အခန်း (၃၉၃-၃၉၄) သိမ်း
Vol. 39 Ch. 393-394 (Final)
အခန်း
(393)
စုဝေ့ချင်းက စာပေလောကထဲတွင်သာမက ဖျော်ဖြေရေးလောကထဲ၌ပါ အလွန် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လေ၏။
သူက စာအုပ်အမြောက်အမြားကို ရေးသားခဲ့ဖူးပြီး ရုပ်ရှင်ဇာတ်ညွှန်း အမြောက်အမြားကိုလည်း ပြောင်းလဲဖန်တီးခဲ့ဖူးသည့်အပြင် သမိုင်းကြောင်းဆိုင်ရာ အသိပညာများကိုလည်း အလွန်နက်ရှိုင်းစွာ တတ်မြောက်ထားသူ ဖြစ်လေ၏။
အင်တာနက် ကွန်ရက်စာမျက်နှာများ ခေတ်စားလာခဲ့သည့် အချိန်တွင်တော့ သူက ဝေ့ပေါ်အကောင့်တစ်ခုကိုပင် ဖွင့်လှစ်ခဲ့သည်။
ထိုနေရာ၌ သူက ရှေးဟောင်းဂန္ထဝင်စာသားများကို ကိုးကားလျက် တင်ပေးတတ်ကာ တခြားသူများနှင့် အမြဲတစေ ငြင်းခုန်နေတတ်သည်။
သူ အငြင်းစားယူပြီးသည့် အချိန်တွင်တော့ သူက အင်တာနက်ပေါ်၌ တခြားလူများနှင့် အမြဲတစေ ငြင်းခုန်နေတတ်သော ထူးခြားသည့် အဘိုးအိုတစ်ဦး ဖြစ်လာခဲ့လေတော့သည်။
အင်တာနက် အသုံးပြုသူများအနေဖြင့် သူ့အကြောင်းကို ပိုမို၍ ရင်းနှီးကျွမ်းဝင်ကြသည့် အချက်မှာ သူက ဖျော်ဖြေရေးလောကထဲ၌ အလွန်အစွမ်းထက်လွန်းသော လျှပ်စီးမုန်တိုင်းတစ်ခုကဲ့သို့ ဩဇာကြီးမားလွန်းခြင်းကြောင့် ဖြစ်၏။
သူ၏ စာအုပ်များမှတစ်ဆင့် ပြောင်းလဲရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ညွှန်းများက ဖျော်ဖြေရေးလောကထဲ၌ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရရှိသူ ခုနစ်ဦးနှင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရရှိသူ လေးဦးတို့ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သည်။
သူတို့ထဲမှ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ကြသော ခုနစ်ဦးတွင် နှစ်ဦးက နိုင်ငံတကာအဆင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများကိုပါ ဆွတ်ခူးရရှိခဲ့ကြလေသည်။
ဤသည်က အလွန် ကြီးမားလွန်းသော အောင်မြင်မှုကြီးဖြစ်လေ၏။
အင်တာနက် အသုံးပြုသူများ
ကို အံ့အားသင့်စေခဲ့သည့် အဓိက အချက်မှာ ထိုအကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ကြသော မင်းသမီး ခုနစ်ဦးလုံးမှာ စုဝေ့ချင်းအပေါ် သူမတို့၏ ချစ်မြတ်နိုးမှုများကို လူအများအရှေ့၌ပင် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခဲ့ဖူးကြခြင်းကြောင့် ဖြစ်လေ၏။
သေချာပေ၏။
အင်တာနက် အသုံးပြုသူများက ထိုမင်းသမီးများအနေဖြင့် စုဝေ့ချင်း၏ ကျော်ကြားလွန်းသော စာရေးဆရာဟူသည့် အဆင့်အတန်းကြောင့်သာ သူ့ထံသို့ လာရောက်ပတ်သက်လိုကြခြင်း ဖြစ်ကြောင်းကို သိရှိကြလေသည်။
သို့သော် ထိုအကြောင်းအရာများက အင်တာနက်ပေါ်၌ စနောက်စရာ ကုန်ကြမ်းများဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ မင်းသမီးတစ်ဦးတစ်ယောက်က သူမ၏ ခံစားချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည့် အချိန်တိုင်းတွင် စုဝေ့ချင်းက အင်တာဗျူး အစီအစဉ်များ၌ ပါဝင်လေ့ရှိသည်။
အပြင်ပန်းတွင် သူ၏ စာရေးဆရာ ဘဝအကြောင်းကို ဆွေးနွေးနေခြင်း ဟု ပြောဆိုခဲ့သော်လည်း တကယ်တမ်းတွင် သူ၏ ဇနီးအပေါ်ထားရှိသော အချစ်များကို လူအများအရှေ့၌ ထုတ်ကြွားနေခြင်းမျှသာ ဖြစ်လေ၏။
ယခုကဲ့သို့သော ခေတ်ကာလတွင် စုဝေ့ချင်း၏အကြောင်းကို သိရှိကြသည့် မည်သူမဆို သူ၏ ရိုမန့်တစ်ဆန်လွန်းသော အချစ်ဇာတ်လမ်းကိုလည်း သေချာပေါက် သိရှိကြသည်။
သူက သူ၏ ဇနီးဖြစ်သူကို ပထမဦးဆုံး မြင်တွေ့လိုက်ရသည့် အချိန်တွင်ပင် အချစ်ဦးအဖြစ် စွဲလမ်းသွားခဲ့ခြင်းဖြစ်သည်ဟု ပြောလေ့ရှိသည်။
ထိုအချိန်က အအေးဓာတ်ပြင်းထန်လွန်းသော ဆောင်းရာသီ၏ ညနေပိုင်းအချိန်တစ်ခု ဖြစ်လေသည်။
