အခန်း (၃၈၃-၃၈၄)
Vol. 39 Ch. 383-384
အခန်း(383)
ကျန်းကျူးပင်း ရရှိသော ထောက်ပံ့ကြေး လစာငွေက မနည်းလှပေ။
သို့သော် ထိုငွေများက သူ၏ အသက်ကို ရင်း၍ ပင်ပန်းဆင်းရဲစွာဖြင့် ရှာဖွေထားခဲ့ရသော ငွေကြေးများ ဖြစ်ကြ၏။
ကျန်းရှင်းမင်အနေဖြင့် သူ၏ ကိုယ်ပိုင်ငွေကြေးများကို အသုံးပြုကာ ဇနီးဖြစ်သူ၏ မိဘအိမ်ဘက်သို့ ထောက်ပံ့ပေးနေခဲ့သည်။
ထိုသို့လုပ်နေခဲ့ပြီးမှ သူ၏ ဒုတိယအစ်ကိုဖြစ်သူ ပင်ပန်းဆင်းရဲစွာ ရှာဖွေထားသော ငွေကြေးများကို တောင်းခံရန်အတွက် အရှက်မမဲ့နိုင်တော့ပေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် အိမ်ဝယ်ယူကြသည့်အချိန်၌ ကျန်းရှင်းမင်က တစ်စုံတစ်ခုမျှ ဝင်ရောက်မေးမြန်းခြင်း မပြုခဲ့ပေ။
ချန်ဖန်းကတော့ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့၏။
သူမအနေဖြင့် ကျန်းကျူးရိမှ အလျင်အမြန်ဖြင်် အိမ်ဝယ်ယူနေခဲ့ခြင်းက တစ်စုံတစ်ရာသော ကောလာဟလ သတင်းစကားများကို ကြားသိခဲ့ရခြင်းကြောင့် ဖြစ်ရပေလိမ့်မည်ဟုတွေးထားသည်။
သူမအနေဖြင့် ဤကဲ့သို့သော အခွင့်အရေးကောင်းကို အသုံးမချနိုင်ခဲ့သည့်အပေါ် စိတ်မပျော်မရွှင် ဖြစ်ရလေသည်။
မကြာသေးမီအချိန်တွင် သူမက သူမ၏ မိဘအိမ်သို့ သွားရောက်ခဲ့ပြီး သူမတို့ဆီမှ ငွေကြေးများကို ပြန်လည်ဆပ်နှံရန်အတွက် တောင်းခဲ့လေ၏။
ချန်ဖန်း၏ မိသားစုဝင်များ အားလုံးက ပညာတတ်များဖြစ်ကြလေသည်။
သို့သော် သူတို့က အတော်လေး ကပ်စေးနှဲကြသည်။
ထို့ကြောင့် ကြွေးမြီများကို ပြန်မဆပ်ချင်ကြဘဲ ချန်ဖန်းအား သံယောဇဉ်ကိုအသုံးချကာ ဖျောင်းဖျပြောဆိုရန် ကြိုးစားနေခဲ့ကြ၏။
“ဒါဆိုရင် ကျွန်မ နောက်ထပ် အဆောက်အအုံဝင်းတစ်ခု ထပ်ဝယ်လိုက်ရမလား၊
ဦးလေးမှာ ငွေရှိတဲ့ အချိန်ကျမှပဲ အဲဒီအိမ်ကို ဦးလေးဆီ ပြန်ရောင်းပေးလိုက်မယ်လေ”
အတန်ကြာအောင် နားထောင်ပြီးနောက် လီရှန်းအနေဖြင့် ဤကဲ့သို့သော အပေးအယူမျှတသည့် နည်းလမ်းတစ်ခုကို တွေးတောမိလိုက်လေ၏။
သူမအနေဖြင့် ငွေကြေးတိုက်ရိုက်ပေးကမ်းရန်ဆိုလျှင် လွယ်ကူလွန်းသည်။
အကယ်၍ ချန်ဖန်းသာ ဤကဲ့သို့သော အချောင်ရမှုကို မြည်းစမ်းမိသွားပါက နောင်ပိုင်းတွင် သူမထံမှ ငွေကြေးများကို ထပ်မံချေးယူရန် သေချာပေါက်ကြိုးစားလာပေလိမ့်မည်။
ထို့ကြောင့် သူမကိုယ်တိုင် အိမ်ကို အရင်ဆုံး ဝယ်ယူထားလိုက်ပြီးမှ ကျန်းရှင်းမင်တွင် ငွေကြေးရှိလာသည့် အချိန်ကျမှသာ သူ့ထံသို့ ပြန်လည်ရောင်းချပေးခြင်းက ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။
“ငါလည်း အဲလိုပဲလုပ်ဖို့တွေးနေတာ”
ကျန်းကျူးရိက ခေါင်းကိုညိတ်ပြလိုက်ကာ သူ၏ တူမဖြစ်သူက ယခုအချိန်တွင် အတော်လေး အမြော်အမြင်ရှိလာသည်ဟု ခံစားမိလိုက်လေ၏။
အကယ်၍ သူ့တွင်သာ ငွေပိုငွေလျှံရှိနေခဲ့ပါက တူမဖြစ်သူ၏ အကူအညီကို လိုအပ်လိမ့်မည် မဟုတ်ပါချေ။
လီရှန်းက ယခုအချိန်တွင် မိသားစုထဲ၌ ငွေကြေးအခြေအနေ အကောင်းဆုံး ဖြစ်နိုင်၏။
