အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) တက်တက်ကြွကြွနဲ့ ထုတ်လုပ်ရေး လုပ်နေကြတာ
သဘာဝ ကတိုးနံ့သာက ရောင်းရ အလွန် လွယ်ကူသည်။
ရွှီယန်သည် မြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များသို့ သွားရောက်ခဲ့ရာ တိုင်းရင်းဆေးဆိုင် အတော်များများမှ ဆရာကြီးများက ဈေးကောင်းပေး ဝယ်ယူလိုကြ၏။
ဤကဲ့သို့ ဈေးကွက်စံနှုန်း တိတိကျကျ မရှိသော အရောင်းအဝယ်မျိုးတွင် ဆိုင်အများအပြားကို နှိုင်းယှဉ်ကြည့်ရန် လိုအပ်ပေသည်။
ရွှီယန်က သူတို့ ပေးသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပြီးမှသာ သဘာဝ ကတိုးနံ့သာကို မည်သူ့ထံ ရောင်းချမည်ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်၏။
ထိုတိုင်းရင်းဆေးဆိုင်များက သူနှင့် ရင်းနှီးပြီးသား ဖြစ်ရာ ပေးသောဈေးနှုန်းများမှာ အတော်လေး တရားမျှတလှပေသည်။
နောက်ဆုံးတွင် ရွှီယန်က ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ပြီး တစ်ဂရမ်လျှင် ယွမ် ၆,၀၀၀ နှုန်းဖြင့် အရောင်းအဝယ် တည့်သွားခဲ့ရာ သဘာဝ ကတိုးနံ့သာ တစ်ခုလျှင် ယွမ် ၁ သိန်း ၄ သောင်းကျော် ရရှိခဲ့သည်။ သူက နှစ်ခု ရောင်းချလိုက်ပြီး အခြားတစ်ခုမှာ ယွမ် ၁ သိန်း ၅ သောင်း ရရှိခဲ့၏။
ဤသည်မှာ ရောင်းလမ်း မှန်ကန်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။
အကယ်၍သာ ရွာထဲသို့ လာရောက်ဝယ်ယူသော ပွဲစားများနှင့်သာဆိုလျှင် သူတို့ ပေးမည့် ဈေးနှုန်းမှာ တစ်ခုလျှင် ယွမ် နှစ်သောင်း သုံးသောင်းခန့်သာ ရှိမည်ဖြစ်သည်။
ရွာသား အတော်များများက သဘာဝ ကတိုးနံ့သာ ကောက်ရခဲ့လျှင်ပင် မည်သူ့ထံ ရောင်းရမည်ကို မသိကြချေ။ ပွဲစားများက လာဝယ်သည့်အခါ ပါးစပ်အရသာခံ၍ ဖြားယောင်းပြောဆိုပြီး ယွမ် နှစ်သောင်းခန့် ပေးလိုက်ပါက လူအတော်များများက ရောင်းချလိုက်ကြတော့၏။
မည်သို့ပင်ဖြစ်စေ သူတို့အတွက်တော့ ဤသည်မှာ အလကားရသော ယွမ်နှစ်သောင်းနှင့် တူညီနေသည် မဟုတ်ပါလား။
တကယ်တမ်းတွင် ဤပစ္စည်းမှာ ယွမ်တစ်သိန်းအထက် တန်ဖိုးရှိပေသည်။
ယခုအခါ သဘာဝ ကတိုးနံ့သာမှာ အလွန် ရှားပါးပြီး အသုံးဝင်သည့် နေရာကလည်း ကျယ်ပြန့်သဖြင့် ဈေးနှုန်းက အလွန် မြင့်မားလှ၏။
ရွှီယန်ကတော့ ပို၍ ပါးနပ်ပေသည်။ မည်သို့ပင်ဖြစ်စေ တောရိုင်းဂျင်ဆင်း ရောင်းချစဉ်ကတည်းက ရောင်းလမ်းကို ရှာဖွေထားပြီးဖြစ်ရာ ပွဲစားများ၏ လိမ်လည်လှည့်ဖြားမှုကို ခံရမည်ကို စိတ်ပူစရာ မလိုတော့ချေ။
သူက ငွေအမြောက်အမြား ထပ်မံ ရရှိသွားခဲ့ပြန်သည်။
