← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း(385)

ကျန်းရှင်းမင်တစ်ယောက် အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ချန်ဖန်းကို ကြွေးမြီများနှင့် ပတ်သက်၍ ပြောခဲ့လေ၏။

ချန်ဖန်းက အလွန်ပင်စိုးရိမ်ပူပန်သွားရပြီး သန်းခေါင်ယံအချိန်တွင်ပင် တိတ်တဆိတ် မျက်ရည်သုတ်နေခဲ့လေတော့သည်။

အကြွေး နှစ်ထောင် တင်သွားခဲ့လေပြီ။

ထိုငွေများကို ပြန်ဆပ်နိုင်ရန် မည်မျှအထိ ကြာမြင့်ဦးမည်နည်း။

သူမ၏ မိဘအိမ်ကို တွေးတောမိကာ နောက်ဆုံး၌ သူမ၏ မာနများကို ဘေးသို့ ဖယ်ထားလိုက်လေသည်။

ထို့နောက် သူမရေးသားထားသော အကြွေးစာချုပ်ကို ကိုင်ပြီး ငွေကြေးများကို ပြန်တောင်းရန်အတွက် မိဘအိမ်သို့ ပြန်သွားခဲ့တော့၏။

ချန်မိသားစုဝင်များမှာ သူတို့ကိုယ်သူတို့ ပညာတတ်များဟူ၍ ဂုဏ်ယူဝင့်ကြွားခဲ့ကြသောကြောင့် အကြွေးစာချုပ်များကို သေသေချာချာ ရေးသားခိုင်းခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်တွင် ချန်ဖန်းအတွက် စာရင်းရှင်းရန် လွယ်ကူချောမွေ့စေခဲ့၏။

အရာအားလုံးကို စုစည်းပြီး တွက်ချက်ကြည့်လိုက်သည့်အချိန်တွင် ယွမ်ထောင့်ငါးရာခန့် ရှိလေသည်။

ချန်ဖန်း နှလုံးသားထဲမှ နာကျင်မှုကြောင့် အသက်ကိုပြင်းထန်စွာ ရှူရှိုက်လိုက်မိ၏။

သူမ၏ မိဘများဘက်မှ မိသားစုဝင်များက သူမထံမှ ငွေကြေးအမြောက်အမြားကို ယူသွားခဲ့ကြသည်။

သို့သော် ပြန်ဆပ်ရန်အတွက် တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်မပြောခဲ့ကြပေ။

ထို့ကြောင့် သူမအနေဖြင့် သူတို့ကို ငွေစားသော သားရဲတိရစ္ဆာန်ကြီးများကဲ့သို့ ခံစားမိလိုက်လေ၏။

သို့သော် သူမ၏ သားဖြစ်သူအတွက် ဖြစ်စေ၊ သူမတို့၏ မိသားစုငယ်လေး ကောင်းမွန်စွာ ရှင်သန်နိုင်ရန်အတွက် ဖြစ်စေ၊ နောက်ပိုင်းတွင် သူမ၏ ယောက်မနှင့် ခဲအိုများကြား၌ ရဲဝံစွာ ခေါင်းမော့နိုင်ရန်အတွက် ဖြစ်စေ၊ သူမ ထိုငွေကြေးများကို ပြန်ရရှိအောင် ပြတ်သားစွာ တောင်းခံခဲ့လေတော့သည်။

လီရှန်းက သူမတို့၏ ကူညီပေးသည့် အပြုအမူလေးတစ်ခုက သူမ၏ ဦးလေးဖြစ်သူအတွက် ဤမျှအထိ ကြီးမားသော အကျိုးကျေးဇူးကို သယ်ဆောင်ပေးလိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခုအချိန်တွင် သူမက အိမ်တွင် လက်ဆွဲခေါက်ဆွဲများ ပြုလုပ်ရန်အတွက်သာ အလုပ်ရှုပ်နေခဲ့၏။

ထိုအချိန်တွင် စုဝေ့ယန်ထံမှ ဖုန်းဝင်လာခဲ့လေသည်။

သူက စုဝေ့ဖင်း၏ မိသားစုနှင့်တအတူ ရထားတစ်စီးတည်း စီးလာခဲ့ခြင်းဖြစ်လေ၏။

ညနေ လေးနာရီအချိန်တွင်အိမ်သို့ ရောက်ရှိလိမ့်မည်။

လော်ယွီရှို့နှင့် ဝူလီတို့က ထုံးစံအတိုင်း သူတို့ကိုသွားရောက်ကြိုဆိုကြလိမ့်မည်။

သူမကတော့ ထမင်းဟင်းချက်ပြုတ်ခြင်း တာဝန်ကို လွှဲပြောင်းယူထားခဲ့လေ၏။

လူဦးရေများစွာရှိနေခဲ့ပြီး လူတိုင်း၏ စားသောက်နိုင်စွမ်းကလည်း ကြီးမားလွန်းသောကြောင့် ခေါက်ဆွဲချက်ပြုတ်ခြင်းထက် ပို၍လွယ်ကူချောမွေ့သောအစားအစာ မရှိတော့ပေ။

