အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) ဒရယ်ပြောက်လေး တစ်ကောင် မွေးထားတယ်
မြင်းနက်သည် ခွေးမည်းလေး ရှောင်ဟေး၏ အပြုအမူများကို စတင်အတုခိုးနေပြီဖြစ်ကြောင်း ရွှီယန် သတိထားမိလိုက်သည်။
ဤအချက်မှာ အတော်လေး ထူးဆန်းလှပေသည်။ လယ်ယာခြံဝင်းအတွင်း လွှတ်ကျောင်းထားသော အိမ်မွေးတိရစ္ဆာန် အတော်များများမှာ ခွေးများ၏ အပြုအမူများကို အတုခိုးတတ်ကြ၏။ ဥပမာအားဖြင့် ဆိတ်များနှင့် ဒရယ်ပြောက်များပင် ဖြစ်သည်။
ယခင်က လယ်ယာခြံဝင်းတစ်ခုတွင် ဆိတ်ပေါက်လေးများနှင့် ဒရယ်ပြောက်လေးများကို ခွေးများနှင့် အတူရောနှော မွေးမြူထားခဲ့ရာ ၎င်းတို့၏ အပြုအမူများက ခွေးများနှင့် ဆင်တူသွားသည်ကို တွေ့ရဖူးသည်။ သို့သော် မြင်းက ခွေးကို အတုခိုးသည်ကိုတော့ ရွှီယန် ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
သို့သော်လည်း မြင်းများမှာ အလွန် ဉာဏ်ကောင်းသော တိရစ္ဆာန်များဖြစ်ကြပြီး ၎င်းတို့က အကျိုးရှိမည့် အရာများကိုသာ အတုခိုးလေ့ရှိကြ၏။ ဥပမာ ရေသောက်သည့် ကိစ္စမျိုး ဖြစ်သည်။
လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် ရေပိုက်ခေါင်းတစ်ခု ရှိပြီး ပုံမှန်အားဖြင့် ရေခံရန်၊ အပင်ရေလောင်းရန် သို့မဟုတ် လက်ဆေးရန် စသည်တို့အတွက် အသုံးပြုလေ့ရှိသည်။ ထိုရေပိုက်ခေါင်း၏ အမြင့်မှာ တစ်မီတာခန့် ရှိ၏။
ရှောင်ဟေးက ထိုရေပိုက်ခေါင်း ဖွင့်နည်းကို မည်သို့ တတ်မြောက်သွားမှန်း မသိရသော်လည်း ရေဆာလာပါက သူ့ဘာသာ ရေပိုက်ခေါင်းဆီသို့ ပြေးသွားကာ မတ်တတ်ရပ်၍ ရှေ့လက်ဖြင့် ရေပိုက်ခေါင်းကို လှည့်ဖွင့်တတ်နေပြီ ဖြစ်သည်။ ထို့နောက် ခေါင်းကိုစောင်းကာ စီးကျလာသော ရေများကို သောက်လေ့ရှိ၏။
၎င်း ထိုသို့ ပြုလုပ်သည်က ထားတော့။ မြင်းနက်ကပါ အတုခိုးကာ ရေပိုက်ခေါင်း ဖွင့်နည်းကို တတ်မြောက်သွားပြီး ခန္ဓာကိုယ်ကို နှိမ့်ကာ ခေါင်းကိုစောင်း၍ ရေသောက်တတ်နေပြီ ဖြစ်သည်။ မြင်းများ ဤကဲ့သို့ ရေသောက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်က သူတို့ကို ဆူပူလိုက်သေးသည်။
"မင်းတို့က ရေပိုက်ခေါင်းကို ဖွင့်တော့ ဖွင့်တတ်ပြီး ပိတ်ဖို့ကျတော့ မသိဘူးလား... ရေချွေတာရမယ် ဆိုတာကို နားမလည်ဘူးလား"
