← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) ကျားသစ်ပေါက်လေးက ရွှီယန်ဆီမှာ ပညာသင်နေတယ်

တောင်ပေါ်မှ ရှုခင်းများက အတော်လေး ကောင်းမွန်နေဆဲပင် ဖြစ်သည်။

လယ်ယာခြံဝင်း၏ နောက်ဘက်ရှိ တောင်ပေါ်တောအုပ်သို့ ပြန်ရောက်လာသောအခါ ရွှီယန် အတော်လေး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။

ဤနေရာက ပို၍ လုံခြုံပြီး တောနက်ကြီးထဲကလို စိုးရိမ်ထိတ်လန့်စရာကောင်းသည့် ခံစားချက်မျိုး မရှိပေ။

ယနေ့ သူက ကျားသစ်ပေါက်လေးကို လာကြည့်ခြင်း ဖြစ်သည်။

ရှာဖွေမှု အများဆုံး စာရင်းထဲ ဝင်နေတုန်းလေး ကျော်ကြားမှုရမှတ်များကို ပို၍ ရှာဖွေရမည် မဟုတ်ပါလား။

တောင်ပေါ် ရောက်သည်နှင့် ရွှီယန်က ဒရုန်းကို ဖွင့်လိုက်သည်။

မကြာမီမှာပင် အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြတော့၏။

"လိုက်ဖ် လာပြီဟေ့"

"ကျားကော... ရှိသေးလား... ငါ တောရိုင်း အရှေ့မြောက် ကျားဝါကြီးကို ကြည့်ချင်လို့"

"လိုက်ဖ်လွှင့်သူကြီး နောက်ထပ် အရှေ့မြောက် ကျားဝါကြီး နှစ်ကောင်လောက် ထပ်ပြီး သိမ်းသွင်းပြပါဦး... ငါတို့ ကြည့်ချင်လို့ပါ"

လိုက်ဖ် ဖွင့်သည်နှင့် လူအများအပြားက ကွန်မန့်များ ဝင်ရေးကြသည်။

ကွန်မန့်များကို မြင်သောအခါ ရွှီယန် မရယ်ဘဲ မနေနိုင်တော့ပေ။

'မင်းတို့က ငါ သေတာကို မြင်ချင်နေကြတာလား'

သူက တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

"တောရိုင်း အရှေ့မြောက် ကျားဝါကြီးကို ဘယ်သူမှ ယဉ်ပါးအောင် မလုပ်နိုင်ပါဘူး... အဲဒီအကောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း ပြင်းထန်လွန်းတယ်... ကားမှန်ကိုတောင် လက်တစ်ဖက်တည်းနဲ့ ရိုက်ခွဲနိုင်တာ"

"အရင်တစ်ခေါက်က တကယ်ကို တိုက်ဆိုင်သွားလို့ပါ"

"အလွန် သေးငယ်တဲ့ အချိန်ကတည်းက လမ်းပျောက်နေတဲ့ ကျားတစ်ကောင်နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တာ... ပြီးတော့ သူ့ကို နို့တိုက်လိုက်တော့ သူ့ရဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ အတိတ်က အမှတ်တရ တချို့ကို ပြန်လည် အမှတ်ရသွားစေတာ ဖြစ်နိုင်တယ်"

"ဒါကြောင့် သူက ကျွန်တော့်ကို အန္တရာယ် မပြုခဲ့တာပါ"

"ပုံမှန်အခြေအနေမှာသာ ကျွန်တော် တောရိုင်း အရှေ့မြောက် ကျားဝါကြီးနဲ့ သွားတွေ့ရင် မြန်မြန် ထွက်ပြေးရမှာပါ"

"သိမ်းသွင်းဖို့ဆိုတာ ဝေလာဝေး... သူက ကျွန်တော့်ကို မတိုက်ခိုက်တာကိုက မျက်နှာသာ ပေးနေတာပဲ"

ရွှီယန်၏ စကားကြောင့် အားလုံး ရယ်မောသွားကြသည်။

အထူးသဖြင့် ပရိသတ်ဟောင်းများက ပို၍ပင် ပျော်ရွှင်စွာ ရယ်မောကြ၏။

"လောင်ရွှီ... တလောက လိုက်ဖ်က ငါ့ကို တကယ် လန့်သွားစေတယ်... မင်း သွားပြီလို့ ထင်ပြီး ရဲတောင် တိုင်မလို့ စဉ်းစားနေတာ"

