← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) ရွှီယန်ရဲ့ စွမ်းရည်... မြက်ခင်းပြင်က အရိုင်းဆန်ဆုံး မြင်ကွင်းတစ်ရပ်

မြက်ခင်းပြင်ထက်တွင်။

ရွှီယန်က အဝေးဆီမှာ ပြေးလွှားနေဆဲဖြစ်သော မြင်းနက်ကြီးကို လှမ်းကြည့်နေသည်။

ဤအချိန်တွင် မွေးမြူရေးသမားက မြင်းနက်၏ ဇက်ကြိုးကို ဆွဲထားနိုင်ပြီဖြစ်ပြီး ကြာပွတ်နှစ်ချက်ခန့် ရိုက်လိုက်ရာ မြင်းနက်က မွေးမြူရေးခြံရှိရာဘက်သို့ ချက်ချင်း ပြေးလာတော့၏။

"ဒီမြင်းက မွေးမြူရေးခြံထဲမှာ နေရတာကို မကြိုက်ဘူး..."

"အခု ရာသီဥတုကောင်းနေတော့ ကျွန်တော်တို့ မြင်းတွေကို အချိန်တစ်ခု သတ်မှတ်ပြီး လွှတ်ထားလေ့ရှိတယ်... ပြီးမှ ပြန်မောင်းသွင်းတာ..."

"ဒီမြင်းက ပြန်မောင်းသွင်းဖို့ အခက်ဆုံးပဲ..."

"သူက သိပ်ပြီး အုပ်စုနဲ့ မရောဘူးလေ..." မွေးမြူရေးခြံပိုင်ရှင်က ရွှီယန်ကို ရှင်းပြလိုက်သည်။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"သူ့ကိုယ်လုံးကိုယ်ပေါက်က တော်တော်လေး ကောင်းတယ်..."

"ယဉ်ပါးအောင် လုပ်နိုင်ရင်တော့ တကယ်ကို မြင်းကောင်းတစ်ကောင် ဖြစ်လာမှာပဲ..."

"ခဏနေရင် ကျွန်တော် သေချာကြည့်ကြည့်မယ်... ဝယ်လို့ရရင်တော့ သူ့ကိုပဲ ဝယ်လိုက်တော့မယ်..."

ထိုစကားကို ကြားသောအခါ မွေးမြူရေးခြံပိုင်ရှင်က အနည်းငယ် စိုးရိမ်ဟန်ဖြင့် ပြောလာ၏။

"သေချာရဲ့လား... သူက စိတ်ရိုင်းတယ်... မယဉ်ကျေးဘူး... မွေးရတာ နည်းနည်း ခက်တယ်နော်..."

ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး... ကျွန်တော် စမ်းကြည့်ပါ့မယ်..."

လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများက သူတို့နှစ်ယောက်၏ စကားပြောဆိုမှုများကို နားထောင်ရင်း ဤမြင်းနက်၏ အခြေအနေကို နားလည်သွားကြလေသည်။

"မြင်းရိုင်းပဲ... အဲဒါဆိုရင် မွေးရတာ တော်တော် ခက်မယ်... မြင်းတွေရဲ့ စိတ်က အရမ်း ခေါင်းမာတာ... ယဉ်ပါးအောင် မလုပ်နိုင်ရင် အသေခံမယ်ဆိုတဲ့ အမျိုးတွေလေ..."

"အမှန်အတိုင်း ပြောရရင် ဒီမြင်းက တကယ် မိုက်တယ်..."

"ရင်ထဲက စကားကို ပြောရရင် မြင်းတစ်ကောင်က သူ့အတွက် ကိစ္စကြီးတစ်ခု ဟုတ်လို့လား... သူက တောရိုင်းကျားကိုတောင် ပွတ်သပ်ရဲတာလေ..."

"သူက ဆရာကြီးဆိုတာကို မေ့သွားလုမတတ်ပဲ..."

