← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) ဒါက ဘာမှော်ပညာကြီးလဲ

ယနေ့တွင် ဘာအလုပ်မှ သိပ်မရှိသဖြင့် ရွှီယန်က တောင်ပေါ်တွင် လမ်းလျှောက်ထွက်ရန် ရည်ရွယ်လိုက်သည်။

သူက ကျားသစ်ပေါက်လေးနှင့်အတူ မိခင်ကျားသစ်မကြီးကို နှုတ်ဆက်ရန် သွားခဲ့သော်လည်း မိခင်ကျားသစ်မကြီးမှာ သက်သောင့်သက်သာဖြင့် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။

ရွှီယန် ရှိနေချိန်တွင် သူမ အလွန် စိတ်အေးလက်အေး ရှိနေတတ်သဖြင့် အလျင်အမြန် အိပ်စက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ကာ တောင်ပေါ်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။

သူက မြစ်ထဲသို့ အရင်သွားကာ ကြီးထွားလာသော ကျောက်ဂဏန်းများ ရှိမရှိ ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ခဲ့ချေ။

သို့သော် သူက တောင်ပေါ်တက်ပါက ဘယ်တော့မှ လက်ချည်းသက်သက် မပြန်တတ်သဖြင့် လမ်းတစ်လျှောက်တွင် မှိုများနှင့် တောဟင်းရွက် အချို့ကို ခူးယူလာခဲ့သည်။

ထို့နောက် ဟိုဟိုဒီဒီ လျှောက်သွားရင်း ကျားသစ်ပေါက်လေးကို ခေါ်ကာ ပြန်လာခဲ့၏။

လိုက်ဖ်ကို အမြဲ ဖွင့်ထားပြီး အင်တာနက်သုံးစွဲသူများက တောင်ပေါ်မှ ရှုခင်းများကို ကြည့်ရှုရင်း ချန်ပိုင်တောင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စကားစမြည် ပြောဆိုနေကြသဖြင့် စိတ်အပန်းပြေနေကြသည်။

အထူးသဖြင့် လိုက်ဖ်မြင်ကွင်းထဲတွင် ချစ်စရာကောင်းသော ကျားသစ်ပေါက်လေး တစ်ကောင် ပါဝင်နေသဖြင့် ပို၍ပင် ဆွဲဆောင်မှု ရှိနေပေသည်။

ထိုအချိန်မှာပင် ရွှီယန်က မထင်မှတ်ထားသော အရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။

မြင့်မားသော မြက်တောအုပ်တစ်ခုထဲတွင် အကောင်ပေါက်လေး တစ်ကောင်က ခန္ဓာကိုယ်ကို ကွေးကွေးလေး လုပ်ကာ မြက်ခင်းထဲတွင် မှောက်၍ အနားယူနေသည်ကို သူ မြင်လိုက်ရ၏။ အိပ်ပျော်နေသည့်ပုံပင်။

ရွှီယန်က ခြေဖျားထောက်ကာ သေချာ ကြည့်လိုက်သည်။

"ဟိုမှာ ကြည့်လိုက်... ဒရယ်ပြောက်လေး တစ်ကောင် အိပ်နေတာ... ဒါပေမဲ့ သူတစ်ကောင်တည်းပဲ... သူ့အမေ ဘယ်ရောက်သွားလဲ မသိဘူး... ခဏနေရင် ပြန်လာလောက်ပါတယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

ဒရုန်းက အပေါ်စီးမှ ရိုက်ကူးနေသဖြင့် အင်တာနက်သုံးစွဲသူများက ပိုမို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

မြက်တောထဲတွင် ဒရယ်ပြောက်လေးက ဘေးတစောင်း လှဲလျောင်းနေပြီး ခြေလက်များကို ရုပ်သိမ်းကာ အေးချမ်းစွာ အနားယူနေသည်ကို မြင်လိုက်ကြရ၏။