ရှောင်ဟေးနှင့် မြင်းနက်တို့က ရွှီယန်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။ ဤသို့ အကြိမ်အနည်းငယ်မျှ ဆူပူလိုက်ပြီးနောက်တွင်တော့ သူတို့လည်း အနည်းငယ် ငြိမ်ကျသွားကြတော့သည်။
ပုံမှန်အားဖြင့် လယ်ယာခြံဝင်းမှာလည်း အတော်လေး စည်ကားလှပေသည်။ မွေးမြူထားသော တိရစ္ဆာန်များ အားလုံးက ရွှီယန်၏ အနားတွင်သာ ဝိုင်းရံနေတတ်ကြ၏။ ခွေးနှစ်ကောင်၊ မြင်းနက်တစ်ကောင်နှင့် တစ်ခါတစ်ရံ ရောက်လာတတ်သော မြေခွေး သုံးကောင်။ ဤအရေအတွက်က နည်းပါးနေသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ရွှီယန်က ဆိတ်ပေါက်လေး တစ်ကောင် သို့မဟုတ် ဒရယ်ပြောက်လေး တစ်ကောင်ခန့် မွေးမြူရန် စဉ်းစားနေခဲ့သည်။ ယခင်က မွေးမြူရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရနေသော တောရိုင်း ဒရယ်ပြောက်နှင့် ၎င်း၏ မိသားစုကို တွေ့ရှိခဲ့ရသဖြင့် ယာယီ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်၏။
ထိုအကောင်များ ယခုတလော ဘယ်ရောက်သွားမှန်း မသိရဘဲ ဤဘက်သို့လည်း ရောက်မလာကြတော့ချေ။ ရွှီယန်မှာ ဒရယ်ပြောက်များကို ပွတ်သပ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသဖြင့် ကိုယ်တိုင် သွားရောက် ဝယ်ယူမှသာ ရတော့မည် ဖြစ်သည်။
ယခုအခါ လယ်ယာခြံဝင်းများတွင် ဒရယ်ပြောက် မွေးမြူရန်မှာ အလွန် လွယ်ကူနေပြီ ဖြစ်သည်။ လယ်ယာခြံဝင်းများသာမက ခြံဝင်းရှိသော တောင်သူများ အားလုံးလည်း မွေးမြူနိုင်ကြပြီ ဖြစ်၏။ ခွင့်ပြုချက် လက်မှတ်လေး တစ်ခု ပြုလုပ်ရန်သာ လိုအပ်ပေသည်။
အားလပ်နေသဖြင့် ရွှီယန်က ဒရယ်ပြောက် သွားရောက် ဝယ်ယူရန် ဒရယ်မွေးမြူရေးခြံသို့ ထွက်လာခဲ့သည်။
ယခုတလော ဤဘက်တွင် အယ်လ်ဘီနို ဖြစ်နေသော မျိုးဗီဇပြောင်း ဒရယ်ပြောက်လေး တစ်ကောင် ထွက်ပေါ်လာကြောင်း ကြားသိရ၏။ တစ်ကိုယ်လုံးရှိ အမွေးများက နှင်းကဲ့သို့ ဖြူဖွေးနေပြီး အလွန် လှပလှပေသည်။ ငယ်ရွယ်စဉ်က သိပ်မသိသာသော်လည်း ကြီးပြင်းလာပါက နတ်ဘုရား တိရစ္ဆာန်လေး တစ်ကောင်နှင့် ဆင်တူလာမည် ဖြစ်သည်။
ဤကဲ့သို့သော ဒရယ်ပြောက်မျိုး ထွက်ပေါ်လာရန် ဖြစ်နိုင်ခြေက အလွန် နည်းပါးလှ၏။ အဖြူနှင့် အမည်း ရောယှက်နေသော တိရစ္ဆာန်များက ကြည့်ကောင်းသကဲ့သို့ အနက်ရောင် သီးသန့် သို့မဟုတ် အဖြူရောင် သီးသန့် တိရစ္ဆာန်များကလည်း အလွန် ကြည့်ကောင်းကြပေသည်။
