အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) သူတောင် မကြောက်တာ... ငါတို့က ဘာကို ကြောက်ရမှာလဲ
တောနက်ကြီးထဲတွင်။
အမည်မသိ မြစ်ကမ်းစပ်ဘေး၌။
ဝက်ဝံနက် နှစ်ကောင်က သူတို့၏ ကိစ္စများဖြင့် အလုပ်ရှုပ်နေကြဆဲပင်။
ဒရုန်းက ဤမြင်ကွင်းကို ရိုက်ကူးနေပြီး လိုက်ဖ်ထဲသို့ ဝင်ရောက်လာသူ အရေအတွက်က ပို၍ပို၍ များပြားလာသည်။
ရွှီယန်၏ လူကြိုက်များမှုက ကောင်းမွန်နေဆဲ ဖြစ်၏။
"အခုမှ ဝင်လာတာ... ဟိုဝက်ဝံနက် နှစ်ကောင်ထဲက ဘယ်ကောင်က လိုက်ဖ်လွှင့်သူလဲ မသိဘူး"
အခုမှ ဝင်လာသော ပရိသတ်အချို့က နောက်ပြောင်၍ မေးလိုက်ကြသည်။
ယခုအခါ ဝက်ဝံနက် နှစ်ကောင်က လိုက်ဖ်၏ အဓိက ဇာတ်ကောင်များ ဖြစ်နေကြပြီး ကွန်မန့်များမှ ရှင်းပြချက်များကို ကြည့်ကာ အထီးဝက်ဝံနက်က ပိုးပန်းနေခြင်း ဖြစ်ပြီး ရွှီယန်က ၎င်းအတွက် ငါးသွားဖမ်းပေးနေကြောင်း လူများက သဘောပေါက်သွားကြသည်။
ရွှီယန်က အမြဲတမ်း မျှော်လင့်မထားသော အရာများကို လုပ်ဆောင်တတ်၏။
ဝက်ဝံနက် ပိုးပန်းသည့် ကိစ္စကိုပါ ဝင်ပါလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ရွှီယန်က လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး စနစ်ထဲမှ အရသာရှိသော ရေချိုငါး ခုနစ်ကောင် ရှစ်ကောင်ခန့်ကို လဲလှယ်လိုက်ကာ ရေများ အပြည့်ထည့်ထားသော ပလတ်စတစ်အိတ် တစ်လုံးထဲသို့ အကုန် ထည့်လိုက်သည်။
ငါးများက သိပ်မကြီးသော်လည်း အိတ်ထဲတွင် အပြည့်အမောက် ဖြစ်နေ၏။
ပုံမှန်အားဖြင့် ရတနာရှာဖွေရေး တာဝန်များက သိပ်မခက်ခဲလှဘဲ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ့အနေဖြင့် အဆင့်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရုံသာ ဖြစ်ပြီး သေချာ ကိုင်တွယ်ဖြေရှင်းနိုင်လျှင် ရပြီသာ ဖြစ်သည်။
ဤတာဝန်၏ အခက်အခဲမှာ ဝက်ဝံနက် နှစ်ကောင်ကို ငါး မည်သို့ သွားပေးရမည် ဆိုသည်ပင် ဖြစ်၏။
'ထားလိုက်ပါတော့... ဒီအတိုင်းပဲ သွားပေးလိုက်မယ်'
'ဝက်ဝံတွေက တော်တော်လေး လူစကား နားလည်ပါတယ်'
'ဘာပဲဖြစ်ဖြစ် ငါကလည်း သူတို့ကို မကြောက်ပါဘူးလေ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ဝက်ဝံနက်ကို သူ တကယ် မကြောက်ရွံ့ပေ... မည်သို့ပင်ဖြစ်စေ မတ်တတ်ရပ်လျှင် တစ်မီတာခွဲခန့်သာ ရှိသည် မဟုတ်ပါလား။
လက်သည်းတွေ အနည်းငယ် ချွန်ထက်သည်ကိုပဲ သတိထားရုံသာ ဖြစ်၏။
