← Chapters

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း (၁၄၁၆) လူတိုင်းကို သတ်ပစ်လိုက်ရင် သတင်းက ပေါက်ကြားသွားမှာ မဟုတ်တော့ဘူး

ဤကဲ့သို့သော အခြေအနေတွင် ထန်ရှီးယောင်၏ လက်ထဲရှိ သရေစာက ဝေ့ဟောက်ချန်၏ နှုတ်ခမ်းများနှင့် မတော်တဆ ထိမိသွားခဲ့သည်။ အရေးမပါလှသော ဤလုပ်ရပ်လေးက ဝေ့ဟောက်ချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ယင်သွားစေခဲ့သည်။

အခုအချိန်အထိ သူ တောင့်ခံထားရတာက တကယ်ကို ခက်ခဲလွန်းလှပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဧည့်ခံပွဲ ခန်းမဆောင်ကြီးမှာ အရသာရှိလှသော အစားအစာများဖြင့် ပြည့်နှက်နေပြီး ဤဟင်းလျာများထံမှ ထွက်ပေါ်လာသော အမွှေးနံ့သာများက ဝေ့ဟောက်ချန်ကို အချိန်တိုင်း နှိပ်စက်နေခဲ့သောကြောင့်ပင်။

ဝေ့ချင်းရှောင်းကသာ သူ့ကို အဆက်မပြတ် ဖိနှိပ် မထားခဲ့ဘူးဆိုလျှင် သူသည် အချိန်ကြာမြင့်စွာ ကတည်းက အထိန်းအကွပ်မဲ့စွာ လှုပ်ရှားခဲ့ပြီး ဖြစ်ပေမည်။

သို့သော် သူ၏ နှုတ်ခမ်းကို လာပွတ်တိုက်သွားသော ဤသရေစာလေးမှာ ကုလားအုတ် ကျောကို ကျိုးသွားစေသည့် နောက်ဆုံး ကောက်ရိုးမျှင်လေးအလား ဖြစ်သွားခဲ့ပြီး ဝေ့ဟောက်ချန်၏ အသိစိတ်ကို လုံးလုံးလျားလျား ကြေမွသွားစေခဲ့သည်။

သူ၏ မျက်နှာအမူအရာက ရုတ်တရက် အလွန်အမင်း ရိုင်းစိုင်းကြမ်းတမ်းသွားခဲ့သည်။ သူက ပါးစပ်ကို ဟကာ တုံ့ဆိုင်းမှု မရှိဘဲ သရေစာကို ကိုက်ချလိုက်တော့သည်။ ထန်ရှီးယောင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် စူးရှစွာ အော်ဟစ်လာသည်။ အကြောင်းမူကား သရေစာနှင့်အတူ သူမ၏ လက်ချောင်း တစ်ချောင်းပါ အကိုက်ခံလိုက်ရသောကြောင့်ပင်။

နာကျင်မှုကြောင့် ထန်ရှီးယောင်မှာ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝေ့ဟောက်ချန်မှာ အသိတရား လုံးဝ ကင်းမဲ့သွားခဲ့ပြီး စားပွဲဆီသို့ တိုက်ရိုက် ခုန်အုပ်ကာ အနုစိတ် ပြင်ဆင်ထားသော သရေစာ ပန်းကန်များကို တစ်ချပ်ပြီး တစ်ချပ် ဆွဲယူ၍ သူ၏ ပါးစပ်ထဲသို့ ဖရိုဖရဲ သွတ်သွင်းနေတော့သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရိုင်းအစိုင်းဆန်သော စားသောက်ပုံက စည်ကားနေသော ဧည့်ခံပွဲ ခန်းမဆောင်ကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် အေးခဲသွားကြပြီး ယခုအခါ သားရဲတစ်ကောင်အလား ဖြစ်နေသော ဝေ့ဟောက်ချန်ကို စိုက်ကြည့်နေကြသည်။ ဘာတွေဖြစ်ပျက်နေမှန်း မည်သူကမျှ နားမလည်နိုင်ခဲ့ကြချေ။

