← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) သူ့ရဲ့ လယ်ယာခြံဝင်းထဲမှာ သူ့ထက် အထာကျတဲ့သူ ရှိခွင့်မပေးဘူး

ဆောင်းဦးရာသီ၏ တောင်ထွက်ပစ္စည်း ဈေးတန်းမှာ အရင်ကထက် ပို၍ စည်ကားနေသည်။ ဤအချိန်သည် တောင်ထွက်ပစ္စည်းများ အများဆုံး ရင့်မှည့်သည့်အချိန် ဖြစ်၏။

နွေရာသီတုန်းကဆိုလျှင် တောတောင်ရှာဖွေသူများ ဝင်လာသည်နှင့် ပွဲစားများက ချက်ချင်း ဝိုင်းအုံလာတတ်ကြသည်။ နွေရာသီ တောင်ထွက်ပစ္စည်းများက အလွန် အရောင်းအဝယ်သွက်ပြီး အရေအတွက် နည်းပါးသဖြင့် တန်ဖိုးကြီးသောကြောင့် ဖြစ်သည်။

ဆောင်းဦးရာသီတွင်တော့ ထိုသို့မဟုတ်တော့ပေ။ တောသစ်သီးများ... သစ်ကြားသီးများနှင့် မှိုအမျိုးမျိုး စတင် ရင့်မှည့်လာကြပြီဖြစ်ရာ တောင်ထွက်ပစ္စည်း ဈေးတန်းရှိ ဆိုင်ခန်းများ အားလုံး ပြည့်နှက်နေတော့သည်။

ထို့ကြောင့် ပွဲစားများလည်း လာရောက် မမေးမြန်းကြတော့ချေ။ ဘာပဲဖြစ်ဖြစ် ပစ္စည်းပြတ်လပ်မှု မရှိတော့၍ ဖြစ်သည်။

ရွှီယန်က တောရိုင်းကီဝီသီးများကို ယူဆောင်လာပြီး ဆိုင်ခန်းတစ်ခု ရှာကာ စတင် ရောင်းချလိုက်သည်။ အရောင်းသွက်လှသည်။

အဓိကအားဖြင့် တောရိုင်းကီဝီသီးများကို လူကြိုက်များပြီး လူအများစုက မြင်သည်နှင့် ချက်ချင်း သွားရည်ကျကာ အိမ်ပြန်ဝယ်သွားချင်စိတ် ပေါ်လာသောကြောင့် ဖြစ်၏။

ထို့အပြင် လူအတော်များများက ရွှီယန်ကို သိနေကြသဖြင့် တမင်သက်သက် လာရောက်၍ စကားစမြည် ပြောဆိုကြသည်။ ရွှီယန်ကလည်း ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်နေ၏။

သူက လိုက်ဖ်မဖွင့်ထားဘဲ တောင်ထွက်ပစ္စည်း ဈေးတန်းသို့ ကိုယ်တိုင် လာရောက် လည်ပတ်ခြင်းသာ ဖြစ်သည်။

လူများက သူ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေကြဆဲ ဖြစ်ပြီး အရမ်း နာမည်ကြီးနေသောကြောင့် ဖြစ်သော်လည်း ဤဒေသမှ လူများ၏ ဘဝနေထိုင်မှုမှာ ပေါ့ပါးလွတ်လပ်သဖြင့် ရွှီယန်ကို အနှောင့်အယှက် ပေးမည်တော့ မဟုတ်ပေ။

တောရိုင်းကီဝီသီးများ ရောင်းကုန်သွားပြီးနောက် ရွှီယန်က မှိုများနှင့် ဆေးဖက်ဝင်အပင် အချို့ကို ဝယ်ယူကာ လယ်ယာခြံဝင်းသို့ အရန်အဖြစ် ယူဆောင်လာခဲ့သည်။ ကျေးလက်ဘဝဆိုသည်မှာ ခြံဝင်းထဲတွင် စားသောက်စရာ အချို့ကို သေချာပေါက် သိုလှောင်ထားရမည် မဟုတ်ပါလား။

