← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) တာဝန်ဆုလာဘ်အဖြစ် ရလာတဲ့ ပစ္စည်းကောင်း... ရွှေထက်တောင် ပိုတန်ဖိုးကြီးတဲ့ အရာ

ရွှီယန်သည် ကတိုးကောင်လေးကို ပွေ့ချီကာ တောင်ပေါ်တွင် လမ်းလျှောက်နေ၏။

အင်တာနက်သုံးစွဲသူများကလည်း သူ မည်သည့်နေရာသို့ သွားမည်ကို မသိကြဘဲ ကတိုးကောင်လေးကို သစ်တော ကင်းလှည့်ဝန်ထမ်းထံ သွားပို့မည်ဟုသာ ထင်မှတ်နေကြသည်။

လူအများက သူ၏ လုပ်ရပ်အပေါ် ချီးကျူးနေကြပေသည်။

လိုက်ဖ်ထဲသို့ အသစ်ဝင်လာသော အင်တာနက်သုံးစွဲသူများက ရွှီယန် တိရစ္ဆာန်လေး တစ်ကောင်ကို ပွေ့ချီထားသည်ကို မြင်သောအခါ ဤအကောင်မှာ ကတိုးကောင်လား ဒရယ်ပြောက်လား သို့မဟုတ် ချေလား ဆိုသည်ကို မခွဲခြားတတ်ဘဲ မေးလာကြ၏။

"လောင်ရွှီက ဘာလို့ သမင်ပေါက်လေးကို ချီထားတာလဲ"

"ဒါက ဘာဇာတ်လမ်း သွားနေတာလဲ"

အခြားသူများ၏ ရှင်းပြချက်ကို မြင်တွေ့ရမှသာ ဤသနားစရာ အကောင်လေးမှာ လမ်းပျောက်နေမှန်း သူတို့ နားလည်သွားကြသည်။

ရွှီယန်က ကယ်တင်ရန် သွားနေခြင်း ဖြစ်၏။ ချက်ချင်းပင် သူတို့ စိတ်ထဲတွင် နွေးထွေးသွားကြလေသည်။

ဤကဲ့သို့ ကောင်းမှုကုသိုလ် ပြုလုပ်သော လိုက်ဖ်မျိုးကို လက်ဆောင်ပေးသင့်သည်ဟု ထင်မှတ်ကာ လူအချို့က လက်ဆောင်ပေးရန် ကြိုးစားကြသော်လည်း လိုက်ဖ်လွှင့်သူက လက်ဆောင်ပေးသည့် လုပ်ဆောင်ချက်ကို ပိတ်ထားကြောင်း အသိပေးစာ တက်လာခဲ့သည်။

ဤကိစ္စကို ရွှီယန် ရှင်းပြဖူးပေသည်။ တောရိုင်းတိရစ္ဆာန်များကို လိုက်ဖ်လွှင့်ပါက ဝင်ငွေရှာခွင့် မရှိပေ။ မိမိကိုယ်ပိုင် မွေးမြူထားသော တိရစ္ဆာန်များကို လိုက်ဖ်လွှင့်မှသာ ခွင့်ပြုထားခြင်း ဖြစ်၏။

အားလုံးကလည်း လက်ဆောင်ပေးချင်သော စိတ်ကို မြိုသိပ်ထားလိုက်ပြီး နောက်မှ ရွှီယန်၏ တောရွာ နေ့စဉ်ဘဝ လိုက်ဖ်လွှင့်ချိန်တွင်သာ ပေးတော့မည်ဟု တွေးလိုက်ကြသည်။

ရွှီယန်သည် ညွှန်ပြထားသော လမ်းကြောင်းအတိုင်း မိခင် ကတိုးကောင် ရှိရာဘက်သို့ တောက်လျှောက် လျှောက်သွားလိုက်သည်။

ကတိုးကောင် ဆိုသည်မှာ အလွန် ရှားပါးတန်ဖိုးကြီးသော မျိုးစိတ်ပင် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ တန်ဖိုးကြီးမားသော ကတိုးနံ့သာကို ထုတ်လုပ်ပေးနိုင်သည် မဟုတ်ပါလား။

