← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) လယ်ယာခြံဝင်း ဖွင့်လှစ်ခြင်း... တိုးတက်မှုအတွက် ပထမဆုံး ဝင်ငွေ

စိုက်ပျိုးရေးတက္ကသိုလ်မှ လမ်းညွှန်ဆရာ လျိုပေါ်လျန်က ရွှီယန် စိုက်ပျိုးထားသော တိရစ္ဆာန်စားမြက်များကို လေ့လာစစ်ဆေးနေသည်။

ရွှီယန်နှင့် ကျောင်းသားအချို့က မြက်ခင်းဘေးတွင် ရပ်ကာ ဝိုင်းအုံကြည့်ရှုနေကြ၏။

မြက်ပင်များက စိမ်းလန်းစိုပြည်ပြီး ရှင်သန်ကြီးထွားမှု အားကောင်းနေသည်။

ရွှီယန်က ၈ မူခန့် ကျယ်ဝန်းသော မြက်ခင်းကို စိုက်ပျိုးထားပြီး တစ်မူလျှင် ၆၆၇ စတုရန်းမီတာ ရှိရာ စုစုပေါင်း ၅,၃၀ဝ စတုရန်းမီတာကျော် ရှိပေသည်။

ဤနေရာတွင် မြေနေရာ အတော်များများ ရှိပြီး သူ၏ခြံပတ်ဝန်းကျင်၌ပင် အငှားမချရသေးသော မြေမူရာချီခန့် ရှိနေသေး၏။

ရွှီယန်သာ ထပ်မံငှားရမ်းနိုင်မည်ဆိုပါက နောက်ထပ် မူ ၈၀ ခန့် တိုးချဲ့စိုက်ပျိုးရန်လည်း ပြဿနာ မရှိပေ။

"ဒီမြက်တွေရဲ့ ကြီးထွားမှုက အရမ်းကောင်းတယ်... ငါတို့ရဲ့ အမှတ်ပေး စံနှုန်းအရဆိုရင် ဒါက အနည်းဆုံး အထူးအဆင့်မှာ ရှိတယ်"

"ခြံပိုင်ရှင်ကြီး ရွှီ... မင်း စိုက်ထားတဲ့ ဒီမြက်တွေက တကယ်ကို ကောင်းတာပဲ"

"ဒါတွေ အားလုံးက ပြီးပြည့်စုံတဲ့ သုတေသန နမူနာတွေပဲ"

လျိုပေါ်လျန်က မြက်ခင်းထဲမှ ထွက်လာပြီး ပြုံးရင်း ချီးကျူးလိုက်သည်။

သူတို့၏ သုတေသနဌာနနှင့် ရွှီယန်တို့မှာ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သူတို့က ရွှီယန်ကို မြက်စေ့များပေး၍ စိုက်ပျိုးခိုင်းပြီး အောင်မြင်သွားပါက သုတေသနပြုလုပ်ရန် အနည်းငယ် ပြန်လည်ယူဆောင်သွားမည် ဖြစ်၏။

အကယ်၍ မျိုးစိတ် ကောင်းမွန်ပါက အချို့ကို ဝယ်ယူပြီး နောက်မျိုးဆက် မြက်စေ့များ ဆက်လက် ထုတ်လုပ်ရန်အတွက်ပင် အသုံးပြုကြမည် ဖြစ်သည်။

"တလောက ရာသီဥတုက အတော်လေး ကောင်းတယ်... မိုးရေချိန်လည်း လုံလောက်တယ်... နောက်ပိုင်း ကျွန်တော် ရေလောင်းစနစ် တပ်ဆင်လိုက်တယ်... ပြီးတော့ ဒီနေရာက မြေကလည်း အတော်လေး သြဇာကောင်းတယ်လေ"

"မြက်တွေ နည်းနည်း ပိုမြင့်လာတာလည်း ပုံမှန်ပါပဲ"

ရွှီယန်က ပြန်ဖြေလိုက်သည်။

ကျောင်းသားအချို့က ဘေးတွင် ရပ်ကြည့်နေကြ၏။

ယခုအခါ သူတို့ သင်ယူနေသော သင်ခန်းစာများမှာ လယ်ယာသီးနှံ စိုက်ပျိုးရေး အဓိကဖြစ်ပြီး လူများ နေ့စဉ် စားသုံးသော ဟင်းသီးဟင်းရွက်များနှင့် အဓိက အစားအစာများသာ ဖြစ်ကာ တိရစ္ဆာန်စား မြက်များအကြောင်းကိုတော့ သူတို့ မသင်ဖူးကြချေ။