ငယ်ရွယ်စဉ်အချိန်က ဒရယ်ပြောက်လေးများမှာ သမင်ပြောက်လေးများနှင့် အနည်းငယ် ဆင်တူပြီး ချစ်စရာကောင်းသော ရုပ်ရည်ရှိကာ ခန္ဓာကိုယ်က ဝိုင်းစက်နေသော်လည်း ခြေတံလေးများကတော့ သေးသွယ်ရှည်လျားလှသည်။ မျက်နှာက သိပ်မကြီးဘဲ မည်းနက်စိုစွတ်နေသော နှာခေါင်းလေးက အလွန် ဆွဲဆောင်မှု ရှိနေပေသည်။

ဒရယ်ပြောက်များက အမဲလိုက် သတ္တဝါများ၏ ရန်မှ လွတ်ကင်းစေရန် လုံခြုံသော နေရာများကို ရှာဖွေ၍ အနားယူလေ့ ရှိကြသည်။

'ဒါ သမင်ပြောက်လေး မဟုတ်ဘူးလား'

'ဒီအကောင်လေး အရမ်း ချစ်ဖို့ကောင်းတာပဲ'

'ချန်ပိုင်တောင်တန်းက တိရစ္ဆာန်တွေ တကယ် ပေါတာပဲ'

'ဒီက ဂေဟစနစ်က တကယ် ကောင်းတာပဲ'

အားလုံးက အသီးသီး ချီးကျူးပြောဆိုနေကြသည်။

ရွှီယန်က ဒရယ်ပြောက်လေးကို တိတ်တဆိတ် အကဲခတ်နေစဉ်မှာပင် ကျားသစ်ပေါက်လေးက ရွှီယန်၏ အကြည့်များကို သတိထားမိသွားပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည်။

၎င်းက မကြာမီမှာပင် ဒရယ်ပြောက်လေးကို တွေ့ရှိသွားပြီး ချက်ချင်းပင် အရှေ့သို့ ခုန်ထွက်သွားတော့၏။

"ဟေး... ရှောင်ဟွာ... မလုပ်နဲ့"

ရွှီယန်က ကျားသစ်ပေါက်လေး၏ အမဲလိုက်ချင်သော ဗီဇများ နိုးကြားလာသည်ဟု ထင်မှတ်သွားသဖြင့် အလျင်အမြန် တားဆီးရန် ပြင်လိုက်သည်။

သို့သော် ကျားသစ်ပေါက်လေးက ဒရယ်ပြောက်လေး၏ ရှေ့သို့ ရောက်သွားသောအခါ အကြမ်းမဖက်ဘဲ ဒရယ်ပြောက်လေးကို တစ်ချက် ပွတ်သပ်လိုက်ကာ ခေါင်းလေးကို ဆန့်ထုတ်၍ ဒရယ်ပြောက်လေး၏ အနံ့ကို နမ်းကြည့်နေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

ဒရယ်ပြောက်လေးက နိုးလာပြီး မည်းနက်သော မျက်လုံးကြီးများကို ဖွင့်ကာ သူ့ရှေ့မှ ကျားသစ်ပေါက်လေးနှင့် ပြေးလာသော ရွှီယန်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေတော့သည်။

ကျားသစ်ပေါက်လေးက အလွန် ပျော်ရွှင်နေပုံရပြီး ဒရယ်ပြောက်လေးကို နှုတ်ဆက်နေ၏။

၎င်းက ထပ်မံ၍ အနားကပ်ကာ နမ်းကြည့်လိုက်ပြန်ရာ အောက်ပါအတိုင်း ပြောနေသည့်အလားပင်။

'ညီအစ်ကို... မင်းက တော်တော် မွှေးတာပဲ'

ဤအခြေအနေက ရွှီယန်၏ ခန့်မှန်းချက်များကို ကျော်လွန်နေခဲ့သည်။ ဤကဲ့သို့သော လွှမ်းမိုးမှုက သိပ်မကောင်းလှကြောင်း သူ သိထားသဖြင့် ကျားသစ်ပေါက်လေးကို ချက်ချင်းပင် ပွေ့ချီလိုက်သည်။