ငွေရှိလာသောအခါ လယ်ယာခြံဝင်း ဖွင့်လှစ်ရာတွင်လည်း ပို၍ သက်သောင့်သက်သာ ရှိလာတော့၏။
လယ်ယာခြံဝင်းက အစပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ပိုများပြီး နှစ်နှစ်အတွင်း အရင်းကျေလျှင်ပင် အတော်လေး တော်နေပြီဖြစ်ကာ နောက်ပိုင်းတွင် အမြတ်အစွန်းများသာ ဖြစ်ပေသည်။
ရွှီယန်၏ အစီအစဉ်က ဒီနှစ် တစ်နှစ်တည်းဖြင့် အရင်းကျေရန် ဖြစ်၏။ အရင်းကို အရင် ပြန်ရှာပြီး နောက်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပိုတိုးချဲ့ရန် ဖြစ်သည်။
စနစ်ကြီး အနားတွင် ရှိနေသဖြင့် သူ ဘာမှ စိတ်ပူစရာ မရှိချေ။
တောနက်ကြီးထဲ ဝင်၍ ကတိုးကောင်လေးကို ကယ်တင်ခဲ့သော နေ့က ကျော်ကြားမှုရမှတ်များကို တွက်ချက်ပြီးသွားပြီ ဖြစ်သည်။
'ထိုနေ့က လိုက်ဖ်ကြည့်ရှုသူ အရေအတွက် - ၁၆၄,၅၉၂ ဦး... ပျမ်းမျှ ကြည့်ရှုချိန် - ၀.၉ နာရီ... ရရှိသော ကျော်ကြားမှုရမှတ် - ၁၄၈,၀၀၀'
'လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ် - ၁၈၀,၀၀၀'
တစ်ရက်တည်းဖြင့် ကျော်ကြားမှုရမှတ် ၁ သိန်းခွဲနီးပါး ရရှိခဲ့သဖြင့် အတော်လေး များပြားလှပေသည်။
ရွှီယန်က အဆင့်မြင့် မဲတစ်ခါ ဖောက်ရန် ရွေးချယ်လိုက်ရာ ဆုလာဘ်အဖြစ် [ဗဟိုလေအေးပေးစနစ် ] တစ်စုံ ရရှိခဲ့၏။ ၎င်းမှာ အိမ်ထဲတွင် လေအေးပေးစက် တပ်ဆင်ခြင်းဖြစ်ပြီး အပူချိန်ကို စမတ်စနစ်ဖြင့် ထိန်းချုပ်ပေးနိုင်ပေသည်။
ရွှီယန်က သူ၏ အုတ်နီခြံဝင်းနှင့် အုတ်ကြွပ်မိုးအိမ်လေးကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။
အကြောင်းမှာ ဤအဆောက်အအုံ ဖွဲ့စည်းပုံအရ ဗဟိုလေအေးပေးစနစ်ကို တပ်ဆင်၍ မရနိုင်ဘဲ မတ်တတ်ရပ် သို့မဟုတ် နံရံကပ် လေအေးပေးစက်များကိုသာ တပ်ဆင်နိုင်သောကြောင့် ဖြစ်၏။
ခြံဝင်းက အတော်လေး ရိုးရှင်းလွန်းနေသေးသည်။ ထို့အပြင် သူတို့ဒေသတွင် လေအေးပေးစက် လိုအပ်ချက်က သိပ်မကြီးမားလှချေ။ နွေရာသီတွင် ပူအိုက်သော်လည်း အိမ်ထဲဝင်လိုက်သည်နှင့် အေးမြသွားလေ့ရှိ၏။ ဆောင်းရာသီတွင်လည်း အိမ်ထဲ၌ အပူပေးစနစ် ရှိနေသဖြင့် လေအေးပေးစက်ထက် ဘယ်လောက်တောင် ပို၍ သက်သောင့်သက်သာ ရှိသလဲဆိုတာ မသိနိုင်အောင်ပင်။
ဤသို့ တွေးမိသောအခါ ရွှီယန်က သူနေထိုင်သော ခြံဝင်းကို တစ်ချက်ကြည့်လိုက်ပြီး နေထိုင်သည့် နေရာများကို အသစ်ပြန်လည် ပြင်ဆင်မွမ်းမံရန် ရည်ရွယ်လိုက်သည်။
ယခုအခါ အိမ်ထဲတွင် မီးဖိုဖြင့်သာ အပူပေးထားရပြီး ဆောင်းရာသီတွင် အပူပေးကုတင် ပေါ်၌ အိပ်ရသဖြင့် အိပ်စက်ချိန်တွင် နွေးထွေးသော်လည်း မနက်နိုးလာချိန်တွင်တော့ အတော်လေး အေးစိမ့်နေတတ်၏။ အပူပေးစနစ် တစ်ခုတော့ ထပ်မံ တပ်ဆင်မှ ရမည် ဖြစ်သည်။
