← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) အပြောချန်ပီယံ

လျန်ယင်းသည် ဆွန်ဖုန်းအား ထိုသို့ လုပ်ဆောင်ခွင့် မပြုဝံ့ချေ။ အကယ်၍ ထိုသို့သာ ဖြစ်သွားပါက နောင်တွင် သူမ အနေဖြင့် အလွန် နေရခက်သွားမည်မှာ သေချာလှပေသည်။ အခြားသူများက သူမအား ဟယ်မင်ယီထံမှ ဆွန်ဖုန်းကို လုယူသွားသော တတိယလူဟု ထင်မြင်သွားနိုင်လေသည်။

ဆွန်ဖုန်း၏ စရိုက်အရ မည်သည့် ကိစ္စကိုမဆို လုပ်ရဲကိုင်ရဲကြောင်းကို သူမ ကောင်းစွာ သိထားလေသည်။

"ဟွန်း... ပျင်းစရာကြီး..."

ဆွန်ဖုန်းက လျန်ယင်းကို လွှတ်ပေးလိုက်ပြီးနောက် ဘီယာတစ်ပုလင်းကို ဖွင့်ကာ ပျင်းရိပျင်းတွဲဖြင့် မော့သောက်လိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

ဆွန်ဖုန်း တစ်ခုခု စိတ်မကျေမနပ် ဖြစ်သွားသည်ဟု လျန်ယင်း ထင်လိုက်မိသဖြင့် သူ၏ အင်္ကျီစကို ဆွဲကာ မေးလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး... စနောက်နေတာပါ..."

"ရွှတ်..."

ဆွန်ဖုန်းသည် အနားသို့ တိုးလာသော လျန်ယင်း၏ ဖြူဖွေးနေသည့် ပါးပြင်လေးကို အလွန် မြန်ဆန်စွာဖြင့် ခိုးနမ်းလိုက်လေသည်။

"အာ..."

လျန်ယင်းမှာ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် ရှက်ဒေါသ ထွက်သွားပြီး ဆွန်ဖုန်းကို စိုက်ကြည့်ကာ အော်လိုက်လေသည်။ "လူဆိုးကြီး..."

"ဘာလူဆိုးလဲ..."

ဆွန်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ ဒေါသထွက်နေသဖြင့် ပန်းသီးလေးကဲ့သို့ နီရဲနေသော လျန်ယင်း၏ ပါးပြင်လေးကို ကြည့်ရင်း နောက်ထပ် တစ်ခါလောက် ထပ်နမ်းချင်စိတ်ပင် ပေါက်သွားလေသည်။

"ဟွန်း... ဘာလို့ ကျွန်မကို ခိုးနမ်းတာလဲ..."

လျန်ယင်းက ဒေါသတကြီးဖြင့် လက်သီးဆုပ်လေး ရွယ်ကာ ဆွန်ဖုန်းကို ထုရန် လုပ်လိုက်လေသည်။

"ဘယ်သူက ခိုးနမ်းလို့လဲ... အလင်းရောင်အောက်မှာ ဗြောင်ကျကျ နမ်းတာပါနော်... မင်း မကျေနပ်ရင် ပြန်နမ်းလို့ ရပါတယ်... ကိုယ် ဘာမှမလုပ်ပါဘူး..."

ဆွန်ဖုန်းက ဝက်အကြောကင် တစ်တုတ်ကို ယူကာ အားပါးတရ ကိုက်စားရင်း ပြောလိုက်လေသည်။

"ရှင်... တော်တော် ဆိုးတဲ့လူပဲ... ရှင့်ကို စကားမပြောတော့ဘူး..."

လျန်ယင်းက မျက်နှာလွှဲသွားကာ ပြောလိုက်လေသည်။

"မပြောရင်လည်း နေပေါ့... ကိုယ်က ပြောမှာပဲ..."

ဆွန်ဖုန်းက ရယ်မောကာ လျန်ယင်း၏ အခြားတစ်ဖက်သို့ သွားထိုင်ပြီး သိုးသားကင် တစ်တုတ် ကမ်းပေးလိုက်လေသည်။

"အကျင့်မကောင်းတဲ့ လူကြီး..."

လျန်ယင်းမှာ ဆွန်ဖုန်းနှင့် တွေ့လျှင် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်ရသည်ကို တွေးမိပြီး ခေါင်းခဲသွားလေသည်။

"ကဲပါ... စိတ်မဆိုးပါနဲ့တော့... မြန်မြန်စား... မင်းကိုကြည့်ရတာ ဒီတလော တော်တော် ပိန်သွားသလိုပဲ..."