"သူ့ကို မနှောင့်ယှက်ပါနဲ့တော့... နောက်အခွင့်အရေးရရင် မင်းတို့ ပြန်တွေ့ကြမှာပါ... ဒီမြင်ကွင်းကို မင်းအမေသာ မြင်သွားရင် ရူးသွားလောက်တယ်... သူက မင်းကို အမဲလိုက်ဖို့ သင်ပေးချင်နေတာကို မင်းက ဒီမှာ ဒရယ်ပြောက်လေးနဲ့ ဆော့နေတယ်လို့... နည်းနည်းပါးပါးတော့ လိမ္မာစမ်းပါကွာ"

ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီကာ ထွက်ခွာလာခဲ့သည်။

ဒရယ်ပြောက်လေးက မြက်ခင်းထဲတွင် မှောက်လျက်သားပင် ရှိနေသေးပြီး အနည်းငယ်မျှပင် မလှုပ်ရှားချေ။

၎င်းက အရှေ့ဘက်ကို ငေးမောကြည့်နေပြီး သတိပြန်မဝင်သေးပေ။

'ခုနက ဘာကြီးလဲ... ကျားသစ်လား'

ဒရယ်ပြောက်လေးက မိမိဘဝကိုပင် အနည်းငယ် သံသယဝင်သွားတော့သည်။

အရာအားလုံးက အရမ်းကို မြန်ဆန်လွန်းလှသဖြင့် အကောင်ပေါက်လေး လုံးဝ တုံ့ပြန်ချိန် မရလိုက်ချေ။

ခုနက မြင်ကွင်းက ၎င်းကို အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်သွားစေရန် လုံလောက်လှပေသည်။

ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီကာ အနောက်သို့ ပြေးလာခဲ့ရာ အင်တာနက်သုံးစွဲသူများမှာ ရယ်မောနေကြတော့၏။

'ဟားဟား... လောင်ရွှီ... မင်းရဲ့ အမြန်နှုန်းက တော်တော် မြန်တာပဲ'

'ဒီကျားသစ်ပေါက်လေးက တခြား ကျားသစ်တွေနဲ့ မတူဘူးနော်'

'ခုနက ဒရယ်ပြောက်လေးကိုတောင် သွားနှုတ်ဆက်နေသေးတယ်'

'ဒါ ပုံမှန်ပါပဲ... တိရစ္ဆာန်ရုံထဲက ကျားပေါက်လေးတွေလည်း ဒီလိုပဲ... ကြီးလာရင် အကုန် တတ်သွားမှာပါ'

ရွှီယန်က ပြန်ပြောလိုက်သည်။

"ဒီကောင်လေးက အခု သင်ယူရမယ့် အရွယ်ရောက်နေပြီ... မိခင်ကျားသစ်မကြီးဆီကနေ ပညာသင်ယူရမှာ... ဒါပေမဲ့ သူက သင်ယူရတာကို သိပ်စိတ်ဝင်စားပုံ မရဘူး... အနာဂတ်ကျရင် အမဲလိုက်တာတောင် တတ်ပါ့မလားလို့ စိုးရိမ်မိတယ်... တကယ်လို့ မိခင်ကျားသစ်မကြီးသာ သူ့ကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ"

ပရိသတ်ဟောင်း တစ်ယောက်က ချက်ချင်းပင် ပြောလာ၏။

'မင်းပဲ မွေးထားလိုက်လေ'

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြုံးရင်း ပြောလိုက်သည်။

"ကျွန်တော်ကတော့ မွေးချင်တာပေါ့... ဒါပေမဲ့ ဥပဒေနဲ့ မညီဘူးလေ... မွေးမယ်ဆိုရင် ရဲစခန်းတို့ သစ်တောဦးစီးဌာနတို့က လူတွေနဲ့ သွားပြောရဦးမှာ... ဒီလိုကိစ္စမျိုးက ပြောရခက်ပါတယ်... သူကိုယ်တိုင် ရှင်သန်နိုင်စွမ်းကို သင်ယူနိုင်မယ်ဆိုရင်တော့ သူ့ဘာသာသူ သင်ယူနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"

ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ကာ တစ်လမ်းလုံး အနောက်သို့ ပြန်လာခဲ့သည်။