ဘွဲ့လွန်ကျောင်းတွင် ဤပညာရပ် ရှိကြောင်းကိုသာ သူတို့ သိကြပေသည်။

ယခုအခါ ရွှီယန်က မြက်များ စိုက်ပျိုးနေသည်ကို မြင်သောအခါ သူတို့ အားလုံး စိတ်ဝင်စားလာကြ၏။

"မြက်စိုက်တာ မဆိုးဘူးပဲ... ပိုပြီး ပေါ့ပါးသလို ခံစားရတယ်... နောက်နှစ်ကျရင် ကျွန်တော် မြက်စိုက်ပျိုးရေးကို ရွေးချယ်ခံ ဘာသာရပ်အနေနဲ့ ယူလို့ ရမလား"

ကျောင်းသား ဝူခိုင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ကျွန်တော် စုံစမ်းကြည့်ပြီးပြီ... မရဘူး... ကျွန်တော်တို့ ဆရာက ခွင့်မပြုဘူး... ကျွန်တော်တို့က ဖြစ်ကတတ်ဆန်း စိုက်ကြမှာမို့ အမှတ်ပေးလို့ မရဘူးတဲ့"

ဘေးမှ လျိုဝူက ပြန်ဖြေလိုက်၏။

"ဟူး... မြက်လေး နည်းနည်း စိုက်ရတာ ကောင်းပါတယ်ကွာ... လွယ်ကူပြီး အကျိုးသက်ရောက်မှု မြန်တယ်... ပြောင်းဖူးနဲ့ ကြက်သွန်မြိတ် စိုက်ရတာ ကျွန်တော် ခေါင်းတွေတောင် ကိုက်လာပြီ"

ဝူခိုင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

ရွှီယန်က လျိုပေါ်လျန်နှင့် မြက်များ၏ အခြေအနေကို ဆွေးနွေးနေသည်။

လျိုပေါ်လျန်က တိရစ္ဆာန်စား မြက်များ၏ ဈေးကွက်ကို ကောင်းကောင်းကြီး သိရှိထားပြီး သူကိုယ်တိုင်ကလည်း မြက်များကို သီးသန့် သုတေသန ပြုလုပ်နေသူ ဖြစ်၏။

"မင်း စိုက်ထားတဲ့ ဒီမြက်တွေကို အာဟာရဓာတ် ခွဲခြမ်းစိတ်ဖြာကြည့်ရဦးမယ်... ပြီးရင် အရည်အသွေးကို သတ်မှတ်ပြီး ဈေးနှုန်း ဘယ်လောက် ထားရမလဲဆိုတာ သိနိုင်မှာ"

"တစ်ရက်လောက်ဆိုရင် အဖြေထွက်လောက်ပြီ"

"ပြီးတော့ ငါ့ဆီမှာ မြက်ဝယ်မယ့်သူ အဆက်အသွယ်တွေ အများကြီး ရှိတယ်... မင်း လိုအပ်ရင် ငါ ချိတ်ဆက်ပေးမယ်လေ"

"ဒီအတိုင်း လက်လီရောင်းနေတာထက်တော့ သေချာပေါက် အများကြီး ပိုအဆင်ပြေမှာပါ"

လျိုပေါ်လျန်က ရွှီယန်ကို ပြောလိုက်သည်။

တက္ကသိုလ် လမ်းညွှန်ဆရာ တစ်ယောက်အနေဖြင့် ၎င်း၏ နောက်ကွယ်တွင် သေချာပေါက် လူမှုရေး အဆက်အသွယ် အများအပြား ရှိနေမည်သာ ဖြစ်၏။

လူအတော်များများ ပြောဖူးကြသလိုပင်။ တက္ကသိုလ် တက်စဉ်က ဆရာများ ဤမျှ တော်သည်ဟု မထင်ခဲ့သော်လည်း လူ့အသိုင်းအဝိုင်းထဲ ရောက်သောအခါ သူတို့ အားလုံးနီးပါးက အထက်တန်းလွှာများ ဖြစ်နေကြပြီး အချို့ဆိုလျှင် အင်တာနက် စွယ်စုံကျမ်းတွင်ပင် ရှာဖွေတွေ့ရှိနိုင်ကြောင်း တွေ့ရပေသည်။