သူက ဘတ်စ်ကားပလက်ဖောင်းထက်တွင် အလွန် ချောမောလှပသော မိန်းမပျိုလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
သူက သူမ၏အနောက်သို့ လိုက်ခဲ့ပြီး ဘတ်စ်ကားပေါ်သို့ အတူ တက်ကာ သူမကို စကားပြောဆိုခဲ့သည်။
ထို့အပြင် ထိုနေ့ရက်က သူ၏ အကြီးဆုံးအစ်ကိုနှင့် မရီးဖြစ်သူတို့၏ မင်္ဂလာပွဲကျင်းပခဲ့သော နေ့ရက်လည်း ဖြစ်လေ၏။
သူက သူ့ကိုယ်သူ အစောပိုင်းတွင် မိဘများ၏ လုပ်စာကိုသာ ထိုင်စားနေခဲ့သော ပျင်းရိလွန်းသည့် ငတုံးတစ်ဦးဖြစ်ခဲ့ဖူးသည်ဟု ပြောလေ့ရှိလေ၏။
သို့သော် သူ၏ ချစ်သူနှင့် လက်ထပ်နိုင်ရန်အတွက် စာပေများကို အလွန်ပင် ကြိုးစားအားထုတ်ကာ လေ့လာခဲ့လေသည်။
နောက်ဆုံးတွင် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး အလုပ်အကိုင်တစ်ခုကို ရရှိခဲ့လေ၏။
သူက ထိုနှစ်တွင် ပေါ်ပေါက်ခဲ့သော ပညာတတ်လူငယ်များ ကျေးလက်ဒေသသို့ အပို့ခံရမည့် လှိုင်းလုံးကြီးထဲမှလည်း မမျှော်လင့်ဘဲ အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့လေသည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။
‘ကြိုးစားအားထုတ်တတ်သော လူများက အမြဲ ကံကောင်းတတ်ကြသည်’ဟူ၏။
ထို့ကြောင့် စုဝေ့ချင်းက သူ့ကိုယ်သူ ပျင်းရိလွန်းသော ငတုံးတစ်ဦးဖြစ်ခဲ့ဖူးသည်ဟူသောအချက်ကို လုံးဝ ငြင်းဆန်လေ့မရှိပေ။
ထိုအချိန်တွင် သူ၏ ဇနီးဖြစ်သူမှာ ဆေးဝါးစက်ရုံထဲ၌ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်နေခဲ့လေ၏။ သို့သော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ပြန်လည်ကျင်းပမည့်သတင်း ထွက်ပေါ်လာသည့်အချိန်တွင်တော့ သူမ လုပ်ကိုင်နေရသောအလုပ်ကိုစွန့်လွှတ်ခဲ့သည်။
သူမက သူမ၏ အိပ်မက်အတွက် အလုပ်အကိုင်ရာထူးကိုစွန့်လွှတ်ကာ တက္ကသိုလ်တက်ရန်အတွက် ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။
ထို့အတွက်ကြောင့် သူသည်လည်း သူ၏ ဇနီးဖြစ်သူနှင့်အတူ လိုက်သွားနိုင်ရန်အတွက် စာပေများကိုသာ အပြင်းအထန် ကြိုးစားအားထုတ်၍ လေ့လာခဲ့ရလေသည်။
နောက်ဆုံးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။
သူက ထိုကဲ့သို့ ဇာတ်လမ်းမျိုးကိုပြောဆိုခဲ့သည်။
သူက စကားများစွာကို ထုတ်ဖော်ပြောဆိုခဲ့ကာ သူ၏ ဇနီးသည်အကြောင်းကို ပြောဆိုလိုက်သည့် အချိန်တိုင်းတွင် သူ၏ မျက်နှာထက်၌ အပြုံးရိပ်များ ပေါ်ထွက်လာလေ့ရှိသည်။
သူ၏ မျက်ဝန်းအစုံကလည်း နွေးထွေးလွန်းပြီး အချစ်စိတ်များက ပြည့်လျှံနေခဲ့လေ၏။
အင်တာနက်အသုံးပြုသူများမှာတော့ အားကျမနာလိုဖြစ်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့အပြင် သူက သူ၏ အချစ်ရဆုံး သမီးငယ်လေးအကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့၏။
အင်တာနက် အစီအစဉ်တင်ဆက်သူက သူ့ကို မေးမြန်းလိုက်လေသည်။
“ဆရာ့ရဲ့ သမီးလေးကို မွေးဖွားခဲ့တဲ့ အချိန်တုန်းက နိုင်ငံတော်က သားသမီးတစ်ယောက်တည်းကိုပဲ ယူရမယ်ဆိုတဲ့ မူဝါဒကို အကောင်အထည်မဖော်ရသေးဘူးလေ၊ နောက်ပြီး ဆရာနဲ့ ဆရာ့ဇနီးတို့မှာ နောက်ထပ်ကလေးတွေ အများကြီးယူဖို့အတွက် အချိန်တွေ အလုံအလောက် ရှိခဲ့တာပဲမလား
ဘာဖြစ်လို့ သမီးမိန်းကလေး တစ်ယောက်တည်းနဲ့ပဲ တင်းတိမ်ခဲ့ကြရတာလဲ”
ပြောရလျှင် ဤမေးခွန်းမျိုးက အနည်းငယ်လောက် အပြစ်တင်ဝေဖန်ခံရနိုင်သည်။
စုဝေ့ချင်းလည်း ဒေါသအနည်းငယ် ထွက်သွားခဲ့ရသော်လည်း လက်ရှိအချိန်က တရားဝင် အင်တာဗျူး အစီအစဉ်တစ်ခု ဖြစ်နေခဲ့လေသည်။
ထို့ကြောင့် အပြစ်တင်ကြိမ်းမောင်းခြင်းမျိုး မပြုလုပ်နိုင်ခဲ့ပေ။
သူ တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ကျွန်တော်က ကျွန်တော့်ရဲ့ ဇနီးကို ချစ်မြတ်နိုးတာကိုး၊ ကလေးမွေးဖွားရတဲ့ ဒုက္ခက သူမအတွက် အရမ်း နာကျင်ရတယ်၊
