အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) ကျေးဇူးဆပ်တတ်တဲ့ အလွန်ချစ်စရာကောင်းတဲ့ ရှဉ့်လေး
ဆောင်းဦးရာသီတွင် တောင်ပေါ်သို့တက်ရသည်မှာ တကယ်ကို သက်သောင့်သက်သာ ရှိလှသည်။
နေရောင်က သိပ်မပူပြင်းတော့ဘဲ အပူချိန်ကလည်း အနေတော်ပင် ဖြစ်၏။
ထို့အပြင် တောင်ပေါ်ရှိ အပူချိန်က အပြင်ဘက်ထက် အနည်းငယ် ပိုအေးသည်။
ဘောင်းဘီရှည်နှင့် လေကာအင်္ကျီကို ဝတ်ဆင်ထားသဖြင့် အထူးပင် အေးမြလတ်ဆတ်နေကြောင်း ခံစားရ၏။
"ဆောင်းဦးရာသီက တကယ် နေလို့ကောင်းပြီး အေးစိမ့်နေတာပဲ... ယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်က ဆောင်းဦးရာသီရဲ့ ခံစားချက်ကို ပိုသဘောကျတယ်"
ရွှီယန်၏ ပေါ့ပါးလွတ်လပ်သော အသံက လိုက်ဖ်ထဲမှ ထွက်ပေါ်လာသည်။
သစ်ရွက်ကြွေများ အလွန်များပြားလှ၏။
ထိုသစ်ရွက်ကြွေများကြားတွင် လမ်းလျှောက်သွားသောအခါ ရှပ်ရှပ် ဟူသော အသံများ ထွက်ပေါ်နေသည်။
တစ်ခါတစ်ရံတွင် တောအုပ်ထဲမှ ဒရယ်ပြောက်များ ပြေးထွက်လာတတ်ပြီး သုံးငါးကောင်ခန့် အုပ်စုလိုက် ခုန်ပေါက်ကာ အဝေးသို့ ပြေးထွက်သွားကြ၏။
ရွှီယန်က ခေါင်းမော့ကြည့်လိုက်ရာ ငှက်များစွာက အသိုက်ဆောက်ရန် အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ဤရာသီတွင် တိရစ္ဆာန်များက ဆောင်းခိုရန် ပြင်ဆင်နေကြပြီ ဖြစ်၏။
ဥပမာအားဖြင့် ဝက်ဝံများဆိုလျှင် အဆီတက်ပြီး ဝဖြိုးလာသည်အထိ အစာစားကြကာ ကျောက်ဂူ သို့မဟုတ် သစ်ခေါင်း တစ်ခုခုကို ရှာဖွေ၍ ဆောင်းခိုတတ်ကြသည်။
တိရစ္ဆာန်ငယ်လေးများကတော့ အစာရေစာများ စုဆောင်းကာ အသိုက်ဆောက်ရန် ပြင်ဆင်ကြ၏။
ဆောင်းရာသီတွင် အသိုက်မရှိသော ငှက်များမှာ အအေးဒဏ်ကြောင့် သေဆုံးသွားနိုင်ပေသည်။
သိပ်မကြာခင်မှာပင် ရွှီယန်သည် သတ်မှတ်ထားသော တာဝန် နေရာသို့ ရောက်ရှိလာခဲ့သည်။
ရှဉ့်ငါးကောင် ခြောက်ကောင်ခန့် မြေကြီးပေါ်တွင် သစ်ကြားသီးများ ကောက်ယူရန် အလုပ်ရှုပ်နေကြသည်ကို အဝေးမှနေ၍ သူ မြင်လိုက်ရ၏။
၎င်းတို့က ဒီအတိုင်း ကောက်ယူသွားခြင်း မဟုတ်ဘဲ သစ်ကြားသီး တစ်လုံးကို ရသည်နှင့် သွားဖြင့် နည်းနည်းချင်းစီ ကိုက်ခွဲကာ အတွင်းမှ အဆန်ကိုသာ ယူဆောင်သွားကြခြင်း ဖြစ်သည်။
ဆောင်းရာသီတွင် မိမိတို့၏ သစ်ခေါင်းထဲ၌ သစ်ကြားသီးများကို ခွဲရန် မလွယ်ကူသဖြင့် ကြိုတင်၍ ပြင်ဆင်ထားကြခြင်း ဖြစ်၏။
