← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) မထင်မှတ်ထားတဲ့ ဆုလာဘ်... တကယ့် ထိပ်တန်း အဆင့်မြင့် စွမ်းရည်

နောက်တစ်နေ့တွင် မည်သို့ နိုးလာခဲ့သနည်းဆိုတာကို ရွှီယန် မသိလိုက်ပေ။ မွေးမြူရေးခြံ အပြင်ဘက်သို့ ထွက်လာသောအခါ နေ့လယ် ၁၂ နာရီပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ခေါင်းက မူးနောက်နေဆဲပင် ဖြစ်သည်။ အချိန်အတော်ကြာမှသာ ပြန်လည် ကြည်လင်လာတော့၏။ တစ်ညလုံး အိပ်လိုက်ရသဖြင့် အရက်ရှိန်များ တဖြည်းဖြည်း ပြယ်သွားသော်လည်း ဝမ်းဗိုက်ထဲတွင်တော့ ဟာတာတာ ဖြစ်နေပြီး တစ်ခုခု စားချင်စိတ် ပေါ်လာသည်။ ရေနွေးကြမ်း တစ်ခွက်ခန့် သောက်လိုက်ရပါက အတော်လေး နေလို့ထိုင်လို့ ကောင်းသွားမည် ဖြစ်၏။

သူက မြင်းနက် ကျင်းကျယ်ကို သွားကြည့်ပြီး မြက်ခြောက် အနည်းငယ် ကျွေးလိုက်သည်။ မွေးမြူရေးခြံပိုင်ရှင်က သူ ထွက်လာသည်ကို မြင်သောအခါ အမြန်နှုတ်ဆက်လာ၏။

"ဒီနေ့ တော်တော် နောက်ကျနေပြီ... နောက်တစ်ညလောက် ထပ်တည်းသွားပြီးမှ မနက်ဖြန် ပြန်ပါလား"

ရွှီယန်က လက်ကာပြရင်း ပြန်ပြောလိုက်သည်။

"ကျွန်တော့် လယ်ယာခြံဝင်းမှာ ကိစ္စတွေ ရှိသေးလို့ဗျ... သွားစောင့်ကြည့်နေရဦးမယ်... နည်းနည်းလောက် အမောဖြေပြီးရင် ပြန်တော့မယ်"

သူ၏ ခန္ဓာကိုယ်က အနည်းငယ် မအီမသာ ဖြစ်နေသော်လည်း ခေါင်းကတော့ အတော်လေး ကြည်လင်နေသည်။ အရက်ရှိန် လုံးဝ ပြယ်သွားပြီဖြစ်ရာ ကားမောင်းနိုင်ပြီ ဖြစ်၏။ ရွှီယန်က ကုန်တင်ကား တစ်စီးကို ငှားရမ်းပြီး ကျင်းကျယ်ကို လယ်ယာခြံဝင်းအထိ တင်ဆောင်သွားရန် စီစဉ်လိုက်သည်။ ကားခကလည်း မနည်းလှဘဲ ယွမ် တစ်ထောင်ခန့် ပေးရပေသည်။

ခေါအော်ချင် ဘယ်ဘက်နောက်တန်း အလံက လျောင်းနင်၏ အနောက်ဘက်တွင် ရှိပြီး ယန်ကျီးက လျောင်းနင်၏ အရှေ့ဘက်စွန်းတွင် ရှိသောကြောင့် ကီလိုမီတာ ၇၈၀ ခန့် ကွာဝေးသည်။ ကားမောင်းပါက ၈ နာရီခန့် ကြာမြင့်မည် ဖြစ်၏။

ရွှီယန်က အမောဖြေရင်း ရေနွေးသောက်ကာ ပေါင်မုန့်နှင့် သိုးသား အနည်းငယ် စားပြီးနောက် မွေးမြူရေးခြံပိုင်ရှင်ကို နှုတ်ဆက်လိုက်သည်။ အရင်ကတော့ မြင်းစီးကလပ်သို့ သွားကြည့်ရန် စီစဉ်ထားခဲ့သော်လည်း ဤမွေးမြူရေးခြံမှာတင် မြင်းနက် ကျင်းကျယ်ကို သဘောကျသွားသဖြင့် အဲဒီကို မသွားတော့ချေ။ မိမိ၏ လယ်ယာခြံဝင်းသို့သာ တိုက်ရိုက် ပြန်ရန် ဆုံးဖြတ်လိုက်သည်။

'သူများ မွေးမြူရေးခြံက တကယ် ကြီးတာပဲ... စက်ပစ္စည်းတွေလည်း စုံတယ်... မွေးမြူရေး သက်သက် လုပ်တာတောင် အဲဒီလောက် ခေါင်းစားစရာ မလိုဘူး... ငါကတော့ အများကြီး ထပ်ကြိုးစားရဦးမယ်'

