← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) သူ ချမ်းသာသွားတာ တကယ်ကို ထိုက်တန်ပါတယ်

ဒရုန်းက ရွှီယန် တူးဖော်ရရှိလာသော အလုံးလေးကို ရိုက်ကူးနေသည်။

အပေါ်တွင် တိရစ္ဆာန် အမွေးအချို့ ကပ်နေပြီး ရွှံ့အနည်းငယ် ပေကျံနေသဖြင့် ဘာပစ္စည်းမှန်း သေချာ မသိနိုင်ချေ။

'ဒါက ဘာကြီးလဲ... လောင်ရွှီ ရဲ့ မျက်နှာက ရတနာတစ်ခုခု တွေ့လိုက်ရသလိုပဲ'

'တိရစ္ဆာန် ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်ခုနဲ့ တူတယ်နော်'

'နားတော့ မလည်ဘူး... ဒါပေမဲ့ တန်ဖိုးကြီးမယ့် ပုံပဲ'

'လောင်ရွှီ က ခုနက ပြောတယ်လေ... ဒီအရာက တောရိုင်းဂျင်ဆင်းထက်တောင် တန်ဖိုးရှိတယ် ဆိုလား'

အင်တာနက်သုံးစွဲသူများက အသီးသီး ဆွေးနွေးနေကြ၏။

လိုက်ဖ်ထဲတွင် လူအရေအတွက်က အလွန် များပြားလှပြီး ထိုအထဲတွင် ဗဟုသုတ ကြွယ်ဝသူများလည်း ပါဝင်ပေသည်။

'လခွမ်း... ဒါ သဘာဝ ကတိုးနံ့သာ မဟုတ်လား'

'တကယ်ပဲ ကတိုးနံ့သာကြီး... အရင်က ရတနာ အကဲဖြတ်တဲ့ အစီအစဉ်တစ်ခုမှာ ငါ မြင်ဖူးတယ်... သေချာ မှတ်မိတယ်'

'အကောင်းပကတိ ရှိနေတဲ့ သဘာဝ ကတိုးနံ့သာကြီးဟေ့... ဒါက တကယ့် ရတနာပဲ'

'ဒီလို ပြောရရင်... ဒီလိုအဆင့်ရှိတဲ့ သဘာဝ ကတိုးနံ့သာက ၁ ဂရမ်ကို အနည်းဆုံး ယွမ် ငါးထောင်လောက် တန်တယ်... နောက်ပြောင်နေတာ မဟုတ်ဘူးနော်... ရွှေထက် ဘယ်လောက်တောင် ပိုဈေးကြီးသလဲ မသိဘူး'

ထိုကဲ့သို့သော ရှင်းပြသည့် ကွန်မန့်များလည်း ရောနှော ပါဝင်နေ၏။

'ကတိုးနံ့သာလား'

လူအတော်များများက ဤစာလုံးလေးလုံးကို မြင်တွေ့လိုက်ကြသည်။

လူအများစုက ကတိုးနံ့သာကို မသိကြသည်မှာ ပုံမှန်ပင် ဖြစ်၏။

အကြောင်းမှာ ယခုအခါ အလွန် ရှားပါးလွန်းလှပြီး သာမန်လူများ၏ အမြင်အာရုံထဲတွင် မတွေ့နိုင်လောက်အောင်ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။ လူအများစုက ကြော်ငြာများတွင်သာ ကတိုးနံ့သာ ပါဝင်သည် ဆိုသော စကားလုံးများကို ကြားဖူးကြခြင်း ဖြစ်၏။

အပြင်တွင် တကယ် မမြင်ဖူးကြချေ။

ကတိုးနံ့သာက တကယ်ကို တန်ဖိုးကြီးလှပြီး ထိပ်တန်း တိုင်းရင်းဆေး တစ်မျိုးဖြစ်ကာ ထိပ်တန်း အမွှေးနံ့သာများ ပြုလုပ်ရာတွင်လည်း အသုံးပြုရပေသည်။

ဈေးကွက် ဝယ်လိုအားက အလွန် ကြီးမားလှ၏။

လူအတော်များများက ရွှီယန်၏ လက်ထဲရှိ ကတိုးနံ့သာကို ဝယ်ယူရန် Private Message မှတစ်ဆင့် ဆက်သွယ်လာကြသည်။

