အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) လမ်းပျောက်နေတဲ့ ကတိုးကောင်လေး တစ်ကောင်ကို ကောက်ရခဲ့တယ်
'ကျပန်း ရတနာရှာဖွေရေး တာဝန် ပေါ်ပေါက်လာပါပြီ... လမ်းပျောက်နေသော ကတိုးကောင်ငယ်လေး'
'တာဝန် သတ်မှတ်ချက်... ကတိုးကောင်ငယ်လေးကို ၎င်း၏ မိခင်ထံသို့ ပြန်ပို့ပေးရန်'
'တာဝန် ဆုလာဘ်... ကတိုးကောင်၏ ရတနာ သိုဝှက်ရာ နေရာ'
'ပံ့ပိုးပေးသော ကိရိယာ... မိခင် ကတိုးကောင် ရှိနေသော ဦးတည်ရာအရပ်'
ရွှီယန်၏ ခေါင်းထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာပြီး မျက်စိရှေ့တွင်လည်း စနစ် မျက်နှာပြင် ပေါ်လာခဲ့သည်။
"ကတိုးကောင်လား..."
ကတိုးကောင်အကြောင်းကို ရွှီယန် သိထားသည်။ ကတိုးကောင်၏ ရုပ်ရည်က ဒရယ်ပြောက်၊ ချေ တို့နှင့် ဆင်တူပြီး မျိုးစိတ် တစ်ခုတည်းပင် ဖြစ်၏။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အစားက ပိုသေးငယ်ပြီး နားရွက်များက ပိုကြီးမားကာ အကြမ်းဖျင်း ကြည့်မည်ဆိုလျှင် မြည်းပေါက်လေးများနှင့် အနည်းငယ် တူသဖြင့် ၎င်းတို့ကို တောမြည်းလေးများ ဟုလည်း ခေါ်ဆိုကြသည်။
ကတိုးကောင်က တကယ့်ကို တန်ဖိုးကြီးသော ရတနာဖြစ်ပြီး ၎င်းထံမှ ကတိုးနံ့သာ ထုတ်ယူနိုင်ပေသည်။ ဤအချက်ကြောင့်ပင် ကတိုးကောင်များကို လူများက အလွန်အကျွံ သတ်ဖြတ်ခဲ့ကြပြီး နောက်ပိုင်းတွင် တိရစ္ဆာန် ကာကွယ်ရေး ဥပဒေများ ထွက်ပေါ်လာမှသာ အမဲလိုက်သူ အရေအတွက် လျော့နည်းသွားခဲ့ခြင်း ဖြစ်၏။
ယခုအခါ တောရိုင်း ကတိုးကောင် အရေအတွက်မှာ အလွန် နည်းပါးနေပြီဖြစ်သော်လည်း လူအချို့ကတော့ ကတိုးကောင်များကို မွေးမြူလာကြသည်။ ကတိုးကောင် မွေးမြူရေးကို ရွှီယန် လေ့လာဖူးပြီး အဓိက ပြဿနာမှာ ကတိုးနံ့သာ အထွက်နှုန်း နည်းပါးခြင်းပင် ဖြစ်၏။
အချို့သော ကတိုးကောင်များက ကတိုးနံ့သာ အထွက်နှုန်း ကောင်းသဖြင့် ငွေရနိုင်သော်လည်း အချို့သော ကတိုးကောင်များကတော့ ကတိုးနံ့သာ အထွက်နှုန်း နည်းပါးသဖြင့် မွေးမြူစရိတ်ပင် ပြန်မကာမိချေ။ ထို့ကြောင့် ကတိုးကောင် မွေးမြူပြီး ငွေရှာချင်ပါက သေချာ ဂရုစိုက် မွေးမြူရန် လိုအပ်ပြီး ဤအရာကလည်း အတော်လေး ခက်ခဲလှပေသည်။