ပြန်ရောက်လာချိန်တွင် မိခင်ကျားသစ်မကြီးက အိပ်ပျော်နေဆဲပင် ဖြစ်၏။

ရွှီယန်က အကောင်ပေါက်လေးကို အောက်သို့ ချပေးလိုက်ရာ ကျားသစ်ပေါက်လေးက မိခင်ကျားသစ်မကြီး၏ ခေါင်းရှေ့သို့ ချက်ချင်း ပြေးသွားပြီး ခြေနှစ်ဖက်ဖြင့် မိခင်ကျားသစ်မကြီး၏ ခေါင်းကို နင်းကာ ခန္ဓာကိုယ်ကို ခပ်ဖွဖွ ကိုက်နေတော့သည်။

မိခင်ကျားသစ်မကြီးက ဘာကြောင့် ဒီအကောင်ပေါက်လေးကို ဒီလောက်တောင် စိတ်ရှုပ်နေရသလဲ ဆိုသည်ကို ရွှီယန် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။

တကယ်ကို ဆော့လွန်းလှပေသည်။

မိခင်ကျားသစ်မကြီးက မျက်လုံးဖွင့်လာပြီး အကောင်ပေါက်လေးကို ခါထုတ်လိုက်ကာ ပါးစပ်ကြီးဟ၍ ကိုက်မည့်ဟန် ပြလိုက်၏။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ ဆက်လက် အနားယူနေတော့သည်။

ရွှီယန်က အနားသို့ သွားကာ မိခင်ကျားသစ်မကြီးကို ပွတ်သပ်ပေးလိုက်ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

ယနေ့ လျှောက်လည်ရသည်မှာ လုံလောက်ပြီဖြစ်ရာ ပြန်သင့်ပြီ ဖြစ်၏။

သူက မတ်တတ်ရပ်ကာ အနောက်သို့ ပြန်လျှောက်လာခဲ့ပြီး သူ၏ လက်ထဲတွင် အဝတ်အိတ် တစ်လုံးကို ကိုင်ထားကာ အထဲတွင် မှိုများနှင့် တောဟင်းရွက် အချို့ ပါဝင်သည်။

ယနေ့ သူက တောင်ထွက်ပစ္စည်းများကို သီးသန့် မရှာဖွေခဲ့ဘဲ စားလို့ရသည့် အရာများကို မြင်ပါက ခူးယူလာခဲ့ခြင်းသာ ဖြစ်၏။

တော်တော်လေး ပေါ့ပါးလွတ်လပ်လှပေသည်။

လိုက်ဖ်ထဲတွင် အလွန် စည်ကားနေဆဲပင်။

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

"တောနက်ကြီးထဲက အရမ်း အန္တရာယ်များတယ်... ဒီလိုမျိုး သားရဲတွေရှိတဲ့ တောင်တန်းဆိုရင် ပိုတောင် အန္တရာယ် များသေးတယ်... ကျားတွေ ကျားသစ်တွေ ဝက်ဝံနက်တွေ တောဝက်တွေ အကုန် ရှိတယ်... ဒါကြောင့် အားလုံးပဲ တောနက်ကြီးထဲကို အရမ်းကာရော မဝင်ကြပါနဲ့နော်"

ထိုသို့ ပြောနေစဉ်မှာပင် အဖြူရောင် ငှက်လုံးလုံးလေး နှစ်ကောင်က ရုတ်တရက် ပျံသန်းလာကြသည်။

ဤအကောင်ပေါက်လေး နှစ်ကောင်ကို မမြင်ရသည်မှာ အတော်ကြာပြီဖြစ်ရာ ပြန်တွေ့လိုက်ရသည့်အခါ အလွန် ဝမ်းသာသွားမိ၏။

ရွှီယန်၏ မျက်နှာတွင် အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"မင်းတို့ နှစ်ကောင်ကိုး"

"အားလုံးပဲ ဒီနှစ်ကောင်ကို ကြည့်လိုက်... နှင်းငှက်ကလေးတွေလေ... ကျွန်တော်နဲ့ တော်တော်လေး ရင်းနှီးတယ်... သူတို့ နှစ်ကောင်ကို ကျွန်တော် နာမည်ပေးထားတယ်... တစ်ကောင်က ထန်ယွမ် နောက်တစ်ကောင်က ယွမ်ရှောင် လို့ ခေါ်တယ်"