အားလုံးက အသီးသီး ဆွေးနွေးနေကြသည်။

ဤအချိန်တွင် မြင်းနက်ကို ကြိုးဆွဲကာ ခေါ်လာခဲ့ပြီ ဖြစ်၏။

အခြား မြင်းများက ကုန်းနှီးများကို ဖြုတ်ထားသော်လည်း ဤမြင်းကတော့ ဇက်ကြိုး အမြဲတပ်ထားဆဲပင်။ ဖမ်းရလွယ်ကူစေရန်အတွက် ဖြစ်နိုင်ပေသည်။

ရွှီယန်နှင့် မွေးမြူရေးခြံပိုင်ရှင်က အနားသို့ သွားလိုက်ရာ မွေးမြူရေးသမားက မြင်းနက်ကို ဆွဲခေါ်လာ၏။

ရွှီယန်က မြင်းနက်အနားသို့ ရောက်သွားပြီး

"ဒီမြင်းမှာ နာမည် ရှိလား..." ဟု မေးလိုက်သည်။

မွေးမြူရေးခြံရှိ မြင်းများတွင် နာမည်များရှိကြပြီး ငယ်စဉ်ကတည်းက နာမည်ပေးထားလေ့ ရှိကြသည်။ ဤမြင်းက အသက်တစ်နှစ်ခွဲ ရှိပြီဖြစ်ရာ နာမည်ပြောင်းရန် မလိုအပ်တော့ပေ။

"ရှိတယ်... ကျင်းကျယ် လို့ ခေါ်တယ်... မနှစ်က မတ်လတုန်းက မွေးတာလေ... အဲဒီနေ့က ကွက်တိပဲ ကျင်းကျယ်နေ့ ဖြစ်နေတာ..."

"အမှတ်တရ ဖြစ်မယ် ထင်လို့ ကျင်းကျယ် လို့ နာမည်ပေးလိုက်တာ..." မွေးမြူရေးခြံပိုင်ရှင်က ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါ ရွှီယန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒီနာမည်က အတော်လေး ကောင်းမွန်လှပေ၏။

နွေဦးမိုး... နွေဦးအစ... ကြည်လင်သော တောင်ကြား ဟူ၍ တရုတ်ရိုးရာ ရာသီဥတုနှစ်ဆယ့်လေးမျိုးတွင် တတိယမြောက် ရာသီဥတုဖြစ်ပြီး ဤအချိန်သည် မြေအောက်တွင် အိပ်စက်နေသော တိရစ္ဆာန်များ စတင်နိုးထလာသည့် အချိန်ကို ကိုယ်စားပြုကာ အချို့သော ဒေသများတွင်လည်း ကျင်းကျယ်ကို နွေဦးလယ်ထွန်ခြင်း၏ အစအဖြစ် သတ်မှတ်ကြပေသည်။

"ကျင်းကျယ်... တော်တော်လေး မဆိုးဘူး... မနှစ်က မတ်လက မွေးတာဆိုတော့ အခုက ဩဂုတ်လ ကုန်ပိုင်းလေ..."

"ဒါဆို တစ်နှစ်ခွဲ ရှိပြီပေါ့..."

ရွှီယန်က ရှေ့တိုးသွားကာ မြင်းနက်၏ ရှည်လျားသော မျက်နှာကို ပွတ်သပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဤမြင်းက ခေါင်းကို တစ်ချက်လှုပ်လိုက်ပြီး ရွှီယန်၏ လက်ကို ရှောင်ရှားသွားမည်ဟု မည်သူထင်မည်နည်း။ ဒီအကောင်က တော်တော်လေး မာနကြီးတာပဲ။

"သူ့ကို မြင်းကုန်းနှီး တပ်ပေးလို့ ရမလား... ကျွန်တော် စီးကြည့်ချင်လို့..." ရွှီယန်က ထပ်မံ မေးလိုက်ပြန်၏။

"မင်း မြင်းစီးတတ်လို့လား... ဒီမြင်းက အရမ်း ရိုင်းတယ်... မင်း ထိခိုက်ဒဏ်ရာ ရသွားရင် မတန်ဘူးနော်..."

မွေးမြူရေးခြံပိုင်ရှင်က အနည်းငယ် စိုးရိမ်နေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်မွေးမြူရေးခြံထဲတွင် ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာ ရသွားပါက အတော်လေး ပြဿနာ တက်နိုင်ပေ၏။ ထို့အပြင် မြင်းရိုင်းစီးပါက တကယ်ကို ထိခိုက်ဒဏ်ရာ ရလွယ်ပေသည်။

"ကျွန်တော် စီးဖူးပါတယ်... စိတ်ချပါ..." ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

