အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
အခန်း(389)
လီရှန်းက ကျန်းဟုန်မေ့မှ သူမကို ထိုအဆောက်အအုံဝင်းအား လက်ခံစေချင်ကြောင်းကို ကြားသိလိုက်ရသည့် အချိန်တွင် အလွန် အံ့အားသင့်သွားရလေသည်။
သူမက လက်ကို အလျင်အမြန်ပင် ဝှေ့ယမ်းပြလိုက်ကာ ငြင်းပယ်လိုက်၏။
“မလိုပါဘူး၊ မလိုပါဘူး အဒေါ်တို့၊ အဒေါ်တို့ဘာသာပဲ ခွဲယူလိုက်ကြပါ၊
ဝေ့ချင်းနဲ့ ကျွန်မနဲ့က လွန်ခဲ့တဲ့ နှစ်တွေမှာ အတော်လေးပဲ အလုပ်ရှုပ်နေခဲ့ကြတာလေ၊
နောက်ထပ် အဆောက်အအုံတွေ ထပ်ပြီးတော့ မလိုအပ်ပါဘူး”
“မင်း မလိုအပ်တာက မင်းရဲ့ ကိစ္စလေ၊ ငါတို့က ပေးတာက ငါတို့ရဲ့ ကိစ္စပဲ၊ မင်းတို့မှာ ငွေရှိနေတာနဲ့တင် ငါတို့က မင်းတို့ကို နစ်နာအောင် လုပ်လို့ရမလား”
ကျန်းဟုန်မေ့က အေးစက်သော လေသံဖြင့် ပြောလိုက်လေ၏။
သူမက အစကတည်းက ချန်ဖန်း၏ သေးငယ်သော အပြုအမူငယ်လေးများကို သတိပြုမိနေခဲ့လေသည်။
ယခုအချိန်တွင် ကျန်းရှင်းမင်၏ အလွန်အမင်းဆိုးဝါးလွန်းသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခိုက်တွင် သူမက သူမ၏ တတိယယောက်မအပေါ် ပိုမို၍ပင် စိတ်ပျက်မိသွားတော့၏။
ချန်ဖန်း၏ ရင်ဘတ်တစ်ခုလုံးက အသံကျယ်ကျယ်ဖြင့် ခုန်ပေါက်နေခဲ့လေသည်။
လီရှန်းက ထိုအိမ်ကို လက်ခံလိုက်မည်ကို သူမ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရလေ၏။
လီရှန်းသာ ခေါင်းညိတ်လက်ခံလိုက်ပါက တခြားမည်သူကမျှ ကန့်ကွက်ကြလိမ့်မည် မဟုတ်ပေ။
“မဖြစ်ပါဘူး..”
လီရှန်းက ထပ်မံ၍ ငြင်းပယ်ရန်အတွက် ပြင်ဆင်လိုက်ချိန်မှာပင် ကွမ်းရှောင်ထင်းက သူမ၏ စကားကို ဖြတ်ပြောလိုက်လေ၏။
ကွမ်းရှောင်ထင်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။
“မိန်းကလေး၊ ဒါကို လက်ခံလိုက်တော့၊ ဟုန်မေ့ပြောတာ မှန်တယ်၊
အဖေက မသေဆုံးခင် အချိန်အထိ မင်းရဲ့အကြောင်းကိုပဲ စိတ်ထဲမှာ တွေးတောနေခဲ့တာ၊
သူ မင်းအပေါ် ဘယ်လောက်တောင် စိုးရိမ်ပူပန်နေခဲ့သလဲဆိုတာသိသာတာပဲ”
သူမသည်လည်း ချန်ဖန်း၏ အပြုအမူငယ်လေးများကို သတိပြုမိခဲ့လေသည်။
သူမက ချက်ချင်းပင် ကျန်းဟုန်မေ့နှင့်အတူ ပူးပေါင်းလိုက်သည်။
ကွမ်းရှောင်ထင်းနှင့် ကျန်းဟုန်မေ့တို့နှစ်ဦးလုံးက ကန့်ကွက်မှုမျှ မရှိကြသောကြောင့် ဖန်ချင်းအနေဖြင့် ပိုမို၍ပင် ကန့်ကွက်ရန်အကြောင်းမရှိတော့ပေ။
သူမ၏ စိတ်နှလုံးသားထဲတွင် လီရှန်းက သူမ၏ သမီးအရင်းသာဖြစ်သည်။
သူမ၏ သမီးဖြစ်သူကို အိမ်ပေးမည့် ကိစ္စအပေါ် သူမအနေဖြင့် အဘယ်ကြောင့် ကန့်ကွက်နေပါမည်နည်း။
သူမက လုံးဝ ထောက်ခံအားပေးလေ၏။
ဤအခြေအနေတွင် လူတိုင်းက သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုပြီးကြပြီဖြစ်၍ ကျန်းရှင်းမင် တစ်ဦးတည်းသာ ကျန်ရှိလေတော့၏။
