← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) မင်းက မြင်းယဉ်ပါးအောင် လုပ်ဖူးတာလား... ဗီဒီယိုတို အနည်းငယ် ကြည့်လိုက်တာနဲ့ တတ်သွားတာတဲ့လား

မြင်းယဉ်ပါးအောင် ပြုလုပ်ရသည့် လုပ်ငန်းစဉ်က နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။ မြင်ရသည်မှာ လွယ်ကူသယောင် ရှိသော်လည်း အမှန်တကယ်တော့ အဆင့်တိုင်းက စမ်းသပ်မှုများသာ ဖြစ်၏။

ရွှီယန်က တိရစ္ဆာန်များ၏ စရိုက်လက္ခဏာကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။ ထိုအကောင်များ၏ မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် မည်သို့သော ရည်ရွယ်ချက်ရှိနေကြောင်းကို သူ အလွယ်တကူ သိနိုင်ပေသည်။

ဤမြင်းနက်က အစပိုင်းတွင် ထိတ်လန့်နေပြီး အဆွဲခံရသည်ကို သဘောမကျသလို လူများ အနားကပ်လာသည်ကိုလည်း လုံးဝ မနှစ်သက်ချေ။

မြင်းအုပ်ထဲတွင် ဖယ်ကြဉ်ခံထားရကြောင်းကို ရွှီယန် ချက်ချင်း ခံစားမိလိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးက အလွန် သဘာဝကျလှ၏။ တောရိုင်းမြင်းအုပ် တစ်အုပ်တွင် မြင်းခေါင်းဆောင်က မအိုမင်းသေးဘဲ မြင်းပေါက်အသစ် တစ်ကောင်က ခွန်အားကြီးမားကြောင်း ပြသလာပါက ထိုမြင်းပေါက်မှာ ဖယ်ကြဉ်ခံရမည်သာ ဖြစ်ပြီး မြင်းအုပ်ထဲမှ နှင်ထုတ်ခံရသည်အထိပင် ဖြစ်နိုင်ပေသည်။

မွေးမြူရေးခြံတွင် မြင်းအကောင်ရေ အများအပြား မွေးမြူထားသဖြင့် အုပ်စုဖွဲ့စည်းပုံက တောရိုင်းမြင်းအုပ်များနှင့် အတူတူပင် ဖြစ်သည်။ မြင်းနက်က အချိန်ကြာမြင့်စွာ ဖယ်ကြဉ်ခံထားရသဖြင့် စိတ်ခံစားချက်ပိုင်းတွင် အနည်းငယ် မတည်မငြိမ် ဖြစ်နေခြင်း ဖြစ်၏။

ထို့ကြောင့် မြင်းတင်းကုပ်ထဲသို့လည်း ပြန်မဝင်ချင်ခြင်း ဖြစ်သည်။ မြင်းတင်းကုပ်ထဲတွင် အလွန် ဖိနှိပ်ခံရသည်ဟု ထင်နေခြင်း ဖြစ်နိုင်ပေသည်။

ရွှီယန်က မြင်းနက်ကို စီးကာ မြက်ခင်းပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ပြေးလွှားနေလိုက်သည်။

ယခုအချိန်တွင်တော့ မြင်းနက်က လုံးဝ အမိန့်နာခံသွားပြီ ဖြစ်၏။ ရွှီယန်ကလည်း ၎င်းကို အစွမ်းကုန် ပြေးလွှားခိုင်းခြင်း မရှိဘဲ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်ခိုင်းနေသည်။

မြင်းပြေးလွှားနေချိန်တွင် လေတိုက်နှုန်းက အတော်လေး ပြင်းထန်ပြီး မျက်နှာကို တဝူးဝူး တိုက်ခတ်နေ၏။ ထို့ကြောင့်လည်း မွေးမြူရေးသမားများက မြင်းစီးသည့်အခါ အမြဲတမ်း အပြည့်အစုံ ဝတ်ဆင်ထားလေ့ ရှိကြခြင်း ဖြစ်သည်။

မြက်ခင်းပြင်က လူများကို ပေးစွမ်းသည့် ခံစားချက်ကလည်း အလွန် ကောင်းမွန်ပြီး ကျယ်ဝန်းကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အဆုံးအစမဲ့သော မြက်ခင်းပြင်ကြီးကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲတွင် အလွန် သက်သောင့်သက်သာ ဖြစ်သွားရ၏။

ရွှီယန်က ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးကို အချိန်အတော်ကြာအောင် ငေးကြည့်နေလိုက်သည်။

ဒါက မြက်ခင်းပြင် သေးသေးလေးသာ ဖြစ်သေးသည်။ ဟူလွန်ဘေးအော် ကဲ့သို့သော မြက်ခင်းပြင်ကြီး ဆိုလျှင် မည်မျှပင် ကြီးမားမည်မသိချေ။