သူတစ်ပါး၏ မူ ၇၀၀၀ ကျော် ကျယ်ဝန်းသော မြက်ခင်းပြင်ကြီးကို မြင်တွေ့ပြီးနောက် မိမိ၏ မူ ၁၁၀ သာရှိသော လယ်ယာခြံဝင်းလေးကို ပြန်တွေးမိသောအခါ ရွှီယန်၏ စီးပွားရေး ရည်မှန်းချက်များ ပြန်လည် နိုးကြားလာတော့သည်။

အနည်းဆုံးတော့ မူ သုံးလေးရာခန့် ရှိမှသာ အဆင်ပြေမည်ဟု သူ တွေးလိုက်၏။ သို့သော် ယခုအခါ မူ ၁၁၀ ပင် အလွတ်များ ရှိနေသေးသဖြင့် နောက်ပိုင်း မည်သို့ ဆက်လုပ်မည်ကို အသေအချာ စဉ်းစားရဦးမည် ဖြစ်သည်။

အော့ဖ်ရုဒ်ကားကို မောင်းလာစဉ် သူ၏ စိတ်များက လုံးဝ ကြည်လင်နေပြီး လန်းဆန်းတက်ကြွနေပေသည်။

မြင်းနက်က ကုန်တင်ကား၏ နောက်ခန်းတွင် မတ်တတ်ရပ်နေပြီး ဇက်ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသည့်အပြင် မျက်လုံးကိုပါ အုပ်ထားသည်။ တိရစ္ဆာန်များကို သယ်ယူပို့ဆောင်ရာတွင် ဤသို့ပင် ပြုလုပ်ရလေ့ ရှိ၏။

ဥပမာအားဖြင့် တိရစ္ဆာန်ရုံမှ သစ်ကုလားအုတ်များကို သယ်ယူရာတွင်လည်း မျက်လုံးကို အုပ်ထားရသည်။ မြို့ပြရှိ ကားရှုပ်ရှုပ်များက ၎င်းတို့အတွက် ကြည့်ရှုရန် မသင့်တော်သောကြောင့် ဖြစ်၏။ ကုန်တင်ကားက ထိုအတိုင်းပင် တောက်လျှောက် ပြန်လာခဲ့သည်။

လယ်ယာခြံဝင်းသို့ ရောက်ရှိချိန်တွင် ညဘက်သို့ ရောက်နေပြီ ဖြစ်သည်။ ခွေးနှစ်ကောင်က အသံကြားသည်နှင့် ခွေးအိမ်ထဲမှ ပြေးထွက်လာကြ၏။ သူတို့လည်း အနည်းငယ် ကြီးထွားလာပြီဖြစ်ရာ ရွှီယန်က သံလှောင်အိမ်ထဲတွင် မထားတော့ချေ။

ခွေးအိမ်များကို သူ၏ ခြံဝင်းထဲတွင်သာ သီးသန့် နေရာချထားပေးသည်။ ထိုသို့မှသာ တစ်ခုခု အသံကြားပါက ချက်ချင်း ထွက်ကြည့်နိုင်မည် ဖြစ်၏။ တကယ်တမ်း ခွေးပေါက်လေးများကို ကိုက်ချီသွားနိုင်သည်မှာ ကျားသစ်နှင့် လီဟွာကြောင်ကျား တို့လောက်သာ ရှိပေသည်။ အခြား တိရစ္ဆာန်များက ထိုမျှလောက် အင်အား မရှိကြချေ။ ထို့ကြောင့် သိပ်ပြီး စိုးရိမ်စရာ မလိုပေ။

ကုန်တင်ကား ရပ်တန့်သွားသည်နှင့် ရွှီယန်က မြင်းနက်၏ မျက်လုံးအုပ်ထားသည်ကို ဖယ်ပေးလိုက်ပြီး ဇက်ကြိုးကိုပါ ဖြုတ်ပေးလိုက်သည်။

မြင်းနက်က အစပိုင်းတွင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေသော်လည်း ရွှီယန်၏ အနံ့ကို ရသွားသောအခါ တဖြည်းဖြည်း ငြိမ်ကျသွားတော့၏။ ရွှီယန်က ၎င်းကို ဆွဲခေါ်လာပြီး ကျယ်ဝန်းသော အိမ်ကြီးတစ်လုံးထဲသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာမှာ အရင်က နွားတင်းကုပ်ဖြစ်ပြီး လေးဘက်လေးတန် ခြံရံထားကာ အမိုးလည်း ပါဝင်သဖြင့် ယခုအခါ မြင်းတင်းကုပ် အဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အထဲတွင်လည်း ခြောက်သွေ့သော စပါးခွံများကို ခင်းထားပေး၏။