သို့သော် တောသစ်ကြားသီးများက သာမန် သစ်ကြားသီးများနှင့် မတူဘဲ အလွန် မာကျောလှပေသည်။
ရှဉ့်များ၏ သွားများက မည်မျှပင် ထက်မြက်စေကာမူ တောသစ်ကြားသီး တစ်လုံးကို ခွဲရန် အချိန်အတော်ကြာ ယူရလေသည်။
"တွေ့ပြီဗျို့... ဒီနေ့ ကံကောင်းတာပဲ"
ရွှီယန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အရှေ့ဘက်သို့ ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။
'လောင်ရွှီ ဘာတွေ တွေ့ပြန်ပြီလဲ'
'ပစ္စည်းကောင်းတွေလား'
အားလုံးက ရှဉ့်များကို မမြင်ရသေးသဖြင့် ချက်ချင်းပင် သိချင်စိတ် ပြင်းပြသွားကြတော့သည်။
"ရှားပါးတဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး... တောသစ်ကြားသီးတွေပါ"
"ဟိုဘက်ကို ကြည့်လိုက်... ရှဉ့်တချို့ အစာစုနေကြတယ်"
"တောသစ်ကြားသီးတွေက အရမ်းမာတော့ ခွဲရတာ မလွယ်ဘူးလေ"
ရွှီယန်က ဒရုန်းကို ထိန်းချုပ်၍ အရှေ့ဘက်သို့ ရိုက်ကူးလိုက်သည်။
သိပ်မကြာခင်မှာပင် အင်တာနက်သုံးစွဲသူများကလည်း တောအုပ်ထဲမှ မြင်ကွင်းကို မြင်တွေ့သွားကြ၏။
ရင့်မှည့်နေသော သစ်ကြားသီးပင် နှစ်ပင်အောက်တွင် သစ်ကြားသီးများ အပြည့်အကျပ် ကြွေကျနေသည်ကို မြင်တွေ့ရသည်။
ရှဉ့်လေး အချို့က သစ်ကြားသီးများအပေါ်တွင် လမ်းလျှောက်နေကြပြီး သစ်ကြားသီး တစ်လုံးစီကို ဖက်ကာ သစ်ကြားသီး ပွင့်ထွက်သွားစေရန် နည်းနည်းချင်းစီ ကိုက်နေကြ၏။
ရှဉ့်များက အတော်လေး ချစ်စရာကောင်းပြီး လူကို ခင်တွယ်တတ်သော တိရစ္ဆာန်မျိုး ဖြစ်ရာ အစာ အကြိမ်အနည်းငယ် ကျွေးရုံဖြင့် လူများနှင့် ရင်းနှီးသွားတတ်ကြသည်။
တစ်ခါတစ်ရံတွင် ရှဉ့်များက လူများအား သစ်စေ့များကို လက်ဆောင်အဖြစ်ပင် လာရောက် ပေးတတ်ကြသေး၏။
လိုက်ဖ်ထဲရှိ ကြည့်ရှုသူများက ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွားကြတော့သည်။
'ဟားဟား... ဒီရှဉ့်လေးတွေ အရမ်း ချစ်ဖို့ကောင်းတာပဲ... အကုန်လုံး သစ်ကြားသီးတွေကို အားကုန်သုံးပြီး ကိုက်နေကြတာ'
'ကြည့်ရတာ တော်တော် ပင်ပန်းမယ့်ပုံပဲ'
'ရှဉ့်... ဒီသစ်ကြားသီးက ဘယ်လိုဖြစ်လို့ ကျောက်တုံးလို မာနေရတာလဲ'
'ဘဝရပ်တည်ရေးအတွက် မလွယ်ဘူးနော်... သွားတွေ ကျွတ်ထွက်ကုန်မှာတောင် မကြောက်ဘူးလား မသိဘူး'
