အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) မိုးကြိုးပစ်ခံရသည့် သစ်ပင်နှင့် ထိတ်လန့်သွားသော ရှဉ့်ကလေး
တောင်ပေါ်သို့ ရောက်သည်နှင့် ဝါးခြင်းတောင်း ပြည့်သွားခဲ့သည်။
ဝါးခြင်းတောင်း အပြည့် တောရိုင်းကီဝီသီးများပင် ဖြစ်သည်။
အားလုံးက ယခုမှ ရင့်မှည့်နေသော အသီးကောင်းများ ဖြစ်ကြ၏။
စားကြည့်ရာတွင် ကီဝီသီးနှင့် အရသာဆင်တူပြီး ချိုမြကာ ရေဓာတ်ပြည့်ဝနေသည်။
ယခုမှ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ်သာ သုံးရသေးပြီး နောက်ထပ် လေးကြိမ် ကျန်ရှိနေသေး၏။
ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ တောင်ပေါ်တွင် တောသစ်သီးများ အလွန် ပေါများနေခဲ့သည်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်ကို ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
မတတ်နိုင်ပေ။ နောက်ထပ် ကီဝီသီးနွယ်ပင် တစ်ပင်ခန့် ထပ်တွေ့မည်ဆိုပါက တကယ်ကို ကောက်ယူ၍ နိုင်တော့မည် မဟုတ်ချေ။
သို့မဟုတ် တောသစ်ကြားသီး အခင်းကြီးတစ်ခုကို တွေ့မည်ဆိုလျှင်လည်း သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
"ဒီလောက်လေးပဲ ခူးလိုက်တာတောင် ဝါးခြင်းတောင်း ပြည့်သွားပြီ... လူအများကြီး အတူတူ တောင်ပေါ်တက်လာပြီး ဒီလိုသစ်ပင်မျိုး တွေ့ရင် အထဲကို ဆက်ဝင်စရာတောင် မလိုတော့ဘူး... သစ်ပင်တစ်ပင်တည်းနဲ့တင် တစ်နေကုန် အလုပ်ရှုပ်သွားလောက်တယ်"
ရွှီယန်က ကြည့်ရှုသူများကို ပြောလိုက်သည်။
တောင်ပေါ်တက်လာသည်မှာ သိပ်မကြာသေးဘဲ တောတောင်ရှာဖွေရေး ပြီးဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သာမန် တောတောင်ရှာဖွေသူများလည်း ဤသို့ပင် ဖြစ်သည်။ ဝါးခြင်းတောင်း ပြည့်သည်နှင့် ပြန်လှည့်ကြလေ့ ရှိ၏။
"ကျွန်တော် နည်းနည်းလောက် ထပ်လျှောက်ကြည့်ဦးမယ်... ဒီအတိုင်းကြီး ပြန်သွားရင် သိပ်မပျော်ရသလိုပဲ... ဒါမှမဟုတ် မနက်ဖြန်မှ ထပ်လာမလားလို့"
ရွှီယန်က ဝါးခြင်းတောင်းကို မြေကြီးပေါ် ချထားခဲ့ပြီး ဤအနီးတစ်ဝိုက်တွင်သာ လှည့်လည်သွားလာရန် ရည်ရွယ်လိုက်သည်။
ယခုအချိန်က စောသေးသဖြင့် တောင်ထွက်ပစ္စည်း ဈေးတန်းသို့ သွားမည်ဆိုလျှင်လည်း လူသိပ်ရှိဦးမည် မဟုတ်ချေ။
ကျားသစ်ပေါက်လေးနှင့် ခဏခန့် ထပ်မံ ဆော့ကစားရမည် ဖြစ်သည်။
"လောင်ရွှီ... မင်းဆီက ဒီတောရိုင်းကီဝီသီးတွေကို ဝယ်လို့ ရမလား... ငါ မင်းဆီကနေ ဝယ်ချင်လို့"