မျိုးဗီဇ ပြောင်းလဲမှုကြောင့် အဖြူရောင် ဖြစ်သွားသော တိရစ္ဆာန်များက မူလ မျိုးစိတ်များထက် ပို၍ လူကြိုက်များတတ်ကြသည်။ ဥပမာအားဖြင့် ကျားဖြူ၊ ခြင်္သေ့ဖြူ၊ ဒရယ်ပြောက်ဖြူ၊ မိကျောင်းဖြူ၊ ဒေါင်းဖြူ၊ သစ်ကုလားအုတ်ဖြူ စသည်တို့ ဖြစ်ကြ၏။ အထူးသဖြင့် တောရိုင်း အဖြူရောင် မျိုးစိတ်များဆိုလျှင် တစ်ကောင်ခန့် တွေ့မြင်ရခြင်းကပင် အံ့ဖွယ်တစ်ခုကဲ့သို့ ဖြစ်နေပြီး တကယ်ကို လှပလွန်းလှပေသည်။
ထို့အပြင် တခြား တိရစ္ဆာန်များက မျိုးဗီဇပြောင်းလျှင် အဖြူရောင် ဖြစ်သွားတတ်သော်လည်း တစ်ကောင်ကတော့ အမည်းရောင် သီးသန့် ဖြစ်သွားတတ်သည့် ထူးဆန်းသော တိရစ္ဆာန် တစ်မျိုး ရှိသေး၏။ ၎င်းမှာ ကျားသစ်ပင် ဖြစ်သည်။ ကျားသစ်မည်း ဆိုသည်မှာ ကျားသစ်ပင် ဖြစ်ပြီး မျိုးဗီဇပြောင်းသွားသော ကျားသစ်တစ်မျိုးသာ ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ ကျားသစ်၏ ဤကဲ့သို့ မျိုးဗီဇပြောင်းလဲမှုက အတော်လေး ထူးဆန်းလှ၏။ ဤတိရစ္ဆာန်များ အားလုံးက ရှားပါးသော အိမ်မွေးတိရစ္ဆာန် အဆင့်တွင် ပါဝင်ပြီး ကြည့်လိုက်သည်နှင့်ပင် မြင့်မြတ်သော အသွင်အပြင် ရှိကာ မြင်တွေ့ရခဲသော အကောင်များပင် ဖြစ်သည်။
သူက ဒရယ်မွေးမြူရေးခြံသို့ တောက်လျှောက် ရောက်ရှိလာခဲ့သည်။
အရှေ့မြောက်ဒေသတွင် ဒရယ်မွေးမြူရေးခြံများ အလွန် များပြားလှ၏။ ယခုအခါ မွေးမြူထားသော ဒရယ်ပြောက်များက နေရာတိုင်းတွင် ရှိနေပြီး ဤဒေသ၌ အတော်လေး အတွေ့ရများသော တိရစ္ဆာန်များ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဒရယ်ပြောက်လေး တစ်ကောင် ရွေးချယ်ရသည်မှာ ခွေးလေး တစ်ကောင် ရွေးချယ်ရသည်နှင့် ဘာမှ မကွာခြားလှချေ။
ရွှီယန်က မိခင် ဆုံးပါးသွားသော ဒရယ်ပြောက်လေးကို အရင်ဆုံး ရွေးချယ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဒရယ်ပြောက် မိသားစုကို မခွဲခွာရပါက မခွဲခွာစေချင်သောကြောင့် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဒရယ်ပြောက်လေးများ အားလုံးက ဆင်တူကြသည်သာ ဖြစ်သည်။ အကောင်သေးသေးလေးနှင့် ခြေတံလက်တံ သွယ်သွယ်လျလျလေးများ ရှိကာ ကြည့်ရသည်မှာ အလွန် ချစ်စရာကောင်းလှပေသည်။