"အဲဒီကျားက တကယ် ကြောက်ဖို့ကောင်းတာ... တောရိုင်းကျားဆိုတော့ ပိုဆိုးတာပေါ့"

"သူက မင်းကို သရေစာလို့ ထင်သွားမှာကို စိုးရိမ်နေတာ"

"တကယ်ကို တိုက်ဆိုင်လွန်းတယ်... ဒီလိုမျိုး အခြေအနေမှာတောင် အသက်ရှင်နိုင်တယ်ဆိုတာ"

အားလုံးက အသီးသီး ပြောဆိုနေကြသည်။

လူအများအပြားကလည်း ကျားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောနေကြဆဲပင်။

ရွှီယန်က သစ်တောထဲတွင် ဆက်လက် လျှောက်သွားရင်း ပြောလိုက်သည်။

"ဒီနေ့တော့ ကျား မရှိပါဘူး"

"ဒါပေမဲ့ ရွှေကျားသစ်တော့ ရှိတယ်"

"တားဟွာ နဲ့ ရှောင်ဟွာ တို့ ရှိမရှိ သွားကြည့်လိုက်ဦးမယ်"

"သူတို့က တောရိုင်း ကျားသစ်တွေ ဖြစ်ပေမယ့် ကျွန်တော်နဲ့တော့ တော်တော်လေး ရင်းနှီးတယ်"

"ရွှေကျားသစ်က တော်တော်လေး သတိကြီးပြီး တိုက်ခိုက်လိုစိတ်ကလည်း အတော်လေး နည်းတယ်"

"ဒါကြောင့် ကျွန်တော်လည်း သိပ်မကြောက်ပါဘူး"

ရွှေကျားသစ် ရှိသည်ဟု ကြားသောအခါ ပရိသတ်များလည်း စိတ်လှုပ်ရှားလာကြသည်။

ကျားကို မမြင်ရလျှင်လည်း ကျားသစ်ကို ကြည့်လို့ ရသည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ အားလုံးက ကြောင်ကြီးမျိုးနွယ်များသာ ဖြစ်၏။

ဤအချိန်တွင် ရွှီယန်၏ ဗီဒီယိုက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေဆဲပင် ဖြစ်သည်။

ကျားကို သိမ်းသွင်းခဲ့သည့် ဇာတ်လမ်းကို လူအများအပြားက မြင်တွေ့ခဲ့ကြ၏။

လူများက ကျားက သူ့ကို အန္တရာယ် မပြုခဲ့သည့်အပေါ် အံ့အားသင့်ခဲ့ကြသလို တစ်ဖက်တွင်လည်း ရွှီယန်၏ သတ္တိကို ချီးကျူးခဲ့ကြသည်။

သူက ခရီးစဉ် တစ်လျှောက်လုံး အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်ခြင်း မရှိခဲ့ပေ။ အမြဲတမ်း ယုံကြည်မှု အပြည့် ရှိနေခဲ့၏။

ထို့အပြင် မိမိကိုယ်ကို အရာရာ နားလည်တတ်ကျွမ်းသူဟု ထင်နေသူ အချို့ကတော့ ဤသည်မှာ ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ထင်မြင်နေကြသည်။

'သေချာပေါက် အတုပဲ... ပြုပြင်ထားတဲ့ ဗီဒီယို ဖြစ်ရမယ်... အခုခေတ် အထူးပြုလုပ်ချက်တွေက အရမ်း လက်တွေ့ဆန်နေတော့ ကျားတစ်ကောင် ဖန်တီးဖို့ဆိုတာ မခက်ပါဘူး'

ဗီဒီယိုအောက်တွင် လူတစ်ယောက်က ကွန်မန့် ရေးထားသည်။

'လိုက်ဖ်ထဲမှာ လူတစ်သိန်းကျော်က ကြည့်နေတာလေ... ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ'

တစ်ယောက်က ပြန်လည် ချေပလိုက်၏။

'ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြန်ပြနေတာလည်း ဖြစ်နိုင်တာပဲ'