ဤသို့ ကြည့်မည်ဆိုပါက သမင်ပြောက်များထံမှ သမင်ချို ရရှိပြီး ကတိုးကောင်များထံမှ ကတိုးနံ့သာ ရရှိသော်လည်း တုံးအအ ချေများကတော့ မည်သည့် စီးပွားရေး တန်ဖိုးမျှ မရှိချေ။ ထို့ကြောင့် ဤအကောင်ကို မည်သူမှ မမွေးမြူကြသည်မှာလည်း မဆန်းတော့ပေ။

တောင်ပေါ်လမ်းမှာ ကြမ်းတမ်းပြီး အနိမ့်အမြင့် မညီညာလှပေ။

ရွှီယန်က အထဲသို့ တောက်လျှောက် ဝင်သွားခဲ့၏။

သူနှင့် မိခင် ကတိုးကောင်တို့မှာ ပို၍ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ရွှီယန်က အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုအော်သံက တိုတောင်းပြတ်တောင်း ဖြစ်သော်လည်း အတော်လေး ပီသလှ၏။ ဤအော်သံကြောင့် ရွှီယန်၏ ရင်ခွင်ထဲရှိ ကတိုးကောင်လေးက ချက်ချင်း လှုပ်ရှားသွားတော့သည်။

'ဒါက မိခင် ကတိုးကောင်က သူ့ကလေးကို ပြန်ခေါ်နေတာပဲ... မိခင် ကတိုးကောင်တွေက ဒီနည်းလမ်းနဲ့ ကလေးကို ရှာတတ်ကြတာလေ... ကလေး ပျောက်သွားလို့ မိခင် ကတိုးကောင်က ပြာပြာသလဲ အော်ခေါ်နေတာ ဖြစ်မယ်... ဒါပေမဲ့ အခုထိ မတွေ့သေးတာ... ငါသာ ရောက်မလာရင် သူ့ကလေးကို ပြန်တွေ့နိုင်ပါ့မလား မသိဘူး'

"ဒီအော်သံက ကတိုးကောင်ရဲ့ အော်သံနဲ့ တူတယ်"

ရွှီယန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး မိခင် ကတိုးကောင် အော်သည့်ဘက်သို့ ကြည့်လိုက်သည်။

တောထဲတွင် အော်သံများက အများအပြား ရှိပြီး အသိသာဆုံးမှာ ငှက်အော်သံများပင် ဖြစ်၏။

ငှက်လေးများ အများစုက အော်မြည်ရသည်ကို နှစ်သက်ကြသဖြင့် တစ်ခါတစ်ရံတွင် အော်သံများ ထွက်ပေါ်လာတတ်သည်။ ဤရာသီက အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေသဖြင့် အင်းဆက်များ အကုန်သေဆုံးကုန်ပြီဖြစ်ရာ လမ်းတစ်လျှောက်လုံး အင်းဆက်အော်သံများကိုတော့ မကြားရတော့ချေ။

အင်တာနက်သုံးစွဲသူများက လိုက်ဖ်မြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေကြသည်။

"ကတိုးကောင်ရဲ့ အော်သံလား... မကြားလိုက်ပါဘူး"

"ကတိုးကောင် အော်သံ ရှိလို့လား... ဒီကတိုးကောင်လေးရဲ့ အမေများလား"

"နေပါဦး... လမ်းတစ်လျှောက် အော်သံတွေ အများကြီး ရှိတာကို ဘယ်လိုလုပ် ကတိုးကောင် အော်သံမှန်း သိတာလဲ"

"တကယ်သာ ဟုတ်ရင် အရမ်းကောင်းမှာပဲ"

အားလုံးက စိတ်လှုပ်ရှားလာကြ၏။ ဤသည်မှာ သတင်းကောင်းပင် ဖြစ်သည်။

ရွှီယန်က ဆက်လက် နားထောင်နေလိုက်သည်။ မိခင် ကတိုးကောင်က တစ်ချက်အော်ပြီး ရပ်သွားရာ အားမရှိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။

၎င်းက ကလေးဖြစ်သူကို တကယ်ပင် အော်ခေါ်နေခြင်း ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ရွှီယန်က မိခင် ကတိုးကောင်၏ တည်နေရာကို သိနေသဖြင့် ထိုဘက်သို့ တောက်လျှောက် လိုက်သွားလိုက်သည်။

"တောထဲမှာ ကျွန်တော်က ပတ်ဝန်းကျင် အခြေအနေကို အမြဲတမ်း အာရုံစိုက်နေတာ... ခုနက အသံက တကယ်ပဲ ကတိုးကောင် အသံပဲ... ပြီးတော့ တိုတောင်းပြတ်တောင်းနဲ့ အော်ခေါ်နေတဲ့ အဓိပ္ပာယ် ပါနေတယ်..."