သို့သော် ရွှီယန်က လိုက်ဖ်လွှင့်နေစဉ်အတွင်း Private Message များကို ရှားရှားပါးပါးသာ ဖတ်လေ့ရှိသဖြင့် လုံးဝ အကြောင်းမပြန်ခဲ့ချေ။

လက်ဆောင်ပေးပြီး ဈေးခေါ်ရန် ကြိုးစားသော်လည်း ရွှီယန်က လက်ဆောင်ပေးသည့် လုပ်ဆောင်ချက်ကို ပိတ်ထားကြောင်း တွေ့လိုက်ရပြန်သည်။ ထို့ကြောင့် လူအချို့က လိုက်ဖ်ထဲတွင်သာ ကွန်မန့်ရေး၍ ဈေးခေါ်ရတော့၏။

ကွန်မန့် မျိုးစုံ ရောနှောနေပေသည်။

လူများက ဤအထဲမှ အချက်အလက် တစ်ခုကို ရရှိလိုက်၏။

ရွှီယန် ရှာတွေ့သော အလုံးလေးမှာ သဘာဝ ကတိုးနံ့သာ ဖြစ်ပြီး အလွန် တန်ဖိုးကြီးကြောင်းပင် ဖြစ်သည်။

'ဒါက လောင်ရွှီ ရသင့်ရထိုက်တာပါ... အရာအားလုံးက ကံတရားရဲ့ စီမံမှုတွေချည်းပဲလေ'

'တကယ်ပဲ... ကတိုးကောင်လေးကို သူ့အမေဆီ ပြန်ပို့ပေးပြီးတာနဲ့ သဘာဝ ကတိုးနံ့သာ တစ်ခု ချက်ချင်း ကောက်ရတယ်လေ'

'ချန်ပိုင်တောင်တန်းက တကယ်ကို လူစွမ်းကောင်းတွေနဲ့ ရတနာတွေ ပေါက်ဖွားရာ နေရာပဲ'

'သူ ချမ်းသာသွားတာ တကယ်ကို ထိုက်တန်ပါတယ်'

ကြည့်ရှုသူများက ပျော်ရွှင်နေကြ၏။

အရာအားလုံးက အကောင်းဆုံး စီစဉ်မှုများပင် ဖြစ်သည်။

ရွှီယန်က ကတိုးနံ့သာကို သိမ်းဆည်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။

ဤတာဝန် ဆုလာဘ်က အတော်လေး ကောင်းမွန်လှပေသည်။

ဘာမှ မလွဲချော်ပါက မှတ်သားထားသော နေရာ သုံးခုလုံးတွင် ကတိုးနံ့သာများသာ ဖြစ်ရမည်။

ကတိုးနံ့သာ သုံးတုံး ဆိုလျှင် ငွေအများကြီး ရနိုင်ပေသည်။

ထို့အပြင် ဤအရာက အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်ပြီး အနံ့ကလည်း ပျောက်ကွယ်သွားမည် မဟုတ်ချေ။

စုဆောင်းရေး ပစ္စည်းတစ်ခု အဖြစ်ပင် သိမ်းဆည်းထားနိုင်ပြီး ကြာလေလေ ပို၍ တန်ဖိုးကြီးလေလေ ဖြစ်ပေသည်။ တန်ဖိုးကြီး တိုင်းရင်းဆေး တစ်မျိုး ဖြစ်ရုံသာမက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတစ်ခုလည်း ဖြစ်၏။

ဘယ်သူကများ မလိုချင်ဘဲ နေမည်နည်း။

"ကံကောင်းတာပဲ... ကတိုးနံ့သာ တစ်ခု တွေ့လိမ့်မယ်လို့ မထင်ထားဘူး..."

"အရင်က ရွာထဲက လူတွေ တောင်ပေါ်တက်ရင်း တွေ့ဖူးတယ်လို့ ကြားဖူးတယ်... လုံးဝ ကံတရားကို အားကိုးရတာလေ..."

"အရမ်းကို တွေ့ရခဲတယ်..."