ဒုတိယနေ့တွင် ရွှီယန် တစ်ရက် အနားယူလိုက်ပြီး ခြံဝင်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေလိုက်သည်။ မွန်းလွဲပိုင်းတွင် ဘီယာဘဲသားဟင်း ချက်နည်းကို လေ့လာလိုက်၏။

အရင်တစ်ခေါက်က ဘဲခေါင်းစိမ်း၏ နှစ်သက်မှု ဆုလာဘ်အဖြစ် ဘဲသားဟင်း ချက်နည်း ဆယ်မျိုးကို ရရှိထားခဲ့သော်လည်း အချိန်မရသဖြင့် မစမ်းသပ်ကြည့်ရသေးချေ။

လယ်ယာခြံဝင်းတွင် ကင်ဖို မရှိသည်မှာ နှမြောစရာပင်။ မဟုတ်ပါက ဘဲကင် လုပ်စားလို့ ရပေသည်။

သို့သော်လည်း ဘီယာဘဲသားဟင်း၏ အရသာကလည်း တကယ်ကို ကောင်းမွန်လှ၏။ ချက်နည်းပြုတ်နည်းများကို တတ်ကျွမ်းထားပြီး ချက်ပြုတ်လိုက်သောကြောင့် အရသာက ပို၍ ကောင်းမွန်နေခြင်း ဖြစ်သည်။

ဤသည်မှာ ဘဲခေါင်းစိမ်း၏ လက်ဆောင်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။

နေ့လယ်စာ စားပြီးနောက် ရွှီယန်က လယ်ယာခြံဝင်းထဲတွင် လမ်းလျှောက်ထွက်လာခဲ့ပြီး ခွေးမည်းလေး ရှောင်ဟေးနှင့် မြင်းနက် ကျင်းကျယ်တို့ အတူတကွ ပြေးလွှားဆော့ကစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ရွှီယန်က အဝေးမှ လှမ်းကြည့်ရင်း အတော်လေး ထူးဆန်းနေမိ၏။

အစပိုင်းက ခွေးမည်းလေး ရှောင်ဟေးကို မြင်းနက်က ခြေထောက်ဖြင့် နင်းမိသွားမည်ကို ရွှီယန် စိုးရိမ်နေခဲ့သည်။ မြင်းများ၏ တိုက်ခိုက်နိုင်စွမ်းက အတော်လေး ပြင်းထန်ပြီး ခွာဖြင့် နင်းမိပါက ထိခိုက်မှု အနည်းအကျဉ်းတော့ မဟုတ်ချေ။ ဂိမ်းများထဲတွင်ပင် မြင်းလူကောင် ဟီးရိုးများ၌ စစ်ပွဲနင်းခြေခြင်း စွမ်းရည် ပါရှိသည် မဟုတ်ပါလား။

သို့သော် မြင်းနက်က ခွေးမည်းလေး နောက်သို့ နူးညံ့စွာ လိုက်ပါနေသည်ကို မြင်သောအခါ ရွှီယန်လည်း စိတ်အေးသွားတော့သည်။

အမည်းရောင် တိရစ္ဆာန် နှစ်ကောင်မှာ အတော်လေး အဆင်ပြေနေကြ၏။

မာလီနွိုက်ခွေးကတော့ ရွှီယန်၏ နောက်သို့ သစ္စာရှိစွာ အမြဲ လိုက်ပါလေ့ရှိပြီး တစ်ခါတစ်ရံတွင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ထွက်တတ်သည်။ ဤတိရစ္ဆာန်များကို ကြည့်ရင်း ရွှီယန်၏ စိတ်အခြေအနေလည်း ကောင်းမွန်နေတော့၏။

ထိုအချိန်မှာပင် လီဟွာကြောင်ကျားလေး က အေးစက်သော မျက်နှာထားဖြင့် ရွှီယန်၏ ဘေးမှ ဖြတ်သွားပြန်သည်။