လျိုပေါ်လျန်က မြက်များကို သီးသန့် လေ့လာသူဖြစ်ရာ မြက်ဝယ်ယူရန် လိုအပ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို သေချာပေါက် သိရှိပေသည်။

ဤကဲ့သို့သော အဆက်အသွယ်များက ရွှီယန်အတွက် အလွန် အရေးကြီးလှ၏။

"အဲ့ဒါဆို အရမ်းကောင်းတာပေါ့... ကျွန်တော့်မှာ သေချာပေါက် လိုအပ်ချက် ရှိပါတယ်"

"ဘယ်လို ရောင်းရမလဲဆိုတာ စဉ်းစားနေတာ... ကိုယ်တိုင်ပဲ မြက်ဈေးကွက်ကို သွားချိတ်ရမလား ဒါမှမဟုတ် မြက်ဝယ်တဲ့ ပွဲစားအဖွဲ့အစည်းတွေကိုပဲ ရောင်းရမလားလို့ တွေးနေတာ"

ရွှီယန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

အတွင်းမွန်ဂိုလီးယား ဘက်တွင် မြက်များကို သီးသန့် ဝယ်ယူသော အဖွဲ့အစည်း အများအပြား ရှိပြီး သူတို့က ပွဲစားများ ဖြစ်ကာ မွေးမြူရေးသမားများထံမှ ဈေးပေါပေါဖြင့် ဝယ်ယူပြီး ဈေးကြီးကြီးဖြင့် ပြန်လည် ရောင်းချကြခြင်း ဖြစ်၏။

ရရှိသည်မှာ လမ်းကြောင်းအတွက် ကြားခံအမြတ်ငွေသာ ဖြစ်သည်။

မွေးမြူရေးသမားများက လွယ်ကူစေရန်အတွက် သူတို့ကို ရောင်းချလေ့ ရှိကြသည်။

မတတ်နိုင်ပေ။ ကိုယ်ပိုင် လမ်းကြောင်း မရှိသဖြင့် အခြားသူများကိုသာ မှီခိုရမည် ဖြစ်၏။

ထို့ကြောင့် အဆက်အသွယ် ဆိုသည်မှာ အလွန် အရေးကြီးလှပေသည်။

ရွှီယန်က စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပူးပေါင်း၍ မြက်များ စိုက်ပျိုးသဖြင့် ပြဿနာ အများအပြားကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး ထိုမျှ အလုပ်ရှုပ်ခံရန် မလိုတော့ပေ။

"ဟုတ်ပြီ... ငါ အရင်ဆုံး အာဟာရဓာတ် ခွဲခြမ်းစိတ်ဖြာလိုက်ဦးမယ်... ပြီးရင် မင်းရဲ့ မြက် တစ်ယူနစ် ဈေးနှုန်း ဘယ်လောက် သတ်မှတ်သင့်လဲ ဆိုတာလည်း သိရတာပေါ့"

"အဖွဲ့အစည်းတွေကို မရောင်းနဲ့... မင်းရဲ့ မြက်တွေက အဆင့်မြင့် မြက်တွေမို့ အဖွဲ့အစည်းတွေကို ရောင်းလိုက်ရင် နှမြောစရာကြီး"

"သူတို့ရဲ့ မြက် အရည်အသွေးတွေက နှိုင်းယှဉ်ရင် ပိုညံ့ပြီး ပေးတဲ့ ဈေးကလည်း နည်းတယ်"

"မင်းရဲ့ မြက်တွေက ကုန်ကျစရိတ် နုတ်ပြီးရင် တစ်မူကို အသားတင် ဝင်ငွေ ယွမ် သုံးထောင်လောက် ရနိုင်မယ်လို့ ငါ ခန့်မှန်းတယ်"

"ကြီးထွားမှုက အရမ်းကောင်းတယ်... ပြီးတော့ တော်တော်လေး စိပ်စိပ်လေး ပေါက်နေတာ... မချဲ့ကားဘဲ ပြောရရင် ငါတို့ မှန်လုံအိမ်ထဲမှာ စိုက်ထားတာထက်တောင် ပိုကောင်းနေသေးတယ်"