ရွှီယန်က တကယ်ပင် တစ်ကောင် ရွေးချယ်၍ ရသွားခဲ့သည်။
ဤအကောင်လေးက ခေါင်းသေးသေးလေးနှင့် ကြည့်ရသည်မှာ ကြောက်ရွံ့နေပုံရပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏။ တိရစ္ဆာန်ပေါက်လေးများ အားလုံးက ဤသို့ပင် ဖြစ်ကြသည်။ သေးငယ်စဉ်ကတည်းက သေချာ ဂရုစိုက် ပြုစုပျိုးထောင်ပေး၍ ရနိုင်ပေသည်။ နောက်ပိုင်းတွင် လယ်ယာခြံဝင်း၏ အတိတ်နိမိတ်ဆောင် တိရစ္ဆာန်လေး ဖြစ်လာမည် ဖြစ်၏။
ရွှီယန်က ဤအကြောင်းကို သီးသန့် ဗီဒီယို တစ်ပုဒ်ပင် တင်လိုက်သေးသည်။ သူက ဒရယ်ပြောက်လေးကို ရိုက်ကူးနေရင်း အသံသွင်းလိုက်၏။
"ဒါက ကျွန်တော် အသစ်ဝယ်လာတဲ့ ဒရယ်ပြောက်လေးပါ... သူ့ကို ပန်ပီ လို့ နာမည်ပေးထားတယ်... ဒီအကောင်လေးက မွေးတာ ၁၀ ရက်ပဲ ရှိသေးတာ... သူ့အမေက မွေးရခက်ပြီး သေသွားလို့ မိဘမဲ့လေး ဖြစ်သွားတာ... တခြား ဒရယ်မတွေကလည်း သူများကလေးကို မမွေးကြဘူး... ဒရယ်ပြောက်တွေက ကိုယ့်ကလေးကိုပဲ အသိအမှတ်ပြုတာလေ... ကျွန်တော်လည်း အတော်ပဲ သူ့ကို ဝယ်လိုက်တာ... လယ်ယာခြံဝင်းကို ခေါ်သွားပြီး အချိန်တစ်ခုလောက် မွေးလိုက်မယ်... နောက်ဆိုရင် သူက လယ်ယာခြံဝင်းရဲ့ အတိတ်နိမိတ်ဆောင် တိရစ္ဆာန်လေးပဲ"
ဗီဒီယိုထဲရှိ အကောင်လေးက ရွှီယန်၏ ကင်မရာကို မော့ကြည့်နေပြီး အနားသို့ ကပ်လာကာ အမည်းရောင် နှာခေါင်းလေးဖြင့် ဖွဖွလေး နမ်းကြည့်နေပေသည်။ ဤအကောင်လေးက အရွယ်အစား အလွန် သေးငယ်၏။ လိမ္မော်ရောင် အမွေးများပေါ်တွင် အဖြူရောင် အစက်အပြောက်လေးများ အပြည့်ရှိနေပြီး ကြည့်ရသည်မှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေပုံရသည်။
ဒရယ်ပြောက်များက ငယ်ရွယ်စဉ်တွင် ချစ်စရာကောင်းပြီး ကြီးပြင်းလာပါက ချောမောခန့်ညားကာ ခွန်အားကြီးသော အလှတရားမျိုး ရှိပေသည်။ မွေးမြူထားခြင်းကလည်း မဆိုးလှချေ။
ဤသို့ဖြင့် လယ်ယာခြံဝင်းက နောက်ထပ် အဖွဲ့ဝင်သစ် တစ်ယောက်ကို ကြိုဆိုလိုက်ပြန်သည်။
ဗီဒီယို တင်ပြီးသည်နှင့် အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် Like ပေးကာ ကွန်မန့်များ ရေးသားလာကြ၏။
"အရမ်း ချစ်စရာကောင်းတဲ့ ဒရယ်ပြောက်လေးပဲ... ငါလည်း တစ်ကောင်လောက် မွေးချင်လိုက်တာ"