သူတို့၏ မိသားစုဝင် သုံးဦးလုံးက ငွေကြေးများကို ရှာဖွေနိုင်ကြသည်။
အထူးသဖြင့် စာအုပ်များကို ထုတ်ဝေကာ ငွေရှာဖွေနိုင်သော စုဝေ့ချင်းဖြစ်လေ၏။
သူက မည်မျှအထိ ငွေကြေးရှာဖွေနိုင်သည်ကို မည်သူကမှတိကျစွာ မသိရှိကြပေ။
သို့သော် သူတို့၏ လွတ်လပ်ပေါ့ပါးပြီး စိုးရိမ်ပူပန်မှုမရှိသော အမူအရာများကို ကြည့်ရုံမျှဖြင့် သူတို့၏ နေ့စဉ်ဘဝကကြွယ်ဝချမ်းသာပြီး ပျော်ရွှင်စရာကောင်းကြောင်းကို သိရှိနိုင်လေ၏။
“ဒါနဲ့.. သင့်တော်တဲ့ အဆောက်အအုံဝင်းကိုရော ရှာတွေ့ပြီးပြီလား ဦးလေး”
လီရှန်းက ထပ်မံမေးမြန်းလိုက်လေ၏။
“ငါတို့ ခဏလောက် အနားယူပြီးမှ သွားကြည့်ကြတာပေါ့၊
ငါ မင်းရဲ့ အဒေါ်နဲ့ မင်းတို့ရဲ့ အိမ်ရာဝင်းကို သန့်ရှင်းရေး လုပ်ပေးထားပြီးပြီ၊
ပြီးတော့ အိပ်ရာခင်း နှစ်စုံလည်း ပြင်ဆင်ပေးထားတယ်၊ မင်းတို့ မိသားစုတစ်ခုလုံး အိပ်စက်ဖို့အတွက် လုံလောက်ပါတယ်”
လီရှန်းလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိရင်း ပြောလိုက်လေသည်။
“ကျွန်မလည်း ဒီညဘယ်လိုအိပ်ရမလဲဆိုတာ တွေးပြီး ပူပန်နေတာ”
ကိုယ်ပိုင်အိမ်ရှိနေခြင်းက ကိစ္စများကို ပိုမို၍ လွယ်ကူစေသည်။
သူတို့က ခဏနားပြီးနောက်တွင် ကျန်းကျူးရိ သူတို့အတွက် ဝယ်ယူပေးထားသော အဆောက်အအုံဝင်းငယ်လေးဆီသို့ သွားခဲ့ကြ၏။
ထိုအိမ်ကို အဆောက်အအုံဝင်းလေးဟု ခေါ်ဆိုသော်လည်း အတော်လေးပင် ကြီးမားကျယ်ဝန်းလွန်းသည်။
ယန်အန်းကော်လည်း ခွင့်ရက်ယူပြီး ရောက်လာခဲ့လေ၏။
ဤနေအိမ်ကို ယန်အန်းကော် ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။
“ဒါက ယန်မိသားစုရဲ့ အိမ်ရာဟောင်းနဲ့ တူတယ်၊ အရင်တုန်းက ရှုမိသားစု ပိုင်ဆိုင်ခဲ့တာပဲ”
ရှုမိသားစု။
ရှုမိသားစုမှာ ယခင်က ပိုင်မားခရိုင်ထဲ၌ အလွန်ကျော်ကြားပြီး ကြွယ်ဝချမ်းသာသော မိသားစုကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။
သူတို့တွင် စုစုပေါင်း အိမ်ခန်းပေါင်း ကိုးဆယ့်ကိုးအိမ်ခန့် ရှိခဲ့ဖူး၏။
ထိုအခန်းများထဲမှ တချို့မှာ စစ်ပွဲထဲတွင် ပျက်စီးသွားခဲ့ရပြီး ကျန်ရှိနေသော အပိုင်းများကိုတော့ အုတ်ခဲများဖြင့် ပြန်လည်တည်ဆောက်ကာ ယာယီစစ်ဌာနချုပ်အဖြစ် အသုံးပြုခဲ့ကြသည်။
ထိုစစ်ဌာနချုပ်မှာလည်း လွတ်လပ်ရေးရပြီးသည့် အချိန်မှသာ ပြောင်းရွှေ့သွားခဲ့လေ၏။
နောက်ပိုင်းတွင် အရင်းရှင်များကို ကျေးလက်ဒေသသို့ အပို့ခံရသော ဖြစ်ရပ်များပေါ်ပေါက်လာခဲ့ပြီး ရှုမိသားစုဝင်များမှာလည်း ပြုပြင်ပြောင်းလဲရေးအတွက် စိုက်ပျိုးရေးခြံတစ်ခုသို့ အပို့ခံခဲ့ရသည်။
ယခုအချိန်တွင် ထိုမိသားစုထဲ၌ လူမရှိသလောက်ဖြစ်နေခဲ့ကာ အဘိုးနှင့် မြေးဖြစ်သူ နှစ်ဦးတည်းသာ ကျန်ရှိလေတော့၏။
ထိုမြေးဖြစ်သူက ဥာဏ်ရည်ကောင်းမွန်ပြီး စာပေပညာတွင် တော်သော်လည်း အဘိုးဖြစ်သူက သူ့ကို မထောက်ပံ့နိုင်တော့ပေ။