အင်တာနက်သုံးစွဲသူများက ဝက်ဝံနက် နှစ်ကောင်ကို ကြည့်နေကြစဉ်မှာပင် လိုက်ဖ်မြင်ကွင်း၏ ညာဘက်မှ လူတစ်ယောက် ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ကြရသည်။
သေချာ ကြည့်လိုက်သောအခါ ထိုသူမှာ ရွှီယန်ပင် ဖြစ်နေ၏။
"လခွမ်း... အဲဒါ လောင်ရွှီ မဟုတ်လား"
"သူ အဲဒီကို သွားပြီး ဘာလုပ်မလို့လဲ... အသက်မရှင်ချင်တော့ဘူးလား"
"အင်တာနက် တစ်ခွင်မှာ သေတွင်း အတူးဆုံး လိုက်ဖ်လွှင့်သူပဲ"
အင်တာနက်သုံးစွဲသူများ နောက်တစ်ကြိမ် စိုးရိမ်လာကြပြန်သည်။
မည်သို့ပင်ဖြစ်စေ ဝက်ဝံနက်က သားရဲဖြစ်ပြီး မြင်လိုက်ရုံဖြင့် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည် မဟုတ်ပါလား။
မင်းက ဒီလောက်တောင် ပေါ်တင်ကြီး လျှောက်သွားနေတာ ဘာသဘောလဲ။
ဒရုန်းက စမတ်မုဒ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ရွှီယန် ရှိရာဘက်သို့ ပျံသန်းလာရာ ပရိသတ်များက ဘာဖြစ်နေသလဲ ဆိုသည်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လာရသည်။
"ဟေး... လောင်ဟေး"
ရွှီယန်က အထီးဝက်ဝံနက်ကို လှမ်းအော်လိုက်သည်။
သူက အထီးဝက်ဝံနက်နှင့် အတော်လေး နီးကပ်နေ၏။
ဝက်ဝံများ၏ အမြင်အာရုံက သာမန်သာ ရှိသော်လည်း အကြားအာရုံနှင့် အနံ့ခံအာရုံကတော့ အလွန် ထက်မြက်ကြပြီး အကျွမ်းကျင်ဆုံး စွမ်းရည်မှာ သစ်ပင်တက်ခြင်းပင် ဖြစ်သည်။
အထီးဝက်ဝံနက်က ရွှီယန်၏ အော်သံကို ကြားသောအခါ လန့်သွားသည်။
အမဝက်ဝံနက် ရှေ့တွင် ဆက်လက်၍ ဟန်မလုပ်တော့ဘဲ အလျင်အမြန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ရွှီယန်ကို သတိကြီးစွာဖြင့် ကြည့်နေတော့၏။
"မင်းကို ငါးကျွေးမလို့"
ရွှီယန်က အိတ်ထဲမှ အရသာရှိသော ရေချိုငါး တစ်ကောင်ကို ထုတ်ယူကာ အမြီးမှ ကိုင်၍ ဝက်ဝံနက် ရှိရာဘက်သို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
တိရစ္ဆာန်များနှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အစာကျွေးခြင်းပင် ဖြစ်၏။
ခရီးသွားများ အလွန်အကျွံ အစာကျွေးခြင်းကြောင့် တောရိုင်း တိရစ္ဆာန်များကို ထိခိုက်မှု မဖြစ်စေရန်အတွက် သတိမဲ့ အစာမကျွေးရန် စည်းမျဉ်းများ ရှိသော်လည်း တောင်ပေါ်ရွာများတွင် နေထိုင်သူများအတွက်တော့ မြေခွေး ကဲ့သို့သော အကောင်များ အစာလာတောင်းပါက အနည်းငယ် ကျွေးလိုက်ရုံဖြင့် ဘာပြဿနာမှ မရှိပေ။