ရွှီယန်က တာဝန် ပြသထားရာ နေရာသို့ တောက်လျှောက် လျှောက်သွားလိုက်သည်။ သိပ်မကြာခင်မှာပင် သစ်ရွက်ကြွေပုံအောက်တွင် ပုန်းအောင်းနေသော ကတိုးကောင်လေး တစ်ကောင်ကို သူ တွေ့လိုက်ရ၏။
ကတိုးကောင်၏ အရွယ်အစားက ချေ၊ ဒရယ်ပြောက်တို့ထက် တစ်ဆိုဒ်ခန့် ပိုသေးငယ်ပြီး အကောင်လေးက သေးသေးလေးသာ ဖြစ်ကာ အကောင်ပေါက်လေး ဆိုလျှင် ပို၍ပင် သေးငယ်ပေသည်။ ဒီအကောင်လေးက ခွေးမည်းလေး ရှောင်ဟေး မွေးခါစ အရွယ်လောက်သာ ရှိပြီး လက်နှစ်ဖက်ဖြင့်ပင် အလွယ်တကူ ဆုပ်ကိုင်ထား၍ ရနိုင်ပေသည်။
"ဟိုမှာ ကြည့်လိုက်... ကျွန်တော် တစ်ခုခု တွေ့ထားတယ်... အကောင်လေး တစ်ကောင်ပဲ..."
ရွှီယန်က သစ်ရွက်ကြွေပုံအောက်ရှိ ကတိုးကောင်လေးကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ဒရုန်းက ချက်ချင်းပင် ရိုက်ကူးလိုက်၏။
အင်တာနက်သုံးစွဲသူများက သစ်ရွက်ကြွေပုံဖြင့် ခန္ဓာကိုယ် တစ်ဝက်ခန့် ဖုံးလွှမ်းခံထားရသော ကတိုးကောင်လေးကို သတိပြုမိသွားကြသည်။
'အဲဒါ ဘာကောင်လေးလဲ... အရမ်း သေးတာပဲ...'
'ဒီနားရွက်တွေကို ကြည့်ရတာ ယုန်လေးလား...'
'ချေပေါက်လေးနဲ့ တူတယ်နော်...'
'ထူးဆန်းတဲ့ အကောင်လေး ထပ်တွေ့ပြန်ပြီလား...'
အားလုံး၏ အာရုံစိုက်မှုများက ချက်ချင်း ရောက်ရှိလာတော့၏။
ရွှီယန်က မနီးမဝေးတွင် ရပ်ကာ ဤကတိုးကောင်လေးကို သေချာ စောင့်ကြည့်နေလိုက်သည်။ ကတိုးကောင်လေးက တိုးညှင်းစွာ အော်ဟစ်နေပြီး ကြည့်ရသည်မှာ အနည်းငယ် အားနည်းနေပုံရ၏။
စနစ်၏ တာဝန်ထဲတွင် ဤကတိုးကောင်လေး လမ်းပျောက်နေသည်ဟု ပြောထားသော်လည်း မည်မျှ ကြာပြီဖြစ်ကြောင်း မပြောထားချေ။ ၎င်း၏ အခြေအနေကို ကြည့်ရသည်မှာ အတော်လေး ကြာနေပြီဖြစ်ပုံရသည်။
သစ်တောထဲတွင် တိရစ္ဆာန်ပေါက်လေးများ လမ်းပျောက်ခြင်းက မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံ အခြား တိရစ္ဆာန်များ၏ အမဲလိုက်ခြင်းကိုလည်း ခံရတတ်သဖြင့် တိရစ္ဆာန်များ ကြီးပြင်းလာသည်အထိ အသက်ရှင်သန်နိုင်ရန်မှာ မလွယ်ကူလှချေ။
"အဲဒါက ကတိုးကောင်လေးပါ... နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပေါ့..."
"သူ့ကို ကတိုးကောင်... တောမြည်းလေး လို့လည်း ခေါ်ကြတယ်... ဈေးကြီးတဲ့ ကတိုးနံ့သာ ဆိုတာ သူ့ဆီကနေ ထုတ်ယူရတာလေ..."
