဓာကိုယ်ထဲမှာ မြှုပ်လျှိုးနေသော မွေးရာပါစွမ်းရည်ကို နိုးထပေးလိမ့်မည်။ အချိန်တိုလေးအတွင်းမှာ သူတို့က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို တိုက်ရိုက် ဖြတ်ကျော်နိုင်သွားကြလိမ့်မည်။ သူက နှစ်အနည်းငယ်အတွင်းမှာ အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။ ခရမ်းလျှပ်စီးမိုးသည် သာမန်တိရိစ္ဆာန်များကို ဝိညာဉ်အသိဉာဏ်နိုးထပေးနိုင်ပြီး သက်မဲ့ပစ္စည်းများကို စိတ်ဝိညာဉ်ရှိလာစေလိမ့်မည်။ ယင်းက တိရိစ္ဆာန်အားလုံးကို မိစ္ဆာအဖြစ် ပြောင်းလဲပေးနိုင်သည်။ ထို့ပြင် ဤလုပ်ငန်းစဉ်မှာ မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိပေ။
အသွင်သဏ္ဍာန် ပြောင်းလဲသွားပြီးလျှင် သူတို့၏ ပါရမီနှင့် အခြေခံအုတ်မြစ်ပေါ်မူတည်၍ သူတို့၏ ကျင့်ကြံခြင်းအဆင့်က တစ်ယောက်နှင့်တစ်ယောက် ကွဲပြားသွားလိမ့်မည်။ အစွမ်းထက်သော တိရိစ္ဆာန်များသည် အသွင်သဏ္ဍာန် ပြောင်းလဲပြီးသွားလျှင် မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ သန်စွမ်းသွားကြလိမ့်မည်။
နှစ်ပေါင်းများစွာကြာအောင် ခရမ်းလျှပ်စီးမိုးစက်များဖြင့် ထိတွေ့ခဲ့သော ဝိညာဉ်သားရဲများသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မိစ္ဆာတစ်ကောင်ကဲ့သို့ သန်မာကြသည်။ သာမန်ငှက်များနှင့် တိရိစ္ဆာန်များသည်ပင် ဝိညာဉ်သားရဲများကဲ့သို့ သန်မာကြသည်။
သို့သော်လည်း သူတို့၏ အခြေခံအုတ်မြစ်နှင့် စမှတ်က အကောင်းတိုင်း ဆက်ရှိနေဦးလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက ဖော်မပြနိုင်အောင် အလွန်မြန်ဆန်သည်။ သို့သော်လည်း သူတို့၏ အခြေခံအုတ်မြစ်က နည်းနည်းမှ ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။ မိစ္ဆာမျိုးနွယ်စုအတွက်တော့ ယင်းက မိုးမြေကြားမှ သတ္တဝါများအပေါ် မဟာကောင်းချီးပေးမှု ဖြစ်သည်။
ခရမ်းလျှပ်စီးမိုးက မိစ္ဆာမျိုးနွယ်စုအတွက် အငယ်တန်း မိစ္ဆာကျင့်ကြံသူအမြောက်အမြားကို မွေးထုတ်ပေးလိမ့်မည်။ ယင်းက မိစ္ဆာမျိုးနွယ်စု၏ အရေအတွက်ကို သိသိသာသာ တိုးမြှင့်ပေးလိမ့်မည်။
ရှေးခေတ်ကာလ၌ ခရမ်းလျှပ်စီးမိုးကြောင့် မိစ္ဆာမျိုးနွယ်ဝင်များ၏ အရေအတွက်က အဆမတန် တိုးပွားသွားခဲ့သည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုက မိုးမြေတစ်လျှောက် ဖြန့်ကြက်နိုင်ပြီး ခရမ်းရွှေကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ်စု ဖြစ်လာခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာပင် ရှေးခေတ်ကုန်ဆုံးသွားပြီးနောက် ခရမ်းရွှေကုန်းမြေထဲမှာ ခရမ်းလျှပ်စီးမိုး နောက်တစ်ကြိမ် မထွက်ပေါ်လာတော့ပေ။ သို့မဟုတ်လျှင် မိစ္ဆာမျိုးနွယ်စုက ယခုအခြေအနေအထိ နိမ့်ကျသွားလိမ့်မည် မဟုတ်ချေ။
မိစ္ဆာနိုးထကျင့်စဉ်က ခရမ်းလျှပ်စီးမိုးအပေါ် အခြေခံ၍ ဖန်တီးထားခြင်းဖြစ်သည်ဟုပင် ဆိုကြသည်။ သို့သော်လည်း မိစ္ဆာနိုးထကျင့်စဉ်က ခရမ်းလျှပ်စီးမိုး မဟုတ်ပေ။ ထို့ကြောင့် အသွင်သဏ္ဍာန် ပြောင်းလဲပြီးသည့်အခါ ဘေးထွက်ဆိုးကျိုးများ ရှိလာသည်။
