အခန်း ၁၄၂၄
Vol. 95 Ch. 1424
အခန်း (၁၄၂၄) ဒီလောကနယ်ပယ်ကို ထိန်းချုပ်ဖို့ မင်းတို့ကို ငါ အချိန် ၃ ရက် ပေးမယ်
အဆုံးတွင် နောက်ဆုံးအော်ဟစ်သံ ပျောက်ကွယ်သွားသောအခါ ဧည့်ခံပွဲ ခန်းမဆောင်ထဲတွင် ရွှယ်အန်း၏ အဖွဲ့မှလွဲ၍ မတ်တတ်ရပ်နေသူ တစ်ဦးမျှ မရှိတော့ချေ။ အလောင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သွေးများက ကြမ်းပြင် အက်ကွဲကြောင်းများကြားတွင် စီးဆင်းနေကာ ကြေမွနေသော တစ္ဆေ စွမ်းအင်များက လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။ ယခုအခါ ဧည့်ခံပွဲ ခန်းမဆောင်ကြီးမှာ မှောင်မိုက်ပြီး ကျောချမ်းဖွယ်ကောင်းသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဝေ့မိသားစု၏ သမီးအကြီးဆုံး ဖြစ်လင့်ကစား ဝေ့ချင်းရှောင်းသည် ဤရွံရှာဖွယ် မြင်ကွင်းကြောင့် ဖြူဖျော့သွားခဲ့ပြီး အော့အန်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရသည်။ ရွှယ်အန်းက ခပ်ဖွဖွ ရယ်မောရင်း ရုတ်တရက် မေးသည်။
"ငါ မင်းကို ဘာလို့ ကူညီဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာ မင်း သိလား"
ဝေ့ချင်းရှောင်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး တိတ်ဆိတ်နေခဲ့သည်။
"ဘာလို့လဲဆိုတော့ ဝေ့မိသားစုရဲ့ မှူးမတ် သမီးတစ်ယောက် ဖြစ်နေပေမယ့် မင်းဆီမှာ လူသားဆန်တဲ့ ကိုယ်ကျင့်တရားလေး အနည်းငယ် ကျန်ရှိနေသေးလို့ပဲ၊ အကယ်၍ အဲဒါသာ မရှိခဲ့ရင်... ဒီလို အသေးအဖွဲ မြင်ကွင်းလေးကို မြင်ရုံနဲ့ မင်း ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေမှာ မဟုတ်ဘူး"
"ဒီသေဆုံးသွားတဲ့ သူတွေအတွက်တော့... ဒီလောက် သွေးထွက်သံယို ဖြစ်မှုဆိုတာ သူတို့ရဲ့ ပုံမှန် နေ့စဉ် လုပ်ရိုးလုပ်စဉ် တစ်ခု သက်သက်ပဲ ဆိုတာကို မင်း သိထားသင့်တယ်"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။ ဝေ့ချင်းရှောင်းက သူ၏ စကားများကို လျစ်လျူရှုပြီး သူမ၏ အနေခက်မှုကို အတင်း ဖိနှိပ်ထားရသည်။ သူမက ရွှယ်အန်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး ရုတ်တရက် မေးသည်။
"မရဏအရှင်သခင်နဲ့ ရှင်က တကယ်တမ်း ဘယ်လို ပတ်သက်နေတာလဲ"
ရွှယ်အန်း၏ ရယ်မောသံတွင် လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
"ဘာဖြစ်လို့လဲ၊ မင်း ကြောက်နေလို့လား"
"သေချာတာပေါ့ မကြောက်ပါဘူး၊ ကျွန်မ စပ်စုချင်ရုံ သက်သက်ပါ"
"တကယ်လို့ မရဏအရှင်သခင်က ငါ့သူငယ်ချင်းလို့ ပြောရင်... မင်း ယုံမလား"
"သူငယ်ချင်း ဟုတ်လား"
ဝေ့ချင်းရှောင်းက ခဏတာ တွန့်ဆုတ်သွားပြီးနောက် ခေါင်းခါရမ်းသည်။
"ဟင့်အင်း... ကျွန်မ မယုံဘူး"
ရွှယ်အန်းက ကျယ်လောင်စွာ ရယ်မောသည်။
"ဒါဆိုလည်း ပြီးတာပဲလေ၊ ငါ ပြောတာ ဘာတစ်ခုမှ မင်း မယုံဘူးဆိုရင်... ဘာလို့ မေးဖို့ ဒုက္ခခံနေဦးမှာလဲ"
"ကျွန်မက စိုးရိမ်လို့ပါ..."