ဆွန်ဖုန်းက လျန်ယင်း၏ ရင်ဘတ်ကို စိုက်ကြည့်ရင်း 'လူကသာ ပိန်သွားတာ... ဟိုနေရာကတော့ ထွားတုန်းပဲကိုး...' ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။

"ရှင်က လူစိတ်လေးတော့ နည်းနည်း ရှိသေးသားပဲ..."

ဆွန်ဖုန်း၏ ဂရုစိုက်စကားကြောင့် လျန်ယင်းမှာ စိတ်ထဲ နွေးထွေးသွားပြီး သိုးသားကင်ကို ယူစားလိုက်လေသည်။

"အလုပ်တွေ အရမ်းပင်ပန်းနေလား... သက်တောင့်သက်သာ ရှိတဲ့ နေရာလေး ပြောင်းပေးရမလား..."

ဆွန်ဖုန်းသည် လျန်ယင်းကို တကယ်ပင် သနားသွားလေသည်။ လျန်ယင်း တစ်ယောက်တည်း မဟုတ်ဘဲ ဝူမုန်းရှင်းနှင့် စူးမေတို့မှာလည်း အလုပ်များလွန်းသဖြင့် ပိန်ကျကုန်ကြပြီ ဖြစ်သည်။ ဆွန်ဖုန်းက ဘာမှ ဝင်မပါဘဲ အားလုံးကို လွှဲထားသည် မဟုတ်ပါလား။ ကုမ္ပဏီ၏ ငွေစာရင်း၊ အဝယ်အယူ၊ အထွေထွေ ကိစ္စများ အားလုံးကို သူမတို့ မိန်းကလေး သုံးယောက်တည်း ဒိုင်ခံလုပ်နေရသည် ဖြစ်ရာ မပင်ပန်းဘဲ နေမည်လား။

"နေပါစေ... ကျွန်မက အားနေရတာကို မကြိုက်ဘူး... ပျင်းစရာကြီး..."

လျန်ယင်းက လုံးဝ မလိုလားသည့်ဟန်ဖြင့် ချက်ချင်း ငြင်းလိုက်လေသည်။

"ပျင်းရင်လည်း ကိုယ့်ဆီ လာလည်လေ... ကိုယ် မင်းကို ပျော်အောင် ထားပါ့မယ်..."

ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။

"......"

ညစာစားသည်မှာ တစ်နာရီကျော်ခန့် ကြာသွားလေသည်။ ဆွန်ဖုန်းက ဘီယာတစ်ဖာခန့် သောက်လိုက်သော်လည်း လျန်ယင်းမှာမူ တစ်ပုလင်းပင် ကုန်အောင် မသောက်ခဲ့ချေ။ သို့သော် သူမ၏ ပါးပြင်လေးများမှာ နီမြန်းနေပြီး ညအမှောင်ထဲတွင် ပို၍ပင် လှပနေလေသည်။

"ရှင် အများကြီး သောက်ထားတယ်... ကျွန်မ ကားမောင်းပေးမယ်..."

လျန်ယင်းက ဆွန်ဖုန်းကို ဖာရာရီကားဆီသို့ တွဲခေါ်သွားရင်း ပြောလိုက်လေသည်။

"အင်း... မင်း မောင်းလေ..."

ဆွန်ဖုန်းကလည်း မငြင်းပါချေ။ ဘီယာတစ်ဖာခန့် သောက်ထားသဖြင့် ခေါင်းအနည်းငယ် မူးနေသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထို့အပြင် လျန်ယင်း ကားမောင်းပေးပါက အိမ်ရောက်သည့်အခါ အိမ်ထဲသို့ ဝင်၍ လက်ဖက်ရည် သောက်ရန် ဖိတ်ခေါ်နိုင်သေးသည် မဟုတ်ပါလား။

သူတို့ နှစ်ဦး ကားပေါ်တက်ပြီး ဟိုင်ယန်မြို့ရှိ ဆွန်ဖုန်း၏ ဗီလာကြီးဆီသို့ တိုက်ရိုက် မောင်းလာခဲ့ကြလေသည်။ ညဘက်ဖြစ်၍ ကားမပိတ်သဖြင့် ဖာရာရီကားမှာ ဆွန်ဖုန်း၏ အိမ်ရှေ့သို့ ခဏလေးနှင့် ရောက်ရှိသွားလေသည်။

"အထဲဝင်ပြီး ခဏလောက် နားပါဦးလား... ကိုယ် ခေါင်းအရမ်းမူးနေလို့... အမူးပြေ လက်ဖက်ရည်လေး တစ်ခွက်လောက် ဖျော်ပေးပါလား..."

ဆွန်ဖုန်းက ယိုင်တိယိုင်တိုင်ဖြင့် ကားပေါ်မှ ဆင်းရင်း ဟန်ဆောင်လိုက်လေသည်။

"ရှင်ကလည်းလေ... အများကြီး မသောက်ပါနဲ့ဆိုတာကို အတင်းသောက်တယ်..."