"ကတိုးကောင်ရဲ့ ကာကွယ်စောင့်ရှောက်မှု အဆင့်က အရမ်း မြင့်တယ်... ကျွန်တော်တို့ဆီမှာဆိုရင် သစ်တော ကင်းလှည့်ဝန်ထမ်းတွေ အဓိကထား ကာကွယ်စောင့်ရှောက်ရတဲ့ အကောင်တွေထဲမှာ ပါတယ်..."
"ဒီအကောင်လေးက ဘယ်လိုဖြစ်လို့ ဒီမှာ တစ်ကောင်တည်း ရောက်နေရတာလဲ... ဗိုက်ဆာနေတာ တော်တော်ကြာပြီထင်တယ်... သူ့အမေရော ဘယ်ရောက်သွားတာလဲ... လမ်းပျောက်သွားပြန်ပြီလား..." ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။
'ကတိုးကောင်လား...' ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ထပ်မံ၍ သေချာ ကြည့်လိုက်ကြ၏။
လူအတော်များများက ကတိုးကောင်ဆိုသည်မှာ ဘာကောင်မှန်း မသိကြသော်လည်း ကတိုးနံ့သာ ဆိုသည့် စကားကိုတော့ အနည်းအကျဉ်း ကြားဖူးကြပေသည်။ ထို့အပြင် ထူးဆန်းသော တိရစ္ဆာန်များကို မြင်ရသည့် ခံစားချက်မျိုးကိုလည်း နှစ်သက်ကြ၏။ အထူးသဖြင့် လိုက်ဖ်မှတစ်ဆင့် ကြည့်ရှုရခြင်း ဖြစ်သည်။
မဟုတ်ပါက ယခုအခါ လိုက်ဖ်လွှင့်သည့် လုပ်ငန်းက အရမ်းကို ယှဉ်ပြိုင်မှု များပြားနေပြီး အနီရောင် သမုဒ္ဒရာ လုပ်ငန်း တစ်ခု ဖြစ်နေပြီဖြစ်ရာ ရွှီယန်က ဤမျှ ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်မည် မဟုတ်ချေ။
ယခုဆိုလျှင် လိုက်ဖ်ထဲတွင် လူ ၅ သောင်းခန့် ရှိနေပြီဖြစ်ရာ နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ လူတစ်သိန်းကျော် ရှိသော ထိပ်တန်း လိုက်ဖ်လွှင့်သူများနှင့် မယှဉ်နိုင်သော်လည်း လိုက်ဖ်ကြည့်ရှုသူ အရေအတွက်က မီလီယံချီသော နာမည်ကြီး လိုက်ဖ်လွှင့်သူ အချို့ထက်ပင် ပိုများနေပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ လိုက်ဖ်က မည်မျှ ဆွဲဆောင်မှု ရှိကြောင်းကို သိနိုင်ပေသည်။
'ပထမဆုံးအကြိမ် ကတိုးကောင်လေးကို မြင်ဖူးတာပဲ... ကတိုးကောင်ဆိုတာ ဘာကောင်ကြီးလဲ...'
'အရမ်း သေးငယ်တဲ့ အကောင်လေးမို့ ယုန်လေးများ မျိုးဗီဇပြောင်းသွားတာလားလို့တောင် ထင်လိုက်မိတယ်...'
'ဒါပေမဲ့ တောထဲမှာ မျိုးဗီဇပြောင်း တိရစ္ဆာန်တွေ တကယ် ရှိတယ်နော်... ဥပမာ ကျားသစ်မည်းတို့... ကျားဖြူတို့ ဆိုတာ မျိုးဗီဇပြောင်း မျိုးစိတ်တွေပဲလေ...'
'ဒီအကောင်လေးကို ကြည့်ရတာ သနားစရာလေး...'