လျိုပေါ်လျန်က အလွန် ကျွမ်းကျင်ပြီး မြက်များနှင့် ပတ်သက်၍လည်း အလွန် နားလည်ထား၏။

ပညာရပ်တိုင်းတွင် ကိုယ်ပိုင် ကျွမ်းကျင်သူ ရှိသည် မဟုတ်ပါလား။ ပြဿနာ အတော်များများက ကျွမ်းကျင်သူများကို အပ်ရမည်သာ ဖြစ်သည်။

လယ်ယာခြံဝင်း ဖွင့်လှစ်ရာတွင် ခြံတွင်းရှိ သီးနှံများကို သေချာ ဂရုစိုက်ရန် အရေးကြီးသကဲ့သို့ အပြင်ဘက် အရောင်းလမ်းကြောင်း ရှာဖွေရန်က ပို၍ပင် အရေးကြီးလှပေသည်။

စိုက်ပျိုးရေးတက္ကသိုလ်၏ အဆက်အသွယ်များ ရှိနေသဖြင့် ရွှီယန်အတွက် ပြဿနာ အများအပြားကို ဖြေရှင်းရာတွင် များစွာ အဆင်ပြေသွားစေ၏။

"ဟုတ်ကဲ့ပါ ဆရာလျို... ကျွန်တော် ဆရာ့ဆီက သတင်းကို စောင့်နေပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ရွှီယန်က ရိုးသားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက် လျိုပေါ်လျန်က ဝူခိုင်တို့ကို ခေါ်ကာ တံစဉ်းဖြင့် မြက်တစ်အိတ်ကို ရိတ်ခိုင်းလိုက်ပြီး မျိုးစိတ်အမျိုးမျိုးမှ မြက်များကို သီးသန့် ရွေးချယ်ခိုင်းလိုက်၏။

ဘေးရှိ အာလူးခင်းကို ဖြတ်သွားချိန်တွင်လည်း လျိုပေါ်လျန်က တစ်ချက် ကြည့်လိုက်သည်။

"မင်းရဲ့ အာလူးတွေလည်း မဆိုးဘူးပဲ... အာလူးပင်ပေါက်လေးတွေ ကြည့်ရတာ တော်တော်လေး ကောင်းတယ်"

ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"ဒီရက်ပိုင်း မြေဆွပေးတာနဲ့ မြေဩဇာကျွေးတာတွေ လုပ်နေတယ်... ပေါင်းလည်း နည်းနည်း သင်ထားတယ်... ပျိုးပင်ပေါက် အရွယ်မှာ အာလူးက တော်တော်လေး နုနယ်တော့ သေချာ ဂရုစိုက်ရတယ်လေ"

"မြေကြီးက နည်းနည်းပွပြီး ပေါင်းပင်တွေကို စောစောစီးစီး သင်ပေးမှ အာလူးက ကောင်းကောင်း ကြီးနိုင်မှာ"

ထိုစကားကို ကြားသောအခါ လျိုပေါ်လျန်က အတော်လေး ချီးကျူးသွားသည်။

ဒီလိုကြည့်မည်ဆိုပါက ရွှီယန်၏ စိုက်ပျိုးရေး အတွေ့အကြုံက အမှန်တကယ်ပင် မြင့်မားလှ၏။

"ကောင်းပြီလေ... ဒါဆို ငါ အရင် သွားတော့မယ်"

"ညကျရင် မင်းကို ရလဒ် ပေးမယ်"

"မနက်ဖြန်ကျမှ မြက်ဝယ်မယ့်သူတွေကို ဆက်သွယ်ပေးမယ်... မင်းတို့ဘာသာ ဆက်သွယ်ကြပေါ့"

လျိုပေါ်လျန်က ထပ်ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"

ရွှီယန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

လျိုပေါ်လျန်က မြက်တစ်အိတ်ကို သယ်ဆောင်ကာ ထွက်ခွာသွား၏။

လယ်ယာခြံဝင်း စီးပွားရေး စတင်တော့မည် ဖြစ်ရာ ရွှီယန်လည်း စိတ်ထဲတွင် အလွန် ဝမ်းသာနေသည်။