ဝေ့ချင်းရှောင်းက စကားစလိုက်ရုံသာ ရှိသေးသော်လည်း ရွှယ်အန်းက သူမကို ကြားဖြတ်ပြောလိုက်ပြီး သူ၏ လေသံမှာ အလျင်စလို မရှိသော်လည်း ပြတ်သားနေခဲ့သည်။
"စိတ်ချပါ... မင်းမောင်ရဲ့ ရောဂါကို ငါ သေချာပေါက် ကုသပေးနိုင်တယ်၊ သူ အခုဆိုရင် အများကြီး ပိုပြီး ပုံမှန် ဖြစ်နေပြီဆိုတာကို မင်း သတိမထားမိဘူးလား"
ဝေ့ချင်းရှောင်းက အဝေးတွင် ဆောင့်ကြောင့်ထိုင်ကာ သွေးအိုင်များဖြင့် ကစားရာတွင် နစ်မွန်းနေသော ဝေ့ဟောက်ချန်ဆီသို့ သူမ၏ အာရုံကို ပြောင်းလဲလေသည်။ သူမ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။
ဒါက အများကြီး ပိုပြီး ပုံမှန် ဖြစ်နေပြီ လို့ သတ်မှတ်လို့ ရလို့လား၊ သူက ဉာဏ်ရည်မမီတဲ့ ငတုံး တစ်ယောက် ဘဝကနေ သွေးဆာနေတဲ့ ရူးသွပ်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားတာ သိသာနေတာပဲလေ
ရွှယ်အန်းက သူမ၏ မျက်နှာအမူအရာကို လေ့လာကြည့်လိုက်ပြီး သူမ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောလာသည်။
"စိတ်အေးအေးထားပြှး ငါ့ကို ယုံစမ်းပါ၊ သူ့ကို ငါ သေချာပေါက် ကုသပေးမယ်"
ထို့နောက် ရွှယ်အန်းက ကုန်းကုန်းလေး ဖြစ်နေသော ဝေ့ဟောက်ချန်၏ ပုံရိပ်ကို အဓိပ္ပါယ်ရှိစွာ တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြောသည်။
"ပြီးတော့ အသတ်ခံရဖို့ စောင့်ဆိုင်းနေတဲ့ အကူအညီမဲ့နေတဲ့ သိုးသူငယ်လေး တစ်ကောင်ထက်စာရင် သွေးဆာနေတဲ့ ဝံပုလွေ တစ်ကောင် ဖြစ်တာက ပိုမကောင်းဘူးလား၊ အထူးသဖြင့် သူ့လို အနေအထားမျိုးမှာ ရှိနေတဲ့ သူတစ်ယောက်အတွက်ဆိုရင် အဲဒါက ပိုပြီးတောင် မှန်ကန်နေတယ် မဟုတ်လား"
ဝေ့ချင်းရှောင်းက သူ၏ နားလည်ရခက်သော စကားများကို ငြင်းဆိုချင်ခဲ့သော်လည်း ငြင်းခုန်ရန် စကားလုံး ရှာမတွေ့ဖြစ်နေခဲ့သည်။ တစ္ဆေလောကနယ်ပယ်တွင်သာမက စကြဝဠာပေါင်းစုံ တစ်ခွင်လုံးတွင်ပါ ရွှယ်အန်း ပြောခဲ့သောအရာမှာ ငြင်းဆို၍ မရနိုင်သော အမှန်တရား တစ်ခု ဖြစ်သည်။
မင်းအနေနဲ့ ကြင်နာတတ်ဖို့ ရွေးချယ်ခွင့် ရှိပါတယ်၊ ဒါပေမယ့် အဲဒီ ကြင်နာမှုကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအား ရှိနေမှသာလျှင် ရွေးချယ်လို့ ရတာ၊ ခွန်အား မရှိဘူးဆိုရင်တော့ မင်းရဲ့ ကြင်နာမှုက တခြားသူတွေရဲ့ မျက်လုံးထဲမှာ မိုက်မဲမှုတစ်ခု သက်သက်သာ ဖြစ်နေလိမ့်မယ်