ထိုလူက ဆက်လက်၍ ခေါင်းမာနေဆဲပင်။

'အကုန်လုံးက တိုက်ရိုက် အပြန်အလှန် ဆက်သွယ်နေတာလေ... ရိုက်ကူးထားတဲ့ ဗီဒီယိုကို ဘယ်လိုလုပ် ပြန်ပြလို့ ရမှာလဲ... သူ့ရဲ့ လိုက်ဖ်ထဲ သွားကြည့်လိုက်စမ်းပါ'

လူများက အချင်းချင်း ငြင်းခုံနေကြသည်။

ထိုသို့ ငြင်းခုံနေကြခြင်းကြောင့်ပင် လူအများအပြားက အမှန်တရားကို သိရှိရန်အတွက် ယနေ့ ရွှီယန်၏ လိုက်ဖ်ထဲသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်၏။

လိုက်ဖ် မြင်ကွင်းတွင် စိမ်းလန်းစိုပြည်နေသော သစ်တောကို မြင်တွေ့နေရသည်။

တစ်ခါတစ်ရံတွင် ပြာလဲ့နေသော ကောင်းကင်ကြီးကိုလည်း မြင်တွေ့ရ၏။

ထို့အပြင် တခြား ဘာမှ မရှိတော့ပေ။

တစ်ချက်ကြည့်ရုံဖြင့် ဤသည်မှာ အစစ်မှန်ဆုံးသော သဘာဝတရားကြီးမှန်း သိသာလှသည်။

ဖစ်တာ မပါ... နောက်ခံ ဖြတ်တောက်ထားခြင်း မပါဘဲ နောက်ခံမြင်ကွင်းက တကယ်ကို အစစ်အမှန်ကြီးပင် ဖြစ်၏။

ဤအချိန်တွင် မိခင်ကျားသစ်မကြီးက မြေကြီးပေါ်တွင် လှဲလျောင်း အနားယူနေသည်။

ကြောင်ကြီးမျိုးနွယ်များက အပူကို ကြောက်ကြပြီး ရာသီဥတု ပူလာပါက လှုပ်ရှားချင်စိတ် မရှိတော့ဘဲ အေးမြသော နေရာကိုသာ ရှာဖွေ၍ လှဲလျောင်းနေချင်ကြ၏။

သို့သော် ကျားသစ်ပေါက်လေးကတော့ မတူပေ။ ၎င်းက ပတ်ဝန်းကျင်တွင် ဟိုပြေးဒီပြေးဖြင့် ဆော့ကစားနေသည်။

တစ်ခါတစ်ရံ မိခင်ကျားသစ်မကြီး၏ ကိုယ်ပေါ်သို့ ခုန်တက်ကာ အကြိမ်အနည်းငယ် နင်းနယ်ပြီး ပြန်ခုန်ဆင်းသွားတတ်၏။

တစ်ခါတစ်ရံ မိခင်ကျားသစ်မကြီး၏ ခေါင်းရှေ့သို့ ပြေးသွားကာ ခေါင်းကို ကုတ်ဖဲ့နေတတ်သည်။

မိခင်ကျားသစ်မကြီးမှာ မတတ်နိုင်စွာဖြင့် ကြည့်နေရ၏။

ပါးစပ်ကို ဟထားပြီး အင်အားမရှိသလိုဖြင့် ကျားသစ်ပေါက်လေးနှင့်အတူ လိုက်လံ ဆော့ကစားပေးနေရသည်။

'ဒီကလေးက အရမ်း ရှုပ်တာပဲ... ခဏလောက်တောင် ငြိမ်ငြိမ်မနေဘူး'

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန်က မနီးမဝေး နေရာတွင် ပေါ်လာသည်။

ယနေ့ သူက ကျားသစ်ပေါက်လေးကို နို့တိုက်ရန် သီးသန့် လာခဲ့ခြင်း ဖြစ်၏။

"တားဟွာ... ရှောင်ဟွာ"

ရင်းနှီးနေသော ခေါ်သံက ထွက်ပေါ်လာသည်။

ခေါ်သံကို ကြားသည်နှင့် ကျားသစ်ပေါက်လေးက ဆော့ကစားနေသည်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရွှီယန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

ရွှီယန်ကို မြင်သောအခါ ၎င်းက ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် ပြေးလာတော့သည်။