မြက်ခင်းပြင် ပတ်လမ်းတစ်လျှောက် တစ်နေကုန် ကားမောင်းသွားလျှင်ပင် မြက်ခင်းပြင်ကိုသာ ဆက်လက် မြင်တွေ့နေရမည်ဟု ကြားဖူးပေသည်။ ခံစားချက်က အတော်လေး ကောင်းမွန်လှ၏။

ဒရုန်းက အပေါ်စီးမှနေ၍ ရွှီယန်ကို ရိုက်ကူးနေသည်။ လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကတော့ လုံးဝ ပွက်လောရိုက်နေကြပြီ ဖြစ်၏။

"လောင်ရွှီ တကယ် မိုက်တယ်ကွာ... ငါ ယောက်ျားလေး ဖြစ်တာတောင် သူ့ကို အရမ်း မိုက်တယ်လို့ ထင်မိတယ်"

"တကယ် မိုက်တာ... အပြစ်ပြောစရာကို မရှိတာ"

"ဖိုရမ်မှာ လိုက်ဖ်လွှင့်သူတွေကို အမှတ်ပေးတဲ့ ပို့စ် ရှိတယ် မှတ်မိတယ်... လောင်ရွှီ က ၉ ဒသမ ၉ မှတ် ရထားပြီး လက်ရှိမှာ သဘောကျမှု အများဆုံး အဆင့် ၁ မှာ ရှိနေတာ"

"ဒီလို မြင်ကွင်းမျိုးကို လိုက်ဖ်လွှင့်သူ ဘယ်နှစ်ယောက်က လုပ်ပြနိုင်မှာလဲ... အရမ်းကို လိုက်ဖက်လွန်းတယ်"

"ဟားဟား... အဓိကက အတွင်းမွန်ဂိုလီးယားက လိုက်ဖ်လွှင့်သူတွေက အရမ်း ဝဖြိုးပြီး တောင့်တင်းလွန်းတော့ ကြည့်ရတာ သိပ်မမိုက်ဘူးလေ"

အားလုံးက အသီးသီး စကားစမြည် ပြောနေကြသည်။

လိုက်ဖ် မြင်ကွင်းတွင် လူတစ်ယောက်က မြင်းနက်ကို စီးကာ ကျယ်ပြန့်သော မြက်ခင်းပြင်ပေါ်တွင် ရပ်တန့်နေသည်ကို မြင်တွေ့ရ၏။

လေပြေက မြင်း၏ အမြီးနှင့် လည်ဆံမွေးများကို တိုက်ခတ်နေသည်။

ရုပ်ရှင်ရိုက်နေသကဲ့သို့ ခံစားရပေသည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် ရုပ်ရည်နှင့် ကိုယ်ဟန်အမူအရာ ကောင်းမွန်ခြင်းက အမှတ်ပို ရစေသည် မဟုတ်ပါလား။

ရွှီယန်က တစ်ပတ်ခန့် လှည့်လည်သွားလာပြီးနောက် မြင်းနက်ကို စီးကာ မွေးမြူရေးခြံ ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ပြန်လည် ပြေးလာခဲ့သည်။

"ရပြီ... ကျွန်တော် သူ့ကိုပဲ ယူလိုက်တော့မယ်"

ရွှီယန်က မြင်းပေါ်မှ ဆင်းကာ မြင်းနက်၏ ဇက်ကြိုးကို ကိုင်ရင်း မွေးမြူရေးခြံပိုင်ရှင်ကို ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး... ကျွန်တော်က သူ အရမ်းရိုင်းလွန်းလို့ ဝယ်သွားရင်တောင် အနားကပ်လို့ မရမှာ စိုးရိမ်နေတာ... ယဉ်ပါးအောင် လုပ်နိုင်ပြီ ဆိုမှတော့ ရောင်းလိုက်ပါ့မယ်"

မွေးမြူရေးခြံပိုင်ရှင်က ခေါင်းညိတ်လိုက်သည်။

အရောင်းအဝယ် ဈေးနှုန်းက အတော်လေး တရားမျှတပြီး မွေးမြူရေးခြံပိုင်ရှင်က ဈေးပို မတောင်းခဲ့ချေ။

ဤဒေသတွင် စီးပွားရေး လုပ်ကိုင်ရာ၌ ရိုးသားမှု ရှိကြပြီး အဓိကအားဖြင့် မွန်ဂိုလီးယား လူမျိုးများက စီးပွားရေး လုပ်ကိုင်ရာတွင် ယေဘုယျအားဖြင့် ပွင့်လင်းရိုးသားကြပေသည်။