အားလုံးက အသီးသီး ဆွေးနွေးနေကြသည်။
ရွှီယန်က ကတိုးကောင်လေးကို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် သူ၏ အလုပ်ဟောင်းဖြစ်သော တောတွင်း ကလေးထိန်း အလုပ်ကို ပြန်လည် စတင်လိုက်တော့၏။ သူက ကျောပိုးအိတ်၏ ဘေးဘက်အိတ်ကပ်ထဲမှ နို့ဘူးတစ်ဘူးကို ထုတ်ယူကာ ကတိုးကောင်လေး ရှိရာသို့ လျှောက်သွားလိုက်သည်။
"ကြည့်ရတာ ဒီအကောင်လေးက လမ်းပျောက်နေတာ ဖြစ်မယ်... ကတိုးကောင်တွေ... ဒရယ်ပြောက်တွေ စတဲ့ တိရစ္ဆာန်တွေက ကျားသစ်တွေနဲ့ မတူဘူးလေ..."
"ကျားသစ်တွေက အမဲလိုက်ရတော့ ကျားသစ်ပေါက်လေးတွေကို ဖွက်ထားခဲ့ပြီးမှ ကိုယ်တိုင် အမဲထွက်လိုက်ကြတာ... ကတိုးကောင်တွေကတော့ ကလေးတွေနဲ့ အမြဲတမ်း အတူတူ နေထိုင်တတ်ကြတယ်..."
"အခု သူ့အမေက ဒီအနီးတစ်ဝိုက်မှာ မရှိဘူးဆိုတော့ ဒီအကောင်လေး လမ်းပျောက်နေတာ သေချာတယ်..."
"ဒီအကောင်လေးကို ကယ်တင်ဖို့ လိုနေပြီ..." ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
ကတိုးကောင် အရေအတွက်က ရှားပါးပြီး နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ဖြစ်ရာ ကာကွယ်စောင့်ရှောက်သင့်ပေသည်။ ရွှီယန်က ကတိုးကောင်လေး ရှိရာသို့ လျှောက်သွားလိုက်ရာ အကောင်လေးက အနည်းငယ် ထိတ်လန့်နေပြီး ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော် ရွှီယန်က ခြေလှမ်းအနည်းငယ်ဖြင့် ၎င်း၏ အရှေ့သို့ ရောက်သွားကာ လက်ဖြင့် ဖွဖွလေး ဖိထားလိုက်ပြီး နို့ဘူးကို ကမ်းပေးလိုက်သည်။ အကောင်လေးက ချက်ချင်းပင် ငြိမ်သက်သွားတော့၏။
"ဒီလိုအခြေအနေမျိုးဆိုရင် သစ်တောဦးစီးဌာနနဲ့ သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းကို ဆက်သွယ်ရတယ်..."
"ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပေါက်လေးတွေမှာ အမေ မရှိဘူးဆိုရင် သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းက ပြုစုစောင့်ရှောက်ပြီး ကြီးပြင်းလာအောင် လုပ်ပေးတယ်လေ..."