မြက်များ၏ ဝင်ငွေက သိပ်မများလှဘဲ ကုန်ကျစရိတ် နုတ်ပြီးပါက သာမန် မြက်ခင်းဆိုလျှင် တစ်မူ ယွမ် ၁,၀၀၀ ရပါက အတော်လေး တော်နေပြီ ဖြစ်၏။

သို့သော် လူအများစုက မြက်စိုက်ပျိုးရာတွင် မူရာချီ ထောင်ချီ စိုက်ပျိုးကြသဖြင့် စုစုပေါင်း ဝင်ငွေကတော့ အတော်လေး ကောင်းမွန်လှသည်။

ရွှီယန် စိုက်ပျိုးထားသည့် ဧရိယာက နည်းပါးသဖြင့် အရည်အသွေးမြင့် လမ်းကြောင်းကို ရွေးချယ်ကာ မြက်များ၏ အရည်အသွေးကို မြှင့်တင်ရန် ကြိုးစားထားခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် တစ်မူ အထွက်နှုန်း မြင့်မားလာပြီး တစ်ယူနစ် ဈေးနှုန်းလည်း မြင့်မားလာသဖြင့် တစ်မူကို ငွေပိုရနိုင်မည် ဖြစ်သည်။

အရည်အသွေးမြင့် လမ်းကြောင်းကို ရွေးချယ်ပါက အရည်အသွေးမြင့် ဝယ်လက် လိုအပ်ပြီး အချို့သော ထိပ်တန်း မွေးမြူရေးခြံများက မြက်ကောင်းများကို ဝယ်ယူကြသော်လည်း အလွယ်တကူ ဆက်သွယ်၍ ရနိုင်သည်တော့ မဟုတ်ပေ။

ထို့ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပြဿနာ အများအပြားကို ရိုးရှင်းသွားစေခြင်း ဖြစ်၏။

လက်လီသမားများက အစိုးရ အဖွဲ့အစည်းများနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။

ရွှီယန်က အာလူးခင်းကို ကြည့်လိုက်သည်။

ဒီရက်ပိုင်း သူ အာလူးခင်းကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်များနေခဲ့၏။

လယ်စိုက်ရသည်မှာ တကယ်ကို မလွယ်ကူလှဘဲ ဘာမှ ဂရုမစိုက်ဘဲ ပစ်ထား၍ မရပေ။

ဥပမာအားဖြင့် အာလူးဆိုလျှင် ပျိုးပင်ပေါက် အရွယ်တွင် အလွန် နုနယ်ပြီး ပေါင်းပင်များကို အချိန်မီ မရှင်းလင်းပါက အာဟာရဓာတ် မလုံလောက် ဖြစ်သွားတတ်သည်။

ပေါင်းသင်ရာတွင်လည်း ပေါင်းသတ်ဆေး အများကြီး သုံး၍ မရဘဲ အာလူးများကို ထိခိုက်စေနိုင်ပေသည်။

ထို့အပြင် မြေဆွပေးရန် လိုအပ်ပြီး အမြစ်များတွင် မြေဩဇာ အချို့ ထည့်ပေးခြင်းဖြင့် အာလူးများ ပိုမို ကောင်းမွန်စွာ ကြီးထွားလာနိုင်စေရန် ပြုလုပ်ပေးရမည် ဖြစ်၏။

ထိုသို့ ပြုလုပ်မှသာ ကြီးထွားလာသော အာလူးများက ကြီးမားပြီး အသားပြည့်နေမည် ဖြစ်သည်။

'အလုပ်များလာရင်တော့ လူအင်အား မလုံလောက်သေးဘူး... မနက်ဖြန် တိုးချဲ့ဖြစ်ရင် နောက်ထပ် တစ်ယောက်လောက် ထပ်ငှားရဦးမယ်'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ထိုအချိန်မှာပင် မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သော မြေခွေးသုံးကောင်က ရုတ်တရက် ပြေးလာကြသည်။

အကောင်ပေါက်လေး သုံးကောင်က အနည်းငယ် ကြီးထွားလာပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ ချစ်စရာကောင်းနေဆဲပင်။

