အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) အဓိပ္ပာယ်မရှိတဲ့ ရတနာရှာဖွေရေး တာဝန်ကြီး
တောင်ပေါ်ကနေ တူးလာတဲ့ သက်တမ်းရင့် တောရိုင်းဂျင်ဆင်းကို ယွမ် နှစ်သိန်းနဲ့ ရောင်းလိုက်ရသည်။
အခုတော့ ရွှီယန်က တကယ့်ကို သူဌေးပေါက်စလေး တစ်ယောက် ဖြစ်နေပြီပင်။
စုဆောင်းငွေ ရှိလာတော့ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေတော့သည်။
ငွေက အရာရာကို မဖန်တီးနိုင်ဘူးလို့ ဆိုကြပေမယ့် ငွေရှိတဲ့ ခံစားချက်က တကယ်ကို ကောင်းမွန်လှသည်။
သူက ကိုယ့်လယ်ယာခြံဝင်းကို ကြည့်ရင်း အခြေအနေကို အရင် စောင့်ကြည့်ဖို့နဲ့ အလောတကြီး ခြံမချဲ့ဖို့ ရည်ရွယ်လိုက်သည်။
ဒီနှစ်တော့ စမ်းသပ်ကြည့်ပြီး အခြေအနေကို ကြည့်ပြီးမှ ဆက်လုပ်မည် ဖြစ်၏။
နောက်ရက်တွေမှာလည်း အတော်လေး အလုပ်များနေဦးမည် ဖြစ်ပြီး သီးနှံပင်ပေါက်လေးတွေ ထွက်လာပြီဖြစ်လို့ မြေဩဇာကျွေးတာ... ပေါင်းသင်တာနဲ့ ပိုးသတ်တာတွေ လုပ်ရဦးမည် ဖြစ်သည်။
တစ်ခါတလေ လိုက်ဖ်လွှင့်ရင်း ဘဲတွေကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားပြီး တိရစ္ဆာန်ဈေးက နွား... သိုးနဲ့ မြင်းတွေကို သွားကြည့်ရဦးမည်။
ရွှီယန်က တစ်ခုခု ထပ်မွေးဖို့ ရည်ရွယ်ထားသည်။
နွားနဲ့ သိုးက လောလောဆယ် မလိုအပ်သေးပေမယ့် မြင်းတစ်ကောင်တော့ မွေးလို့ ရနိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် လယ်ယာခြံဝင်း အနောက်ဘက်မှာ မြေကွက်လပ် အကြီးကြီး ကျန်နေသေးပြီး မြေပြင်ကလည်း ညီညာတော့ မြင်းစီးပြီး လမ်းလျှောက်ထွက်လို့ ကောင်းပေသည်။
'လောလောဆယ် စုစုပေါင်း ကျော်ကြားမှုရမှတ်က ရှစ်သိန်းကိုးသောင်း ရှိနေပြီပဲ'
'မနက်ဖြန်ဆိုရင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ရဲ့ အကြိမ်အရေအတွက်လည်း ငါးကြိမ် ပြည့်တော့မယ်'
'တောနက်ထဲကို နည်းနည်း ထပ်ဝင်ပြီး ရတနာရှာဖွေရေး တာဝန်တစ်ခုလောက် လဲလှယ်ပြီး စမ်းကြည့်ရမလား'
ညဘက်တွင် ရွှီယန်က စိတ်ထဲမှ တွေးနေလိုက်သည်။
တာဝန်လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းပြီး ဆုလာဘ်တွေကလည်း ပိုကောင်းပေသည်။
လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် အပြင်ဘက် ဧရိယာတွေမှာ တောရိုင်းဂျင်ဆင်းက လုံးဝ မရှိသလောက် ဖြစ်နေပြီဖြစ်ပြီး တောနက်ကြီးထဲ သွားမှသာ ရနိုင်တော့မည် ဖြစ်သည်။
ရွှေမှို... ခေါင်းကြီးမှိုနဲ့ ဖန်ရွက် လိုမျိုး သာမန် တောင်ထွက်ပစ္စည်းတွေကို ရှာရတာက တာဝန်တစ်ခု လုပ်ရသလောက်တော့ တကယ် မတန်လှပေ။
နည်းနည်း ပိုကောင်းတာဆိုလို့ ဘုချ်မှိုလောက်ပဲ ရှိပေမယ့် ဘုချ်သစ်တောတွေက တော်တော်လေး ဝေးတဲ့ နေရာတွေမှာ ရှိနေသည်။
'မနက်ဖြန် တောထဲသွားပြီး ရတနာရှာဖွေရေး တာဝန်တစ်ခု သွားလုပ်မယ်'
'နောက်ကျောတောင်ပေါ် သွားပြီး အတွင်းဘက်ကို နည်းနည်း ဝင်သွားရမယ်'
ရွှီယန်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
နောက်တစ်နေ့... သာယာကြည်လင်သော နေ့တစ်နေ့ ဖြစ်ပေသည်။
ရွှီယန်က စောစောစီးစီးပင် ကျောပိုးအိတ်ကို လွယ်ကာ ကောက်ရိုးဦးထုပ်ကို ဆောင်း၍ တောင်ပေါ်သို့ တက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ အတော်လေး ဝေးဝေး လျှောက်ရမည် ဖြစ်၏။
မူလက ကျားသစ်ပေါက်လေးကို ခေါ်သွားချင်ခဲ့ပေမယ့် ဖြတ်သွားတဲ့အချိန်မှာ ကျားသစ် နှစ်ကောင်ကို မတွေ့ခဲ့ရဘဲ အမဲလိုက်ထွက်သွားတာ ဒါမှမဟုတ် နယ်မြေကို လှည့်လည်စစ်ဆေးဖို့ ထွက်သွားတာ ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ရွှီယန် တစ်ယောက်တည်းသာ တောနက်ထဲသို့ ဝင်လာခဲ့သည်။
လိုက်ဖ်ကိုလည်း တစ်ပြိုင်နက်တည်း ဖွင့်ထားပြီး လိုက်ဖ်ကြည့်ရှုသူ အရေအတွက်ကလည်း များပြားနေသည်။
"လောင်ရွှီ... တောနက်ကြီးထဲ ထပ်ဝင်သွားပြန်ပြီလား"
"လိုက်ဖ်လွှင့်သူကြီး တောင်ပေါ်မှာ စွန့်စားခန်း သွားလုပ်တာကို ကြည့်ရတာ အရမ်း သဘောကျတာပဲ"
အင်တာနက်သုံးစွဲသူ အတော်များများက ရွှီယန်ကို နှုတ်ဆက်လာကြသည်။
"တောင်ပေါ် မတက်ဖြစ်တာ ရက်အတော်ကြာပြီမို့ ဒီနေ့ တောနက်ထဲ နည်းနည်း ဝင်ပြီး လှည့်ပတ်ကြည့်မလို့ပါ"
"ရှုခင်းတွေကိုလည်း ကြည့်ရင်း တောင်ထွက်ပစ္စည်းတွေလည်း ရှာရင်းပေါ့"
"ကျွန်တော်က နည်းနည်း ပျင်းနေတာ... ပရော်ဖက်ရှင်နယ် တောတောင်ရှာဖွေသူတွေက ရာသီဥတု ကောင်းရင် နေ့တိုင်း တောင်ပေါ်တက်လေ့ ရှိကြတယ်"
"ငွေရှာရတာလည်း မလွယ်ပါဘူး... ဒီလိုနေရာမျိုးမှာ တခြား အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိတော့ တောင်ကို မှီခိုပြီး အသက်မွေးရတာပဲလေ"
ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။
လမ်းတစ်လျှောက် အထဲသို့ ဆက်လျှောက်သွားသည်။
နေရာတိုင်းတွင် သစ်တောထူထပ်ပြီး မြက်ပင်ရှည်ကြီးများ ရှိနေသည်။
တစ်ခါတစ်ရံတွင် ဒရယ်ပြောက် အချို့ ပေါ်လာတတ်ပြီး ရွှီယန်ကို မြင်သောအခါ အမြီးလေးများ ထောင်ကာ လန့်ဖျပ်ပြီး ကပျာကယာ ထွက်ပြေးသွားတတ်ကြ၏။
ရွှီယန်က နေရာတစ်ခုကို သေချာ ရွေးချယ်ပြီး အခြေအနေ ကောင်းသည်ဟု ထင်ရသောအခါ ရတနာရှာဖွေရေး တာဝန်ကို လဲလှယ်ရန် ရွေးချယ်လိုက်သည်။
သံလိုက်အိမ်မြှောင်က ပတ်ဝန်းကျင်ကို တစ်ပတ် စကင်ဖတ်ပြီးနောက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
'လက်ရှိ ဧရိယာတွင် ရတနာရှာဖွေရေး တာဝန် ပေါ်ပေါက်စေနိုင်သော သက်ရှိများကို မတွေ့ရှိပါ'
ဤအသိပေးချက်က ရွှီယန်၏ ခန့်မှန်းချက်များကို ကျော်လွန်နေခဲ့သည်။
ထို့ကြောင့် သူက တောနက်ထဲသို့ ဆက်လက် လျှောက်သွားခဲ့သည်။
တောင်ကုန်းနှင့် ရေတံခွန်များ ရှိသော သာယာလှပသည့် နေရာတစ်ခုသို့ ရောက်သောအခါ ရွှီယန်က ရတနာရှာဖွေရေး တာဝန်ကို နောက်တစ်ကြိမ် လဲလှယ်ရန် ရွေးချယ်လိုက်သည်။
'ရတနာရှာဖွေရေး တာဝန် ပေါ်ပေါက်ပါပြီ... အမည်... ဝက်ဝံနက်၏ အချစ်ရှာခရီးစဉ်'
'တာဝန် သတ်မှတ်ချက်... ဩဂုတ်လသည် ဝက်ဝံနက်များ မျိုးပွားရန်အတွက် နောက်ဆုံး အချိန်ဖြစ်သည်... အထီးဝက်ဝံနက် တစ်ကောင်သည် အမဝက်ဝံနက် တစ်ကောင်အား ပိုးပန်းနေပါသည်... စနစ်ပိုင်ရှင်အနေဖြင့် ထိုဝက်ဝံနက်၏ အချစ်ရေး အောင်မြင်စေရန် ကူညီပေးပါ'
'တာဝန် ဆုလာဘ်... ကျွမ်းကျင်မှု... အဆင့်မြင့် သစ်ပင်တက် ကျွမ်းကျင်မှု'
'ပံ့ပိုးပေးသော ကိရိယာ... အရသာရှိသော ရေချိုငါး... ဝက်ဝံနက်များ အနှစ်သက်ဆုံး... လဲလှယ်ရန်အတွက် လူကြိုက်များမှုရမှတ် ၁၀၀၀ ကုန်ကျမည် ဖြစ်ပါသည်'
တာဝန်ကို မြင်လိုက်ရသောအခါ ရွှီယန် လုံးဝ ထုံကျဉ်သွားတော့သည်။
'နေပါဦး... ဒီတာဝန်ကို ပြန်ဖျက်လို့ ရမလား'
'ဘာနိုင်ငံတကာ နောက်လုံးကြီးလဲ'
'ဝက်ဝံနက် ပိုးပန်းနေတာကို ငါက ကူညီပေးရမယ်'
'ငါက ဘယ်လို ကူညီပေးရမှာလဲ'
'သူတို့နှစ်ကောင် ချစ်ရည်လူးပြီး လိုက်တမ်းပြေးတမ်း ကစားနေတဲ့ အချိန်မှာ ငါက အနောက်ကနေ ပြေးပြီး ဖင်သွားတွန်းပေးရမှာလား'