"လောင်ရွှီ... ငါ့ကို တစ်ကောင်လောက် လက်ဆောင်ပေးလို့ ရမလား... မင်း လိုလိုလားလား ပေးမယ်လို့ မျှော်လင့်တယ်နော်"
"ဘာလို့ မင်းက ဒရယ်ပြောက်တောင် မွေးလို့ ရတာလဲ"
"တကယ် အားကျတာပဲ"
ရွှီယန်က ဒရယ်ပြောက်လေးကို ပွေ့ချီကာ ခြံဝင်းထဲသို့ ဝင်လာသောအခါ ခွေးနှစ်ကောင်နှင့် မြင်းနက်တို့က အနားသို့ ဝိုင်းအုံလာကြသည်။ ရှောင်ဟေးက ဒရယ်ပြောက်လေးကို စပ်စုလိုစိတ်ဖြင့် လိုက်ကြည့်နေပြီး အနားကပ်ကာ အနံ့ပင် ခံကြည့်လိုက်သေး၏။
ဒရယ်ပြောက်လေးက ဘာလုပ်ရမှန်း မသိတော့ဘဲ ရွှီယန်၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်ပုန်းနေတော့သည်။
လယ်ယာခြံဝင်းကို အခုမှ ရောက်လာခြင်းဖြစ်ရာ ကြောက်ရွံ့နေမည်မှာ သေချာလှပေသည်။ တဖြည်းဖြည်းနှင့် အကျွမ်းတဝင် ဖြစ်သွားမည်သာ ဖြစ်၏။ ထို့အပြင် ရှောင်ဟေးက ဖော်ရွေသော ခွေးအမျိုးအစားဖြစ်ပြီး မည်သူနှင့်မဆို တည့်ပေသည်။ ၎င်း ရှိနေသဖြင့် ဒရယ်ပြောက်လေး အထီးကျန်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ရွှီယန်က ထိုင်ချလိုက်ပြီး အကောင်လေးများနှင့် အချိန်ခဏမျှ ဆော့ကစားပေးလိုက်သည်။
တဖြည်းဖြည်းနှင့် ဒရယ်ပြောက်လေးလည်း လယ်ယာခြံဝင်း၏ လုပ်ရိုးလုပ်စဥ် နှင့် အကျွမ်းတဝင် ဖြစ်သွားပြီး သိပ်မကြောက်ရွံ့တော့ချေ။ ရှောင်ဟေး နောက်သို့ပင် အလိုလို လိုက်ပါသွားတတ်လာပေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်လည်း စိတ်အေးသွားပြီး အမြဲတမ်း လိုက်မကြည့်နေတော့ပေ။ ဤတိရစ္ဆာန်များက လွှတ်ကျောင်းထားခြင်းဖြစ်ရာ ခြံဝင်းထဲတွင် နေရာအနှံ့ လျှောက်ဆော့နေကြခြင်း ဖြစ်၏။
တဖြည်းဖြည်းနှင့် ဤအဖွဲ့လေးက ပို၍ပို၍ ကြီးထွားလာမည် ဖြစ်သည်။ နောက်ပိုင်းတွင် တိရစ္ဆာန်များ ပိုများလာမည်မှာ သေချာလှပေသည်။
ဤသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားသောအခါ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်ကလည်း ငါးကြိမ် ပြည့်သွားပြန်သည်။