ထို့ကြောင့် ဤအိမ်ဟောင်းကို ရောင်းချပြီး မြေးဖြစ်သူနှင့်အတူ အထက်တန်းကျောင်း၏ တံခါးစောင့်ခန်းထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။
“ငါတို့ ကံကောင်းတာပဲ၊ အဲဒီအတွင်းထဲမှာ အဆောက်အအုံဝင်း ကိုးခု တိတိရှိနေသေးတယ်လေ၊ ငါတို့တွေ အားလုံးကို ရနိုင်ခဲ့တယ်”
ယန်အန်းကော်က သူ၏ မျက်နှာထက်မှ အပြုံးများကို မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်လေ၏။
သူတို့ ယန်မိသားစု၏ အိမ်ရာဟောင်းကဲ့သို့ပင် အလွန်အမင်းခန့်ညားထည်ဝါလွန်းသော အဆောက်အအုံဝင်းကြီးတစ်ခုထဲ၌ သူကိုယ်တိုင် နေထိုင်နိုင်လိမ့်မည်ဟူ၍ မည်သူက ထင်မှတ်ထားပါမည်နည်း။
ထို့အပြင် သူက အခန်းတစ်ခန်းတည်းသာ ပိုင်ဆိုင်ရတော့ခြင်း မဟုတ်ဘဲ ကြီးမားသော အဆောက်အအုံဝင်း နှစ်ခုလုံးကို ပိုင်ဆိုင်ရခြင်းဖြစ်၏။
ကံဟူသည်က အလွန်ဆန်းကြယ်လွန်းသည်။
လီရှန်းကလည်း အလွန်ပင် စိတ်ကျေနပ်နေခဲ့၏။
ကျန်းကျူးရိ သူမအတွက် ရွေးချယ်ပေးထားသော အဆောက်အအုံဝင်းမှာ အလယ်ဗဟို ဝင်ရိုးပေါ်၌ ရှိနေသော အကြီးမားဆုံးတစ်ခု ဖြစ်လေသည်။
ထိုအဆောက်အအုံက ယခင်က ပင်မအဆောက်အအုံ ဖြစ်ခဲ့ပြီး ဘေးတွင်တော့ ဆွေမျိုးသားချင်းများဖြင့် ဝန်းရံထားခဲ့လေ၏။
သူမအနေဖြင့် ပေကျင်းမြို့တွင် ရှိနေခဲ့လျှင်ပင် သူမ၏ မိသားစုဝင်များအတွင်း တစ်စုံတစ်ရာဖြစ်ပွားမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။
အရေးကြီးဆုံးအချက်မှာ ရှုမိသားစုသည်ကား ယခင်က အမှန်တကယ်ပင် ကြွယ်ဝချမ်းသာသော မိသားစုကြီးဖြစ်ခဲ့သောကြောင့် ပင်မအဆောက်အအုံကြီးထဲ၌ အပူပေးနံရံပင် ရှိနေခဲ့လေ၏။
ကျန်းကျူးရိက နံရံကို ပုတ်လိုက်သည်။
“ငါ မင်းရဲ့ ဦးလေးအန်းကော်နဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဒီကိုလာပြီး စမ်းသပ်ကြည့်ပြီးပြီ၊
အပူပေးနံရံက အလုပ်လုပ်တယ်၊ တကယ်လို့ မင်းတို့ အသုံးပြုချင်တယ်ဆိုရင် အခုပဲ မီးမွှေးလိုက်လို့ရတယ်၊ တစ်နာရီမပြည့်ခင် တစ်အိမ်လုံး နွေးထွေးသွားလိမ့်မယ်”
“မင်းရဲ့ အဒေါ်ကတော့ အိမ်ကနေ အိပ်ရာခင်းတစ်စုံကို အရင်ဆုံး ယူလာပေးတာ၊
တခြားတစ်စုံကတော့ အသစ်ချုပ်လုပ်ထားတာပဲ၊ ဒါပေမဲ့ ရဲဘော်ချီအတွက်တော့ ငါတို့ အိပ်ရာခင်း မပြင်ဆင်ပေးရသေးဘူး၊ နောက်ပိုင်းကျရင် မိသားစုတွေထဲကပဲ ခွဲဝေပြီးတော့ သုံးကြတာပေါ့”
ချီစုန့်တစ်ယောက် ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ် အားနာပြီး အနေရခက်သွားရလေ၏။
သူ့အနေဖြင့် ကျန်းမိသားစုဝင်များက သူ၏ အိပ်ရာခင်းကိစ္စကိုပင် ထည့်သွင်းစဉ်းစားပေးကြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူ အလျင်အမြန်ပင် ပြောလိုက်ရလေသည်။
“ကျွန်တော်က အိပ်ရာခင်းကိုလည်း သယ်ဆောင်လာခဲ့တာဆိုတော့ ကျွန်တော့်အတွက် စိုးရိမ်ဖို့ မလိုပါဘူး”
“ရဲဘော်ချီမှာ အိပ်ရာခင်း ရှိတယ်ဆိုရင်တော့ ပိုပြီးတော့တောင် ကောင်းတာပေါ့၊