ဝက်ဝံနက်က မနီးမဝေးတွင် ရပ်တန့်နေပြီး ရွှီယန်ကို အနည်းငယ် ထိတ်လန့်စွာဖြင့် ကြည့်နေသည်။
လူများက ဝက်ဝံနက်ကို ဝက်ဝံကန်း ဟု ခေါ်ဆိုကြသော်လည်း ဝက်ဝံနက်၏ မျက်လုံးထဲတွင်တော့ လူများက လူကန်း များ ဖြစ်နေနိုင်ပေသည်။
"အရင်စားလိုက်ဦး"
ရွှီယန်က နှုတ်ဆက်လိုက်သည်။
ဝက်ဝံနက်က ကျောက်တုံးပေါ်တွင် လူးလွန့်နေသော ငါးကို ကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေ၏။
ရွှီယန်က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။
အင်တာနက်သုံးစွဲသူများက လိုက်ဖ်မြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
'တကယ် ကြမ်းတာပဲ’
'တောရိုင်းထဲမှာ ဝက်ဝံနက်ကို ဒီလိုကြီး အစာသွားကျွေးတယ် ဟုတ်လား’
'ဝက်ဝံနက်က ငါးမစားချင်ဘဲ တခြားဟာ စားချင်နေရင်ကော ဘယ်လိုလုပ်မလဲဆိုတာ မကြောက်ဘူးလား’
'မင်းကို သတ်ပြီးရင် ဒီငါးလည်း သူ့ဟာ ဖြစ်သွားမှာပဲလေ’
"ဝက်ဝံတွေက တော်တော်လေး လူစကား နားလည်ပါတယ်... ဟိုဘက် ဝက်ဝံနိုင်ငံမှာဆိုရင် လယ်ယာခြံဝင်းတွေ အများကြီးက ဝက်ဝံညိုတွေကို မွေးထားကြတယ်"
"နောက်ပိုင်းကျတော့ ဝက်ဝံတွေကို အိမ်မွေးတိရစ္ဆာန် အဖြစ် ကိုယ်ပိုင် မမွေးဖို့ ဥပဒေတွေ အတိအလင်း ထုတ်ပြန်ခဲ့ရတယ်"
"သူတို့နဲ့ သေချာ ဆက်ဆံရင် ဝက်ဝံတွေက လူတွေကို ဆွေမျိုးတွေလို သဘောထားတတ်ကြတယ်"
"ဒါပေမဲ့ တောရိုင်း ဝက်ဝံညို အကြီးကြီးတွေနဲ့ တွေ့ရင်တော့ ပြေးနိုင်ရင် ပြေးတာ အကောင်းဆုံးပဲ... အဲဒီအကောင်တွေက အစားအသောက် ကြီးတယ်... ဗိုက်ဆာလာရင် အကုန် စားတတ်တယ်"
ရွှီယန်က မနီးမဝေးတွင် ရပ်ကာ ဝက်ဝံနက်ကို တည်ငြိမ်စွာ ကြည့်ရင်း ရှင်းပြလိုက်သည်။
မြင်ကွင်းက မူလက တင်းမာပြီး စိတ်လှုပ်ရှားစရာ ကောင်းနေသော်လည်း ရွှီယန်၏ တည်ငြိမ်သော အသံကို ကြားလိုက်ရသောအခါ အားလုံးလည်း အများကြီး စိတ်သက်သာရာ ရသွားကြ၏။
'သူတောင် မကြောက်တာ... ငါတို့က ဘာကို ကြောက်ရမှာလဲ’
'ဝက်ဝံနက်က ဖန်သားပြင်ထဲကနေ ထွက်လာနိုင်လို့လား’
အထီးဝက်ဝံနက်က ငါးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီး သူ့အနောက်ဘက် မီတာ ငါးဆယ်ခန့် အကွာတွင်တော့ အမဝက်ဝံနက်က ဤဘက်ရှိ အခြေအနေကို အနည်းငယ် ထိတ်လန့်စွာဖြင့် ကြည့်နေသည်။
ရွှီယန် ရုတ်တရက် ပေါ်လာခြင်းက ဝက်ဝံနက်များ၏ အေးချမ်းသော ဘဝကို အနှောင့်အယှက် ဖြစ်စေခဲ့၏။