တကယ်တမ်းတွင် ရှဉ့်များ၏ သွားများက အလွန် ခိုင်ခံ့သဖြင့် ပျက်စီးသွားမည်ကို စိုးရိမ်ရန် မလိုပေ။
"ဒီအကောင်လေးတွေက ဆောင်းတွင်းအတွက် အစာတွေ ကြိုစုဖို့ အလုပ်ရှုပ်နေကြတာ... ရှဉ့်တွေက တစ်ကောင်တည်း နေတတ်တဲ့ တိရစ္ဆာန်တွေဖြစ်ပြီး ပစ္စည်းတွေ စုဆောင်းရတာကို သဘောကျကြတယ်"
"သူတို့က များသောအားဖြင့် ကိုယ့်အသိုက်ထဲမှာ သက်သောင့်သက်သာ လှဲအိပ်ပြီး အနားယူတတ်ကြတာ... လိုအပ်တဲ့ အချိန်ရောက်မှသာ အစာရှာထွက်လေ့ရှိတယ်"
"သူတို့ကို အပြင်မှာပဲ အမြဲတွေ့နေရတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ သူတို့က အိမ်တွင်းအောင်းလေးတွေပါ"
"လုံခြုံတဲ့ ကိုယ့်အိမ်လေးထဲမှာ အစာရေစာတွေ အပြည့်အစုံရှိပြီး အိပ်လိုက် စားလိုက် ကစားလိုက် လုပ်နေရတာ တကယ်ကို ဇိမ်ကျတဲ့ ဘဝလေးပေါ့"
ရွှီယန်က ခြေလှမ်းအနည်းငယ် အရှေ့သို့ တိုးသွားကာ တောသစ်ကြားသီးပင်အောက်သို့ ရောက်သွားခဲ့သည်။
ရွှီယန်၏ လှုပ်ရှားသံကို ကြားသောအခါ ရှဉ့်လေးများက ချက်ချင်း ထွက်ပြေးသွားကြ၏။
၎င်းတို့က သတိမထားဘဲ မနေနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သစ်တောထဲရှိ အသားစား တိရစ္ဆာန်များ၏ အမဲလိုက် ပစ်မှတ်များထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက ၎င်းတို့ကို ဖမ်းယူရသည်ကို အထူး နှစ်သက်ကြ၏။
ထို့ကြောင့် အစစအရာရာ သတိထားနေရခြင်း ဖြစ်သည်။
ရွှီယန်က ဝါးခြင်းတောင်းကို ချထားလိုက်ပြီး အနည်းငယ် လေးထောင့်ကျသော ကျောက်တုံး နှစ်တုံးကို ရှာဖွေလိုက်သည်။
သူ လုပ်ရမည့် အလုပ်မှာလည်း အလွန် ရိုးရှင်းလှ၏။ သစ်ကြားသီး တစ်လုံးကို ကျောက်တုံးတစ်တုံးပေါ်တွင် တင်ကာ အခြား ကျောက်တုံးတစ်တုံးဖြင့် ထုခွဲရန်သာ ဖြစ်သည်။
ဤသို့ ထုခွဲလိုက်သည်နှင့် သစ်ကြားသီးများ အက်ကွဲသွားပြီး တစ်ခါတစ်ရံ အပိုင်းအစများပင် လွင့်စင်ထွက်သွားတတ်သည်။
ကွဲသွားသော သစ်ကြားသီးများကို ရွှီယန်က ဘေးသို့ ပစ်ချလိုက်၏။
“ဒေါက်... ဒေါက်ဒေါက်”
သစ်ကြားသီးများ မြက်ခင်းထဲသို့ ကျသွားသည်။
သူက ဤသို့ဖြင့် တစ်လုံးခွဲလိုက် ပစ်ချလိုက်... တစ်လုံးခွဲလိုက် ပစ်ချလိုက် လုပ်နေ၏။
သိပ်မကြာခင်မှာပင် ပတ်ဝန်းကျင်တွင် ကွဲနေသော သစ်ကြားသီးများ အများအပြား ရှိလာတော့သည်။