ဤမွေးမြူရေးခြံပိုင်ရှင်က မြင်း အနည်းငယ်သာ မွေးထားသော်လည်း နွားနှင့် သိုးများတော့ အများအပြား ရှိပေသည်။ စောစောကပင် ရွှီယန်က ကြီးမားလှသော သိုးအုပ်ဖြူကြီးကို မြင်တွေ့ခဲ့ရပြီး ထောင်ဂဏန်းခန့် ရှိမည်ဟု ခန့်မှန်းရ၏။

ဤမွေးမြူရေးသမားများက ကြည့်ရသည်မှာ အဝတ်အစားများ အနည်းငယ် စုတ်ပြဲနေပုံ ပေါက်သော်လည်း စီးပွားရေး အခြေအနေကတော့ မဆိုးလှပေ။ အထူးသဖြင့် မွေးမြူရေးခြံ အကြီးကြီးများ ဖွင့်ထားသူများ ဆိုလျှင် တစ်ယောက်ချင်းစီက သိုဝှက်ထားသော သူဌေးကြီးများချည်းသာ ဖြစ်ကြသည်။

အပြင်မှာ အလုပ်လုပ်တဲ့ အတွင်းမွန်ဂိုလီးယား လူမျိုးတွေကို လုံးဝ မတွေ့ဖူးဘူး ဟူသည့် စကားတစ်ခွန်း ရှိဖူးပြီး အပြည့်အဝ မှန်ကန်သည်ဟု မဆိုနိုင်သော်လည်း ဤဒေသရှိ စီးပွားရေးနှင့် ထုတ်လုပ်မှုက အတော်လေး ကောင်းမွန်ကြောင်းကိုတော့ တွေ့မြင်နိုင်ပေသည်။

"ဒီည ကျွန်တော့်ဆီမှာပဲ တည်းလိုက်ပါ... ဧည့်ခန်း ရှိတယ်... တစ်ညလောက် အိပ်သွားလိုက်လေ"

"ညကျရင် သိုးခြေထောက် ကင်ပြီး ကျွန်တော်တို့ နည်းနည်းပါးပါး သောက်ကြတာပေါ့"

မွေးမြူရေးခြံပိုင်ရှင်က ဖိတ်ခေါ်လိုက်ပြန်သည်။

ရွှီယန် အနည်းငယ် ကြောင်အသွား၏။ အရက်သောက်သည့် ကိစ္စနှင့် ပတ်သက်၍ ဤဒေသရှိ လူများက အရမ်းကို ကြမ်းတမ်းလှသည်။ တစ်ခါတစ်ရံတွင် မနက်နိုးလာသည်နှင့် စတင် သောက်တတ်ကြသေး၏။

မွေးမြူရေးခြံ ဖွင့်ထားသဖြင့် အလုပ် သိပ်မရှိသောကြောင့် အရက်နည်းနည်း သောက်ကာ ပျော်ရွှင်စွာ နေထိုင်ကြပြီး အချိန်ကလည်း မြန်မြန် ကုန်ဆုံးသွားပေသည်။ တစ်ဝက်မူး တစ်ဝက်နိုးဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်များ ကုန်လွန်သွားကြခြင်း ဖြစ်သည်။

ရွှီယန်က လုံးဝ သဘောမတူရဲဘဲ အလျင်အမြန် ပြောလိုက်၏။

"ကျွန်တော် တကယ် အရက်မသောက်တတ်ဘူးဗျ... အခြေခံအားဖြင့်ကို မသောက်တာ"

"ကိစ္စမရှိပါဘူး... တဖြည်းဖြည်းနဲ့ တတ်သွားမှာပါ... နည်းနည်းပါးပါးတော့ သောက်လိုက်လေ"

မွေးမြူရေးခြံပိုင်ရှင်က ထပ်မံ ဖိတ်ခေါ်ပြန်၏။ ရွှီယန်လည်း သဘောတူလိုက်ရတော့သည်။

ယခုအခါ နေ့လယ် ၃ နာရီကျော် ရှိနေပြီဖြစ်ရာ သိုးခြေထောက် ကင်မည်ဆိုလျှင် ထမင်းစားရန်အတွက် အနည်းဆုံး နှစ်နာရီကျော်ခန့် စောင့်ရဦးမည် ဖြစ်သည်။

ရွှီယန်က မွေးမြူရေးခြံကို အကြမ်းဖျင်း လိုက်လံ ကြည့်ရှုလိုက်၏။ ဤမွေးမြူရေးခြံက ကြည့်ရသည်မှာ သာမန်သာဖြစ်သော်လည်း တကယ်တမ်းတွင်မူ နေရာတိုင်း၌ ချမ်းသာကြွယ်ဝမှုများကို မြင်တွေ့နေရသည်။