တာဝန်က ဤမျှလောက် အဓိပ္ပာယ်မဲ့လိမ့်မည်ဟု ရွှီယန် လုံးဝ ထင်မထားခဲ့ပေ။
ချန်ပိုင်တောင်တန်းတွင် ဝက်ဝံနက် အတော်များများ ရှိသည်။
ဤတောင်တန်းကြီးတွင် တိရစ္ဆာန် သယံဇာတများ အလွန် ပေါကြွယ်ဝပြီး နိုင်ငံတော်အဆင့် တစ်... အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ အားလုံး ရှိနေကြသည်။
ဥပမာ နှင်းခွေး... တောကြက်... မြေခွေး စသည်တို့ကို နေရာတိုင်းတွင် တွေ့နိုင်ပေသည်။
ခရီးသွားများပင်လျှင် ခရီးသွား ဧရိယာထဲတွင် ၎င်းတို့ကို မြင်တွေ့နိုင်ကြသည်။
ဝက်ဝံနက်များကိုလည်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ၏ တောတွင်း ကင်မရာများတွင် မကြာခဏ မြင်တွေ့ရတတ်သည်။
တစ်ခါတစ်ရံ ဝက်ဝံနက် လေးကောင်ခန့် အတူတကွ သွားလာနေတတ်ကြပြီး သင်္ကန်းခိုးလာသူများကဲ့သို့ ကလိမ်ကကျစ် ပုံစံမျိုးဖြင့် တွေ့ရတတ်သည်။
တာဝန်ကတော့ တကယ်ကို အဓိပ္ပာယ်မဲ့လှသည်။
သို့သော် ရွှီယန်က စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဆုလာဘ်ကတော့ မဆိုးလှပေ... အဆင့်မြင့် သစ်ပင်တက် ကျွမ်းကျင်မှုက တောင်တက်ရာတွင် သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မည်။
'စမ်းကြည့်လို့ ရပါတယ်... ဝက်ဝံနက်တွေက လူစကား နားလည်တဲ့ တိရစ္ဆာန်တွေ ဖြစ်ပြီး သူတို့ကို ဒေါသမထွက်အောင် လုပ်ရင် ဘာမှ မလုပ်ပါဘူး'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ဝက်ဝံနက်များက အလွန် ဉာဏ်ကောင်းပြီး ဝံပုလွေများထက်ပင် ယဉ်ပါးအောင် လုပ်ရ ပိုလွယ်ကူသည်။
အင်တာနက်တွင် နာမည်ကြီးနေသော ဝံပုလွေတစ်ကောင်က ကားလမ်းမပေါ်တွင် မုန့်တောင်းစားနေချိန်၌ ဝက်ဝံနက်များကမူ တိရစ္ဆာန်ရုံထဲတွင် လူများကို လက်ပြနှုတ်ဆက်ရန်ပင် သင်ယူတတ်မြောက်နေပြီ ဖြစ်၏။
ဝက်ဝံနက်များ၏ ခန္ဓာကိုယ် အရွယ်အစားက သိပ်မကြီးမားသဖြင့် လူကို သိပ်ပြီး အန္တရာယ် မပြုတတ်ကြပေ။
သို့သော် ဝက်ဝံနက်မ က ကလေးများနှင့် ရှိနေချိန်တွင်မူ အလွန် ကြမ်းတမ်းတတ်ကြသည်မို့ ဝက်ဝံနက် ကလေး လေးငါးကောင်နှင့်အတူ ရှိနေသော ဝက်ဝံနက်မ ကို မြင်ပါက လုံးဝ အနားမကပ်သင့်ပေ။
ရွှီယန်က တာဝန် ပေါ်လာသည့် နေရာသို့ အလျင်အမြန် သွားလိုက်သည်။