ရွှီယန်က လက်ကို ဆန့်ထုတ်လိုက်ရာ အဖြူရောင် ငှက်လုံးလုံးလေး နှစ်ကောင်က သူ၏ လက်ဖဝါးပေါ်သို့ တစ်ပြိုင်နက်တည်း ပျံသန်းလာကြသည်။

ယခုအခါ ရွှီယန်၏ လိုက်ဖ်ထဲတွင် အနည်းဆုံး လူ ခြောက်သောင်း ခုနစ်သောင်းခန့်မှာ အသစ်ဝင်လာသော ပရိသတ်များ ဖြစ်ကြပြီး ယခင်က ရွှီယန်၏ လိုက်ဖ်ကို မကြည့်ဖူးခဲ့ကြချေ။

စောစောက ကျားသစ်များကို မြင်လိုက်ရသဖြင့် သူတို့မှာ အလုံအလောက် အံ့အားသင့်နေခဲ့ကြပြီ ဖြစ်၏။

အခုကျတော့ ရွှီယန် လက်ဆန့်ထုတ်လိုက်သည်နှင့် ချစ်စရာကောင်းသော ငှက်ဖြူလေး နှစ်ကောင်က သူ့လက်ထဲသို့ တိုက်ရိုက် လာနားသည် ဟုတ်လား။

'လခွမ်း'

'ဒါက ဘာမှော်ပညာကြီးလဲ'

'သစ်တောရဲ့ သားတော်များလား'

'ဒီလိုမျိုးတောင် ရတယ်ပေါ့'

'နေပါဦး... ဒီလိုက်ဖ်လွှင့်သူက လူပဲ ဟုတ်သေးရဲ့လား... တောင်ပေါ်က နတ်ဘုရားတစ်ပါး မဟုတ်ဘူးဆိုတာ သေချာရဲ့လား'

'လိုက်ဖ်လွှင့်သူက လက်ဆန့်ထုတ်လိုက်တာနဲ့ ငှက်ကလေး နှစ်ကောင်က လာနားတာကို မြင်လိုက်ရတော့ ငါ လုံးဝ ကြောင်အသွားတာပဲ... ဒါက ဘာစွမ်းရည်ကြီးလဲ'

'ဘုရားရေ... ဒီငှက်ကလေးတွေ အရမ်း ချစ်ဖို့ကောင်းတာပဲ... ငါရော မွေးလို့ ရမလား'

'ဟားဟား... လိုက်ဖ်လွှင့်သူက တိရစ္ဆာန်တွေ အများကြီး မွေးထားတာပဲ'

'ယွမ်ရှောင်... ထန်ယွမ်... ဒါ အဓိပ္ပာယ် အတူတူပဲ မဟုတ်ဘူးလား'

'ယွမ်ရှောင်နဲ့ ထန်ယွမ် က မတူဘူးလေ... ထန်ယွမ်က အစာသွတ်ထားတာ... ယွမ်ရှောင်က လုံးထားတာ'

ကွန်မန့်များက နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။

ရွှီယန်က ငှက်လုံးလုံးလေး နှစ်ကောင်ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။

မတွေ့ရတာ ကြာပြီဖြစ်သော်လည်း သူတို့က ပို၍ပင် ဝိုင်းစက်လာကြသည်။

သို့သော် ဤငှက်လုံးလုံးလေးများမှာ အမွေးအမှင်များ များပြားသဖြင့် အပြင်ပန်းတွင်သာ ဝနေပုံပေါက်ပြီး ခန္ဓာကိုယ် အလေးချိန်ကတော့ အတော်လေး ပေါ့ပါးလှပေသည်။