သူ တကယ် စီးဖူးပေသည်။ သို့သော် အလွန် ငယ်စဉ်က ဖြစ်၏။ ရွှီယန်၏ အဘိုးက မြင်းတစ်ကောင် မွေးထားဖူးပြီး သူ မကြာခဏ စီးလေ့ရှိသည်။ နောက်ပိုင်းတွင် မြင်းက အိုမင်းပြီး သေဆုံးသွားကာ ထို့နောက်တွင် အဘိုးနှင့် အဘွားတို့ပါ အသီးသီး ကွယ်လွန်သွားကြသဖြင့် ဤမှတ်ဉာဏ်များက တဖြည်းဖြည်း မေ့ပျောက်သွားခဲ့ခြင်း ဖြစ်သည်။

မြင်းစီးခြင်း၏ အခြေခံ နည်းစနစ်များကို သူ တတ်ကျွမ်းထားပြီး အခြားတစ်ဖက်တွင်တော့ ရွှီယန်၏ ခန္ဓာကိုယ်က အလွန် သွက်လက်လှပေသည်။ မြင်းစီးရသည်မှာ ရဲရင့်ရန်နှင့် သတိထားရန်သာ လိုအပ်ပြီး အခြေခံ နည်းစနစ်များကို တတ်ကျွမ်းထားပါက လွယ်ကူပေ၏။

မြက်ခင်းပြင်တွင် ကလေးအတော်များများက မြင်းစီးတတ်ကြပြီး ကလေးများက ကိုယ်အလေးချိန် ပေါ့ပါးသဖြင့် ယေဘုယျအားဖြင့် မီတာတစ်ထောင် မြင်းစီးပြိုင်ပွဲများတွင် ချန်ပီယံများက ကလေးများသာ ဖြစ်လေ့ရှိသည်။

ရွှီယန် မြင်းစီးမည်ဆိုလျှင် သဘာဝကျကျပင် ပြဿနာ မရှိနိုင်ချေ။

"ပြီးတော့ ကျွန်တော် လိုက်ဖ်လွှင့်နေတာ... လူအများကြီး ကြည့်နေတယ်..."

"တကယ်လို့ ကျွန်တော် မြင်းစီးလို့ ထိခိုက်ဒဏ်ရာ ရသွားခဲ့ရင်လည်း အားလုံးက ကျွန်တော့်ရဲ့ ပြဿနာဆိုတာ သိပါတယ်... ကျွန်တော့်ဘာသာ တာဝန်ယူပါ့မယ်..."

"အဲဒီအချက်ကိုတော့ ခင်ဗျား စိတ်ချလို့ ရပါတယ်..." ရွှီယန်က ထပ်ပြောလိုက်သည်။

ရွှီယန်၏ အာမခံချက် ရှိမှသာ မွေးမြူရေးခြံပိုင်ရှင်က မွေးမြူရေးသမားကို မြင်းနက် ကျင်းကျယ်အား မြင်းကုန်းနှီး တပ်ဆင်ပေးရန် ခိုင်းလိုက်တော့၏။ ကြည့်ရသည်မှာ မြင်းနက်က သိပ်ပြီး ကျေနပ်ပုံမရချေ။ တပ်ဆင်နေစဉ်အတွင်း အဆက်မပြတ် ရုန်းကန်နေပြီး တစ်ခါတစ်ရံတွင် အော်ဟစ်ကာ ရှေ့ခြေကို မြှောက်၍ နှစ်ချက်ခန့် ကန်ကျောက်တတ်သေးသည်။

စိတ်က တကယ်ကို ရိုင်းစိုင်းလှ၏။ အနည်းငယ်ပင် ကြမ်းတမ်းနေသေးသည်။

မွေးမြူရေးခြံပိုင်ရှင်က ထပ်ပြောလိုက်ပြန်သည်။

"ကျွန်တော် မူလက မြက်ခင်းပြင်က မြင်းယဉ်ပါးအောင် လုပ်တဲ့သူကို ခေါ်ပြီး သူ့ကို ယဉ်ပါးအောင် လုပ်ခိုင်းမလို့ စဉ်းစားထားတာ... သူ့စိတ်က အရမ်း ရိုင်းတယ်... လူတွေ အနားကပ်တာ ဒါမှမဟုတ် မြင်းကုန်းနှီး တပ်ပေးတာနဲ့ ကြမ်းတမ်းလာတော့တာပဲ..."

"သူ့ကို သေချာလေး သင်ခန်းစာပေးမှ သူ လိမ္မာမှာ..."