မိခင်ကျားသစ်မကြီးကတော့ သက်ပြင်းရှည်ကြီး ချလိုက်၏။

"ကျားသစ်ပဲ... ကျားသစ် နှစ်ကောင်ပါလား"

လိုက်ဖ်ထဲသို့ အသစ် ဝင်ရောက်လာသော အင်တာနက်သုံးစွဲသူများက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။

"ဒီလိုက်ဖ်လွှင့်သူက အမြဲတမ်း ဒီလောက်တောင် စွမ်းနေတာလား... တောရိုင်းထဲမှာ တောရိုင်း ကျားသစ်ကို မွေးထားတာလား"

နောက်ထပ် အသစ် ဝင်လာသူ တစ်ယောက်က မေးလိုက်ပြန်သည်။

"သူက တောင်ပေါ်ကို ခဏခဏ သွားလေ့ရှိတယ်... အရမ်း ကြမ်းတာ... တောင်ပေါ်မှာဆို သူက အကြမ်းဆုံးပဲ"

"သူ ငယ်ငယ်လေးလို့ မထင်နဲ့... အနည်းဆုံး တောင်တက် သက်တမ်း ဆယ်နှစ်ကျော်လောက် ရှိနေပြီ"

"တကယ်ကို စွမ်းတာပဲ... တောင်တက် အတွေ့အကြုံက အရမ်း များတာ... ဝါရင့်ကြီးပဲ"

ပရိသတ်ဟောင်း အတော်များများက အသီးသီး မှတ်ချက်ပေးလိုက်ကြသည်။

လူများက တကယ့် စွမ်းရည်ရှိသူများကို ပို၍ သဘောကျတတ်ကြပြီး ထိုသို့သော သူများကို ချစ်ခင်အားပေးရန် ပိုမို ထိုက်တန်သည်ဟု ယူဆကြ၏။

ရွှီယန်အကြောင်းကို သိရှိလာသူ ပိုများလာလေလေ သူ၏ ပရိသတ် အရေအတွက်ကလည်း ပိုမို များပြားလာလေလေ ဖြစ်သည်။

ရွှီယန်က နို့ဘူးကို ထုတ်ကာ ကျားသစ်ပေါက်လေးကို နို့တိုက်လိုက်သည်။

ကျားသစ်ပေါက်လေးမှာ ပျော်ရွှင်နေမှန်း သိသာလှ၏။

ကျားသစ်ကို မြင်တွေ့ရသောအခါ လိုက်ဖ်ထဲရှိ လေထုကလည်း အလွန် ကောင်းမွန်လာပြီး အားလုံးက ချစ်စရာကောင်းလိုက်တာ... အရမ်း ချစ်ဖို့ကောင်းတာပဲ စသဖြင့် ပြောဆိုနေကြသည်။

တလောက ကျားကို တွေ့စဉ်ကတော့ ဤသို့ မပြောခဲ့ကြပေ။ အားလုံးက ရွှီယန်ကို မြန်မြန် ပြေးရန်သာ ပြောနေခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ ကျားသစ်၏ ခန္ဓာကိုယ် အရွယ်အစားက အနည်းငယ် ပိုသေးငယ်ပြီး ဖိအားပေးနိုင်မှု အနည်းငယ် လျော့နည်းသဖြင့် ဖြစ်ပေမည်။

အရွယ်ရောက်ပြီးသော ရွှေကျားသစ်၏ ခန္ဓာကိုယ်အလျားမှာ ၁ မီတာမှ ၁.၅ မီတာခန့်အထိ ရှိပြီး မတ်တတ်ရပ်ပါက လူတစ်ယောက်လောက် မမြင့်ပေ။

သို့သော် အရွယ်ရောက်ပြီးသော တောရိုင်း အရှေ့မြောက် ကျားဝါကြီးဆိုလျှင် အထီးများ၏ ပျမ်းမျှ ခန္ဓာကိုယ်အလျားမှာ ၂.၃ မီတာရှိပြီး အမများ၏ ပျမ်းမျှ ခန္ဓာကိုယ်အလျားမှာ ၂ မီတာခန့် ရှိကာ မတ်တတ်ရပ်ပါက လူထက်ပင် တစ်မိုက်ခန့် ပိုမို ကြီးမားသဖြင့် ကြည့်ရုံနှင့်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သဘာဝလောကတွင် အခြေခံအားဖြင့် ခန္ဓာကိုယ် အလေးချိန် ပိုများသူက ပို၍ အစွမ်းထက်ကြပြီး အသားစားနှင့် အပင်စား သတ္တဝါများ အားလုံး ထိုနည်းတူပင် ဖြစ်၏။