ရွှယ်အန်းက တိုးညင်းစွာ သက်ပြင်းချပြီး သူ၏ မျက်လုံးများထဲတွင် သနားညှာတာမှု အရိပ်အယောင်တစ်ခု ပေါ်လာကာ တိုးတိုးလေး ရေရွတ်သည်။

"မင်း ခံစားခဲ့ရတာ လုံလောက်ပါပြီ"

အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်နေသည့် အခြေအနေတွင် အခြားသူများနှင့် စကားပြောနေခဲ့သော ဝေ့ချင်းရှောင်းက တစ်ခုခု မှားယွင်းနေကြောင်းကို အာရုံခံမိလိုက်ပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသော မြင်ကွင်းက သူမ၏ မျက်နှာကို သံမဏိတမျှ ချက်ချင်း မည်းမှောင်သွားစေခဲ့သည်။

ဘာလို့လဲဆိုတော့ သူမ အကြောက်ဆုံး အရာက နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီလေ...

ထန်ရှီးယောင်က လက်ချောင်း တစ်ချောင်း ပြတ်သွားပြီဖြစ်သော သူမ၏ ဒဏ်ရာရနေသည့် လက်ကို ဆုပ်ကိုင်ထားပြီး ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်အလား အစားအစာများကို အငမ်းမရ စားသောက်နေသည့် ဝေ့ဟောက်ချန်ကို ကြည့်ကာ မျက်နှာပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဆန်ခါတစ်ခုအလား တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

အခြားလူတိုင်း၏ မျက်နှာအမူအရာများကလည်း ထူးဆန်းသော ပုံသဏ္ဍာန်များအဖြစ် စတင် ရှုံ့မဲ့လာခဲ့သည်။

အကင်းအပါးဆုံး သူတစ်ယောက်ပင်လျှင် ဝေ့မိသားစု၏ သခင်လေး၌ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မှားယွင်းနေသည့် တစ်ခုခု ရှိနေကြောင်းကို ယခုအခါ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

ဘယ်ပုံမှန် လူတစ်ယောက်ကမှ ဒီလိုမျိုး အထိန်းအကွပ်မဲ့တဲ့ ပုံစံနဲ့ ဘယ်တော့မှ စားမှာ မဟုတ်ဘူးလေ

လော့မိသားစု ခေါင်းဆောင် လော့ကောင်းယန်က သူနှင့် ရင်ပေါင်တန်းနိုင်သူ အခြားလူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ တစ်ယောက်၏ မျက်လုံးများထဲရှိ နားလည်သဘောပေါက်သွားမှုများကို အခြားတစ်ယောက်က မြင်တွေ့နေရသည်။

ကောလာဟလတွေက မှန်နေခဲ့တာပဲ။

ဝေ့မိသားစုရဲ့ သခင်လေးက တကယ်ကို ပြဿနာ ရှိနေတာပဲ...

ထူးဆန်းသော တင်းမာမှုများ ဖုံးလွှမ်းနေသည့် ဤနောက်ခံ အခြေအနေတွင် ဝေ့ချင်းရှောင်း၏ မျက်နှာမှာ အပြောင်းအလဲ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သော်လည်း သူမ၏ ခြေလှမ်းများကတော့ ရပ်တန့်မသွားခဲ့ချေ။ သူမက စားပွဲဆီသို့ လျင်မြန်စွာ ခြေလှမ်းကျဲကြီးများဖြင့် သွားကာ လက်ကို မြှောက်လိုက်ပြီး ကျယ်လောင်သော ပါးရိုက်ချက် တစ်ချက်ကို ပေးသည်။

ဖြန်း..