"ဒီနေ့တော့ ကံတကယ် ကောင်းနေတာပဲ"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

ထို့နောက် သူက ဒုတိယမြောက် ကတိုးနံ့သာ ရှိရာ နေရာသို့ ဆက်လက် လျှောက်သွားလိုက်၏။ တောနက်ကြီးထဲတွင် တစ်နေကုန်နီးပါး လျှောက်သွားခဲ့သော်လည်း ရွှီယန်၏ စိတ်အခြေအနေက အလွန် ကောင်းမွန်နေဆဲပင် ဖြစ်သည်။

ရွှီယန်က နောက်ထပ် ဘာသွားရှာမည်ကို သိသော်လည်း အင်တာနက်သုံးစွဲသူများကတော့ မသိကြချေ။

အားလုံးက သူ ကတိုးနံ့သာ ရှာတွေ့သွားသည့်အတွက် ဝမ်းသာနေကြ၏။

လိုက်ဖ်ထဲတွင် ချီးကျူးစကားများသာ ပြည့်နှက်နေပေသည်။

ရွှီယန်ကလည်း အခြေအနေကို နားလည်သဖြင့် ဘာလုပ်လုပ် အနေတော်သာ လုပ်ဆောင်လေ့ ရှိ၏။ နောက်ထပ် ကတိုးနံ့သာ နှစ်ခုကိုတော့ လိုက်ဖ်လွှင့်မပြတော့ချေ။ မဟုတ်ပါက ရှင်းပြရ ခက်သွားနိုင်ပေသည်။

ထိုအချိန်ရောက်ပါက ဒရုန်း၏ ကင်မရာကို အခြားဘက်သို့ လှည့်ထားပြီး ကိုယ်တိုင် တိတ်တဆိတ် တူးယူသွားမည် ဖြစ်၏။

ကတိုးနံ့သာ တစ်ခု တွေ့ခြင်းက လူများကို ချီးကျူးစေနိုင်သည်။

ဒုတိယတစ်ခု ထပ်တွေ့ပါက လူအတော်များများ မျက်စိကျလာနိုင်၏။

တတိယတစ်ခု ထပ်တွေ့မည်ဆိုလျှင်တော့ လူများ မနာလို ဖြစ်လာကြတော့မည် ဖြစ်သည်။

ထို့အပြင် ရွှီယန်၏ အကြောင်းကို ရွာထဲရှိ လူများ အားလုံး သိရှိထားကြပြီး အချို့သော လူဆိုးများက သူတစ်ပါး ကြီးပွားနေသည်ကို မကြည့်ရက်ကြချေ။

ထို့ကြောင့် အနည်းငယ် နှိမ့်ချနေထိုင်ခြင်းက ပြဿနာများကို လျော့နည်းသွားစေနိုင်ပေသည်။

နောက်ဆက်တွဲကတော့ တောင်ပေါ်တွင် အချိန်အတော်ကြာ လမ်းလျှောက်ရသည့် ခရီးစဉ်ပင် ဖြစ်၏။

ထိုလုပ်ငန်းစဉ်အတွင်း ရွှီယန်က အခြား ကတိုးနံ့သာ နှစ်ခုကိုလည်း အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

အားလုံးက သဘာဝအတိုင်း အကောင်းပကတိ ရှိနေသော ကတိုးနံ့သာများ ဖြစ်ပြီး လူကိုယ်တိုင် ထုတ်ယူထားသော ကတိုးနံ့သာများထက် အများကြီး ပို၍ ကောင်းမွန်ပေသည်။

ဤကတိုးနံ့သာ တစ်ခုလျှင် အလေးချိန် နှစ်ဆယ်ဂရမ်ကျော်ခန့် ရှိပြီး ဈေးပေါပေါဖြင့် ရောင်းမည်ဆိုလျှင် ယွမ် ၅ သောင်းခန့် ရနိုင်ကာ ဈေးကောင်းရပါက အနည်းဆုံး ယွမ် ၁ သိန်းကျော်ခန့် ရနိုင်ပေသည်။

လူကိုယ်တိုင် မွေးမြူထားသော ကတိုးနံ့သာများမှာ ဈေးကွက်ထဲတွင် ၁ ဂရမ်လျှင် ယွမ် ၅၀၀ ခန့် ဈေးပေါက်ပြီး အခြေခံအားဖြင့် ဤဈေးနှုန်းသာ ဖြစ်၏။