ခြင်္သေ့က မြက်ခင်းပြင်၏ အကြီးအကဲ ဖြစ်သော်လည်း ဆင်များနှင့် ကြံ့များ လာသည်ကို မြင်ပါက လမ်းဖယ်ပေးရပေမည်။

သစ်တောထဲတွင်မူ အရှေ့မြောက် ကျားဝါကြီး၏ ခန္ဓာကိုယ် အရွယ်အစားအရဆိုလျှင် မျိုးစိတ်ကွဲ ဝက်ဝံညိုများနှင့် တိုက်ခိုက်နိုင်သည်မှလွဲ၍ ကျန်သည့် တိရစ္ဆာန်များအားလုံးက အရှေ့မြောက် ကျားဝါကြီး၏ ပြိုင်ဘက် မဟုတ်ကြပေ။

ကျားသစ်ပေါက်လေးက မတ်တတ်ရပ်ကာ လက်နှစ်ဖက်ဖြင့် နို့ဘူးကို ဖက်ထားပြီး မလွှတ်တမ်း အဆက်မပြတ် သောက်နေတော့သည်။

ဤအကောင်လေးက အလွန် ချစ်စရာ ကောင်းလှ၏။

တွက်ကြည့်ရမည်ဆိုလျှင် ၎င်းမှာ အသက် ခြောက်လခန့် ရှိနေပြီဖြစ်သော်လည်း နို့သောက်ရသည်ကို နှစ်သက်နေဆဲပင်။

ကြောင်ကြီးမျိုးနွယ်များ အားလုံး ဤသို့ ဖြစ်ကြပုံရသည်။

အိမ်မွေးကြောင် အချို့တွင်လည်း မိခင်ကြောင်က ကလေးမွေးပြီးနောက် ဖခင်ကြောင်က ကလေးများကို မစောင့်ရှောက်သည့်အပြင် ကလေးများနှင့် လု၍ပင် နို့သောက်တတ်ကြ၏။

ထို့ကြောင့် ပိုင်ရှင်ဖြစ်သူက ဖခင်ကြောင်ကို အပြင်သို့ ဆွဲထုတ်ထားရလေ့ ရှိသည်။

ရွှီယန်က ဤသို့ဖြင့် ကျားသစ်ပေါက်လေးနှင့်အတူ ဆော့ကစားနေလိုက်သည်။

မိခင်ကျားသစ်မကြီးကတော့ မနီးမဝေးတွင် လှဲလျောင်းနေပြီး လှုပ်ရှားချင်စိတ်ပင် မရှိတော့ပေ။

၎င်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြင့် ဆန့်ထုတ်လိုက်ပြီးနောက် ခေါင်းလှည့်ကာ မြက်ခင်းပေါ်တွင် ဘေးတစောင်း လှဲလျောင်း၍ အေးချမ်းစွာ အိပ်စက်သွားတော့သည်။

'နောက်ဆုံးတော့ သက်သောင့်သက်သာနဲ့ အိပ်လို့ ရပြီပဲ... ကျားသစ်ပေါက်လေး ရုတ်တရက်ကြီး ကိုယ်ပေါ် ခုန်တက်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူး'

ရွှီယန် ရောက်လာတိုင်း မိခင်ကျားသစ်မကြီးက အလွန် စိတ်အေးလက်အေး ရှိနေတတ်သည်။ မြင်ကွင်းက အလွန် ချစ်စရာ ကောင်းလှ၏။

ရွှီယန်က ကျားသစ်ပေါက်လေးနှင့်အတူ ဆော့ကစားနေပြီး မိခင်ကျားသစ်မကြီးကတော့ မနီးမဝေးတွင် အနားယူနေသည်။

အင်တာနက်သုံးစွဲသူ အချို့က ဤမြင်ကွင်းကို 'မိသားစု သုံးယောက်' ဟုပင် နောက်ပြောင် ခေါ်ဆိုကြ၏။