ရှဉ့်လေး အချို့က သစ်ပင်ပေါ်တွင် ပုန်းအောင်းကာ ဤဘက်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
ဤအကောင်လေးများက မျက်စိရှင်လွန်းလှပြီး သစ်ပင်ပေါ်တွင် လှုပ်ရှားသည့် အမြန်နှုန်းကလည်း နေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည် ရှိနေသကဲ့သို့ အလွန် မြန်ဆန်လှပေသည်။
ရှဉ့်လေးများက ကွဲနေသော သစ်ကြားသီးများကို မြင်သောအခါ စိတ်ထဲတွင် အရမ်းကို လိုချင်သွားကြတော့၏။
ဒါဆိုရင် ဘယ်လောက်တောင် အားစိုက်ရသက်သာသွားလိုက်မလဲ။
ဤအချိန်တွင်တော့ ရွှီယန်၏ လုပ်ရပ်က သူတို့ အမြင်တွင် နတ်ဘုရား တစ်ပါး ဆင်းသက်လာသကဲ့သို့ပင် ဖြစ်နေတော့သည်။
ဒရုန်းက ရှဉ့်လေးများကို ရိုက်ကူးလိုက်ရာ အင်တာနက်သုံးစွဲသူများလည်း ထိုမျက်စိရှင်သော ရှဉ့်လေးများကို မြင်တွေ့လိုက်ရသည်။
ရှဉ့်လေးများ၏ မျက်လုံးသေးသေးလေးများထဲမှ အံ့အားသင့်နေသည့် အမူအရာကို အားလုံးက မြင်တွေ့လိုက်ကြရ၏။
'ဒီရှဉ့်လေးတွေ ကြောင်သွားကြပြီ'
'လောင်ရွှီ ရဲ့ ဒီလုပ်ရပ်က သူတို့ အမြင်မှာတော့ နတ်ဘုရားတွေရဲ့ လုပ်ရပ်နဲ့ အတူတူပဲ'
'ဟားဟား... လူတစ်ယောက်က ငါ့ဘေးနားကို လာပြီး ရွှေတုံးတွေ လာကြဲချနေသလိုမျိုးပဲ'
'ရှဉ့်... ဒီနေရာက ကောင်းကင်ဘုံများလား'
နောက်ဆုံးတွင်တော့ ရှဉ့်လေးတစ်ကောင်က အစားအစာ၏ မြှူဆွယ်မှုကို မခံနိုင်တော့ချေ။
၎င်းက သစ်ပင်ပေါ်မှ အမြန်ဆင်းလာပြီး မြေကြီးပေါ်ရှိ ကွဲနေသော တောသစ်ကြားသီး တစ်လုံးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
၎င်းက ရွှီယန်ကို အကဲခတ်ကာ သတိထား ကြည့်နေ၏။
ရွှီယန်ကတော့ ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ သစ်ကြားသီးများကိုသာ တည်တည်ငြိမ်ငြိမ် ဆက်ခွဲနေသည်။
တစ်လုံးပြီး တစ်လုံးပင်။
ခွဲပြီးသည်နှင့် အပြင်သို့ ပစ်ချလိုက်သည်။
မြေကြီးပေါ်တွင် ကွဲနေသော သစ်ကြားသီးများ အပြည့် ရှိနေ၏။
ရှဉ့်လေးက ရွှီယန် ဘာမှ မတုံ့ပြန်သည်ကို မြင်သောအခါ အရှေ့သို့ ခြေလှမ်း အနည်းငယ် ထပ်တိုးသွားပြီး သစ်ကြားသီး တစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။
၎င်းက ရွှီယန်ကို အကဲခတ်နေဆဲပင် ဖြစ်၏။
ဤအကောင်လေးက ခိုးကြောင်ခိုးဝှက် အငွေ့အသက် အလွန် ပြင်းထန်ပြီး ခိုးကြောင်ခိုးဝှက် လုပ်နေသကဲ့သို့ အမြဲ ခံစားနေရသည်။