မြင်းကို ယဉ်ပါးအောင် လုပ်ခြင်းက ခွေးကို ယဉ်ပါးအောင် လုပ်ခြင်းနှင့် သဘောတရား အတူတူပင်ဖြစ်ပြီး စိတ်ကြမ်းသော အကောင်များကို ရင်ဆိုင်ရာတွင် ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုရမည်သာ ဖြစ်၏။

သ ဥပမာအားဖြင့် အင်တာနက်ပေါ်တွင် ခွေးများကို ယဉ်ပါးအောင် အထူး ပြုလုပ်ပေးသူများ ရှိပြီး တကယ်ကို ရိုက်နှက်ကြခြင်း ဖြစ်သည်။ ခွေးက သွားဖြဲပြရဲသည်နှင့် တုတ်ဖြင့် နှစ်ချက်ခန့် ရိုက်ချလိုက်ပါက ချက်ချင်းပင် လိမ္မာသွားတော့၏။ ဤသည်မှာ မတတ်နိုင်သော ကိစ္စဖြစ်သည်။ တိရစ္ဆာန်များက ခေါင်းမာလာပါက အလွန် ခေါင်းမာပြီး ခုခံနိုင်စွမ်းက အလွန် အားကောင်းလှသည်။ ယဉ်ပါးအောင် လုပ်ရန်မှာ အလွန် ခက်ခဲလှပေသည်။

မြင်းကုန်းနှီးကို မြင်းနက်၏ ကိုယ်ပေါ်တွင် တပ်ဆင်လိုက်သော်လည်း မြင်းနက်က ရုန်းကန်နေဆဲဖြစ်ပြီး မွေးမြူရေးသမားက အရှေ့မှ ဇက်ကြိုးကို အားကုန် ဆွဲထားရ၏။ အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရင်း စိုးရိမ်လာကြတော့သည်။

"ဒီမြင်းက အရမ်း ကြမ်းတမ်းတာပဲ... ရုန်းကန်နေတုန်းပဲ..."

"သူက လူကို အချိန်မရွေး ကန်တော့မလိုပဲလို့ ငါ စိုးရိမ်မိတယ်..."

"မြင်းရိုင်းက ကိုင်တွယ်ရ ခက်တယ်... အင်တာနက်ပေါ်က မြင်းယဉ်ပါးအောင် လုပ်တဲ့ ဗီဒီယိုတွေကို ကြည့်ဖူးတယ်... အချိန်အတော်ကြာအောင် ယဉ်ပါးအောင် လုပ်ရတာ..."

"လောင်ရွှီက တကယ်ပဲ ဒီလိုမြင်းမျိုးကို ဝယ်ချင်တာလား... အရမ်း ကိုင်တွယ်ရ ခက်တယ်..."

လိုက်ဖ်ထဲရှိ လူအရေအတွက်က ခြောက်သောင်းကျော်အထိ ရောက်ရှိနေပြီ ဖြစ်၏။ အရေအတွက်က တိုးပွားနေဆဲပင်။

ရွှီယန်က မွေးမြူရေးသမားဆီမှ ဇက်ကြိုးကို လှမ်းယူကာ ပြောလိုက်သည်။

"ကြိုးကို ပေးပါ..."

မွေးမြူရေးသမားက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ကြိုးကို ကမ်းပေးလိုက်၏။ ရွှီယန်က ဇက်ကြိုးဆီမှ ကြီးမားသော အားတစ်ခု ဆွဲငင်နေသည်ကို ခံစားလိုက်ရပြီး မြင်းနက်က ခုခံနေဆဲပင် ဖြစ်သည်။

"သွားမယ်..."

ရွှီယန်က ကြိုးကို တိုက်ရိုက် အားကုန်ဆွဲကာ အပြင်သို့ ထွက်လာခဲ့ပြီး သူနှင့် မြင်းနက်က ယှဉ်တွဲလျက် မြက်ခင်းပြင်ဆီသို့ တိုက်ရိုက် လျှောက်သွားကြတော့သည်။ သူတို့နှစ်ယောက်က ရှေ့သို့ လျှောက်သွားရင်း အပြန်အလှန် ဆွဲငင်နေကြ၏။ မြင်းနက်က ကြိုးကို အားကုန် ဆွဲထားပြီး တစ်ခါတစ်ရံတွင် ရှေ့ခြေကို မြှောက်လိုက်သော်လည်း အကြိမ်တိုင်း ရွှီယန်က တိုက်ရိုက် အောက်သို့ ဆွဲချလိုက်သည်။