“ ဘာဖြစ်သွားတာလဲ… အဲ့ဒါက လျှို့ဝှက်နယ်မြေလား… မဟုတ်မှလွဲရော အဲ့ဒါက ကောင်းကင်မိစ္ဆာရဲ့ မှော်စွမ်းရည်တစ်မျိုးလား ”
သီရှီထျန်က အဖြူရောင်အလင်းကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။ သူပိုပြီးကြည့်လေလေ ပိုပြီးအံ့ဩမိလေလေ ဖြစ်သည်။ ထိုအဖြူရောင်အလင်းသည် မီးခိုးလှိုင်းကျွန်းစုပေါ်မှ ဝဲကတော့၏ စုပ်ယူခံလိုက်ရသော မိုးမြေအလင်းရောင် ဖြစ်သည်။ ဝဲကတော့သည် မီးခိုးလှိုင်းကျွန်းစုပေါ်မှာ အဆက်မပြတ် လှည့်ပတ်နေပြီး အပြင်လောကမှ အလင်းရောင်အားလုံးကို ဝါးမျိုနေသည်။
သီရှီထျန်က တိတ်တဆိတ် တွေးတောလိုက်သည်။ အဖြေတစ်ခုကို သူရှာတွေ့သွားသောအခါ အံ့ဩထိတ်လန့်မှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အပြင်လောကထံမှ နေအနှစ်သာရကို အဆက်မပြတ် စုပ်ယူလိုက်စဉ် နေအနှစ်သာရက လျှို့ဝှက်နယ်မြေထဲမှာ ခရမ်းရောင်မိုးကြိုးအဖြစ် ပြောင်းလဲသွားသည်။ ထိုမှတဖန် ခရမ်းရောင်မိုးကြိုးက ခရမ်းလျှပ်စီးမိုးအဖြစ် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
ဤအခိုက်အတန့်မှာ သီရှီထျန်က သူ့အရှေ့မှ မြင်ကွင်းကို ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ အသိပညာအရ ခရမ်းလျှပ်စီးမိုး၏ ဇစ်မြစ်ကို ရှာဖွေရန် သိပ်မခက်ခဲပါချေ။ ထို့ကြောင့် သူက မိနစ်အနည်းငယ်အတွင်းမှာ အဓိကအနှစ်သာရကို ဖမ်းဆုပ်နိုင်သွားသည်။
သူ၏ မှန်းဆမှုက မမှားပေ။ ကောင်းကင်မိစ္ဆာသည် ခရမ်းလျှပ်စီးမိုးကို ဖန်ဆင်းရန် ကောင်းကင်ဖုံးအုပ်နေဝါးမျိုအတတ်ကို အသုံးပြုခဲ့သည်။ သူက အပြင်လောကမှ နေအနှစ်သာရကို စုပ်ယူ၍ ခရမ်းလျှပ်စီးမိုးကို ဖန်တီးလိုက်သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ကောင်းကင်မိစ္ဆာ၏ မှော်စွမ်းရည်က မည်မျှအံ့ဖွယ်ကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ အံ့ဩစရာပဲ… တကယ် အံ့ဩစရာပဲ ”
သူ၏ မှန်းဆမှုကို အတည်ပြုပေးနိုင်သောအရာ မရှိသော်လည်း ထိုမှန်းဆချက် မှန်ကန်ရန် အခွင့်အရေးများကြောင်း သီရှီထျန် သိသည်။ ကောင်းကင်ပေါ်မှ အဆက်မပြတ် ကျဆင်းလာနေသော ခရမ်းလျှပ်စီးမိုးကို ကြည့်နေစဉ် သီရှီထျန်က သူ့ဘာသာ တွေးတောလိုက်သည်။
“ တကယ်လို့ အဲ့ဒီခရမ်းလျှပ်စီးမိုးက ဒဏ္ဍာရီထဲမှာ ပြောထားသလို တကယ်အစွမ်းထက်တယ်ဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ တိရိစ္ဆာန်တွေနဲ့ ငှက်တွေက မိစ္ဆာတွေအဖြစ် အသွင်ပြောင်းလဲသွားလောက်ပြီ… ဒီနေရာမှာ မရေမတွက်နိုင်တဲ့ ငှက်တွေ၊ သားရဲတွေနဲ့ အပင်တွေ ရှိတယ်… အဲ့ဒါတွေအားလုံး မိစ္ဆာမျိုးနွယ်ဝင်ဖြစ်လာမယ်ဆိုရင် မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားက ကြီးကြီးမားမား တိုးတတ်သွားလိမ့်မယ်… တကယ်လို့ ငါသာ သူတို့ကို အပြင်လောကဆီ ခေါ်ထုတ်နိုင်မယ်ဆိုရင် မိစ္ဆာမျိုးနွယ်စုရဲ့ အလုံးစုံအင်အားက သိသိသာသာ တိုးတတ်သွားလိမ့်မယ် မဟုတ်ဘူးလား ”