ထို့အပြင် ဝေ့ချင်းရှောင်းသည် လက်ရှိတွင် သူမနှင့် သူမ၏ မောင်ဖြစ်သူတို့ ကျရောက်နေသော အန္တရာယ်များသည့် အခြေအနေကို သေသေချာချာ သတိပြုမိနေခဲ့သည်။ စကားစု တစ်စုဖြင့် ဖော်ပြရလျှင် ၎င်းမှာ ဝံပုလွေများ ဝိုင်းရံခံထားရခြင်းနှင့် တူပေသည်။
ထို့ကြောင့် သူမက ရွှယ်အန်း၏ စကားများကို တိတ်ဆိတ်စွာ အသိအမှတ်ပြု လက်ခံရန်သာ တတ်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းက ကျောချမ်းဖွယ် အကြွင်းအကျန်များဖြင့် ပြန့်ကျဲနေသော ဧည့်ခံပွဲ ခန်းမဆောင်ကို ဝေ့ကြည့်လိုက်သည်။ ခဏတာ စဉ်းစားတွေးတောပြီးနောက် မျက်နှာမှာ ဖြူဖျော့နေသော်လည်း ပြတ်သားမှုများ ကျန်ရှိနေသေးသော လော့ကျန့်ထံသို့ လှည့်ကြည့်သည်။
"မင်းကို ငါ ပြောခဲ့တာတွေ မှတ်မိသေးလား"
လော့ကျန့်မှာ အနည်းငယ် တုန်ယင်သွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ဝမ်းမြောက်မှုနှင့် စိုးရိမ်ထိတ်လန့်မှုများ ရောယှက်နေကြောင်း ဖော်ပြနေခဲ့သည်။ သူက လေးစားစွာ ဦးညွှတ်ခာသည်။
"ကျွန်တော် မှတ်မိပါတယ် အရှင်သခင်"
"လော့မိသားစုကို မင်း ထိန်းချုပ် သိမ်းပိုက်နိုင်ဖို့ ငါ ကူညီပေးမယ်လို့ မင်းကို ပြောခဲ့တယ်၊ အခုတော့ မင်း လမ်းမှာ ရှိနေတဲ့ အတားအဆီး အားလုံးကို ဖယ်ရှားပေးလိုက်ပြီ၊ အနည်းဆုံးတော့ လော့မိသားစု အတွင်းမှာ မင်းကို ဆန့်ကျင်ရဲတဲ့သူ တစ်ယောက်မှ မကျန်တော့ဘူး၊ ဒါပေမယ့် ဒီကနေစပြီး မင်း တကယ်ပဲ အာဏာကို သိမ်းပိုက်နိုင်မလား ဆိုတာကတော့... မင်းအပေါ်မှာပဲ မူတည်တော့တယ်"
ရွှယ်အန်းက အေးစက်စွာ ပြောသည်။ လော့ကျန့်၏ မျက်နှာအမူအရာက လေးနက်သွားပြီး ရုတ်တရက် ဒူးထောက်ချလိုက်သည်။
"အရှင်သခင် စိတ်ပျက်ရတာမျိုး မဖြစ်စေရအောင် ကျွန်တော့်မှာ ရှိတဲ့ စွမ်းအား အကုန်လုံးနဲ့ လုပ်ဆောင်သွားပါ့မယ်"
ရွှယ်အန်းက သဘောကျစွာ ခေါင်းညိတ်သည်။
"ကောင်းတယ်"
သို့သော် လော့ကျန့်က လုံးဝ မမျှော်လင့်ထားသော အရာတစ်ခုကို ရုတ်တရက် လုပ်ဆောင်လာသည်။ သူ၏ မျက်နှာပေါ်တွင် နာကျင်မှုများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး နဖူးမှနေ၍ မှိန်ပျပျ စိတ်ကူးယဉ် အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာကာ ရွှယ်အန်းဆီသို့ လွင့်ပျံသွားပြီး သူ၏ ရှေ့တွင် ပျောက်ကွယ်သွားတော့သည်။