ဥပမာအားဖြင့် ဂိုဒေါင်ထဲတွင် ရပ်ထားသော ဧရာမ ထွန်စက်ကြီးဆိုလျှင် တန်ဖိုး ယွမ် တစ်သန်းကျော် ရှိပြီး သူ၏ ခုနစ်သောင်း ရှစ်သောင်းတန် ထွန်စက်ငယ်လေးထက် အများကြီး ပိုကောင်းပေသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာရှိ မြက်ခင်းပြင်က ကျယ်ဝန်းသဖြင့် ထွန်စက်ကြီးများကို အသုံးပြု၍ မြက်ရိတ်ခြင်းက စွမ်းဆောင်ရည် ပိုမြင့်မားပေသည်။ အကယ်၍ ထွန်စက်ငယ်လေးများကိုသာ အသုံးပြုမည်ဆိုလျှင် လဝက်ခန့် ရိတ်လျှင်တောင် ပြီးမည် မဟုတ်ချေ။

မိမိကိုယ်ကို အလွန် ဆင်းရဲသေးကြောင်း ရွှီယန် တိတ်တဆိတ် တွေးမိလိုက်သည်။ အခုမှ စတင်ရုံသာ ရှိသေးပြီး စုဆောင်းငွေ ယွမ် နှစ်သိန်းကျော်ခန့်သာ ရှိသေးသည် မဟုတ်ပါလား။ ဤဒေသရှိ သူဌေးများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်သေးပေ။

"ကျွန်တော် မြက်ခင်းပြင်ထဲ သွားပြီး ထပ်ကြည့်လိုက်ဦးမယ်... ခင်ဗျားရဲ့ မြက်ခင်းပြင်က တကယ်ကို ကောင်းတာပဲ"

"လိုက်ဖ်ထဲက လူတွေလည်း ကြည့်ချင်နေကြတယ်... နွားတွေ သိုးတွေကို နည်းနည်း ပိုပြီး လိုက်ဖ်လွှင့်ပြခိုင်းနေကြတယ်"

"အားလုံးက ဒီနေရာကို အရမ်း သဘောကျကြတယ်"

ရွှီယန်က မွေးမြူရေးခြံပိုင်ရှင်ကို ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူများက သဘောကျသည်ဟု ကြားသောအခါ မွေးမြူရေးခြံပိုင်ရှင်လည်း အလွန် ဝမ်းသာသွားပြီး ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်၏။

"စိတ်ကြိုက်သာ ကြည့်ပါ... ဒီရာသီဆိုရင် မြက်တွေ အကုန် ကြီးထွားနေပြီမို့ ရှုခင်းခံစားဖို့ အကောင်းဆုံးပဲ"

"ပြီးတော့ ရာသီဥတုကလည်း ကောင်းတယ်... ဒီရက်ပိုင်း နွားတွေ သိုးတွေကို အကုန်လုံး လွှတ်ထားတာ... မြက်ခင်းပြင်ပေါ်မှာ အကုန် ရှိတယ်"

"ကျွန်တော့် မြက်ခင်းပြင်က သိပ်မကြီးပါဘူး... စုစုပေါင်း ဧက ခုနစ်ထောင်ကျော်ပဲ ရှိတာ... ဒါပေမဲ့ အထဲမှာတော့ လျှောက်ပြေးလို့ ရပါတယ်"

ထို့ကြောင့် ရွှီယန်က မြင်းနက် ကျင်းကျယ် ကို စီးကာ မြက်ခင်းပြင်ပေါ်သို့ ရှုခင်းသွားကြည့်ရန် ထွက်လာခဲ့သည်။

အခြားတစ်ဖက်တွင်တော့ မွေးမြူရေးခြံပိုင်ရှင်က သိုးခြေထောက်ကြီး နှစ်ချောင်း ကင်ရန် မွေးမြူရေးသမားကို အလုပ်ပေးလိုက်ပြီး အရက်များကိုလည်း ပြင်ဆင်ထားကာ ညဘက်တွင် အကြီးအကျယ် သောက်စားကြရန် ရည်ရွယ်ထား၏။

မြက်ခင်းပြင်ရှိ ဘဝက အတော်လေး ပျင်းစရာကောင်းသဖြင့် ဧည့်သည် လာရောက်သောအခါ သူတို့လည်း ပျော်ရွှင်ကြသည်။ အထူးသဖြင့် ရွှီယန်က မြင်းယဉ်ပါးအောင် လုပ်တတ်သလို မြင်းလည်း စီးတတ်သဖြင့် အမျိုးတူ လူတန်းစား တစ်ခုတည်းဟု ခံစားရပြီး ပို၍ ရင်းနှီးသွားကြခြင်း ဖြစ်၏။