နင်ပြည်နယ်၏ ဆောင်းရာသီ အပူချိန်က နိမ့်ပါးခြင်း မရှိသော်လည်း စိုစွတ်ပြီး အေးစိမ့်သည်။

ညနေ လေးနာရီအချိန်တွင် နေမင်းကြီးက ကွယ်ပျောက်လုနီးပြီဖြစ်၍ အေးစိမ့်လွန်းသော လေထုကြီးက တိုးဝင်လာခဲ့လေသည်။

လူစုကြီးက အိမ်ထဲသို့ ဝင်ရောက်လာကြသည့်အချိန်တွင် အေးစက်လွန်းသော လေပြင်းနှင့်အတူ လွှမ်းခြုံလာခဲ့ကြလေသည်။

ယခင်က ခြောက်ကပ်နေခဲ့သော အိမ်က ချက်ချင်းပင် လူများဖြင့် ပြည့်နှက်ပပြီး စည်ကားသွားခဲ့ရလေတော့၏။

“ဝိုး.. ကျွန်မ ပြန်မရောက်တာ နှစ်နည်းနည်းလောက်ပဲ ရှိသေးတာကို အိမ်က အများကြီး ပြောင်းလဲသွားခဲ့ပြီပဲ”

စုဝေ့ဖင်းက အံ့သြစွာဖြင့် ပြောလိုက်လေတော့၏။

သူမက လီရှန်းကို မြင်လိုက်ရသည့်အချန်တွင်လည်း တက်ကြွစွာဖြင့် လက်ကို ဝှေ့ယမ်းနှုတ်ဆက်လိုက်လေ၏။

“တတိယယောက်မ၊ မတွေ့ရတာ အတော်လေးကြာပြီ”

သူမနှင့် နောက်ဆုံးတွေ့ခဲ့ရသည့် အချိန်က သူမက ကျန်းကျိနှင့် လက်ထပ်ခဲ့ချိန်ကဖြစ်လေ၏။

နောက်ပိုင်းတွင် လီရှန်းက အိမ်သို့ပြန်လာခဲ့သော်လည်း သူမက ပြန်မလာဖြစ်ခဲ့ပေ။

သူမ ပြန်လာသည့် အချိန်မျိုးတွင်လည်း လီရှန်းက နှစ်သစ်ကူးပွဲတော်အတွက် ပေကျင်းမြို့၌သာ ကျန်ရှိနေခဲ့လေသည်။

အရာအားလုံးက တိုက်ဆိုင်မှုများသာ ဖြစ်ခဲ့ကြ၏။

သို့သော် သူတို့နှစ်ဦးက ဖုန်းဖြင့် အမြဲတစေ ဆက်သွယ်မှုရှိခဲ့ကြသောကြောင့် တစ်ဦးနှင့်တစ်ဦး စိမ်းသက်သွားသည်ဟူ၍ မခံစားခဲ့ကြရပေ။

“ဝေ့ဖင်း၊ ဒုတိယယောက်မ”

လီရှန်းက အမျိုးသမီးနှစ်ဦးကို အရင်ဆုံး နှုတ်ဆက်လိုက်ပြီးမှ အမျိုးသားများကို စကားပြောလိုက်လေ၏။

နောက်ဆုံးတွင် အကြည့်များအားလုံးက ထိုမိသားစုနှစ်စုမှ ကလေးငယ်များထံသို့ ရောက်ရှိသွားခဲ့ကြလေသည်။

ကျန်းဝမ်ကျန့်က သားယောက်ျားလေးနှစ်ဦးကို မွေးဖွားခဲ့လေ၏။

သူမ၏ ဒုတိယသားက သားသမီးတစ်ဦးတည်းသာ ယူရမည်ဟူသော မူဝါဒကို မပြဌာန်းရသေးမီ အချိန်လေးတင် မွေးဖွားခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် သူမအနေဖြင့် နောက်ထပ်ကလေးတစ်ဦး ထပ်မံ ယူခွင့်မရှိတော့ပေ။

စုဝေ့ဖင်းတွင်လည်း သားယောက်ျားလေး တစ်ဦးတည်းသာ ရှိလေသည်။

သူက ယခုအချိန်၌ ကိုယ်ပိုင် အဝတ်အထည်စက်ရုံတစ်ခုကို ဦးစီးလုပ်ကိုင်နေရသောကြောင့် အလွန်ပင် အလုပ်ရှုပ်နေခဲ့လေ၏။

ထို့အပြင် ကျန်းကျိကလည်း အစိုးရဌာနတွင် လုပ်ကိုင်နေသူ ဖြစ်သောကြောင့် ဒုတိယမြောက်ကလေး ယူခွင့်မရှိပေ။

ထို့ကြောင့် သူတို့က သားတစ်ဦးတည်းဖြင့်သာ တင်းတိမ်ခဲ့ကြရသည်။

ထိုအမျိုးသမီးနှစ်ဦးလုံးက စုရှောင်လော်ထံမှ လုံးဝ အကြည့်မလွှဲနိုင်ကြတော့ပေ။

သူတိုက စုရှောင်လော်ကို တစ်ဖက်တစ်ချက်စီမှ ဖက်ထားကြလေတော့သည်။

သူတို့၏ မျက်ဝန်းများထဲတွင် အားကျရသော ခံစားချက်များက ပြည့်နေခဲ့ကြလေ၏။

စုဝေ့ယန်နှင့် ကျန်းကျိတို့နှစ်ဦးလုံးမှာတော့ စကားနည်းကြသူများဖြစ်ကြသည့်အပြင် လီရှန်းနှင့်လည်း သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိကြသေးပေ။