မွေးမြူရေးခြံပိုင်ရှင်နှင့် မွေးမြူရေးသမားနှစ်ယောက်က ဘေးမှ ရပ်ကြည့်နေကြ၏။

"သူက ဆွဲနိုင်နေတာပဲ... မြင်းယဉ်ပါးအောင် တကယ် လုပ်တတ်တဲ့ ပုံပဲ..." မွေးမြူရေးသမား တစ်ယောက်က ပြောလိုက်သည်။

"ဒီလောက် မလွယ်ပါဘူး... ဆွဲ​​နိုင်ရုံနဲ့ ကျင်းကျယ် လိမ္မာသွားမယ်ဆိုရင် ငါတို့လည်း သူ့ကို မထိန်းနိုင်ဘဲ နေပါ့မလား..."

ဒရုန်းက ဤမြင်ကွင်းကို ရိုက်ကူးနေ၏။ အင်တာနက်သုံးစွဲသူများလည်း ဤမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်ကာ စကားပင် မပြောနိုင်အောင် ဖြစ်သွားကြတော့သည်။ အဆုံးအစမဲ့သော မြက်ခင်းပြင်ပေါ်တွင် လူတစ်ယောက်နှင့် မြင်းတစ်ကောင်... အချင်းချင်း အားပြိုင်နေသကဲ့သို့ ဖြစ်နေ၏။

မြင်းနက်က အဆက်မပြတ် ရုန်းကန်နေသဖြင့် ရွှီယန်က ဇက်ကြိုး၏ အရှေ့ဆုံး အပိုင်းကို တိုက်ရိုက် ဖမ်းဆွဲလိုက်ပြီး ဇက်ကြိုးကို အတိုဆုံးအထိ ဆွဲထားလိုက်သည်။ ထိုသို့ဆိုလျှင် မြင်းနက်က ခုန်ပေါက်ရန် နေရာမရှိတော့ချေ။ ရွှီယန်က ကြိုးကို တင်းတင်းကျပ်ကျပ် ဆွဲထားပြီး မြင်းနက်က ခန္ဓာကိုယ်ကို မြှောက်ရန် ကြိုးစားသော်လည်း ကြိုးက သေချာ တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသဖြင့် အနည်းငယ်မျှပင် မြှောက်၍ မရတော့ကြောင်း တွေ့လိုက်ရသည်။

"ထပ်လှုပ်ကြည့်စမ်းပါဦး... လာ... ထပ်ပြီး ခြေထောက် မြှောက်ကြည့်စမ်းပါဦး..." ရွှီယန်၏ အသံတွင် အေးစက်စက် အငွေ့အသက်အချို့ ပါဝင်နေ၏။

မြင်းယဉ်ပါးအောင် လုပ်ရာတွင် ဤသို့ပင် ဖြစ်ရမည်။ နူးညံ့သော နည်းလမ်းများဖြင့် မြင်းယဉ်ပါးအောင် လုပ်၍ မရပေ။ ရွှီယန်က ဤသည်မှာ အားပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သိထားပြီး ဤမြင်းကို အစစအရာရာ တဖြည်းဖြည်းချင်း ယဉ်ပါးအောင် လုပ်ရမည် ဖြစ်သည်။

မြင်းရိုင်းက ရှေ့သို့ ဆက်လက် ခုန်ပေါက်သော်လည်း ရွှီယန်က ဇက်ကြိုးကို အတိုဆုံးအထိ ဆွဲထားသဖြင့် ၎င်း လုံးဝ ခုန်ပေါက်၍ မရတော့ချေ။ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် ၎င်းက လက်လျှော့သွားတော့သည်။ ရွှီယန်က ၎င်း၏ စိတ်ခံစားချက်ကို အကဲခတ်နေပြီး မြင်းနက်၏ စိတ်ခံစားချက် အနည်းငယ် တည်ငြိမ်သွားသည်ကို တွေ့သောအခါ မြင်းပေါ်သို့ တက်စီးရန် ကြိုးစားလိုက်၏။ ဤအဆင့်ကလည်း မလွယ်ကူလှပေ။