အင်တာနက်သုံးစွဲသူ အချို့က အွန်လိုင်းမှ ဝယ်ယူရန် မကြာခဏ အကြံပြုလာကြ၏။
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဒီတောင်ထွက်ပစ္စည်းတွေက သိပ်တန်ဖိုးမကြီးပါဘူးဗျာ... အမှန်အတိုင်း ပြောရရင် သစ်သီးဈေးထက် ပို့ဆောင်ခကတောင် ပိုများနေဦးမယ်... ပြီးတော့ အွန်လိုင်းမှာ သီးသန့် စိုက်ပျိုးပြီး ရောင်းတဲ့ ဆိုင်တွေ အများကြီး ရှိပါတယ်... သူတို့ဆီက တောရိုင်းကီဝီသီးတွေက ပိုပြီး အလုံးကြီးတယ်... သေချာ ရွေးချယ်ထားတာလေ... ဆိုင်ကောင်းကောင်းလေး ရွေးပြီး အွန်လိုင်းကနေပဲ တိုက်ရိုက် မှာလိုက်ကြပါ"
သူ၏ စကားကို ကြားသောအခါ လူအတော်များများက တကယ်ပင် ဈေးဝယ်အက်ပ်များတွင် သွားရောက် ရှာဖွေကြတော့သည်။
ထိုအကြောင်းကြောင့် အရှေ့မြောက်ဒေသရှိ တောရိုင်းကီဝီသီးများ၏ အရောင်းရဆုံး စာရင်းမှာ များစွာ မြင့်တက်သွားခဲ့၏။
ရွှီယန်က အရှေ့မြောက်ဒေသအတွက် အကျိုးပြုလိုက်သည်ဟုပင် ဆိုနိုင်ပေသည်။
သူနှင့် ကျားသစ်ပေါက်လေးတို့က တောအုပ်ထဲတွင် လျှောက်သွားနေကြပြီး စိတ်ထဲတွင် အလွန် ပေါ့ပါးနေခဲ့သည်။
ထိုအချိန်တွင် အရှေ့ဘက်၌ မြက်ပင်သိပ်မမြင့်သော မြက်ခင်းပြင်ကျယ်ကြီး တစ်ခု ပေါ်လာ၏။
တောင်ပေါ်တွင် ဤမျှ ညီညာသော မြေပြင်မျိုး တွေ့ရသည်မှာ အတော်လေး ရှားပါးလှပေသည်။
ညီညာလွန်းသဖြင့် တောင်ပေါ်ဟုပင် မထင်ရချေ။
အရှည်မှာ မီတာ ၁၅၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။
ရွှီယန် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားသည်။ သူက မြေပြန့်၏ အစွန်းတွင် ရပ်ကာ ဘေးပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြည့်ပြီးနောက် အန္တရာယ် မရှိကြောင်း သေချာသွားသောအခါ အကြံတစ်ခု ရလာတော့သည်။
ယောက်ျားလေးများဆိုသည်မှာ စိတ်ကူးယဉ်တတ်သူများ ဖြစ်ကြပြီး စုမိပြီဆိုပါက ထူးထူးဆန်းဆန်း စိတ်ကူးများ ထွက်လာတတ်ကြစမြဲ ဖြစ်၏။
ရွှီယန်တွင်လည်း ထိုသို့သော စိတ်ကူးတစ်ခု တကယ် ရှိနေခဲ့သည်။
"အားလုံးသိတဲ့အတိုင်းပဲ ချီတာကျားသစ်တွေက အမြန်ဆုံး ပြေးနိုင်တယ်... ကျားသစ်တွေကလည်း အပြေးမနှေးဘူးလေ... ကျွန်တော် ကျားသစ်ကို အပြေးပြိုင်ရင် နိုင်မလားလို့"
ရွှီယန်က ပြုံးရင်း ပရိသတ်များကို ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ အားလုံးက အနည်းငယ် ကြောင်အသွားကြ၏။
"လောင်ရွှီ မင်း ဘာတွေ လုပ်နေပြန်ပြီလဲ"
ရွှီယန်က နေရာတွင်ပင် ရပ်ကာ ရှောင်ဟွာ ကို ကြည့်လိုက်သည်။