သူတို့က နှုတ်ဆက်စကားကို ပြန်လည်တုံ့ပြန်ရုံမျှသာ ပြုလုပ်ကြပြီးနောက် စုဝေ့ချင်းနှင့်သာ စကားပြောဆိုကြလေတော့၏။

စုဝေ့ချင်းက အိမ်အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည့် အခိုက်အတန့်တွင် စုဝေ့ယန်က ပြောလိုက်လေသည်။

“ငါ့မိသားစုကလည်း တစ်အိမ်လိုချင်တယ်”

ထိုအချိန်တွင် စုဝေ့ဟိုင်က အခန်းထဲသို့ တိုက်ဆိုင်စွာဝင်ရောက်လာခဲ့လေသည်။

သူအနေဖြင့် ထိုစကားကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင်အော်ဟစ်မေးမြန်းလိုက်လေ၏။

“မင်းက ချုံကျိုးမှာ ရှိနေတာပဲကို၊ ဘာဖြစ်လို့ အဆောက်အအုံဝင်းတစ်ခု ဝယ်ဖို့လိုအပ်ဦးမှာလဲ”

စုဝေ့ယန်က ခန္ဓာကိုယ်ကိုလှည့်လိုက်ရင်း ပြန်ပြောလိုက်လေ၏။

“ကျွန်တော် ဝယ်ချင်လို့ပေါ့”

“မင်းကတော့ တကယ်ပဲ”

စုဝေ့ဟိုင်သည်လည်း အမှန်တကယ် ငြင်းခုံချင်သည့်စိတ်တို့မရှိပါချေ။

ထို့ကြောင့် သူက လီရှန်းကိုလိုက်လေ၏။

“ဒါဆိုရင် ငါတို့ တစ်အိမ်စီ ယူကြတာပေါ့”

အိမ်ဝယ်ယူမည့် ကိစ္စက စကားလုံးအနည်းငယ်မျှဖြင့်ပင် အပြီးတိုင် သတ်မှတ်သွားခဲ့လေပြီ။

သို့သော် စုဝေ့ဖင်းက စိတ်မပျော်မရွှင်ဖြစ်သွားရပြီး ညည်းတွားလာလေ၏။

“ကျွန်မရော၊ ကျွန်မရဲ့ သဘောထားကို ဘာဖြစ်လို့ ဘယ်သူကမှ မမေးကြတာလဲ၊ ဒါက လက်ထပ်ပြီးသား သမီးဆိုတာ ‘သွန်ပစ်လိုက်တဲ့ ရေလိုပဲ’လို့ ပြောချင်မေတာလား”

“ငါ နင့်အတွက် ချန်ထားပေးပါတယ်”

လီရှန်းက စုဝေ့ဖင်း၏ လက်ကို အလျင်အမြန်ပင် ဆွဲကိုင်လိုက်လေ၏။

ကျန်းရှင်းမင်အနေဖြင့် အိမ်ရာတစ်ခုတည်းသာလိုအပ်သောကြောင့် ကျန်ရှိနေသောတစ်ခုကို စုဝေ့ဖင်းကို ပေးအပ်လိုက်ခြင်း ဖြစ်လေ၏။

လီရှန်းအနေဖြင့် စိတ်ထဲ၌ အမှန်တကယ်ပင် အားနာမိ၏။

သူမက ယခင်က စုဝေ့ဖင်း၏ ကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့မိပေ။

ကျန်းကျိ၏ နေရပ်ဇာတိက ပေကျင်းမြို့ဖြစ်သောကြောင့် နောက်ပိုင်းတွင် သူတို့ကထိုနေရာ၌သာ အချိန်အများစုကို ကုန်လွန်စေလိမ့်မည်ဟုတွေးမိသည်။

ထို့ကြောင့် သူတို့မိသားစုနှစ်စုက ပေကျင်းမြို့၌သာ ပိုမို၍ ဆုံတွေ့ကြလိမ့်မည်ဟု ထင်မှတ်ခဲ့လေ၏။

စုဝေ့ဖင်းက သူမအတွက်လည်း အိမ်ရာတစ်ခု ပါဝင်ကြောင်းကို ကြားသိလိုက်ရသည့် အချိန်တွင်

သူမ၏ မျက်နှာတစ်ခုလုံးက အပြုံးများဖြင့် တောက်ပသွားခဲ့ရလေသည်။

လီရှန်းတစ်ယောက် ကိစ္စရပ်များကို စကားအနည်းငယ်မျှဖြင့်ပင် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့သည်ကို မြင်တွေ့ရသည့်အချိန်တွင် လော်ယွီရှို့က သီချင်းတစ်ပုဒ်ကို ညည်းတွားကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေ၏။