အင်တာနက်သုံးစွဲသူများကတော့ ဘာဖြစ်လာမည်ကို မသိကြသော်လည်း ရွှီယန်ကတော့ အခြေအနေကို ကောင်းကောင်းကြီး သိနေသည်။
ဤတာဝန်ကို မည်သို့ ပြီးမြောက်အောင် လုပ်ရမည်ကို သူ စဉ်းစားနေ၏။
'ပုံမှန်အားဖြင့် ဇူလိုင်နဲ့ ဩဂုတ်လတွေက ဝက်ဝံနက်တွေ မျိုးပွားတဲ့ ရာသီပဲ... ဒါမှ နောက်နှစ် နွေဦးရာသီမှာ ဝက်ဝံပေါက်လေးတွေ မွေးဖွားလာရင် ကြီးထွားဖို့ လုံလောက်တဲ့ အချိန် ရမှာလေ'
'အခု ဩဂုတ်လတောင် ရောက်နေပြီ... ဒီဝက်ဝံနက်က မိန်းမ မရသေးဘူးဆိုတော့ နည်းနည်းတော့ တုံးတာပဲ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ထိုသို့ တွေးမိသောအခါ သူက မတတ်နိုင်စွာဖြင့် နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။
'နေပါဦး... ငါကိုယ်တိုင်က လူပျိုကြီး ဖြစ်နေတာကို တခြားကောင် မိန်းမ ရအောင် သွားကူပေးရဦးမယ်'
'နည်းနည်းတော့ လွန်တာပဲ'
ဆယ်မိနစ်ခန့် လျှောက်သွားပြီးနောက် သိပ်မကြာခင်မှာပင် ရွှီယန်သည် ဝက်ဝံနက် နှစ်ကောင် လှုပ်ရှားနေသော နေရာသို့ ရောက်ရှိသွားသည်။
"ဟိုမှာ ကြည့်လိုက်... ဟိုဘက်မှာ ဝက်ဝံတွေ ရှိတယ်"
ရွှီယန်က အရှေ့ဘက်ကို လက်ညှိုးထိုးပြရင်း အနည်းငယ် အံ့အားသင့်ဟန်ဖြင့် လိုက်ဖ်ထဲမှ ပရိသတ်များကို ပြောလိုက်သည်။
"ဝက်ဝံလား... ဘယ်မှာလဲ"
"ဝိုး... တကယ်ကြီး ဝက်ဝံတွေပဲ... နှစ်ကောင်တောင်"
"လောင်ရွှီ... မင်း သူတို့ကို သင်္ကန်းခိုးဖို့များ မေးမလို့လား"
"ဟားဟား... တောထဲမှာ တကယ် စိတ်လှုပ်ရှားစရာ ကောင်းတာပဲ"
လိုက်ဖ် မြင်ကွင်းထဲတွင် သစ်ပင်သိပ်မရှိဘဲ မြက်ပင်များ ထူထပ်နေသော နေရာတစ်ခုကို တွေ့ရပြီး ထိုနေရာတွင် ဝက်ဝံနက် နှစ်ကောင်က အကွာအဝေး တစ်ခုခြားကာ လိုက်တမ်းပြေးတမ်း ကစားနေကြသည်ကို မြင်တွေ့ရသည်။
အနောက်မှ လိုက်နေသော အထီးဝက်ဝံနက်က အနည်းငယ် တုံးအအဖြစ်နေပြီး ခေါင်းကို ခါရမ်းကာ ခန္ဓာကိုယ်ကို လှုပ်ယမ်း၍ မိမိကိုယ်ကိုယ် အစွမ်းကုန် ပြသနေသည်။
အရှေ့မှ အမဝက်ဝံနက်ကတော့ နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး ဘာမှ စိတ်ဝင်စားဟန် မပြဘဲ ရှေ့သို့သာ ဆက်လျှောက်သွားနေ၏။
ရွှီယန်က အခြေအနေကို သေချာ ကြည့်လိုက်သည်။
'ဒီတာဝန်က တော်တော်လေး ခက်ခဲမယ့် ပုံပဲ'