ကျွန်တော့်အနေနဲ့ သူမကို ဒီလို နာကျင်မှုမျိုးကို နောက်တစ်ကြိမ် ထပ်ပြီးတော့ မခံစားစေချင်တော့ဘူး၊ ပြီးတော့ သားယောက်ျားလေးဖြစ်ဖြစ်၊ သမီးမိန်းကလေးဖြစ်ဖြစ် အတူတူပါပဲ၊
ကျွန်တော့်မှာ အဖိုးတန်လွန်းတဲ့ သမီးလေးတစ်ယောက်ရှိနေပြီး သူမကိုလည်း အရမ်းချစ်မြတ်နိုးတယ်၊
သူမက ထူးချွန်ထက်မြက်တာပဲဖြစ်ဖြစ်၊ သာမန်လူတစ်ယောက်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူမအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါပဲ”
သူ့အနေဖြင့် ဤကဲ့သို့သော စကားမျိုးကို အင်တာဗျူးအစီအစဉ်များတွင် မကြာခဏပြောဖူးသည်။
အင်တာနက် အသုံးပြုသူများက စုဝေ့ချင်းကို စနောက်ကြကာ သူ့ကို နိုင်ငံတော်အဆင့် ဖခင်ကြီးဟူသော ဘွဲ့ထူးကိုပင် ပေးအပ်ခဲ့ကြ၏။
စုဝေ့ချင်းကလည်း ထိုဘွဲ့ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပင် လက်ခံခဲ့လေသည်။
သူကတော့ ထိုဘွဲ့ကို အလွန်ပ ကောင်းမွန်လွန်းသော ဘွဲ့တစ်ခုဟု ထင်မြင်မိခဲ့၏။
သူက ရုပ်မြင်သံကြားဌာနကို နောက်ပိုင်းတွင် သူ၏ နာမည်၏အရှေ့၌ “
စာရေးဆရာ စုဝေ့ချင်း”ဟူ၍ ထည့်သွင်းမည့်အစား “နိုင်ငံတော်အဆင့် ဖခင်ကြီး”ဟူ၍ ပြောင်းလဲတပ်ဆင်ပေးရန်အတွက်ပင် တောင်းဆိုခဲ့သေး၏။
သေချာပေ၏။ ရုပ်မြင်သံကြားဌာနအနေဖြင့် ထိုတောင်းဆိုချက်ကို သဘောတူညီလိမ့်မည် မဟုတ်ပေ။
သို့သော် ထိုဖြစ်ရပ်ကြောင့် စုဝေ့ချင်းကိုတော့ စနောက်ခဲ့ကြလေ၏။
စုဝေ့ချင်းက အလွန်ပင်တက်ကြွသော စာရေးဆရာတစ်ဦး ဖြစ်လေ၏။
သူအနေဖြင့် တက်ကြွမှုမရှိဘဲလည်း နေ၍မရနိုင်ပေ။
သူသာ ငြိမ်သက်နေပါက ထိုအတင်းအဖျင်း ကောလာဟလ သတင်းစကားများက သူ့ကို နစ်မြုပ်သွားစေပေလိမ့်မည်။
တရုတ်နိုင်ငံထဲရှိ စာရေးဆရာများနှင့် ဇာတ်ညွှန်းရေးဆရာ အမြောက်အမြားထဲတွင် မင်းသမီးများက အဘယ်ကြောင့် သူ့ထံသို့သာ အမြဲတစေ လာရောက်ပတ်သက်ရန် ကြိုးစားနေကြသည်ကို သူကိုယ်တိုင်လည်း လုံးဝ နားမလည်နိုင်ပေ။
စနစ်မှာတော့ သူ၏ အနည်းငယ် တုန်ရင်သွားမိလေသည်။
ထိုအကြောင်းကို မည်သို့ ပြောဆိုရပါမည်နည်း။
စုဝေ့ချင်းက ငယ်ငယ်ရွယ်ရွယ်ဖြင့်သေဆုံးရမည့် ကံကြမ္မာဆိုးကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။
စုမိသားစု၏ နောက်ပိုင်းမျိုးဆက် သုံးပုဒ်တွဲဇာတ်လမ်းကိုလည်း ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ဇာတ်လိုက်တစ်ဦး၏ အခွင့်အရေးများနှင့် ခံစားခွင့်များကို ရရှိခံစားနေရခြင်း ဖြစ်သည်ဟူ၍ ထုတ်ဖော်ပြောပြရပါမည်လား။
အကယ်၍ စုဝေ့ချင်းသာ သူ့ အစ်ကို နှစ်ဦး၏ ကိုယ်ရေးကိုယ်တာဘဝများနှင့် ပတ်သက်၍ ပိုမို၍ စုံစမ်းကြည့်မည်ဆိုပါက ထိုအစ်ကိုနှစ်ဦး၏ ဘဝများကလည်း အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းကြောင်းကို ရှာဖွေတွေ့ရှိပေလိမ့်မည်။
ထိုမျှတင်မကသေးဘဲ သူ၏ ယောက်ဖဖြစ်သူ ကျန်းကျိ၏ ဘဝက ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျန်းကျိနှင့် စုဝေ့ဖင်းတို့၏ အချစ်ရဆုံး သမီးငယ်လေး ကျန်းရွှယ်က ယခုအချိန်၌ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လှုပ်ရှားနေခဲ့သည်။ မှန်ပေ၏။ သူတို့တွင် နောက်ထပ်သမီးတစ်ယောက်ကို အခက်အခဲများစွာထဲမှ ရှုပ်ထွေးစွာမွေးဖွားခဲ့သည်။
သူမ၏နောက်ခံကလည်း ရုပ်ရှင်ဒါရိုက်တာများကြား၌ လျှို့ဝှက်ချက်မဟုတ်သောကြောင့် သူမ၏ လမ်းခရီးက ချောမွေ့နေခဲ့ပြီး မည်သူကမှ သူမကို လာရောက်နှောင့်ယှက်ရဲခြင်း မပြုရဲကြပေ။
သူမက ဖျော်ဖြေရေးလောကထဲ၌ ချမ်းသာကြွယ်ဝသော သခင်မလေးတစ်ဦး၏ ပုံရိပ်ကို အောင်မြင်စွာ တည်ဆောက်ထားနိုင်ခဲ့၏။