လီရှန်းကလည်း သူမ၏နောက်သို့ အလျင်အမြန်ပင် လိုက်ဝင်သွားခဲ့၍ တခြားလူများကလည်း ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ပေ။

မကြာမီ အချိန်အတွင်းမှာပင် မီးဖိုချောင်ငယ်လေးထဲ၌ အမျိုးသမီးများဖြင့် ပြည့်နှက်ပြီး စည်ကားသွားခဲ့ရလေတော့၏။

လော်ယွီရှို့က သူမတို့ကို မောင်းထုတ်လေတော့၏။

“ထွက်သွားကြစမ်းပါ၊ လူတိုင်းအပြင်ကို ထွက်ကြ၊ အရမ်း ကျဉ်းလွန်းတယ်”

“အမေ၊ ကျွန်မက အမေကိုယ်တိုင် လုပ်ပေးတဲ့ ခေါက်ဆွဲကို စားချင်တာ”

စုဝေ့ဖင်းက ချိုသာစွာ ပြောလိုက်လေ၏။

လော်ယွီရှို့အနေဖြင့် ထိုချွဲနွဲ့မှုကို မငြင်းပယ်နိုင်တော့ပေ။

“အစားတဲ့ ကြောင်မလေးပဲ”

သူမက ညည်းတွားလိုက်ရင်း ခေါက်ဆွဲလှိမ့်တံကို ကောက်ယူလိုက်ပြီး သူမကိုယ်တိုင်ပင် လုပ်ဆောင်လေတော့၏။

မိသားစုဝင်များက အလွန် စည်ကားသိုက်မြိုက်စွာ အချိန်များကို ကုန်လွန်စေနေခဲ့ကြလေသည်။

မီးဖိုချောင် တံခါးက ပွင့်ဟနေခဲ့ပြီး ခေါက်ဆွဲပြုတ်မည့် ရေနွေးအိုးကလည်း ပွက်ပွက်ဆူနေခဲ့လေ၏။

မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော ရေနွေးငွေ့များက အိမ်

ထဲသို့ လွင့်ပျံလာခဲ့ကြပြီး

အိမ်တစ်ခုလုံးကို မိသားစုဆန်သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေ၏။

စုဝေ့မင်တစ်ယောက် အလုပ်မှ ပြန်ရောက်လာခဲ့ပြီးနောက်တွင် အိမ်က ပိုမို၍ပင် စည်ကားသွားခဲ့ရသည်။

ယခုအချိန်က တရားဝင်နှစ်သစ်ကူးသို့ ကူးပြောင်းသည့် ညတစ်ည မဟုတ်သေးသော်လည်း ဤညဉ့်အချိန်က မိသားစုဝင်များ အားလုံး စုံလင်စွာဖြင့် ပြန်လည်ဆုံဆည်းရသော အချိန်တစ်ခုကဲ့သို့ ခံစားမိစေ၏။

စုဝေ့မင်က အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။

သူက သူ တိတ်တဆိတ် သိမ်းထားခဲ့သော မောက်ထိုင်အရက်ပုလင်းကိုပင် ထုတ်ယူလိုက်ပြီး သူ၏ သားများနှင့် သားမက်ဖြစ်သူတို့၏ ခွက်များလသို့ ဖြည့်ပေးလိုက်လေ၏။

သူက ခွက်ကိုမြှောက်ရန်အတွက် ထရပ်လိုက်သည့် အချိန်တွင် သူ၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီရဲနေခဲ့လေသည်။

“ငါတို့ မိသားစုတစ်ခုလုံးက ဒီနေ့မှာတော့ စုံစုံလင်လင်နဲ့ ပြန်ဆုံဆည်းနိုင်ခဲ့ကြပြီ”

ဤနှစ်ပေါင်းများစွာအတွင်း မိသားစုတစ်ခုလုံးက ဤမျှအထိ စုံလင်စွာ ဆုံတွေ့ခဲ့ကြဖူးခြင်း မရှိခဲ့ပေ။

အထူးသဖြင့် မိသားစုတိုင်းတွင် နောက်ပိုင်း မျိုးဆက်သစ် လူငယ်လေးများ ရှိနေကြပြီပင်။

“ ငါတို့ ဘာကို စောင့်နေကြဦးမှာလဲ၊ အတူ သောက်ကြတာပေါ့”

လူတိုင်းက ထိုင်ရာမှ အတူ ထရပ်လိုက်ကြပြီး သူတို့၏ အရက်ခွက်များကို အပြန်အလှန် တိုက်လိုက်ကြလေတော့၏။

“ချီးယားစ်”

နွေဦးပွဲတော်သို့ မရောက်ရှိမီ အချိန်အတွင်း ညီအစ်ကိုများက အိမ်ဝယ်ယူမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်ပင်အလုပ်ရှုပ်နေခဲ့ကြသည်။

ထို့ကြောင့် သူတို့က အနည်းငယ်မျှပင် အနားယူရန် အချိန်မရှိခဲ့ကြပေ။

*

အခန်း(386)