မြင်းများက ဤကဲ့သို့သော နေရာမျိုးတွင် အနားယူရသည်ကို သဘောကျကြပြီး ရက်အနည်းငယ် ကြာတိုင်း တစ်ခါတော့ အသစ်လဲပေးရပေသည်။ စပါးခွံများက ဤဘက်တွင် အများအပြား ရှိသလို ဝယ်ယူရသည်မှာလည်း လွယ်ကူသဖြင့် ရွှီယန်အတွက် ဘာမှ အခက်အခဲ မရှိပေ။ စပါးခွံအစား မြက်ခြောက်များ ခင်းပေးမည်ဆိုလျှင်လည်း ရသည်။

အချို့သော မြင်းများဆိုလျှင် မြက်ခြောက်ပေါ်တွင် အိပ်ရင်း ဗိုက်ဆာလာပါက ထစားလိုက်ဖြင့် အတော်လေး သက်သောင့်သက်သာ ရှိလှ၏။ မြင်းမွေးမြူခြင်းက သက်သက် ဝါသနာပါ၍ ဖြစ်ပြီး စီးနင်းရန်အတွက် ဖြစ်ရာ ငွေအနည်းငယ် ကုန်ကျခြင်းမှာတော့ ပုံမှန်သာ ဖြစ်ပေသည်။

မြင်းနက်ကို နေရာချထားပြီးနောက် မိုးချုပ်လာပြီဖြစ်ရာ ရွှီယန်က ဇက်ကြိုးကို ချည်နှောင်ရင်း ပြောလိုက်သည်။

"ကျင်းကျယ်... ဒီနေ့တော့ ဒီမှာပဲ အိပ်လိုက်တော့နော်... မနက်ဖြန်ကျမှ လယ်ယာခြံဝင်း ပတ်ဝန်းကျင်နဲ့ အကျွမ်းတဝင် ဖြစ်အောင် ခေါ်သွားပေးမယ်... ငါ့ဆီမှာက မြက်ခင်းပြင်လောက် မကြီးပေမယ့် နေရာကတော့ ကျယ်ပါတယ်... ပြီးတော့ သစ်ပင်တွေ မြက်ပင်တွေလည်း များတယ်... မြက်အမျိုးအစားတွေလည်း ပိုစုံတယ်လေ... အဲဒီကျမှ မင်းကို မြက်စားဖို့ ခေါ်သွားမယ်"

မြင်းနက်က တဖြည်းဖြည်း ငြိမ်သက်သွားပြီး ခင်းထားသော စပါးခွံများကို မြင်သောအခါ ဝမ်းသာအားရဖြင့် ရှေ့ခြေထောက်ဖြင့် စတင် ယက်တော့၏။ စပါးခွံများကို ဟိုဘက်ဒီဘက် ယက်နေခြင်း ဖြစ်သည်။

လူအများစုက မြင်းများမှာ မတ်တတ်ရပ်၍ အိပ်သည်ဟု သိထားကြသော်လည်း အပြည့်အဝတော့ မမှန်ကန်ပေ။ ၎င်းတို့က လှဲအိပ်ရသည်ကို ပို၍ သဘောကျကြ၏။ အထူးသဖြင့် မြေကြီးပေါ်တွင် မြက်ခြောက်များ... သစ်သားစများ သို့မဟုတ် စပါးခွံများ ရှိနေပါက ပို၍ပင် သဘောကျကြသေးသည်။

အိပ်ရာခင်းနေသကဲ့သို့ ရှေ့ခြေထောက်ဖြင့် ညီညာအောင် ယက်တတ်ကြသေး၏။

အိပ်ရာခင်း နေသော မြင်းနက်ကို ကြည့်ရင်း ရွှီယန် ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ ဤအကောင်လေး စိတ်အခြေအနေ ကောင်းနေပုံရ၏။ ထိုသို့ဆိုလျှင် ရွှီယန်လည်း စိတ်ချရပြီ ဖြစ်သည်။ မြင်းနက်နှင့် ခဏမျှ အတူနေပြီးနောက် ရွှီယန်လည်း အိမ်ပြန်၍ အနားယူလိုက်တော့သည်။

နောက်တစ်နေ့။

ရွှီယန်က ငှားရမ်းထားသော အော့ဖ်ရုဒ်ကားကို အရင်ပြန်အပ်ပြီး လယ်ယာခြံဝင်းသို့ တက္ကစီဖြင့် ပြန်လာခဲ့သည်။ စဉ်းစားကြည့်ရာ သူ့တွင် ကားတစ်စီး လိုအပ်နေကြောင်း တွေ့ရ၏။