စုဝေ့ချင်း၏ အင်တာနက်စာမျက်နှာထက်ရှိ အင်တာနက်အသုံးပြုသူများကြား၌ ဆန့်ကျင်ဘက် အမြင်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့၏။
တချို့သော လူများက သူ့ကို အလွယ်တကူ ချဉ်းကပ်နိုင်ပြီး ချောမောခန့်ညားလွန်းသော အဘိုးအိုတစ်ဦးဟူ၍ ထင်မြင်ကြလေသည်။
သို့သော် တချို့သော လူများက သူ့ကို အာရုံစိုက်ခံရရန်အတွက်သာ ဟန်ဆောင်ပြသတတ်သော လူစားမျိုးဟူ၍ ထင်မြင်ကြလေ၏။
မည်သို့ပင်ဖြစ်စေ၊ အချိန်ကာလများက တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်နှင့်အမျှ နေ့ရက်များကလည်း ကုန်ဆုံးသွားခဲ့ကြလေသည်။
လူသားများကလည်း တဖြည်းဖြည်းချင်း အိုမင်းရင့်ရော်လာခဲ့ကြလေ၏။
သူက အိုမင်းရင့်ရော်လာခဲ့ပြီဖြစ်သော်လည်း လီရှန်းအပေါ်ထားရှိသော သူ၏ ချစ်ခြင်းမေတ္တာများက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။
အထူးသဖြင့် လီရှန်းက ဆေးရုံမှ ပင်စင်ယူပြီးနောက်တွင် ထိုအဘိုးအိုနှင့် အဘွားအို ဇနီးမောင်နှံနှစ်ဦး၏ ဘဝက လုံးဝ လွတ်လပ်ပေါ့ပါးသွားခဲ့ရလေတော့သည်။
လီရှန်း အငြမ်းစားယူခဲ့သော နေ့၏ နောက်တစ်နေ့မှာပင် စုဝေ့ချင်းကလည်း စာရေးခြင်းအလုပ်ကို ရပ်ဆိုင်းလိုက်လေတော့၏။
ထိုဇနီးမောင်နှံနှစ်ဦးက ညတွင်းချင်းပင် စုရှောင်လော်၏ အရာရှိကြီးများအတွက် အဆောက်အအုံဝင်းဆီသို့ ပြောင်းရွှေ့ခဲ့ကြလေသည်။
ထိုသို့ဖြင့် သူတို့၏ အငြမ်းစား ဘဝကို ကုန်လွန်စေခဲ့ကြလေတော့၏။
*
အခန်း(394) Final
စုရှောင်လော်က ယခုထက်ထိ အိမ်ထောင်မပြုဘဲနေခဲ့လေသည်။ ဤကိစ္စက သုတေသနအဖွဲ့အစည်းရှိ အကြီးအကဲများကို အလွန်စိုးရိမ်ပူပန်စေခဲ့သည်။
ထိုအဘိုးအိုနှင့် အဘွားအို ဇနီးမောင်နှံနှစ်ဦးရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အာဏာပိုင်များက သူတို့ကို ဖျောင်းဖျနားချရန်အတွက် ရောက်လာခဲ့ကြလေ၏။
သို့သော် ထိုအဘိုးအိုနှင့် အဘွားအိုတို့ကလည်း ပြတ်သားသော စိတ်ဆန္ဒရှိကြသူများဖြစ်ကြသည်။
ထို့ကြောင့် အဖွဲ့အစည်းအကြီးအကဲများ၏ စူးစမ်းမေးမြန်းမှုများကို တိုက်ရိုက်ပင် ပြန်ပြောလိုက်လေ၏။
“တကယ်လို့ သူမက အိမ်ထောင်မပြုချင်ဘူးဆိုရင်လည်း အိမ်ထောင်ပြုစရာ မလိုပါဘူး၊
သူမအနေနဲ့ အိမ်ထောင်ပြုကိုပြုရမယ်လို့ စည်းကမ်းမရှိဘူးလေ၊ကျွန်တော်တို့အနေနဲ့ သမီးရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေဖို့ မလိုအပ်ပါဘူး၊
ကျွန်တော်တို့ သေဆုံးသွားခဲ့ရင်တောင် နိုင်ငံတော်က သူမကို ပစ်ပယ်ထားလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေလို့လား”
“ဒါတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး”
ရဲဘော်စုဝမ်ယန်၏ နိုင်ငံတော်အပေါ် ပေးဆပ်ခဲ့သော အကျိုးပြုမှုများက အတိုင်းထက်အလွန် ကြီးမားကျယ်ဝန်းလွန်းလေသည်။
သူမက သူမ၏ ဘဝတစ်ခုလုံးကို ဒုံးကျည်သုတေသန လုပ်ငန်းများပေါ်၌သာ ပေးဆပ်ခဲ့ခြင်းဖြစ်လေသည်။
နောက်ပိုင်းတွင် အနောက်မြောက်ဒေသ၌ နှစ်ပေါင်းများစွာ အချိန်များကို ကုန်လွန်စေခဲ့သည်။
ထိုနေရာ၌ သူမက အမေရိကန်ပြည်ထောင်စုထက်ပင် ပိုမိုအဆင့်မြင့်သော ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့သည်။
ထိုဒုံးကျည်ကို တီထွင်ပြီးနောက်တွင်လည်း သူမက ဒုံးကျည်ကာကွယ်ရေး နည်းစနစ်များကို ဆက်လက်၍ လေ့လာခဲ့ပြန်၏။
နောက်ပိုင်းတွင် ဂြိုဟ်တုပညာရပ်များကိုပါ လေ့လာခဲ့သေးသည်။
ဤပညာရပ်များမှာ နည်းစနစ်တစ်ခုတည်းမှ မဟုတ်ကြသော်လည်း စုဝမ်ယန်ကတော့ အရာအားလုံးကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လေ၏။