ဆယ့်နှစ်လပိုင်း၏ (27)မြောက်နေ့တွင် စက်ရုံက ကျောင်းပိတ်ရက်ပေးခဲ့လေသည်။

လီရှန်းနှင့် စုဝေ့ချင်းတို့က စုမိသားစုမှ မောင်နှမများကို ခေါ်ဆောင်ကာ အိမ်များကို ကြည့်ရှုရန်အတွက် ရှုမိသားစု၏ အဆောက်အအုံဝင်းဆီသို့ သွားရောက်ခဲ့ကြလေသည်။

ကျန်ရှိနေသော အဆောက်အအုံဝင်း နှစ်ခုက အနောက်ဆုံးတန်းတွင် ရှိနေခဲ့ကြလေ၏။

ထိုအဆောက်အအုံတို့၏ တည်နေရာက လီရှန်း၏ ပင်မအဆောက်အအုံနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

သို့သော် ထိုအဆောက်အအုံများက အလွန် တိတ်ဆိတ်ငြိမ်သက်လွန်း၏။

ထို့ကြောင့် ထိုမောင်နှမ သုံးဦးတို့က စိတ်ကြိုက် ရွေးချယ်ခဲ့ကြလေသည်။

သူတို့က စိတ်ကျေနပ်မှုရှိသော အဆောက်အအုံဝင်းတစ်ခုစီကို အသီးသီး ရွေးချယ်ခဲ့ကြလေသည်။

ဝူလီကတော့ အပျော်ရွှင်ဆုံးပင်။

သူမက အဆောက်အအုံဝင်း၏ နံရံတစ်ခုကို လက်ညှိုးထိုးပြလိုက်ရင်း စုဝေ့ဟိုင်ကို ပြောလိုက်လေသည်။

“ဒီနေရာက တကယ့်ကို ကောင်းတာပဲ၊ လမ်းမကြီးနဲ့လည်း တိုက်ရိုက်မျက်နှာချင်းဆိုင် ရှိနေသလို လမ်းတစ်ဖက်မှာလည်း မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ ရှိတယ်၊

ကျွန်မ အငြင်းစားယူတဲ့ အချိန်ကျရင် ဒီနေရာမှာ အိမ်တစ်လုံး ဆောက်မယ်၊ ပြီးရင် နံရံမှာ တံခါးတစ်ခု ဖောက်ပြီးတော့ ခဲတံတွေနဲ့ စာအုပ်တွေကို ရောင်းချမယ်၊ အဲဒါဆိုရင် စီးပွားရေးကတော့ သေချာပေါက် ကောင်းမွန်မှာပဲ”

သူမက ငြိမ်သက်စွာ ထိုင်နေနိုင်သော လူမျိုး မဟုတ်ပေ။

သူမက ဤမျှနုပျိုလွန်းသော အသက်အရွယ်တွင်ပင် အငြိမ်းစားယူလျှင် လုပ်ကိုင်မည့် အကြောင်းကို တွေးတောနေခဲ့သည်။

စုဝေ့ဟိုင်အနေဖြင့် မိသားစုထဲရှိ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။

ဝူလီက သူ့ကို လာရောက်နှောင့်ယှက်ခြင်း မပြုသရွေ့ သူမ ပြောသမျှကို သူ သဘောတူညီလေ့ ရှိ၏။

ယခုအချိန်တွင် သူက အကြံပြုချက်တချို့ကိုပင် ထုတ်ဖော်ပြောလိုက်လေသည်။

“ကိုယ်တို့ မနက်စာအတွက် ခေါက်ဆွဲတွေနဲ့ ဝမ်တန်တွေပါ ရောင်းလို့ရသေးတာပဲ”

“ရှင်က ကျွန်မကို ပင်ပန်းပြီး သေအောင် လုပ်မလို့လား”

မနက်စာ ရောင်းချခြင်း အလုပ်ဟူသည်က အပင်ပန်းဆုံး အလုပ်တစ်ခုဖြစ်ကြောင်းကို လူတိုင်း သိရှိကြလေ၏။

စောစောထရရုံသာမက အလုပ်ကလည်းပေရေလွန်း၏။

ဤနေရာက ရှုမိသားစု၏ အဆောက်အအုံဝင်းဖြစ်သည်။

သူမက ဤခြံဝင်းကြီးကို ညစ်ပတ်ပေရေသွားအောင် မပြုလုပ်နိုင်ပေ။

သူမက အရာအားလုံးကို စနစ်တကျ စီစဉ်ထားခဲ့သည်။

သူမအနေဖြင့် ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့လျှင်ပင် ထိုဆိုင်ခန်း၏ အသွင်အပြင်က လှပနေရမည်။

ရှုမိသားစုအဆောက်အအုံဝင်း၏ ဂုဏ်သိက္ခာနှင့်လည်း ကိုက်ညီနေရပေလိမ့်မည်။

သေချာပေ၏။ ဤနေရာကို ရှုမိသားစု၏ အဆောက်အအုံဝင်းဟူ၍ နောက်ထပ် ခေါ်ဆို၍ ရနိုင်တော့မည် မဟုတ်ပေ။

ဤအဆောက်အအုံဝင်းကို စုမိသားစု၏ အဆောက်အအုံဝင်း သို့မဟုတ် ကျန်းမိသားစု၏ အဆောက်အအုံဝင်းဟူ၍သာ ပြောင်းလဲခေါ်ဆိုရတော့မည်။