ဒီအကောင်လေးက တကယ်ကို အထာကျပြီး မာနကြီးလှ၏။

အခုဆိုလျှင် ပို၍ပင် မာနကြီးလာပြီး အပွတ်သပ် မခံတော့ချေ။ ရွှီယန် ခေါ်လျှင်လည်း မကြားသလို နေတတ်သည်။ ကြောင်များ၏ နားက အလွန် ပါးသော်လည်း ပြန်မထူးခြင်းမှာ ပြန်မထူးချင်၍သာ ဖြစ်၏။

ရွှီယန်က ၎င်းအတွက် သီးသန့် ဝယ်ထားသော ကြောင်အစာကို သတိရသွားသဖြင့် အခန်းထဲသို့ ချက်ချင်း ပြန်သွားကာ ကြောင်အစာ သွားယူလိုက်သည်။

သူက ကြောင်အစာကို ကိုင်ကာ ခြံဝင်းထဲသို့ ပြန်ထွက်လာပြီး လီဟွာကြောင်ကျားလေး ရှိရာဘက်သို့ လှမ်းခေါ်လိုက်၏။

"ဆန်းပြောင်... လာခဲ့... စားစရာ အကောင်းစားလေး ပါတယ်"

'စားစရာ အကောင်းစားလေး' ဆိုသည့် စကားက လီဟွာကြောင်ကျားလေး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

လီဟွာကြောင်ကျားလေးက ချက်ချင်းပင် ခေါင်းလှည့်လာပြီး ရွှီယန် ရှိရာဘက်သို့ ကြည့်လာတော့၏။

"တကယ် အကောင်းစားလေးပါဆို..."

ရွှီယန်က ကြောင်အစာ ထုပ်ပိုးမှုကို ဆုတ်ဖြဲလိုက်ပြီး အာဟာရပျစ်နှစ်များကို ညှစ်ထုတ်ကာ လက်ဆန့်၍ လှုပ်ယမ်းပြလိုက်သည်။

လီဟွာကြောင်ကျားလေးက သံသယဖြင့် ရွှီယန် အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။

ပထမဆုံး လေထဲတွင် အနံ့ခံကြည့်ရာ ဘာအနံ့မှ မရသဖြင့် အာဟာရပျစ်နှစ် အရှေ့သို့ သွားကာ နှာခေါင်းဖြင့် နီးကပ်စွာ အနံ့ခံကြည့်လိုက်သည်။

ထို့နောက် ပါးစပ်ဟကာ သေးငယ်သော အကိုက်တစ်ကိုက် ကိုက်စားကြည့်လိုက်၏။

ထိုတစ်ကိုက်က ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ပင်။

လီဟွာကြောင်ကျားလေး၏ မျက်လုံးသူငယ်အိမ်များက ရုတ်တရက် ကြီးမားသွားပြီး သေးငယ်သော မျက်နှာလေးပေါ်တွင် ကြီးမားသော အံ့အားသင့်မှုများ ပေါ်လာတော့သည်။

'ဒီလောက်တောင် စားကောင်းတာလား'

လီဟွာကြောင်ကျားလေးက ချက်ချင်းပင် ခေါင်းကို တိုးလာပြီး ကြောင်အစာထဲမှ အာဟာရပျစ်နှစ်များကို အားရပါးရ စတင် စားသောက်တော့သည်။

ရွှီယန်က လက်ကို ဆန့်ထုတ်ကာ လီဟွာကြောင်ကျားလေး၏ ခေါင်းနှင့် ခန္ဓာကိုယ်ကို အလွယ်တကူပင် ပွတ်သပ်ပေးလိုက်၏။

'ဒီကောင်လေး... မင်းကို မနိုင်ဘူးများ မှတ်နေလား... အခုရော အပွတ်သပ် ခံနေရပြီ မဟုတ်လား'

မည်မျှပင် မာနကြီးသော ကြောင်ဖြစ်ပါစေ ကြောင်အစာ၏ မြှူဆွယ်မှု အောက်တွင်တော့ အရှုံးပေးရမည်သာ ဖြစ်သည်။