"ရှောင်ဟွာ... ငါနဲ့ အတူတူ ပြေးကြည့်ရအောင်... ဘယ်သူ ပိုမြန်မလဲလို့"
ကျားသစ်ပေါက်လေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အပြစ်ကင်းစင်စွာ ကြည့်နေ၏။
ရွှီယန်က ၎င်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး အော်လိုက်သည်။
"အဆင်သင့်... ပြေး"
ဒုတိယတစ်စက္ကန့်တွင် ရွှီယန်က အရှေ့သို့ ပြေးထွက်သွားတော့သည်။ ကျားသစ်ပေါက်လေးလည်း ချက်ချင်း အရှိန်တင်ကာ သူ၏ နောက်မှ လိုက်ပါလာ၏။
၎င်း ပြေးသည့် အရှိန်က အလွန် မြန်ဆန်လှပြီး ရွှီယန်၏ အဓိပ္ပာယ်ကို နားလည်သွားပုံရပေသည်။
သို့သော် ရွှီယန်၏ အရှိန်က ပိုမြန်နေခဲ့ပြီး သူက နောက်သို့ လှည့်ကြည့်ကာ အရှိန်ကိုပင် အနည်းငယ် လျှော့ပေးလိုက်သေး၏။
ဤမြင်ကွင်းကို ကြည့်ရင်း လိုက်ဖ်ထဲရှိ ပရိသတ်များ အားလုံး ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွားကြတော့သည်။
"လောင်ရွှီ... ကလေးကို အနိုင်ကျင့်တာ ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ"
"ဟားဟား... သတ္တိရှိရင် ကျားသစ် ကြီးလာတဲ့အထိ စောင့်ကြည့်လေ"
"မင်း တော်တော် လွန်တာပဲ"
"ရှောင်ဟွာ က ခဏစောင့် ငါ့အမေကို သွားခေါ်လိုက်ဦးမယ် တဲ့"
လိုက်ဖ်ထဲတွင် အလွန် စည်ကားလာတော့၏။
ရွှီယန် ဤသို့ ပြေးရခြင်းမှာ တခြား ရည်ရွယ်ချက်လည်း ရှိသေးသည်။ ၎င်းမှာ ရှောင်ဟွာ ၏ ကိုယ်လက်ကြံ့ခိုင်မှုကို အနည်းငယ် လေ့ကျင့်ပေးရန်ပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ခြောက်လခန့် ရှိနေပြီဖြစ်ရာ အရွယ်ရောက်ရန်ပင် နီးကပ်လာပြီ ဖြစ်သည်။
ကျားသစ်နှင့် ကျားများက အများအားဖြင့် အသက် တစ်နှစ်ဆိုလျှင် မိခင်ထံမှ ခွဲထွက်ကာ သီးခြား နေထိုင်တတ်ကြပြီး နောက်ကျလျှင်တောင် နှစ်နှစ်ခန့်သာ ဖြစ်၏။
ထိုထက် ပိုနောက်ကျပါက မိခင်ထံတွင် ကပ်စားနေသည့် အမျိုးအစားထဲ ပါဝင်သွားမည် ဖြစ်သည်။
ကိုယ်တိုင် အမဲမလိုက်တတ်ဘဲ အမေ ရှာကျွေးသည်ကိုသာ စောင့်စားနေတတ်ခြင်းမျိုး ဖြစ်၏။
ရွှီယန်က မီတာ ၁၀၀ ခန့် ပြေးပြီးနောက် ရပ်တန့်လိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
ရှောင်ဟွာ က ချက်ချင်းပင် ပြေးလာပြီး သိပ်တောင် မကွာလိုက်ချေ။
"ပြေးတာ တော်တော် မြန်တာပဲ... နည်းနည်း ထပ်ကြီးလာရင် တကယ် ပြေးလို့ နိုင်တော့မှာ မဟုတ်ဘူး"
ရွှီယန်က သက်ပြင်းချရင်း ပြောလိုက်သည်။
သဘာဝလောကတွင် လူများ၏ ပြေးနှုန်းက သိပ်မမြန်လှပေ။ ကျား... ကျားသစ်နှင့် ဝက်ဝံများက အစွမ်းကုန် ပြေးပါက လူထက် အများကြီး ပိုမြန်ကြသည်။