ရွှီယန်က မြင်း၏ ဘယ်ဘက်မှနေ၍ မြင်း၏ ကျောပြင်ကို ဖက်ကာ မြင်းပေါ်သို့ တက်ရန် ကြိုးစားလိုက်သည်။ သူက မြင်းနက်၏ ခန္ဓာကိုယ်အနားသို့ ကပ်သွားသည်နှင့် မြင်းနက်က ညာဘက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့သွားကာ ခန္ဓာကိုယ်ကို ရှောင်ဖယ်သွား၏။ လူတစ်ယောက်နှင့် မြင်းတစ်ကောင်က နောက်တစ်ကြိမ် အားပြိုင်ကြပြန်သည်။ ရွှီယန်က မြင်းပေါ်သို့ တက်ချင်သော်လည်း မြင်းနက်က အဆက်မပြတ် ရှောင်ဖယ်နေ၏။

‘ဒီအကောင်က စိတ်အရမ်း ရိုင်းတာပဲ’

"လောင်ရွှီ က မြင်းယဉ်ပါးအောင် လုပ်တဲ့ နေရာမှာ နည်းလမ်း နည်းနည်းတော့ ရှိတာပဲ..."

"ဒီမြင်းရိုင်းကို ယဉ်ပါးအောင် လုပ်နိုင်ရင် သူ့ကို ငါ လေးစားသွားပြီ..."

"ဒီမြင်းယဉ်ပါးအောင် လုပ်တဲ့ နည်းလမ်းက တော်တော် ပရော်ဖက်ရှင်နယ် ဆန်တယ်... တကယ် စွမ်းတာပဲ..."

"ဒီလို ပြောရရင်... လူအများစုက ဒီလို မြင်းအကြီးကြီးတွေကို မြင်ရင် အနားတောင် မကပ်ရဲကြဘူး... ဒီအကောင်တွေ ကန်လိုက်ရင် အရမ်း နာတာ..."

ပရိသတ်များက အသီးသီး ပြောဆိုနေကြသည်။

ဤအချိန်တွင် ရွှီယန်က အခွင့်အရေးကို သေချာ ရှာဖွေလိုက်ပြီး တိုက်ရိုက် ခုန်တက်ကာ မြင်းကျောပေါ်တွင် မှောက်လျက်သား ဖြစ်သွားတော့၏။ သို့သော် သူက တိုက်ရိုက် တက်မစီးသေးဘဲ မှောက်လျက်သား ပုံစံဖြင့်သာ စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။ အကယ်၍ အဆင်ပြေပါက သူက ညာဘက်ခြေထောက်ကို ကျော်ခွကာ အခြားတစ်ဖက်ရှိ မြင်းနင်းခုံကို နင်းလိုက်မည် ဖြစ်၏။ အကယ်၍ အဆင်မပြေပါက သူက အချိန်မရွေး ပြန်ခုန်ဆင်းကာ ဇက်ကြိုးကို ပြန်ဆွဲ၍ ယဉ်ပါးအောင် ဆက်လုပ်မည် ဖြစ်သည်။

မွေးမြူရေးခြံပိုင်ရှင်နှင့် မွေးမြူရေးသမားတို့၏ မျက်နှာများတွင် အံ့အားသင့်မှုများ အပြည့် ရှိနေကြသည်။ ဤကဲ့သို့သော မြင်းယဉ်ပါးအောင် လုပ်သည့် နည်းလမ်းမျိုးကို သူတို့ မြင်ဖူးကြပြီး ထိုအကောင်းဆုံး မြင်းယဉ်ပါးအောင် လုပ်သူက ဤသို့ပင် မြင်းရိုင်းများကို ယဉ်ပါးအောင် လုပ်ခဲ့ခြင်း ဖြစ်၏။ ယဉ်ပါးအောင် လုပ်ခြင်းဆိုသည်မှာ တစ်ဖက်လူ၏ နောက်ဆုံးခံတပ်ကို တစ်ဆင့်ချင်း လျှော့ချပစ်ခြင်းပင် ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် မြင်း၏ အခြေအနေကိုလည်း စောင့်ကြည့်ရမည် ဖြစ်၏။