"ဥပမာ ကျားမကြီး အမဲလိုက်ရင်း မတော်တဆ သေသွားရင် ကျားပေါက်လေးက ကိုယ့်ဘာသာ အသက်မရှင်နိုင်သေးဘူးဆိုရင် သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းက ကယ်တင်ပေးတာမျိုးပေါ့..." ရွှီယန်က အနည်းငယ် စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။
သူကိုယ်တိုင်ကတော့ မိခင် ကတိုးကောင်ကို သေချာပေါက် ရှာတွေ့နိုင်ပေသည်။ သို့သော် အင်တာနက်သုံးစွဲသူများအတွက် စံနမူနာကောင်း တစ်ခု ပြသရန် သို့မဟုတ် မှန်ကန်သော သင်ကြားမှု နည်းလမ်းကို ပြသရန်အတွက် ရွှီယန်က မှန်ကန်သော ကိုင်တွယ်ဖြေရှင်းနည်းကို ရှင်းပြပေးလိုက်ခြင်း ဖြစ်၏။
ကင်မရာရှေ့တွင် ပြသသည့် အရာများက အတတ်နိုင်ဆုံး အပြုသဘောဆောင်သည့် ဘက်သို့ ယိမ်းသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ လိုက်ဖ်ထဲတွင် လူအများအပြား ရှိနေပြီး နောက်ပိုင်းတွင်လည်း ဗီဒီယိုအတိုလေးများ အဖြစ် ဖြတ်တောက် တည်းဖြတ်ခံရဦးမည် ဖြစ်ရာ ရွှီယန်၏ အပြောအဆိုနှင့် အပြုအမူများက လူအများအပြားအပေါ် လွှမ်းမိုးမှု ရှိနိုင်ပေသည်။ ကောင်းမွန်သော လွှမ်းမိုးမှုမျိုး ဖြစ်ရန်သာ သူ မျှော်လင့်ပေသည်။
ထို့ကြောင့် ရွှီယန်က သူ သိကျွမ်းသော သစ်တော ကင်းလှည့်ဝန်ထမ်း ဝမ်ကျန်းဟိုင် ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်၏။ ဝမ်ကျန်းဟိုင်မှာ ယခင်က ရွှီယန်နှင့် လိုက်ဖ်တွင် စကားပြောခဲ့ဖူးသော သစ်တော ကင်းလှည့်ဝန်ထမ်းဖြစ်ပြီး ကျားနှင့် ကျားသစ် သစ်တောပန်းခြံ ဘက်ကို အဓိက တာဝန်ယူ စောင့်ရှောက်ရသူ ဖြစ်သည်။
သို့သော် ချန်ပိုင်တောင်တန်း ဧရိယာထဲတွင်ပင် ရှိနေသဖြင့် သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းများမှ သစ်တော ကင်းလှည့်ဝန်ထမ်းများ အားလုံးက ဌာနတစ်ခုတည်းအောက်တွင် ရှိပြီး အတွင်းပိုင်းတွင် အပြန်အလှန် ဆက်သွယ်မှုများ ရှိကြပေသည်။ သူတို့ နှစ်ယောက်၏ စကားပြောဆိုမှုများကိုတော့ လိုက်ဖ်လွှင့်မပြခဲ့ချေ။
"လမ်းပျောက်နေတဲ့ ကတိုးကောင်လေးလား... သေချာရဲ့လား... တကယ်လို့ ဟုတ်တယ်ဆိုရင်တော့ ကျွန်တော်တို့ လူလွှတ်ပြီး သွားခေါ်ရမယ်... အခုတလော တောထဲမှာ ကတိုးကောင်တွေ တော်တော် ရှားသွားပြီလေ..." ဝမ်ကျန်းဟိုင်က ဖုန်းထဲမှနေ၍ ပြန်ပြောလိုက်သည်။
"သေချာပါတယ်... ကျွန်တော် တောင်ပေါ်မှာ လိုက်ဖ်လွှင့်နေတာ... ကတိုးကောင်လေးက ဆာလွန်းလို့ မတ်တတ်တောင် မရပ်နိုင်တော့ဘူး... ဘေးနားမှာလည်း တခြား ကတိုးကောင်တွေ သွားလာနေတဲ့ အရိပ်အယောင် မရှိဘူး..."
"သေချာပေါက် လမ်းပျောက်နေတာ... ဒါမှမဟုတ် သူ့အမေ တစ်ခုခု အစားခံလိုက်ရတာ နေမယ်..." ရွှီယန်က ကတိုးကောင်လေးကို ပွေ့ချီကာ ဝမ်ကျန်းဟိုင်ကို ပြောလိုက်သည်။
ဝမ်ကျန်းဟိုင်က ခေါင်းညိတ်လိုက်ပြီး
"ဒီလိုဆိုရင်တော့ သေချာပေါက် ကယ်တင်ရမှာပေါ့... ကျွန်တော်တို့ သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းက သူ့ကို ကာကွယ်ရေးစင်တာဆီ ပို့ပေးလို့ ရတယ်..."