စူးရှသော ပါးရိုက်သံက ဧည့်ခံပွဲ ခန်းမဆောင် တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ ထန်ရှီးယောင်က သနားစဖွယ် အော်ဟစ်လိုက်ပြီး ရိုက်ချက်၏ အားကြောင့် သူမ၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်စင်သွားခဲ့သည်။ သူမက စားပွဲတစ်လုံးပေါ်သို့ ပြုတ်ကျသွားပြီး ၎င်းပေါ်ရှိ ပန်းကန်များနှင့် ခွက်များ အားလုံး ကြေမွသွားသည်။

ဆူညံသော ကျိုးပဲ့သံများကြောင့် တက်ရောက်လာသူ အများအပြား၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ စားပွဲပေါ်သို့ ကုန်းပြီး ပါးစပ်ထဲ အစားအစာများကို သွတ်သွင်းနေဆဲဖြစ်သော ဝေ့ဟောက်ချန်ကို ကြည့်ရင်း ဝေ့ချင်းရှောင်း၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးတစ်ခုက ရုတ်တရက် သူမအပေါ်သို့ ရိုက်ခတ်လာခဲ့သည်။

သူမက အသေးအဖွဲ တိုးတက်မှုလေး တစ်ခု ရရှိရန်အတွက်ပင် အလွန်အမင်း ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ရသော်လည်း အဆုံးတွင် ဤကဲ့သို့သော အရှက်ရဖွယ် မြင်ကွင်းမျိုးနှင့်သာ အဆုံးသတ်ခဲ့ရသည်။ သူမကို လွှမ်းမိုးတော့မည့် ဝမ်းနည်းကြေကွဲမှုများကို အတင်းအဓမ္မ ဖိနှိပ်ထားရင်း သူမက လက်လှမ်းကာ ဝေ့ဟောက်ချန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဩရှရှ အသံဖြင့် ပြောသည်။

"ချန်အာ... မစားနဲ့တော့၊ ငါတို့ သွားရအောင်"

ဝေ့ဟောက်ချန် အထိန်းအကွပ်မဲ့နေချိန်တွင် ဝေ့ချင်းရှောင်း၏ စကား တစ်ခွန်းတည်းကသာ သူ့ကို ငြိမ်ကျသွားစေနိုင်သည်။ သူမ၏ စကားများ သူ၏ နားထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဟောက်ချန်က စတင် ငြိမ်ကျလာခဲ့သည်။ သူ၏ မျက်နှာ တစ်ပြင်လုံး ပေကျံနေသော ဆီများနှင့် အစားအစာ အစအနများကို ဂရုမစိုက်ဘဲ ပြုံးဖြီးဖြီး လုပ်ပြသည်။

ဝေ့ချင်းရှောင်းက သူမ၏ မျက်လုံးများမှ ကျဆင်းလာတော့မည့် မျက်ရည်များကို အတင်းအဓမ္မ အောင့်ထားလိုက်သည်။ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် သူမက အေးစက်စက် ပြောသည်။

"ဒီနေ့ ကံဆိုးတဲ့ ဖြစ်ရပ်လေးအတွက် ခွင့်လွှတ်ပေးကြပါ၊ ကျွန်မတို့ အခု ပြန်တော့မယ်"

ထိုသို့ပြောပြီးနောက် သူမက မောင်ဖြစ်သူ၏ လက်ကောက်ဝတ်ကို ဆွဲကာ ဧည့်ခံပွဲ ခန်းမဆောင်ထဲမှ လျှောက်ထွက်သွားတော့သည်။ သူမ၏ ကိုယ်ဟန်အမူအရာမှ ထွက်ပေါ်နေသော ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုတို့က လော့ကျန့်ကို နက်ရှိုင်းစွာ လှုပ်ရှားသွားစေခဲ့သည်။ သို့သော် လော့ရွှမ်ကမူ အသံထွက် ရယ်မောမိလုနီးပါးပင် ဖြစ်နေခဲ့သည်။ ဒါက ပြီးပြည့်စုံတာပဲ...

ဝေ့မိသားစုရဲ့ သားအကြီးဆုံး ဆိုတဲ့သူက အရူးတစ်ယောက်လို ပြုမူနေတာကို မြင်ပြီးတဲ့နောက်မှာ ငါ့အစ်ကိုက သူမနဲ့ ပတ်သက်ပြီး စိတ်ကူးတွေ ယဉ်နေဦးမယ်ဆိုတာ ငါ တစ်စက္ကန့်လေးတောင် ယုံမှာ မဟုတ်ဘူး...