"ကျားသစ်ပေါက်လေးက သူ့ကို ဒီလောက်တောင် ကပ်ချွဲနေတာလား"

"အရင်းတွေ ဖြစ်ရမယ်"

"ဒါ တိရစ္ဆာန်ရုံထဲမှာများ မဟုတ်ဘူးလား"

"ဒါ တကယ့် တောနက်ကြီးထဲမှာ... တကယ့် တောရိုင်း ကျားသစ် အစစ်တွေ"

လိုက်ဖ်ထဲတွင် လူအလွန် များပြားနေသည်။

ရွှီယန်က ထိုင်ချလိုက်ပြီး လိုက်ဖ်၏ အခြေအနေကို အချိန်လု၍ တစ်ချက် ကြည့်လိုက်၏။

ညာဘက် အပေါ်ထောင့်တွင် ၁ သိန်းကျော်ဟု ပြသနေသော်လည်း တကယ်တမ်းတွင်မူ ၁ သိန်း ၁ သောင်းကျော် ရှိပေသည်။

ဤသည်မှာ ရွှီယန် ရှာဖွေမှု အများဆုံး စာရင်းထဲ ဝင်သွားသောကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုပင် ဖြစ်၏။

လူအတော်များများမှာ ဗီဒီယို တစ်ခုတည်းကြောင့် ရုတ်တရက် နာမည်ကြီးသွားတတ်ကြပြီး နောက်ရက်များတွင် လိုက်ဖ်လွှင့်ပါက ကြည့်ရှုသူ အရေအတွက် တစ်သိန်းကျော်အထိ ရှိနေတတ်ကြသည်။

ဥပမာအားဖြင့် ယူနန်သားလေး သီချင်းနှင့် ပန်းဥယျာဉ်လေးထဲမှာ သီချင်းတို့ကဲ့သို့ပင် သီချင်းတစ်ပုဒ် ဆိုလိုက်ရုံဖြင့် အကြောင်းပြချက်မရှိ ရုတ်တရက် နာမည်ကြီးသွားကြပြီး ထိုသူများ လိုက်ဖ်လွှင့်ပါက ရက်အနည်းငယ် အတွင်းတွင် ကြည့်ရှုသူ အရေအတွက် တစ်သိန်းကျော်အထိ ရှိနေတတ်ကြ၏။

ဤသည်မှာ လှိုင်းစီးသည့် အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပြီး လူအများအပြားက ပွဲလာကြည့်ကြခြင်း ဖြစ်သည်။

သို့သော် ထိုလှိုင်းလုံးကြီး ပြီးဆုံးသွားပါက ထိုလိုက်ဖ်လွှင့်သူများမှာ အင်တာနက်သုံးစွဲသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြမည်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အခြား ဆွဲဆောင်မှုရှိသော အရာများ မရှိပါက အခြားသူများ၏ နှစ်သက်မှုကို ဆက်လက် ရရှိရန် အလွန် ခက်ခဲလှပေသည်။

သို့သော် အကယ်၍ စွမ်းရည်ကို ပြသနိုင်ပါက ပို၍ပို၍ နာမည်ကြီးလာမည်သာ ဖြစ်သည်။

"လူတွေ တော်တော် များတာပဲ... တစ်သိန်းကျော်နေပြီ"

"အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်က လယ်ယာခြံဝင်းလေး ဖွင့်ထားပြီး တစ်ခါတလေ တောင်ပေါ်ကို လှည့်လည်သွားလာတတ်တဲ့ တောထဲက လိုက်ဖ်လွှင့်သူ အသေးလေး တစ်ယောက်ပါ"

ရွှီယန်က ရိုးရှင်းစွာဖြင့် မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ သူ ဤသို့ ပြောလိုက်သောအခါ လူများက ရယ်မောသွားကြတော့၏။

"လောင်ရွှီ... မင်းက အခု လိုက်ဖ်လွှင့်သူ အသေးလေး မဟုတ်တော့ဘူးနော်"