ရွှီယန်၏ တိရစ္ဆာန် ယဉ်ပါးအောင် လုပ်နိုင်စွမ်းက ယခင်အတိုင်းပင် အလွန် စွမ်းဆောင်ရည် မြင့်မားလှ၏။

မည်သို့ပင်ဖြစ်စေ ဤနေရာက သူ့လယ်ယာခြံဝင်း ဖြစ်ပြီး သူ့လယ်ယာခြံဝင်းထဲတွင် သူထက် အထာကျသော အကောင်များ ရှိနေခွင့် မပေးနိုင်ပေ။

ရွှီယန်က ကြောင်အစာ ကုန်သွားသည်အထိ ကြောင်ကို အချိန်အတော်ကြာအောင် ပွတ်သပ်နေလိုက်သည်။

"ကုန်သွားပြီ... ကုန်သွားပြီ"

ရွှီယန်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။

လီဟွာကြောင်ကျားလေးက အားမရသေးသကဲ့သို့ လျှာကို သပ်လိုက်ပြီး ရွှီယန်ကို ကြည့်လာရာ ယခင်ကလောက် မာနကြီးသည့် ပုံစံမျိုး မရှိတော့ချေ။

"မင်း ကြွက်တွေ များများဖမ်းရင် ဆုလာဘ်ကတော့ သေချာပေါက် ရဦးမှာပဲ..."

"အမှိုက်ပုံဘက်မှာ ကြွက်တွေ ပြန်များလာပြီ... အချိန်မီ ဖမ်းဖို့ မမေ့နဲ့ဦး..."

ရွှီယန်က လီဟွာကြောင်ကျားလေးကို တာဝန်တစ်ခု ပေးအပ်ရန်လည်း မမေ့လျော့ခဲ့ချေ။

သူ၏ စကားကို ကြားသောအခါ လီဟွာကြောင်ကျားလေးက လက်ဖဝါးလေးများကို လျှာဖြင့် သပ်ကာ မျက်နှာသစ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

အလုပ်သွားလုပ်တော့မည်ဟု ခန့်မှန်းရ၏။

ရွှီယန်က မြင်းနက်ကို ထပ်မံ ကြည့်လိုက်ပြီး မြင်းစီးကာ အပြင်သို့ လမ်းလျှောက်ထွက်ရန် ရည်ရွယ်လိုက်သည်။

ယခုအချိန်က ဆောင်းဦးရာသီ ရိတ်သိမ်းချိန်ဖြစ်ရာ ရွာထဲမှ လူများ အားလုံး အလွန် အလုပ်များနေကြ၏။ အချို့က တောင်ပေါ်တက်ကာ တောသစ်သီးများ ရှာဖွေရန် အလုပ်ရှုပ်နေကြပြီး အချို့က ပြောင်းဖူးခူးခြင်း... စပါးရိတ်ခြင်းများဖြင့် အလုပ်ရှုပ်နေကြသည်။ လုပ်၍ မကုန်နိုင်သော လယ်ယာအလုပ်များပင် ဖြစ်သည်။

ရွှီယန်တို့ မိသားစု၏ လယ်မြေများကို ငှားရမ်းထားသဖြင့် လုပ်စရာ လယ်ယာအလုပ်များ မရှိချေ။ မည်သို့ပင်ဖြစ်စေ သူတို့ မိသားစုက စူပါမားကတ် ဖွင့်ထားပြီး ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက် အနည်းငယ်သာ စိုက်ပျိုးထားသောကြောင့် ဖြစ်၏။

ရွှီယန် လုပ်ကိုင်နေသည်မှာ ရာသီပေါ် မဟုတ်သော သစ်သီးများ ဖြစ်သည်။

ရာသီပေါ် မဟုတ်သည်ဆိုမှတော့ အခြားသူများ အလုပ်များနေချိန်တွင် သူက သေချာပေါက် လုံးဝ အလုပ်မများချေ။