သဘာဝ ကတိုးနံ့သာကတော့ အလွန် ရှားပါးလွန်းသဖြင့် ဈေးနှုန်း အတက်အကျ အနည်းငယ် ရှိပေသည်။ ဥပမာ နှင်းဖုံးတောင်တန်း ဒေသများတွင် သဘာဝ ကတိုးနံ့သာက အနည်းငယ် ပိုများသဖြင့် ပွဲစားများက မွေးမြူရေးသမားများထံမှ သုံးလေးသောင်းဖြင့် ဝယ်ယူကာ သိန်းဂဏန်းကျော်ဖြင့် ပြန်လည် ရောင်းချတတ်ကြ၏။

ထို့ကြောင့် ရောင်းချမည့် လမ်းကြောင်း ရှာဖွေရန်က ပို၍ အရေးကြီးလှပေသည်။

ရွှီယန်က အရင်က တောရိုင်းဂျင်ဆင်း ရောင်းချစဉ်က တိုင်းရင်းဆေးဆိုင် အချို့မှ ဆရာကြီးများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သဖြင့် ရောင်းချမည့် လမ်းကြောင်းအတွက် လုံးဝ စိတ်ပူစရာ မလိုချေ။

သူက အနည်းငယ် သေးငယ်သော နှစ်ခုကို ရောင်းချပြီး အကြီးဆုံး တစ်ခုကိုတော့ မိမိအတွက် ချန်ထားကာ ပုလင်းထဲတွင် လုံခြုံစွာ သိမ်းဆည်းထားရန် ရည်ရွယ်ထား၏။

ဤအရာက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း၍ ရနိုင်ပေသည်။ အရင်က အင်တာနက်ပေါ်တွင် ကျွမ်းကျင်သူများထံ ရတနာ အကဲဖြတ်ရန် လာရောက်သူ တစ်ဦး၏ သဘာဝ ကတိုးနံ့သာမှာ ဘိုးဘွားများ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်၏။

ဈေးနှုန်းက ပို၍ပို၍သာ မြင့်တက်လာမည် ဖြစ်သည်။

ကတိုးနံ့သာ သုံးခု ရှာဖွေရာတွင် အချိန်အတော်ကြာ ယူခဲ့ရ၏။ ရွှီယန်က အပြန်လမ်းတွင် ခြေလှမ်းများကို အနည်းငယ် ခပ်သွက်သွက် လျှောက်လာခဲ့သည်။

သူက လမ်းလျှောက်ရင်း ပြောလိုက်၏။

"ဒီနေ့ တောနက်ကြီးထဲ အရမ်း ရောက်သွားလို့... အမြန် ပြန်ဆင်းမှ ရမယ်... အထဲမှာ အချိန်တော်တော် ကြာသွားတယ်လေ..."

"ညဘက် တောနက်ကြီးထဲမှာဆို အရမ်း ကြောက်စရာကောင်းတယ်... လက်တစ်ကမ်း အကွာအဝေးကိုတောင် မမြင်ရအောင် မှောင်မည်းနေတာ... ပြီးတော့ ညဘက် အမြင်အာရုံ ကောင်းတဲ့ တိရစ္ဆာန် တော်တော်များများကလည်း ညဘက်မှ ထွက်လာကြတာလေ... အဲဒီထဲမှာ သားရဲကြီးတွေလည်း ပါတယ်..."

"ဒါကြောင့် အမြန် ထွက်သွားမှ ရမယ်..."

"တကယ်လို့ ထွက်မသွားနိုင်ဘူး ဆိုရင်လည်း နေစရာ နေရာတစ်ခု အမြန်ရှာပြီး ဒီညကို အရင် ကျော်ဖြတ်ဖို့ လုပ်ရမယ်"

ရွှီယန်က ပုံမှန်ထက် ခြေလှမ်း ပိုသွက်နေ၏။

ဆောင်းဦးရာသီတွင် သစ်တောများက အတော်လေး လုံခြုံလှပေသည်။ တောသစ်သီးများ ရင့်မှည့်နေသဖြင့် အပင်စား တိရစ္ဆာန်များ အလှုပ်ရှားဆုံး အချိန်ဖြစ်ပြီး သားရဲကြီးများလည်း အစာရေစာ မရှားပါးကြချေ။

ထို့အပြင် မြွေများကလည်း အအေးဒဏ်ကို မနှစ်သက်သဖြင့် ရာသီဥတု အေးလာသည်နှင့်အမျှ မြွေများ၏ လှုပ်ရှားမှုများလည်း နည်းပါးသွားတော့သည်။ အဆိပ်ရှိ သတ္တဝါများလည်း ထိုနည်းတူပင် ဖြစ်၏။