"ဟုတ်တယ်... တစ်ခါတလေ တောင်ပေါ် သွားတယ်... တောဝက်ကို ရိုက်တယ်... ကျားသစ်ကို အစာကျွေးတယ်... ကျားကို ပွတ်သပ်တယ်... တောခွေး တစ်ကောင်ကို မြှောက်မပြီး နောက်တစ်ကောင်ကို ပစ်ပေါက်တယ်... မင်း ပြောစမ်းပါဦး... ဒါ သာမန်လူ တစ်ယောက် လုပ်နိုင်တဲ့ ကိစ္စတွေလား"

"ချန်ပိုင်တောင်တန်းရဲ့ နံပါတ်တစ် လူမိုက်ကြီးပဲ"

"ချန်ပိုင်တောင်တန်းရဲ့ နံပါတ်တစ် သူရဲကောင်းကြီး"

"ချန်ပိုင်တောင်တန်းရဲ့ နံပါတ်တစ် သစ်တောစောင့်ကြီး"

ကွန်မန့်များက အဆက်မပြတ် တက်လာနေပြီး အင်တာနက်သုံးစွဲသူများက ရယ်စရာ စကားများဖြင့် ပြောဆိုနေကြရာ လေထုက အလွန် တက်ကြွနေပေသည်။

ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီကာ တစ်ချက် ကြည့်လိုက်သည်။

ကျားသစ်ပေါက်လေးမှာ ဝဖြိုးနေပြီး ခန္ဓာကိုယ်က အလွန် တောင့်တင်းနေ၏။ အမွေးများကလည်း ပွတ်သပ်ရသည်မှာ အလွန် ကောင်းမွန်လှသည်။

ဆက်လက်၍ သူက ကျားသစ်ပေါက်လေးနှင့်အတူ ဆော့ကစားနေလိုက်သည်။

ထို့နောက် ကျားသစ်ပေါက်လေး၏ သစ်ပင်တက်နိုင်စွမ်းကို လေ့ကျင့်ပေးရန် ရည်ရွယ်လိုက်၏။

သူက ခပ်ကြီးကြီး သစ်ပင်တစ်ပင်ကို ရှာဖွေလိုက်ပြီး ကိုယ်တိုင် အရင် တက်သွားကာ အပေါ်မှနေ၍ စောင့်ကြည့်နေလိုက်သည်။

"ရှောင်ဟွာ... လာခဲ့"

ရွှီယန်က ညင်သာစွာ ခေါ်လိုက်သည်။

ကျားသစ်ပေါက်လေးက ခေါင်းမော့ကာ ရွှီယန်ကို ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ခါကာ သစ်ပင်ပေါ်သို့ စတင် တက်လာတော့၏။

သတိထားမိသော အင်တာနက်သုံးစွဲသူများက လူနှင့် ကျားသစ်၏ လှုပ်ရှားမှုများက အံ့ဩစရာကောင်းလောက်အောင် တူညီနေပြီး တစ်ပုံစံတည်း ကူးယူထားသကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ကြသည်။

ပရိသတ်ဟောင်းများကတော့ ကျင့်သားရနေပြီ ဖြစ်သော်လည်း အသစ် ဝင်လာသော အင်တာနက်သုံးစွဲသူများမှာမူ သူတို့၏ အမြင်များ လုံးဝ ပြောင်းလဲသွားသည်အထိ အံ့အားသင့်သွားကြတော့၏။

'ဒီကျားသစ်ပေါက်လေးက လူများ ဟန်ဆောင်ထားတာလား... ဘာလို့ လူတွေ သစ်ပင်တက်တဲ့ ပုံစံမျိုးနဲ့ နည်းနည်း တူနေရတာလဲ'

အကောင်လေးက အတော်လေး သွက်လက်လှသည်။

ဤအသစ်ဝင်လာသော အင်တာနက်သုံးစွဲသူများ မသိကြသည်မှာ ဤကျားသစ်ပေါက်လေးက အရင်က သစ်ပင်တောင် မတက်တတ်ခဲ့ဘဲ ရွှီယန်က တစ်ဆင့်ချင်း သင်ပေးခဲ့ရခြင်း ဖြစ်သည်ဆိုသည်ကိုပင်။

ရွှီယန်ဆီတွင် ပညာသင်ယူခဲ့ပြီး လူတွေ သစ်ပင်တက်သည့် ပုံစံမျိုး ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

All Chapters