ထို့ကြောင့် ယခုအခါ သူက ရွာထဲရှိ အလုပ်မရှိ အကိုင်မရှိသူ တစ်ယောက် ဖြစ်နေတော့၏။

လုပ်စရာ အလုပ် သေချာ မရှိဘဲ ကစားနေရုံသာ ဖြစ်သည်။

သို့သော် ယနေ့ တစ်ရက် အနားယူပြီးနောက် မနက်ဖြန်တွင်တော့ တောင်ပေါ်သို့ တက်ရဦးမည် ဖြစ်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေ ငါးကြိမ် ပြည့်သွားပြီဖြစ်ရာ ရွှီယန်က သစ်တောထဲသို့ သွားရောက်၍ တာဝန် ထမ်းဆောင်ရန် ရည်ရွယ်ထား၏။

တာဝန် ထမ်းဆောင်ရသည်မှာ တကယ်ကို စွဲလမ်းစရာ ကောင်းလှပေသည်။

အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။

ဘာလုပ်ရမည်ကို လုံးဝ မသိသလို ဆုလာဘ်က ဘာဖြစ်မည်ဆိုတာကိုလည်း မသိရချေ။ သို့သော် တန်ဖိုးကြီးသော မှို အနည်းငယ် ရှာတွေ့ခြင်းထက်တော့ ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။

ဤတစ်ကြိမ် တောနက်ကြီးထဲသို့ သွားရောက်ကာ ဘာတွေ တွေ့မည်ကို စောင့်ကြည့်ရမည် ဖြစ်၏။

နောက်တစ်နေ့ နံနက်ခင်းတွင် ရွှီယန်က အငှားကားသမားကို အစောကြီး ခေါ်ကာ တောင်ပေါ်လမ်းသို့ ပို့ခိုင်းလိုက်သည်။

ရွှီယန်က သူ၏ ဖောက်သည်ဟောင်း ဖြစ်ရာ ရွှီယန် ခေါ်သည်နှင့် ချက်ချင်းပင် ရောက်လာတော့၏။

"တောင်ပေါ် တက်ဦးမလို့လား..."

"ပြောလေ... ဘယ်လမ်းကို သွားရမလဲ..."

အငှားကားသမားက မေးလိုက်သည်။

ပုံမှန်အားဖြင့် ရွှီယန်က တောင်ပတ်လမ်း တစ်ခုပေါ်တွင် ဆင်းလေ့ရှိပြီး ထိုလမ်း၏ တစ်ဖက်မှနေ၍ တောင်ပေါ်သို့ ဝင်ရောက်သွားလေ့ ရှိ၏။ တစ်ခါတစ်ရံ တောင်စောင်းများ မတ်စောက်နေသော်လည်း သူက အလွယ်တကူပင် တွယ်တက်သွားကာ ခဏအတွင်း ပျောက်ကွယ်သွားတတ်သည်။

အလွန် ကြမ်းတမ်းလှပေသည်။

"အရင်တစ်ခေါက်က သွားတဲ့ တောင်ပေါ်လမ်းပဲ..."

"ဒီတစ်ခါတော့ အဲဒီလောက် အမြင့်ကြီးကို မတက်တော့ဘူး... ခင်ဗျား အပေါ်ကိုသာ မောင်းသွား... ကျွန်တော် ရောက်ပြီဆိုရင် ရပ်ခိုင်းလိုက်မယ်..."

ရွှီယန်က ပြန်ဖြေလိုက်သည်။

"အိုကေ..."

အငှားကားသမားက ချက်ချင်း သဘောတူလိုက်၏။

နံနက် ခြောက်နာရီသာ ရှိသေးသော်လည်း ရွှီယန်က ကားစီးကာ တောင်ပေါ်သို့ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

ခရီးဆုံးသို့ ရောက်သောအခါ နံနက် ခုနစ်နာရီခန့် ရှိနေပြီ ဖြစ်၏။

သူက တောင်ပေါ်သို့ နှစ်နာရီခန့် လမ်းလျှောက်သွားရန် ရည်ရွယ်ထားပြီး ကိုးနာရီ ထိုးပါက လိုက်ဖ်ဖွင့်မည် ဖြစ်သည်။