'အမဝက်ဝံနက်က အထီးဝက်ဝံနက်ကို သဘောမကျရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးသာ ဖြစ်မှာပဲ'
လိုက်ဖ်ထဲတွင်တော့ အတော်လေး စည်ကားနေသည်။
အားလုံးက ဝက်ဝံနက်များကို မြင်တွေ့ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။
"ဒါက ဝက်ဝံကြီးတွေ ဝက်ဝံလေးတွေ ခေါင်းတုံးပြောင်ကို တားဆီးဖို့ သွားနေတာလား"
"ဝက်ဝံကြီးနဲ့ ဝက်ဝံလေးက ဝက်ဝံညိုတွေလေ... ဒီနှစ်ကောင်က ဝက်ဝံနက်တွေ... မျိုးစိတ်ချင်း မတူဘူး"
"အစစ်အမှန် အရှေ့မြောက် ဝက်ဝံနက်တွေပဲ... ဒီအကောင်တွေက တောထဲမှာ တော်တော် ပေါတယ်"
ရွှီယန်က အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ဝက်ဝံနက် နှစ်ကောင်၏ အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။
"အနောက်က ဝက်ဝံနက်က ပိုးပန်းနေတာ ဖြစ်ရမယ်... ဝက်ဝံနက်တွေက အသံပြုပြီးတော့ဖြစ်ဖြစ် အမူအရာတွေနဲ့ဖြစ်ဖြစ် ကိုယ့်ရဲ့ ခွန်အားနဲ့ မျိုးပွားချင်တဲ့ ဆန္ဒကို ပြသလေ့ ရှိကြတယ်"
"ဒီရာသီက ဝက်ဝံနက်တွေ မျိုးပွားတဲ့ ရာသီပဲလေ"
"သူက မိန်းမ ရှာနေတာကိုး"
"ဒါပေမဲ့ အခြေအနေကို ကြည့်ရတာ ရှေ့က အမဝက်ဝံနက်က သူ့ကို လုံးဝ စိတ်မဝင်စားတဲ့ ပုံပဲ"
ရွှီယန်၏ ရှင်းပြချက်ကြောင့် အားလုံးက စိတ်ဝင်စားသွားကြသည်။
လူအများစုက ဤသည်မှာ သစ်တောထဲတွင် ပြေးလွှားနေသော ဝက်ဝံ နှစ်ကောင်သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြ၏။
ရွှီယန်၏ ရှင်းပြချက်ကို ကြားလိုက်ရမှသာ ဤအထဲတွင် အခြား အဓိပ္ပာယ်များ ရှိနေမှန်း သိသွားကြတော့သည်။
"ပိုးပန်းနေတာလား"
"ဆွဲဆောင်မှုရှိတဲ့ ဝက်ဝံနက်... အွန်လိုင်းကနေ အချစ်ရေး ကမ်းလှမ်းနေသည်"
ရွှီယန်က အရှေ့ဘက်ကို လှမ်းကြည့်လိုက်ရာ အထီးဝက်ဝံနက်က အမဝက်ဝံနက်၏ ဘေးသို့ ပြေးသွားပြီး အဆက်မပြတ် အော်ဟစ်ကာ ကခုန်နေသည်ကို တွေ့လိုက်ရသည်။
အမဝက်ဝံနက်က သူ့ကို တစ်ချက် လှည့်ကြည့်ပြီးနောက် ရှေ့သို့သာ ဆက်လက် ထွက်ခွာသွားသည်။
"ဒီအကောင်က တော်တော်လေး တုံးတာပဲ"
"ဒါပေမဲ့ ကျွန်တော်လည်း ဝက်ဝံတွေရဲ့ ဘာသာစကားကို နားမလည်တော့ အထီးဝက်ဝံနက်မှာ တခြားနည်းလမ်း မရှိတာလည်း ဖြစ်နိုင်ပါတယ်"
"ကြည့်ရတာ ဒီအကောင်လေး ပိုးပန်းတာ မအောင်မြင်မယ့် ပုံပဲ"
ရွှီယန်က မှတ်ချက်ပေးလိုက်သည်။