ကားမောင်းလာပြီး မြက်ခင်းပြင်ကို တမင်တကာ ဖျက်ဆီးတတ်သူများ ဆိုလျှင်တော့ သူတို့က အလွန် ရွံရှာမုန်းတီးကြပေသည်။

ရွှီယန်က မြက်ခင်းပြင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။ လိုက်ဖ်ထဲရှိ လူကြိုက်များမှုကလည်း ပို၍ပို၍ မြင့်မားလာ၏။

မကြာမီမှာပင် သူက သိုးအုပ်များ အနားသို့ ရောက်ရှိလာပြီး တောင်စောင်းအောက်တွင် သိုးကောင်ရေ ထောင်ချီခန့်က အေးအေးလူလူ မြက်စားနေကြသည်ကို ကြည့်ရင်း အတော်လေး ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။

ကောင်းကင်က ပြာလဲ့... မြေပြင်က ကျယ်ဝန်း... လေတိုက်၍ မြက်များ ယိမ်းနွဲ့သွားချိန်တွင်မှ နွားနှင့် သိုးများကို မြင်တွေ့ရသည်။ ဤကဲ့သို့သော ကျယ်ပြန့်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းသည့် ခံစားချက်မျိုးက မြက်ခင်းပြင်တွင်သာ အမှန်တကယ် ခံစားရရှိနိုင်ပေသည်။

"သိုးတွေ အများကြီးပဲ... သူများတွေရဲ့ ဒီလို မွေးမြူရေး အတိုင်းအတာက တကယ်ကို အားကျစရာပဲ"

ရွှီယန်က လေးနက်စွာဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ရယ်မောကြရင်း ကွန်မန့်ရေးလာကြသည်။

"လောင်ရွှီ... မင်း မွေးမြူရေးခြံ ဖွင့်ရင် မင်းလည်း ဒီလို ဖြစ်နိုင်တာပဲလေ"

"သိုး တစ်ထောင်လောက်ကတော့ မင်း မွေးနိုင်ပါတယ်ကွာ"

"မြက်ခင်းပြင်မှာ မြေသွားငှားပြီး ကိုယ်တိုင် မွေးမြူရေး သွားလုပ်ပါလား"

ရွှီယန်က အားလုံး၏ ကွန်မန့်များကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်သည်။

"မြက်ခင်းပြင်က တကယ်ကို ရင်သပ်ရှုမောစရာ ကောင်းပြီး လှပတယ် ဆိုပေမယ့် နည်းနည်းတော့ တစ်ပုံစံတည်း ဖြစ်နေတယ်... တစ်ခေါက်လောက် လာကြည့်တာ... ဒါမှမဟုတ် ဒီမှာ ရက်အနည်းငယ်လောက် လာလည်တာတော့ ရပါတယ်"

"တကယ်လို့ နေ့တိုင်း ဒီလိုချည်းပဲဆိုရင်တော့ နည်းနည်း ပျင်းစရာ ကောင်းလိမ့်မယ်"

"တောင်ပေါ်မှာဆိုရင် မတူဘူးလေ... ချန်ပိုင်တောင်တန်းက အရမ်း ကြီးပြီး မျိုးစိတ်တွေလည်း အရမ်း များတယ်... ကျွန်တော် နေ့တိုင်း မတူညီတဲ့ နေရာတွေကို သွားရင်တောင် နှစ်အတော်ကြာတဲ့အထိ အကုန် မသွားနိုင်ဘူး"

"ပြီးတော့ အချိန်တိုင်းမှာ အပြောင်းအလဲတွေ ရှိနေပြီး တိရစ္ဆာန် အမျိုးအစားတွေလည်း အရမ်း များတယ်လေ"

"ကျွန်တော်ကတော့ တောင်နဲ့ နီးတဲ့ ဘဝကို ပိုပြီး သဘောကျတယ်"

ရွှီယန်က မြင်းပေါ်တွင် စီးရင်း ရှင်းပြလိုက်သည်။

တစ်ခုစီတွင် အားသာချက် အသီးသီး ရှိကြပြီး မည်သည့်အရာက ကိုယ်နှင့် ပိုသင့်တော်သလဲ ဆိုသည်ကိုသာ ကြည့်ရမည် ဖြစ်၏။ ရွှီယန်ကတော့ တောတောင်ကို ပို၍ နှစ်သက်ပေသည်။ မည်သို့ပင်ဖြစ်စေ တောရိုင်း တိရစ္ဆာန်များ များပြားသည် မဟုတ်ပါလား။