၎င်းက အရှေ့လက်နှစ်ဖက်ဖြင့် ကွဲနေသော သစ်ကြားသီးကို ပွေ့ချီလိုက်ပြီး သွားဖြင့် ကိုက်ကာ အပြင်သို့ ဖွဖွလေး ဖဲ့လိုက်ရာ သစ်ကြားသီးက ပွင့်ထွက်သွားတော့၏။
အတွင်းမှ အဆန်များကို ၎င်းက ချက်ချင်း ကလော်ထုတ်လိုက်သည်။
သစ်ကြားသီး တစ်လုံးကို ဤမျှ လွယ်ကူစွာ ဖွင့်နိုင်သည်ကို မြင်သောအခါ ရှဉ့်လေးက ပျော်ရွှင်စွာဖြင့် နောက်ထပ် သစ်ကြားသီး တစ်လုံးကို သွားရှာပြန်သည်။
အခြား ရှဉ့်များကလည်း ဤဘက်ကို စောင့်ကြည့်နေကြ၏။
၎င်း ဘာမှ မဖြစ်သည်ကို မြင်သောအခါ သူတို့လည်း အကုန်လုံး ဆင်းလာကြတော့သည်။
မြင်ကွင်းက ချက်ချင်းပင် ပြန်လည် စည်ကားလာတော့၏။
ရွှီယန် သစ်ကြားသီး တစ်လုံး ပစ်ချလိုက်တိုင်း သူတို့က တစ်လုံး ကောက်ယူသွားသည်ကို မြင်တွေ့ရသည်။
ရှဉ့်များက သစ်ကြားသီး ရှင်းလင်းရေး တပ်ဖွဲ့ထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်၏။
အချို့သော ရှဉ့်များက ပါးစပ်ထဲတွင် သစ်ကြားသီး မဆံ့တော့သဖြင့် မိမိတို့၏ အသိုက်ဆီသို့ ပြန်ပြေးကာ သစ်ကြားသီးများကို သွားရောက် သိမ်းဆည်းကြသည်။
သိပ်မကြာခင်မှာပင် ပြန်ပြေးလာကြပြန်၏။
ရှဉ့်တစ်ကောင်က သတ္တိကောင်းစွာဖြင့် ရွှီယန်၏ ဘေးတွင် ရပ်စောင့်နေသည်။
လက်ကလေးများကို ပွတ်သပ်ကာ ရွှီယန်ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေ၏။
ရွှီယန်က ၎င်း၏ ပုံစံကြောင့် ရယ်ချင်သွားပြီး သစ်ကြားသီး တစ်လုံးကို ခွဲကာ ၎င်းထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။
တောင်ပေါ်တွင် ဤအကောင်လေးများနှင့် အပြန်အလှန် ဆက်သွယ်ရသည်က အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ရှဉ့်လေးများက ချစ်စရာကောင်းပြီး အလွန် ဖျတ်လတ်တက်ကြွကြ၏။
မြေကြီးပေါ်တွင် သစ်ကြားသီးများ အလွန်များပြားသလို သစ်ပင်ပေါ်တွင်လည်း ပို၍ပင် များပြားလှသည်။
ကောက်၍ပင် မကုန်နိုင်ချေ။
ဤရာသီက တောသစ်ကြားသီးများ ရင့်မှည့်သည့် ရာသီဖြစ်ရာ ရွာထဲမှ လူများက မည်သည့် နေရာတွင် တောသစ်ကြားသီးများ ရှိသည်ကို တွေ့ရှိပါက နောက်တစ်နေ့တွင် လူသုံးလေးယောက်ခန့် ခေါ်ကာ တောင်ပေါ်သို့ တောသစ်ကြားသီး လာခူးလေ့ ရှိကြသည်။
မည်သို့ပင်ဖြစ်စေ သစ်ကြားသီးများက များပြားပြီး အလွန် လေးလံသဖြင့် တစ်ယောက်တည်းဆိုလျှင် လုံးဝ သယ်ဆောင်၍ မရနိုင်သောကြောင့် ဖြစ်၏။