သူမအနေဖြင့် အစပိုင်းတွင် ထိုနည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့လျှင်ပင် ရက်အနည်းငယ်လောက် သေသေချာချာ လေ့လာရုံမျှဖြင့် ထိုအသိပညာများကို လျင်မြန်စွာ တတ်မြောက်နိုင်ခဲ့သည်။
ဤကဲ့သို့သော အရည်အချင်း၊ ဤကဲ့သို့သော ပါရမီရှင်မျိုးဟူသည်က နိုင်ငံတော်အနေဖြင့် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရမည့် ရတနာတစ်ပါးသာဖြစ်လေသည်။
ထို့ကြောင့် ထိုအကြီးအကဲများ လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်က စုဝမ်ယန်၏ အိမ်ထောင်ရေး ကိစ္စထက်၊ စုဝေ့ချင်းနှင့် သူ၏ဇနီးဖြစ်သူတို့၏ သဘောထား အခြေအနေများကို စုံစမ်းရန်အတွက်သာ ဖြစ်လေ၏။
သူတို့အနေဖြင့် စုဝမ်ယန်၏ ဘဝထဲသို့ ဝင်ရောက်စွက်ဖက်ခြင်း ပြုမပြုဟူသည်ကို သိရှိချင်ကြသည်။
သို့သော် သူတို့ထံမှရရှိသော တုံ့ပြန်မှုများက အလွန်ပင် ကောင်းမွန်လွန်းလေ၏။
ဤမိဘများက အလွန်ပင် အမြင်ကျယ်ပြီး ခေတ်မီလွန်းသော ဇနီးမောင်နှံနှစ်ဦး ဖြစ်ကြသည်။
သူတို့ကလည်း ရဲဘော်စုဝမ်ယန်အနေဖြင့် ပျော်ရွှင်စရာကောင်းသော မိသားစုတစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် မျှော်လင့်ကြသော်လည်း ကံဆိုးစွာဖြင့် ရဲဘော်စုဝမ်ယန်ကိုယ်တိုင်က လုံးဝ အလိုမရှိခဲ့ပေ။
သူမက မိသားစုတစ်ခုကို တည်ဆောက်ရန် အလိုမရှိရုံသာမက အလုပ်ကိုလည်း အလွန်ကြိုးစားအားထုတ်လွန်းသည်။
သူမက နေ့စဉ်နှင့်အမျှ နေ့ရောညပါ စာပေများကို လေ့လာနေခဲ့လေ၏။
အဆင့်မြင့်အရာရှိကြီးများပင် သူမက မည်သည့်အကြောင်းကြောင့် ဤမျှအထိ အလုပ်ကို ရူးသွပ်စွာ လုပ်ဆောင်နေရသည်ကို မသိရှိနိုင်တော့ပေ။
စုဝမ်ယန် : “...”
သေချာတာပေါ့။ ဒါတွေအားလုံးက နောက်ပိုင်းမှာ ဖြစ်ပေါ်ပေါက်လာမဲ့ စနစ်နဲ့အတူ ကမ္ဘာကူးပြောင်းတဲ့ လုပ်ငန်းစဉ်တွေအတွက် ကြိုတင်ပြင်ဆင်နေတာပဲလေ။
သူမက သူမ၏ မိခင်ဖြစ်သူ၏ ယခင်က ကမ္ဘာကူးပြောင်းခြင်း ဇာတ်လမ်းများစွာကို စနစ်ဦးလေးထံမှတစ်ဆင့် ကြားထားခဲ့သည်။
မိသားစုတစ်ခုလုံးထဲတွင် သူမ၏ ဖခင်ဖြစ်သူတစ်ဦးတည်းသာ မည်သည့်အရာကိုမှ မသိရှိဘဲရှိနေရှာသည်။
သို့သော် ဖခင်ဖြစ်သူ စုဝေ့ချင်းမှာလညား လွန်ခဲ့သော ဆယ်စုနှစ်ကျော်က စနစ်၏ အသိပေးမှုကို ခံခဲ့ရဖူး၏။
သူ သေဆုံးသွားသည့် အချိန်မျိုးတွင် စနစ်က သူနှင့်အတူ အပြီးတိုင် ချိတ်ဆက်ပေလိမ့်မည်။
ထိုအချိန်က စုဝေ့ချင်းက စနစ်ကို တောင်းဆိုခဲ့ဖူး၏။
“ငါ ငါ့ရဲ့ ဇနီးနဲ့ သမီးကိုပါ တစ်ပါတည်း ခေါ်သွားချင်တယ်”
ကံဆိုးလွန်းစွာဖြင့် ထိုစနစ်က ဤမျှအင်အားမကြီးခဲ့ပေ။
သူက Host တစ်ဦးတည်းနှင့်သာ သီးသန့်ချိတ်ဆက်နိုင်လေ၏။
လီရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရင်းငြင်းပယ်လိုက်လေသည်။
“ကျွန်မကတော့ တာဝန်တွေထပ်ပြီး မထမ်းဆောင်ချင်တော့ဘူး၊
ကျွန်မရဲ့ ဘဝတစ်ခုလုံးက အမြဲတမ်း အလုပ်ရှုပ်ခဲ့ရတာ၊
ကျွန်မ သေဆုံးသွားပြီးတဲ့ အချိန်ကျမှပဲ အနားယူနိုင်မှာလေ၊ နောက်ထပ် အလုပ်တွေကို ဆက်ပြီး မလုပ်နိုင်တော့ပါဘူး၊
ပြီးတော့ ဝေ့ချင်းနဲ့ ရှောင်လော်တို့ကလည်း အတူသွားနိုင်ကြမှာ မဟုတ်ဘူးလေ၊
ကျွန်မတစ်ယောက်တည်းသာ တာဝန်တွေ သွားပြီး ထမ်းဆောင်နေရရင် အရမ်းအထီးကျန်နေရလိမ့်မယ်”
စုဝေ့ချင်းလည်း ထိုစကားကို နားထောင်လေလေ၊ အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေလေ ဖြစ်ခဲ့၏။
အထူးသဖြင့် ‘ဘယ်လောက်တောင် အထီးကျန်နေရမလဲ’ဟူသော စကားလုံးက စုဝေ့ချင်း၏ စိတ်ထဲ၌ နာကျင်ကြေကွဲရသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
သူက လီရှန်းကို တင်းကျပ်စွာ ပွေ့ဖက်၍ ပြောလိုက်လေ၏။
“ဒါဆိုရင် ကိုယ်တို့နှစ်ယောက်လုံး မသွားတော့ဘူး၊ ကိုယ်တို့အစား ရှောင်လော်ကိုပဲ သွားခိုင်းလိုက်ကြတာပေါ့”
စုရှောင်လော် : “...”