ထို့အပြင် ယခုအခါ နောက်ဘက်တောင်ပေါ်တွင်လည်း တိရစ္ဆာန် အတော်များများနှင့် သူ သိကျွမ်းနေပြီ ဖြစ်၏။ ကျားသစ်... မြေခွေး... ဒရယ်ပြောက်... ဝက်ဝံမည်း နှစ်ကောင်... နှင်းငှက်ကလေး နှစ်ကောင်။ ခံစားချက်က အတော်လေး ကောင်းမွန်လှပေသည်။

"ဒါပေမဲ့ ရှားရှားပါးပါး မြက်ခင်းပြင်ကို တစ်ခေါက်လောက် လာရတာလည်း တကယ် ကောင်းပါတယ်..."

"ဒီမြင်ကွင်းက အရမ်း လှတယ်..."

"အထူးသဖြင့် ကိုယ်တိုင် လာကြည့်ရတဲ့ အခါကျတော့ ချက်ချင်းပဲ အသက်ရှူရတာတောင် ပိုပြီး လွတ်လပ်သွားသလို ခံစားရတယ်"

ရွှီယန်က မြင်းကျောပေါ်တွင် စီးရင်း ဆက်ပြောလိုက်သည်။

မြင်းနက်က အလွန် တည်ငြိမ်ပြီး အလွန် လိမ္မာကာ အရင်က ရုန်းကန်နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ချေ။ ဒါကမှ ၎င်း၏ တကယ့် စရိုက် ဖြစ်နိုင်ပေသည်။ မြင်းရိုင်းသာ ဖြစ်ပြီး အလွန် ကြမ်းတမ်းသော မြင်းမျိုး မဟုတ်ပေ။ ဒါက အတော်လေး ကောင်းမွန်လှ၏။ ရွှီယန်က ဘေးတွင် အချိန်အတော်ကြာအောင် ကြည့်နေလိုက်သည်။

သိုးပေါက်လေး နှစ်ကောင်က ပြေးလာပြီး ရွှီယန် ရှိရာဘက်သို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြကာ မျက်နှာစိမ်း တစ်ယောက်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စပ်စုချင်နေပုံရ၏။ မိခင်သိုး နှစ်ကောင်က ထိုအခြေအနေကို မြင်သောအခါ ချက်ချင်း လိုက်လာပြီး ၎င်းတို့ကို သိုးအုပ်ထဲသို့ ပြန်လည် မောင်းနှင်သွားကြတော့သည်။

ရွှီယန်နှင့် အထိအတွေ့ မခံချေ။ ကင်စားခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်နိုင်ပေသည်။ ရွှီယန်လည်း ပြုံးလိုက်၏။

ဤရာသီတွင် မြက်ခင်းပြင်၌ မှောင်ရန် အတော်လေး နောက်ကျပြီး ခြောက်နာရီ ကျော်မှသာ နေဝင်မည့် အရိပ်အယောင်များ ပေါ်လာတတ်သည်။ ဟိုဘက်တွင်လည်း သိုးခြေထောက် ကင်ရမည့် အချိန် နီးကပ်လာပြီဖြစ်ရာ ရွှီယန်လည်း မြင်းစီးကာ မြက်ခင်းပြင်မှ ထွက်ခွာလာခဲ့၏။ သူက အင်တာနက်သုံးစွဲသူများနှင့် စကားအနည်းငယ် ပြောကာ နှုတ်ဆက်ပြီးနောက် လိုက်ဖ်ကို ပိတ်လိုက်သည်။

မွေးမြူရေးခြံပိုင်ရှင်နှင့် မွေးမြူရေးသမားတို့က သူ့ကို အလွန် ကြိုဆိုကြပေသည်။ အဓိကအားဖြင့် သူက မြင်းယဉ်ပါးအောင် လုပ်တတ်သလို မြင်းလည်း စီးတတ်သဖြင့် တစ်မျိုးတည်းသော လူတန်းစားဟု ခံစားရကာ အလွန် ရင်းနှီးသွားကြခြင်း ဖြစ်၏။

နောက်ဆက်တွဲကတော့ အသားများကို အားရပါးရ စားပြီး အရက်များကို အားရပါးရ သောက်မည့် အစီအစဉ်ပင် ဖြစ်သည်။ အသားစားရသည်ကို ရွှီယန် သဘောကျပြီး ဒီဘက်က သိုးခြေထောက်ကင်ကလည်း တကယ်ကို အရသာရှိလှကာ ဤမွေးမြူရေးသမားများက တကယ်ကို ကင်တတ်ကြပေသည်။ သို့သော် အရက်သောက်သည့် ကိစ္စမှာတော့ ကြိုးစားကြည့်ရုံသာ တတ်နိုင်တော့၏။

အင်တာနက်ပေါ်တွင်တော့...