ကျန်းရှင်းမင်သည်လည်း တူမဖြစ်သူအပေါ် သနားဂရုဏာသက်မိသူ ဖြစ်၍ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်
“ကျွန်တော်လည်း ကန့်ကွက်ချက်မျှ မရှိပါဘူး”
ချန်ဖန်းက ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားရပြီး ဝင်ပြောလိုက်လေသည်။
“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ မကန့်ကွက်ရတာလဲ၊ အကြီးဆုံးယောက်မ၊ ဒုတိယယောက်မ၊ ပြီးတော့ ဟုန်မေ့၊ ကျွန်မမှာ ကန့်ကွက်ချက် ရှိပါတယ်”
တခြားလူများက ပြန်လည်တုံ့ပြန်ရန်အတွက် အချိန်မရမီမှာပင် သူမက လျင်မြန်စွာ ပြောလေတော့၏။
“ကျွန်မ ဒီလိုစကားမျိုးကို မပြောသင့်ဘူးဆိုတာ သိပါတယ်၊
ဒါပေမဲ့ ယောက်မတို့အားလုံးလည်း ကျွန်မတို့ မိသားစုရဲ့ အခြေအနေကို သိကြတာပဲ မဟုတ်ဘူးလား၊ ကျွန်မမှာလည်း သားယောက်ျားလေး နှစ်ဦး ရှိတာပါ၊
မိသားစုတစ်ခုလုံးက စက်ရုံထဲက စတုရန်းမီတာ သုံးဆယ်တောင် မပြည့်တဲ့ အခန်းကျဉ်းလေးထဲမှာ ကျပ်ကျပ်ညပ်ညပ် နေထိုင်နေကြရတာ၊
အခုမှပဲ အဆောက်အအုံဝင်းတစ်ခုကို ဝယ်ယူနိုင်ခဲ့တာလေ၊
ဒါပေမဲ့ ကျွန်မတို့ရဲ့ ပခုံးပေါ်မှာ တောင်တစ်လုံးလောက်ရှိတဲ့ အကြွေးတွေ တင်ရှိနေတုန်းပဲ၊
အကြီးဆုံးယောက်မရဲ့ သားသုံးယောက်လုံးက ကြီးပြင်းလာကြပြီ၊
ရှောင်ခမ်းနဲ့ ရှောင်ယွမ်တို့ကလည်း စစ်တပ်ထဲမှာ ရှိနေကြတာ၊ ရှောင်ချောင်ကလည်း တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေပြီ၊
နောက်ပိုင်းမှာ သူတို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး၊
ဒုတိယယောက်မမှာလည်း သားတစ်ယောက်တည်းပဲ ရှိတာ၊ ဒုတိယအစ်ကိုကလည်း တပ်ရင်းမှူးတစ်ယောက် ဖြစ်နေတာပဲ၊
ရှန်းရှန်းနဲ့ သူမရဲ့ ခင်ပွန်းကလည်း တက္ကသိုလ်ဘွဲ့ရတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အများကြီး ရှာဖွေနိုင်ခဲ့ကြတယ်”
သူမက သူမကိုယ်သူမ သနားစရာကောင်းသောလူတစ်ယောက်အဖြစ် ဟန်ဆောင်လိုက်လေသည်။
သူမ၏ မိသားစုက အခက်ခဲဆုံးသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းကို အရိပ်အယောင် ပြသလိုက်သည်။
“ဒါဆိုရင် ယောက်မပြောချင်တာက ကျွန်မတို့အားလုံးက အခွင့်အရေးတွေကို စွန့်လွှတ်လိုက်ပြီး အဲဒီအဆောက်အအုံဝင်းကို ရှင့်ရဲ့ လက်ထဲကိုအပြီးတိုင် အပ်နှံလိုက်ရမယ်လို့ ဆိုလိုတာလား”
ကျန်းဟုန်မေ့က နှာခေါင်းရှုံ့လိုက်ရင်း သရော်လှောင်ပြောင်သော လေသံဖြင့် ကြားဖြတ်၍ ပြောလိုက်လေ၏။
သူမ၏ယောက်မသုံးဦးထဲတွင် ဤတတိယယောက်မ ဖြစ်သူက အကြံအစည်အများဆုံး ရှိသူ ဖြစ်လေသည်။
သူမက ယခင်ကတည်းက သူတို့ကို ပညာတတ်များ မဟုတ်ကြသည့်အတွက် အမြဲတစေ အထင်သေးတတ်သူ ဖြစ်လေသည်။
လီရှန်းတစ်ယောက် ဤမိသားစုထဲသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့ချိန်ကလည်း သူမအပေါ် အေးစက်စွာ ဆက်ဆံခဲ့ဖူး၏။