ရွှီယန်က တောင်ပေါ်တွင် တစ်ပတ်ခန့် လှည့်လည်သွားလာရန် ရည်ရွယ်လိုက်၏။ လီဆန်းကတော့ ပင်ပင်ပန်းပန်းဖြင့် အလုပ်လုပ်နေရဆဲ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ရွှီယန်၏ လယ်ယာခြံဝင်းတွင် လူအင်အား နည်းလွန်းလှပေသည်။ ယခုအခါ နှစ်ယောက်တည်းသာ ရှိ၏။ သူက လယ်ယာခြံဝင်း ပိုင်ရှင်ဖြစ်သော်လည်း မကြာခဏ အပြင်သို့ ရောက်နေတတ်သဖြင့် အလုပ်များ အားလုံးကို လီဆန်း တစ်ယောက်တည်း လုပ်ကိုင်နေရခြင်း ဖြစ်သည်။ ပေးသော လစာက မဆိုးလှဟု ဆိုသော်လည်း နှိုင်းယှဉ်ကြည့်ပါက အလုပ်က အလွန် များပြားနေဆဲပင်။
ထို့ကြောင့် နောက်ပိုင်းတွင် သေချာပေါက် လူထပ်ငှားရဦးမည် ဖြစ်သည်။ သီးနှံများ ရင့်မှည့်၍ ခူးဆွတ်ရမည့် အချိန်ရောက်ပါက နောက်ထပ် တစ်ယောက် နှစ်ယောက်ခန့် ထပ်ငှားရန် ရည်ရွယ်ထား၏။ နောက်နှစ်တွင် လယ်ယာခြံဝင်း ထပ်ချဲ့မည်ဆိုလျှင်လည်း လူမငှား၍ မဖြစ်နိုင်တော့ချေ။
အလုပ်များနေသည့် ကြားမှပင် ရွှီယန်က အချိန်လု၍ တောင်ပေါ်တက်ကာ လိုက်ဖ်လွှင့်ရန် ပြင်ဆင်လိုက်သေးသည်။
ယခုအခါ တောတောင်ရှာဖွေခြင်းက တောင်ထွက်ပစ္စည်းများ ရှာတွေ့ရန်ထက် တောင်ပေါ်တက်ရသည့် အတွေ့အကြုံကို ပို၍ အလေးထားလာခဲ့ပြီ ဖြစ်၏။
ယခင်ကတော့ အခြေအနေ မပေးသဖြင့် မတတ်သာသည့်အဆုံး တောင်ပေါ်တက်၍ ငွေရှာခဲ့ရခြင်း ဖြစ်သည်။ ယွမ် ရာဂဏန်းခန့် ရရှိလျှင်ပင် ပျော်ရွှင်နေခဲ့ရ၏။ ယခုအခါ ငွေသိပ်မလိုတော့သဖြင့် လက်ဗလာဖြင့် ပြန်လာရလျှင်ပင် အတွေ့အကြုံ ကောင်းမွန်ပါက တန်သည်ဟု ခံစားရပေသည်။
စီးပွားရေး အခြေအနေက အပေါ်ယံ အဆောက်အအုံကို ဆုံးဖြတ်ပေးပြီး ငွေများခြင်း နည်းခြင်းက စိတ်နေသဘောထားနှင့် အတွေးအခေါ်ကို ဆုံးဖြတ်ပေးသည် မဟုတ်ပါလား။
ဒရုန်းက သူ၏ နောက်သို့ ဆက်လက် လိုက်ပါလာခဲ့သည်။
ဤတစ်ကြိမ် တောအုပ်က တကယ်ကို ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီ ဖြစ်၏။ သစ်ရွက်ဝါများက အတော်လေး သိသာနေပြီး မြေကြီးပေါ်ရှိ သစ်ရွက်ကြွေများကလည်း ပို၍ပို၍ ထူထဲလာခဲ့သည်။
ရွှီယန် တောင်ပေါ်တက်လာသောအခါ ပထမဆုံး ပြုလုပ်သည့် ကိစ္စမှာ သေချာပေါက် ကျားသစ်ကို သွားရှာခြင်းပင် ဖြစ်သည်။
ကျားသစ်ပေါက်လေးမှာ လောလောဆယ် သူ အနှစ်သက်ဆုံး တိရစ္ဆာန်လေးပင် ဖြစ်၏။ အလွန် ချစ်စရာကောင်းသလို အမြဲတမ်း သနားစရာ ပုံစံလေးနှင့် ဖြစ်သည်။ ဘေးနားတွင် အဖော်ပြုပေးရသည်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
လိုက်ဖ်ထဲတွင် လူအရေအတွက်က အလွန် များပြားနေ၏။
"လောင်ရွှီ... တောင်ပေါ် ထပ်တက်လာပြန်ပြီပေါ့"