ရွှီယန်က သူ့ရှေ့ရှိ ကတိုးကောင်လေးကို ကြည့်ကာ အကြံပြုလိုက်၏။
"ကျွန်တော် အခု တောနက်ကြီးထဲ ရောက်နေတာ... တောင်ပေါ်တက်လာတာ လေးငါးနာရီလောက် ရှိပြီ... ကျွန်တော် သူ့ကို ခဏလောက် ခေါ်ထားလိုက်မယ်... သူ့အခြေအနေက သိပ်မကောင်းဘူးလေ..."
"ဘေးပတ်ဝန်းကျင်မှာ နည်းနည်းလောက် ထပ်ရှာကြည့်လိုက်ဦးမယ်... ဘာမှ မတွေ့ဘူးဆိုရင် သူ့ကို အပြင်ခေါ်ထုတ်သွားလိုက်မယ်..."
"အဲဒါက သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းရဲ့ ခွင့်ပြုချက်တော့ လိုမယ်နော်..."
ဝမ်ကျန်းဟိုင်က လက်ကိုင်ဖုန်းကို ထုတ်ကာ ရွှီယန်၏ လိုက်ဖ်ကို ခဏမျှ ကြည့်လိုက်ရာ ကတိုးကောင်လေး၏ အခြေအနေက တကယ်ပင် သိပ်မမှန်ကြောင်း သတိထားမိလိုက်သဖြင့် ပြောလိုက်၏။
"ဟုတ်ပြီ... ကျွန်တော် အခုပဲ စခန်းမှူးကို သတင်းပို့လိုက်မယ်... မင်း သူ့ကို ခဏလောက် ခေါ်ထားလိုက်ပါ..."
"မင်းရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ အကုန် သိပါတယ်... မင်းကို ကျွန်တော်တို့ အရမ်း ယုံကြည်ပါတယ်..."
ထိုသို့ ပြောပြီးနောက် ဝမ်ကျန်းဟိုင်က ဆက်ပြောလိုက်ပြန်သည်။
"မင်းက တောင်ပေါ်တက်ရတာ ဝါသနာပါပြီး တောင်ပေါ်တက်တဲ့ အတွေ့အကြုံလည်း အရမ်း များတာ... သစ်တော ကင်းလှည့်ဝန်ထမ်း လာလုပ်ဖို့ မစဉ်းစားဖူးဘူးလား... မင်းသာ လာလုပ်ရင် တောင်ပေါ်တက်ရတာလည်း ပိုပြီး လုံခြုံတာပေါ့..." ဝမ်ကျန်းဟိုင်က ရွှီယန်နှင့် စကားစမြည် ပြောနေခြင်း ဖြစ်သည်။
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်၏။
"စဉ်းစားဖူးပါတယ်... ဒါပေမဲ့ သစ်တော ကင်းလှည့်ဝန်ထမ်းတွေရဲ့ ကင်းလှည့်တဲ့ လမ်းကြောင်းတွေက သတ်မှတ်ထားပြီးသား ဖြစ်နေလို့ စည်းကမ်းတကျ သွားရတယ်လေ... အဲဒါကို ကျွန်တော် သိပ်မကြိုက်ဘူး... ဒါပေမဲ့ တစ်ခေါက်လောက်တော့ သေချာပေါက် လိုက်ကြည့်ချင်ပါတယ်..."
"ဒါနဲ့... ခင်ဗျားတို့ ကင်းလှည့်ရင် ကျွန်တော် တစ်ခေါက်လောက်တော့ လိုက်ကြည့်ချင်သေးတယ်... အဲဒါမှ သစ်တော ကင်းလှည့်ဝန်ထမ်းတွေရဲ့ အလုပ်ကိုလည်း နားလည်နိုင်ပြီး သစ်တော ကင်းလှည့်ဝန်ထမ်းစခန်း အတွက်လည်း ဝါဒဖြန့်ပေးလို့ ရတာပေါ့..."