ရွှီယန်က မြင်းကျောပေါ်တွင် မှောက်နေရာ မြင်းနက်က သိသိသာသာ အနည်းငယ် ထိတ်လန့်နေသည်။ ၎င်းက နေရာတွင်ပင် နှစ်ပတ်ခန့် လှည့်ပတ်သွား၏။ ဤလုပ်ငန်းစဉ်အတွင်း ရွှီယန်က တည်ငြိမ်စွာပင် ၎င်း၏ စိတ်ခံစားချက် တည်ငြိမ်သွားစေရန် တဖြည်းဖြည်း စောင့်ဆိုင်းနေလိုက်သည်။ စိတ်ခံစားချက် မတည်ငြိမ်ပါက နောက်တစ်ဆင့်သို့ ဆက်သွား၍ မရချေ။ မကြာမီမှာပင် မြင်းနက်၏ ရုန်းကန်မှုအားများ လျော့ကျသွားသည်။ ၎င်းက ရွှီယန် ၎င်း၏ ကိုယ်ပေါ်တွင် မှောက်နေသည့် အပြုအမူကို ယာယီ အသားကျသွားပြီ ဖြစ်၏။

အချိန်တန်ပြီဟု ရွှီယန်က ယူဆလိုက်သောအခါ ကိုယ်ကို မတ်လိုက်ပြီး ညာဘက်ခြေထောက်ကို ကျော်ခွလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူက မြင်းကျောပေါ်တွင် သေချာပေါက် စီးနင်းလိုက်ပြီဖြစ်ပြီး ဇက်ကြိုးကိုလည်း ဆွဲထားလိုက်၏။ မြင်းနက်က ထပ်မံ၍ အနည်းငယ် ကြမ်းတမ်းလာပြန်ပြီး ရှေ့ခြေများကို မတည်မငြိမ်ဖြင့် လှုပ်ယမ်းနေသည်။ နောက်ဆက်တွဲအနေဖြင့် မြင်းရိုင်းက အဆက်မပြတ် လှုပ်ခါကာ လူကို လွှင့်ပစ်မည့် မြင်ကွင်းမျိုး ပေါ်လာမည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော်လည်း တကယ်တမ်းတွင်မူ ထိုသို့ မဖြစ်ခဲ့ချေ။ ထိုသို့သော မြင်းရိုင်းများမှာ သီးသန့် လေ့ကျင့်ပေးထားသော မြင်းများဖြစ်ပြီး တကယ့် မြင်းရိုင်း အစစ်များ မဟုတ်ကြပေ။ တကယ်တမ်း လူကို လွှင့်ပစ်ချင်ပါက မြင်းများက ထိုထက်ပို၍ ရက်စက်စွာ လုပ်ဆောင်ကြမည်သာ ဖြစ်၏။

နောက်ဆက်တွဲအနေဖြင့် အားလုံး၏ မျှော်လင့်ချက်များကို ကျော်လွန်သွားစေသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။ မြင်းနက်က နောက်ခြေကို အားပြု၍ ခုန်တက်လိုက်ပြီး ရှေ့ခြေကို မြှောက်ကာ တိုက်ရိုက်ပင် အပေါ်ဘက်သို့ ခုန်တက်သွားသည်ကို မြင်လိုက်ကြရ၏။ ထို့နောက် ၎င်း၏ ကျောပြင်က အနောက်ဘက်သို့ လှန်ကျသွားကာ တိုက်ရိုက်ပင် အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ ရွှီယန်က မြင်းကျောပေါ်တွင် စီးနေသဖြင့် ဤသို့ ခုန်တက်သွားသောအခါ သူလည်း အတူတူ ပြုတ်ကျသွားတော့၏။ လူတစ်ယောက်နှင့် မြင်းတစ်ကောင်က မြက်ခင်းပေါ်သို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားကြသည်။

"လခွမ်း..."

အင်တာနက်သုံးစွဲသူများ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြပြီး မျက်နှာများတွင် မယုံကြည်နိုင်မှုများ အပြည့် ဖြစ်သွားကြတော့၏။ ဤမြင်ကွင်းက အရမ်းကို ရုတ်တရက် ဆန်လွန်းလှသည်။ မြင်းနက်က ရုတ်တရက်ကြီး ခုန်တက်ပြီး အနောက်သို့ လှန်ကျသွားသည် ဟုတ်လား။