ရွှီယန်က ကုမ္ပဏီနှင့် တိုက်ရိုက် ဆက်သွယ်ကာ ဗဟိုလေအေးပေးစနစ် ကို မတ်တတ်ရပ် လေအေးပေးစက် သုံးလုံးဖြင့် လဲလှယ်လိုက်ပြီး မိဘများကို ပေးပို့လိုက်သည်။ သူတို့အိမ်ရှိ စူပါမားကတ်လေးက နွေရာသီတွင် အတော်လေး ပူအိုက်သော်လည်း မိဘများက လေအေးပေးစက် တပ်ဆင်ရန် နှမြောနေကြသောကြောင့် ဖြစ်၏။
ယခု သူတို့ကို ပေးလိုက်ခြင်းက အတော်ပင် ဖြစ်သွားပြီး သူတို့၏ နေထိုင်မှု ဘဝလည်း သက်သောင့်သက်သာ ရှိသွားမည် ဖြစ်သည်။
နောက်ဆက်တွဲ နှစ်ရက်တွင် ရွှီယန်က အနားယူနေပြီး နေ့စဉ် မှန်လုံအိမ်ထဲသို့ သွားရောက်ကာ စတော်ဘယ်ရီများကို ကြည့်ရှုစစ်ဆေးလေ့ ရှိ၏။
စတော်ဘယ်ရီများ အားလုံး ထွက်ပေါ်လာသည်ကို မြင်တွေ့ရပြီး ရိတ်သိမ်းချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ရွှီယန်က သူ၏ စတော်ဘယ်ရီများကို သီးသန့် ရိုက်ကူးကာ ဗီဒီယို တစ်ပုဒ် တင်လိုက်ပြီး သူ့ကို follow လုပ်ထားသော ပရိသတ်များကို ပြုံးရင်း ပြောလိုက်သည်။
"ဒါတွေ အကုန်လုံးက ကျွန်တော် ကိုယ်တိုင် စိုက်ထားတဲ့ စတော်ဘယ်ရီတွေပါ... အသီး အရေအတွက်လည်း အရမ်း ကောင်းသလို အရောင်အသွေးလည်း လှတယ်... နောက်ရက်အနည်းငယ် နေရင် ကြီးလာတော့မှာ..."
"ရောင်းပန်း တော်တော်လှတယ်..."
သူ၏ စတော်ဘယ်ရီများကို မြင်သောအခါ လူအတော်များများက ကွန်မန့် ရေးသားလာကြ၏။
'တကယ်ပဲ အသီးထွက် အရမ်းကောင်းတာပဲ'
'ငါသာ လိုက်ဖ်လွှင့်သူရဲ့ နည်းပညာမျိုး ရထားရင် ကောင်းမှာပဲ... နှစ်တိုင်း စတော်ဘယ်ရီ စိုက်တယ် နှစ်တိုင်း တစ်လုံးမှ မရဘူး... ဒီနှစ် ထပ်စိုက်ဖို့ စဉ်းစားထားတယ်'
'ငါလည်း အတူတူပဲ... စတော်ဘယ်ရီ စိုက်တာ နည်းနည်းလေးတောင် အပင်ထွက်မလာဘူး'
'စိုက်ပျိုးရေး လုပ်တာ နည်းစနစ် သင်ယူရတယ်လေ... မျိုးစေ့ချပြီး ရေလောင်းရုံနဲ့ မရဘူး... မသင်ယူရင် သေချာပေါက် စိုက်လို့ ရမှာ မဟုတ်ဘူး'
'ဘာ... စိုက်ပျိုးရေး လုပ်ဖို့ သင်ယူရဦးမယ်... ငါသာ သွားသင်ယူရင် ဘာလို့ စိုက်ပျိုးရေး လာလုပ်နေတော့မလဲ'
ကွန်မန့်များက အလွန် စည်ကားနေပေသည်။
နောက်ထပ် နှစ်ရက်မှာတော့ အတော်လေး အားလပ်နေပြီး ဘာအလုပ်မှ မရှိသဖြင့် ပျင်းရိနေခဲ့၏။
ရွာထဲရှိ ရွာသားများ အားလုံးက မှိုမည်းများ ခူးယူရန် အလုပ်များနေကြသည်။ သူတို့ ရွာက မှိုမည်းများကို အားထား၍ ဝင်ငွေ ရှာဖွေရပြီး နှစ်စဉ် ထွက်ရှိသော မှိုမည်းများကို တစ်နိုင်ငံလုံး အနှံ့သို့ ရောင်းချရကာ အလွန် လူကြိုက်များလှပေသည်။