ထို့ကြောင့် ခြေလှမ်း ခပ်သွက်သွက် လျှောက်ခြင်းကလည်း ပြဿနာ မရှိပေ။

လိုက်ဖ်ထဲတွင် လူအရေအတွက်က အရင်လိုပင် များပြားနေဆဲ ဖြစ်၏။

'လောင်ရွှီ ရဲ့ ခံနိုင်ရည်ကိုတော့ တကယ် လေးစားတယ်... သူ့လိုက်ဖ်ကို စကြည့်ကတည်းက အခုထိ သူ နားနေတာကို မတွေ့ဖူးသေးဘူး'

'သူက နည်းနည်းလေးတောင် မနားဘူးနော်'

'ဒီလိုက်ဖ်လွှင့်သူရဲ့ ခံနိုင်ရည်က တကယ်ကို ပြိုင်ဘက်ကင်းပဲ... အရမ်း ကြမ်းတာပဲ'

'တောင်ပေါ်လမ်းမှာ တစ်နေကုန် လမ်းလျှောက်တာတောင် အခုထိ အားအင် အပြည့်ပဲနော်... သူက စူပါမန်းလား'

အင်တာနက်သုံးစွဲသူများက အဆက်မပြတ် အံ့ဩချီးကျူးနေကြ၏။ လူတစ်ယောက်က ချီးကျူးလိုက်သည်နှင့် အခြားသူများလည်း ဤကိစ္စကို သတိထားမိသွားကြသည်။ အားလုံးက ရွှီယန်၏ ခံနိုင်ရည်အပေါ် အံ့အားသင့်နေကြပေသည်။

ရွှီယန်က ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ရာ အားလုံးက ဤကိစ္စကို ပြောနေကြသည်ကို မြင်သောအခါ ပြန်ဖြေလိုက်၏။

"ကျွန်တော်က တောင်ပေါ်မှာ အမြဲ နေလာတာဆိုတော့ တောင်ပေါ်လမ်းတွေကို တော်တော် ကျွမ်းနေပြီ... ခွန်အားကို ဘယ်လို ချွေတာရမလဲ ဆိုတာ သိတယ်လေ... တောင်ပေါ် ခဏခဏ တက်ပါများတော့ တဖြည်းဖြည်းနဲ့ အသားကျသွားတာပါ..."

"ပြီးတော့ ကျွန်တော် အခု တော်တော် ပင်ပန်းနေပါပြီ... မနားချင်လို့ မဟုတ်ဘူး... မနားရဲလို့ပါ..."

"တောင်အောက်ကို အမြန်ဆင်းမှ ရမှာမို့လို့လေ..."

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံး ရယ်မောသွားကြတော့သည်။

ဒီလိုမှပေါ့။ တစ်နေကုန် လမ်းလျှောက်တာတောင် မပင်ပန်းဘူးဆိုရင်တော့ တကယ်ကို သုတေသန လုပ်ကြည့်ဖို့ လိုနေပြီလေ။

ရွှီယန်က အပြင်သို့ တောက်လျှောက် ထွက်လာခဲ့သည်။

ပင်ပန်းသည်က မကြောက်စရာ မဟုတ်ဘဲ သေရမည်ကိုသာ ကြောက်ရမည် ဖြစ်၏။ ညဘက်တွင် သားရဲကြီးများနှင့် တွေ့ပါက ထွက်ပြေးရန် လမ်းကြောင်းပင် မရှိနိုင်ချေ။ အကြောင်းမှာ လမ်းကို သေချာ မမြင်ရသဖြင့် အမြန် ပြေး၍ မရနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ရွှီယန်၏ စိတ်ထဲတွင် အစီအစဉ် ရှိပြီးသား ဖြစ်၏။ ကတိုးနံ့သာများ ရှာဖွေစဉ်ကတည်းက အချိန်ကို တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် နေဝင်ရီတရော အချိန်တွင် တောင်ပေါ်မှနေ၍ တောင်အောက်ရှိ ရွာလေးနှင့် တောင်စောင်းတစ်လျှောက် ဖောက်လုပ်ထားသော ကားလမ်းကို သူ မြင်တွေ့နေရပြီ ဖြစ်၏။

"ရောက်တော့မယ်... ဒီနေ့ လိုက်ဖ်ကတော့ ဒီလောက်ပါပဲ... ဒရုန်းလည်း ဘက်ထရီ ကုန်တော့မယ်..."