ရွှီယန်၏ အကြံပြုချက်က ဝမ်ကျန်းဟိုင်ကို အလွန် စိတ်ဝင်စားသွားစေခဲ့သည်။ ယခုအခါ သတင်းမီဒီယာ ဝါဒဖြန့်ချိရေးက အလွန် အရေးကြီးပြီး မည်သည့် ဌာနကမဆို မိမိတို့၏ လုပ်ဆောင်ချက်များကို ဝါဒဖြန့်ချိချင်ကြသည် မဟုတ်ပါလား။ ရွှီယန်က လူကြိုက်များသူ တစ်ယောက်ဖြစ်ရာ သူနှင့် ပူးပေါင်းဆောင်ရွက်ပါက သေချာပေါက် အကျိုးရှိမည်ဖြစ်ပြီး အထက်လူကြီးများလည်း သေချာပေါက် သဘောကျမည် ဖြစ်၏။
"ကျွန်တော် စခန်းမှူးကို ပြောပြလိုက်ပါ့မယ်... ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့ သေချာပေါက် ကြိုဆိုပါတယ်... စခန်းမှူးက နေ့တိုင်း ကျွန်တော်တို့ကို သတင်းတွေ ရေးပြီး အထက်ကို တင်ခိုင်းနေတာ... ဘာအကျိုးမှလည်း မရှိဘူး... သတင်းတင်ဖို့ ဆိုတာလည်း ဝါဒဖြန့်ချိရေး ဌာနမှာ လူရှိမှ ရတာကိုး..."
သူတို့ နှစ်ယောက် စကားအနည်းငယ် ပြောပြီးနောက် ရွှီယန်က ဖုန်းချလိုက်သည်။ ထို့နောက် သူက လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကို ပြောလိုက်၏။
"ကျွန်တော် ခုနက သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းက သစ်တော ကင်းလှည့်ဝန်ထမ်းနဲ့ စကားပြောပြီးပြီ... ကတိုးကောင်လေး ကိစ္စကိုလည်း သတင်းပို့ပြီးပြီ..."
"ကျွန်တော်က တောရိုင်း တိရစ္ဆာန် တချို့ကို ကယ်တင်ဖူးလို့ သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းနဲ့ နည်းနည်း ရင်းနှီးတယ်... ကတိုးကောင်လေးကို ကျွန်တော် ခေါ်သွားပြီး ကယ်တင်လို့ ရတယ်တဲ့..."
"အားလုံးပဲ... ဒဏ်ရာရနေတဲ့ တောရိုင်း တိရစ္ဆာန်တွေကို တွေ့ရင် ဒေသခံ ရဲစခန်း ဒါမှမဟုတ် သစ်တောဦးစီးဌာနကို ချက်ချင်း သတင်းပို့လို့ ရပါတယ်နော်..."