ယခုအခါ သူ့တွင် ယွမ် ရှစ်သောင်းခန့်တန်သော ထွန်စက်တစ်စီး... ယွမ် သောင်းဂဏန်းခန့်တန်သော ဆိုင်ကယ်တစ်စီးနှင့် ဒီဇယ်သုံးဘီး တစ်စီး ရှိသော်လည်း ခရီးဝေး သွားရန်အတွက်မူ အဆင်မပြေပေ။ လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် အနေဖြင့် ကိုယ်ပိုင်ကား မရှိ၍ မည်သို့ ဖြစ်မည်နည်း။

'နည်းနည်း ကောင်းတဲ့ကား တစ်စီးဆိုရင် ယွမ် နှစ်သိန်း သုံးသိန်းလောက်တော့ ပေးရမယ်... ပြီးတော့ ဒီဒေသက ဆောင်းတွင်းဆို အေးတော့ ဆီစားကားပဲ ဖြစ်မှ အဆင်ပြေမှာ...'

ယခုအခါ သူ့တွင် စုဆောင်းငွေ ယွမ် နှစ်သိန်းကျော်သာ ရှိသေးသဖြင့် ကားတစ်စီးတည်းအတွက် အကုန်သုံးပစ်ရန်ကတော့ နှမြောနေသေး၏။ ငွေအနည်းငယ် ထပ်စုရဦးမည် ဖြစ်သည်။

ထို့အပြင် ရွှီယန်၏ စုစုပေါင်း ကျော်ကြားမှုရမှတ်များကလည်း တစ်သန်း ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ မြက်ခင်းပြင်တွင် မြင်းယဉ်ပါးအောင် လုပ်သည့် လိုက်ဖ်မှ ကျော်ကြားမှုရမှတ် တစ်သိန်း ရရှိခဲ့ပြီး ယခုအခါ စုစုပေါင်း ၁.၁၂ သန်း ရှိနေပြီ ဖြစ်သည်။ နောက်ဆုံးတော့ သူလည်း ချမ်းသာသွားပြီ ဖြစ်၏။

ပထမဆုံးအကြိမ် အထူးအဆင့် မဲဖောက်ရတော့မည်ဖြစ်ရာ ရွှီယန် စိတ်ထဲတွင် အနည်းငယ်တော့ ရင်ခုန်နေမိသည်။ တလောက တောရိုင်း အရှေ့မြောက် ကျားဝါကြီးနှင့် တွေ့သည့် လိုက်ဖ်မှစ၍ ယခု မြက်ခင်းပြင်တွင် မြင်းယဉ်ပါးအောင် လုပ်သည့် လိုက်ဖ်အထိ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများနှင့် လိုက်ဖ်များ ပေါင်းပြီးမှ ကျော်ကြားမှုရမှတ် တစ်သန်းကျော်သာ စုမိခြင်းဖြစ်ရာ ဤတစ်ကြိမ် မဲဖောက်ခြင်းက အချည်းနှီး မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။

"စနစ်... အဆင့်မြင့် မဲတစ်ခါ ဖောက်ပေး... ပြီးတော့ အထူးအဆင့် မဲတစ်ခါ ဖောက်ပေး..."

ရွှီယန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မဲဖောက်ရန် ရွေးချယ်လိုက်သည်။

'စနစ်ပိုင်ရှင်သည် အဆင့်မြင့် မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်...'

'ဂုဏ်ယူပါသည်... အဆင့်မြင့် ဆုလာဘ် တစ်ခု ရရှိပါသည်...'

'လယ်ကွင်းသုံး LPN 3000 နှိပ်နယ်ထိုင်ခုံ တစ်လုံး... ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေနိုင်သော စွမ်းဆောင်ရည်မြင့် နှိပ်နယ်ထိုင်ခုံ ဖြစ်ပါသည်...'

အဆင့်မြင့် မဲဖောက်ခြင်းမှ ရရှိသော ဆုလာဘ်မှာ နှိပ်နယ်ထိုင်ခုံ တစ်လုံးပင် ဖြစ်၏။

ဤနှိပ်နယ်ထိုင်ခုံ အကြောင်းကို ရွှီယန် သိရှိထားပြီး နှိပ်နယ်ထိုင်ခုံများထဲတွင် အကောင်းဆုံးဟု နာမည်ကြီးပေသည်။ သာမန် နှိပ်နယ်ထိုင်ခုံများပင်လျှင် ယွမ် တစ်သောင်းခန့် ရှိနေချိန်တွင် ဤနှိပ်နယ်ထိုင်ခုံမှာ ယွမ် ခြောက်သောင်းခွဲမှ ခုနစ်သောင်းခန့်အထိ ရှိ၏။ ငွေရှိသူများမှသာ ဝယ်ယူနိုင်သော ပစ္စည်းမျိုး ဖြစ်သည်။

