အခန်း ၁၄၂၅
Vol. 95 Ch. 1425
အခန်း (၁၄၂၅) ဓားတစ်လက်နဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေအတွက် စကားတွေ အများကြီး ပြောနေစရာ မလိုဘူး
ယခုတစ်ခါ လော့မိသားစု၏ ဧည့်ခံပွဲကို တက်ရောက်လာကြသူများသည် တစ္ဆေလောကနယ်ပယ်၏ အနက်ရှိုင်းဆုံးနေရာက နာမည်ကျော်ကြားပြီး ဩဇာလွှမ်းမိုးမှုရှိသော မိသားစုချည်းပဲ ဖြစ်သည်။
မှူးမတ် မိသားစုတွေက အထက်တန်းလွှာ အဖွဲ့ဝင် အများအပြား အတူတကွ စုဝေးခဲ့ကြပေမယ့် သူတို့ အားလုံးက ရွှယ်အန်းရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရပြီး တစ်ယောက်မှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။ ရလဒ်အနေနဲ့ ထိုသတင်း ပျံ့နှံ့သွားသောအခါ ဧရာမ နျူကလီးယား ဗုံးကြီး တစ်လုံး ပေါက်ကွဲသွားသလိုပဲ တစ္ဆေလောကနယ်ပယ်ရဲ့ အနက်ရှိုင်းဆုံးနေရာ တစ်ခုလုံးကို လုံးလုံးလျားလျား တုန်လှုပ်သွားစေခဲ့သည်။
"ဘာ၊ ဖန်းမိသားစု၊ မိုမိသားစု၊ ရိန်မိသားစု၊ ထန်မိသားစုနဲ့ တခြား မိသားစုကြီးတွေ အကုန်လုံး လုံးဝ သုတ်သင်ခံလိုက်ရတယ် ဟုတ်လား... အားလုံးက လော့မိသားစု စံအိမ်ထဲမှာ အသတ်ခံလိုက်ရတာလား"
တစ်စုံတစ်ယောက်က အမှန်တရားကို လက်မခံနိုင်ဘဲ မယုံကြည်နိုင်စွာ မေးလာသည်။
"ဟုတ်တယ်... အဲဒါ အမှန်ပဲ၊ သူတို့ အားလုံး သေကုန်ပြီ"
တစ်ယောက်က မှုန်ကုပ်နေသော မျက်နှာဖြင့် ပြန်ဖြေသည်။
"ဒါကို ဘယ်သူ လုပ်တာလဲ၊ လော့မိသားစုကများ ဧည့်ခံပွဲ ဖိတ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မှူးမတ် မိသားစုတွေကို အဲဒီကို သွေးဆောင်ပြီး တစ္ဆေလောကနယ်ပယ်ရဲ့ အနက်ရှိုင်းဆုံး နေရာကို စိုးမိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ သုတ်သင်ပစ်လိုက်တာလား"
လျှို့ဝှက်ကြံစည်မှုတွေကို ယုံကြည်သူ တစ်ယောက်က မှန်းဆပြောဆိုလာသညိ။
"အသေးစိတ် အချက်အလက်တွေက မရှင်းမလင်း ဖြစ်နေသေးပေမယ့် မင်းပြောသလိုတော့ သေချာပေါက် မဟုတ်ဘူး"
"မဟုတ်ဘူးလို့ မင်းက ဘယ်လိုသိလဲ၊ မင်း ကိုယ်တိုင် သွားကြည့်ခဲ့တာမှ မဟုတ်တာ"
ထိုသူက အေးစက်စက် လှောင်ပြုံးဖြင့် ပြန်ပက်လာသည်။
"ငါ ကိုယ်တိုင် မမြင်ခဲ့တာတော့ သေချာတာပေါ့၊ ဒါပေမယ့် မင်း မသိလောက်တဲ့ အချက်တစ်ချက် ရှိတယ်"
"ဘာလဲ"
"အဲဒါက လော့မိသားစုရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေလည်း လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရတယ် ဆိုတာပဲ"
ထိုသူက အေးစက်စွာ ပြောသညထ။ ဤဖွင့်ဟချက်က အမှန်တရားကို ဆုပ်ကိုင်ထားနိုင်ပြီဟု ယခင်က ယူဆထားခဲ့သူကို ချက်ချင်း လေလျှော့ခံရသလို ဖြစ်သွားစေသည်။
"ဒါဆို ဘယ်သူ လုပ်တာလဲ"