ထိုအချိန်ရောက်ပါက သူကိုယ်တိုင် မြေပုံ မကြည့်ဘဲ မည်သည့်နေရာသို့ ရောက်နေမှန်း သိမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ အတွင်းဘက်သို့ တောက်လျှောက် လျှောက်သွားရန်သာ ဖြစ်၏။

သစ်ပင်တက် ကျွမ်းကျင်မှု စွမ်းရည်ကို ရရှိထားသဖြင့် ယခုအခါ ရွှီယန်က တောင်တက်ရာတွင်လည်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ အနည်းငယ် မတ်စောက်သော ကျောက်ကမ်းပါးများကို သူက လက်ဗလာဖြင့် တိုက်ရိုက် တွယ်တက်ရဲပေသည်။

သေချာသည်မှာ အမြင့်ဆုံး အနေဖြင့် ဆယ်မီတာခန့်သာ ဖြစ်ပြီး ထိုထက် ပိုမြင့်ပါက သူက လမ်းလွှဲသွားမည်သာ ဖြစ်၏။ အနည်းငယ် စွန့်စားခြင်းက ရသော်လည်း အသက်နှင့် ရင်း၍တော့ မလုပ်ရဲပေ။

ကိုးနာရီ ထိုးသောအခါ ရွှီယန်က ဒရုန်းကို ထုတ်ယူကာ လိုက်ဖ် စတင် ဖွင့်လိုက်သည်။ ယခင်ကအတိုင်း ရင်းနှီးနေကျ မြင်ကွင်းမျိုးပင် ဖြစ်၏။

အားလုံးက သူ နောက်ထပ် ဘယ်နေရာကို ရောက်သွားပြန်သလဲ ဆိုတာကို မသိကြသော်လည်း တောနက်ကြီးထဲ ဖြစ်ပြီး တိရစ္ဆာန် မျိုးစုံ ရှိနေမည်ကိုတော့ သိကြပေသည်။

ထို့အပြင် ရွှီယန်၏ လိုက်ဖ်ကလည်း တကယ်ကို ထိုသို့ပင် ဖြစ်ရာ တစ်ခါတစ်ရံ တောရိုင်း တိရစ္ဆာန်များ ပြေးထွက်လာတတ်ပြီး ၎င်းတို့ ထွက်ပေါ်လာတိုင်း လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကို ပွက်လောရိုက်သွားစေတတ်သည်။

တောရိုင်း တိရစ္ဆာန်များ ပေးစွမ်းသည့် ခံစားချက်က လုံးဝ မတူညီချေ။

"ကျွန်တော် အခု ချန်ပိုင်တောင်တန်းရဲ့ တောနက်ကြီးထဲကို ရောက်နေတာပါ..."

"အခု တောနက်ကြီးထဲမှာ ဆောင်းဦးရာသီ အရိပ်အယောင်တွေ တော်တော်လေး ပေါ်လွင်နေပြီ... ဒီဘက်ကို ကြည့်လိုက်ပါဦး... သစ်ပင်တွေ တစ်ခွင်လုံး ဝါနေပြီလေ..."

"မြေကြီးပေါ်က သစ်ရွက်ကြွေတွေက အရမ်း ထူတော့ နင်းရတာ အရမ်း နူးညံ့တယ်..."

ရွှီယန်က မိုက်ကရိုဖုန်းကို ဖွင့်ကာ သစ်ရွက်ကြွေများပေါ်တွင် လမ်းလျှောက်သွားရာ ရှပ်ရှပ် ဟူသော အသံများ ထွက်ပေါ်နေ၏။

ဤရာသီတွင် သစ်တောများက ထိုသို့ပင် ဖြစ်သည်။ သစ်ပင် ထူထပ်သော နေရာများတွင် နေရာတိုင်း၌ သစ်ရွက်ကြွေများ ဖုံးလွှမ်းနေပြီး သစ်ရွက်ကြွေ အများအပြားက မြေကြီးထဲတွင် ဆွေးမြေ့နေကာ အခြား သစ်ရွက်ကြွေ အများအပြားက ထပ်မံ ဖုံးလွှမ်းလာခြင်း ဖြစ်သည်။