ဤအကြောင်းကို တွေးတောမိလိုက်သည့်အချိန်တွင် ဝူလီ အနည်းငယ် နှမြောတသ ဖြစ်မိသည်။

ဤနေရာတွင် မိသားစုနှစ်စုလုံးက အတူ နေထိုင်ကြမည်ဖြစ်၍ မည်သည့်ဘက်မှ မျိုးရိုးနာမည်ကိုမဆို သုံးစွဲရန် မသင့်တော်ပေ။

ရှုမိသားစု၏ အဆောက်အအုံဝင်းတွင် ရှိနေသော ကျောက်ဆစ်တံခါးမကြီးကိုလည်း အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ပေ။

အဆောက်အအုံဝင်းကို လွှဲပြောင်းရရှိပြီးနောက်တွင် ကျန်းကျူးရိက ကျောက်ဆစ်ကျွမ်းကျင်သူ လက်မှုပညာသည်တစ်ဦးကို ငှားရမ်းခဲ့ပြီး ထိုကျောက်ဆစ်တံခါးမကြီးကို အသစ်ပြန်လည် ထုဆစ်စေခဲ့၏။

သူက မင်္ဂလာရှိလွန်းသော နေ့ရက်ကောင်းတစ်ခုကို ရွေးချယ်ခဲ့လေသည်။

ထိုနေ့က နွေဦးပွဲတော်၏ ငါးရက်မြောက်နေ့ဖြစ်လေ၏။

ထိုနေ့က စည်းစိမ်ဥစ္စာနတ်မင်း

ကြွရောက်လာမည့်နေ့ရက်လည်း ဖြစ်လေသည်။

သူက ယမ်းမီးပန်းများကို ဖောက်ခွဲလိုက်ပြီး ထိုတံခါးမကြီးကို ပြောင်းလဲတပ်ဆင်ခဲ့လေ၏။

တံခါးမကြီးထက်တွင် ကြီးမားလွန်းသော စာလုံးကြီး ငါးလုံးကို ထုဆစ်ထားခဲ့လေသည်။

“မိသားစု သဟဇာတဖြစ်ခြင်းက အရာခပ်သိမ်းကို ဝပြောစေ၏”

လီရှန်း : “...”

ပြောရလျှင် နောင်အနာဂတ်ကာလတွင် မိသားစု ဆယ်စုထဲတွင် ရှစ်စုခန့်၏ တံခါးဘောင်များထက်တွင် ဤစာလုံးကြီး ငါးလုံးကို မြင်တွေ့ရပေလိမ့်မည်။

ဝူလီက တံခါးမကြီးထက်သို့ မော့ကြည့်လိုက်ရင်း လီရှန်းဘက်သို့ လှည့်က် သက်ပြင်းချပြီးပြောလိုက်လေသည်။

“ဒီစာလုံး ငါးလုံးက တကယ်ကို ကောင်းကောင်းကြီးရေးသားထားတာပဲ၊

မိသားစု သဟဇာတဖြစ်ခြင်းက အရာခပ်သိမ်းကို ဝပြောစေ၏တဲ့၊

ဒါက ငါတို့ အမြဲတမ်း မျှော်လင့်တောင့်တခဲ့ကြတာပဲ မဟုတ်ဘူးလား၊ ငါတို့ နောက်ပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း ဆက်ဆံကြရမယ်၊ ရန်မဖြစ်ကြရဘူး၊

ပြီးတော့ ဒီစာလုံးငါးလုံးဆီမှာ အရိပ်မည်းတွေ ကျရောက်အောင် လုံးဝ မလုပ်ကြရဘူး”

လီရှန်းက ပြုံးလိုက်မိရင်း ခေါင်းညိတ်ပြလိုက်လေ၏။

စုဝေ့ဖင်းကလည်း ဘေးဘက်မှ စနောက်၍ ပြောလိုက်လေတော့သည်။

“ကျွန်မရဲ့ ယောက်မတွေနဲ့ ကျွန်မရဲ့ အစ်ကိုတွေ ရန်မဖြစ်သရွေ့တော့

ကျွန်မတို့ မိသားစုကတော့ သေချာပေါက် ကောင်းကောင်းမွန်မွန်နဲ့ရှိနေမှာပါ”

ဝူလီက စိတ်ထဲတွင် အနည်းငယ်ကသိကအောင့်ဖြစ်သွားရသော်လည်း ချက်ချင်းပင် မေ့လိုက်လေ၏။

အိမ်အသစ်တစ်လုံးကို ဝယ်ယူပြီးခါစဖြစ်သော ဝူလီက အလွန်စိတ်ခံစားချက် ကောင်းမွန်နေခဲ့၏။

သူမတွင် မနာလိုဝန်တိုစိတ်ဖြစ်ပေါ်နေရန် အချိန်မရှိပေ။

သူမက သူမ၏ ခြံဝင်းထဲသို့ ရောက်ရှိလာသည်နှင့် အခန်းများ ခွဲဝေမည့် ကိစ္စကို စီမံလေတော့၏။