ဒီတော့ သူမရဲ့သဘောဆန္ဒက ထည့်တွက်စဥ်းစားခံရမဲ့အခြေအနေတောင်မရှိဘူးလား။
သို့သော် ထိုအခြေအနေက သူမလိုချင်သောအရာသာဖြစ်ပေ၏။
ထို့ကြောင့် သူမက တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်လိုက်၍သဘောတူလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုလည်း သမီးပဲ သွားပါ့မယ်”
ထို့ကြောင့် စနစ်က ပျော်ရွီင်ကျေနပ်စွာဖြင့် စုရှောင်လော်နှင့် ကြိုတင် ချိတ်ဆက်မှု ပြုလုပ်ခဲ့သည်။
ဤကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလွန်းပြီး အရည်အချင်းရှိသော Hostလေးကို သူမ ငယ်စဉ်ကတည်းက သူ၏ လက်ထဲသို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လေ၏။
ယခုအချိန်တွင် သူက ယခင်က Host နှစ်ဦးလုံး သေဆုံးသွားမည့် အချိန်ကိုသာ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့တော့သည်။
သို့မှသာ သူက hostကို ပြောင်းလဲလိုက်နိုင်မည်ဖြစ်ကာ လော်မိသားစု၏ အကြီးအကဲတစ်ဦးအဖြစ်သို့ တရားဝင် တက်လှမ်းနိုင်ပေလိမ့်မည်။
စုဝေ့ချင်းနှင့် လီရှန်းတို့က စုရှောင်လော်နှင့်အတူ လဝက်ခန့်သာ နေထိုင်ခဲ့ကြသည်။
ထိုအချိန်တွင် စုရှောင်လော်သည်လည်း ဒုံးပျံသုတေသနလုပ်ငန်းများအတွက် ကျိုးချွမ်ဒေသဆီသို့ သွားရန် စီစဉ်နေခဲ့လေသည်။
ထို့ကြောင့်ဇနီးမောင်နှံနှစ်ဦးက ပိုင်မားခရိုင်ဆီသို့ ပြန်ကာ အချိန်အနည်းငယ်ကြာအောင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြလေတော့၏။
လွန်ခဲ့သောနှစ်များစွာအတွင်း သူတို့က ပေကျင်းမြို့၌သာ အချိန်အများစုကို ကုန်ဆုံးခဲ့ကြသည်။
နင်ပြည်နယ်သို့ သိပ်မပြန်ဖြစ်ခဲ့ကြပေ။
စုဝေ့မင်နှင့် သူ၏ဇနီးဖြစ်သူတို့ မကွယ်လွန်မီအချိန်ကဆိုလျှင်တော့ သူတို့က အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် သူတို့၏ ဇာတိသို့ လည်ပတ်ခဲ့ကြသည်။
သူတို့နှစ်ဦးလုံး ကွယ်လွန်သွားခဲ့ကြပြီးနောက်တွင်တော့ သိပ်ပြီးမသွားနိုင်တော့ပေ။
သူတို့၏ ထူးခြားသော အဆင့်အတန်းကြောင့် စုဝမ်ယန်အနေဖြင့် စစ်တပ်မှ အငြိမ်းစားယူထားကြသောစစ်မှုထမ်းဟောင်း တချို့ကို ရှာဖွေပေးရန်အတွက် လူတစ်ဦးကို အကူအညီတောင်းခံခဲ့လေ၏။
သို့မှသာ သူတို့က သူတို့၏ မိဘနှစ်ပါးအတွက် ကိုယ်ရံတော်များအဖြစ် တာဝန်ယူနိုင်ကြလိမ့်မည်။
နင်ပြည်နယ်၌ စုဝေ့ဟိုင်ကလည်း ပင်စင်ယူထားခဲ့လေပြီ။
ယခုအချိန်တွင်တော့ သူက ဘွဲ့လွန်ကျောင်းသားများကို ကြီးကြပ်ကွပ်ကဲရန်အတွက် သုတေသနအဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေခဲ့သေး၏။
သူက နင်ပြည်နယ် ဆေးတက္ကသိုလ်၏ တရားဝင်မဟုတ်သော ဝန်ထမ်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရလေသည်။
ပင်စင်လစာငွေအပြင် အလုပ်အတွက် လစာငွေကိုပါရသောကြောင့် လစာ နှစ်ဆရရှိနေခဲ့လေ၏။
ဝူလီကတော့ နေ့ဘက်အချိန်တွင် ဆိုင်ခန်းငယ်လေးတစ်ခုကို ဦးစီးဖွင့်လှစ်ထားလေ့ရှိသည်။
ညဘက်အချိန်တွင်တော့ လူထုကွင်းပြင်ထဲ၌ အဖွဲ့နှင့်အတူ အနုပညာအကများကို ကခုန်လေ့ရှိလေ၏။
သူမက ဘဝတစ်လျှောက်လုံးတွင် သားသမီး မမွေးဖွားခဲ့ဖူးသကဲ့သို့ စိတ်အေးချမ်းသာစွာ ရှင်သန်နေထိုင်ခဲ့ရခြင်းကြောင့် ဆံပင်တချို့ ဖြူစွတ်နေသည်မှလွဲ၍ အလွန်ပင်နုပျိုနေခဲ့သည်။
လီရှန်းတို့ အိမ်သို့ပြန်ရောက်လာသည်ကို မြင်လျှင် ဝူလီက သူမ၏ အပေါင်းအသင်းများကို အလျင်အမြန်ပင်နှုတ်ဆက်လိုက်လေသည်။
ထို့နောက် လီရှန်းကို ခေါ်ဆောင်လျက် အဆောက်အအုံဝင်းဆီသို့ ပြန်လာခဲ့ကြသည်။
“နောက်ဆုံးတော့လည်း ပြန်လာခဲ့ကြပြီပဲ၊ ဝေ့ဟိုင်ကတော့ နင် ပင်စင်ယူတဲ့နေ့ကတည်းက နင်တို့ရဲ့အကြောင်းကိုပဲပြောနေခဲ့တာ”