သစ်ပင် ပါးပါးရှိသော နေရာများမှသာ မြေပြင်က အနည်းငယ် မာကျောပေသည်။

ဒရုန်းက အရှေ့ဘက်ကို ရိုက်ကူးနေ၏။

ရွှီယန် ပြောသကဲ့သို့ပင် သစ်တောထဲရှိ သစ်ပင်များက တစ်ခွင်လုံး ဝါကျနေပြီ ဖြစ်သည်။ အင်တာနက်သုံးစွဲသူများအတွက် ဆောင်းဦး ဟူသည့် ခံစားချက်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။

အရင်က ရွှီယန်၏ လိုက်ဖ်ကို ကြည့်စဉ်က နေရာတိုင်းတွင် စိမ်းလန်းနေပြီး နာမည် မသိသော သစ်ပင်များနှင့် မြက်ရိုင်းများ နေရာအနှံ့ ပေါက်ရောက်နေခဲ့သည်။

ယခု ကြည့်လိုက်သောအခါ မြက်များက စိမ်းနေဆဲဖြစ်သော်လည်း သစ်ပင်များကတော့ ဝါနေပြီ ဖြစ်၏။

လောလောဆယ်တွင် ဆောင်းဦးရာသီ အစပိုင်းသာ ရှိသေးသဖြင့် သစ်ရွက်ဝါများက သိပ်မသိသာသေးဘဲ ဆောင်းဦးရာသီ နှောင်းပိုင်းသို့ ရောက်ပါက သစ်တော တစ်ခုလုံး ခြောက်သွေ့ ဝါရောင်သန်းသွားမည် ဖြစ်သည်။

'ဒီသစ်တောကြီးက အရမ်း လှတာပဲလေ'

'လောင်ရွှီ က ဘုချ်တောအုပ်ထဲ ရောက်နေတာပဲ... ဘုချ်တောတွေက စက်တင်ဘာလ အစပိုင်းဆိုရင် စဝါပြီလေ... အဲဒီအချိန်က ရှုခင်းခံစားဖို့ အကောင်းဆုံးပဲပေါ့'

'ဟိုက်... ဒီလောက် ဧရိယာအကျယ်ကြီး ဝါနေတာလား... တကယ် မြင်ရခဲတဲ့ မြင်ကွင်းပဲ'

'ဘာလို့ သူတို့ဆီမှာပဲ ဆောင်းဦးရာသီ ရှိရတာလဲ... ဆောင်းဦးရာသီ ဆိုတာ ဘယ်လို ခံစားချက်မျိုးလဲ... ငါတို့ဆီမှာတော့ ပူတုန်းပဲ ရှိသေးတယ်... နောက်တလောဆိုရင် တန်းပြီး ဆောင်းရာသီ ဝင်တော့မှာပဲ'

လိုက်ဖ်ထဲတွင် အတော်လေး စည်ကားနေသည်။ ရွှီယန်က တောတောင်ထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။

သူက သတိထားနေဆဲပင်။ မည်သို့ပင်ဖြစ်စေ ယခုအခါ ကာကွယ်ရန် လူကောင်းကတ် မရှိတော့သဖြင့် သားရဲကြီးများနှင့် တွေ့ပါက အန္တရာယ် ရှိနိုင်ပေသည်။

သူ ရှိနေသော နေရာက နိုင်ငံတော် ကျားနှင့် ကျားသစ် သစ်တောပန်းခြံ နှင့် အတော်လေး ဝေးကွာသဖြင့် ယေဘုယျအားဖြင့် ပို၍ လုံခြုံနိုင်ပေသည်။ ဘာပြဿနာမှ မရှိစေရန်သာ မျှော်လင့်ရမည် ဖြစ်၏။

ရွှီယန်က အထဲသို့ ဆက်လက် လျှောက်သွားရင်း တစ်ခါတစ်ရံ မှို အချို့ကို ကောက်ယူနေ၏။ ဤရာသီတွင် သစ်ရွက်ကြွေများ များပြားသလို မှိုများလည်း များပြားလှသည်။