အခြားစကားဖြင့် ပြောရလျှင် တောရိုင်း တိရစ္ဆာန်များက အစွမ်းကုန် လိုက်ဖမ်းမည်ဆိုပါက အပြေးချန်ပီယံ ဟူစိန်ဘို့ လာလျှင်တောင် ပြေး၍ လွတ်မည် မဟုတ်ချေ။
ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ရာ အားလုံးက သူ ကလေးကို အနိုင်ကျင့်နေသည်ဟု ပြောနေကြ၏။
ပတ်ဝန်းကျင် အခြေအနေက အတော်လေး ပျော်ရွှင်စရာ ကောင်းနေပေသည်။
ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျားသစ်ပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ဤအကောင်လေးက ကြီးလာလေလေ ပို၍ ချစ်စရာ ကောင်းလာလေလေပင်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက တကယ်ကို ချစ်စရာ ကောင်းလှပေသည်။
အကောင်လေးက ခရီးအတော်ဝေးဝေး ပြေးလာသော်လည်း အမောဖြေရုံမျှသာ အသက်ရှူပြီး ပုံမှန် အသက်ရှူနှုန်းသို့ ပြန်ရောက်သွား၏။
အားအင်များ အပြည့်ပင် ဖြစ်သည်။
ရွှီယန်က ၎င်းကို ခဏမျှ ဆော့ကစားပေးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုကာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်သည်။
တစ်ကြိမ်ခန့် ထပ်သုံးပြီး ကျန်သည့် အကြိမ်များကိုတော့ တာဝန်လဲလှယ်ရန် ချန်ထားမည် ဖြစ်၏။
ယခုအခါ သူ၏ လက်ထဲတွင် ငွေကြေး အတော်အသင့် လုံလောက်နေပြီဖြစ်ရာ အိမ်စရိတ်အတွက် တောတောင်ရှာဖွေရန် သိပ်မလိုအပ်တော့ပေ။
တကယ်တမ်း တောင်ပေါ်တွင် တောတောင်ရှာဖွေနေကြသူများမှာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေကြရခြင်း ဖြစ်ပြီး အခြား ဝင်ငွေ မရှိသဖြင့် တောင်ပေါ်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရခြင်းသာ ဖြစ်၏။
တောင်ပေါ်သို့ တကယ် ဝါသနာပါ၍ သွားသူဆိုသည်မှာ အလွန် ရှားပါးလှသည်။
ရွှီယန်ကလည်း တောင်ပေါ်ရှိ တိရစ္ဆာန်များကို ချစ်ခင်၍ တောင်ပေါ်ရှိ သက်ဝင်လှုပ်ရှားနေသော အခြေအနေများကို သဘောကျသဖြင့် တောင်ပေါ်သို့ တက်ခြင်းသာ ဖြစ်ပေသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ချက်ချင်းပင် နေရာတစ်ခုကို ပြသပေးလာ၏။
ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ကာ ထိုနေရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ဤတစ်ကြိမ် တွေ့ရှိရသည့် အရာကတော့ ရွှီယန် ထင်မထားခဲ့သော အရာပင် ဖြစ်နေတော့၏။
၎င်းမှာ တကယ့်ကို ဆီးသီးပင် အစစ်ပင် ဖြစ်သည်။ သို့သော် မိုးကြိုးပစ်ခံထားရသဖြင့် သစ်ပင်က သေဆုံးသွားပြီဖြစ်ပြီး အခွံလွတ်ကြီးသာ ကျန်ရှိတော့၏။