"နောက်ဆုံးတော့ အပြင်ရောက်လာပြီပေါ့..."

"နောက်ရက်တွေ သေချာ နားပြီးမှ တောင်ပေါ် ထပ်တက်မယ်... နည်းနည်းတော့ အမောဖြေရဦးမယ်လေ"

ရွှီယန်က သက်ပြင်းချရင်း အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

'အပြင်ရောက်လာတာ ကောင်းပါတယ်'

'တောင်ပေါ်လမ်းတွေက သိပ်မလုံခြုံဘူးလို့ ခံစားရတယ်... တချို့လူတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေမှာဆိုရင် တောင်ပေါ်လမ်းတွေပေါ်မှာ အရှေ့မြောက် ကျားဝါကြီးတွေ လမ်းလျှောက်နေတာ တွေ့ရတယ်လေ'

'လောင်ရွှီ... ဂရုစိုက်ပါဦး'

'သေချာ နားပါဦး'

အားလုံး၏ စကားများထဲတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေကြ၏။ ယခုအခါ သူတို့က ရွှီယန်ကို တကယ်ပင် လေးစားသွားကြပြီဖြစ်ရာ တကယ့် ပရိသတ် အရေအတွက်ကလည်း ပို၍ပို၍ များပြားလာတော့သည်။

ရွှီယန်က အားလုံးကို နှုတ်ဆက်ပြီးနောက် လိုက်ဖ်ကို ပိတ်ကာ ဒရုန်းကို သိမ်းဆည်းလိုက်၏။

သူက တောင်ပေါ်လမ်းအတိုင်း ဆက်လက် ဆင်းလာခဲ့သည်။ အချို့သော တောင်စောင်းများက အလွန် မတ်စောက်သဖြင့် တောင်စောင်းပေါ်တွင် ဖင်ထိုင်လျက် လျှောဆင်းရသောကြောင့် အင်္ကျီနှင့် ဘောင်းဘီများတွင် ရွှံ့များ ပေကျံနေခဲ့၏။

ကားလမ်းပေါ်သို့ ရောက်ရှိလာမှသာ ကားသမားထံ လိုကေးရှင်း ပို့ပေးလိုက်ပြီး ခဏထိုင်ကာ အနားယူလိုက်တော့သည်။

ယနေ့တွင် အလွန် ပင်ပန်းခဲ့သော်လည်း အကျိုးအမြတ်ကလည်း ကြီးမားလှပေသည်။ တာဝန်က အတော်လေး စိတ်ဝင်စားစရာ ကောင်းသလို ဆုလာဘ်ကလည်း အလွန် ကောင်းမွန်လှ၏။ ဤသည်မှာ ရွှီယန် အနှစ်သက်ဆုံး ဘဝမျိုးပင် ဖြစ်သည်။

'သဘာဝ ကတိုးနံ့သာ သုံးခု... တစ်ခုကို အနည်းဆုံး ယွမ် ၁ သိန်းလောက်တော့ ရောင်းရမယ်...'

'နှစ်ခု ရောင်းလိုက်မယ်... အရင်က စုထားတာတွေနဲ့ ပေါင်းရင် ယွမ် ၄ သိန်းလောက် ရှိသွားပြီ...'

'နောက်တစ်လလောက် နေရင် စတော်ဘယ်ရီနဲ့ ပြောင်းဖူးတွေလည်း ရောင်းလို့ ရပြီ...'