လောင်ရွှီ ၏ နောက်ဆုံးထွက် မြင်းယဉ်ပါးအောင် လုပ်သည့် ဗီဒီယိုများက ပျံ့နှံ့နေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုအခါ ရွှီယန်၏ လူကြိုက်များမှုက မြင့်တက်နေပြီဖြစ်ရာ ကြီးမားသော လှုပ်ရှားမှုများ ရှိပါက အင်တာနက်ပေါ်တွင် သေချာပေါက် သတင်းများ ထွက်ပေါ်လာမည်သာ ဖြစ်၏။ လူအများစုက လိုက်ဖ်ကို မကြည့်ခဲ့ကြချေ။ သို့သော် ဈေးကွက်ရှာဖွေရေး အကောင့်များ၏ တည်းဖြတ်မှုများမှတစ်ဆင့် ရွှီယန် မြင်းယဉ်ပါးအောင် လုပ်သည့် ဗီဒီယိုကို မြင်တွေ့ခဲ့ကြရသည်။

"မြင်းယဉ်ပါးအောင် လုပ်တဲ့ ဗီဒီယိုလား"

ဗီဒီယို ခေါင်းစဉ်ကို မြင်သောအခါ လူအချို့က အနည်းငယ် ကြောင်အသွားကြ၏။ ဒါက ဘာကြီးလဲ။ ဝင်ကြည့်လိုက်သောအခါ ရွှီယန်က တောင့်တင်းသန်စွမ်းသော မြင်းနက်ကြီး တစ်ကောင်ကို ဆွဲကာ မြက်ခင်းပြင်ပေါ်တွင် အားပြိုင်နေသည်ကို တွေ့လိုက်ကြရသည်။ မြင်းနက်၏ အရွယ်အစားက လူထက်ပင် ကြီးမားလှ၏။

အမှန်တကယ်တော့ အရွယ်ရောက်ပြီးသော မြင်းများ၏ ဖိအားပေးနိုင်စွမ်းက အတော်လေး မြင့်မားသော်လည်း အားလုံးက ၎င်းတို့မှာ အပင်စား သတ္တဝါများဖြစ်ကြောင်း သိထားကြသဖြင့် ထိုမျှလောက် မကြောက်ရွံ့ကြခြင်း ဖြစ်သည်။

ရွှီယန်၏ မြင်းယဉ်ပါးအောင် လုပ်သည့် ဗီဒီယိုက နေရာတိုင်းတွင် ကျွမ်းကျင်မှုများကို ပြသနေ၏။ လှုပ်ရှားမှုများ... မျက်နှာအမူအရာများနှင့် စကားပြောဆိုမှုများ စသည်တို့ပင်။ မြင်းနက်က အမြင့်သို့ ခုန်တက်ကာ တမင်တကာ အနောက်သို့ လှန်ကျသွားသည်ကို မြင်လိုက်ရသောအခါ လူများ လုံးဝ မှင်တက်သွားကြတော့သည်။

ဤမြင်ကွင်းက အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ သို့သော် ရွှီယန်က အလွန် ပေါ့ပါးစွာဖြင့် မတ်တတ်ရပ်လာပြီး ချက်ချင်းပင် နောက်တစ်ကြိမ် ပြန်တက်စီးသွားမည်ဟု မည်သူ ထင်မည်နည်း။ မျက်နှာပေါ်တွင် အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်များ မရှိခဲ့ချေ။ ဗီဒီယိုကို ကြည့်လေလေ ပို၍ အံ့ဩစရာ ကောင်းလေလေ ဖြစ်လာတော့၏။

"သူ ဘယ်လိုများ လုပ်နိုင်သွားတာလဲ... အရမ်း ကြမ်းတာပဲ"

"သူ နည်းနည်းလေးတောင် မကြောက်တဲ့ ပုံပဲ... အလွယ်လေးပဲ"

"ဟုတ်တယ်... လောင်ရွှီ က တကယ် ယုံကြည်မှု ရှိတာ... အရင်က ကျားနဲ့ တွေ့တုန်းကလည်း အဲဒီလိုပဲ"

"ငါ့ အစ်ကိုယန် ဆိုတာ အလကား မဟုတ်ဘူး... သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကို မြင်လိုက်ရကတည်းက ဒီကိစ္စ အဆင်ပြေသွားပြီ ဆိုတာ ငါ သိလိုက်တယ်"

လူများက အသီးသီး လိုက်ခ်ပေးကာ ကွန်မန့်များ ရေးကြပြီး ဗီဒီယို၏ အချက်အလက်များက အလွန် ကောင်းမွန်လှပေသည်။ ရွှီယန်က တကယ်ကို နာမည်ကြီးနေပြီ ဖြစ်၏။