"ဒီကို ကြည့်ကြဦး... ကျွန်တော် နောက်တစ်ခု တွေ့ပြန်ပြီ... မိုးကြိုးပစ်ခံထားရတဲ့ သစ်ပင် တစ်ပင်... ဒါပေမဲ့ မိုးကြိုးဒဏ်ကို မခံနိုင်လို့ သေသွားတာဆိုတော့ တကယ့် မိုးကြိုးပစ် သစ်ပင်တော့ မဟုတ်ဘူးပေါ့"
ရွှီယန်က စကားစလိုက်သည်။
အင်တာနက်သုံးစွဲသူများက လိုက်ဖ်မြင်ကွင်းထဲရှိ ဆီးသီးပင်ကို ကြည့်နေကြ၏။
ဆီးသီးပင်က အရွက်များ မရှိတော့ဘဲ သစ်ပင်စည်သာ ကျန်ရှိတော့သည်။ တစ်ဖက်မှ သစ်ခေါက်က ကောင်းမွန်စွာ ကျန်ရှိနေသေးသော်လည်း အခြားတစ်ဖက်မှာတော့ လုံးဝ မည်းတူးနေပြီး အလယ်တွင် အခေါင်းပေါက် ဖြစ်နေ၏။
ဤထူးဆန်းသော ပုံစံကြောင့် လူများ အတော်လေး စိတ်ဝင်စားသွားကြတော့သည်။
လူအတော်များများက မိုးကြိုးပစ် သစ်ပင် ဆိုသည့် နာမည်ကို ကြားဖူးကြပြီး ၎င်းမှာ တန်ဖိုးကြီးသော အလှဆင် ပစ္စည်းတစ်မျိုး ဖြစ်ပေသည်။
မိုးကြိုးပစ် သစ်ပင်များထဲတွင် ဆီးသီးပင်က အကောင်းဆုံးဖြစ်ပြီး မက်မွန်ပင်က ဒုတိယ အကောင်းဆုံး ဖြစ်၏။
သို့သော်လည်း စည်းကမ်းချက်များတော့ ရှိနေသေးပေသည်။
ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။
"ပုံမှန်အားဖြင့် မိုးကြိုးပစ်ခံရရင် သစ်ပင်က ချက်ချင်း ပေါက်ကွဲသွားတတ်တယ်... တချို့အချိန်တွေမှာကျတော့ မိုးကြိုးက တစ်ဖက်တည်းကို ပစ်လိုက်ပြီး မီးဟုန်းဟုန်း တောက်သွားတတ်တယ်... ပြီးတော့မှ မိုးရေက အဲဒီမီးကို ပြန်ငြှိမ်းသတ်လိုက်တာပေါ့... ဒီသစ်ပင်ရဲ့ ဒီဘက်ကို ကြည့်လိုက် လုံးဝ မည်းတူးနေတာ... ဒါက မိုးကြိုးပစ်ခံထားရတဲ့ လက္ခဏာပဲ... အဲဒီနောက် မီးက သစ်ပင်ရဲ့ အတွင်းပိုင်းကို ဆက်လောင်ပြီး အတွင်းပိုင်း တစ်ခုလုံးကို ပြာကျသွားစေတာ... နောက်တစ်ဖက်က သစ်ခေါက်ကတော့ လုံးဝ အကောင်းပကတိ ရှိနေသေးတယ်... တကယ်လို့ တောမီးလောင်တာ ဒါမှမဟုတ် တခြားမီးလောင်တာ ဆိုရင် သစ်ခေါက်က ဒီလို အကောင်းပကတိ ကျန်မှာ မဟုတ်ဘူး... မိုးကြိုးပစ်ခံရမှ ဒီလိုဖြစ်တာ... ဒါပေမဲ့ တကယ့်ကို တန်ဖိုးရှိတဲ့ မိုးကြိုးပစ် သစ်ပင်ဆိုတာ မိုးကြိုးပစ်ခံရပြီး မီးလောင်သွားပေမယ့် အသက်ရှင်နေသေးတဲ့ သစ်ပင်ကို ပြောတာ... နတ်မိုးကြိုးဒဏ်ကို ခံနိုင်သွားတဲ့ ပုံစံမျိုးပေါ့... မိုးကြိုးဒဏ်ကို ခံနိုင်သွားရင် ရတနာ ဖြစ်သွားတာလေ... မခံနိုင်ရင်တော့ ပြာကျသွားတာပဲ... ဒီသစ်ပင်ကလည်း နည်းနည်းတော့ တန်ဖိုးရှိပါသေးတယ်... လက်ပတ်ကြိုးလေးတွေ သစ်သား ဆွဲကြိုးလေးတွေ လုပ်လို့ ရတယ်... မိုးကြိုးပစ်ခံရတဲ့ ဆီးသီးပင်က မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့ အကောင်းဆုံး ပစ္စည်းပဲလေ"