သူ မျှော်လင့်ထားသည့်အတိုင်းပင်။

လော့ချီဖုန်းမှာ အေးခဲသွားပြီး သူ၏ မျက်နှာမှာ ထိတ်လန့် အံ့ဩမှုများဖြင့် ပြည့်နှက်နေကာ ဝေ့ချင်းရှောင်းနှင့် သူမ၏ မောင်ဖြစ်သူတို့၏ ကျောပြင်များကို စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော်လည်း နောက်ဆုံးတွင် သူက မျက်လွှာချလိုက်ပြီး ဆက်လက် ကြည့်ရှုရန် ငြင်းဆန်လိုက်တော့သည်။

လော့မိသားစု၏ တရားဝင် သားအကြီးဆုံးအနေဖြင့် လော့ချီဖုန်းသည် အရူးတစ်ယောက် မဟုတ်ချေ။ ယခင်က ဝေ့ချင်းရှောင်းသည် ကြိုးစားယူရန် ထိုက်တန်သူ ဖြစ်သည်။ သူမတွင် သူ အလိုရှိသော အရာအားလုံး ရှိနေခဲ့သည်။

အလှတရား၊ အဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုများကိုပင် လွှမ်းမိုးနိုင်လောက်သည့် အခြားသော အရာများစွာ ရှိနေခဲ့သည်။ သို့သော် ယခုအခါ ထိုအရာအားလုံး၏ အခြေခံ အုတ်မြစ်မှာ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ မောင်ဖြစ်သူမှာ လုံးလုံးလျားလျား အရူးတစ်ယောက်ထက် မပိုသောကြောင့်ပင်။

ဤအမှန်တရား ပေါ်ပေါက်လာမှုက ယခုမှစ၍ ဝေ့မိသားစုအတွင်း သူမ၏ နေရာက အတိအကျ ဘာဖြစ်လာမည်နည်း ဆိုတာကို ကြိုတင် ဟောကိန်းထုတ်နေသည်။

ဝေ့ချင်းရှောင်းနှင့် ပတ်သက်သည့် အမျိုးမျိုးသော ကောလာဟလများနှင့် တွဲဖက် စဉ်းစားကြည့်သောအခါ သူမ၏ မောင်ဖြစ်သူမှာ သူမ၏ သေစေနိုင်သော အားနည်းချက် ဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။

ပိုဆိုးသည်မှာ သူမတွင် ထွက်ပေါက် မရှိခြင်းပင်။

ဤကဲ့သို့သော အခြေအနေများအောက်တွင် ဝေ့ချင်းရှောင်းသည် စံပြ လက်တွဲဖော် တစ်ယောက် မဟုတ်တော့ဘဲ အချိန်ကိုက် ဗုံးတစ်လုံးသာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူမကို ကြိုးစားယူမည်ဆိုလျှင် သူမနှင့်အတူ သူမ၏ ဝန်ထုပ်ဝန်ပိုး အားလုံးကိုပါ အမွေဆက်ခံရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုဝန်ထုပ်ဝန်ပိုးများ၏ အလေးချိန်မှာ ရိုးရိုးလေးပင် စိတ်ကူးယဉ်ကြည့်၍တောင် မရနိုင်လောက်အောင် ကြီးမားလှပေသည်။ ထို့ကြောင့် လော့ချီဖုန်းက နောက်ဆုတ်ရန် ပညာရှိရှိ ရွေးချယ်လိုက်ပြီး ဤသို့ ပြုလုပ်ရခြင်းအတွက် သက်သာရာရသည့် ခံစားချက်လေး တစ်ခုကိုပင် ခံစားလိုက်ရသည်။

ကံကောင်းလို့ သူ စောစောစီးစီး သိလိုက်ရတာ၊ မဟုတ်ရင် ဒီ ပင်လယ်ဓားပြ သင်္ဘောပေါ်ကို တက်မိသွားရင် ကပ်ဘေးဆိုက်တာပဲ

ထန်ရှီးယောင်မှာ လက်ချောင်း တစ်ချောင်း ပြတ်သွားပြီး ပြင်းထန်သော ပါးရိုက်ချက် တစ်ချက်ကို ခံလိုက်ရသော်လည်း သက်သာရာရမှုကို ခံစားလိုက်ရသည်။ သူမက ဒါဟာ တန်တယ်လို့ ယုံကြည်နေခဲ့တယ်၊ အကယ်၍ သူမသာ မလှုပ်ရှားခဲ့ဘူးဆိုရင် သူမ အသက်ကိုပါ ဆုံးရှုံးသွားနိုင်တယ် မဟုတ်ပါလား...