"ကတိုးကောင်ရဲ့ အော်သံက သိပ်ပြီး နားထောင်လို့ မကောင်းဘူး... ဒရယ်ပြောက်တွေရဲ့ အော်သံကို မမီဘူး... ဒါကြောင့် ခွဲခြားရ လွယ်တယ်"

ရွှီယန်က ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။

သူ၏ စကားကို ကြားသောအခါ အားလုံးက ပို၍ စိတ်လှုပ်ရှားလာကာ စိတ်ထဲတွင် မျှော်လင့်ချက်များ တက်လာကြ၏။

ကတိုးကောင်လေး၏ အမေကို ရှာတွေ့မည်ဆိုပါက သေချာပေါက် အကောင်းဆုံးပင် ဖြစ်သည်။ အပြည့်စုံဆုံး ဇာတ်သိမ်းပင် ဖြစ်၏။

သို့သော် တောကြီးက ကျယ်ဝန်းလွန်းသဖြင့် မိခင် ကတိုးကောင်ကို ရှာတွေ့ရန် ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။ ထို့ကြောင့်လည်း လူအတော်များများက စိုးရိမ်နေကြခြင်း ဖြစ်၏။

ထိုအချိန်မှာပင် မိခင် ကတိုးကောင်၏ အသံ ထပ်မံ ပေါ်လာပြန်သည်။

"အဲဒီအသံပဲ... အားလုံး ကြားလိုက်လား... တိုတိုနဲ့ အသံအုပ်အုပ်လေး... အော်ခေါ်နေတာ"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို အမြန်ပြောလိုက်သည်။

သူ၏ ရင်ခွင်ထဲရှိ ကတိုးကောင်လေးကလည်း စတင် ရုန်းကန်လာပြီး ခေါင်းလေး မော့ကာ နားရွက်များကို ထောင်ထားရင်း မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်ဖြင့် ကြည့်နေ၏။

"ကြည့်... ကတိုးကောင်လေး တုံ့ပြန်မှု ရှိတယ်... သေချာပေါက် သူ့အမေပဲ"

ရွှီယန်က ကတိုးကောင်လေးကို ငုံ့ကြည့်ရင်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

အင်တာနက်သုံးစွဲသူများက ကတိုးကောင်လေး၏ ပုံစံကို သတိထားမိသွားကြသည်။ အထူးသဖြင့် ၎င်း၏ လိုလားတောင့်တနေသော မျက်နှာထားကိုပင် ဖြစ်၏။

"တကယ်ကြီး တုံ့ပြန်မှု ရှိတာပဲ... အကောင်လေးက သူ့အမေ ခေါ်သံကို ကြားသွားပြီ"

"တကယ်ကြီးကိုး"

"လောင်ရွှီ... အားတင်းထား... အကောင်လေး သူ့အမေနဲ့ ပြန်တွေ့အောင် ကူညီပေးလိုက်ပါဦး"

"လိုက်ဖ်လွှင့်သူကြီး... ဘာပဲဖြစ်ဖြစ် အားလုံးက မင်းကို ထောက်ခံပါတယ်"

စေတနာရှင် အတော်များများက စိတ်ထဲတွင် အလွန် မျှော်လင့်နေကြသည်။

ရွှီယန်က ခြေလှမ်းများကို ပို၍ သွက်လိုက်သည်။

မိခင် ကတိုးကောင်က သိပ်မြန်မြန် မလျှောက်ပေ။ ခြေလှမ်းအနည်းငယ် လျှောက်လိုက် ဟိုဒီ လိုက်ကြည့်လိုက်ဖြင့် ထို့နောက် တစ်ချက် ထပ်အော်လိုက် လုပ်နေ၏။

တစ်မိနစ်ခန့် အကြာတွင်တော့ မိခင် ကတိုးကောင်က ရုတ်တရက် တစ်ချက် ထပ်အော်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ရွှီယန်၏ ရင်ခွင်ထဲရှိ ကတိုးကောင်လေးက သေသေချာချာ ကြားသွားပြီး ခေါင်းလေး မော့ကာ အော်သံတစ်ခု ပြန်ပေးလိုက်သည်။