လျန်ယင်းမှာ ဆွန်ဖုန်းကို သနားသွားပြီး ကားပေါ်မှ အမြန်ဆင်းကာ အိမ်ထဲသို့ တွဲခေါ်သွားလေသည်။

အိမ်ထဲ ရောက်သောအခါ ဆွန်ဖုန်းက ဆိုဖာပေါ်တွင် လှဲကာ တီဗီကြည့်နေလိုက်ပြီး လျန်ယင်းကမူ အမူးပြေ လက်ဖက်ရည် သွားဖျော်ပေးနေလေသည်။

လက်ဖက်ရည် ဖျော်ပြီးသွားသောအခါ လျန်ယင်းက ဆွန်ဖုန်း အနားသို့ လာထိုင်ပြီး ယုယုယယ ပြောလိုက်လေသည်။ "ထတော့... လက်ဖက်ရည် သောက်လိုက်ဦး..."

"ဇနီးကောင်းလေး တစ်ယောက် ရထားတာ တကယ် ကံကောင်းတာပဲ..."

ဆွန်ဖုန်းက အတင်းထိုင်လိုက်ပြီး လျန်ယင်းကို ပြုံးပြကာ ပြောလိုက်လေသည်။

"စကားကို တတ်နိုင်တယ်... လာ... ကျွန်မ ခွံ့ကျွေးမယ်..."

လျန်ယင်းက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်လေသည်။ သူမက လက်ဖက်ရည် ပူနေမည်စိုးသဖြင့် သေချာ မှုတ်ပေးပြီး အနည်းငယ် အေးသွားမှသာ ဆွန်ဖုန်းကို တိုက်လေသည်။

"ကြည့်စမ်း... တရုတ်ပြည်ရဲ့ အကောင်းဆုံး ချစ်သူလေး..."

ဆွန်ဖုန်းက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ကျေနပ်စွာ ချီးကျူးလိုက်လေသည်။

"တော်တော့... ထပ်ပြောနေရင် မတိုက်တော့ဘူးနော်..."

လျန်ယင်းက ဆွန်ဖုန်း၏ နားရွက်ကို ဆွဲကာ ခြိမ်းခြောက်လိုက်လေသည်။

"အာ... မင်းက ကိုယ့်နားရွက်ကို ဆွဲတယ်ပေါ့လေ... ကိုယ်လည်း ပြန်ဆွဲမယ်..."

ဆွန်ဖုန်းက လျန်ယင်း နားရွက်ဆွဲသည်ကို အခွင့်ကောင်းယူကာ လျန်ယင်း၏ နားရွက်ကို ပြန်လှမ်းဆွဲလိုက်လေသည်။

"အာ... ဘာလုပ်တာလဲ..."

သူတို့ နှစ်ဦး လုံးထွေးသွားကြပြီး အမူးပြေ လက်ဖက်ရည်များလည်း ကြမ်းပြင်ပေါ် ဖိတ်ကျကုန်လေသည်။

"ရှင် မမူးဘူးလား..."

လျန်ယင်းက အံ့အားသင့်စွာ မေးလိုက်လေသည်။

"ဘယ်မူးမလဲ..."

"ဟေး... ကျွန်မ နားရွက်ကို မဆွဲနဲ့တော့လေ... နာတယ်..."

လျန်ယင်းက ဆွန်ဖုန်းကို မည်သို့ ယှဉ်နိုင်မည်နည်း။ ချက်ချင်းပင် အရှုံးပေးလိုက်ရလေသည်။

"ကောင်းပြီလေ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်..."

ဆွန်ဖုန်းက လျန်ယင်း၏ ပါးပြင်ကို နောက်တစ်ကြိမ် ခိုးနမ်းလိုက်ပြီး သူမ၏ ဖြူဖွေးနူးညံ့သော နားရွက်လေးကို လွှတ်ပေးလိုက်လေသည်။ နားရွက်ဆွဲရသည်မှာ အတော်လေး ပျော်စရာ ကောင်းလှသည်။ အထူးသဖြင့် လှပသော မိန်းကလေးများ၏ နားရွက်ပင် ဖြစ်လေသည်။

ဆွန်ဖုန်းက လွှတ်ပေးလိုက်သည်နှင့် လျန်ယင်းက ချက်ချင်း ပြန်တိုက်ခိုက်လေတော့သည်။ သူမက ဆွန်ဖုန်း၏ ချိုင်းအောက်ကို ကလိ ထိုးလိုက်လေသည်။

"အာ... ယားတယ်... ယားတယ်... မိန်းမကြမ်းကြီး... မင်းက ကိုယ့်ကို ခိုးတိုက်ခိုက်တယ်ပေါ့လေ..."