၎င်းတို့ကို မြင်သောအခါ ရွှီယန်က ပြုံးလိုက်၏။

ဒီအကောင်ပေါက်လေးတွေကို မတွေ့ရတာ ကြာပြီမို့ သေသွားပြီလို့တောင် ထင်နေခဲ့တာ။

သစ်တောထဲရှိ တိရစ္ဆာန်များ၏ ပျမ်းမျှ သက်တမ်းက တိုတောင်းပြီး အသက်မပြည့်ခင် သေဆုံးရန် လွယ်ကူလှပေသည်။

ကြီးပြင်းလာသည်အထိ ရှင်သန်နိုင်ရန်မှာ မလွယ်ကူလှချေ။

ရွှီယန်က မြေခွေးပေါက်လေးများကိုလည်း ထိုသို့ ဖြစ်သွားမည် စိုးရိမ်နေခဲ့ရာ ယခု မြင်တွေ့လိုက်ရသောအခါ စိတ်အေးသွားတော့၏။

"မတွေ့ရတာ ကြာပြီ... ဒီရက်ပိုင်း ဘယ်တွေ သွားနေကြတာလဲ"

"တောင်ပေါ် သွားရင် သတိထားနော်... တားဟွာ နဲ့ သွားမတွေ့စေနဲ့ဦး"

ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အကောင်ပေါက်လေး သုံးကောင်ကို လက်လှမ်း၍ ပွတ်သပ်ပေးလိုက်သည်။

၎င်းတို့က ချက်ချင်းပင် အီအီအီးအီး နှင့် အော်ဟစ်လာကြတော့၏။

ယခုအခါ ရင်းနှီးနေပြီဖြစ်ရာ ဟန်ဆောင်မနေတော့ဘဲ ပွတ်သပ်လိုက်သည်နှင့် အော်ဟစ်ကာ ကိုယ်တိုင် ချွဲနွဲ့နေကြတော့သည်။

အရင်ကတော့ ကြည့်ရသည်မှာ အနည်းငယ် ကြောက်ရွံ့နေခဲ့ကြသေး၏။

ရွှီယန်က သူတို့ အစာလာတောင်းမှန်း သိလိုက်ပြီး သရေစာ စားချင်နေခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။

ထို့ကြောင့် မီးဖိုချောင်ထဲ သွားကာ ပန်းသီး အချို့ကို လှီးလိုက်၏။

ရွှီယန်က သစ်သီး စားရသည်ကို နှစ်သက်ပြီး အမြဲတမ်း ဝယ်ထားလေ့ရှိကာ နေ့တိုင်း အများကြီး မစားသော်လည်း အနည်းအကျဉ်းတော့ အမြဲ စားလေ့ ရှိသည်။

ဥပမာအားဖြင့် ပန်းသီး တစ်လုံး... ငှက်ပျောသီး တစ်ဖီး သို့မဟုတ် ဖရဲသီး တစ်ဝက်ခန့် လှီးစားခြင်းမျိုး ဖြစ်၏။

သူက ပန်းသီးကို မြေခွေးပေါက်လေးများအား ကျွေးလိုက်ပြီး ၎င်းတို့ စားနေသည်ကို ဘေးမှ ရပ်ကြည့်နေရင်း အတော်လေး စိတ်သက်သာရာ ရသွားသည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရွှီယန်က မနီးမဝေးမှ လီဟွာကြောင်ကျားလေး ကို သတိပြုမိသွားပြန်၏။

"ဆန်းပြောင်... လာခဲ့... ငါ့ကို ခဏလောက် ပွတ်သပ်ခွင့် ပေးဦး"

ရွှီယန်က လီဟွာကြောင်ကျားလေးကို လှမ်းအော်လိုက်သည်။

ကြောင်လေးက ခြေလှမ်းရပ်တန့်သွားပြီး ရွှီယန်ကို တစ်ချက် လှည့်ကြည့်ကာ ဆက်လျှောက်သွားပြီး ဂရုမစိုက်တော့ပေ။

"ဆန်းပြောင်​ (ဗျောင်း လို့လဲခေါ် )... လာ... လာခဲ့"

ရွှီယန်က ထပ်ခေါ်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ကြောင်လေးက လှည့်တောင် မကြည့်တော့ချေ။

ဤအကောင်က အချိန်အများစုတွင် အပွတ်သပ် မခံချေ။ ရွှီယန်က ကြောင်အစာများ အိတ်လိုက် အွန်လိုင်းမှ ဝယ်ယူထားပြီး ဖြစ်၏။