ယွမ် ခြောက်သောင်းကျော် ပေးပြီး နှိပ်နယ်ထိုင်ခုံ ဝယ်ယူရန်ဆိုသည်မှာ ရွှီယန်၏ လက်ရှိ စီးပွားရေး အခြေအနေအရဆိုလျှင် လုံးဝ မဖြစ်နိုင်ချေ။ သို့သော် အလကား ရရှိခြင်းဖြစ်သဖြင့် အတော်လေး ကောင်းမွန်ပေသည်။

ဤနှိပ်နယ်ထိုင်ခုံကို အထူး ကျွမ်းကျင်သူများ လာရောက် တပ်ဆင်ပေးမည်ဖြစ်ရာ နောက်ပိုင်းတွင် လာတပ်ပေးမည့်သူ ရှိမည်သာ ဖြစ်၏။ ဤဆုလာဘ်က အတော်လေး ကောင်းမွန်ပြီး အသုံးဝင်လှပေသည်။

ထိုအချိန်မှာပင် ရွှီယန်၏ မျက်စိရှေ့တွင် ရွှေရောင် အလင်းတန်း တစ်ခု ရုတ်တရက် လက်သွားတော့သည်။ ရွှေရောင် ဆိုသည်မှာ ထိပ်တန်းအဆင့် ဆုလာဘ်ကို ကိုယ်စားပြုခြင်း ဖြစ်၏။

အထူးအဆင့် ဆုလာဘ်မှာ ခရမ်းရောင် ဖြစ်ပြီး ပုံမှန်အားဖြင့် အထူးအဆင့် မဲဖောက်ပါက အထူးအဆင့် ဆုလာဘ်သာ ရရှိသင့်ပေသည်။ ယခုအခါ ဖြစ်ခဲလှသော မဲဖောက်မှုမျိုး ဖြစ်ပေါ်သွားသည်မှာ သေချာလှ၏။

ရွှီယန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားပြီး စနစ်၏ အသံကို ကြားလိုက်ရတော့သည်။

'စနစ်ပိုင်ရှင်သည် အထူးအဆင့် မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်...'

'ဂုဏ်ယူပါသည်... ထိပ်တန်းအဆင့် ဆုလာဘ် တစ်ခု ရရှိပါသည်...'

'ကျွမ်းကျင်မှု... စိုက်ပျိုးရေး ကျွမ်းကျင်သူ...'

'စိုက်ပျိုးရေး ကျွမ်းကျင်သူ... စနစ်ပိုင်ရှင်၏ စိုက်ပျိုးရေး စွမ်းရည် အလုံးစုံ မြင့်တက်လာမည် ဖြစ်ပြီး သီးနှံများ၏ ရောဂါဘယ... ကြီးထွားမှုနှင့် အာဟာရ ပိုင်းဆိုင်ရာများကို ကျွမ်းကျင်သူ အဆင့်အထိ နားလည်လာမည် ဖြစ်သည်... စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နားလည်မှုနှင့် တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်မှုများမှာလည်း ကျွမ်းကျင်သူ အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်...'

'မှတ်ချက်... စိုက်ပျိုးရေး စွမ်းရည် မြှင့်တင်ရန်အတွက်သာ ကန့်သတ်ထားပြီး သုတေသန ပြုလုပ်ခြင်း... ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အကျိုးသက်ရောက်မှု မရှိပါ...'

ထိပ်တန်းအဆင့် ဆုလာဘ်မှာ စွမ်းရည် တစ်ခုဖြစ်သော စိုက်ပျိုးရေး ကျွမ်းကျင်သူ ပင် ဖြစ်၏။

မဲဖောက်ခြင်း၏ အခြေအနေများကို ရွှီယန် နားလည်ထားပြီး စွမ်းရည်များ ရရှိရန် အခက်ဆုံးဖြစ်ကာ အထူးအဆင့် ဆုလာဘ်နှင့် ထိပ်တန်းအဆင့် ဆုလာဘ်များတွင်သာ ပါဝင်လေ့ ရှိပေသည်။ အကြောင်းမှာ ပစ္စည်းအတော်များများကို ငွေဖြင့် ဝယ်ယူ၍ ရနိုင်သော်လည်း စွမ်းရည် ဆိုသည်မှာ ကိုယ်ပိုင် အရည်အချင်းဖြစ်ပြီး ငွေမည်မျှပင် ပေးပေး ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် စိုက်ပျိုးရေး ကျွမ်းကျင်သူ စွမ်းရည်ဆိုလျှင် လူအများစုမှာ တစ်သက်လုံး သင်ယူ၍ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ပါလျှင်တောင် သီးနှံအားလုံး၏ စိုက်ပျိုးနည်းများကို ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မည် ဖြစ်၏။ သို့သော် ရွှီယန်ကတော့ အလွယ်တကူပင် ရရှိသွားခဲ့ပြီ ဖြစ်သည်။