"ဟုတ်ပါ့၊ အထက်တန်းလွှာ မိသားစု အားလုံးကို တစ်ချက်တည်းနဲ့ သုတ်သင်ပစ်နိုင်လောက်တဲ့ စွမ်းအားမျိုးကို ဘယ်သူကများ ပိုင်ဆိုင်ထားလို့လဲ"
တစ်ယောက်က တိုးတိုးလေး မေးသည်။ ဤသည်တို့မှာ ဘေးကြည့်ပရိသတ်များ၏ ဆွေးနွေးပြောဆိုမှုများ သက်သက်သာ ဖြစ်သော်လည်း မိသားစု ခေါင်းဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် အထက်တန်းလွှာ မျိုးဆက်များ အားလုံး သုတ်သင်ခံလိုက်ရသော မိသားစုများအတွက်မူ ထိုသတင်းက လုံးဝကို ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။
"ဘာတွေများ ဖြစ်ကုန်တာလဲ၊ မဖြစ်နိုင်ဘူး... ငါ့အဖေအတွက် ငါ သွေးကြွေး ပြန်ဆပ်ရမယ်"
မိုမိသားစု အတွင်းမှ လူငယ်တစ်ယောက်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။ အလားတူ ခံစားချက်များက အမျိုးမျိုးသော မှူးမတ် မိသားစုများ၏ အထက် ကောင်းကင်ယံ တစ်ခွင်တွင် ပဲ့တင်ထပ်နေခဲ့သည်။
လူတိုင်းနီးပါး၏ အကြည့်များက ဝမ်ကွေ့မြို့တော်ရှိ လော့မိသားစု စံအိမ်အပေါ်သို့ စူးစိုက်ကျရောက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံး နေရာရှိ လက်ရှိ တည်ဆောက်ထားသော စည်းမျဉ်းစည်းကမ်း တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည့် မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည်ကို သူတို့ အာရုံခံမိနေသောကြောင့်ပင်။
အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်
လော့မိသားစုနှင့် ရိန်ထျန်းချီတို့က ရုတ်တရက် ထွက်ပေါ်လာပြီး ပူးတွဲ ကြေညာချက် တစ်ခုကို ထုတ်ပြန်လာသည်။ ဤဖြစ်ရပ်မှာ မှူးမတ် မိသားစုများက သူတို့၏ ကိုယ်ပိုင် ပျက်စီးမှုကို သူတို့ဖာသာ မျိုးစေ့ချခဲ့ခြင်း၏ ရလဒ် သက်သက်သာ ဖြစ်ပြီး သူတို့က အရှင်သခင်၏ နောက်လိုက်များအနေဖြင့် အရှင်သခင်၏ ဆန္ဒအတိုင်း ယခင် အာဏာ တည်ဆောက်ပုံကို လုံးလုံးလျားလျား ဖြိုခွင်းကာ တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံး နေရာ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်သွားမည် ဖြစ်ကြောင်းဟူ၍ ပြောလာသည်။
သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိသူ မည်သူမဆို သစ္စာခံရန်အတွက် ဝမ်ကွေ့မြို့တော်သို့ အခုချက်ချင်း လာရောက်ရမည်။ ငြင်းဆန်သူတွေ အတွက်ကတော့ သေဒဏ်ပင်။
သတင်း ပျံ့နှံ့သွားသည့် နေရာတိုင်းတွင် ဆူညံပွက်လောရိုက်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ကြေညာချက်ကြောင့် ဖြစ်ပေါ်လာသော ဒေါသတကြီး ဆူပွက်မှုများက မှူးမတ် မိသားစုများ သေဆုံးသွားသည့် သတင်းကြောင့် တုန်လှုပ်ရမှုထက်ပင် သာလွန်နေခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လုံးဝ အဓိပ္ပါယ်မဲ့နေသကဲ့သို့ ထင်ရသောကြောင့်ဖြစ်သည်။