ဤကဲ့သို့သော ကြောင်မျိုးကို ရင်ဆိုင်ရန်အတွက် ကြောင်အစာကို အသုံးပြုရမည် ဖြစ်သည်။

တစ်ခါ ကျွေးလိုက်ပါက နောက်ပိုင်း ကြောင်အစာ ကိုင်ပြီး ထွက်လာသည်နှင့် လီဟွာကြောင်ကျားလေးက ပြေးမလာဘဲ နေမည်လား ကြည့်ရသေးသည်ပေါ့။

ရွှီယန်ကတော့ တကယ်ကို ကောက်ကျစ်စဉ်းလဲ နေဆဲပင်။

ညဘက်တွင် လျိုပေါ်လျန်က ရွှီယန်ကို ဖုန်းဆက်ကာ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များကို ပြောပြလာသည်။

မြက်ပင် သုတေသန အဖွဲ့အစည်းများက နမူနာ မြက်များကို အားလုံး ကြိတ်ချေလိုက်ပြီးနောက် နမူနာ ယူ၍ ခွဲခြမ်းစိတ်ဖြာကာ မြက်များ၏ အာဟာရတန်ဖိုးကို အကဲဖြတ်ပြီး ထိုမှတစ်ဆင့် အဆင့်သတ်မှတ်ပေးမည် ဖြစ်၏။

လျိုပေါ်လျန်က သူ့ထံသို့ သတင်းကောင်း ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ဒီမြက်တွေရဲ့ အခြောက်ခံ ပစ္စည်း... ပရိုတင်းနဲ့ ကစီဓာတ် ပါဝင်မှုက သာမန် မြက်တွေထက် အများကြီး ပိုမြင့်ပြီး ပျမ်းမျှ အဆင့်ထက် အများကြီး သာလွန်နေတယ်"

"လုံးဝကို အဆင့်မြင့် မြက်တွေပဲ... မျိုးစေ့ ထုတ်လုပ်ဖို့တောင် တန်ဖိုး ရှိတယ်"

"ဒီမြက်တွေ ပြဿနာ မရှိပါဘူး... မနက်ဖြန်ကျရင် ငါ မင်းကို ဆက်သွယ်ပေးမယ်"

"ပြီးတော့ ငါတို့ သုတေသနဌာနကလည်း နမူနာတချို့ ချန်ထားချင်တယ်"

"မင်းလည်း သိတဲ့အတိုင်းပဲ... မျိုးစေ့ ထုတ်လုပ်တယ် ဆိုတာ အကောင်းဆုံးတွေထဲကမှ အကောင်းဆုံးကို ရွေးချယ်ရတာလေ... ဒီမြက်တွေက နောက်မျိုးဆက် ထုတ်လုပ်ဖို့ နမူနာအဖြစ် သုံးဖို့ လုံးဝ လုံလောက်ပါတယ်"

လျိုပေါ်လျန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။

"ရပါတယ်ဗျ... ကိစ္စမရှိပါဘူး"

ရွှီယန်က ပြုံးရင်း သဘောတူလိုက်သည်။

သူ စိုက်ပျိုးထားသော မြက်များ ကောင်းမွန်ပါက ဈေးကောင်း ရမည်သာ ဖြစ်၏။

နောက်တစ်နေ့တွင် ရွှီယန်က အဆင့်မြင့် မွေးမြူရေး ပြုလုပ်သော ပုဂ္ဂလိက မွေးမြူရေးခြံပိုင်ရှင် တစ်ဦးနှင့် ဆက်သွယ်လိုက်သည်။

တစ်ဖက်လူက ပုဂ္ဂလိက နို့မှုန့် လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး နို့စားနွားများကို သီးသန့် မွေးမြူကာ နို့မှုန့်စက်ရုံ တစ်ခု ဖွင့်လှစ်ထားခြင်း ဖြစ်၏။

ဤနို့မှုန့်များက အပြင်သို့ မရောင်းချဘဲ ပေကျင်းမြို့မှ ချမ်းသာပြီး အာဏာရှိသူများကိုသာ ဦးတည် ရောင်းချခြင်း ဖြစ်သည်။