"အခုဆို နာမည်ကြီး လိုက်ဖ်လွှင့်သူကြီး ဖြစ်နေပြီ... လူတွေ အများကြီးပဲ"
"တကယ်ကို နာမည်ကြီးတာပဲ"
"မင်းရဲ့ လိုက်ဖ်က အကြည့်ရဆုံးပဲ"
ပရိသတ်များက အသီးသီး ကွန်မန့်များ ရေးသားကာ စကားစမြည် ပြောဆိုနေကြသည်။
"ဒီနေ့ လယ်ယာခြံဝင်းမှာ ဘာအလုပ်မှ မရှိလို့ တောင်ပေါ်ကို လျှောက်သွားကြည့်မလို့... အရင်ဆုံး ကျားသစ်လေး ရှိမရှိ သွားကြည့်မယ်... ရှိရင် သူ့ကို ခေါ်သွားမယ်... ဆောင်းဦးရာသီဆို တောထဲမှာ တိရစ္ဆာန်တွေ အရမ်းများတယ်... အကုန်လုံးက အစာရှာ ထွက်လာကြတာလေ... ဒီရာသီက တောသစ်သီးတွေ အရမ်းများတော့ တိရစ္ဆာန်တွေလည်း လှုပ်ရှားကြတာပေါ့"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
သူက အထဲသို့ တောက်လျှောက် ဝင်သွားခဲ့၏။ တောင်ပေါ်မှ ရှုခင်းများက ခံစား၍ ကောင်းမွန်ပြီး အင်တာနက်သုံးစွဲသူများကလည်း ရှင်းလင်းပြတ်သားသော မြင်ကွင်းများကို ကြည့်ရှုရင်း စိတ်ကြည်နူးနေကြသည်။
ရွှီယန်က ယခင်ကအတိုင်းပင် ဝါးခြင်းတောင်းကို လွယ်ကာ တစ်ယောက်တည်း တောင်ပေါ်တက်လာခဲ့ခြင်း ဖြစ်၏။
ဆောင်းဦးရာသီ၏ နေရောင်က သိပ်မပူပြင်းတော့သဖြင့် ရွှီယန်က ကောက်ရိုးဦးထုပ်ကို မဆောင်းတော့ချေ။ ဤသို့ဆိုလျှင် မြင်ကွင်း ပိုကျယ်ပြီး လှုပ်ရှားရသည်မှာလည်း ပိုမို လွယ်ကူမည် ဖြစ်သည်။
သို့သော် ယနေ့တွင်တော့ ကျားသစ် မိသားစု ရှိမနေခဲ့ပေ။
ရွှီယန်က ခဏမျှ ရှာဖွေကြည့်သော်လည်း မတွေ့ရသဖြင့် အမဲလိုက် ထွက်သွားကြခြင်း ဖြစ်မည်ဟု တွေးလိုက်၏။ ယခင်က မိခင်ကျားသစ်က အမဲလိုက်ရာတွင် ကျားသစ်ပေါက်လေးကို အန္တရာယ်ရှိမည် စိုးသဖြင့် ခေါ်ဆောင်မသွားခဲ့ချေ။
ယခုအခါ ကျားသစ်ပေါက်လေးက အမဲလိုက် သင်ယူရမည့် အရွယ်သို့ ရောက်ရှိလာပြီဖြစ်ရာ မိခင်ကျားသစ်က ၎င်းကို ခေါ်ဆောင်သွားပြီး စံနမူနာ ပြသပေးခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာလည်း မိခင်ကျားသစ်ကို အလွန် စိတ်ညစ်စေမည့် တာဝန်တစ်ခု ဖြစ်နေသည်မှာ အသိသာကြီးပင်။
ဤအချိန် အဝေးတစ်နေရာတွင် ကျားသစ်ပေါက်လေးက ဘာမှ မလုပ်ဘဲ အကုန်လုံးကို ထိုင်ကြည့်နေရုံသာ ဖြစ်၏။ ကိုယ်တိုင် လုပ်ဆောင်ချင်သည့် စိတ်ကူး အနည်းငယ်မျှပင် မရှိချေ။