လိုက်ဖ်ထဲရှိ ကြည့်ရှုသူများက ဤမြင်ကွင်းကို မြင်တွေ့ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားကြရသည်။
လိုက်ဖ်လွှင့်သူ အချို့ တောထဲတွင် ငါးသွားမျှားသည့်အခါ ဘေးပတ်ဝန်းကျင်တွင် လမ်းဘေးကြောင် အများအပြား ဝိုင်းအုံလာသကဲ့သို့ပင်။
ရွှီယန်၏ လုပ်ရပ်ကလည်း ဆင်တူသော်လည်း သူ့ဘေးတွင် ဝိုင်းအုံနေသည်မှာ ရှဉ့်လေးများ ဖြစ်နေခြင်းသာ ကွာခြား၏။
ထို့အပြင် အစပိုင်းက ရှဉ့် သုံးလေးကောင်သာ ရှိသော်လည်း အခြား ရှဉ့်များက ဘယ်ကနေ သတင်းရသွားမှန်း မသိဘဲ သိပ်မကြာခင်မှာပင် ခုနစ်ကောင် ရှစ်ကောင်ခန့် ဖြစ်လာခဲ့သည်။
အားလုံးက ရွှီယန် သစ်ကြားသီး ခွဲပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
ရွှီယန်က မှတ်ဉာဏ်ကောင်းသဖြင့် အကုန်လုံးကို အညီအမျှ ခွဲဝေပေးနိုင်ခဲ့သည်မှာ တော်သေး၏။
သူက တစ်လုံးခွဲပြီးတိုင်း ဘယ်အကောင် မရသေးဘူးလဲဆိုတာ ကြည့်ပြီး အဲဒီအကောင်ဆီကို ပစ်ပေးလိုက်သည်။
ရှဉ့်လေးတိုင်း သစ်ကြားသီး ရရှိကြောင်း သေချာစေရန် ဖြစ်၏။
'လောင်ရွှီ က သဘောကောင်းတုန်းပဲ'
'အရမ်း ချစ်ဖို့ကောင်းတာပဲ'
'ဒါက လိုက်ဖ်လွှင့်သူကို ငါ အကြိုက်ဆုံး အချက်ပဲ... သူက တကယ်ကို မေတ္တာတရား ရှိတယ်'
'ရှဉ့်လေးတွေတော့ ဝမ်းသာလွန်းလို့ သေတော့မယ်'
အင်တာနက်သုံးစွဲသူများက ရယ်မောရင်း ကွန်မန့်များ ရေးသားနေကြသည်။
မြင်ကွင်းက အလွန် နွေးထွေးလှ၏။
ရွှီယန်က ဘယ်နှစ်လုံး ခွဲပြီးသွားမှန်း မသိတော့ချေ။ တာဝန် ပြီးမြောက်သွားပြီ ဖြစ်သော်လည်း သူက ခဏမျှ ဆက်ခွဲနေလိုက်သေးသည်။
တော်လောက်ပြီဟု ထင်သောအခါမှသာ မတ်တတ်ရပ်ကာ ခါးကို တွန့်လိမ်၍ ကိုယ်လက်လှုပ်ရှား အကြောလျှော့လိုက်သည်။
"တော်လောက်ပြီ... ဒီကောင်လေးတွေ အရမ်း ပင်ပန်းနေတာ မြင်လို့ ကူညီပေးလိုက်တာ"
"ရှဉ့်တွေက ဂေဟစနစ်အတွက် တော်တော် အကျိုးပြုတယ်"
"တစ်ချက်က သူတို့ရဲ့ အပြုအမူတွေက အပင်တော်တော်များများ မျိုးပွားဖို့ ကူညီပေးနိုင်တယ်"
"နောက်တစ်ချက်က အသားစား တိရစ္ဆာန်တွေအတွက် အစားအစာလည်း ဖြစ်ပေးတယ်လေ"
"ဒီလို ကောင်းကောင်း ရှင်သန်နိုင်တာလည်း ကောင်းပါတယ်"
ရွှီယန်က ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။