ငါတို့က ဒီမှာ အရာအားလုံးကို အရင်ဆုံး အခြေတကျဖြစ်အောင် လုပ်ဆောင်ပြီးမှ နှစ်သစ်ကူးပွဲတော်အတွက် ဒီကိုပြောင်းရွှေ့လာကြဖို့ သဘောတူထားကြတယ်၊
အိမ်အသစ်ကို ပထမဦးဆုံးနှစ်မှာ ဒီအတိုင်းပစ်ထားတာကတော့ မသင့်တော်ဘူးလေ၊
အဲဒီအချိန်ကျရင် မင်းရဲ့ အဘွားဝူနဲ့ အဘိုးတို့ကိုပါ ဒီကိုခေါ်လာခဲ့ကြပြီး လူတိုင်း စုံစုံလင်လင်နဲ့ မိသားစု ပြန်ဆုံဆည်းကြတာပေါ့”
ကျန်းကျူးရိအနေဖြင့် ပိုမို၍ပင် ပျော်ရွှင်နေခဲ့၏။ သူက စုဝေ့ချင်း၏ အနားသို့ ကပ်ကာ ခပ်တိုးတိုးပြောလိုက်ပြန်သည်။
“ဒီနှစ်မှာ ရှန်းရှန်းရဲ့ အစ်ကိုနှစ်ယောက်လုံးက ပြန်လာကြမှာဆိုတော့ အစည်ကားဆုံးနဲ့ အစုံလင်ဆုံး ဆုံဆည်းရမဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်၊
ဒါပေမဲ့ ပြဿနာက သူတို့နှစ်ယောက်လုံးက အခုထိ အိမ်ထောင်မပြုကြသေးတာပဲ၊ အဲဒါကြောင့် မင်းရဲ့အဒေါ်ကတော့ နည်းနည်း စိတ်မပျော်မရွှင် ဖြစ်နေတာ”
ဖန်ချင်း သားများ၏ အိမ်ထောင်ရေး ကိစ္စနှင့်ပတ်သက်၍ အလွန် စိုးရိမ်ပူပန်နေခဲ့လေ၏။
သူတို့၏ ညီမဖြစ်သူ၏ သမီးလေးပင် တက္ကသိုလ်မှ ဘွဲ့ရရှိသွားခဲ့လေပြီ ။
သို့သော် သူမ၏သား နှစ်ဦးက အခုထိ လူပျိုကြီးများ ဖြစ်နေကြသည်။
ဤအကြောင်းကို အပြင်လူများသာ သိရှိသွားကြပါက ရယ်မောကြပေလိမ့်မည်။
သူမက ယခုအချိန်တွင် တိတ်ဆိတ်နေသော်လည်း သူတို့နှစ်ဦး ပြန်ရောက်လာသည်နှင့် မိန်းကလေးများနှင့် အတင်းအကျပ် အောင်သွယ်ပေးရန်အတွက် ဆုံးဖြတ်ထားခဲ့လေတော့၏။
“ဦးလေး စိုးရိမ်မနေပါနဲ့၊ ကျွန်တော့်ရဲ့ ယောက်ဖနှစ်ယောက်လုံးက အသက်သုံးဆယ်တောင် မပြည့်ကြသေးဘူးလေ၊
ပြီးတော့ သူတို့က တပ်ခွဲမှူးရာထူးတွေကိုလည်း ရရှိထားကြပြီ၊ လူငယ်ဘဝနဲ့ အလားအလာ ရှိကြတဲ့သူတွေမလို့ သူတို့အတွက် အောင်သွယ်ပေးမဲ့သူ မရှိမှာကို စိုးရိမ်စရာ မလိုပါဘူး”
စုဝေ့ချင်း၏ စကားလုံးများက ကျန်းကျူးရိ၏ စိတ်ခံစားချက်ကို ထိမှန်သွားခဲ့၏။
သူ၏ သားများက တပ်ခွဲမှူးများ ဖြစ်နေကြလေပြီ။
“ဒါတွေအားလုံးက ကံကြမ္မာအပေါ်မှာပဲ မူတည်တာပါ၊ ရှန်းရှန်းနဲ့ ကျွန်တော်ဆိုရင်လည်း အတူဆုံစည်းဖို့အတွက် ကံပါလာခဲ့ကြတာလေ၊
လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပြီး အငြင်းပွားတာမျိုး ရှားပါးတယ်”
“မင်း အခုပြောတဲ့ စကားတွေကို မင်းရဲ့အဒေါ်ကိုလည်း သေသေချာချာ ပြောပြဦး၊
သူမက ဒီရက်တွေအတွင်းမှာ စိတ်လွင့်နေသလိုမျိုး ဖြစ်နေတာ၊
တော်ကြာ အိမ်ကို ဖျက်ဆီးမဲ့ ပြဿနာရှာတတ်တဲ့ မိန်းကလေးမျိုးတွေကိုခေါ်လာမှာကို တကယ် ကြောက်ရွံ့နေရတယ်”
စုဝေ့ချင်းအနေဖြင့် ထိုစကားကို ကြားရသည့်အချိန်တွင် ရယ်မောလိုက်ရုံမျှသာ ပြုလုပ်ခဲ့သည်။
သူက မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
သူ့အနေဖြင့် ယခင်က ရဲဘော်လော်ယွီရှို့တစ်ယောက် သူ၏ အစ်ကိုဖြစ်သူကို အိမ်ထောင်ပြုရန်အတွက် အတင်းအကျပ် တိုက်တွန်းနေခဲ့သည်ကို မြင်တွေ့ခဲ့ဖူးသည်။
ထိုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးကို အကြံပြုပေးရန်ကတော့ လုံးဝ မလုပ်ရဲပေ။
*
အခန်း(384)
ယနေ့ညတွင် တည်းခိုနေထိုင်ရန်အတွက် နေရာတစ်ခုရှိသွားခဲ့ပြီဖြစ်သောကြောင့် လီရှန်းတို့ဇနီးမောင်နှံနှစ်ဦးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြလေ၏။
ကျန်းကျူးရိနှင့် သူ၏မိသားစုဝင်များက ယနေ့တွင် ဤနေရာသို့ ပြောင်းရွှေ့လာရန်အတွက် အချိန်မရှိကြသေးပေ။
သို့သော် ချီစုန့်ရှိနေခဲ့သောကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်ပူပန်ရန် မလိုအပ်ပါချေ။
ထိုအပြင် အိမ်ကို သုံးမီတာမျှ မြင့်မားသော နံရံကြီးဖြင့် ဝန်းရံထားသည်။
ထိုနံရံကြီးက ပိုင်မားခရိုင်ထဲရှိ အထက်တန်းစားလူချမ်းသာများ နေထိုင်သည့် နေရာဖြစ်သောကြောင့် မည်သူကမှ ထိုနံရံကို အလွယ်တကူ ကျော်တက်ရန် တွေးတောရဲကြလိမ့်မည် မဟုတ်ပေ။
ယခုအချိန်က နှစ်ကုန်ပိုင်းအချိန် ဖြစ်သောကြောင့် လူတိုင်းက အလုပ်ရှုပ်နေကြလေ၏။
ယန်အန်းကော်နှင့် ကျန်းကျူးရိတို့ကလည်း နေ့လယ်ပိုင်းတွင် အလုပ်သွားကြရလိမ့်မည်။
ထို့ကြောင့် သူတို့က အတန်ကြာ ကြည့်ရှုပြီးကြသည့်နောက်တွင် သူတို့၏ အိမ်များဆီသို့ ပြန်သွားခဲ့ကြသည်။
ထို့နောက်တွင် စုဝေ့ချင်းတစ်ယောက် လီရှန်းကိုခေါ်ကာ ဆေးဝါးစက်ရုံသို့ ပြန်လာခဲ့လေ၏။
သူတို့ ပြန်မရောက်သေးမီအချိန်တွင် မိသားစုဝင်များက သူတို့ကို မည်သည့်နေရာတွင် နေခိုင်မည်ကိုဆွေးနွေးနေခဲ့ကြ၏။
လူဦးရေက များပြားနေခဲ့ပြီး အခန်းအလုံအလောက် ရှိမနေခဲ့
သောကြောင့် သူတို့အားလုံးကို ဆန့်အောင် ထား၍ မရနိုင်ပေ။
အစပိုင်းတွင် သူတို့က စုချန်နှင့် စုကျွင့်တို့ကို အခန်းတစ်ခုတည်းတွင် အတူ နေထိုင်ခိုင်းရန် စီစဉ်ထားခဲ့သည်။
ကျန်ရှိနေသော အခန်းကိုတော့ တတိယသားဖြစ်သူ၏ မိသားစုကို ပေးအပ်ရန် စီစဉ်ထားခဲ့လေ၏။
သို့သော် ယခုအချိန်တွင် သူတို့၌ ချီစုန့်လည်း ပါလာခဲ့သည်။
ဤသို့ဖြင့် စုဝေ့ချင်းတို့ အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် လော်ယွီရှို့က စုဝေ့မင်၏ စာဖတ်ခန်းထဲရှိ စာရေးခုံကို ဧည့်ခန်းမဆောင်ထဲသို့ ရွှေ့ပြောင်းရန်အတွက် အလုပ်ရှုပ်နေခဲ့သည်။
ထိုစာဖတ်ခန်းထဲ၌ ချီစုန့်နစ်ယောက် တည်းခိုနေထိုင်နိုင်ရန်အတွက် အိပ်စင်အသေးစားလေးတစ်ခုကို ပြင်ဆင်ပေးနေခဲ့လေ၏။
“ဝေ့ယန်နဲ့ သူရဲ့ဇနီး၊ ပြီးတော့ သူတို့ရဲ့ ကလေးလည်း မကြာခင်ရက်အတွင်းမှာပဲ အိမ်ကို ပြန်ရောက်လာကြမှာ၊
ဝေ့ဖင်းကလည်း မင်း ပြန်ရောက်လာပြီဆိုတာကိုကြားတော့ ပြန်လာချင်တယ်လို့ ပြောနေတယ်”
ထို့ကြောင့် အိမ်၌ အခန်းလုံးဝ မပိုတော့ပေ။
“ရဲဘော်ချီအနေနဲ့တော့ စာဖတ်ခန်းထဲမှာပဲ အိပ်စက်ရတော့မယ် ထင်တယ်”
တကယ်တမ်းတွင် စုဝေ့မင်အနေဖြင့် ချီစုန့်ကို ဧည့်ဂေဟာတွင်သာ သွားရောက်တည်းခိုစေလိုပေ၏။
သို့ရာတွင် ချီစုန့်၏ တာဝန်က စုရှောင်လော်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်လေသည်။