ဒီနေ့တွင်တော့ ဘေးရွာမှ လူတစ်ယောက် ရောက်လာခဲ့၏။
သိရသလောက် ထိုဘက်ရှိ စပါးများ အားလုံး ရိတ်သိမ်းပြီးသွားပြီဖြစ်ရာ ယခုအခါ လယ်ယာအလုပ်၏ နောက်ဆုံးအဆင့်ဖြစ်သော စပါးနယ်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် စပါးနှံများပေါ်မှ စပါးစေ့များကို ရိုက်ချွေပြီးနောက် စပါးလှန်းသည့် ကွင်းပြင်သို့ သယ်ဆောင်ကာ လှန်းရခြင်း ဖြစ်၏။
ယခုအခါ စပါးသယ်ရန် ကား လိုအပ်နေပြီး တစ်ရက် သယ်ပေးပါက ယွမ် ၄၀၀ ပေးမည် ဖြစ်သည်။
ရွှီယန်၏ လယ်ယာခြံဝင်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဒီဇယ်သုံးဘီး တစ်စီး ရှိနေပြီး ကုန်တင်နိုင်စွမ်းက အတော်လေး ကောင်းမွန်ပေသည်။
စက်ပစ္စည်းကြီးများကို အလွတ်ထားရှိခြင်းက ဖြုန်းတီးရာကျပြီး လူအတော်များများက စက်များ ဝယ်ယူရခြင်းမှာ လယ်ယာအလုပ်များကို ဟိုဟိုဒီဒီ လိုက်လံ သယ်ယူလုပ်ကိုင်ပေးရန် ဖြစ်၏။
ဤသည်မှာလည်း လယ်ယာခြံဝင်း၏ ဝင်ငွေရှာဖွေရေး အစီအစဉ်တစ်ခုပင် ဖြစ်သည်။
အလုပ်ရှိသည်ကို မြင်သောအခါ ရွှီယန်က ချက်ချင်းပင် သဘောတူလိုက်၏။
တစ်ဖက်တွင် လယ်ယာခြံဝင်း၏ ဝင်ငွေတိုးလာစေရန် ငွေရှာချင်၍ ဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ လိုက်ဖ်လွှင့်ရန်အတွက် ဖြစ်သည်။ စပါးလှန်းသည့် ကွင်းပြင်က လိုက်ဖ်လွှင့်ရန် အလွန် တန်ဖိုးရှိသော မြင်ကွင်း ဖြစ်ပေသည်။
စပါးများက တောင်ကြီးများကဲ့သို့ စုပုံနေပြီး လူများက စပါးပုံများပေါ်သို့ တိုက်ရိုက် တက်နင်းသွား၍ ရပေသည်။
ဤနေရာကို ယခုအခါ ဘာကြောင့် 'ပေ့တချန်း' ဟု ခေါ်ဆိုကြပြီး တစ်နိုင်ငံလုံး၏ စပါးကျီကြီး ဖြစ်နေရသလဲ ဆိုတာကို အင်တာနက်သုံးစွဲသူများကို မြင်တွေ့စေချင်၍ ဖြစ်၏။
တရုတ်နိုင်ငံတွင် လူဦးရေ မည်မျှ ရှိသနည်း ဆိုတာကို စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံ၏ စပါးကျီကြီး အဖြစ် တည်ရှိနိုင်ရန်အတွက် စပါး မည်မျှ ရှိရမည်နည်း။
ဤသည်မှာ သူတို့ ဒေသရှိ စပါးလှန်းသည့် ကွင်းပြင် တစ်ခုတည်းသာ ရှိသေးသည်။
အကယ်၍ မြေမည်း ဒေသဘက်သို့ သွားမည်ဆိုပါက စပါးလှန်းသည့် ကွင်းပြင်များက ပို၍ပင် ကြီးကျယ်ခမ်းနားလှပေသည်။
ထို့ကြောင့် ရွှီယန်က လိုက်ဖ်လွှင့်မည့် အကြောင်းကို ကြိုတင် အသိပေးလိုက်ပြီး စပါးနယ်မည့်နေ့တွင် စပါးသွားသယ်ပေးရန်လည်း သဘောတူလိုက်၏။
အလုပ်ရှိပါက လက်ခံလိုက်ခြင်းသာ ဖြစ်သည်။ အားနေမည့်အတူတူ အလုပ်လုပ်ရသည်က ပိုကောင်းသည် မဟုတ်ပါလား။