"အား..." မွေးမြူရေးခြံပိုင်ရှင်နှင့် မွေးမြူရေးသမားတို့က စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။ အရာအားလုံးက အရမ်းကို မြန်ဆန်လွန်းလှ၏။ သို့သော် နောက်တစ်စက္ကန့်တွင် ရွှီယန်က ဘာမှ မဖြစ်သကဲ့သို့ မတ်တတ်ရပ်လာသည်ကို မြင်လိုက်ကြရပြီးနောက် မြင်းနက်၏ ဇက်ကြိုးကို အလျင်အမြန် ဖမ်းဆွဲထားလိုက်သည်။

"ကိစ္စမရှိဘူး... ဘာမှ မဖြစ်ဘူး..." သူက မွေးမြူရေးခြံပိုင်ရှင် ရှိရာဘက်သို့ တည်ငြိမ်စွာ လှမ်းအော်လိုက်၏။

ဤမြင်ကွင်းက ကြည့်ရသည်မှာ အလွန် အန္တရာယ်များသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ ဘာထိခိုက်မှုမှ မရှိခဲ့ပေ။ တစ်မီတာခွဲခန့် မြင့်သော နေရာမှ မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းသာဖြစ်ပြီး နောက်ကျောနှင့် အရင် ကျသွားခြင်း ဖြစ်၏။ နည်းနည်းလေးမှ ဘာမှ မဖြစ်ချေ။ မြင်းနက်က သူ့ကိုယ်သူ ထိခိုက်သွားသည်လောက်ပင် နာကျင်မှု မရှိခဲ့ပေ။

ရွှီယန်က ဇက်ကြိုးကို ကိုင်ကာ မြင်းနက်ကို ကြည့်နေလိုက်သည်။ မြင်းနက်ကလည်း အားကုန် ရုန်းကန်ကာ မြေကြီးပေါ်မှ မတ်တတ်ရပ်လာ၏။ ၎င်း မတ်တတ်ရပ်လာသည်နှင့် ရွှီယန်က ချက်ချင်းပင် ၎င်း၏ ကျောပေါ်သို့ ခုန်တက်စီးလိုက်ပြန်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး မွေးမြူရေးခြံပိုင်ရှင်နှင့် မွေးမြူရေးသမားတို့ အားလုံး စိုးရိမ်ထိတ်လန့်သွားကြတော့၏။

လိုက်ဖ်ထဲတွင်တော့ လုံးဝ ပွက်လောရိုက်သွားပြီ ဖြစ်သည်။

"အစ်ကိုယန် ကြမ်းတယ်ကွာ..."

"လခွမ်း... ဒီလိုတောင် ရတယ်ပေါ့..."

"ငါ့ကို လန့်သွားစေတာပဲ..."

"ကောင်းလိုက်တဲ့ နည်းလမ်း..."

လူများက အသီးသီး အော်ဟစ်လိုက်ကြသည်။

ရွှီယန်က မြင်းနက်၏ ကျောပေါ်တွင် စီးနေပြီး ၎င်း ဒုတိယအကြိမ် ထပ်ခုန်မည်ကို စောင့်နေလိုက်၏။ စွမ်းရင် ဆက်ခုန်ကြည့်လေ။ ဘယ်သူက ပိုနာမလဲ ကြည့်ကြတာပေါ့။

မြင်းနက်က ဤတစ်ကြိမ်တွင်တော့ မရုန်းကန်တော့ဘဲ ရွှီယန် အစီးခံထားရသော်လည်း ဘာလှုပ်ရှားမှုမှ မရှိတော့ချေ။ ထို့နောက် ရွှီယန်က ၎င်းကို စီးကာ ရှေ့သို့ စတင် လျှောက်သွားလိုက်ရာ မြင်းနက်က သေချာပေါက် အရှုံးပေးသွားပြီဖြစ်ပြီး သူ၏ အမိန့်များကို လုံးဝ လိုက်နာနေတော့၏။

အစပိုင်းတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေရုံသာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ရွှီယန်က ဤအကောင်ကို စီးကာ မြက်ခင်းပြင်ပေါ်တွင် စတင် ပြေးလွှားတော့သည်။ အမြန်နှုန်းက သိပ်မမြန်လှသော်လည်း ခံစားရသည်မှာတော့ အလွန် လွတ်လပ်ပေါ့ပါးလှပေသည်။

မြင်းနက်က ဘာမှ ထပ်မံ ရုန်းကန်ခြင်း မရှိတော့ဘဲ အလွန် တည်ငြိမ်နေတော့၏။ ဒါဆို အဆင်ပြေသွားပြီပေါ့။

All Chapters