ကျန်းဟုန်မေ့က သူမကို ပညာပေးရန်အတွက် အခွင့်အရေးကောင်းတစ်ခုကို ရှာဖွေနေခဲ့သည်မှာကြာပေပြီ။” အဲဒီလိုမျိုး မဟုတ်ပါဘူး၊ ဒါက.. ရှင်းမင်က အရာရှိတစ်ယောက် မဟုတ်တော့ ကျွန်မတို့မှာ တစ်လကို လစာငွေ နည်းနည်းပဲ ရှိတာလေ၊ ပြီးတော့ ကလေးတွေကိုလည်း ထောက်ပံ့ရဦးမှာဆိုတော့.. “
ချန်ဖန်းက သူမကိုယ်သူမ သနားစရာကောင်းအောင် ဟန်ဆောင်လျက် အလျင်အမြန်ပင် ခုခံပြောဆိုရန် ကြိုးစားလိုက်လေ၏။
သို့သော် ဤစကားလုံးများက ကျန်းရှင်းမင်၏ နားထဲတွင် အလွန်ပင် နားခါးလွန်းသောအရာ ဖြစ်နေခဲ့လေသည်။
သူက ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေတော့၏။
“တော်စမ်း၊ ထပ်ပြီးတော့ မပြောနဲ့တော့၊ ငါကပဲ အသုံးမကျတဲ့လူ ဖြစ်နေတာ ဟုတ်ပြီလား၊
ငါ ဒီအဆောက်အအုံကို အလိုမရှိဘူး၊ သူတို့က ရှန်းရှန်းကို ပေးမယ်လို့ ဆုံးဖြတ်ထားမှတော့ ရှန်းရှန်းကို ပေးလိုက်ရုံပဲ၊
ချန်ဖန်း..မင်း ငါနဲ့အတူ ဆက်ပြီးနေထိုင်ချင်သေးတယ်ဆိုရင် အခုချက်ချင်း ပါးစပ်ပိတ်ထားစမ်း”
ချန်ဖန်းအနေဖြင့် အမှန်တကယ်ပင် အစွမ်းကုန်ကြိုးစားနေခဲ့ခြင်း ဖြစ်လေ၏။
ထိုအရာက အိမ်တစ်လုံးပင်မဟုတ်ပါလား။
သူမ၏ သားနှစ်ဦးအတွက်ကို မည်သို့လုပ်ရပါမည်နည်း။
လီရှန်းက ဤကဲ့သို့သော ဆူညံလှုပ်ခတ်မှုများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။
ထို့ကြောင့် သူမ၏ သဘောထားကို ထုတ်ဖော်ပြောဆိုရန်အတွက် ထိုင်ရာမှ ထရပ်လိုက်လေ၏။
သို့သော် ကျန်းရှင်းမင်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ရင်း ပြောလိုက်သည်။
“ရှန်းရှန်း၊ ဒီအိမ်ကို ဦးလေးကို ပြန်ပေးမယ်ဆိုတဲ့ စကားမျိုးကို လုံးဝ မပြောပါနဲ့၊
တကယ်လို့ မင်းသာ ငါ့ကို မင်းရဲ့ တတိယဦးလေးအဖြစ် သတ်မှတ်ထားတုန်းပဲဆိုရင် ဒီအိမ်ကို လုံးဝ မငြင်းပယ်နဲ့တော့”
သူက ပြောနေရင်းဖြင့် စားပွဲထက်ရှိ သော့ချိတ်ကို ဆွဲယူလိုက်ပြီးနောက် လီရှန်း၏ လက်ထဲသို့ အတင်းအကျပ် ထိုးထည့်ပေးလိုက်လေ၏။
ထို့နောက် ချန်ဖန်းကို အခန်းအပြင်သို့ ဆွဲခေါ်သွားခဲ့လေတော့သည်။
ချန်ဖန်းက ရုန်းကန်ငြင်းပယ်နေခဲ့သော်လည်း သူက သူမကို အတင်းအကျပ် ဆွဲခေါ်သွားခဲ့လေ၏။
လီရှန်းအနေဖြင့် သူမ၏ လက်ထဲမှ သော့ချိတ်ကို ကိုင်ဆောင်ထားကာ စိတ်ရှုပ်ထွေးနေခဲ့ရလေသည်။
ကျန်းဟုန်မေ့က ပြောလိုက်လေ၏။
“ဒါကို လက်ခံထားလိုက်တော့ ရှန်းရှန်း၊ မင်းရဲ့ အဘိုးက မင်းကို အရမ်း ချစ်မြတ်နိုးခဲ့တာပါ”
သူမကို မြင်တွေ့ရသည့် အချိန်တိုင်း ထိုအဘိုးအိုက သေဆုံးသွားခဲ့ရှာသော ကျန်းဟုန်ကျန့်ကို ပြန်တွေးတောမိတတ်သည်။
ထို့ကြောင့် သူ၏ စိတ်ထဲ၌ ခံနိုင်ရည်မရှိသောကြောင့်သာ အပြင်တွင် အေးစက်သော အသွင်အပြင်ကို ပြသနေခဲ့ခြင်း ဖြစ်လေ၏။
“ဒါပေမဲ့ တတိယအဒေါ်က..”