“ မဟုတ်သေးဘူး… သူတို့တွေကို ငါ့လက်အောက်ထဲ သိမ်းသွင်းနိုင်မယ်ဆိုရင် ပိုပြီးတော့ အကျိုးရှိလိမ့်မယ်… သူတို့က ငါ့မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာမယ်ဆိုရင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အလုံးစုံစွမ်းအားက ပိုပြီးအားကောင်းလာလိမ့်မယ်… အဲ့ဒီအခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက သူ့ရဲ့ နာမည်နဲ့ လိုက်ဖက်သွားလိမ့်မယ် ”
မရေမတွက်နိုင်သော အတွေးများက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဖြစ်နိုင်ခြေအမျိုးမျိုးကို သူစဉ်းစားလိုက်သည့်အခါ သူ၏ မျက်လုံးက ပိုပြီးထွန်းလင်းတောက်ပလာသည်။ အမှန်တကယ်ပင် အကယ်၍ သူသာ လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာသားရဲများကို သူ့လက်အောက်ထဲသို့ သိမ်းသွင်းနိုင်မည်ဆိုလျှင် သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မိစ္ဆာမျိုးနွယ်စုထဲမှာ အသန်မာဆုံး အင်အားစု ဖြစ်လာလိမ့်မည်။
“ မဟုတ်ဘူး ”
သူတွေးတောနေစဉ် နတ်ဘုရားအလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ ရုတ်တရက် ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က လေထဲမှာ အကြိမ်ရေအနည်းငယ် လှည့်ပတ်သွားသည်။ မကြာမီ သူက ထူးဆန်းသော နေရာတစ်နေရာဆီသို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူ့မှာ ခုခံနိုင်သော အင်အား လုံးဝ မရှိပေ။ သူက နတ်ဘုရားအလင်းတန်း၏ ဆွဲခေါ်ရာနောက်သို့ ပါသွားသည်။
သီရှီထျန်သည် နတ်ဘုရားအလင်းတန်း၏ အမြန်ခေါ်ဆောင်မှုကြောင့် သူ၏ ဘေးပတ်ဝန်းကျင်ကို သေချာမမြင်နိုင်ခဲ့ပေ။
သို့မဟုတ်လျှင် တောင်တန်းဒေသထဲ၌ သားရဲအရေပြားကို ဝတ်ဆင်ထားသော လူရိုင်းအုပ်စုတစ်စု ထွက်ပေါ်လာနေကြောင်း မြင်ရလိမ့်မည်။ သူတို့သည် လူသားများ မဟုတ်ကြချေ။ ယင်းအစား မိစ္ဆာများ ဖြစ်ကြသည်။
သူတို့သည် အပြင်သို့ ထွက်လာပြီးလျှင် ကောင်းကင်ပေါ်မှ ခရမ်းရောင်လကို မျက်နှာမူ၍ မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။ ထို့နောက် သူတို့က ခရမ်းရောင်လကို ကြည်ညိုလေးစားစွာ ဦးညွတ်လိုက်ကြသည်။ သူတို့က ခရမ်းလျှပ်စီးမိုးစက်များကို သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေရန် ခွင့်ပြုလိုက်သည်။
အရှေ့ဆုံးမှ ဦးဆောင်သူက တစ်ခေါင်းလုံးဖြူဖွေးနေသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ အနောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားများ၊ အမျိုးသမီးများနှင့် ငယ်ရွယ်သော လူငယ်များ ရှိကြသည်။
သူတို့အားလုံးက မတူညီသော မိစ္ဆာအသွင်သဏ္ဍာန်ဖြင့် ရှိနေကြသည်။
သူတို့အနောက်တွင် တခြားအုပ်စုများက တောင်တန်းဒေသထဲမှ အတူတကွ ထွက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမျိုးနွယ်ဝင်ထောင်သောင်းချီက တောင်တန်းဒေသ၏ မြေကွက်လပ်တစ်ခုမှာ စုဝေးလိုက်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်အုပ်စုတစ်စုစီက မတူညီသော အရှိန်အဝါကို ထုတ်လွှတ်နေကြောင်း မြင်ရလိမ့်မည်။ ကြည့်ရသည်မှာ ဤနေရာမှာ စုဝေးနေသော မိစ္ဆာအားလုံးက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲပြီးသော မိစ္ဆာများဖြစ်ဟန် တူသည်။