တစ်ချိန်က စည်ကားနေခဲ့သော ဤဧည့်ခံပွဲ ခန်းမဆောင်မှာ ချက်ချင်း မှိုင်းညို့သွားခဲ့သည်။ ယခုအခါ ဝေ့မောင်နှမအပေါ်သို့ ဦးတည်နေသော အကြည့်များမှာ ရိုသေလေးစားမှုနှင့် အားကျမှုများဖြင့် ပြည့်နှက်မနေတော့ဘဲ ရှုပ်ထွေးသော ထူးဆန်းမှု တစ်ခုဖြင့် ရောယှက်နေသည်။

ဝေ့ချင်းရှောင်းက တိတ်တဆိတ် သွားများကို ကြိတ်ထားပြီး သူမ၏ မောင်ဖြစ်သူ၏ လက်ကို ဆွဲကာ ဧည့်ခံပွဲ ခန်းမဆောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် အနီးနားတွင် ထိုင်နေသော ရွှယ်အန်းက ရုတ်တရက် ရယ်မောသည်။

"မင်းက ဒီအတိုင်း လှည့်ထွက်သွားဖို့ စီစဉ်နေတာလား"

ခန်းမဆောင် တစ်ခုလုံးမှာ ဤစကားကြောင့် တုန်လှုပ်သွားခဲ့ကြသည်။

ခေါင်းများ အားလုံးက တညီတညွတ်တည်း လှည့်သွားကြပြီး မည်သူက စကားပြောလိုက်သနည်းဆိုသည်ကို မြင်တွေ့လိုစိတ် ပြင်းပြနေခဲ့ကြသည်။

ဝေ့ချင်းရှောင်းက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူမ၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။

"ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ"

မျက်လုံး အားလုံးက အရပ်မျက်နှာ တစ်ခုတည်းဆီသို့ စူးစိုက်သွားကြသည်။ ရွှယ်အန်းက ခပ်တည်တည် ထိုင်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် မှိန်ပျပျ၊ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ရှိနေကာ ခန်းမဆောင် တစ်ဖက်မှနေ၍ ဝေ့ချင်းရှောင်းကို စိုက်ကြည့်ရင်း ပြောသည်။

"ငါပဲ"

"ရှင်က ဘယ်သူလဲ,=ခုနက ရှင် ပြောလိုက်တဲ့ စကားတွေက ဘာအဓိပ္ပါယ်လဲ"

ဝေ့ချင်းရှောင်း၏ လေသံမှာ အေးစက်နေပြီး ရှင်းပြချက် တစ်ခုကို တောင်းဆိုသည်။

"ဘာမှမဟုတ်ပါဘူး"

ရွှယ်အန်းက ဂရုမစိုက်သကဲ့သို့ ပြောသည်။

"ငါက မင်းကို တစ်ခုခု သတိပေးချင်ရုံ သက်သက်ပဲ၊ အကယ်၍ မင်းသာ ဒီဧည့်ခံပွဲ ခန်းမဆောင်ထဲကနေ ထွက်သွားလိုက်မယ်ဆိုရင်... မင်းရဲ့ မောင်ဖြစ်သူ အရူးတစ်ယောက် ဖြစ်နေတယ် ဆိုတဲ့ သတင်းက တစ္ဆေလောကနယ်ပယ် တစ်ခုလုံးကို အချိန်တိုအတွင်း ပျံ့နှံ့သွားလိမ့်မယ်၊ အဲဒီလို ဖြစ်သွားတဲ့အခါ မင်းရဲ့ ဂုဏ်သတင်းကို တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ မင်း ပေးဆပ်ခဲ့ရတဲ့ အားထုတ်မှုတွေ အားလုံးက လုံးဝ ရေစုန်မျောသွားလိမ့်မယ်"