နောက်ဆုံးတွင် အထီးဝက်ဝံနက်က ငါး၏ မြှူဆွယ်မှုကို မခံနိုင်တော့ဘဲ ငါးရှိရာသို့ တစ်လှမ်းချင်း လျှောက်လာကာ ခေါင်းငုံ့၍ ကျွမ်းကျင်စွာပင် ငါးကို စတင် စားသောက်တော့သည်။
အမဝက်ဝံနက်လည်း ဤမြင်ကွင်းကို မြင်သောအခါ ဤဘက်သို့ ခြေလှမ်းအနည်းငယ် တိုးလာ၏။
"အဆင်ပြေပြီ"
ရွှီယန်က ပြုံးလိုက်သည်။
သူက အိတ်ထဲမှ ငါးအားလုံးကို မြစ်ကမ်းစပ်ရှိ ကျောက်စရစ်ခဲများပေါ်သို့ တိုက်ရိုက် သွန်ချလိုက်၏။
"လောင်ဟေး... ဒီမှာ လာစား"
ရွှီယန်က နောက်တစ်ကြိမ် လှမ်းခေါ်လိုက်သည်။
ပြောပြီးသည်နှင့် သူက အနောက်သို့ မီတာ အနည်းငယ်ခန့် ဆုတ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဝက်ဝံနက်က တွန့်ဆုတ်မနေတော့ဘဲ ငါးတစ်ကောင် စားပြီးသည်နှင့် အခြား ငါးများရှိရာသို့ ချက်ချင်း ပြေးလာတော့၏။
ထို့နောက် ခေါင်းငုံ့ကာ တရစပ် စားသောက်တော့သည်။
ရွှီယန်က မနီးမဝေးတွင် ရပ်ကြည့်နေရင်း ကြည့်လေလေ စကားမပြောနိုင်လေလေ ဖြစ်လာတော့သည်။
"နေပါဦး... မင်း တစ်ကောင်တည်း စားနေတာလား"
"ဒီလိုဆိုတော့လည်း လူပျိုကြီး ဖြစ်နေတာ တန်ပါတယ်"
ရွှီယန်က သတ္တိကောင်းစွာဖြင့် ဝက်ဝံနက် ရှိရာသို့ ဒေါသတကြီး လျှောက်သွားလိုက်သည်။
ရွှီယန် အနားကပ်လာသည်ကို သတိထားမိသောအခါ ဝက်ဝံနက်က အနည်းငယ် လန့်သွားပြီး ချက်ချင်းပင် အနောက်သို့ ထွက်ပြေးသွားတော့၏။
"ငါတော့ တကယ် လက်မြှောက်လိုက်ပြီ"
"မင်းလည်း လာခဲ့... လာစား"
ရွှီယန်က အမဝက်ဝံနက်ကို လှမ်းခေါ်လိုက်ပြန်သည်။
စောစောက အမဝက်ဝံနက်မှာ အနည်းငယ် အံ့အားသင့်နေခဲ့သော်လည်း မြေကြီးပေါ်မှ ရေချိုငါးများကို မြင်သောအခါ ဖြည်းဖြည်းချင်း အနားသို့ ကပ်လာတော့၏။
ရွှီယန်လည်း အနောက်သို့ ပြန်ဆုတ်သွားလိုက်သည်။
ထို့နောက် ဝက်ဝံ နှစ်ကောင်လုံး အနားသို့ ရောက်လာကြပြီး ငါးများကို အတူတကွ စတင် စားသောက်ကြတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီယန်လည်း ကျေနပ်သွားတော့၏။
‘ဒီလောက်ဆို အဆင်ပြေလောက်ပြီ’
'ငါး အတူတူ စားနိုင်ပြီဆိုတော့ အချစ်ရေး ကမ်းလှမ်းမှု အောင်မြင်ဖို့ သိပ်မဝေးတော့ဘူး’
သူ လုပ်နိုင်သည်က ဒီလောက်သာ ဖြစ်ပြီး ကျန်တာကတော့ အထီးဝက်ဝံနက် ဘယ်လို စွမ်းဆောင်မလဲ ဆိုတာအပေါ်မှာသာ မူတည်တော့သည်။
တာဝန် အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလား ဆိုတာက အထီးဝက်ဝံနက် အပေါ်မှာ လုံးဝ မူတည်သွားပြီ ဖြစ်၏။