ဆွန်ဖုန်းမှာ ယားလွန်းသဖြင့် ဆိုဖာပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး အော်ဟစ်နေလေသည်။ သူ၏ အားနည်းချက်မှာ ကလိထိုးခံရခြင်းကို ကြောက်ခြင်းပင် ဖြစ်လေသည်။

"အရင်က အာချောင်နေတာ ဘယ်သူလဲ... အခုကော ဆက်ပြီး အာချောင်ကြည့်ပါဦးလား..."

လျန်ယင်းက ဆွန်ဖုန်းကို ဆက်ပြီး ကလိထိုးနေရင်း တခစ်ခစ် ရယ်မောနေလေသည်။

ဆွန်ဖုန်းသည် ခဏမျှ ခံလိုက်ရပြီးနောက် ရုတ်တရက် အပေါ်မှ ပြန်အုပ်မိုးလိုက်လေသည်။ ထို့နောက် လျန်ယင်းကို ဆိုဖာပေါ်တွင် ဖိထားပြီး သူမ၏ တင်ပါးလေးကို လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချလိုက်လေသည်။

"ရှင်..."

လျန်ယင်းမှာ ရှက်လွန်းသဖြင့် မျက်နှာလေး ရဲတက်သွားလေသည်။

"ကိုယ့်ကို ခိုးတိုက်ခိုက်ဦးမလား... ဟမ်... တိုက်ခိုက်ဦးမလားလို့..."

ဆွန်ဖုန်းက နောက်ထပ် နှစ်ချက်ခန့် ထပ်ရိုက်လိုက်လေသည်။ သူ၏ စိတ်ထဲတွင်တော့ အတော်လေး ကျေနပ်နေလေပြီ။

သူတို့ နှစ်ဦး ခဏခန့် ကစားပြီးနောက် ရပ်လိုက်ကြလေသည်။ လူကြီးများ ဖြစ်နေပြီ ဖြစ်ရာ ဤသို့ ကလေးဆန်ဆန် ကစားခြင်းမျိုးမှာ ဘဝ၏ တစ်ခါတစ်ရံ အရသာလေး တစ်ခုသာ ဖြစ်လေသည်။

"ဒီည မပြန်နဲ့တော့လေ... ဒီမှာပဲ အိပ်လိုက်ပါ... အခန်းတွေ အများကြီး ရှိတာပဲ..."

ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်နေသော လျန်ယင်းကို ပြောလိုက်လေသည်။

"ရပါတယ်..."

လျန်ယင်းက မျက်နှာလေး နီရဲသွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"လျန်ယင်း... ဒီည ကိုယ့်ကို ပလက်တီနမ် အဆင့်ရောက်အောင် ဆွဲတင်ပေးပါလား... ကိုယ် ရွှေ အဆင့်မှာ တဝဲလည်လည် ဖြစ်နေတာ လအတော်ကြာနေပြီ..."

ဆွန်ဖုန်းက လျန်ယင်းကို မျှော်လင့်တကြီးဖြင့် ပြောလိုက်လေသည်။

"......"

လျန်ယင်းက တစ်ခုခု ဆက်ဖြစ်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် ဆွန်ဖုန်း၏ စကားကြောင့် သူမမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေသည်။

"သွား... ရေသွားချိုးတော့... ရေချိုးပြီးရင် LoL တူတူဆော့မယ်... ကိုယ့်ကို ပလက်တီနမ် အဆင့်ရောက်အောင် ဆွဲတင်ပေး... ကိုယ်က ချန်ပီယံ အဆင့်ရောက်တဲ့အထိ ကြိုးစားမှာ... အနာဂတ်မှာ ပရိုဖက်ရှင်နယ် အသင်းတစ်သင်း ထောင်ပြီး ကိုရီးယားတွေကို အနိုင်ယူပြမယ်... ကမ္ဘာ့ချန်ပီယံဆုကို ယူပြမယ်..."

ဆွန်ဖုန်းက အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဟုတ်ပါပြီ... အနာဂတ်မှာ တရုတ်ပြည်ရဲ့ S6 ကမ္ဘာ့ချန်ပီယံဆုကြီးက ရှင့်အပေါ်မှာပဲ မူတည်နေတော့တာပေါ့..."

လျန်ယင်းက နဖူးကို လက်ဖြင့်ရိုက်ရင်း ပြောလိုက်လေသည်။

"ဒါပေါ့... သူရဲကောင်းချင်း ကိုယ်ချင်းစာတယ် ဆိုတာ ဒါမျိုးပေါ့..."

ဆွန်ဖုန်းက ဝမ်းသာအားရ ပြောလိုက်လေသည်။

"......"

All Chapters