"အဲဒီ ရလဒ်အတွက် မင်း စဉ်းစားပြီးပြီလား"

ရွှယ်အန်း၏ စကားများကြောင့် ဝေ့ချင်းရှောင်း၏ မျက်ခုံးများ ပင့်တက်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ဒေါသများ တောက်ပလာခဲ့သည်။ ထိုကဲ့သို့သော ဖြစ်နိုင်ခြေများကို သူမ စဉ်းစားထားခဲ့ပြီး ဖြစ်သည်။

ဒါပေမယ့် သူမက ဘာလုပ်နိုင်မှာလဲ၊ ဒီနေ့ ဧည့်ခံပွဲက ပြဿနာ မရှိဘဲ ပြီးသွားခဲ့ရင်တောင်... အနာဂတ်အတွက်ကရော...၊ ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်လာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ

ယခု သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ အရာရာကို တစ်လှမ်းချင်းစီ ရင်ဆိုင်ဖြေရှင်းသွားရန်သာ ဖြစ်သည်။

"ဟုတ်တယ်၊ ငါ စဉ်းစားပြီးပြီ ဒါပေမယ့် ငါ ဘာလုပ်နိုင်မှာလဲ"

ဝေ့ချင်းရှောင်းက အေးစက်စွာ တုံ့ပြန်သည်။

"ဒီအရာအားလုံးကို မင်း မပြောင်းလဲချင်ဘူးလား"

ရွှယ်အန်း၏ စူးစမ်းရှာဖွေသော မေးခွန်းက ဝေ့ချင်းရှောင်းကို ခဏတာမျှ တုန်ယင်သွားစေခဲ့သည်။ သူမ၏ သူငယ်အိမ်များက အပ်ပေါက်အရွယ်ခန့်အထိ ကျုံ့ဝင်သွားပြီး ရွှယ်အန်းကို စူးစိုက်ကြည့်ကာ မေးသည်။

"ငါ ဘယ်လို ပြောင်းလဲရမလဲ"

သူ၏ ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ မှီလျောင်းရင်း ရွှယ်အန်းက အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောသည်။

"ရိုးရိုးလေးပဲ၊ ဒီမှာရှိတဲ့ သူတိုင်းကို သတ်ပစ်လိုက်... အဲဒါဆိုရင် သတင်းက သဘာဝကျကျပဲ ပေါက်ကြားသွားမှာ မဟုတ်တော့ဘူး"

ရွှယ်အန်းက အပြုံးသဲ့သဲ့လေးနှင့်အတူ ထပ်ပြောသည်။

"ဒီလောက် ရှင်းလင်းတဲ့ ဖြေရှင်းနည်းကို သေချာပေါက် မင်း နားလည်ပါတယ်"

ဝေ့ချင်းရှောင်း မတုံ့ပြန်နိုင်မီ ဧည့်ခံပွဲ ခန်းမဆောင် တစ်ခုလုံးမှာ ကမောက်ကမ ဖြစ်မှုများဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

"ဘယ်က အရူးက ဒီလို ရဲတင်းတဲ့ စကားမျိုး လာပြောနေတာလဲ"

"အဲဒါက သခင်လေးခုနစ် လော့ကျန့်နဲ့ ရိန်မိသားစုက အသုံးမကျတဲ့ သားအလတ်တို့ မဟုတ်ဘူးလား၊ ဘာလို့ သူတို့က ဒီလူနဲ့ အတူတူ ရှိနေတာလဲ"

"ဒီလူက လော့ကျင်းထင်ရဲ့ ကိုယ်ရံတော် ဖြစ်နိုင်တယ်လို့ ငါ ကြားတယ်"

"လော့မိသားစုရဲ့ ဘေးထွက် မျိုးဆက်လေးရဲ့ သာမန် ကိုယ်ရံတော် တစ်ယောက်က ဒီလောက်တောင် ရဲတင်းနေတာလား၊ သူ သေချင်နေတာပဲ”

--

All Chapters