သူတို့အဆောက်အအုံဝင်းထဲသို့ ဝင်ရောက်လာကြပြီးနောက်တွင် ဝူလီက လီရှန်း၏ ကိုယ်ရံတော်များအတွက် တည်းခိုနေထိုင်မည့် နေရာများကို စီမံပြင်ဆင်ပေးရန် ကူညီပေးခဲ့လေ၏။
အဆောက်အအုံဝင်းကြီးကို ဆွေမျိုးသားချင်းများက ကြိုတင် ဝယ်ယူထားခဲ့ကြသော်လည်း ပြောင်းရွှေ့နေထိုင်သူဟူ၍ အများအပြားရှိမနေခဲ့ပေ။
ကျန်းမိသားစုမှ ညီအစ်ကိုများဖြစ်ကြသော ကျန်းယွမ်နှင့် ကျန်းခမ်းတို့က စစ်တပ်မှ အငြိမ်းစားယူခဲ့ကြခြင်း မရှိဘဲ ယခုအချိန်တွင် မတူညီသော စစ်ဒေသနှစ်ခုထဲ၌ ဗိုလ်မှူးများအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ကြလေသည်။
ကျန်းချောင်ကတော့ နင်ပြည်နယ်ထဲ၌ ရှိနေခဲ့သော်လည်း အစောပိုင်းတွင် စက်မှုယန္တယားစက်ရုံရှိ အိမ်ကိုသာ ခွဲဝေရရှိခဲ့၏။
နောက်ပိုင်းတွင် ထိုနေရာကို ဖျက်သိမ်းလိုက်သည့်အတွက် သူက အစားထိုးပြန်ချထားပေးမည့် အိမ်အမြောက်အမြားကို ရရှိခဲ့သည်။
ထို့ကြောင့် သူက ပြည်နယ်မြို့တော်ထဲ၌လည်း အိမ်တစ်လုံးကို ထပ်မံ ဝယ်ယူခဲ့လေ၏။
ကျန်းတင်းကွမ်းမှာတော့ ယခုထက်ထိ ကျွန်းပေါ်၌ပင် ရှိနေဆဲဖြစ်ပြီး ဖခင်ဖြစ်သူ၏ ခြေလှမ်းများအတိုင်း စစ်တပ်ထဲ၌ ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့သည်။
ထို့ကြောင့်အိမ်က အနည်းငယ်ခြောက်ကပ်နေခဲ့လေ၏။
ကျန်းရှင်းမင်နှင့် သူ၏ဇနီးတို့က ဤနေရာ၌ နေထိုင်ကြသော်လည်း သူတို့က နေရာများကို အလှည့်ကျ ပြောင်းရွှေ့၍ နေထိုင်လေ့ရှိကြသည်။
ဤအိမ်ကို သူတို့၏ အကြီးဆုံးသားကို ခွဲဝေပေးအပ်လိုက်ခြင်း ဖြစ်သည်။
စုဝေ့ချင်းပေးခဲ့သော အစားထိုးပြန်ချထားပေးသည့် နေအိမ်ကိုတော့ သူတို့၏သားငယ်ကို ပေးလိုက်လေ၏။
နောက်ပိုင်းတွင် သူတို့က သူတို့၏ သားငယ်ဖြစ်သူအနေဖြင့် နစ်နာဆုံးရှုံးမှုကိုခံရသည်ဟု ထင်မြင်မိကြသောကြောင့် စက်မှုယန္တယားစက်ရုံရှိ နေအိမ်များကို ဖျက်သိမ်းလိုက်ချိန်တွင် နောက်ထပ် နေအိမ်တစ်လုံးကို သားငယ်ကို ထပ်မံပေးခဲ့လေသည်။
ထို့ကြောင့် သူတို့က အဆောက်အအုံဝင်းကြီးထဲ၌ တစ်နှစ်မျှ နေထိုင်ကြပြီး သားငယ်၏ အစားထိုးပြန်ချထားပေးသော အိမ်ထဲ၌ နောက်ထပ် တစ်နှစ်မျှ ပြောင်းရွှေ့နေထိုင်လေ့ရှိကြသည်။
ချန်ဖန်းကလည်း ထိုမိသားစုနှစ်စုလုံးအတွက် ကလေးများကို ပြုစုစောင့်ရှောက်ပေးလေ့ရှိသည်။
ယန်အန်းကော်နှင့် ကျန်းဟုန်မေ့တို့ကတော့ အငြိမ်းစားယူပြီးနောက်တွင် သူတို့၏ အကြီးဆုံးသားနှင့်အတူ ပေကျင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေ၏။
လွန်ခဲ့သော နှစ်နှစ်က ယန်အန်းကော်၏ အတိတ်မှဒဏ်ရာဟောင်းက ပြန်ထလာခဲ့သည်။
ထို့ကြောင့် သူက မေ့လဲသွားခဲ့ရပြီး နောက်ထပ်တစ်ကြိမ် ပြန်ထမလာနိုင်တော့ဘဲ သေးဆုံးသွားခဲ့လေ၏။
စုမိသားစုအတွက်တော့။
စုဝေ့ဟိုင်နှင့် သူ၏ဇနီးတို့က အဆောက်အအုံဝင်းကြီးထဲ၌ နေထိုင်ကြသည်။
စုဝေ့ယန်က အငြိမ်းစားယူပြီးနောက်တွင် ကျန်းဝမ်ကျန့်နှင့်အတူ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတစ်ခုထဲ၌ နေထိုင်ကြသည်။
ထို့ကြောင့် သူတို့က အပြင်သို့သိပာမထွက်ဖြစ်ကြပေ။
သူတို့၏ သားနှစ်ဦးလုံးကလည်း အစိုးရအဖွဲ့အစည်း စနစ်ထဲ၌ပင် အလုပ်လုပ်ကိုင်နေကြလေသည်။
စုဝေ့ဖင်း၏ ဘဝအတွေ့အကြုံကတော့ အလွန်ပင် အံ့ဩစရာ ကောင်းလွန်းသည်။
သူမက ကိုယ်ပိုင်အဝတ်အထည် အမှတ်တံဆိပ်တစ်ခုကို တည်ထောင်ခဲ့လေ၏။
လွန်ခဲ့သော နှစ်များစွာအတွင်း စက်ရုံက တဖြည်းဖြည်းနှင့် ကြီးမားကျယ်ဝန်းလာခဲ့ပြီး အောင်မြင်မှုများစွာကို ရရှိခဲ့လေသည်။
ထိုကုမ္ပဏီက အများပိုင်ကုမ္ပဏီအဖြစ် စတော့ဈေးကွက်ထဲသို့ ဝင်ရောက်နိုင်မည့် အခြေအနေသို့ပင် ရောက်ရှိလုနီးနီး ဖြစ်နေခဲ့၏။
ယခုအချိန်တွင်တော့ သူမ၏ အကြီးဆုံးသားက ကုမ္ပဏီကို ဦးစီးကွပ်ကဲနေခဲ့လေပြီ။
သူမ၏ သားငယ်ကတော့ လေတပထဲသို့ဝင်ကာ အမှုထမ်းနေခဲ့လေ၏။