သူ၏ စကားကြောင့် အင်တာနက်သုံးစွဲသူများ အနည်းငယ် ကြောင်အသွားကြ၏။
'နေပါဦး လောင်ရွှီ ရဲ့... ခုနလေးတင် မင်းကို မေတ္တာတရား ရှိတယ်လို့ ငါတို့ ချီးကျူးနေတာလေ'
'ရှဉ့်... ကျေးဇူးတင်ပါတယ်ကွာ မင်းကမှ အစားအစာ'
'ဟားဟား... လောင်ရွှီ... ဒီလောက်ကြီး ပွင့်လင်းဖို့ လိုလို့လား'
'လုပ်ရပ်ကတော့ မဆိုးပါဘူး... ဒါပေမဲ့ အတွေးကတော့ တော်တော် အန္တရာယ်များတယ်'
ထို့နောက် ရွှီယန်က သူ၏ ဝါးခြင်းတောင်းထဲသို့ သစ်ကြားသီးများ ကောက်ထည့်ရန် အလုပ်ရှုပ်နေတော့သည်။
ဤနေရာတွင် သစ်ကြားသီးများ တကယ်ကို များပြားလွန်းလှ၏။
ဝါးခြင်းတောင်း အပြည့် ကောက်ထည့်ရန် အလွန် လွယ်ကူပေသည်။
ထို့အပြင် ဤအရာက အလွန် လေးလံလှ၏။
ကျောတွင် လွယ်ထားရသည်မှာ ကျောက်တုံးကြီး တစ်တုံးကို ထမ်းထားရသကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်တွင် ရှဉ့်လေးတစ်ကောင်က ရွှီယန်၏ ခြေရင်းသို့ ပြေးလာပြီး လက်ထဲတွင်လည်း သစ်ကြားသီး တစ်လုံးကို ဖက်ထားသည်။
၎င်းက ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရွှီယန်ထံသို့ သစ်ကြားသီးကို ကမ်းပေးလာ၏။
ဤမြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အင်တာနက်သုံးစွဲသူများ အားလုံးက စိတ်ဝင်စားသွားကြတော့သည်။
ရွှီယန်က ၎င်းကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။
"ဘာလဲ... မင်းကို ထပ်ခွဲပေးစေချင်လို့လား... ကောင်းပြီလေ နောက်တစ်ခါ ထပ်ကူညီပေးလိုက်မယ်"
ရွှီယန်က သစ်ကြားသီးကို လှမ်းယူလိုက်ပြီး ကျောက်တုံး နှစ်တုံးဖြင့် သစ်ကြားသီးကို ထုခွဲလိုက်ကာ ၎င်းထံသို့ သစ်ကြားသီးကို ပြန်ကမ်းပေးလိုက်သည်။
သို့သော် ရှဉ့်လေးက ပြန်လည် မြှောက်ကိုင်လိုက်ပြီး ရွှီယန်ထံသို့ သစ်ကြားသီး ပေးချင်သည့် ပုံစံမျိုး ပြသလာမည်ဟု ဘယ်သူ ထင်မည်နည်း။
"ငါ့ကို ပေးတာလား"
ရွှီယန် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ မေးလိုက်သည်။
ရှဉ့်လေးက သူ့ကို ကြည့်နေဆဲပင် ဖြစ်၏။
"အိုကေ... ကျေးဇူးပဲ"
ရွှီယန်က ဤသစ်ကြားသီးကို လှမ်းယူလိုက်သည်။
ရှဉ့်လေးက ကျေနပ်စွာဖြင့် အဝေးသို့ ပြေးထွက်သွားပြီး သိပ်မကြာခင်မှာပင် သစ်ကြားသီး တစ်လုံးကို ဖက်ကာ ထပ်မံ ရောက်လာပြီး လက်လေးများကို အမြင့်သို့ မြှောက်ကာ ရွှီယန်ထံသို့ သစ်ကြားသီး လက်ဆောင်ပေးလာပြန်သည်။