မှူးမတ် မိသားစုများမှ စွန့်ပစ်ခံထားရသော အဖွဲ့ဝင် နှစ်ယောက်က ရုတ်တရက် ရှေ့သို့ ထွက်လာပြီး တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံး နေရာ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မည်ဟု ရဲတင်းစွာ ကြေညာကာ လူတိုင်းကို အညံ့ခံရန် သို့မဟုတ် သေရန် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ အမည်းရောင် ဟာသတစ်ခုနှင့်ပင် ဆင်တူနေလောက်အောင် အဓိပ္ပါယ်မဲ့လွန်းလှသည်။
အထက်တန်းလွှာ အဖွဲ့ဝင် အများအပြား ဆုံးရှုံးသွားသော်လည်း ကျန်ရှိနေသူများကို အထင်သေး၍ မရနိုင်ချေ။ လော့ကျန့်နှင့် ရိန်ထျန်းချီ နှစ်ယောက်တည်းနှင့်ဆိုလျှင် သူတို့ သေသည်အထိ ကြိုးစားလုပ်ဆောင်လျှင်တောင် ၎င်းကို အောင်မြင်နိုင်စရာ အကြောင်း လုံးဝ မရှိချေ။
ထို့ကြောင့် လှောင်ပြောင်မှုများက လေထုထဲတွင် ပြည့်နှက်နေပြီး အချို့က လော့ကျန့်နှင့် ရိန်ထျန်းချီတို့ကို တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံး နေရာ၏ သစ္စာဖောက်များဟု ခေါ်ဆိုကာ အပြင်းအထန် ကျိန်ဆဲဝေဖန်သည်အထိပင် ဖြစ်လာခဲ့ကြသည်။ တည်ငြိမ်သော စိတ်နှလုံးနှင့် အသေးစိတ် တွေးတောတတ်သူများသာ ဤကြေညာချက် အတွင်းရှိ ပိုမို နက်ရှိုင်းသော အရာတစ်ခုကို သတိပြုမိသွားကြသည်။
အရှင်သခင်... နောက်လိုက်များ...
အရှင်သခင်ရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်မယ်...
ဤစကားလုံးများက ကြီးမားလှသော လျှို့ဝှက်ချက် တစ်ခုကို ရှင်းလင်းစွာ အရိပ်အမြွက် ပြသနေခဲ့သည်။ ရလဒ်အနေဖြင့် ဤပုဂ္ဂိုလ်များက တိတ်ဆိတ်စွာ နေရန် ပညာရှိရှိ ရွေးချယ်ခဲ့ကြပြီး အချို့က တိတ်တဆိတ် ပြင်ဆင်မှုများပင် စတင် ပြုလုပ်နေကြပြီ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် လော့မိသားစု စံအိမ်၏ အဝင်ဝမှာ ခြောက်ကပ်နေပြီး သစ္စာခံရန် လာရောက်သော အင်အားစု တစ်ခုမျှပင် မရှိခဲ့ချေ။
လူအများအပြားမှာ အိမ်တွင်သာ နေထိုင်ကြပြီး ဤပြဇာတ်ကြီး ဇာတ်သိမ်းသွားမည်ကို စောင့်ကြည့်ရန် နေကြသည်။ သို့သော် ထိုအချိန်မှာပင် လော့ကျန့်နှင့် ရိန်ထျန်းချီတို့က လော့မိသားစု စံအိမ်မှ သီးခြားစီ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့က ရိုးရှင်းသော အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ ဓားရှည်များကို ကိုင်ဆောင်ထားသည်။ လော့မိသားစု၏ ဂိတ်တံခါးများမှ ထွက်လာပြီးနောက် လမ်းခွဲကာ ကိုယ်စီ ခရီးစဉ်များဆီသို့ အသီးသီး ထွက်ခွာသွားကြတော့သည်။
ရိန်မိသားစု...