ရွှီယန်က ရှင်းပြရင်း မြေကြီးပေါ်မှ ပုံစံမကျသော သစ်သားပြား တစ်ခုကို ကောက်ယူလိုက်သည်။
၎င်းမှာ မိုးကြိုးပစ်ခံရသော ဆီးသီးပင်မှ ကျန်ရစ်ခဲ့သည့် သစ်သားပြားပင် ဖြစ်၏။
သစ်သားက အလွန် ထူထဲပြီး ခိုင်မာလှသည်။ အနည်းငယ် ဖြတ်တောက်ပြီး စာလုံးလေးများ ထွင်းလိုက်ပါက အလှဆင် ပစ္စည်းလေး ပြုလုပ်၍ ရပြီ ဖြစ်သည်။
သစ်ပင်ခုတ်ရန်အတွက်တော့ မဖြစ်နိုင်ပေ။ တစ်ချက်မှာ ကိရိယာ မရှိခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ တောထဲတွင် သစ်ပင်ခုတ်ခွင့် မရှိသောကြောင့် ဖြစ်၏။ သေနေသော သစ်ပင်ဆိုလျှင်တောင် ခုတ်ခွင့် မရှိချေ။
ဤသည်မှာ လူများက တမင်တကာ သစ်ပင်ကို သတ်ဖြတ်ပြီးမှ ခုတ်ယူမည်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ လူတို့၏ စိတ်က ယုတ်မာတတ်သည် မဟုတ်ပါလား။
သို့သော် ထင်းကောက်ခြင်းကတော့ ပြဿနာ မရှိပေ။
"တလောက မိုးတွေရွာပြီး လျှပ်စီးတွေလက် မိုးတွေခြိမ်းနေတာ တော်တော် အန္တရာယ်များတယ်... အခု မိုးများတဲ့ အချိန်ဆိုတော့ အားလုံးလည်း သတိထားကြပါ"
ရွှီယန်က သစ်သားပြားကို ကိုင်ကာ ပြန်လာခဲ့သည်။ ဤတစ်ခေါက်တွင် တကယ်ကို အမြတ်ထွက်သွားခဲ့ပြီ ဖြစ်၏။
အင်တာနက်သုံးစွဲသူများက မိုးကြိုးပစ် သစ်ပင်အကြောင်းကို အပူတပြင်း ဆွေးနွေးနေကြတော့သည်။
"ဪ... မိုးကြိုးပစ် သစ်ပင်ဆိုတာ မိုးကြိုးဒဏ်ကို ခံနိုင်သွားတဲ့ သစ်ပင်ကို ပြောတာလား... တကယ်ကို ထူးဆန်းတာပဲ"
"အွန်လိုင်းမှာ ဝယ်လို့ ရမလား"
"ဒီလိုပြောရရင် အွန်လိုင်းက မိုးကြိုးပစ် သစ်ပင်ဆိုတာ အကုန်လုံး အတုတွေချည်းပဲ... ချွင်းချက်မရှိ အကုန် အတုတွေပဲ"
"အပြင်လူတွေဆီကနေ ဝယ်တာကမှ ပိုကောင်းဦးမယ်... တချို့လူတွေက တောထဲမှာ မိုးကြိုးပစ် သစ်ပင်ရဲ့ အကြွင်းအကျန်တွေကို ကောက်ရတတ်တယ်"
"တန်ဖိုးကြီးလား"
"သာမန်ပါပဲ... ဒါပေမဲ့ လောင်ရွှီ လက်ထဲက ဟာက မိုးကြိုးပစ်ခံရတဲ့ ဆီးသီးပင်လေ... တာအိုဘုန်းကြီးတွေ အကြိုက်ဆုံးပဲ... နည်းနည်းတော့ တန်ဖိုးရှိလောက်တယ်"
ရွှီယန်က တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ဘာမှ ထူးထူးခြားခြား မတွေ့တော့သဖြင့် တောရိုင်းကီဝီသီးများကို လွယ်ကာ တောင်အောက်သို့ ဆင်းရန် ရည်ရွယ်လိုက်သည်။