အရာအားလုံး ပြီးဆုံးသွားသောအခါ လော့ကျန့်မှာ ရေထဲမှ ဆွဲထုတ်ခံလိုက်ရသူ တစ်ယောက်အလား သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီး သူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့နေခဲ့သည်။ သို့တိုင်အောင် သူက အလွန်အမင်း ရိုသေလေးစားမှုဖြင့် ပြောသည်။
"အရှင်သခင်... အရှင်သခင်ရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့ရဲမှာ မဟုတ်ပါဘူး၊ အရှင်သခင်ကို ဒီနတ်ဘုရား အာရုံ ကိုယ်ပွားလေး ပေးအပ်ပါတယ်၊ ဒီအရာနဲ့ဆိုရင် အကယ်၍များ သစ္စာဖောက်ဖို့ ကျွန်တော် တွေးမိခဲ့ရင်တောင် အရှင်သခင်ရဲ့ အတွေးတစ်ချက်တည်းနဲ့ ကျွန်တော့်ရဲ့ ဝိညာဉ် မူလဇစ်မြစ်က အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ချက်ချင်း သေဆုံးသွားမှာပါ"
လော့ကျန့်၏ ရိုးသားမှုက ထင်ရှားနေပြီး သူ့ စကားလုံးတိုင်းကို အမှန်ကို ဆိုလိုခြင်း ဖြစ်သည်။ ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး လော့ကျန့်ကို လေ့လာကြည့်ရာ သူ၏ စိတ်ဝင်စားမှုများ နိုးဆွခံလိုက်ရသည်။
ဤနတ်ဘုရား အာရုံကိုယ်ပွားလေးမှာ အစစ်အမှန် ဖြစ်ကြောင်း သူ အတည်ပြုနိုင်သည်။
သို့သော် ရွှယ်အန်းက သိပ်ဂရုမစိုက်ခဲ့ချေ။ အကယ်၍ သူသာ လော့ကျန့်ကို သေစေချင်ပါက ကိုယ်ပွားလေး တစ်ခု လိုအပ်မည် မဟုတ်ပေ။ အသက်တစ်ရှူစာ အချိန်လေးပင် ကြာမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ လော့ကျန့်က ၎င်းကို ပေးအပ်လိုက်ခြင်းဖြင့် ပါးနပ်မှုကို ပြသလိုက်ခြင်းပင်။ သူက သစ္စာရှိကြောင်းကို ကြေညာလိုက်ပြီး ရွှယ်အန်း၏ ရည်ရွယ်ချက်နှင့် အခိုင်အမာ ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုက ပါးနပ်ပြီး ရက်စက်လသည်။
ရွှယ်အန်းသည် မရဏအရှင်သခင်နှင့် ပေါ်ပေါ်ထင်ထင် မဟာမိတ်ဖွဲ့ထားသူ ဖြစ်ပြီး သူတို့၏ ရန်သူများမှာ တစ္ဆေလောကနယ်ပယ် အတွင်းရှိ မှူးမတ် မိသားစု အားလုံးနီးပါး ဖြစ်နေခဲ့သည်။
သို့တိုင်အောင် လော့ကျန့်က ပြတ်သားစွာ လှုပ်ရှားရန် ရွေးချယ်ခဲ့သည်။
ရွှယ်အန်းက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် အားကျလေးစားမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။ လော့ကျန့်က ဤသိမ်မွေ့သော အပြောင်းအလဲကို ခံစားရပြီး စိတ်ထဲမှ သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။