“ ခရမ်းလျှပ်စီးမိုး ထပ်ရွာပြီ… ကောင်းကင်မိစ္ဆာရဲ့ တန်ခိုးက အနှိုင်းမဲ့ပါတယ် ”
အမျိုးသားများက ချောမောခန့်ညားပြီး အမျိုးသမီးများက ချောမောလှပသည်။ သို့သော်လည်း သူတို့အားလုံးက သူတို့၏ အရှေ့မှ အဖိုးအိုကို ကြည်ညိုလေးစားစွာ ကြည့်နေကြသည်။ အဖိုးအိုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ခရမ်းလျှပ်စီးမိုးကို ကြည့်လိုက်သည်။ ကြည်ညိုလေးစားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဟူ… ခရမ်းလျှပ်စီးမိုး ထပ်ရွာပြီ… အဲ့ဒါရဲ့ ဆိုလိုရင်းက ကောင်းကင်မိစ္ဆာအရှင် ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေက အပြင်ဘက်ကနေ ထပ်ပွင့်သွားပြီ… ဒါဆို တစ်စုံတစ်ယောက်က ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို ရရှိပြီး ငါတို့ကို အပြင်ခေါ်ထုတ်ပေးနိုင်မလား မသိဘူး ”
“ ဟုတ်တယ်… ဒီတစ်ကြိမ်မှာလည်း ဘယ်သူမှ ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို မရရှိဘူးဆိုရင် ငါတို့တွေ နောက်ထပ် အနှစ်တစ်ထောင်ကြာအောင် စောင့်ဆိုင်းရလိမ့်မယ်… မဟုတ်ရင် သက်တမ်းစေ့တဲ့အခါ ငါတို့ရဲ့ ဘိုးဘေးတွေလို မိစ္ဆာမြှုပ်နှံချိုင့်ဝှမ်းထဲ ဝင်ပြီး အိပ်စက်ရလိမ့်မယ် ”
“ ငါတကယ်ပဲ အပြင်ထွက်ချင်တယ်…ခရမ်းရွှေကုန်းမြေက ငါတို့ဘိုးဘေးတွေ မှတ်တမ်းတင်ထားတဲ့အတိုင်း တကယ်ပဲလားဆိုတာ ငါမြင်ချင်တယ် ”
ထိုမေးခွန်းများကို ကြားသောအခါ ဟူ၏ မျက်နှာပေါ်မှာ ပိုမိုများပြားသော အရေးအကြောင်းများ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး ခါးသီးစွာ သက်ပြင်းချလိုက်သည်။
“ ဟူး… အတိတ်မှာ ကောင်းကင်မိစ္ဆာအရှင်က ငါတို့ရဲ့ ဘိုးဘေးတွေကို လျှို့ဝှက်နယ်မြေထဲ ခေါ်ဆောင်သွားခဲ့တယ်… သူက မိစ္ဆာမျိုးနွယ်စု တဖန်မြင့်တတ်လာနိုင်အောင် ဒီနေရာမှာ ငါတို့ရဲ့ ဘိုးဘေးတွေကို မျိုးဆက်တိုးပွားစေခဲ့တယ်… ဒါပေမဲ့ စိတ်မကောင်းစရာက အခုအချိန်ထိ ဘယ်သူကမှ လျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို မရရှိသေးဘူး… ဒီလိုဖြစ်လာမယ်လို့ ကောင်းကင်မိစ္ဆာအရှင် မျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး ”
“ ကောင်းကင်မိစ္ဆာအရှင်ရဲ့ အမွေအနှစ်ကို ရချင်ရင် နောက်ထပ် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်… အဲ့ဒါကို ငါလည်း သေချာမသိဘူး… မှတ်တမ်းတွေထဲမှာ ဖော်ပြထားတာတော့ ကောင်းကင်မိစ္ဆာအရှင်ရဲ့ အမွေအနှစ်ကို ရချင်ရင် အခက်အခဲအများကြီးကို ကျော်လွှားရလိမ့်မယ် ”
“ တကယ်လို့ တစ်ယောက်ယောက်ဆီမှာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမယ့် အလားအလာနဲ့ ပင်ကိုယ်ပါရမီ မရှိဘူးဆိုရင် သူက ကောင်းကင်မိစ္ဆာအရှင်ရဲ့ အမွေအနှစ်ကို ရရှိနိုင်မှာ မဟုတ်ဘူး ”