ရိန်ထျန်းချီက ခေါင်းမော့လိုက်ပြီး ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော ခမ်းနားထည်ဝါသည့် စံအိမ်ကြီးကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်မိသည်။ ဤစံအိမ်ကြီးတွင် သူ၏ မရေမတွက်နိုင်သော မှတ်ဉာဏ်များ ရှိနေခဲ့သော်လည်း ချွင်းချက်မရှိ အားလုံးက အမုန်းတရားများဖြင့်သာ နစ်မွန်းနေခဲ့သည်။
ထို့ကြောင့်ပင် သူက ဧည့်ခံပွဲ ခန်းမဆောင်တွင် ရိန်မိသားစုဝင်များကို သုတ်သင်ပစ်ရန် ဤမျှလောက် ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့ခြင်းပင်။ ယခုအခါ သူ့ မိသားစု စံအိမ် ဂိတ်တံခါးရှေ့တွင် တစ်ဖန် ပြန်လည် ရပ်နေချိန်၌ သူ၏ နှလုံးသားထဲတွင် သနားညှာတာမှု အရိပ်အယောင်လေး တစ်ခုမျှပင် မရှိတော့ချေ။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လှေကားထစ်များပေါ်သို့ စတင် လျှောက်တက်သွားတော့သည်။
ဂိတ်တံခါးမှ အစောင့်များက ၎င်းမှာ ရိန်ထျန်းချီ ဖြစ်နေကြောင်း မြင်လိုက်ရသောအခါ အားလုံးမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။
"သခင်လေးနှစ်ပဲ"
"ဘာသခင်လေးနှစ်လဲ... သူက သစ္စာဖောက် ယုတ်မာတဲ့ကောင်၊ မိသားစုရဲ့ အရှက်ရစရာ ကောင်ပဲ"
"မြန်မြန်... သက်ကြီးအကြီးအကဲ ကို သွားသတင်းပို့"
အော်ဟစ်သံများနှင့် ကျိန်ဆဲသံများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ ရိန်ထျန်းချီက ရှေ့ဆက် မလျှောက်တော့ဘဲ ဂိတ်တံခါးရှေ့တွင် ရပ်နေလိုက်ပြီး သူ့ကို အဝေးမှနေ၍ ဓားများအလား စူးရဲစွာ စိုက်ကြည့်နေကြသော ရိန်မိသားစုဝင် အုပ်စုကြီးကို အေးစက်စွာ ဝေ့ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြုံးသဲ့သဲ့လေး တစ်ခု ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ရိန်မိသားစု ခြံဝင်း အတွင်းမှ နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
"ယုတ်မာတဲ့ သစ္စာဖောက်ကောင်... မင်းက ဒီကို ပြန်လာရဲသေးတယ်ပေါ့"
ထိုအော်သံနှင့်အတူ တစ္ဆေ အလင်းတန်း တစ်ချက်က ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ချက်ချင်းပင် ထိုနေရာသို့ ဆင်းသက်လာသည်။
မြေပြင်ပေါ်သို့ ထိတွေ့သွားသောအခါ ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အို တစ်ဦးဖြစ်သည်။
ဤသက်ကြီးရွယ်အိုက ရိန်ထျန်းချီကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ထိတွေ့၍ ရနိုင်လောက်အောင် ထင်ရှားသော အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး ရိန်ထျန်းချီကို ထိုနေရာမှာပင် အပြေးအလွှား သွားရောက် ဆွဲဖြဲပစ်ချင်နေသည့်အလားထင်ရသည်။ သို့သော် ရိန်ထျန်းချီက မတုန်မလှုပ် ရှိနေပြီး သက်ကြီးရွယ်အိုကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"ဘိုးဘေးအကြီးအကဲ"
"ငါ့ကို ဘိုးဘေးအကြီးအကဲလို့ မခေါ်နဲ့၊ ရိန်မိသားစုမှာ မင်းလို သစ္စာဖောက် တစ်ယောက်အတွက် နေရာမရှိဘူး"
ဘိုးဘေး ဒေါသတကြီး ဟိန်းဟောက်လာသည်။ ရိန်ထျန်းချီ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"ကျွန်တော်က ရိန်မိသားစုရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် ဆိုတာ ခင်ဗျား ဆုံးဖြတ်ခွင့် မရှိဘူး၊ ဒီနေ့ ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်း တစ်ခုတည်းပဲ ရှိတယ်"