သူက ဝါးခြင်းတောင်းကို လွယ်လိုက်သောအခါ အတော်လေး လေးလံနေကြောင်း ခံစားလိုက်ရ၏။
ငွေရှာရသည်မှာ တကယ် မလွယ်ကူလှချေ။
တောတောင်ရှာဖွေသူများက တောင်ကို မှီခို၍ အသက်မွေးရသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ပင်ပန်းသော သယ်ယူပို့ဆောင်ရေး အလုပ်များကိုလည်း လုပ်ကိုင်ရသေးသည်။
ဤအလုပ်က အတွေ့အကြုံလည်း လိုအပ်သလို ကိုယ်လက်ကြံ့ခိုင်မှုလည်း လိုအပ်ပေသည်။ လွယ်ကူသော အလုပ်တော့ မဟုတ်ချေ။
ဒါတောင် တောရိုင်းကီဝီသီးများဖြစ်၍ တော်သေးသည်။ အရင်တစ်ခေါက်က တောသစ်ကြားသီး တစ်ခြင်းလုံးကမှ တကယ် လေးလံလှ၏။ ကျောက်တုံးကြီး လွယ်ထားရသကဲ့သို့ပင် ဖြစ်သည်။
"ဒီနေ့တော့ တောရိုင်း ကီဝီသီးလေးတွေပဲ ခူးလိုက်မယ်... မနက်ဖြန် တစ်ရက်နားပြီး သန်ဘက်ခါမှ တောင်ပေါ် ထပ်တက်မယ်... တောနက်ကြီးထဲကို တစ်ခေါက်လောက် သွားကြည့်မလို့"
ရွှီယန်က ပရိသတ်များကို ကြိုတင် ပြောပြလိုက်သည်။
သူ့တွင် သံလိုက်အိမ်မြှောင် အကြိမ်ရေ သုံးကြိမ် ကျန်ရှိသေးသည်။ မနက်ဖြန် တစ်ကြိမ်... သန်ဘက်ခါ တစ်ကြိမ် ထပ်ပေါင်းပါက အားလုံး ငါးကြိမ် ပြည့်ပြီ ဖြစ်၏။
သာမန် တောင်ထွက်ပစ္စည်းများကို သူ သိပ်စိတ်မဝင်စားတော့ချေ။ ရတနာရှာဖွေရေး တာဝန်နှင့် လဲလှယ်ရန် စဉ်းစားထားသည်။
အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
တောထဲသွား၍ တာဝန်လုပ်ရသည့် ဆုလာဘ်များကလည်း ရောက်ရှိလာပြီ ဖြစ်၏။
တာဝန် အတော်များများက တိရစ္ဆာန်များနှင့် ပတ်သက်နေပြီး အတော်လေးလည်း ရယ်စရာကောင်းပေသည်။ ဆုလာဘ်ကောင်းကောင်းလေး ရရှိရန်သာ မျှော်လင့်ရတော့မည် ဖြစ်၏။
အရင်တစ်ခေါက်က ရရှိခဲ့သော သတင်းကောင်းဆောင်ကြဉ်းလာသော ငှက် (Bao Xin Niao) တံဆိပ် အနောက်တိုင်းဝတ်စုံကို ရွှီယန် အခုထိ မဖွင့်ရဲသေးချေ။
ဤပစ္စည်းက ရွာထဲတွင် တကယ် အသုံးမဝင်လှပေ။
အရမ်းကို ဟန်ဆောင်လွန်းလှ၏။
ပုံမှန်လူများက ထိုသို့ မဝတ်ဆင်ကြချေ။
ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ကာ အိမ်ပြန်လမ်းသို့ စတင် ထွက်ခွာလာခဲ့သည်။
တောထဲတွင် တိရစ္ဆာန် အများအပြား ရှိနေ၏။
ဒရယ်ပြောက်လေးများ သုံးကောင် ငါးကောင်ခန့် အုပ်စုလိုက် ပြေးသွားခြင်းများ... မြက်ခင်းရှည်များကြားတွင် တောကြက်များ အော်ဟစ်နေခြင်းများ... တစ်ခါတစ်ရံ သစ်ကြားသီးနှင့် ထင်းရှူးစေ့များ ကောက်ယူနေသော ရှဉ့်များကိုလည်း တွေ့ရတတ်ပေသည်။
ဤရာသီက ရှဉ့်များအတွက် အလုပ်အများဆုံး အချိန်ပင် ဖြစ်၏။