ရွှီယန်က အနောက်သို့ ဆက်လက် ဆုတ်ခွာသွားရင်း အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
"သူတို့ နှစ်ကောင်ကို ငါး နည်းနည်း ကျွေးလိုက်ပြီး အတူတူ စားခိုင်းလိုက်ရင် ခံစားချက်တွေ မြန်မြန် ပိုရင်းနှီးလာနိုင်တယ်လေ"
"ခဏနေရင် အတူတူ ဖြစ်သွားလောက်တယ်"
"ဒီအထီးဝက်ဝံနက်က နည်းနည်း တုံးလို့ ကျွန်တော်တောင် ကြည့်နေရင်း စိတ်မရှည်နိုင်တော့ဘူး"
"နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော်လည်း ဝင်မစွက်ဖက်တော့ဘူး"
လိုက်ဖ်ထဲတွင်တော့ လုံးဝ ပွက်လောရိုက်သွားပြီ ဖြစ်သည်။
ရွှီယန်၏ လုပ်ရပ်များက အချိန်တိုင်းတွင် လူများ၏ မျှော်လင့်ချက်များကို အမြဲတမ်း ကျော်လွန်နေတတ်၏။
'နေပါဦး... အစ်ကိုကြီး... မင်းက ချန်ပိုင်တောင်တန်းရဲ့ အကြီးအကဲလား... ဝက်ဝံနက် ရည်းစားရှာတဲ့ ကိစ္စကိုတောင် ဝင်ပါရသေးတယ်လို့’
သို့သော် ကြည့်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပေသည်။
"လောင်ရွှီ... မင်းက တကယ် သဘောကောင်းတာပဲ"
"ဟားဟား... သူတို့ နှစ်ကောင်ကို ငါး အတူတူ စားခိုင်းလိုက်သေးတယ်"
"ဒီအတွဲကို ငါ လုံးဝ သဘောတူတယ်"
"လောင်ရွှီ... မင်းက သူတို့ နှစ်ကောင်ကို သဘောတူအောင် လုပ်ပေးနေတာလား"
အားလုံးက အသီးသီး ပြန်လည် တုံ့ပြန်လာကြသည်။
ထို့နောက် ရွှီယန်က အနောက်ဘက်ရှိ သစ်တောထဲတွင် ရပ်ကာ ဝက်ဝံနက် နှစ်ကောင် ငါးစားနေသည်ကို ကြည့်နေလိုက်၏။
'ဒီရာသီလည်း ရောက်နေပြီမို့... မင်းတို့ နှစ်ကောင် မြန်မြန် အဆင်ပြေအောင် လုပ်ကြ... ပြီးရင် အချိန်မီလေး ကလေးယူကြ... ဆောင်းခိုဖို့ နေရာသွားရှာကြပေါ့’
'ပြဿနာ ထပ်မရှာကြနဲ့တော့’
ရွှီယန်က စိတ်ထဲမှ ဆုတောင်းနေလိုက်သည်။
ဝက်ဝံနက် နှစ်ကောင်က ပျော်ရွှင်စွာ စားသောက်နေကြပြီး တစ်ခါတစ်ရံတွင် အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုများပင် ရှိနေ၏။
အမဝက်ဝံနက် - “ဟိုလူကန်းကို မင်း သိလား... မင်း အဆက်အသွယ်တွေ တော်တော် ကောင်းတာပဲ... မင်းကို ငါးတောင် လာပေးသေးတယ်”
အထီးဝက်ဝံနက် - “ငါလည်း မသိဘူး... ဘယ်ကနေ ဘယ်လို ငါးတွေ ရောက်လာမှန်းတောင် မသိတာ”
ဝက်ဝံနက် နှစ်ကောင် အတူတူ ငါးစားလိုက်ရသဖြင့် ဆက်ဆံရေးက ချက်ချင်းပင် ရင်းနှီးသွားခဲ့သည်။
ထို့နောက် ဆက်လက် ဆက်ဆံရန် ပိုမို လွယ်ကူသွားတော့၏။