“သူမကတော့ ဦးနှောက် သိပ်ပြီးတော့ မကောင်းလို့ပါ သူမကိုမေ့ထားလိုက်”
ကျန်းဟုန်မေ့က လီရှန်း၏ ပခုံးကို ဖက်တွယ်လိုက်ရင်း ပြောလိုက်လေသည်။
“ပြီးတော့ ငါတို့က မင်းရဲ့ တတိယဦးလေးကို နစ်နာအောင် လုပ်ကြမယ်လို့ ထင်နေတာလား”
ကျန်းရှင်းမင်နှင့် ထိုက်တန်သော ဝေစုကို နောက်ပိုင်းတွင် မောင်နှမများက တိတ်တဆိတ်ပြန်ဖြည့်ဆည်းပေးကြလိမ့်မည်။
သို့သော် ဤအဆောက်အအုံဝင်းကိုတော့ လီရှန်းကို သေချာပေါက် ပေးအပ်ရလိမ့်မည်ပင်။
အကယ်၍ ကျမ်းရူတုန်သာ ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေဦးမည်ဆိုပါကလည်း ဤကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုလုပ်ပေလိမ့်မည်။
နောက်ဆုံးတွင် လီရှန်းက သော့ကို ပြန်မပေးအပ်ခဲ့ပေ။
သို့သော် စုဝေ့ချင်းက ကျန်းရှင်းမင်ထံသို့ တိတ်တဆိတ်တွေ့ဆုံခဲ့လေ၏။
သူတို့နှစ်ယောက်က မည်သည့်အကြောင်းအရာများကို ပြောဆိုခဲ့ကြသည်ကို သူမ မသိရှိရပေ။
သို့သော် သူတို့ ပေကျင်းမြို့သို့ ပြန်ထွက်ခွာတော့မည့်နေ့ရက်အထိ ချန်ဖန်းက တစ်ကြိမ်တစ်ခါမျှ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။
သူမအနေဖြင့် ယခုထိအချိန်အထိ ချန်ဖန်း၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေဆဲဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းမိလေ၏။
ရထားပေါ်သို့ ရောပ်ချိန်တွင် လီရှန်းက စုဝေ့ချင်းကိုကြည့်၍ ပြောလိုက်လေသည်။
“ တတိယအဒေါ်က ဒီတစ်ခေါက်တော့ တကယ်ပဲ စိတ်ဆင်းရဲသွားရပြီထင်တယ်”
စုဝေ့ချင်းကတော့ ချန်ဖန်းအပေါ် မည်သည့်ခံစားချက်မျိုးမျှမရှိပေ။
“စိတ်မပူပါနဲ့၊ တတိယဦးလေးက သူမကို ပြန်ပြီးတော့ ဖျောင်းဖျပေးလိမ့်မယ်၊ ပြီးတော့ တတိယအဒေါ်က အရမ်းပါးနပ်တဲ့လူ
ပဲလေ၊ သူမက လက်ရှိ အခြေအနေကို ခဏလောက် သေသေချာချာ မမြင်နိုင်သေးတာပဲ ရှိတာ၊
ကိုယ်တို့မှာလည်း သမီးတစ်ယောက်တည်းပဲရှိပြီး ပေကျင်းမြို့မှာလည်း အိမ်ရာပိုင်ဆိုင်မှုတွေ ဒီလောက်တောင် အများကြီး ရှိနေတာပဲလေ၊
တုန်ယွမ်က ဒီအဆောက်အအုံဝင်းလေးကို ကိုယ်တို့က အလေးအနက်ထားပြီး သိမ်းပိုက်ထားမှာ မဟုတ်ပါဘူး၊ အနှေးနဲ့အမြန်တော့ ဒီအိမ်ကို ဦးလေးတို့ဆီ ပြန်ပြီးတော့ ပေးရမှာပဲ”
စုဝေ့ချင်းက ပေါ့ပေါ့ပါးပါးပြောဆိုလိုက်လေတော့၏။
လီရှန်းက ဤကမ္ဘာလောက၌ ပြီးပြည့်စုံသော ဘဝဟူ၍ ရှိမနေနိုင်ကြောင်းကို ခံစားမိရပြီး သက်ပြင်းချလိုက်မိလေသည်။
ဇနီးမောင်နှံနှစ်ယောက်က ပေကျင်းမြို့သို့ ပြန်ရောက်ပြီးနောက်တွင် သူတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များဆီသို့ အလျင်အမြန်ပင် ပြန်ဝင်ခဲ့ကြလေသည်။
သူတို့အနေဖြင့် အလုပ်များလွန်းသော နေ့ရက်များကိုဖြတ်သန်းခဲ့ကြလေတော့၏။
*
အခန်း(390)
တစ်ဖက်တွင် ချန်ဖန်းက ကျန်းရှင်းမင်နှင့် အမှန်တကယ်ပင် စကားများနေခဲ့လေသည်။
သူမအနေဖြင့် ထိုအိမ်ကို အလွန်ပင် လိုချင်နေခဲ့သောကြောင့် စိတ်ထဲ၌ မကျေမနပ်ဖြစ်ပြီး နာကျင်ခံစားနေရသည်။