ရှဉ့်များ နေထိုင်သော သစ်ခေါင်းတစ်ခုကို သွားရောက် ရှာဖွေကြည့်ပါက အထဲတွင် သစ်ကြားသီးများနှင့် ထင်းရှူးစေ့များ အပြည့် ရှိနေမည်မှာ သေချာလှပေသည်။
ထိုအချိန်မှာပင် ရွှီယန်က တောသစ်ကြားသီးပင်အောက်တွင် အလုပ်ရှုပ်နေသော ရှဉ့်လေး အချို့ကို မြင်လိုက်ရသဖြင့် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားတော့သည်။
"ရှဉ့်တွေကို ဘယ်လို ခေါ်ရမလဲဆိုတာ အားလုံး သိကြလား"
ရွှီယန်က ပြုံးရင်း မေးလိုက်သည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်မှုက ချက်ချင်း ရောက်ရှိလာတော့၏။
ရွှီယန်က ကျောပိုးအိတ်ကို ချလိုက်ပြီး သစ်ကြားသီး နှစ်လုံးကို ကိုင်ကာ တစ်ခုနှင့် တစ်ခု စတင် ခေါက်လိုက်သည်။
“ဒေါက်... ဒေါက်... ဒေါက်…”
ကြည်လင်သော ခေါက်သံလေးများ ထွက်ပေါ်လာ၏။
ရှဉ့်များက ဤသည်မှာ သစ်ကြားသီး အသံမှန်း သိရှိသဖြင့် ကြားသည်နှင့် ချက်ချင်း ထိုဘက်သို့ ပြေးလာကြတော့သည်။
ပုံမှန်အားဖြင့် ရှဉ့်များက ရွှီယန်၏ ခြေရင်းသို့ ပြေးလာတတ်ကြသော်လည်း ယနေ့တွင်တော့ ချွင်းချက် ဖြစ်သွားခဲ့၏။
အကြောင်းမှာ ကျားသစ်ပေါက်လေး ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှဉ့်လေးများက ထိုဘက်သို့ ခြေလှမ်းအနည်းငယ်ခန့် ပြေးလာပြီးနောက် ကျားသစ်ပေါက်လေးကို မြင်သည်နှင့် ချက်ချင်း လှည့်ပြေးကြတော့၏။ ထိတ်လန့်တကြားဖြင့် သစ်ပင်ပေါ်သို့ လျှပ်တစ်ပြက် ပြေးတက်သွားကြသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ရွှီယန်က ကျားသစ်ပေါက်လေးကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်တော့သည်။
"ခေါ်တာ မအောင်မြင်ဘူးဗျ... ရှောင်ဟွာ ဒီမှာ ရှိနေတာကို မေ့သွားတယ်"
ရှောင်ဟွာ က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ကြည့်နေ၏။
အင်တာနက်သုံးစွဲသူများလည်း ရှဉ့်လေးများ၏ ပုံစံကို ကြည့်ပြီး ရယ်မောကြတော့သည်။
"ဟားဟား... ရှဉ့်လေးတွေကို သေလုမတတ် လန့်သွားစေတာပဲ"
"ရှဉ့် ဆိုတဲ့အကောင်က ဒုက္ခပါပဲ ဒီတစ်ခါတော့ သေမင်းခေါ်သံ ဖြစ်နေပြီ လို့ တွေးနေလောက်တယ်"
"ရှဉ့် က ကောက်ကျစ်တဲ့ ခြေနှစ်ချောင်းကောင်နဲ့ မိစ္ဆာကျားသစ်ကိုတွေ့တာ တော်သေးတယ် ငါ ပြေးတာ မြန်လို့ လို့ ပြောနေမယ် ထင်တယ်"
လိုက်ဖ်ထဲတွင် ပြန်လည် စည်ကားလာတော့၏။
ထို့နောက် ရွှီယန်က တောသစ်ကြားသီး အချို့ကို ခွဲကာ မြေကြီးပေါ်တွင် ချန်ထားခဲ့ပြီး ကျားသစ်ပေါက်လေးကို ခေါ်၍ ဆက်လက် လျှောက်သွားတော့သည်။