ထို့ကြောင့် စုရှောင်လော်ရှိသည့် မည်သည့်နေရာတွင်မဆို သူလည်း သေချာပေါက် ရှိနေရပေလိမ့်မည်။
စုဝေ့ချင်းက အလျင်အမြန်ပင် ပြောလိုက်လေသည်။
“ပစ္စည်းတွေ ရွှေ့နေဖို့ မလိုပါဘူး အမေ၊ ကျွန်တော်တို့ ဒီမှာ အဆောက်အအုံလေးတစ်ခု ဝယ်ထားတယ်၊
အရာအားလုံးလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ ဒီညပဲ အဲဒီကို ပြောင်းရွှေ့နေထိုင်လိုက်ကြမယ်”
“အဆောက်အအုံဝင်း ဟုတ်လား၊ မင်းတို့ ဒါကို ဘယ်တုန်းက ဝယ်လိုက်တာလဲ”
လော်ယွီရှို့ လန့်ဖျန့်သွားရ၏။ သူမအနေဖြင့် ဤအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပေ။
“မကြာသေးပါဘူး အမေ၊ ကျွန်မဦးလေးတွေရဲ့ သားတွေအားလုံးက ကြီးပြင်းလာကြပြီလေ၊
စက်ရုံက ခွဲဝေပေးထားတဲ့ အိမ်တွေကလည်း ကျဉ်းမြောင်းလွန်းတော့ ကလေးတွေ ကြီးလာတဲ့အချိန်ကျရင် နေရာမလောက်မှာကို သူတို့က စိုးရိမ်နေကြတာ၊
အဲဒါကြောင့် သူတို့အားလုံး စုပေါင်းပြီး အိမ်တစ်လုံး ဝယ်ဖို့ စဉ်းစားခဲ့ကြတယ်၊ သူတို့က ကျွန်မကို ဖုန်းနဲ့ ပြောပြလို့ ကျွန်မကလည်း ဘေးချင်းကပ်လျက် အဆောက်အအုံဝင်းတစ်ခုကိုပါ ကျွန်မတို့အတွက် ဝယ်ပေးဖို့ အကူအညီတောင်းလိုက်တာ”
လီရှန်းက လော်ယွီရှို့၏ လက်မောင်းကို ဆွဲကိုင်လိုက်လေ၏။
သူမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများအရ အခြေအနေက တခြားတစ်မျိုး ပြောင်းလဲသွားခဲ့သည်။
တကယ်တမ်းတွင် သူမကိုယ်တိုင်က ကျန်းကျူးရိထံသို့ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် တိုက်ဆိုင်၍သာ ဝယ်ယူမိခဲ့သကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်လေ၏။
“ဟုတ်တယ် အမေ၊ ပိုင်မားခရိုင်က ကျွန်တော်တို့ရဲ့ ဇာတိပဲလေ၊ကျွန်တော်တို့ ကမ္ဘာ့အဆုံးအထိ သွားရရင်တောင် ဒီနေရာက ရှန်းရှန်းနဲ့ ကျွန်တော်နဲ့ ဆုံတွေ့ခဲ့ကြတဲ့ နေရာဖြစ်နေတုန်းပဲ၊
ကျွန်တော်က နောက်ပိုင်း အသက်ကြီးလာတဲ့အချိန်ကျရင် ရှန်းရှန်းနဲ့အတူ ဒီကိုပြန်လာပြီး အနားယူဖို့အထိ တွေးတောထားတာ”
စုဝေ့ချင်းက နှမြောနေသော မျက်နှာအမူအရာဖြင့် သက်ပြင်းချ၍ ပြောလိုက်လေ၏။
ထိုအပြုအမူက အစပိုင်းတွင်အနည်းငယ် မတင်မကျဖြစ်နေသော လော်ယွီရှို့ကို ရယ်မောသွားစေခဲ့သည်။
လော်ယွီရှို့အနေဖြင့် အစပိုင်းတွင် ထိုဇနီးမောင်နှံနှစ်ဦးက ယောက္ခမဘက်မှ မိသားစုကို ပိုမိုယုံကြည်အားကိုးကြသည်ဟု ထင်မြင်မိခဲ့၏။
သို့သော် ယခုအချိန်တွင်တော့ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်ပုံရလေ၏။
“မင်းတို့ ဘယ်နေရာမှာ ဝယ်လိုက်တာလဲ”
“ဟိုရှုမိသားစုရဲ့ အဆောက်အအုံဝင်းကြီးလေ”
လီရှန်းက ခြံဝင်းတံခါး၏ အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ရင်း လော်ယွီရှို့ကို ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။