'ကားတစ်စီးလောက် ဝယ်လို့ ရပြီ... နောက်ဆို ဘယ်သွားသွား အဆင်ပြေတာပေါ့'

ရွှီယန်က စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

ငွေရှိသည်မှာ တကယ်ကို ကောင်းမွန်လှ၏။ ဝယ်ချင်တာ ဝယ်လို့ ရသည် မဟုတ်ပါလား။

သိပ်မကြာခင်မှာပင် အငှားကားသမားလည်း ရောက်လာခဲ့သည်။ ဒီကားသမားက အတော်လေး ပရော်ဖက်ရှင်နယ် ဆန်ပြီး ရသည့်အလုပ် အကုန် လုပ်၏။

အငှားကားသမား ဆိုသည်မှာ ရွာမှ မြို့နယ်သို့ သို့မဟုတ် မြို့နယ်မှ မြို့ပေါ်သို့ သီးသန့် ပြေးဆွဲသော ကားသမားများကို ခေါ်ဆိုခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ရွာထဲတွင် နေ့စဉ် မြို့နယ်သို့ သွားမည့်သူများ ရှိတတ်ပြီး လူသုံးလေးယောက်လောက် ရပါက အဆင်ပြေပေသည်။ တစ်ယောက်လျှင် ယွမ်ဆယ်ဂဏန်းခန့် ပေးရပြီး ကီလိုမီတာ နှစ်ဆယ် သုံးဆယ်ခန့် ပြေးဆွဲရသဖြင့် သူတို့လည်း အကျိုးအမြတ် ရှိကြ၏။

ရွှီယန်က ဖင်နှင့် ဘောင်းဘီပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ဝါးခြင်းတောင်းကို ကားနောက်ဖုံးထဲသို့ ထည့်ကာ ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။

"ဒီနေ့ အခြေအနေ ဘယ်လိုလဲ"

အငှားကားသမားက ယဉ်ကျေးစွာ မေးလိုက်၏။

သူက တစ်နေကုန် ကားမောင်းနေရသဖြင့် လိုက်ဖ်မကြည့်ဖြစ်ရာ ရွှီယန်၏ တောင်ပေါ်တက်သည့် အခြေအနေကို မသိချေ။

"မဆိုးပါဘူး... မှိုလေး နည်းနည်း ကောက်ရခဲ့တယ်"

ရွှီယန်က ကားထိုင်ခုံကို မှီထားပြီး အနည်းငယ် ပင်ပန်းနေသဖြင့် ပြန်ဖြေလိုက်သည်။

"ပုံမှန်ဆိုရင် တောတောင်ရှာဖွေသူတွေက နေ့လယ် ၃ နာရီ ၄ နာရီလောက်ဆို ပြန်ထွက်လာကြပြီလေ..."

"မင်းက တော်တော် ပင်ပန်းခံနိုင်တာပဲ... တောင်ပေါ်မှာ တစ်နေကုန်နေပြီး အခုလောက် နောက်ကျမှ ဆင်းလာတာ"

ကားသမားက ရွှီယန်နှင့် စကားစမြည် ပြောနေ၏။

"ဒီနေ့ ကိစ္စလေး နည်းနည်း ရှိလို့... နည်းနည်း နောက်ကျသွားတာ"

ရွှီယန်က မျက်လုံးမှိတ်၍ အနားယူရင်း အားမရှိသလို ပြန်ဖြေလိုက်သည်။

တကယ်ကို ပင်ပန်းနေပြီ ဖြစ်၏။

သူက လယ်ယာခြံဝင်းသို့ ပြန်ရောက်ပါက အားရပါးရ စားသောက်ပြီး ချက်ချင်း အိပ်ရာဝင်ရန် ရည်ရွယ်ထားသည်။

ကျော်ကြားမှုရမှတ်များ တွက်ချက်ခြင်းနှင့် မဲဖောက်ခြင်းများကိုတော့ မနက်ဖြန်မှသာ ဆက်လုပ်တော့မည် ဖြစ်၏။

ကားလေးက လယ်ယာခြံဝင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာပြီး ခွေးနှစ်ကောင်က ပုံမှန်အတိုင်းပင် ထွက်ကြိုကြသည်။

လယ်ယာခြံဝင်းက တိတ်ဆိတ်နေပြီး ကြက်၊ ဘဲ၊ ငန်းများလည်း အော်ဟစ်ခြင်း မရှိကြချေ။

ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ သူ့အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။

ယခုမှသာ သူ လုံးဝ အနားရသွားတော့သည်။ ကျောပိုးအိတ်ကို ချထားလိုက်ပြီး ရေချိုးကာ အဝတ်အစား လဲလှယ်ပြီးနောက် ရွှီယန်က ခွေးနှစ်ကောင်ကို ခေါ်၍ မီးဖိုချောင်သို့ အစာစားရန် သွားလိုက်တော့သည်။

All Chapters