အော်သံက အားနည်းပြီး နုနယ်သော်လည်း အလွန် အဝေးအထိ ရောက်ရှိသွား၏။ ကတိုးကောင်လေးက ဆက်တိုက် အော်နေတော့သည်။

မနီးမဝေးတွင် ရှိနေသော မိခင် ကတိုးကောင်က ဤဘက်မှ လှုပ်ရှားမှုကို ကြားသောအခါ ကပျာကယာ ပြေးလာသည်။ သိပ်မကြာခင်မှာပင် ရွှီယန်၏ အမြင်အာရုံထဲသို့ ရောက်လာ၏။

၎င်း၏ ခန္ဓာကိုယ် အရွယ်အစားက သိပ်မကြီးလှပေ။ အရွယ်ရောက်ပြီးသော သိုးတစ်ကောင်ထက် အနည်းငယ်သာ ပိုကြီးသည်။ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သမင်ပြောက်များနှင့် တူပြီး နားရွက်က အနည်းငယ် မြင့်ကာ အရှေ့မှ ကြည့်လျှင် မြည်းနှင့် အနည်းငယ် ဆင်တူ၏။

ဤသည်မှာ နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်... အလွန် ရှားပါးပြီး တန်ဖိုးကြီးသော မျိုးစိတ်ဖြစ်သည့် ကတိုးကောင်ပင် ဖြစ်ပေသည်။

၎င်းက မြက်ပင်ရှည်များကြားတွင် ရပ်ကာ ရွှီယန်၏ ရင်ခွင်ထဲရှိ ကတိုးကောင်လေးကို စိုက်ကြည့်နေသည်။ ရွှီယန် ရှိနေသဖြင့် အနည်းငယ် သတိထား တွန့်ဆုတ်နေပြီး တိုက်ရိုက် မလာရဲချေ။

"သူပဲ... ရောက်လာပြီ... တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

ရွှီယန်က လိုက်ဖ်ကြည့်နေသော ပရိသတ်များကို ပြောလိုက်သည်။

ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကတိုးကောင်လေးကို မြေကြီးပေါ်သို့ သတိထားကာ ချပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ သစ်ပင်ကြီး တစ်ပင်နောက်သို့ ရောက်သည်အထိ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားလိုက်၏။

ရွှီယန်က ကတိုးကောင်လေး ရှိရာဘက်သို့ လှမ်းကြည့်နေသည်။

ဒရုန်းကလည်း ဤမြင်ကွင်းကို ရိုက်ကူးနေပေသည်။

အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေရင်း စိတ်ထဲတွင် ကြည်နူးပျော်ရွှင်နေကြ၏။ တကယ်ကြီး ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကတိုးကောင်လေးကို ကယ်ဆယ်ရေးစခန်းသို့ ပို့လိုက်ရသည်ထက် အများကြီး ပို၍ ဝမ်းသာစရာ ကောင်းလှပေသည်။

ရွှီယန် ထွက်သွားပြီးနောက် မိခင် ကတိုးကောင်က ကတိုးကောင်လေး အနားသို့ ကပျာကယာ ပြေးသွားသည်။ အရင်ဆုံး ကတိုးကောင်လေး၏ ခေါင်းကို ချစ်ခင်ယုယစွာဖြင့် အကြိမ်ကြိမ် လျက်ပေးပြီးနောက် အမြန် ထရပ်ရန် တိုက်တွန်းနေ၏။

သူတို့ ဤနေရာမှ အမြန် ထွက်သွားမှ ရမည် ဖြစ်သည်။ ရွှီယန်က သူတို့ကို မနှောင့်ယှက်တော့ချေ။ နောက်ပိုင်းကတော့ ကတိုးကောင်များ သူတို့ဘာသာ နေထိုင်မည့် ဘဝပင် ဖြစ်သည်။

"တော်သေးတယ်... မိခင် ကတိုးကောင်က သိပ်မဝေးလို့... ကျွန်တော်လည်း သူ့အော်ခေါ်သံကို ကြားလိုက်ရတာ အတော်ပဲ... ဒီအကောင်လေး နောက်တစ်ခါ ထပ်မပျောက်ပါစေနဲ့"