လက်ထဲတွင် ဆုပ်ကိုင်ထားသော်လည်း ဘာအလေးချိန်မှ မခံစားရချေ။

သူက အကောင်ပေါက်လေး နှစ်ကောင်ကို မြှောက်ပြကာ မိတ်ဆက်လိုက်သည်။

"ဒါက ချန်ပိုင်တောင်တန်းမှာ အချစ်စရာအကောင်းဆုံး ငှက်ကလေးတွေပဲ... အရေအတွက်လည်း အတော်လေး များတယ်... ကျွန်တော်တို့ဘက်မှာ ငှက်အမျိုးအစားတွေ အများကြီး ရှိပေမယ့် ကျွန်တော် အကြိုက်ဆုံးကတော့ ဒီနှင်းငှက်ကလေးတွေပဲ... ဒီနှစ်ကောင်လည်း အတူတူပဲ... သူတို့ကို သစ်သီးလေးတွေ ကျွေးဖူးလို့ ကျွန်တော်နဲ့ တော်တော်လေး ရင်းနှီးနေတာ"

ချစ်စရာကောင်းသော ငှက်ကလေးများက ကင်မရာ မြင်ကွင်းထဲတွင် ပေါ်လာကြသည်။

အင်တာနက်သုံးစွဲသူများ မြင်တွေ့လိုက်ရသောအခါ အသည်းယားလွန်းသဖြင့် ရင်ထဲတွင်ပင် အရည်ပျော်ကျသွားလုမတတ် ခံစားလိုက်ကြရ၏။

ယနေ့ လိုက်ဖ်က မိတ်ဟောင်းဆွေဟောင်းများကို သွားကြည့်ရုံ သက်သက်သာ ဖြစ်သော်လည်း ရွှီယန်၏ ပရိသတ် အရေအတွက် တိုးပွားလာစေရန်အတွက်တော့ အလွန် ကြီးမားသော အထောက်အကူ ဖြစ်စေခဲ့ပေသည်။

လူအများစုက ယခင်က ရွှီယန်အကြောင်းကို လုံးဝ မသိခဲ့ကြဘဲ အလွန်ဆုံး သူ၏ ဗီဒီယို အချို့ကိုသာ ကြည့်ဖူးခဲ့ကြခြင်း ဖြစ်သည်။

ဤတစ်ကြိမ် လိုက်ဖ်ထဲသို့ ဝင်ရောက်လာခြင်းမှတစ်ဆင့် ရွှီယန်၏ ဆွဲဆောင်မှုအောက်သို့ လျင်မြန်စွာ ကျရောက်သွားကြပြီး သူ၏ ပရိသတ်များ ဖြစ်လာခဲ့ကြ၏။

ထို့နောက် ရွှီယန်က တောင်ပေါ်မှ ထွက်တော့မည်ကို မြင်သောအခါ လိုက်ဖ်ထဲမှ ပရိသတ်များကို နှုတ်ဆက်လိုက်ပြီး လိုက်ဖ်ကို ပိတ်လိုက်သည်။

ဤလိုက်ဖ်ကလည်း အတော်လေး စည်ကားခဲ့၏။

အချိန်အများစုတွင် လူဦးရေ တစ်သိန်းကျော် ရှိနေခဲ့သည်။

စုဆောင်းရရှိသော ကျော်ကြားမှုရမှတ်များကလည်း နည်းပါးမည် မဟုတ်ချေ။

အပြန်လမ်းတွင် ရွှီယန်က စိုက်ပျိုးရေးတက္ကသိုလ်၏ စမ်းသပ်စိုက်ခင်းဆီသို့ အကြုံဝင်၍ လေ့လာကြည့်ရှုလိုက်သည်။

ဝူခိုင်တို့ လူတစ်စု စမ်းသပ်စိုက်ခင်းရှေ့တွင် ဝိုင်းအုံကာ ဘာလုပ်နေကြမှန်း မသိရသော်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်ကို သူ မြင်လိုက်ရ၏။

ထိုအချိန်တွင် ဝူခိုင်က ရွှီယန်ကို သတိထားမိသွားသည်။

"ခြံပိုင်ရှင်ကြီး... တောင်ပေါ်က ပြန်ရောက်လာပြီလား"