သူ၏ စကားကို ကြားသောအခါ အားလုံးကလည်း တိတ်တဆိတ် မှတ်သားထားလိုက်ကြသည်။ ဤကဲ့သို့သော ကိစ္စမျိုးက နှစ်စဉ် အများအပြား ရှိတတ်ပေသည်။
တောင်တန်းများ၊ ရွာများနှင့် နီးသော ရဲစခန်း အတော်များများတွင် စေတနာရှင်များ လာပို့သော ဒဏ်ရာရ ဇီးကွက်များနှင့် သိမ်းငှက်များကို မကြာခဏ လက်ခံရရှိလေ့ ရှိကြ၏။ အချို့သော တိရစ္ဆာန်များကို ရဲစခန်းက ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးပြီးနောက် ပြန်လည် လွှတ်ပေးလေ့ ရှိသည်။
အရင်က ဒဏ်ရာရ ဇီးကွက်တစ်ကောင်ကို ရဲအရာရှိများက အစာကျွေးကာ ဒဏ်ရာ ပျောက်ကင်းအောင် ပြုစုပေးခဲ့ပြီးနောက် ပြန်လွှတ်ပေးချိန်တွင် ဇီးကွက်က မပြန်တော့ဘဲ ရဲစခန်းထဲသို့သာ အတင်း ဝင်ရောက်လာသည့် ဖြစ်ရပ်မျိုးလည်း ရှိခဲ့ဖူး၏။ တိရစ္ဆာန်များကလည်း အစိုးရ ဝန်ထမ်း ဖြစ်ရခြင်း၏ ကောင်းကျိုးကို သိရှိကြပေသည်။
ရွှီယန်က သစ်ရွက်ကြွေပုံထဲမှ ကတိုးကောင်လေးကို ပွေ့ချီလိုက်သည်။ သူက မိခင် ကတိုးကောင်၏ အကြမ်းဖျင်း နေရာကို မြင်တွေ့နေရသဖြင့် မြှားပြထားသော လမ်းကြောင်းအတိုင်း အရှေ့သို့ တောက်လျှောက် လျှောက်သွားလိုက်၏။
ဤကတိုးကောင်လေးမှာ တကယ်ကို သေးငယ်လွန်းလှပြီး အရွယ်ရောက်ပြီးသော ယုန်တစ်ကောင်ထက် အနည်းငယ်သာ ပိုကြီးပေသည်။ အထူးသဖြင့် ခြေလက်လေးများကို ကွေးထားချိန်တွင်ဆိုလျှင် ယုန်တစ်ကောင်နှင့်ပင် အရွယ်အစား တူညီလုနီးပါး ဖြစ်နေ၏။
အဓိကအားဖြင့် ဤကဲ့သို့သော တိရစ္ဆာန်ပေါက်လေးများက သေးငယ်တတ်ကြသည်။ ဥပမာ ဒရယ်ပြောက်လေးများဆိုလျှင် မွေးကင်းစ ဒရယ်ပြောက်လေးက လူ၏ ဘွတ်ဖိနပ် အမြင့်ခန့်သာ ရှိတတ်ပြီး တဖြည်းဖြည်းနှင့် ကြီးထွားလာကြခြင်း ဖြစ်၏။ မြက်စားပြီးနောက်တွင်တော့ အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာတတ်ကြသည်။ တကယ်ကို ထူးဆန်းလှပေသည်။
ကတိုးကောင်လေးက ရွှီယန်၏ ရင်ခွင်ထဲတွင် အလွန် ငြိမ်သက်နေ၏။ မငြိမ်သက်ဘဲလည်း မနေနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ရွှီယန်၏ ပွေ့ဖက်ခြင်းကို ခံထားရသဖြင့် ၎င်းတွင် ရုန်းကန်ရန် အားအင်ပင် မရှိတော့ချေ။
၎င်းက ခေါင်းလေးကို ဆန့်ထုတ်ကာ အရှေ့ဘက်ကို စူးစမ်းကြည့်နေသည်။ မျက်လုံးလေးများက မည်းနက်နေပြီး နားရွက်လေးများက အတော်လေး ကြီးမားကာ ပုံစံလေးကလည်း အလွန် ချစ်စရာကောင်းလှ၏။ ရွှီယန်က ၎င်းကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
'မလောနဲ့နော်... မင်းအမေကို သွားရှာပေးမယ်... သိပ်မကြာခင် တွေ့တော့မှာပါ...'
ရွှီယန်၏ ခံစားချက်များကို ခံစားသိရှိသွားသကဲ့သို့ ကတိုးကောင်လေးက ရွှီယန်၏ ရင်ခွင်ထဲတွင် ပို၍ပင် ငြိမ်သက်သွားတော့၏။