သူ၏ အလောင်းအစား မှန်ကန်သွားပြီဆိုတာကို သူ သိသည်။ တစ္ဆေလောကနယ်ပယ် တစ်ခုလုံးရှိ မှူးမတ် မိသားစုများကို ရင်ဆိုင်ရမည့် အလားအလာနှင့် ပတ်သက်၍မူ လော့ကျန့်၌ ပင်ကိုယ် ယုံကြည်ချက် တစ်ခု ရှိနေခဲ့သည်။ ဤအဖြူရောင်ဝတ် လူငယ်လေးကို ဆန့်ကျင်ရန် မည်သည့် ပြိုင်ဘက်ကမျှ အခွင့်အရေး ရနိုင်မည် မဟုတ်ဟုပင်။
ထိုအခိုက်အတန့်တွင် ဘေး၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သော ရိန်ထျန်းချီက ရုတ်တရက် တုန်ရီနေသော လှုပ်ရှားမှုများဖြင့် ဒူးထောက်ချလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောသည်။
"အရှင်သခင်... လော့ကျန့်ရဲ့ ခံစားချက်တွေက ကျွန်တော့်ရဲ့ ခံစားချက်တွေပါပဲ၊ အရှင်သခင်အတွက် ကျွန်တော့်ကိုယ်ကျွန်တော် သစ္စာဆို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်၊ သစ္စာဖောက်ဖျက်ခဲ့ရင်... ကျွန်တော့်ရဲ့ ဝိညာဉ် မူလဇစ်မြစ်ကို ဖျက်ဆီးပစ်လိုက်ပါ"
ထိုစကားပြောနေစဉ် ရိန်ထျန်းချီ၏ မျက်လုံးများထဲတွင် သွေးရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ သူက သူ၏ ဝိညာဉ် မူလဇစ်မြစ်ကို တိုင်တည်၍ ကျိန်ဆိုလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ကျိန်ဆိုမှုက အကြောင်းနှင့် အကျိုးကို ချိတ်ဆက်ထားပြီး သူ၏ ကျင့်ကြံခြင်း အဆင့်က မည်မျှပင် မြင့်မားနေစေကာမူ အကျိုးဆက်များကို သူ ခုခံနိုင်မည် မဟုတ်ချေ။ ရိန်ထျန်းချီ၏ ကြေညာမှုကြောင့် ရွှယ်အန်း အံ့အားသင့် မသွားခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ အခြေအနေအရ ရိန်ထျန်းချီသည် ရွှယ်အန်း၏ လမ်းကြောင်းထဲသို့ နောက်ကြောင်းပြန်လှည့်၍ မရနိုင်လောက်အောင် ဆွဲသွင်းခံလိုက်ရပြီ ဖြစ်သည်။ သူ၏ လုပ်ရပ်များက အခြေခံအားဖြင့် သူ၏ ကိုယ်ပိုင် မိသားစုကို ဖျက်ဆီးပစ်ခြင်းပင်။
သူ ထိုဆုံးဖြတ်ချက်ကို ချလိုက်သည့် အခိုက်အတန့်ကတည်းက နောက်ဆုတ်ရန်ဆိုသည်မှာ ရွေးချယ်စရာ မရှိတော့ချေ။ သတင်းသာ ပျံ့နှံ့သွားပါက သူ၏ အခြေအနေမှာ အလွန်အမင်း အန္တရာယ်များသွားပေမည်။ မည်သည့် မှူးမတ် မိသားစုကမျှ သူတို့၏ မျိုးရိုးကို သစ္စာဖောက်သူကို သည်းခံမည် မဟုတ်ချေ။