ကျန်းရှင်းမင်ကလည်း သူမ ယခင်က ချေးငှားထားခဲ့သော ငွေကြေးများကို ပြန်လည်တောင်းခံနိုင်သည့် အချိန်ကျမှသာ လီရှန်းနှင့် နေအိမ်ကိစ္စကို ဆွေးနွေးပေးမည်ဟု ပြတ်သားစွာ ပြောထားခဲ့လေ၏။
ကျန်းရှင်းမင်က ချန်ဖန်းကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးနေခြင်း မဟုတ်ပေ။
ချန်ဖန်းက စိတ်ပျော့တတ်သူ ဖြစ်လေသည်။ သူမက ယခင်က ထိုအကြွေးများကို ပြန်တောင်းခံရန်အတွက် ဒေါသတကြီးဖြင့် သွားခဲ့သေးသည်။
သို့သော် နောက်ဆုံးတွင် မိဘများ၏ ဖျောင်းဖျမှုကိုခံရပြီး စိတ်ပြေကာ ပြန်လာခဲ့တတ်သည်။
ထို့ကြောင့် သူက သူမ၏ စိတ်နှလုံးကို ပြတ်သားလာအောင် လုပ်နေခြင်းဖြစ်ပေ၏။
သူက သူမ၏ မိဘမိသားစုကို စွန့်ပစ်ခိုင်းနေခြင်း မဟုတ်သော်လည်း အရာအားလုံးတွင် အကန့်အသတ်တစ်ခု ရှိနေရမည် မဟုတ်ပါလား။
သူမအနေဖြင့် သူမ၏ မောင်နှမများနှင့် တူဖြစ်သူတို့၏ ကိစ္စရပ်များအားလုံးကို သူမ၏ ပခုံးထက်တွင် အမြဲတစေ တာဝန်ယူထမ်းပိုးထား၍ မရနိုင်ပေ။
သို့မဟုတ်ပါက တစ်နေ့သော အချိန်၌ ထိုဝန်ထုပ်ဝန်ပိုး၏ ဖိနှိပ်မှုကြောင့် သူမကိုယ်တိုင်ပင် ပျက်စီးသွားနိုင်သည်။
ကျန်းကျူးရိနှင့် ကျန်းကျူးပင်းတို့က ချန်ဖန်းတစ်ယောက် ပြဿနာရှာနေခဲ့ကြောင်းကို ကြားသိရသည့် အချိန်တွင် မည်သည့်စကားကိုမျှ ထုတ်ဖော်မပြောကြဘဲ ကျန်းရှင်းမင်ကိုသာ အပြစ်တင်ကြိမ်းမောင်းခဲ့ကြလေသည်။
မိသားစုထဲ၌ ပဋိပက္ခများ ရှိနေပါက ဖြေရှင်းလိုက်သင့်သည်။ ကိစ္စရပ်များကို ပိုမိုဆိုးဝါးအောင် လုပ်ပြီး ဇနီးမောင်နှံနှစ်ယောက်ကြားရှိ သံယောဇဉ်များကို ထိခိုက်ပျက်စီးအောင် မလုပ်သင့်ပေ။
ကျန်းရှင်းမင်လည်း တခြားရွေးချယ်စရာ မရှိတော့သောကြောင့် အိမ်သို့ ပြန်လာခဲ့ရပြီး အဖြစ်မှန်များကို ချန်ဖန်းကို သေသေချာချာ ဖျောင်းဖျနားချခဲ့ရသည်။
တဖြည်းဖြည်းနှင့် ချန်ဖန်းကလည်း ဒေါသများ ပြေလျော့လာခဲ့ရပြီး ကျန်းရှင်းမင်၏ ကူညီမှုဖြင့် သူမ၏ မိဘအိမ်ဘက်မှ အကြွေးများကို တစ်ဆင့်ချင်းစီ တောင်းခံလေတော့၏။
ထိုလုပ်ငန်းစဉ်က ချောမွေ့လွန်းခြင်းတော့မရှိပေ။
သို့သော် သူမက ယခင်ကကဲ့သို့ စိတ်ပျော့သွားခြင်းမျိုး မရှိတော့သကဲ့သို့ ပြင်းထန်လွန်းသော အပြုအမူမျိုးကိုလည်း မပြုလုပ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ချန်မိသားစုဝင်များကလည်း ယုတ်မာလွန်းသူများ မဟုတ်ကြဘဲ လူတိုင်းက ဆင်းရဲနွမ်းပါးမည်ကို ကြောက်ရွံ့နေကြခြင်းမျှသာ ဖြစ်လေ၏။
*
နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် ကလေးငယ်များကလည်း ကြီးပြင်းလာခဲ့ကြလေသည်။
ပိုင်မားခရိုင်သည်လည်း နင်ပြည်နယ်၏ အစွန်အဖျားဒေသတစ်ခုအဖြစ် နင်ပြည်နယ်၏ မြို့ပြသစ်တစ်ခုအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲတိုးတက်သွားခဲ့သည်။
အိမ်ဈေးနှုန်းများကလည်း အဆမတန် မြင့်မားတက်လာခဲ့လေသည်။
ချန်ဖန်းမှာတော့ တုန်ယွမ်ရှိ အဆောက်အအုံဝင်းအကြောင်းကို ထုတ်ဖော်ပြောဆိုမိတိုင်း စိတ်ထဲ၌ နာကျင်ကြေကွဲရလေသည်။