ထိုအဆောက်အအုံဝင်းထဲ၌ ပင်မအဆောက်အအုံတစ်ခုနှင့် ဘေးတွဲအဆောင်ခန်း နှစ်ခန်း ရှိလေသည်။

စုချန်နှင့် စုကျွင့်တို့နှစ်ဦးလုံးက ကြီးပြင်းလာကြပြီဖြစ်၍ သူတို့နှစ်ဦးကို ဘေးတွဲဆောင်အခန်း တစ်ခန်းစီ ခွဲဝေပေးလိုက်လေ၏။

ထိုဇနီးမောင်နှံနှစ်ဦးကတော့ည ပင်မအဆောက်အအုံထဲ၌ နေထိုင်ကြပေလိမ့်မည်။

ဝူလီက အိမ်မှုကိစ္စများကို စနစ်တကျ စီမံခန့်ခွဲရာ၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။

ထို့ကြောင့် အိမ်သို့ တရားဝင် မပြောင်းရွှေ့ရသေးမီအချိန်ကပင် သူမ၏ ဦးနှောက်ထဲ၌ အစီအစဉ်များစွာက လျင်မြန်စွာလည်ပတ်နေခဲ့သည်ဝ

နောက်တစ်နေ့တွင် သူတို့က

သူတို့၏ အိပ်သစ်အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ပြင်ဆင်ကြလေတော့သည်။

သူမက လွန်ခဲ့သော နှစ်များစွာအတွင်း စုဝေ့ဟိုင်ရရှိသော လစာငွေများကို သေသေချာချာသိမ်းဆည်းထားလေသည်။

သူမက ငွေကြေးများကိုသူမကိုယ်တိုင်အတွက်လည်း အသုံးပြုလေ့မရှိပေ။

သူမက သူမ၏ မိဘအိမ်ဘက်နှင့်လည်း ရင်းနှီးမှု မရှိလွန်းပေ။

ဆိုရလျှင် သူမ၏ သားနှစ်ဦးအတွက်သာ ငွေကြေးကို အသုံးပြုလေ့ရှိ၏။

သူမက သူမကိုယ်တိုင်အတွက် အဝတ်အစားဝယ်ယူခြင်းမျိုးပင် ရှားပါးလွန်းသည်။

သူမက အလွန်ရိုးသားလွန်းသော အမျိုးသမီးတစ်ဦးဖြစ်လေ၏။

ဝူလီနှင့်အတူ လိုက်လာကြသူများမှာတော့ စုဝေ့ဖင်းနှင့် အတင်းအကျပ် ဆွဲခေါ်လာခံခဲ့ရသော ကျန်းဝမ်ကျန့်တို့ ဖြစ်ကြလေသည်။

ကျန်းဝမ်ကျန့်မှာ ယခင်အတိုင်းပင် လူမှုဆက်ဆံရေးတွင် ဆိုးရွားနေဆဲပင်။

သို့သော် ရက်အနည်းငယ်မျှ အတူရှိနေပြီးနောက်တွင် သူမ

က ဝူလီနှင့် စကားအနည်းငယ်ခန့် ရင်းနှီးစွာ ပြောဆိုနိုင်ခဲ့လေသည်။

စုမိသားစုဝင်များက အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လျှက် ကျန်းကျူးရိနှင့် တခြားလူများကလည်း ထိုအလုပ်ခွင်ထဲသို့ အလျင်အမြန်ပင် ဝင်ရောက်ကာ ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသည်။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေသေးသည့် ကျန်းရူတုန်ကလည်း နေ့စဉ် ဝူယွီနျန်ကို ခေါ်ဆောင်လျက် ဘတ်စ်ကား စီးနင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လာရောက်ကြီးကြပ်လေ့ရှိ၏။

အထူးသဖြင့် ထိုအဆောက်အအုံဝင်းငယ် ငါးခုအပြင် ကြီးမားလွန်းသော ပန်းခြံငယ်တစ်ခုလည်း ရှိနေသေးလေသည်။

ယခုအချိန်တွင် ထိုနေရာကို လုံးဝ ညီညာအောင်ပြုလုပ်ထားခဲ့ပြီး ဖြစ်သောကြောင့် ကွက်လပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေ၏။

ထိုနေရာ၏ အလယ်ဗဟိုတွင် နောက်ကျိနေသော ရေကန်ငယ်တစ်ခု၊ ညစ်ပတ်ပေရေနေသော ကျောက်တုံးအတုများနှင့် ထိုကျောက်တုံးအတုများ၏ အထက်တွင် တည်ရှိနေသော ပျက်စီးနေသည့် နားနေဆောင်ငယ်တစ်ခုသာ ကျန်ရှိတော့သည်။

ထိုနားနေဆောင်ငယ်ထက်ရှိ အမိုးအကာများနှင့် အမည်းရောင် အုတ်ကြွပ်ပြားများက ကွယ်ပျောက်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ပြောင်သလင်းခါနေသော သစ်သားသာ ကျန်ရှိတော့လေ၏။