“ကျွန်မရဲ့ အစ်ကိုနှစ်ယောက်အတွက် ကျွန်မရဲ့ အကြီးဆုံးဦးလေးက တစ်အိမ်စီ ဝယ်ပေးထားတယ်၊ ကျွန်မရဲ့ ဦးလေးအန်းကော်ကလည်း နှစ်အိမ် ဝယ်ထားတယ်၊
ပြီးတော့ တတိယဦးလေးရဲ့ မိသားစုကလည်း တစ်အိမ်၊ နှစ်အိမ်လောက် ဝယ်ဖို့ စီစဉ်နေကြတယ်၊
ကျွန်မကတော့ အတွင်းပိုင်းက အကြီးဆုံးတစ်ခုကို ဝယ်လိုက်တာဆိုတော့ အားလုံးပေါင်း အဆောက်အအုံဝင်း ခုနစ်ခုရှိသွားပြီပေါ့၊
အဲဒီအတွင်းဘက်မှာ စုစုပေါင်း အဆောက်အအုံဝင်း ကိုးခုရှိလေလေ၊
ကျန်ရှိနေတဲ့ နှစ်ခုကို ကျွန်မရဲ့ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ ဝယ်ချင်ကြလားဆိုတာ သိရအောင် ဦးလေးကို ချန်ထားခိုင်းသေးတယ်၊
ခြံဝင်းတံခါးကြီးကို ပိတ်လိုက်တာနဲ့ အတွင်းဘကာမှာ ဆွေမျိုးတွေချည်းပဲ ရှိနေမှာ”
လီရှန်းက သူမကို ရှင်းပြလိုက်လေ၏။
လော်ယွီရှို့လည်း ရှုမိသားစု၏ အဆောက်အအုံဝင်းဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် မျက်နှာတစ်ခုလုံးကအပြုံးများဖြင့် တောက်ပသွားခဲ့ရသည်။
ထိုနေရာက အမှန်တကယ်ပင် ကောင်းမွန်လွန်းသော နေရာတစ်ခု ဖြစ်လေ၏။
ထို့အပြင် လီရှန်းက စုဝေ့ဟိုင်နှင့် စုဝေ့ယန်တို့အတွက်ပါ ထည့်သွင်းစဉ်းစားပေးထားကြောင်းကို ကြားသိရသည့်အချိန်တွင် သူမက ပို၍ပင် ဝမ်းသာမိသည်။
လီရှန်း ပြောခဲ့သကဲ့သို့ပင်။ ခြံဝင်းတံခါးကြီးကို ပိတ်လိုက်သည်နှင့် အထဲ၌ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေကောင်းများသာ ရှိနေကြပေလိမ့်မည်။
နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်နိုင်ကြပေလိမ့်မည်။
သူမက လီရှန်းအနေဖြင့် သူမ၏ မိဘအိမ်ဘက်နှင့် ပို၍ ရင်းနှီးနေသလားဟူ၍ ဂရုမစိုက်တော့ဘဲ စုချန်အား စုဝေ့ဟိုင်ကိုပြန်ခေါ်ခိုင်းလိုက်ပြီး ထိုအကြောင်းကို အတူတကွဆွေးနွေးကြလေတော့၏။
စုဝေ့ဟိုင်ရရှိသော လစာငွေက မနည်းလွနးပေ။
အဆောက်အအုံဝင်းနှစ်ခု ကျန်ရှိနေသေးကြောင်းကို ကြားသိရသည့် အချိန်တွင် သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်လေသည်။
“ငါ အဲဒီနှစ်ခုလုံးကို ယူလိုက်မယ်”
နောက်ပိုင်းတွင် သူ၏သားနှစ်ဦးလုံး၌ တစ်အိမ်စီ ရှိကြမည်ဖြစ်၍ မည်သူကမျှ သူ့ကို ဘက်လိုက်သည်ဟူ၍ အပြစ်တင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ယခု လက်ရှိ နေထိုင်နေသော အိမ်နှင့် ပတ်သက်လျှင်တော့ သူတို့သေဆုံးသွားသည့် အချိန်မျိုးတွင် သားသမီးများအနေဖြင့် စိတ်ကြိုက်သာ စီမံနိင်သည်။
“ဖယ်စမ်း၊ မင်း ဘာတွေလုပ်နေတာလဲ၊ မင်းရဲ့ ဒုတိယညီ ပြန်ရောက်လာတဲ့ အချိန်ကျမှ လူတိုင်းအတူ ဆွေးနွေးကြတာပေါ့”
လော်ယွီရှို့က အနည်းငယ် မလိုလားဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်လေ၏။
သူမက သူမ၏ အကြီးဆုံးသားနှင့် ဒုတိယသားတို့တွင် နေအိမ်တစ်လုံးစီ ရှိစေပြီး သူတို့ အသက်ကြီးလာသည့်အချိန်တွင် အတူနေထိုင်ကြစေချင်သည်။
ကလေးများနှင့် ပတ်သက်လျှင်တော့...