ရွှီယန်က ဤမြင်ကွင်းကို ကြည့်ကာ ကျေနပ်နေသည်။
တော်သေးသည်... အခြေအနေ တော်တော်လေး ချောမွေ့ပြီး ကြီးကြီးမားမား ပြဿနာ မရှိခဲ့ချေ။
"ကျွန်တော်က ဒီဝက်ဝံနက် အရမ်း တုံးနေတာကို ကြည့်ပြီး စိတ်မရှည်နိုင်တော့လို့ပါ"
"ဩဂုတ်လတောင် ရောက်နေပြီ... မိန်းမ မရသေးဘူးဆိုတော့ သူ့ကို ကူညီပေးလိုက်တာပါ"
ရွှီယန်က အားလုံးနှင့် စကားစမြည် ပြောနေလိုက်သည်။
"လောင်ရွှီ... မင်းကိုယ်တိုင်ကော လူပျိုကြီး မဟုတ်ဘူးလား"
"ဟားဟား... တခြား တိရစ္ဆာန်တွေ အကုန်လုံး စုံတွဲတွေ ဖြစ်နေကြပြီ... မင်းကတော့ လူပျိုကြီး ဖြစ်နေတုန်းပဲ"
"လောင်ရွှီ... မင်း မိန်းမ လိုချင်လား... မင်းသာ စကားတစ်ခွန်း ဟလိုက်... ငါ အခုပဲ ပို့ပေးလိုက်မယ်"
"ကျွန်မကိုပဲ လိုက်ဖ်လွှင့်သူဆီ ပို့ပေးလိုက်ပါ"
ကွန်မန့်များက ချက်ချင်းပင် စည်ကားလာတော့သည်။
ရွှီယန်၏ ရုပ်ရည်က ကြည့်ကောင်းပြီး ခန္ဓာကိုယ်နှင့် ကိုယ်ဟန်အမူအရာကလည်း ကောင်းမွန်ကာ လိုက်ဖ်လွှင့်သည့် အချိန်တွင်လည်း စရိုက်ကောင်းမွန်သဖြင့် မိန်းကလေး ပရိသတ်အချို့ သဘောကျခြင်းမှာ အလွန် သဘာဝကျလှပေသည်။
သို့သော် ရွှီယန်ကတော့ တည်ငြိမ်နေဆဲပင်။
"လောလောဆယ်တော့ အလုပ်ကိုပဲ အာရုံစိုက်ထားပါဦးမယ်... ဒီလိုကိစ္စမျိုးက ရေစက်အပေါ်မှာပဲ မူတည်ပါတယ်"
"လူပျိုကြီး ဘဝကလည်း ကောင်းပါတယ်"
သူက ပြုံးရင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ဝက်ဝံနက် နှစ်ကောင်က ငါးအားလုံးကို အတူတကွ စားသောက်ပြီးစီးသွားကာ အချင်းချင်း ဘေးချင်းယှဉ်၍ ထိုင်နေကြလေပြီ။
အမဝက်ဝံနက်က အထီးဝက်ဝံနက်ကို ကြည့်ရသည်မှာ ပို၍ သဘောကျလာပုံရသည်။
မည်သို့ပင်ဖြစ်စေ မျိုးပွားသည့် ရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ ဟော်မုန်းများ မြင့်တက်လာပြီး ဘာကိုကြည့်ကြည့် အပြစ်ကင်းနေပုံရသည် မဟုတ်ပါလား။
အထီးဝက်ဝံနက်က အမဝက်ဝံနက် အနားသို့ တုံးအအဖြင့် ချဉ်းကပ်သွားရာ အမဝက်ဝံနက်ကလည်း ငြင်းဆန်ခြင်း မရှိတော့ချေ။
ဒါဆို အဆင်ပြေသွားပြီပေါ့။
တိရစ္ဆာန်များ၏ ခံစားချက်က အတော်လေး ရိုးရှင်းလှပြီး လက်ခံလိုက်ပြီဆိုလျှင် လက်ခံလိုက်ခြင်းပင် ဖြစ်ကာ စမ်းသပ်မှုများ ထပ်မံ ပြုလုပ်နေမည် မဟုတ်တော့ပေ။
ထိုအချိန်မှာပင် ရွှီယန်၏ ခေါင်းထဲတွင် တာဝန် ပြီးမြောက်ကြောင်း အသိပေးသံ ထွက်ပေါ်လာတော့သည်။
“ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ…”
“ဆုလာဘ် ရရှိပါသည်... အဆင့်မြင့် သစ်ပင်တက် ကျွမ်းကျင်မှု…”
သစ်ပင်တက်ခြင်းက တောတောင်ရှာဖွေရာတွင် အများကြီး အထောက်အကူ ဖြစ်စေသည်။
တစ်ခါတစ်ရံတွင် မီတာ အနည်းငယ်ခန့် မြင့်သော ချောက်ကမ်းပါးများကို ကျော်ဖြတ်ရန် လိုအပ်ပါက လက်ဗလာဖြင့် တက်ရမည် ဖြစ်၏။
သို့မဟုတ်ပါက ကျောက်ကမ်းပါးများပေါ်ရှိ မှိုများနှင့် သစ်သီးများကို ခူးယူရန်အတွက်လည်း သစ်ပင်တက် ကျွမ်းကျင်မှုကို အသုံးပြုရမည် ဖြစ်သည်။
ဤတစ်ကြိမ် တာဝန်၏ ဆုလာဘ်က အတော်လေး ကောင်းမွန်လှပေသည်။
'မဆိုးပါဘူး... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ရဲ့ အသုံးပြုခွင့် ငါးကြိမ်နဲ့ ကျွမ်းကျင်မှု တစ်ခု လဲလှယ်လိုက်ရတာ'
'သေချာပေါက် အမြတ်ကြီးပဲ'
ရွှီယန်က ကျေနပ်စွာဖြင့် တွေးလိုက်သည်။
သူက ဝက်ဝံနက် နှစ်ကောင်ကို ထပ်မံ ကြည့်လိုက်ပြန်၏။
ဝက်ဝံနက်များက ရုပ်ဆိုးဆိုးနှင့် ချစ်စရာကောင်းပြီး လက်သည်းများကလည်း အတော်လေး ရှည်လျားသဖြင့် ရွှီယန်က ၎င်းတို့ကို ပွတ်သပ်ချင်စိတ် လုံးဝ မရှိခဲ့ချေ။
ဤတစ်ကြိမ်တွင်တော့ နာမည်မဖော်ပြဘဲ ကောင်းမှုကုသိုလ် ပြုလုပ်လိုက်ခြင်းပင်။
ဝက်ဝံနက် နှစ်ကောင်ကို သူတို့ဘာသာ သူတို့ ဆက်ကစားပါစေတော့။
အကယ်၍ နှင်းခွေး... ဒရယ်ပြောက်... တောကြောင် ကဲ့သို့သော အကောင်များသာဆိုပါက ရွှီယန် သေချာပေါက် သွားရောက် ပွတ်သပ်ပြီး အထိအတွေ့ ခံစားကြည့်မည်သာ ဖြစ်၏။
ရုပ်ရည်လှပမှုကသာ အဓိကပဲလေ။
ရွှီယန်က တောင်စောင်း တစ်ဝက်တွင် ရပ်ကာ ဝက်ဝံနက် နှစ်ကောင်ကို အဝေးမှ ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ဝက်ဝံနက်ကလည်း ရွှီယန်ကို သတိထားမိသွား၏။
အထီးဝက်ဝံနက်က သူ့ကို ခဏမျှ စိုက်ကြည့်နေလိုက်သည်။
ရုတ်တရက် ရွှီယန်၏ ခေါင်းထဲတွင် အသိပေးသံ တစ်ခု ထွက်ပေါ်လာတော့သည်။
“ဝက်ဝံနက်၏ နှစ်သက်မှုကို ရရှိပါသည်…”
“နှစ်သက်မှု ဆုလာဘ် ရရှိပါသည်... ဝက်ဝံလက်ဝါး (ဟင်းလျာ) တစ်ခု…”
“ဘာ”
ရွှီယန်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လာတော့၏။
'ဝက်ဝံလက်ဝါး ဟုတ်လား’
ယခင်က ဤအရာမှာ အရှေ့မြောက်ဒေသ ဟင်းလျာများ၏ အမှတ်အသား တစ်ခုဖြစ်ပြီး နိုင်ငံတော် ဧည့်ခံပွဲများတွင်ပင် ဝက်ဝံလက်ဝါးနှင့် ပတ်သက်သည့် ဟင်းလျာ အတော်များများ ပါဝင်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ဝက်ဝံများက ကာကွယ်စောင့်ရှောက်ခံ တိရစ္ဆာန်များ ဖြစ်လာသောအခါ ဤဟင်းလျာကလည်း လူများ၏ မျက်စိအောက်မှ ပျောက်ကွယ်သွားခဲ့ရ၏။