ဝူခိုင်က လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

၎င်းကို မြင်သောအခါ အခြား လူအချို့ကလည်း ရွှီယန် ရှိရာဘက်သို့ ဝိုင်းအုံလာကြ၏။

"ခြံပိုင်ရှင်ကြီး... ခင်ဗျားက တကယ်ကို သတ္တိကောင်းတာပဲ... တောရိုင်း အရှေ့မြောက် ကျားဝါကြီးကိုတောင် ကိုင်ရဲတယ်... အခု တိရစ္ဆာန်သိပ္ပံ မေဂျာဘက်က လူတွေ အများကြီးက ခင်ဗျားကို တိရစ္ဆာန် နတ်ဘုရားဆိုပြီး ကိုးကွယ်နေကြတယ်... ခင်ဗျားကို ကိုးကွယ်ရင် စာမေးပွဲ မကျဘူးတဲ့"

ကျောင်းသားတစ်ယောက်က ရွှီယန်ကို ပြောလိုက်သည်။

"ဟင်"

ရွှီယန် အနည်းငယ် ကြောင်အသွားသည်။

'နည်းနည်းတော့ လွန်လွန်းနေပြီ'

"မင်းတို့ စိုက်ထားတဲ့ အခင်းက တော်တော်လေး အဆင်ပြေနေတယ်လို့ မြင်လို့ လာကြည့်တာပါ"

ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဒါပေါ့ ခြံပိုင်ရှင်ကြီးရာ... ကျွန်တော့်ရဲ့ ပြောင်းဖူးခင်းကိုပဲ ကြည့်လေ... ပြောင်းဖူးပင်တွေ လဲကျနေတယ် ဆိုပေမယ့် အများစုက ပြောင်းဖူးတွေ ထွက်နေပြီ... ဒီနှစ်တော့ သေချာပေါက် ရိတ်သိမ်းလို့ ရပြီပဲ... စာမေးပွဲ ပြီးရင်တော့ ဒီခရက်ဒစ်ကို သေချာပေါက် ရမှာပဲ"

ဝူခိုင်က အနည်းငယ် ကြွားလုံးထုတ်ကာ ပြောလိုက်သည်။

ဝူခိုင် စိုက်ပျိုးထားသည်မှာ မျိုးစိတ်သစ် ဖြစ်သော ဖန်ရတနာ ပြောင်းဖူးဖြစ်ပြီး စားသုံးရန်ထက် အလှဆင်ရန်အတွက် ပို၍ တန်ဖိုးရှိပေသည်။

ရွှီယန်လည်း အနည်းငယ် စိုက်ပျိုးထား၏။

"ကံကောင်းပါစေကွာ"

ရွှီယန်က အံ့ဩသွားပြီး ပြုံးရင်း ပြန်ဖြေလိုက်သည်။

'လဲကျနေတဲ့ ပြောင်းဖူးပင်တွေက ပြောင်းဖူးသီး ထွက်လာတာ တကယ်ကို ထူးဆန်းတာပဲ... ဓာတ်မြေဩဇာ အများကြီး သုံးထားလို့ အာဟာရဓာတ်တွေ လုံလောက်ပြီး ပြောင်းဖူးတွေ ကြီးထွားလာနိုင်တာ ဖြစ်ရမယ်... စိုက်ပျိုးရေး လုပ်ငန်းမှာ ဘယ်လို အခြေအနေမျိုးမဆို ဖြစ်ပေါ်လာနိုင်တာပဲလေ'

ပြောင်းဖူးအကြောင်း ပြောလိုက်ရသဖြင့် သူလည်း ကိုယ်တိုင် စိုက်ပျိုးထားသော ပြောင်းဖူးများကို ပြန်သွားကြည့်ချင်စိတ် ပေါ်လာတော့သည်။

ပုံမှန်အားဖြင့် ပြောင်းဖူးများမှာ သုံးလခန့်ဆိုလျှင် ရင့်မှည့်ပြီ ဖြစ်၏။

ယခု သူ စိုက်ပျိုးထားသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ရာ အခြေခံအားဖြင့် အသီးအပွင့်များကို မြင်တွေ့နိုင်လောက်ပြီ ဖြစ်သည်။

ရွှီယန်၏ စိတ်ထဲတွင် လယ်ယာခြံဝင်း ဖွံ့ဖြိုးတိုးတက်ရေးက သူ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းပင် ဖြစ်၏။

ထို့ကြောင့် သူက အလွန် ဂရုစိုက် အာရုံစိုက်ထားပေသည်။

All Chapters