သူတို့နှစ်ဦးတွင် နေအိမ်တစ်လုံးရှိနေဆဲ ဖြစ်၍ အချိန်တန်လျှင် ခွဲဝေပေးနိုင်ပေ၏။
မည်သူက ပိုရရှိမည်၊ မည်သူက လျော့၍ရရှိမည်ဟူသော ကိစ္စရပ်များကို နောက်ပိုင်းတွင်မှ ဆွေးနွေးကြရမည်။
အိမ်ကို ရရှိသောလူက တခြားလူကို ငွေကြေးပြန်လည်ထောက်ပံ့ပေးလျှင် အဆင်ပြေပေသည်။
စုဝေ့ဟိုင် စိတ်ဆင်းရဲသွားရသည်။
သူက သူ၏ သုတေသနလုပ်ငန်းများကို သေသေချာချာလုပ်ဆောင်နေချိန်မှာပင် ဤအစည်းအဝေးသို့ အတင်းအကျပ် ဆွဲခေါ်ခြင်း ခံခဲ့ရခြင်းဖြစ်၏။
သို့သော် သူ၏ အမြင်များကို ထုတ်ဖော်ပြောဆိုလိုက်သည့် အချိန်တွင်ပင် ချက်ချင်းပင် ငြင်းပယ်ခံလိုက်ရလေသည်။
ဒီလိုဆိုမှတော့ သူ ဘာလို့ပြန်လာနေရတာလဲ
လီရှန်းက ပြုံးလိုက်မိသော်လည်း မည်သည့်စကားကိုမျှ ထုတ်ဖော်၍ မပြောခဲ့ပေ။
သူမက ကျန်းရှင်းမင်အတွက် အိမ်ရာနှစ်ခုကို သေချာပေါက် ချန်လှစ်ထားခဲ့သည်။
သို့သော် ကျန်းရှင်းမင်အနေဖြင့် တစ်ခုတည်းကိုသာ ဝယ်ယူလိမ့်မည်ဟု ခန့်မှန်းမိ၏။
ထိုသို့ဆိုလျှင် နောက်ဆုံးတွင် အိမ်ရာ သုံးခု ပိုလျှံနေပေလိမ့်မည်။
အကြီးဆုံးအစ်ကိုက နှစ်ခု ဝယ်ယူနိုင်ပြီး ဒုတိယအစ်ကိုက တစ်ခု ဝယ်ယူနိုင်လေသည်။
ထို့ကြောင့် နောက်မျိုးဆက် လူငယ်များအတွက် ခွဲဝေရန်အတွက် လုံလောက်လေ၏။
သို့သော် ကိစ္စရပ်များကို သေသေချာချာ မဆွေးနွေးရသေးမီ အချိန်တွင် မည်သည့်ကတိကဝတ်မျိုးမျှ ပြုလုပ်၍ မရနိုင်သေးပေ။
အကယ်၍ ကျန်းရှင်းမင်က စိတ်လှုပ်ရှားသွားကာ အိမ်ရာနှစ်ခုလုံးကို လိုချင်နေခြင်းလည်းဖြစ်နိုင်သည်ရ
လော်ယွီရှို့က အလွန်ပင် တက်ကြွဖြတ်လတ်ပေ၏။
သူမ၏ တတိယသား မိသားစုတွင် တည်းခိုနေထိုင်စရာ နေရာရှိကြောင်းကို သိရှိသွားရပြီးနောက် သူမက လီရှန်းကို ခေါ်ဆောင်၍ ထိုနေရာသို့ သွားရောက်ကြည့်ရှုရန်အတွက် ခေါ်ဆောင်ခဲ့တော့သည်။
ထိုနေ့တွင် ညစာ စားသောက်ပြီးကြသည့်နောက်တွင် မိသားစုဝင်များက ချီစုန့်နှင့်အတူ စုရှောင်လော်ကို ပွေ့ချီလျက် အဆောက်အအုံဝင်းကြီးဆီသို့ ပြန်လာခဲ့ကြ၏။
လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအတွင်း မှောင်မည်းခြောက်ကပ်နေခဲ့သော ထိုအဆောက်အအုံဝင်းငယ်လေးက ယခုအချိန်တွင် နွေးထွေးလွန်းသော မီးရောင်ခြည်များဖြင့် ပြန်လည်လွှမ်းခြုံသွားခဲ့ရလေသည်။
ချီစုန့်က ထိုညတွင် အလွန် ကောင်းမွန်စွာ အိပ်စက်ခဲ့ရကာ နောက်နေ့မနက်တွင် စောစောထခဲ့သည်။
သူက အဆောက်အအုံဝင်းထဲ၌ လေးပတ်ခန့်ပတ်ကာ အပြေးလေ့ကျင့်ခဲ့သည်။
ထို့အပြင် သူက နေရာစုံ၊ ဒေါင့်စုံကိုလည်း သေသေချာချာ စစ်ဆေးနေခဲ့လေ၏။
ထို့နောက်တွင် ကျန်းကျူးရိနှင့် တခြားလူများ ရောက်ရှိလာခဲ့ကြသည်။
ကျန်းဟုန်မေ့နှင့် သူမ၏ သားနှစ်ဦးတို့ကလည်း အလုပ်ရှုပ်နေခဲ့ကြလေ၏။
ကျန်းရှင်းမင်ကတော့ အနည်းငယ် ရှက်ရွံ့ကာ အနေရခက်နေခဲ့သည်။
သူ့တွင် အိမ်ဝယ်ရန်အတွက်ငွေကြေးမရှိသကဲ့သို့ တခြားအရာများတွင်လည်း ကူညီနိုင်ခြင်း မရှိပေ။
ထို့ကြောင့် သူက သူတတ်နိုင်သော အလုပ်ကြမ်းများကိုသာ ဝိုင်းဝန်းလုပ်ဆောင်ပေးနေခဲ့လေ၏။
ချန်ဖန်းက လုံးဝ တိတ်ဆိတ်နေခဲ့လေသည်။
ညနေခင်း အချိန်သို့ ရောက်ရှိလာသည့်အချိန်မှသာ ကျန်းရှင်းမင်တစ်ယောက် စုဝေ့ချင်းကို ရှာဖွေခဲ့ပြီး ငွေကြေးချေးယူရန်ပြောဆိုခဲ့လေ၏။
စုဝေ့ချင်းကလည်း ကြိုတင်ပြင်ဆင်ထားသောကြောင့် ကျေနပ်စွာ သဘောတူညီခဲ့သည်။
လီရှန်းအနေဖြင့် အနည်းငယ်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိလေ၏ရသူမ၏ တတိယဦးလေးက လုံးဝတုံးအနေသူတစ်ယောက် မဟုတ်ခဲ့သည့်အတွက် ဝမ်းသာမိ၏။