ရွှီယန်က တိုးတိုးလေး ပြောလိုက်သည်။

တကယ်တမ်းတွင်မူ သူ ကတိုးကောင်လေးကို စတင် တွေ့ရှိခဲ့သော နေရာနှင့် ဤနေရာက မျဉ်းဖြောင့်အတိုင်း တိုင်းတာမည်ဆိုလျှင်ပင် အနည်းဆုံး ကီလိုမီတာ ငါးခြောက်ကီလိုမီတာခန့် ကွာဝေးပေသည်။

ဤမျှ အကွာအဝေးတွင် မိခင် ကတိုးကောင်က ၎င်း၏ ကလေးကို ရှာတွေ့ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ရွှီယန်အတွက်တော့ ဇာတ်သိမ်းလေး လှသွားသည်ကပင် လုံလောက်နေပြီ ဖြစ်သည်။

'ဒီဇာတ်လမ်းရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ ငါ တစ်ယောက်တည်း သိထားရင် ရပါပြီ'

လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများ အားလုံး အောင်ပွဲခံနေကြသည်။

"တကယ် ရှာတွေ့သွားပြီ... လောင်ရွှီ လုပ်တာ တော်တော် မိုက်တယ်"

"ကြည့်နေရင်းနဲ့တောင် ငါ အရမ်း စိတ်လှုပ်ရှားလာတယ်"

"ဒီလိုက်ဖ်လွှင့်သူက တကယ် မဆိုးဘူး... ဒီလို လိုက်ဖ်လွှင့်သူမျိုးကို ပထမဆုံး မြင်ဖူးတာပဲ"

"အမှန်အတိုင်း ပြောရရင် ဒီလိုပုံစံမျိုးက အင်တာနက် တစ်ခွင်လုံးမှာ သူတစ်ယောက်ပဲ ရှိတာ... အရမ်း မိုက်တယ်"

ကတိုးကောင်လေးက ချက်ချင်းပင် မတ်တတ်ရပ်လာသည်။

မိခင် ကတိုးကောင်က ၎င်းကို ခေါ်ကာ အရှေ့ဘက်သို့ ကပျာကယာ ပြေးသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။

သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ရွှီယန်လည်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"သမင်ပြောက်တို့... ချေတို့... ကတိုးကောင်တို့ရဲ့ အကောင်ပေါက်လေးတွေက မွေးပြီး မိနစ်နှစ်ဆယ်ဆိုရင် လမ်းလျှောက်တတ်ပြီလေ... တောထဲက အရမ်း အန္တရာယ်များလို့ သူတို့က ဒီလိုစွမ်းရည်မျိုး ဆင့်ကဲပြောင်းလဲလာတာ... ဒါက သဘာဝတရားရဲ့ ရွေးချယ်မှု ရလဒ်ပဲ... ဒီတိရစ္ဆာန်တွေက အရမ်း သတိကြီးကြတယ်"

ရွှီယန်က အားလုံးကို ရှင်းပြရင်း စကားဆက်လိုက်သည်။

"တုံးအအ ချေတွေကလွဲရင်ပေါ့... အဲဒီကောင်တွေက သတိကြီးတယ် ဆိုပေမယ့် တစ်ခုခုဖြစ်ရင် ဖင်လေးဖြဲပြီး ပြေးသွားတတ်တယ်... ဒါပေမဲ့ အသံကျယ်ကျယ် ကြားရင် သူတို့က ပြန်လာကြည့်တတ်သေးတာ... တကယ် တုံးအအလေးတွေ"

ကတိုးကောင်လေး ကိစ္စ ပြီးသွားသောအခါ ရွှီယန် အတော်လေး စိတ်အေးသွားသည်။ သူ၏ စကားကြောင့် အင်တာနက်သုံးစွဲသူများလည်း ရယ်မောသွားကြ၏။

ထို့နောက် ရွှီယန်က စနစ်၏ အသိပေးချက်ကို ရရှိလိုက်သည်။ စနစ်က ရတနာ သိုဝှက်ရာ နေရာ သုံးခုကို သူ၏ အတွက် တိုက်ရိုက် မှတ်သားပေးလိုက်၏။

ဤရတနာ သိုဝှက်ရာ နေရာ သုံးခုထဲတွင် အနီးဆုံးက သူ့ဆီမှ ၃ ကီလိုမီတာ ကွာဝေးပြီး အဝေးဆုံးက ၁၂ ကီလိုမီတာ ကွာဝေးသည်။ ယနေ့တွင်တော့ လမ်းအတော် လျှောက်ရတော့မည် ဖြစ်၏။