မိခင်ကျားသစ်က တောကြက် တစ်ကောင်ကို ကိုက်ချီလာတော့မှသာ ကျားသစ်ပေါက်လေးက ချက်ချင်း ပြေးသွားကာ အချောင်ဝင်စားတော့သည်။ မိခင်ကျားသစ်က တောကြက်ကို ချထားပေးပြီး ၎င်းကိုပင် အရင် စားခိုင်းလိုက်သေး၏။
တကယ်ကို စိတ်မချမ်းသာရသော ကလေးပင် ဖြစ်သည်။
ရွှီယန်က ကျားသစ်ကို မတွေ့ရသဖြင့် ကိုယ့်ဘာသာကိုယ် တောင်ပေါ်သို့ ဆက်လက် တက်လာခဲ့သည်။ နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေများကို ရတနာရှာဖွေရေး တာဝန်အဖြစ် လဲလှယ်လိုက်ပြီး တာဝန်တစ်ခု လုပ်ကြည့်ရန် ရည်ရွယ်လိုက်၏။
မထင်မှတ်ထားသော အကျိုးအမြတ်များ ရရှိနိုင်သည် မဟုတ်ပါလား။
ထို့နောက် စနစ်၏ အသိပေးချက်က မျက်စိရှေ့တွင် ပေါ်လာတော့သည်။
'ရတနာရှာဖွေရေး တာဝန် ပေါ်ပေါက်လာပါပြီ... အလုပ်များနေသော ရှဉ့်လေး'
'တာဝန် သတ်မှတ်ချက်... ရှဉ့်ကို တောသစ်ကြားသီး အလုံး ၁၀၀ ခွဲပေးရန်'
'တာဝန် ဆုလာဘ်... အခြေခံ စွမ်းရည်... ဆုပ်ကိုင်အား မြှင့်တင်ခြင်း'
အသိပေးချက်ကို မြင်သောအခါ ရွှီယန် ချက်ချင်း ရယ်မောလိုက်မိ၏။
ရှဉ့်ကို သစ်ကြားသီး ခွဲပေးရမည် ဟုတ်လား။
ယခင်ကလည်း ရှဉ့်များ တောသစ်ကြားသီး ကောက်နေသည်ကို တွေ့သောအခါ စေတနာဖြင့် အလုံးအနည်းငယ် ခွဲပေးခဲ့ဖူးသည်။ ယခုအခါ သီးသန့် တာဝန်တစ်ခု ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
တောသစ်ကြားသီး ၁၀၀ ဆိုသည်မှာလည်း မများပြားလှပေ။ ထို့အပြင် တာဝန် ပေးလာသည် ဆိုကတည်းက တာဝန် သတ်မှတ်ထားသော နေရာတွင် တောသစ်ကြားသီးများ အများအပြား ရှိနေမည်မှာ သေချာလှ၏။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ် အသုံးပြု၍ ရှာခိုင်းလိုက်သကဲ့သို့ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ယနေ့ တောင်ထွက်ပစ္စည်း ရှာရမည့် ရည်မှန်းချက်ကိုလည်း အလွယ်တကူ ပြီးမြောက်နိုင်ပြီ ဖြစ်၏။
'တောသစ်ကြားသီး တစ်ခြင်းလောက် ထပ်ကောက်လိုက်ဦးမယ်... ပြီးရင် အိမ်က ဆိုင်မှာ သွားရောင်းမယ်... တောင်ထွက်ပစ္စည်း ဈေးတန်းကို မသွားတော့ဘူး'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ထို့ကြောင့် သူက ဝါးခြင်းတောင်းကို လွယ်ကာ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်၍ တာဝန် သတ်မှတ်ထားသော နေရာဆီသို့ ထွက်လာခဲ့တော့သည်။