မွန်ဂိုလီးယား ရွက်ဖျင်တဲထဲတွင်။

ရွှီယန်က လှီးဖြတ်ထားသော သိုးခြေထောက် ကင်များကို စားသောက်နေပြီး ဇီရာ အနည်းငယ် တို့ရုံဖြင့် တိုက်ရိုက် စားသုံးနိုင်ပေသည်။ သိုးခြေထောက်က ဆီများ ထွက်နေဆဲဖြစ်ပြီး အနေတော် ကင်ထားသဖြင့် အလွန် အရသာရှိလှ၏။

"မင်း အရင်က မြင်းယဉ်ပါးအောင် လုပ်တာ သင်ဖူးလို့လား... ယဉ်ပါးအောင် လုပ်တဲ့ နည်းလမ်းက တကယ် ကောင်းတာပဲ... အရမ်း ကျွမ်းကျင်တယ်... ငါ မြင်ဖူးတဲ့ ပရော်ဖက်ရှင်နယ် မြင်းယဉ်ပါးအောင် လုပ်တဲ့သူတွေနဲ့ အခြေခံအားဖြင့် တစ်ပုံစံတည်းပဲ"

"စွမ်းတယ်"

မွေးမြူရေးခြံပိုင်ရှင်က ရွှီယန်ကို ကြည့်ကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ မြက်ခင်းပြင်က မြင်းယဉ်ပါးအောင် လုပ်သူ မဟုတ်ဘဲ ဤမျှ ကျွမ်းကျင်သော မြင်းယဉ်ပါးအောင် လုပ်သည့် အဆင့် ရှိနေခြင်းက လူများကို တကယ် အံ့အားသင့်စေသည် မဟုတ်ပါလား။

ထိုစကားကို ကြားသောအခါ ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး ရိုးသားစွာဖြင့် ပြန်ဖြေလိုက်၏။

"မသင်ဖူးပါဘူး... ဒါပေမဲ့ နေ့လယ်က ဗီဒီယိုတို အက်ပ်ထဲမှာ မြင်းယဉ်ပါးအောင် လုပ်တဲ့ ဗီဒီယို အချို့ ကြည့်လိုက်တာ... အဲဒီ လုပ်ငန်းစဉ် အတိုင်းပဲလေ"

ရွှီယန်၏ စကားကြောင့် လူအတော်များများ အနည်းငယ် ကြောင်အသွားကြတော့သည်။

'မြင်းယဉ်ပါးအောင် လုပ်တဲ့ ဗီဒီယို အချို့ ကြည့်လိုက်တာ ဟုတ်လား'

'အဲဒါနဲ့တင် တတ်သွားပြီပေါ့'

သူ၏ စကားက မွေးမြူရေးသမားများကို လုံးဝ စကားမပြောနိုင်အောင် ဖြစ်သွားစေတော့၏။

အမှန်တကယ်တော့ မြင်းယဉ်ပါးအောင် လုပ်ရာတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေကို အဓိက ကြည့်ရှုရပြီး မြင်းရိုင်းများက လူများ၏ စိတ်ခံစားချက်များကို ခံစားသိရှိနိုင်ပေသည်။ မြင်းက ရုန်းကန်လိုက်သည်နှင့် လူကလည်း ကြောက်ရွံ့သွားပြီး အလိုအလျောက် ရှောင်ဖယ်သွားမည်ဆိုပါက မြင်းက ပို၍ပင် ရုန်းကန်တော့မည် ဖြစ်၏။

ရွှီယန်ကတော့ အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ မြင်းရိုင်းကို ရုန်းကန်ခွင့် လုံးဝ မပေးခဲ့ချေ။ တစ်မျိုးက ဇက်ကြိုးကို တင်းကျပ်စွာ ဆွဲထားပြီး မြင်းရိုင်းကို အနည်းငယ်မျှပင် ရုန်းကန်၍ မရအောင် ပြုလုပ်ခြင်း ဖြစ်သည်။

နောက်တစ်မျိုးကတော့ 'မင်း ကြိုက်သလို ရုန်းကန်... ငါကတော့ ကြည့်နေမယ်... သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြီး နောက်ပြန် လှန်ကျကြည့်လေ' ဟူသည့် ပုံစံမျိုး ဖြစ်၏။ အကြွင်းမဲ့ အရှုံးပေးသွားအောင် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်ပေါ်တွင် တကယ့် အစစ်အမှန် ပညာရပ်များကို သင်ယူနိုင်သေးကြောင်း တွေ့ရပေသည်။

All Chapters