ဆင်တူသော အလုပ်များက နောက်ပိုင်းတွင်လည်း ရှိနေမည် ဖြစ်သည်။ ဥပမာ နောက်နှစ် နွေဦးပေါက်ပါက လူအတော်များများ လယ်ထွန်ကြမည်ဖြစ်ရာ သူ၏ ထွန်စက်ကိုလည်း သေချာပေါက် ငှားရမ်းကြမည်သာ ဖြစ်၏။
အရာအားလုံးက ဤသို့ပင် ဖြစ်သည်။
အင်တာနက်သုံးစွဲသူများက ရွှီယန်၏ ကြိုတင်အသိပေး ဗီဒီယိုကို မြင်သောအခါ အလွန် မျှော်လင့်နေကြတော့၏။
နောက်ထပ် တစ်ရက် ကုန်လွန်သွားသောအခါ ရွှီယန်က သူ၏ ဒီဇယ်သုံးဘီးကို မောင်းနှင်ကာ ဘေးရွာရှိ စပါးနယ်မည့် နေရာသို့ တောက်လျှောက် ထွက်လာခဲ့ပြီး စပါးသယ်ရန် ကူညီပေးခဲ့သည်။
သူက အပြည့်အစုံ ဝတ်ဆင်ထားပြီး အနည်းငယ် ဟောင်းနွမ်းနေသော စစ်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဦးထုပ်တစ်လုံးနှင့် နှာခေါင်းစည်းကိုလည်း တပ်ဆင်ထား၏။
စပါးနယ်သည့် နေရာတွင် ဖုန်နှင့် အမှိုက်များ အလွန် များပြားသဖြင့် နှာခေါင်းစည်း တပ်ဆင်ထားရခြင်း ဖြစ်သည်။
ဤနေရာသို့ ရောက်ရှိလာသောအခါ ရွှီယန်က လိုက်ဖ်ကို ဖွင့်လိုက်သည်။
ဘေးတွင်လည်း ထိုရွာမှ မိန်းကလေး နှစ်ယောက်က ဗီဒီယို ရိုက်ကူးနေကြ၏။
ယခုအခါ ဤဘက်တွင် ဗီဒီယိုတိုများ ရိုက်ကူးခြင်းက အဆန်းတကြယ် မဟုတ်တော့ချေ။ သာမန် ပြည်သူများက လယ်ယာဘဝ နေ့စဉ်လှုပ်ရှားမှုများကို မျှဝေကာ အင်တာနက်သုံးစွဲသူများနှင့် စကားစမြည် ပြောဆိုကြခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
ဤသည်မှာ သူတို့ နှစ်သက်သဘောကျသော ကိစ္စရပ်များပင် ဖြစ်၏။
အကယ်၍ နာမည်ကြီးသွားပြီး ကြော်ငြာများ လက်ခံကာ ငွေအနည်းငယ် ရှာနိုင်မည်ဆိုပါက ပို၍ပင် အချိန်အတော်ကြာအောင် ပျော်ရွှင်နေရမည် ဖြစ်သည်။
လိုက်ဖ် ဖွင့်လိုက်သည်နှင့် အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာကြတော့၏။
'အစ်ကိုယန်... ကျွန်တော် ရောက်လာပြီဗျို့'
'လောင်ရွှီ မင်း ဘာတွေ လုပ်နေပြန်ပြီလဲ'
'ဒါက ဘယ်နေရာလဲ... တောင်ကြီးလို စုပုံနေတာက ဘာကြီးလဲ'
'လူတွေ အများကြီးပဲနော်'
လိုက်ဖ် မြင်ကွင်းထဲတွင် ကျယ်ဝန်းသော မြေကွက်လပ်ကြီး တစ်ခုပေါ်၌ ငါးမီတာ ခြောက်မီတာခန့် မြင့်သော ဧရာမ စပါးပုံကြီးများ အစီအရီ စုပုံနေသည်ကို မြင်တွေ့ရ၏။
ကွင်းပြင်ထဲတွင် လူနှစ်ဆယ်ခန့် အလုပ်ရှုပ်နေကြသည်။
စစ်စိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို သုံးလေးယောက်က လက်ထဲတွင် ဂွတူများ ကိုင်ဆောင်ကာ စပါးပုံကြီးများပေါ်တွင် တက်နင်း၍ အပေါ်မှနေ၍ စပါးများကို ဖြည်းဖြည်းချင်း အောက်သို့ ကော်ချနေသည်ကို မြင်တွေ့ရ၏။