"ဗဟုသုတပိုင်းဆိုင်ရာ စွမ်းရည်ပဲ... ဒါက တကယ့် ပစ္စည်းကောင်းပဲ"

ရွှီယန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းသွားတော့၏။ ဗဟုသုတ ဆိုသည်မှာ စွမ်းအားပင် ဖြစ်သည်။ အထူးသဖြင့် မိမိ လုပ်ကိုင်နေသော လုပ်ငန်းနှင့် ပတ်သက်သည့် ဗဟုသုတ ဆိုပါက ပို၍ပင် အရေးကြီးလှ၏။ သူက လယ်ယာခြံဝင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မှန်လုံအိမ် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ရန် ရည်ရွယ်ထားသည် မဟုတ်ပါလား။

ဤစွမ်းရည် ရှိလာသောအခါ သူ မည်မျှပင် စိတ်အေးသွားရမည်ဆိုသည်ကို ခန့်မှန်း၍ပင် မရနိုင်တော့ချေ။ အနည်းဆုံးတော့ ရောဂါဘယများအတွက် စိတ်ပူစရာ မလိုတော့ပေ။

မှန်လုံအိမ် သီးနှံများ ရောဂါရပြီဆိုပါက တစ်ခါတည်း အကုန်လုံး ကူးစက်သွားတတ်ပြီး ကယ်တင်၍ပင် မရတော့ဘဲ အရှုံးကြီး အရှုံးပေါ်တတ်သည်။ ယခုအခါ သူ့အနေဖြင့် မှန်လုံအိမ် အထွက်နှုန်းကို ပိုမို တိုးတက်လာအောင် လုပ်ဆောင်နိုင်ပြီ ဖြစ်၏။

'တခြားသူတွေအတွက်တော့ ဒီစွမ်းရည်က အသုံးမဝင်ပေမယ့် ငါ့အတွက်ကတော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ... ထိပ်တန်းအဆင့် စွမ်းရည်ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါတယ်... သီးနှံ သုတေသန အဆင့်ကိုပါ မြှင့်တင်ပေးနိုင်ရင် ပိုကောင်းမှာပဲ... ဒါဆို အထွက်နှုန်းတိုးမယ့် သီးနှံ မျိုးစိတ်တချို့ကို သုတေသန လုပ်ပြီး နိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လို့ ရတာပေါ့... အခုတော့ စိုက်ပျိုးရေးမှာပဲ ကျွမ်းကျင်သေးတယ်... စိုက်ပျိုးရေး အတွေ့အကြုံ ကြွယ်ဝတယ်လို့ပဲ ပြောလို့ ရမယ်...'

ရွှီယန်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

ဤစွမ်းရည်ကို ရရှိပြီးသည်နှင့် သူ ချက်ချင်းပင် မှန်လုံအိမ်ထဲသို့ ဝင်ရောက် စစ်ဆေးကြည့်လိုက်၏။ ဖန်ရတနာ ပြောင်းဖူးများကို ကြည့်လိုက်သောအခါ ရေအနည်းငယ် များနေကြောင်းကို ချက်ချင်း သိလိုက်ရသည်။

ပြောင်းဖူးများက နေဒဏ်နှင့် မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မှန်လုံအိမ်ထဲတွင်က နွေးထွေးပြီး စိုစွတ်သဖြင့် ပြောင်းဖူး ကြီးထွားရန် အဆင်ပြေသော်လည်း အရမ်း စိုစွတ်နေပါကလည်း မကောင်းပေ။ သို့သော်လည်း မတတ်နိုင်ချေ။ ဤမှန်လုံအိမ်ထဲတွင် ဖန်ရတနာ ပြောင်းဖူးက သုံးပုံတစ်ပုံခန့် နေရာယူထားပြီး အတွင်းတွင်က စတော်ဘယ်ရီနှင့် နဂါးမောက်သီးများကို ရွှီယန် စမ်းသပ် စိုက်ပျိုးထားခြင်း ဖြစ်၏။