ဤနေရာတွင် ရိန်ထျန်းချီက လက်ကို မြှောက်ကာ ဘိုးဘေးထံသို့ တိုက်ရိုက် လက်ညိုးထိုးပြီး အေးစက်စွာ ပြောသည်။
"ခင်ဗျားရဲ့ ဝိညာဉ်ကို ခင်ဗျားဖာသာ ဖျက်ဆီးလိုက်... ပြီးရင် ရိန်မိသားစုကို ကျွန်တော် ထိန်းချုပ် သိမ်းပိုက်မယ်"
ဤစကားကြောင့် ဘိုးဘေး၏ မျက်နှာအမူအရာမှာ ခဏတာမျှ အေးခဲသွားပြီးနောက် အဆုံးအစမဲ့သော ဒေါသများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မောက်မာလှချည်လား ကောင်စုတ်လေး၊ မင်းရဲ့ အရေခွံကို ငါ ဆုတ်ပစ်မယ်"
ဘိုးဘေးက ဒေါသတကြီးဖြင့် ရှေ့သို့ ပြေးဝင်လာရင်း အော်ဟစ်သည်။ ရိန်ထျန်းချီက အေးစက်စွာ ရယ်မောလိုက်သည်။
"ထင်တဲ့အတိုင်းပဲ၊ ဘိုးဘေးအကြီးအကဲ... ခင်ဗျား တစ်ချိန်တုန်းက ကျွန်တော့် အမေအပေါ် ဘာတွေ လုပ်ခဲ့သလဲဆိုတာ ခင်ဗျားကိုယ်တိုင် အသိဆုံး ဖြစ်သင့်တယ်၊ ခင်ဗျားရဲ့ ဝိညာဉ်ကို ခင်ဗျားဖာသာ ဖျက်ဆီးခိုင်းလိုက်တာက ခင်ဗျားကို ကျွန်တော် ပေးနိုင်တဲ့ အကြီးမားဆုံးသော သက်ညှာမှုပဲ၊ ခင်ဗျားက ငြင်းဆန်လိုက်ပြီဆိုမှတော့... နောက်ဖြစ်လာမယ့် အရာတွေအတွက် ကျွန်တော့်ကို အပြစ်မတင်နဲ့တော့"
ရိန်ထျန်းချီ၏ စကားများကြောင့် ဘိုးဘေးမှာ မျက်တောင်တစ်ခတ်လောက် တုံ့ဆိုင်းသွားပြီး သူ၏ မျက်လုံးများထဲတွင် အကြောက်တရား အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သော်လည်း ပိုမို ကြီးမားသော ဒေါသများက ချက်ချင်း ဝါးမျိုသွားခဲ့သည်။
"အာ... စကားများများ ပြောမနေနဲ့တော့၊ သေလိုက်စမ်း ကောင်စုတ်လေး"
ဤဘိုးဘေးမှာ ရိန်မိသားစုတွင် အသက်အကြီးဆုံး တစ္ဆေကြီး ဖြစ်ပြီး လူလုံးထွက်ပြလေ့ မရှိဘဲ အဓိကအားဖြင့် စံအိမ်ကိုသာ ကာကွယ်စောင့်ရှောက်လေ့ ရှိသူဖြစ်သည်။ ဤအကြောင်းကြောင့်ပင် သူသည် မှူးမတ် မိသားစုများ၏ ကပ်ဘေးမှ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းက သူ၏ စွမ်းအားမှာ တစ္ဆေ ဧကရာဇ် တစ်ပါး၏ ကျင့်ကြံခြင်း အဆင့်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေကြောင်းကိုလည်း ဆိုလိုပေသည်။ တစ်ကြိမ် လွတ်မြောက်သွားသည်နှင့် အကြွင်းမဲ့ စွမ်းအားက အခြေခံ သဘာဝတရားများကိုပင် ပုံပျက်သွားစေနိုင်သည်။
ဤလွှမ်းမိုးနိုင်သော စွမ်းအားကြီးကို ရင်ဆိုင်ရချိန်တွင် ရိန်ထျန်းချီ၏ ပုံရိပ်မှာ မုန်တိုင်းထဲရှိ သစ်ရွက်ကြွေ တစ်ရွက်အလား အချိန်မရွေး လွင့်စင်သွားတော့မည့်ပုံစံဖြင့် အားနည်းနေပုံရသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ရိန်မိသားစုဝင် အများအပြားက လှောင်ပြုံး ပြုံးလိုက်ကြသည်။ သို့သော် ထိုအချိန်မှာပင် ရိန်ထျန်းချီက သူ၏ လက်ထဲရှိ ဓားကို ရိုသေလေးစားစွာ မြှောက်လိုက်ရာ သူ့ မျက်နှာမှာ ပြင်းထန်သော စိတ်အားထက်သန်မှုများဖြင့် နီရဲနေခဲ့သည်။
"အရှင်သခင် ပြောဖူးတယ်၊ ဓားတစ်လက်နဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေအတွက် စကားတွေ အများကြီး ပြောနေစရာ မလိုဘူးတဲ့၊ အဲဒါက လုံးဝ မှန်ကန်နေတဲ့ ပုံပဲ”
--