သူမအနေဖြင့် ထိုအချိန်ကသာ ပိုမို၍ ပြတ်သားခဲ့မည်ဆိုပါက ဤမျှ ကြီးမားလွန်းသော စည်းစိမ်များကို ဆုံးရှုံးရလိမ့်မည် မဟုတ်ဟု အမြဲတစေ တွေးတောမိနေခဲ့၏။
သို့သော် သူမက မိသားစုတစ်ခုလုံး၏ ကူညီမှုဖြင့် သူတို့မိသားစုခွဲအတွက် ရှုမိသားစု၏ အိမ်ရာဝင်းထဲရှိ အဆောက်အအုံဝင်းကို ရရှိခဲ့သည့်အပေါ်လည်း အလွန်ပင် ကျေးဇူးတင်မိနေခဲ့သည်။
ထိုနေရာက အကောင်းဆုံးသော တည်နေရာတွင် ရှိနေရုံသာမက ရှေးဟောင်းအဆောက်အအုံတစ်ခုအဖြစ်တည်ရှိနေခြင်းကြောင့် ရှုမိသားစု၏ အိမ်ရာဝင်းက သာမန်အိမ်များထက် အဆမတန် ဈေးနှုန်းကြီးမားလွန်းလေ၏။
သူမ၏ သားနှစ်ဦးလုံးက သူတို့၏ ချစ်သူမိန်းကလေးများကို ခေါ်ဆောင်ကာ လာရောက်လည်ပတ်ကြသည့် အချိန်မျိုးတွင် သူမက နောက်ပိုင်းတွင် ချွေးမလောင်း ဖြစ်လာကြမည့် ထိုမိန်းကလေးများ၏ မျက်နှာထက်မှ အံ့အားသင့်ရသော ခံစားချက်နှင့် ဝမ်းမြောက်နေမှုများကို ထင်ရှားစွာ မြင်တွေ့နိုင်ခဲ့လေ၏။
သူမ၏ကလေးများအတွက် မင်္ဂလာရက်ကို သတ်မှတ်ပြီးခါစ အချိန်မှာပင် တုန်ယွမ်ရှိ အဆောက်အအုံများကို ဖျက်သိမ်းတော့မည်ဟူသော သတင်းစကားက ရုတ်တရက် ပျံ့နှံ့လာခဲ့လေတော့သည်။
စုဝေ့ချင်းက နေရပ်သို့ ပြန်လာခဲ့ပြီး ထိုကိစ္စရပ်များကို စီမံခန့်ခွဲခဲ့လေ၏။
သူက လျော်ကြေးငွေအဖြစ် ငွေအကြွေ တစ်ပြားတစ်ချပ်မျှ တောင်းခံခြင်းမပြုခဲ့ဘဲ အစားထိုးပြန်လည်ချထားပေးမည့် အိမ်လေးလုံးကိုသာ တောင်းခံခဲ့လေသည်။
ဤအစားထိုးအိမ် လေးလုံးကို မိသားစုလေးစုအတွက် တစ်အိမ်စီ အသီးသီး ပေးအပ်လိုက်၏။
မိသားစုတစ်ခုစီက ထိုနေအိမ်များကို မည်သို့ ခွဲဝေကြမည်နည်းဟူသော ကိစ္စရပ်များကိုတော့ စုဝေ့ချင်းအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပေ။
ကျန်းဟုန်မေ့က ထိုသော့ကို လက်ခံရန်အတွက်ငြင်းပယ်နေခဲ့လေသည်။
သို့သော် စုဝေ့ချင်းက သူ၏ ကိစ္စရပ်များကိုခဏမျှသာ လာရောက်စီမံခြင်း ဖြစ်သောကြောင့် ပေကျင်းမြို့တော်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့လေပြီ။
ရလဒ်အနေဖြင့် ကျန်းဟုန်မေ့က ထိုသော့ကို မည်သူ့ထံသို့ ပြန်ပေးအပ်ရမည်ကိုပင် မသိတော့ပေ။
ထိုအချိန်မှသာ ချန်ဖန်းက သူမ၏ ခင်ပွန်းဖြစ်သူအပေါ် နားလည်မှု လွဲမှားခဲ့မိကြောင်းကို သေသေချာချာ သိရှိသွားခဲ့ရလေတော့၏။
တကယ်တမ်းတွင် လွန်ခဲ့သော နှစ်များစွာကတည်းက စုဝေ့ချင်းက မြို့ပြပြုပြင်ပြောင်းလဲမှုများနှင့် အဆောက်အအုံများကို ဖျက်သိမ်းပြီး နေရာပြန်ချပေးမည့် ကိစ္စရပ်များက ပေါ်ပေါက်လာလိမ့်မည်ကို ကြိုတင်မြင်တွေ့ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်ကတည်းက စုဝေ့ချင်းအနေဖြင့် ဤအဆောက်အအုံဝင်းကြီးကို ဖျက်သိမ်းပြီးသည့် အချိန်မျိုးတွင် အညီအမျှ ပြန်လည်ခွဲဝေပေးမည်ဟု ကတိကဝတ် ပြုထားခဲ့လေသည်။
နောက်ဆုံးတွင် နစ်နာဆုံးရှုံးမှုကို ခံရသူများက စုဝေ့ချင်းနှင့် သူ၏ဇနီးဖြစ်သူတို့သာ ဖြစ်ကြသည်။