ထိုသီးနှံများ လိုအပ်သော ပတ်ဝန်းကျင်က မတူညီကြပေ။

'အရင်ကတော့ အကုန်လုံး စမ်းကြည့်ချင်လို့လေ... ပြောင်းဖူးစိုက်ပြီးတော့ နေရာလွတ်ကျန်နေသေးလို့ စတော်ဘယ်ရီနဲ့ နဂါးမောက်သီးတွေ ထပ်စိုက်လိုက်တာ... ဒါလည်း မတတ်နိုင်ဘူးလေ... တကယ်တော့ ဒီသီးနှံတွေ လိုအပ်တဲ့ ပတ်ဝန်းကျင်က လုံးဝ မတူဘူး... ရောစိုက်လို့ မရဘူး...'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

သူက စတော်ဘယ်ရီပင်များကို သေချာ ထပ်မံ စစ်ဆေးကြည့်လိုက်၏။ သူ စိုက်ပျိုးထားသော စတော်ဘယ်ရီများက ပန်းပွင့်နေပြီဖြစ်ပြီး နောက်တစ်လဆိုလျှင် အသီးသီးတော့မည် ဖြစ်သည်။ စတော်ဘယ်ရီ၏ သက်တမ်းက ရက် ၉၀ ခန့်ရှိပြီး ယခုဆိုလျှင် နှစ်လကျော်လာပြီဖြစ်ရာ ခူးဆွတ်ရမည့် အချိန် နီးကပ်လာပြီ ဖြစ်၏။

စတော်ဘယ်ရီ ပန်းများက အတော်လေး ကောင်းမွန်စွာ ပွင့်နေပြီး အရင်က ကြည့်စဉ်ကတော့ အတော်လေး ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခု သေချာ ကြည့်လိုက်သောအခါ အသီးသီးရန်အတွက် ပိုတက်စီယမ် မြေဩဇာ အနည်းငယ် ကျွေးရန် လိုအပ်နေကြောင်း သိလိုက်ရသည်။ ထို့အပြင် စတော်ဘယ်ရီပင် အချို့တွင် အမြစ်ပုပ်ရောဂါ အနည်းငယ် ရှိနေသဖြင့် အချိန်မီ ဆေးကုသရန် လိုအပ်နေပေသည်။

ရွှီယန်က အင်္ကျီအိတ်ထဲမှ မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူကာ သူမြင်သမျှ အချက်အလက်များကို စတင် မှတ်တမ်းတင်လိုက်သည်။

သူ အနည်းငယ် သတိထားမိလာ၏။ တကယ်တော့ သူ၏ စိုက်ပျိုးရေး နည်းပညာက အတော်လေး ကောင်းမွန်သော်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဗဟုသုတများက အလွန် များပြားလွန်းလှပေသည်။ နေရာတိုင်းကို အသေးစိတ် ဂရုမစိုက်နိုင်သည်မှာ သေချာလှ၏။ သတိမထားမိသော နေရာများ သေချာပေါက် ရှိနေမည်သာ ဖြစ်သည်။

ယခုအခါ ရွှီယန်က စိုက်ပျိုးရေး ကျွမ်းကျင်သူ စွမ်းရည်ကို ရရှိလိုက်ပြီဖြစ်ရာ ဤပြဿနာ အသေးအမွှားလေးများမှာ ဘယ်လိုမှ ပုန်းကွယ်နေ၍ မရနိုင်တော့ချေ။

ရွှီယန်က ဖြေရှင်းရန် လိုအပ်သော နေရာများကို မှတ်တမ်းတင်လိုက်သည်။ နောက်ရက်များတွင် မှန်လုံအိမ်ထဲရှိ သီးနှံများကို အထူး ဂရုစိုက်ရန် ပြင်ဆင်ထားလိုက်၏။

'ထိပ်တန်းအဆင့် စွမ်းရည်ကိုသာ မရခဲ့ရင် ဒီလို ပြဿနာ အသေးလေးတွေကို ငါ သတိထားမိမှာ မဟုတ်ဘူး... အရမ်းကြီး မထိခိုက်နိုင်ဘူး ဆိုပေမယ့် ငါ ဖြေရှင်းလိုက်ရင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အထွက်နှုန်း တိုးလာနိုင်သေးတယ်... ပြဿနာ ရှိရင်တော့ ဖြေရှင်းရမှာပဲလေ...'