အောက်မှ လူများက စပါးများကို ဖမ်းယူကာ စက်တစ်လုံး၏ အဝင်ပေါက်သို့ သယ်ဆောင်သွားကြသည်။
ဘီးကြိုး အရှေ့သို့ ရွေ့လျားသွားသည်နှင့်အတူ စပါးများက စက်ထဲသို့ ဝင်ရောက်သွားပြီး စပါးစေ့များက တစ်ဖက်ရှိ အပေါက်မှ စီးကျလာရာ လူတစ်ယောက်က ဂုန်နီအိတ်ဖြင့် ခံယူနေ၏။
အခြား လူအနည်းငယ်ကတော့ အလွတ်ဖြစ်သွားသော စပါးရိုးများကို တစ်ဖက်သို့ သွားရောက် စီရီနေကြသည်။
ထိုအလွတ်ဖြစ်သွားသော စပါးရိုးများကိုလည်း မြက်ခြောက်အဖြစ် ထင်းဆိုက်၍ ရပေသည်။
အားလုံးက အလုပ်ရှုပ်ပြီး ရှုပ်ယှက်ခတ်နေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန် စည်းကမ်းတကျ ရှိလှပေသည်။
မည်သူက မည်သည့်အလုပ် လုပ်ရမည်ကို ရှင်းရှင်းလင်းလင်း သိရှိထားကြ၏။
စပါးနယ်ခြင်း ဆိုသည်မှာ တကယ်တော့ အလွန် ရိုးရှင်းလှပေသည်။ စပါးနှံများထဲမှ စပါးစေ့များကို ရိုက်ချွေပြီးနောက် ဂုန်နီအိတ် တစ်လုံးပြီး တစ်လုံးထဲသို့ အပြည့်အမောက် ထည့်သွင်းရခြင်း ဖြစ်၏။
ထို့နောက် ထိုဂုန်နီအိတ်များကို စပါးလှန်းသည့် ကွင်းပြင်သို့ သယ်ဆောင်ကာ လှန်းရမည် ဖြစ်သည်။
အချို့သော လယ်သမားများက မိမိတို့၏ လယ်မြေကို ကိုယ်တိုင် စပါးနယ်ကြပြီး မိမိတို့၏ ခြံဝင်းထဲတွင်သာ စပါးလှန်းလေ့ ရှိကြ၏။
စပါးနှင့် ပြောင်းဖူးများ အားလုံးကို နေလှန်းရန် လိုအပ်ပြီး နေရာတိုင်းတွင် ဤသို့ပင် ဖြစ်သည်။ အချို့နေရာများရှိ လယ်သမားများက စပါးများများ လှန်းနိုင်ရန်အတွက် ရွာလမ်းမများပေါ်တွင် နေရာယူ၍ လှန်းလေ့ ရှိကြပေသည်။
ဤကဲ့သို့သော အပြုအမူများကလည်း အငြင်းပွားဖွယ်ရာများကို ဖြစ်ပေါ်စေတတ်၏။
ဤဘက်တွင် စပါးလှန်းသည့် ကွင်းပြင် ရှိသော်လည်း စပါးများ အလွန် များပြားလွန်းသဖြင့် ကွင်းပြင် မလုံလောက်သောကြောင့် လူအနည်းငယ်က လမ်းပေါ်တွင် စပါးလှန်းကြခြင်း ဖြစ်သည်။
လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တကယ် မမြင်ဖူးကြချေ။
'ဒါ ဘာလုပ်နေကြတာလဲ... အရမ်း စည်ကားနေတာပဲ'
'၉၀ ပြည့်လွန်နှစ်တွေကို ပြန်ရောက်သွားသလို ခံစားရတယ်'
'ငယ်ဘဝ အမှတ်တရတွေပေါ့... အခုတော့ မမြင်ရတော့ဘူးလေ'
'တက်တက်ကြွကြွနဲ့ ထုတ်လုပ်ရေး လုပ်နေကြတာ... တကယ် မဆိုးဘူး'
ရွှီယန်က သယ်ယူပို့ဆောင်ရေး ကားသမား အနေဖြင့် အလုပ်လုပ်ရန် မလိုသဖြင့် ဘေးတွင်သာ စောင့်ဆိုင်းနေလိုက်သည်။
သူက မိုက်ကရိုဖုန်းကို ဖွင့်ကာ ရှင်းပြလိုက်၏။
"ဒါကတော့ ကျွန်တော်တို့ဆီက စပါးနယ်တဲ့ ပုံစံပါပဲ... စပါးတွေကို ဂုန်နီအိတ်ထဲ ထည့်ပြီး အပြင်ထုတ်လှန်းဖို့ ပြင်ဆင်နေကြတာ..."