သို့သော် ရိန်ထျန်းချီက ရွှယ်အန်း၏ လက်အောက်ခံ ဖြစ်လာပြီး သူ၏ ဩဇာလွှမ်းမိုးမှုကို အသုံးချကာ ရိန်မိသားစုကို ထိန်းချုပ် သိမ်းပိုက်လိုက်မည်ဆိုလျှင် အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားပေမည်။ မိသားစုကို သစ္စာဖောက်ခြင်းက ခွင့်လွှတ်၍ မရနိုင်သော်လည်း မိသားစု အတွင်း အာဏာလုပွဲ ဆိုလျှင်ကော ၎င်းမှာ သာမန် ကိစ္စရပ် တစ်ခုသာ ဖြစ်သည်။
ထိုကဲ့သို့သော တိုက်ပွဲများက တစ္ဆေလောကနယ်ပယ်ရှိ မှူးမတ် မိသားစုများကြားတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကျ ဖြစ်သည်။ ထို့ကြောင့် ရိန်ထျန်းချီမှာ အရူးတစ်ယောက် မဟုတ်ကြောင်း ထင်ရှားပေသည်။
ရွှယ်အန်းက ဤလှုပ်ရှားမှု အပြောင်းအလဲကို ကောင်းစွာ နားလည်ထားသည်။ ဝမ်မူလင်းက တစ်စိတ်တစ်ပိုင်းသာ သဘောပေါက်သော်လည်း ဝေ့ချင်းရှောင်းကမူ ၎င်းကို အပြည့်အဝ သိမြင်နားလည်ခဲ့သည်။
သို့သော် သူမ ပိုမို နားလည်လာလေလေ သူမ ပို၍ နက်ရှိုင်းစွာ တုန်လှုပ်လာလေ ဖြစ်ပြီး ရွှယ်အန်းအပေါ် သူမ၏ အကြောက် တရားက ပိုမို ကြီးထွားလာခဲ့သည်။
အားထုတ်မှု ကင်းမဲ့စွာဖြင့် သူက သူ့ကို ဘယ်တော့မှ သစ္စာမဖောက်ရဲမည့် သစ္စာရှိသော လက်အောက်ခံ နှစ်ယောက်ကို ရရှိသွားခဲ့သည်။ ဤအရာအားလုံးက သူ၏ အသေးစိတ်ကျသော အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုများ ဖြစ်နေမလား။ အဲ့လိုသာဆို သူ့ရဲ့နည်းဗျူဟာတွေက အရမ်းကို ကြောက်ဖို့ကောင်းလွန်းနေပြီ
ဝေ့ချင်းရှောင်း၏ စိတ်ထဲတွင် အတွေးများ ချာချာလည်နေချိန်မှာပင် ရွှယ်အန်းက ရုတ်တရက် ပြုံးကာ ခေါင်းညိတ်ပြသည်။
"အရမ်းကောင်းတယ်၊ အဲဒီလိုဆိုမှတော့ ဒီအခွင့်အရေးကို မင်းတို့ကို ငါ ပေးမယ်"
"သုံးရက်၊ နောက်ထပ် သုံးရက်တိတိ ဒီလောကနယ်ပယ်ထဲမှာ ငါ ဆက်နေမယ်၊ အဲဒီ သုံးရက်အတွင်းမှာ ဒီလောကနယ်ပယ် တစ်ခုလုံးက မင်းတို့ရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ရောက်ရှိပြီး အညံ့ခံလာတာကို ငါ မြင်ချင်တယ် လုပ်နိုင်မလား"
ရွှယ်အန်းက မျက်ခုံးပင့်ကာ မေးသည်။ လော့ကျန့်နှင့် ရိန်ထျန်းချီတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဦးညွှတ်ကြသည်။
"ဟုတ်ကဲ့ပါ အရှင်သခင်”
--