တက္ကသိုလ်မှ ပထမဦးဆုံးအကြိမ် ဘွဲ့ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အစိုးရဌာနများနှင့် လုပ်ငန်းခွင်များဆီသို့ အငယ်တန်းအရာရှိများအဖြစ် သတ်မှတ်ခွဲဝေပေးခဲ့သည်။
ထို့နောက် (၁၉၉၀) ပြည့်လွန်နှစ်များနှင့် (၂၀၀၀) ပြည့်နှစ်များသို့ ရောက်ရှိလာသည့် အချိန်တွင်
တက္ကသိုလ်ကျောင်းသား အရေအတွက်က ပိုမိုတိုးပွားလာခဲ့လေသည်။
ထို့ကြောင့် အလုပ်အကိုင်ကို သတ်မှတ်ခွဲဝေပေးသော နည်းစနစ်က နောက်ဆုံးတွင် သမိုင်းဝင်အဖြစ်အပျက်တစ်ခုအဖြစ်သာ ကျန်ရစ်ကာ ကွယ်ပျောက်သွားခဲ့ရလေသည်။
တက္ကသိုလ်ကျောင်းသားများက သူတို့၏ အလုပ်အကိုင်များကို ကိုယ်တိုင် ရှာဖွေခဲ့ရတော့သည်။
ကျင်းဟွာတက္ကသိုလ်၏ စာပေနှင့် လူမှုရေးသိပ္ပံဌာနတွင် ဒုတိယဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော စုဝေ့ချင်းက ယခုအချိန်၌ ဘွဲ့ရကျောင်းသားများအတွက် အလုပ်အကိုင် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာပေးရန်အတွက်သာမက ကျောင်းသားသစ်များကို ကြိုဆိုမည့် အစီအစဉ်သစ်များကိုပါ စနစ်တကျ စီစဉ်ပေးရန်အတွက် အလုပ်ရှုပ်နေခဲ့လေသည်။
နေ့စဉ်နှင့်အမျှ ယခုကဲ့သို့သော အချိန်မျိုးတွင် အစည်းအဝေးခန်းမထဲရှိ ဆရာ၊ ဆရာမများက ဒုဌာနမှူး၏ ညည်းတွားသံကို ကြားရလေ့ရှိကြလေ၏။
“ငါကတော့ သက်ကြီးတက္ကသိုလ် ဘက်ကိုပဲ ပြောင်းရွှေ့ချင်တော့တယ်၊ဒီလိုဘဝမျိုးကို ဆက်ပြီးတော့ တောင်မခံနိုင်တော့ဘူး”
ဆရာ၊ ဆရာမများမှာလညား ဤကဲ့သို့သော ရှုပ်ထွေးလွန်းသည့် ကိစ္စများကြောင့် အတော်လေးစိတ်အနှောင့်အယှက် ဖြစ်နေကြရလေသည်။
ထိုအချိန်တွင် စုဝေ့ချင်းကပါ ဘုန်းကြီးတစ်ပါးကဲ့သို့ အဆက်မပြတ်ရေရွက်ကာ လာရောက်ညည်းညူနေခဲ့၏။
သူတို့၏ စိတ်ထဲ၌ ဒေါသထွက်မိကြသော်လည်း အပြင်သို့ ထုတ်ဖော် မပြောရဲကြပါချေ။
ထို့ကြောင့် ခဏမျှ နားသက်သာရာရစေရန် အကြောင်းအရာကို ပြောင်းလဲလိုက်ကြလေ၏။
“ဒုဌာနမှူးစု၊ ကျွန်တော့်အတန်းထဲက ကျောက်လင်းပြောတာတော့ ခင်ဗျားရဲ့ ‘ပျော်ရွှင်စရာ လမ်းကြားငယ်’ဆိုတဲ့ ဝတ္ထုက ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မယ်ဆိုတာ ဟုတ်လား၊
ပြီးတော့ ဒီတစ်ခေါက်မှာတော့ ချိုးဟုန်က အဓိကမင်းသမီးအဖြစ် ပါဝင်လိမ့်မယ်လို့လည်း ကြားမိတယ်”
စုဝေ့ချင်းတစ်ယောက် ခဏမျှ ဆွံ့အသွားရလေ၏။
သူက ထိုအမျိုးသားဆရာကို မည်သည့်ခံစားချက်မျိုးမျှမရှိသော မျက်နှာအမူအရာဖြင့် ကြည့်ရှုလိုက်ပြီးပြောလိုက်လေသည်။
“အိုး၊ ကျွန်တော်ကတော့ အဲဒါကို သတိမပြုမိဘူး၊ ဒါပေမဲ့ ချိုးဟုန်ကတော့ ‘ပျော်ရွှင်စရာလမ်းကြားငယ် ‘ရဲ့ ဇာတ်ကောင်နဲ့ သိပ်ပြီး သင့်တော်မယ်မထင်ဘူး”
ချိုးဟုန်ဟူသည်မှာ ယခု ခေတ်ကာလတွင် ရေပန်းအစားဆုံးသော မင်းသမီးတစ်ယောက် ဖြစ်လေသည်။
သူမ၏ ရုပ်ရည်က မိမိုက်ပြီးချောမောသည်။
သူမ ပေါ်ထွက်လာသည့် အချိန်တိုင်းတွင်လည်း ‘ငါကသာ အချောဆုံးပဲ’ဟူသော အရှိန်အဝါမျိုးကို အမြဲတစေထုတ်လွှတ်လေ့ရှိသည်။
တခြားတစ်ဖက်တွင် ‘ပျော်ရွှင်စရာ လမ်းကြားငယ်’ ဝတ္ထုထဲမှ အမျိုးသမီးဇာတ်ကောင် အားယင်းကတော့ အလွန်ပင် စိတ်သဘောထားနူးညံ့သူဖြစ်လေ၏။