ရွှီယန်၏ ရှင်းပြချက်ကြောင့် အင်တာနက်သုံးစွဲသူများလည်း အခြေအနေကို ရိပ်မိသွားကြသည်။
ဝက်ဝံနက်က ပိုးပန်းနေခြင်း ဖြစ်သည်။
ဤသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
တိုက်ရိုက်ထုတ်လွှင့်သည့် တိရစ္ဆာန်ကမ္ဘာ ကဲ့သို့ဖြစ်နေသဖြင့် လူများကို ပိုမို စိတ်လှုပ်ရှားလာစေသည်။
"ဟားဟား... ငါလည်း သဘောပေါက်သွားပြီ... အမဝက်ဝံနက်က သူ့ကို လုံးဝ စိတ်မဝင်စားဘူး"
"ဝက်ဝံနက်တွေလည်း ရည်းစားမရနိုင်ဘူး ဆိုတာ အခုမှ သိတော့တယ်"
"ဒါက လိုချင်အောင် လုပ်နေတာ... တောက်လျှောက် လိုက်ကပ်နေလို့ မရဘူး"
"တစ်ဖက်လူနဲ့ အဆက်အသွယ် ဖြတ်ထားဖို့ လိုတယ်... ကိုယ့်ရဲ့ လိုချင်စိတ်ကို မပြမိစေနဲ့"
"နေပါဦး... ကွန်မန့်ထဲက လူပျိုကြီးတွေက ဝက်ဝံနက်ကို ရည်းစားထားဖို့တောင် သင်ပေးနေကြပြီလား"
"ငါ့သူငယ်ချင်း တစ်ယောက်တော့ ရင်ကွဲသွားပြီ... မင်းကို လာရိုက်တော့မယ်နော်"
ရွှီယန်က အနောက်မှ တိတ်တဆိတ် လိုက်သွားပြီး အခွင့်အရေးကို စောင့်ကြည့်နေသည်။
သို့သော် သူက အရသာရှိသော ငါးလေးများကို အသုံးပြု၍ ဝက်ဝံ နှစ်ကောင်ကို မည်သို့ ပေါင်းစပ်ပေးရမည်ကိုတော့ မသိသေးပေ။
"ကျွန်တော် အနောက်ကနေ လိုက်သွားကြည့်ဦးမယ်... ဒီအထီးဝက်ဝံနက်ကို ကြည့်ရတာ သနားစရာလေး... သူ လိုချင်တဲ့ အမဝက်ဝံနက်လေးကို ရသွားဖို့ မျှော်လင့်ပါတယ်"
"အားနေတာပဲ... လိုက်ကြည့်ရတာပေါ့"
ရွှီယန်က အနောက်တွင် ပုန်းကွယ်လျက် တိတ်တဆိတ် လိုက်သွားရင်း ရိုက်ကူးနေသည်။
အင်တာနက်သုံးစွဲသူများလည်း သဘောကျသွားကြသည်။
"လောင်ရွှီ... မင်းက တောတွင်း ဓာတ်ပုံဆရာ မလုပ်တာ တကယ် နှမြောစရာပဲ"
"ငါ့အကြံပြုချက်ကတော့ မျက်နှာကို တည့်တည့် ရိုက်လိုက်ပါ"
"ဒီလိုမျိုး သေရမှာ မကြောက်တဲ့ လိုက်ဖ်လွှင့်သူတွေကို ငါ သဘောကျတယ်"
"သူက သစ်တောထဲမှာ ဝက်ဝံနက်တွေကို လိုက်ချောင်းနေတယ် ဟုတ်လား... ငါ ရူးသွားတာလား... ဒါမှမဟုတ် ကမ္ဘာကြီး ရူးသွားတာလား"
ရွှီယန်က ဝက်ဝံနက် နှစ်ကောင်၏ အနောက်မှ တောက်လျှောက် လိုက်လာခဲ့သည်။
သိပ်မကြာခင်မှာပင် ရှေ့တွင် မြစ်တစ်စင်း ပေါ်လာသည်။
အမဝက်ဝံနက် သွားလိုသော နေရာမှာ ဤမြစ်ပင် ဖြစ်ပုံရ၏။
"သြော်... အမဝက်ဝံနက်က ဗိုက်ဆာလို့ အစာစားချင်နေတာပဲ"