"ကျွန်တော်တို့ဘက်မှာ ဆောင်းဦးရာသီက အရမ်း ခြောက်သွေ့တယ်... ဒီလိုပြောရရင် စပါးတွေ ထွက်လာပြီဆိုတာနဲ့ နေရောင်ခြည် ရက်အနည်းငယ်လောက် ရလိုက်ရင် အခြေခံအားဖြင့် ခြောက်သွားပြီလေ..."
"ဒီနယ်ထားတဲ့ စပါးတွေကို အားလုံးလည်း မြင်တဲ့အတိုင်းပဲ အကုန်လုံး ခြောက်သွေ့ဝါရောင်သန်းနေတာချည်းပဲ..."
"ဒါပေမဲ့ စပါးတွေကို နေလှန်းဖို့တော့ လိုသေးတယ်... အထဲမှာ ရေဓာတ် ကျန်နေလို့ အပင်ပေါက်သွားရင် အလကား ဖြစ်သွားမှာလေ..."
"ဒီရက်ပိုင်းက နေသာတဲ့ ရက်တွေချည်းပဲ ဆိုတော့ အားလုံးက ဒီအချိန်ကို အမိအရ ယူပြီး စပါးတွေကို အပြင်ထုတ်လှန်းကြတာ..."
"နေလှန်းပြီးသွားရင် ဈေးကောင်းကောင်းနဲ့ ရောင်းလို့ ရပြီပေါ့"
ရွှီယန်က စပါးနယ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောပြနေ၏။
ထူထဲလေးလံသော စပါးအိတ်များ တစ်အိတ်ပြီး တစ်အိတ် ထည့်သွင်းကာ ဘေးတွင် စီရီထားသည်ကို မြင်တွေ့နေရသည်။
လူအချို့က ရွှီယန်၏ ကား ရောက်လာသည်ကို မြင်သောအခါ လူနှစ်ယောက် သုံးယောက်ခန့်ကို စုစည်းကာ ဂုန်နီအိတ်များကို ဒီဇယ်သုံးဘီးပေါ်သို့ စတင် တင်ဆောင်ကြတော့၏။
ဂုန်နီအိတ်တိုင်းမှာ စပါးများ အပြည့်အမောက် ပါဝင်နေသဖြင့် အလွန် လေးလံလှပေသည်။
ကံကောင်းထောက်မစွာဖြင့် ကား၏ ကုန်တင်နိုင်စွမ်းက အတော်လေး ကောင်းမွန်နေသေး၏။
တကယ်တော့ ဤကဲ့သို့သော ကိစ္စမျိုးတွင် ထွန်စက်ဖြင့် နောက်တွဲယာဉ်ကို ဆွဲပါက ပို၍ ကောင်းမွန်ပေသည်။ ထွန်စက်က မြင်းကောင်ရေ အားကောင်းသဖြင့် နောက်တွဲယာဉ်ကို ဆွဲကာ စပါးများကို အလွယ်တကူ သယ်ဆောင်နိုင်သောကြောင့် ဖြစ်၏။
သို့သော် သုံးဘီးဖြင့်လည်း ပြဿနာ သိပ်မကြီးလှပေ။
စပါးအိတ်များ တစ်အိတ်ပြီး တစ်အိတ် တင်ဆောင်လာရာ ရွှီယန်လည်း တစ်ခါတစ်ရံ ဝင်ရောက် ကူညီပေးလိုက်သည်။
ရိုးရာခွေး အနည်းငယ်က ဘေးပတ်ဝန်းကျင်တွင် ပြေးလွှားနေကြပြီး ဤရွာထဲမှ လူများ မွေးမြူထားသော ခွေးများ ဖြစ်ပုံရ၏။
၎င်းတို့က စပါးနယ်သည့် စည်ကားမှုကို လာရောက် ကြည့်ရှုနေကြခြင်း ဖြစ်သည်။
တကယ်တမ်းတော့ အသားဟင်း အနံ့များကြောင့် ဆွဲဆောင်ခံလိုက်ရခြင်းသာ ဖြစ်၏။
စပါးနယ်ပြီးသွားပါက ထမင်းစားပွဲကြီး ကျင်းပမည် ဖြစ်သည်။
ယခုအခါ မီးဖိုချောင်ဘက်တွင် အမျိုးသမီး အချို့က ထမင်းဟင်း ချက်ပြုတ်ရန် အလုပ်ရှုပ်နေကြပြီး သံဒယ်အိုးကြီးများကို အသုံးပြုကာ အသားဟင်းအိုးကြီး တစ်အိုးကို ချက်ပြုတ်နေကြ၏။