အဆင့်မြင့် အသင်းဝင် စနစ်ဖြင့် ပြုလုပ်ထားပြီး သာမန်လူများ ဝယ်ယူ၍ မရနိုင်ပေ။

လိုအပ်ချက် ရှိပါက အကျိုးအမြတ် ရှိမည်သာ ဖြစ်၏... မည်သို့ပင်ဖြစ်စေ ချမ်းသာသူများက တကယ်ကို ချမ်းသာကြသည် မဟုတ်ပါလား။

ရွှီယန်က စီးပွားရေး အသေးစားလေး လုပ်ကိုင်ပြီး မြက်များကို ထိုသူထံ ရောင်းချခြင်း ဖြစ်ကာ အဆင့်မြင့် မြက်များ ဖြစ်သဖြင့် တစ်ဖက်လူ ပေးသော ဈေးနှုန်းကလည်း မြင့်မားလှပေသည်။

အကြမ်းဖျင်း တွက်ကြည့်ရာ တစ်မူကို ကုန်ကျစရိတ် နုတ်ပြီးပါက ဝင်ငွေ ယွမ် ၄,၀၀၀ ကျော်ခန့် ရရှိနိုင်မည် ဖြစ်၏။

ရှစ်မူဆိုလျှင် သုံးသောင်းနှစ်ထောင် ဖြစ်သည်။

မြက်များက တစ်လခွဲခန့် ကြီးထွားပြီး စိုက်ပျိုးစရိတ် နုတ်ပြီးပါက သုံးသောင်းနှစ်ထောင် ပြန်လည် ရရှိနိုင်မည်ဖြစ်ရာ အတော်လေး ကောင်းမွန်လှပေပြီ။

အရေးအကြီးဆုံးမှာ မြက်များက ဆက်လက် ကြီးထွားနိုင်ပြီး ယေဘုယျအားဖြင့် လေးကြိမ် ရိတ်သိမ်းပြီးမှသာ မြေကို ပြန်လည် ထွန်ယက်ကာ မျိုးစေ့သစ်များ ထပ်မံ စိုက်ပျိုးရမည် ဖြစ်၏။

သေချာသည်မှာ ဆောင်းရာသီတွင် ကြီးထွားမှု နှေးကွေးပြီး ကြီးထွားချိန် တစ်လခွဲမျှသာ မကတော့ပေ။

'လယ်ယာခြံဝင်း ကတော့ ဖွင့်လှစ်နိုင်ပြီပဲ'

ရွှီယန် စိတ်ကျေနပ်သွားသည်။

လယ်ယာခြံဝင်းတွင် ဝင်ငွေ ရှိမှသာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသော ငွေဖြင့်သာ ထောက်ပံ့နေမည်ဆိုလျှင် အမြဲတမ်း တွင်းနက်ကြီး တစ်ခုလို ဖြစ်နေမည်သာ ဖြစ်၏။

ဖွင့်လှစ်နိုင်ပြီ ဆိုသည်က ဖွံ့ဖြိုးတိုးတက်မှု ရှိလာပြီဟု အဓိပ္ပာယ်ရပေသည်။

ထို့အပြင် မွေးမြူရေးခြံမှ လူများက မြက်များကို စစ်ဆေးပြီးနောက် ရွှီယန်၏ မြက်များကို အလွန် သဘောကျသွားကြပြီး လိုအပ်ချက်ကို ပိုမို တိုးမြှင့်လိုသည့် ဆန္ဒပင် ရှိနေကြ၏။

အထူးသဖြင့် ဆောင်းရာသီ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ရာ သူတို့က အဆင့်မြင့် မြက်များကို အများအပြား ဝယ်ယူလိုကြသည်။

ဤကဲ့သို့ သီးသန့် စိုက်ပျိုးထားသော အာဟာရတန်ဖိုး မြင့်မားသည့် မြက်မျိုးမှသာ ရမည်ဖြစ်ပြီး မြက်ခင်းပြင်တွင် သဘာဝအလျောက် ပေါက်ရောက်နေသော မြက်များကိုတော့ ဤမွေးမြူရေးခြံက သဘောမကျချေ။

ရွှီယန်ကတော့ သူ ဒီလောက်သာ စိုက်ပျိုးထားကြောင်းသာ ပြောနိုင်တော့၏။

လိုအပ်ချက် ရှိပါက နောက်နှစ်မှသာ ဆက်ပြောကြမည်ပေါ့။

All Chapters