တာဝန် ဆုလာဘ်အဖြစ် ရရှိလာသော ရတနာ သိုဝှက်ရာ နေရာများက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကဲ့သို့ အကွာအဝေး ကန့်သတ်ချက် မရှိချေ။

ဤပစ္စည်းများကို ရွှီယန် အတော်လေး မျှော်လင့်နေပြီး ပထမဆုံး ရတနာ သိုဝှက်ရာ နေရာဆီသို့ အရှိန်မြှင့် လျှောက်သွားလိုက်သည်။ ကောင်းမှုလည်း ပြုလုပ်ရသည် ဆုလာဘ်လည်း ရရှိသည်ဆိုတော့ ဘာကြောင့် မလုပ်ဘဲ နေမည်နည်း။

လမ်းတွင် ရွှီယန်က သစ်တော ကင်းလှည့်ဝန်ထမ်းစခန်းမှ ဝမ်ကျန်းဟိုင် ထံသို့ ဖုန်းဆက်ကာ ကတိုးကောင်လေး အကြောင်း ပြောပြလိုက်သည်။ ဝမ်ကျန်းဟိုင်ကလည်း ကတိုးကောင် အမေကို ရှာတွေ့သည်မှာ အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုပြီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေ၏။

မကြာမီမှာပင် ရွှီယန်က ပထမဆုံး ရတနာ သိုဝှက်ရာ နေရာသို့ ရောက်လာခဲ့သည်။

လမ်းတစ်လျှောက်လုံး သူက သာမန် တောတောင်ရှာဖွေသူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ တစ်ခါတစ်ရံ ဟိုဟိုဒီဒီ လိုက်ရှာနေသေး၏။ ရတနာက အရှေ့တွင် ရှိနေမှန်း သိသော်လည်း မလောသလို ပျော်ရွှင်နေသည့် ပုံစံမျိုးလည်း မပြချေ။

သူ အလုပ်လုပ်ရာတွင် အမြဲတမ်း တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ စိတ်နေသဘောထားက အရေးအကြီးဆုံး ဖြစ်၏။

"အင်း... အနံ့ရတယ်... အရမ်း မွှေးတဲ့ အနံ့ပဲ"

ထိုအချိန်မှာပင် ရွှီယန်က မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ဆောင့်ကြောင့်ထိုင်ချကာ ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။

အင်တာနက်သုံးစွဲသူများက သူ၏ လုပ်ရပ်ကြောင့် အနည်းငယ် ကြောင်အသွားကြ၏။

'ဘာအခြေအနေလဲ... ဘာလို့ ရုတ်တရက်ကြီး ဆောင့်ကြောင့်ထိုင်ချလိုက်တာလဲ'

ထိုအချိန်တွင် ရွှီယန်က စကားစလိုက်သည်။

"တောထဲမှာ လှုပ်ရှားတဲ့အခါ မျက်စိနဲ့ ကြည့်ရုံတင်မကဘူး အနံ့ခံတာကလည်း တောင်ထွက်ပစ္စည်း ရှာတဲ့ နည်းလမ်းတစ်ခုပဲ... ဥပမာ တချို့ ပန်းတွေရဲ့ အနံ့... သစ်သီးတွေရဲ့ အနံ့က ထူးခြားလို့ သူတို့ရဲ့ တည်နေရာကို ခန့်မှန်းလို့ ရတယ်... ပြီးတော့ ကျားတို့ ဝက်ဝံညိုတို့ရဲ့ မစင်အနံ့တွေကလည်း နယ်မြေ သတ်မှတ်ဖို့ သုံးတာလေ..."

"အခု ကျွန်တော် ရနေတဲ့ အနံ့က မွှေးပျံ့ပျံ့လေး... ဒါတောင် ပတ်ဝန်းကျင် လေထုထဲမှာ ပျံ့လွင့်နေလို့ အနံ့လျော့သွားတာ... ကျွန်တော် ပစ္စည်းကောင်းကြီး တစ်ခု ရှာတွေ့ပြီ ထင်တယ်... တောရိုင်းဂျင်ဆင်းလောက်ကို တန်ဖိုးရှိတဲ့ ပစ္စည်းမျိုးပဲ"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံး ပို၍ စိတ်ဝင်စားသွားကြတော့သည်။

"ရတနာ..."