ရွှီယန်က တွေးလိုက်သည်။

ကြည့်လေလေ ဤစွမ်းရည်က မည်မျှ အရေးကြီးကြောင်းကို သူ ပို၍ သိလာလေလေ ဖြစ်၏။ လယ်ယာခြံဝင်း ဖွင့်လှစ်၍ စိုက်ပျိုးရေး လုပ်ကိုင်သူအတွက် တကယ်ကို နတ်ဘုရား စွမ်းရည်ပင် ဖြစ်သည်။ မည်သည့် လယ်ယာခြံဝင်းတွင်မဆို ဤကဲ့သို့သော စိုက်ပျိုးရေး ကျွမ်းကျင်သူ တစ်ယောက်သာ ရှိနေမည်ဆိုပါက ထိုလယ်ယာခြံဝင်းမှာ ဘယ်လိုမှ ပြဿနာ တက်နိုင်စရာ အကြောင်း မရှိတော့ချေ။

အရင်က စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများက ရွှီယန်၏ စိုက်ပျိုးရေး အဆင့်အတန်း မြင့်မားသည်ဟု ပြောခဲ့ကြသည်မှာ တကယ်တော့ အမှန်ပင် ဖြစ်၏။ ရွှီယန်တွင် စိုက်ပျိုးရေး အတွေ့အကြုံ ရှိနေ၍သာ လယ်ယာခြံဝင်း ဖွင့်လှစ်ရဲခြင်း ဖြစ်သည်။

ယခုအခါ သူ၏ စိုက်ပျိုးရေး အဆင့်အတန်းက တကယ့်ကို အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

'စတော်ဘယ်ရီက အသီးသီးနေပြီမို့ ပိုတက်စီယမ် မြေဩဇာ ကျွေးဖို့ လိုတယ်... ပြီးတော့ အမြစ်ပုပ်ရောဂါကိုလည်း ကုသရမယ်... နဂါးမောက်သီးကတော့ ပန်းပွင့်ချိန်မှာ လူကိုယ်တိုင် ဝတ်မှုန်ကူးပေးဖို့ လိုတယ်... ဘာလို့လဲဆိုတော့ မှန်လုံအိမ်ထဲကို ပျားတွေ ဝင်မလာနိုင်လို့လေ... ဘလူးဘယ်ရီကတော့ ကြီးထွားမှု အကောင်းဆုံးပဲ... မှန်လုံအိမ် စိုက်ပျိုးရေးနဲ့လည်း အသင့်တော်ဆုံးပဲ... သကြားသီးကတော့ ကြီးထွားမှု သာမန်ပဲ... တော်သေးတယ် မျိုးစိတ် ကောင်းလို့... ဒါပေမဲ့ အပူပိုင်း အပင်တွေက စိုက်ရတာ အဲဒီလောက် မလွယ်ဘူး... အပူချိန်နဲ့ စိုထိုင်းဆကို မြှင့်ပေးဖို့ လိုသေးတယ်'

ရွှီယန်က သီးနှံ တစ်မျိုးချင်းစီ အပေါ်တွင် အကဲဖြတ်မှုများ ပြုလုပ်လိုက်၏။ ပြဿနာ အများအပြားကိုလည်း သူ တွေ့ရှိခဲ့ရသည်။

ဥပမာအားဖြင့် သကြားသီး ဆိုလျှင် ဈေးကောင်းကောင်းဖြင့် ရောင်းရသော်လည်း စိုက်ပျိုးစရိတ်ကလည်း မြင့်မားပေသည်။ ထို့အပြင် ဈေးကွက်ကလည်း သိပ်မကျယ်ပြန့်လှချေ။ လူအများစုက သိပ်မနှစ်သက်ကြဘဲ လူနည်းစုသာ ကြိုက်နှစ်သက်သော သစ်သီးဟု ပြော၍ ရသည်။

ဘလူးဘယ်ရီကတော့ ဝယ်လိုအား အလွန်များပြားပြီး စိုက်ပျိုးရန် အသင့်တော်ဆုံးပင် ဖြစ်၏။ စတော်ဘယ်ရီနှင့် နဂါးမောက်သီးကတော့ အလွန် အတွေ့ရများလွန်းလှသည်။

'နောက်နှစ် လယ်ယာခြံဝင်း ထပ်ချဲ့ဖြစ်ရင် ဘလူးဘယ်ရီ စိုက်တာ အကောင်းဆုံးပဲ... အဲဒါက အသေချာဆုံးပဲ... ဒါပေမဲ့ ဈေးကွက် အခြေအနေကိုလည်း ကြည့်ရဦးမယ်... ဒီနှစ် ဆောင်းတွင်းရောက်မှ ထပ်စဉ်းစားမယ်'

ရွှီယန်က စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

စိုက်ပျိုးရေး ကျွမ်းကျင်သူ စွမ်းရည် ရှိလာပြီဖြစ်ရာ သူ ယခုအခါ ယုံကြည်မှု အပြည့် ရှိနေပြီ ဖြစ်၏။ နောက်နှစ် နွေဦးပေါက်ပါက လယ်ယာခြံဝင်း ထပ်ချဲ့ရန် သေချာသွားခဲ့ပြီ ဖြစ်တော့သည်။

All Chapters