သို့သော် အကယ်၍ အထက်သို့ တက်ကာ အောက်ခြေကို ကြည့်ရှုလိုက်ပါက အောက်ခြေဖောင်ဒေးရှင်းမှ ပန်းချီကားချပ် အသွင်အပြင်များကို မြင်တွေ့နိုင်ဆဲပင်။

မိသားစု အမြောက်အမြားက ထိုနေရာတွင် ဝန်းရံလိုက်ကြပြီး တစ်ဦးစီက သူတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ကြလေ၏။

သို့သော် နောက်ဆုံးတွင် ကျန်းရူတုန်ကပင် အတည်ပြုဆုံးဖြတ်ချက် ချလိုက်ရင်း ပြောလိုက်လေသည်။

“တကယ်လို့ ငါတို့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလို့မရဘူးဆိုရင် ဒီနေရာကို အရင်တုန်းကလိုမျိုး ပြန်ဖြစ်လာအောင် လုပ်ဆောင်ဖို့ ကြိုးစားကြည့်ကြတာပေါ့”

“ဒါကတော့ ကျွန်တော်တို့ကိုယ်တိုင်လုပ်ဖို့အတွက် မလွယ်ကူဘူး”

လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရှုလိုက်ကြလေ၏။

သူတို့အားလုံးက အလုပ်ကြမ်း လုပ်ကိုင်ကြသူများသာ ဖြစ်ကြလေသည်။

ဤကဲ့သို့သော သေသေချာချာ နူးညံ့စွာ လုပ်ဆောင်ရမည့် အလုပ်မျိုးကို မည်သို့မျှ မလုပ်ဆောင်နိုင်ကြပေ။

နောက်ဆုံးတွင် လူတိုင်း၏ အကြည့်များက စုဝေ့ချင်းထံသို့ ကျရောက်သွားခဲ့ကြလေ၏။

စုဝေ့မင် : “တတိသား၊ မင်းက တက္ကသိုလ်က နည်းပြဆရာတစ်ယောက် မဟုတ်ဘူးလား၊

မင်းက စာပေတွေကို လေ့လာထားတာဆိုတော့၊ ဒီနေရာကို ဘယ်လို ပြန်လည်ပြုပြင်မွမ်းမံရမလဲဆိုတာ လာပြီးတော့ ကြည့်ပေးပါဦး”

စုဝေ့ချင်း : “...”

သူအနေဖြင့် စာပေဘာသာရပ်ကိုသာ လေ့လာထားခြင်းဖြစ်ပေ၏။ အဆောက်အအုံက သူကျွမ်းကျင်မှု နယ်ပယ် လုံးဝ မဟုတ်ပေ။

“ကျွန်တော် မလုပ်တတ်ဘူး”

သူက ပွင့်လင်းစွာပင် ခေါင်းကိုခါပြလိုက်လေသည်။

ထို့နောက်မှ သူက ဖြည့်စွက်၍ ပြောလိုက်လေ၏။

“ဒါပေမဲ့ ကျွန်တော့်ရဲ့ တပည့်ကတော့ လုပ်တတ်တယ်”

“ဒါဆိုရင် ကျွန်မ အိမ်ကို ပြန်ပြီးတော့ ဓာတ်ပုံရိုက်ဖို့အတွက် ကင်မရာကို သွားယူလိုက်ဦးမယ်၊

ပြီးမှ အဲဒီဓာတ်ပုံတွေကို ရှောင်တုန်ကိုပြပြီး ဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်တာပေါ့”

လီရှန်းက သူမ၏ ကင်မရာကို ယူဆောင်ရန်အတွက် အိမ်သို့ ပြန်လာခဲ့လေ၏။

ကင်မရာတစ်လုံးကို သူမနှင့်အတူ တစ်ပါတည်း သယ်ဆောင်သွားတတ်သည့် အလေ့အထက သူတို့အတွက်တော့ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ စုဝေ့ချင်းအနေဖြင့် ဆောင်းပါးများကို ရေးသားရန်အတွက် စိတ်ကူးစိတ်သန်းများ လိုအပ်လွန်းလေသည်။

ထို့ကြောင့် သူ၏ စိတ်ကူးစိတ်သန်းများနှင့် ဆုံတွေ့နိုင်ချိန်တွင် ဓာတ်ပုံရိုက်ကူးထားတတ်သည်။

လီရှန်းကလည်း တစ်ခါတရံတွင် သူမ ကုသခဲ့ဖူးသော ဝေဒနာရှင်များ၏ အခြေအနေများကို မှတ်သားထားရန်အတွက် ဓာတ်ပုံရိုက်ကူးရခြင်းကို သဘောကျလေသည်။

အထူးသဖြင့် အရေပြားရောဂါဗေဒ နယ်ပယ်တွင် ဖြစ်ပေ၏။ သူမက ထင်ရှားလွန်းသော အရေပြားရောဂါ အခြေအနေများကို ဓာတ်ပုံရိုက်ကူးကာ မှတ်တမ်းတင်ထားခဲ့ဖူး၏။

သူမ ရိုက်ကူးခဲ့သော ဓာတ်ပုံတချို့က ကျောင်းသုံးပြဌာန်းစာအုပ်များအတွက်ပင် ရွေးချယ်ခြင်းခံခဲ့ရဖူးသည်။

All Chapters