မည်သူမဆို သူမကို အလွယ်တကူ လှည့်စားချုပ်ကိုင်နိုင်သည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်လေသည်။
ချိုးဟုန်က အားယင်းအဖြစ် သရုပ်ဆောင်မှာလား။
စုဝေ့ချင်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရလေ၏။
သူက သူ၏ စာမူစာအုပ်ကို လူမှား၍ ရောင်းချမိခဲ့လေပြီဟု စိတ်ထဲ၌ ခံစားမိလိုက်ရလေသည်။
ထို့အပြင် သူက ချိုးဟုန်ကို သဘောကျနှစ်သက်ခြင်း မရှိပေ။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းပြချက်မှာ…
“ဌာနမှူးစု၊ တစ်ယောက်ယောက်က ဌာနမှူးစုကို လာရှာနေပါတယ်”
တံခါးဝရှိ ဆရာတစ်ယောက်၏ အသံက ထွက်ပေါ်လာခဲ့လေ၏။
စုဝေ့ချင်းက သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ကျောင်းသားစာရင်းကို ပစ်ချလိုက်လေသည်။
ထို့နောက် ခေါင်းထက်တွင် မှောင်မည်းလွန်းသော အရိပ်အငွေ့များ လွှမ်းခြုံနေလျက် အစည်းအဝေးခန်းမထဲမှ ထွက်ခွာခဲ့လေ၏။
ထို့နောက် စင်္ကြံလမ်းတွင်ရှိနေသော လည်ပင်းစီးပဝါနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားလျက် စောင့်ဆိုင်းနေသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရလေ၏။
သူမက အမည်းရောင်ဂါဝန်ကို ဝတ်ဆင်ထားခဲ့ပြီး ပခုံးထက်တွင်လည်း အိတ်လေးတစ်အိတ်ကို လွယ်ပိုးထားခဲ့လေသည်။
သူမက အလွန်တည်ငြိမ်စွာ ပြုမူနေသော်လည်း စုဝေ့ချင်းကတော့ သူမက မသင်္ကာဖွယ်တစ်စုံတစ်ခုကို ပြုမူနေကြောင်းကို ခံစားသိရှိနိုင်လေ၏။
သူမ၏ ရုပ်ရည်ကို သေသေချာချာ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်..
စုဝေ့ချင်းတစ်ယောက် သူ၏ ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်လေ၏။
သူက မည်သည့်အမူအရာမှမရှိသော မျက်နှာဖြင့် ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ရင်း အစည်းအဝေးခန်းမထဲသို့ ပြန်ဝင်သွားတော့သည်။
“ဆရာစု”
ထိုအမျိုးသမီးက စုဝေ့ချင်းမှ သူမကို မြင်တွေ့လိုက်ရသည့် အချိန်တွင်ပင် ချက်ချင်း ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည့်အပေါ် အလွန် အံ့အားသင့်သွားရလေ၏။
သူမက အလျင်အမြန်ပင် စုဝေ့ချင်း၏အနောက်သို့ ပြေးလိုက်လာတော့သည်။
စုဝေ့ချင်း : “!”
သူက အနောက်မှ ထွက်ပေါ်လာသော ခြေသံများကြောင့် ပို၍ထိတ်လန့်သွားရလေသည်။
သူက လျှင်မြန်စွ် ပြေးလွှားလိုက်ကာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အစည်းအဝေးခန်းမထဲသို့ ဝုန်းခနဲ ပြန်ပြေးဝင်ခဲ့လေ၏။
“ဒုဌာနမှူးစု၊ မင်း ဘာဖြစ်လို့လဲ”
တံခါးဝရှိ ဆရာက စုဝေ့ချင်း လဲကျသွားမည်ကို စိုးရိမ်သောကြောင့် သူ၏လက်မောင်းကို အလျင်အမြန်ပင် ဖေးမကူညီပေးလိုက်လေ၏။
“မြန်မြန်.. သူမကို တားထားစမ်းပါ”
စုဝေ့ချင်းအနေဖြင့် အသက်ကို ပြင်းထန်စွာ ရှူရှိုက်လိုက်ရင်း သူ့ကို ဖေးမပေးထားသော ဆရာကို အလျင်အမြန်ပင် ညွှန်ကြားလိုက်လေသည်။
“ပိတ်! တံခါးကို အမြန်ဆုံး ပိတ်လိုက်!”