"ဒီအချိန်မှာ သူက အထီးဝက်ဝံနက်နဲ့ ပိုးပန်းဖို့ စိတ်မဝင်စားတာ မဆန်းပါဘူး"
"ဒီအထီးဝက်ဝံနက်က တုံးလိုက်တာ... ငါးလေး နည်းနည်းတောင် ဖမ်းမပေးဘဲ လက်ချည်းသက်သက်နဲ့ အရူးလုပ်နေတာကိုး"
"ဒါကြောင့် အမဝက်ဝံနက်က သူ့ကို အဖက်မလုပ်တာကိုး"
ရွှီယန်က အခြေအနေကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
သစ်တောထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သဖြင့် တိရစ္ဆာန်များ၏ အခြေအနေကို သူက ကောင်းကောင်းကြီး သိရှိနေသည်။
ဤသည်မှာ အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခုပင် ဖြစ်၏။
လိုက်ဖ်ထဲရှိ ပရိသတ်များကလည်း ရွှီယန်၏ ရှင်းပြချက်ကို နားထောင်ရင်း သဘောပေါက်သွားကြသည်။
"ဒီလိုကိုး... ဒါကြောင့်များ မအောင်မြင်တာပေါ့"
"သနားစရာ အထီးဝက်ဝံနက်လေး... ကိုယ်က လှည့်စားခံနေရမှန်းတောင် မသိဘူး"
အားလုံးက ပို၍ပို၍ ပျော်ရွှင်လာကြသည်။
ရွှီယန်က မနီးမဝေးရှိ သစ်တောထဲတွင် ရပ်ကာ ဝက်ဝံနက် နှစ်ကောင်ကို ကြည့်နေလိုက်သည်။
ထိုအထီးဝက်ဝံနက်ကို အချစ်ရေး ကမ်းလှမ်းမှု အောင်မြင်အောင် မည်သို့ ကူညီပေးရမည်ကို သူ စဉ်းစားနေ၏။
'ဒီနေ့တော့ ထူးထူးဆန်းဆန်းတွေချည်း လုပ်နေရတာပဲ'
'တခြားလူတွေဆိုရင် တောထဲမှာ ဝက်ဝံနက်ကို တွေ့တာနဲ့ ပြေးကြပြီ... ငါက ပြေးမယ့်အစား သူ့ကိုတောင် ကူညီပေးနေရသေးတယ်'
အမဝက်ဝံနက်က မြစ်ကမ်းစပ်တွင် ထိုင်ကာ မြစ်ရေကို ကြည့်ရင်း ငါးများကို ရှာဖွေနေပုံရသည်။
အထီးဝက်ဝံနက်ကမူ သူမ၏ ဘေးတွင် အဆက်မပြတ် အော်ဟစ် ကခုန်နေဆဲပင်။
ရွှီယန်က မတတ်နိုင်စွာဖြင့် နဖူးကို တစ်ချက် ရိုက်လိုက်သည်။
"ဒီဝက်ဝံက တုံးလွန်းလို့ ကျွန်တော်တောင် ကြည့်မနေနိုင်တော့ဘူး"
"သူ့ကို ကူညီပေးမှပဲ ဖြစ်တော့မယ်"
"ဒီလိုလုပ်မယ်... ဒီဝက်ဝံတွေကို ဒီမှာပဲ လိုက်ဖ်လွှင့်ထားပေးခဲ့မယ်... ကျွန်တော် သွားပြီး သူ့အတွက် ငါးဖမ်းပေးလိုက်ဦးမယ်"
"တကယ်ကို စိတ်မရှည်နိုင်တော့ဘူး"
ရွှီယန်က သင့်တော်သော အကြောင်းပြချက်တစ်ခုကို ရှာဖွေကာ အားလုံးကို ပြောလိုက်သည်။
သူ ဤသို့ ပြောလိုက်သောအခါ လိုက်ဖ်ထဲရှိ ပရိသတ်များ ချက်ချင်းပင် မျှော်လင့်လာကြတော့သည်။
"လောင်ရွှီ... မင်းပဲ စွမ်းပါတယ်ကွာ... အကြံတွေကလည်း ပေါလိုက်တာ”