ဤအကောင်လေးက တကယ်ကို ချစ်စရာကောင်းလှ၏။
ရှဉ့်လေးများစွာကို ကူညီပေးခဲ့ရာ ကျေးဇူးဆပ်တတ်သည့် ရှဉ့်လေး တစ်ကောင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရွှီယန် သစ်ကြားသီး ကောက်နေသည်ကို မြင်သောအခါ သူ့သဘောဆန္ဒအလျောက် လာရောက် ကူညီပေးခြင်း ဖြစ်သည်။
ရှဉ့်လေး၏ လုပ်ရပ်ကြောင့် အင်တာနက်သုံးစွဲသူများလည်း အာရုံစိုက်သွားကြပြီး လိုက်ဖ်ထဲတွင် စည်ကားလာတော့၏။
'ဒီအကောင်လေး အရမ်း ချစ်ဖို့ကောင်းတာပဲ'
'ဟားဟား... တကယ်ကို အသည်းယားစရာလေး'
အင်တာနက်သုံးစွဲသူများ အလွန် ပျော်ရွှင်နေကြပေသည်။
ရှဉ့်လေး၏ အကူအညီဖြင့် ရွှီယန်က ဝါးခြင်းတောင်းထဲသို့ တောသစ်ကြားသီးများ ဆက်လက် ကောက်ထည့်လိုက်သည်။
အကောင်လေး ကူညီပေးနိုင်သည်က သိပ်မများသော်လည်း ကြည့်ရသည်မှာ အတော်လေး ချစ်စရာကောင်းလှ၏။
မဆံ့တော့သည်အထိ ကောက်ထည့်ပြီးမှသာ ရွှီယန်က ဝါးခြင်းတောင်းကို လွယ်ကာ တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်တော့သည်။
ယနေ့ တောင်ပေါ်တက်ရသည်မှာ ပေါ့ပါးပြီး အဆင်ပြေချောမွေ့လှပေသည်။
"ဒီနေ့ အကျိုးအမြတ်လည်း မဆိုးပါဘူး... ဒီရာသီက တောင်ထွက်ပစ္စည်းတွေ လုံးဝ မရှားဘူးလေ"
"ဝင်လာလိုက်တာနဲ့ ကောက်စရာတွေ အများကြီးပဲ"
"ဒါပေမဲ့ အဲဒီလို ဖြစ်နေလို့ ဝင်ငွေကတော့ သိပ်မကောင်းဘူး..."
"ပင်ပန်းတဲ့ ငွေလောက်ပဲ ရတာပါ"
ရွှီယန်က အပြန်လမ်းကို လျှောက်သွားရင်း အားလုံးကို ပြောလိုက်သည်။
သူက တောင်ပေါ်လမ်းများကို မှတ်မိနေသဖြင့် အလွန် မြန်မြန် လျှောက်နိုင်၏။
ရွှီယန်က ဤတောင်ကြီးနှင့် အတော်လေး ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။
သူက အပြန်လမ်းတွင် ကျားသစ် နှစ်ကောင်ကို သွားရောက် ရှာဖွေကြည့်ရန် ရည်ရွယ်လိုက်၏။
ယနေ့ တောင်ပေါ်တက်လာစဉ်က မတွေ့ခဲ့ရသဖြင့် စိတ်ထဲတွင် အမြဲတမ်း စိုးရိမ်နေခဲ့မိသည်။
ကျားသစ်များ အားလုံး အေးအေးချမ်းချမ်း ရှိနေကြပြီး ရွှီယန်က သိပ်မကြာခင်မှာပင် နေရာဟောင်း၌ ၎င်းတို့ နှစ်ကောင်ကို ရှာတွေ့သွားခဲ့၏။
သူက အကောင်လေးနှင့် အတူတကွ အချိန်အနည်းငယ်မျှ ထပ်မံ ဆော့ကစားပေးလိုက်သေးသည်။
ထို့နောက်မှသာ ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့တော့သည်။