ဝက်ဝံနက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းက သေချာပေါက် ခွင့်မပြုသော်လည်း စနစ်က တိုက်ရိုက် မဲဖောက်ပေးလိုက်သော ဆုလာဘ်ဆိုပါက ပြဿနာ မရှိပေ။
'အရှေ့မြောက်ဒေသရဲ့ ထိပ်တန်း ဟင်းလျာပဲ'
'ဒါကတော့ တကယ် စမ်းကြည့်သင့်တယ်'
'နှစ်သက်မှု ဆုလာဘ်လည်း ရသေးတယ်ဆိုတော့'
'မင်းကို မိန်းမ ရအောင် ကူညီပေးလိုက်ရတာ မဆိုးပါဘူးလေ'
ရွှီယန်က ဝက်ဝံနက်ကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။
ဝက်ဝံနက်က ရွှီယန်ကို မေးငေါ့ပြလိုက်ပြီးနောက် အမဝက်ဝံနက်နှင့်အတူ ဆော့ကစားရင်း ထွက်ခွာသွားကြတော့၏။
နောက်ပိုင်း မြင်ကွင်းတွေကတော့ ကလေးတွေ ကြည့်ဖို့ မသင့်တော်တော့ပေ။
အထီးဝက်ဝံနက်က အမဝက်ဝံနက်ပေါ်သို့ အဆက်မပြတ် ခုန်အုပ်ခြင်း... အမဝက်ဝံနက်က ဟန်ဆောင် ငြင်းဆန်ခြင်း... ထို့နောက် ဝက်ဝံ နှစ်ကောင် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာကာ ရှက်စရာ ကောင်းသော ကိစ္စများကို ပြုလုပ်ကြတော့မည်သာ ဖြစ်သည်။
"ကဲ... အဆင်ပြေသွားပြီ... ကောင်းမှု တစ်ခု ထပ်လုပ်နိုင်ခဲ့ပြန်ပြီပဲ"
ရွှီယန်က ကြည့်စရာ ဘာမှ မရှိတော့ဘူးဟု ခံစားလိုက်ရသဖြင့် လှည့်ထွက်လာခဲ့သည်။
တောင်ပေါ်တွင် တိရစ္ဆာန် အများအပြား ရှိပြီး သူကလည်း တိရစ္ဆာန် အတော်များများကို မြင်တွေ့ဖူးသဖြင့် အထူးအဆန်း မဖြစ်တော့ချေ။
အင်တာနက်သုံးစွဲသူများကမူ အားမရသေးဘဲ ရွှီယန်ကို ဆက်လိုက်သွားပြီး ဝက်ဝံကား ကို လိုက်ဖ်လွှင့်ပြရန် တောင်းဆိုနေကြသေး၏။
ရွှီယန်က ဤကွန်မန့်များကို လျစ်လျူရှုထားလိုက်သည်။ ပုံမှန်မဟုတ်ဘူး ဟုတ်တယ်ဆိုတာထက် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တကယ် လိုက်ဖ်လွှင့်ပြပါက တာဝန်ရှိသူများက သူ့ကို ရက်သုံးဆယ်ခန့် ပိတ်ပင်လိုက်မည်မှာ အသေအချာပင် ဖြစ်သည်။
သူက သစ်တောထဲတွင် ဆက်လက် လှည့်လည်သွားလာရင်း တောဟင်းရွက်များနှင့် မှိုများကို ရှာဖွေကာ ညကျလျှင် ကြီးမားသော ဝက်ဝံလက်ဝါးပေါင်း တစ်ပွဲ ကိုယ်တိုင် လုပ်စားရန် ပြင်ဆင်နေလိုက်တော့သည်။
အရှေ့မြောက်ဒေသ၏ နာမည်ကြီး ဟင်းလျာ၏ အရသာကိုလည်း မြည်းစမ်းကြည့်ရမည် မဟုတ်ပါလား။