ထို့ကြောင့် မိသားစုထဲတွင် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်ဟူသော စစ်တပ်၏ ကဏ္ဍစုံကိုပိုင်ဆိုင်ထားသည့် အခြေအနေကို အပြည့်အဝ ပိုင်ဆိုင်သွားခဲ့ရလေတော့၏။
သူမ၏ အငယ်ဆုံးသမီးဖြစ်သူ ကျန်းရွှယ်ကတော့ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ခဲ့လေသည်။
ယခုအချိန်တွင်တော့ သူမက အတွေ့အကြုံရင့်ကျက်သော မင်းသမီးတစ်ဦး ဖြစ်နေခဲ့လေပြီ။
စုဝေ့ချင်းနှင့် လီရှန်းတို့က နင်ပြည်နယ်ထဲ၌ နှစ်လကျော်ကြာအောင် နေထိုင်ခဲ့ကြလေသည်။
ထို့နောက် စုဝေ့ယန်ထံသို့ သွားရောက်တွေ့ဆုံခဲ့ကြလေတော့သည်။
ထို့နောက်တွင် သူတို့က စုဝေ့ဖင်းကို သွားရောက်တွေ့ဆုံရန် ဖန်ချန်းဆီသို့ ခရီးဆက်ခဲ့ကြလေတော့၏။
သူတို့က ဖန်ချန်းမှ ပြန်
ထွက်ခွာမည့် နေ့ရက်တွင် စုဝေ့ဖင်းက စုဝေ့ချင်း၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားခဲ့သည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေကာ ငိုကြွေးခဲ့ရှာသည်။
မိသားစုဝင်များအနေဖြင့် မတူညီသော အရပ်ဒေသလေးခုဆီသို့ ကွဲကွာ၍ နေထိုင်နေကြရသောကြောင့် သူတို့အနေဖြင့် အတူတကွ ဆုံစည်းနိုင်သည့်အတွက်က အလွန်ပင်ရှားပါးလွန်းလေ၏။
ယခုတစ်ကြိမ်တွင် လီရှန်းတို့က ပြန်လာခဲ့ကြသောကြောင့် ဆုံတွေ့နိုင်ကြခြင်းဖြစ်လေသည်။
သို့သော်လည်း နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းကြမည့်အချိန်က နာရေးပွဲတစ်ခုခုတွင်သာ ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းမိရ၏။
ထိုစကားလုံးများက အမှန်တကယ်ပင် ဖြစ်လာခဲ့လေသည်။
စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ဦးက နေ့ရက်တစ်ရက်တည်းမှာပင် အသီးသီး သေဆုံးသွားခဲ့ကြလေ၏။
သူတို့နှစ်ဦးတွင် တစ်ဦးက မနက်ပိုင်းတွင်သေဆုံးခဲ့ပြီး နောာ်တစ်ဦးက ညနေပိုင်းတွင် သေဆုံးခဲ့သည်။
ယခုအချိန်တွင် စုရှောင်လော်ကလည်း အသက်အရွယ်အတော်လေးပင် ကြီးရင့်လာခဲ့လေပြီ။
သူမ မွေးဖွားစအချိန်တုန်းက အလွန်ပင် ချောမောလှပသော ကလေးငယ်လေးတစ်ဦး ဖြစ်ခဲ့ဖူးသကဲ့သို့ သူမ အိုမင်းရင့်ရော်လာသည့်တိုင်အောင်ပင် အလွန်ပင် လှပသော အဘွားအိုတစ်ဦးအဖြစ်တည်ရှိနေခဲ့သည်။
စုဝေ့ချင်းအနေဖြင့် သူ၏ နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်သည့် အခိုက်အတန့်တွင်ပင် စနစ်ကစုရှောင်လော်နှင့် အပြီးတိုင် ချိတ်ဆက်မှုကို ပြုလုပ်ခဲ့လေသည်။
စနစ်၏ ကူညီဖေးမမှုများဖြင့် စုရှောင်လော်က သူမ၏ ဘဝ၏ နောက်ဆုံး ဆယ်စုနှစ်အနည်းငယ်မျှသော အချိန်များကို အောင်မြင်စွာ ကုန်လွန်စေခဲ့လေ၏။
သူမက အသက် (၁၀၀) အရွယ်သို့ ရောက်ရှိသည့် အချိန်တွင်မှသာ နောက်ဘဝဆီသို့ ငြိမ်းချမ်းစွာဖြင့် ကူးပြောင်းကာ သေးဆုံးသွားခဲ့တော့သည်။
သူမ သေဆုံးသွားခဲ့သည့်အချိန်တွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်သို့ နှိမ့်ချကာ သူမနှင့် ထိုက်တန်သည့် အလေးအမြတ်ဂုဏ်ပြုမှုများကို နိုင်ငံတော်အဆင့်ဖြင့် လုပ်ဆောင်ပေးခဲ့ကြသည်။
ဝိညာဉ်အဖြစ်ပြောင်းလဲသွားသော စုဝမ်ယန်က ဤကမ္ဘာလောကကြီးကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကားပြောလိုက်လေသည်။
ထို့နောက်တွင် သူမက စနစ်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်လေတော့၏။
“သွားကြရအောင်”
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း လုံးဝ တိတ်ဆိတ်နေခဲ့သော စနစ်၏ လျှပ်စစ်အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
[မင်္ဂလာပါ Host.. အားကောင်းတဲ့ နိုင်ငံတော်စနစ်က မင်းကို ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိနေပါတယ်]
[ပြီးပါပြီ]