ထို့အပြင် အရသာရှိသော ဘဲပေါင်၊ ကြက်ပေါင်၊ အသားကြော်၊ အသုပ်စုံ စသည်တို့လည်း ပါဝင်ပေသည်။
ယနေ့သည် ထုတ်လုပ်ရေး အလုပ်များ လုပ်ကိုင်ရသော နေ့တစ်နေ့ ဖြစ်၏။
အလုပ်လုပ်သူများက အလွန် ပင်ပန်းကြမည်ဖြစ်ရာ အစားအသောက်လည်း များများ စားရမည် ဖြစ်သည်။
ထမင်းဟင်းများ သေချာ ချက်ပြုတ်ထားမှသာ အားလုံးက ပို၍ အလုပ်လုပ်ချင်စိတ် ရှိကြမည် ဖြစ်၏။
ဤဘက်ရှိ ရွာများက ထိုမျှလောက် မဖွံ့ဖြိုးသေးသဖြင့် ၉၀ ပြည့်လွန်နှစ်များ၏ အလေ့အထများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ပေ့တဟွမ်း ဘက်တွင်တော့ စက်ယန္တရားများကိုသာ အပြည့်အဝ အသုံးပြုကြပြီး စက်ကြီးများဖြင့် ရိတ်သိမ်းချိန်တွင် တစ်ခါတည်း စပါးနယ်ပြီးသား ဖြစ်သွားကြပေသည်။
ဤကဲ့သို့သော ခေတ်နောက်ကျသည့် စပါးနယ်စက်များကို အသုံးမပြုကြတော့ချေ။
သို့သော် ထိုသို့ဖြစ်သောကြောင့်သာ ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ရှားပါးသော ခေတ်ကာလဟောင်း၏ ခံစားချက်မျိုးကို ရရှိစေခြင်း ဖြစ်၏။
သိပ်မကြာခင်မှာပင် ရွှီယန်၏ ကားပေါ်တွင် ဂုန်နီအိတ်များ အပြည့် တင်ဆောင်ပြီးသွားတော့သည်။
လူလတ်ပိုင်း အမျိုးသား နှစ်ယောက်က ကားပေါ်သို့ တက်လာပြီး ဂုန်နီအိတ်များပေါ်တွင် တိုက်ရိုက် ထိုင်ကာ အနားယူလိုက်ကြ၏။
သူတို့က စပါးလှန်းသည့် ကွင်းပြင်ဘက်သို့ လိုက်ပါသွားရမည်ဖြစ်ပြီး ကုန်ချရန်နှင့် စပါးများ ဖြန့်ခင်းရန် တာဝန်ယူရမည် ဖြစ်သည်။
မိသားစု အတော်များများ၏ စပါးများကို အတူတကွ ပေါင်းစပ်ထားခြင်း ဖြစ်၏။
ရွှီယန်က ယာဉ်မောင်းခုံတွင် ထိုင်ကာ ကားကို စက်နှိုးလိုက်သည်။
“ဒေါက်... ဒေါက်... ဒေါက်... ဒေါက်ဒေါက်ဒေါက်ဒေါက်…”
ဒီဇယ်သုံးဘီးက လှုပ်ခါသွားပြီး အင်ဂျင်က အရှိန်ပြင်းစွာ စတင် လည်ပတ်တော့၏။
ထို့နောက် ရွှီယန်က လီဗာကို ဖွဖွလေး နင်းလိုက်ပြီး တဖြည်းဖြည်း အားစိုက်နင်းလိုက်သည်။
သုံးဘီးက ကားတစ်စီးစာ စပါးများကို တင်ဆောင်ကာ အရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့၏။
မောင်းနှင်သည့် အမြန်နှုန်းက အလွန် နှေးကွေးသဖြင့် ဒရုန်းက လုံးဝ လိုက်မီနိုင်ရာ လိုက်ဖ်လွှင့်ခြင်းကလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
အင်တာနက်သုံးစွဲသူများက သုံးဘီး၏ ခရီးစဉ်နှင့်အတူ လိုက်ပါသွားကြပြီး သူတို့၏ အကြည့်များကလည်း အရှေ့ဘက် အဝေးသို့ ရောက်ရှိသွားကြတော့၏။