အချိန်အတော်များများတွင် သစ်ရွက်ကြွေပုံဟု ထင်ရသော်လည်း ရွှီယန်က တစ်ချက် ယက်ကြည့်လိုက်သည်နှင့် သစ်ရွက်ကြွေပုံအောက်တွင် ပုန်းအောင်းနေသော ကြီးထွားဝဖြိုးသည့် မှိုနှစ်ပွင့် သုံးပွင့်ခန့်ကို မြင်တွေ့ရတတ်သည်။

ထိုနေရာတွင် မှိုရှိနေကြောင်း သူ မည်သို့ သိရှိသွားသလဲ ဆိုတာကို လူများက နားမလည်နိုင်အောင် ဖြစ်နေကြ၏။

သစ်ရွက်ကြွေများက အလွန် ထူထပ်စွာ စုပုံနေပြီး ၎င်းတို့ကြားတွင် ပေါက်ရောက်နေသော မှိုများကလည်း အလွန် ကောင်းမွန်စွာ ပုန်းအောင်းနေကြသည်။

သို့သော်လည်း ရွှီယန်၏ ထက်မြက်သော အမြင်အာရုံကိုတော့ လွတ်ကင်းနိုင်ခြင်း မရှိချေ။

"တကယ်တော့ အရမ်း လွယ်ပါတယ်... အဓိကက သစ်ပင်အမြစ်တွေရဲ့ ဘေးနားနဲ့ ခပ်မို့မို့ ဖြစ်နေတဲ့ မြေစာပုံတွေ အပေါ်မှာ ကြည့်ရတာ... အဲဒီနေရာတွေမှာ မှိုတွေ ပိုများများ ပေါက်တတ်တယ်..."

"ကျွမ်းကျင်သွားရင် အလွယ်တကူပဲ သတိထားမိလာပါလိမ့်မယ်..."

ရွှီယန်က အားလုံးကို မှိုရှာသည့် အတွေ့အကြုံများ မျှဝေပေးနေ၏။ တကယ်တော့ ကျွမ်းကျင်မှုကြောင့်သာ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများကတော့ အံ့ဩနေကြဆဲဖြစ်ပြီး အသီးသီး နောက်ပြောင်လိုက်ကြသည်။

'တကယ်တော့ သော့ခလောက် လှည့်တာ ဒါမှမဟုတ် မျက်စိဖောက်မြင်တဲ့ ဟက်ကာပရိုဂရမ် သုံးလိုက်ရင် ပိုကောင်းမယ်လေ'

'မှိုနတ်ဘုရားကြီး'

'ငါကတော့ ဈေးထဲမှာပဲ မှိုသွားဝယ်လိုက်တော့မယ်ကွာ'

'မင်းတို့ဘက်က မှိုတွေက တကယ်ကို ပုန်းကွယ်နေတာပဲ... ငါတို့ဆီက မှိုတွေဆိုရင် ကွင်းပြင်မှာ ပေါက်နေလို့ အလွယ်တကူ မြင်ရတယ်လေ'

ရွှီယန်က လမ်းတစ်လျှောက်တွင် မှို အတော်များများကို ကောက်ယူခဲ့၏။ ဤရာသီတွင် သစ်တောထဲ၌ မှိုများ တကယ်ကို ပေါများလှပေသည်။

အထဲသို့ ထပ်မံ ဝင်ရောက်သွားသောအခါ မြစ်ကြီး တစ်စင်းနှင့် ပို၍ပို၍ နီးကပ်လာခဲ့သည်။

ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ ရတနာရှာဖွေရေး တာဝန် လုပ်ဆောင်ချက်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

မျက်စိဖြင့် မမြင်နိုင်သော သံလိုက်အိမ်မြှောင်က ပတ်ဝန်းကျင် ဧရိယာကို စကင်ဖတ်လိုက်၏။

ထို့နောက် ရတနာရှာဖွေရေး တာဝန် အောင်မြင်စွာ ပေါ်ပေါက်လာတော့သည်။

All Chapters