"ဘာရတနာလဲ"

"တောထဲမှာ ရတနာ ရှိသေးတာလား"

သိပ်မကြာခင်မှာပင် မြေကြီးကို ယက်ထားသော နေရာတစ်ခုကို ရွှီယန် တွေ့သွားသည်။

သူက အဝတ်စတစ်ခုကို ထုတ်ယူကာ ဒရယ်ချိုပေါက်ပြားလေးဖြင့် မြေကြီးကို ဖွဖွလေး တူးလိုက်၏။ မြေကြီးအောက်တွင် အမွေးလေးများ အနည်းငယ် ကပ်နေသော အလုံးလေး တစ်ခုကို သူ တွေ့လိုက်ရသည်။

ဤအရာကို မြင်သောအခါ ရွှီယန် ချက်ချင်း ပြုံးလိုက်တော့သည်။ သူ ထင်သည့်အတိုင်းပင် သဘာဝ ကတိုးနံ့သာ ဖြစ်နေ၏။

မွေးမြူရေးမှ ရရှိသော ကတိုးနံ့သာက ၁ ဂရမ်လျှင် ယွမ် ၄၀၀ ပေါက်ပြီး သဘာဝ ကတိုးနံ့သာက ၁ ဂရမ်လျှင် ယွမ် ၁၀၀၀ ပေါက်သည်။ အကယ်၍ အကောင်းပကတိ ရှိနေသော သဘာဝ ကတိုးနံ့သာဆိုပါက ၁ ဂရမ်လျှင် ယွမ် ငါးထောင် ခြောက်ထောင်ခန့်အထိ ဈေးပေါက်သည်မှာ ပုံမှန်ပင် ဖြစ်၏။

ဤအရာက အရမ်းကို တန်ဖိုးကြီးလှပေသည်။ ဤသို့ပြောရလျှင် အရင်က ကတိုးကောင်များကို အမဲလိုက်ခွင့် ပြုစဉ်က ကတိုးနံ့သာက ဝယ်လိုအား အလွန် များခဲ့သည်။ ယခု အနှစ်နှစ်ဆယ် ကြာသွားသောအခါ ကတိုးနံ့သာ လိုအပ်ချက်က ပို၍တောင် များလာသေး၏။

တကယ့်ကို ရတနာပင် ဖြစ်သည်။

ထို့အပြင် ဤအရာကို ခွဲခြားရ အလွန် လွယ်ကူသည်။

မွေးမြူရေးမှ ရရှိသော ကတိုးနံ့သာကို တိုက်ရိုက် ထုတ်ယူရခြင်းဖြစ်ပြီး ထုတ်ယူလိုက်သည်နှင့် အမည်းရောင် အနှစ်များကဲ့သို့ ဖြစ်နေ၏။ သဘာဝ ကတိုးနံ့သာကတော့ ကတိုးကောင်က ၎င်း၏ အိတ်ထဲတွင် အတိုင်းအတာ တစ်ခုအထိ ခဲသွားပါက ကိုယ်တိုင် ထုတ်ပစ်လိုက်ခြင်းဖြစ်ရာ အမွေးလေးများ ကပ်နေသော အစိုင်အခဲလေး ဖြစ်နေပေသည်။

ကိုယ်တိုင် ခြေရာဖျောက်ရန်အတွက် ကတိုးကောင်က ကတိုးနံ့သာကို မြေကြီးထဲတွင် မြှုပ်ထားတတ်သည်။

ဤအရာက တောရိုင်းဂျင်ဆင်းထက်ပင် ရှာရခက်သေး၏။ အကြောင်းမှာ တောရိုင်းဂျင်ဆင်းက အရွက်ငါးခက်... အရွက်ခြောက်ခက် စသဖြင့် ကြည့်ရန် ရှိသေးသော်လည်း သဘာဝ ကတိုးနံ့သာကတော့ ကံတရားကိုသာ အားကိုးရသောကြောင့် ဖြစ်သည်။

'ငါးဂရမ် ခြောက်ဂရမ်လောက်တော့ ရှိမယ်... အကောင်းပကတိဆိုရင် ဈေးကောင်းကောင်း ရနိုင်တယ်... အနည်းဆုံး ယွမ် နှစ်သောင်း သုံးသောင်းလောက်တော့ တန်တယ်... ငါ ထင်တဲ့အတိုင်းပဲ... ဆုလာဘ် သုံးခုလုံးက ကတိုးနံ့သာတွေ ဖြစ်ရမယ်'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

All Chapters