အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) စက်ရုံသစ် နေရာကို သွားရောက် စစ်ဆေးခြင်း
နောက်တစ်နေ့ နံနက်တွင် လိမ်မာရေးခြားရှိသော လျန်ယင်းသည် ဆွန်ဖုန်း မနိုးမီကတည်းက စောစောထကာ နံနက်စာ ပြင်ဆင်ထားလေသည်။
ဆွန်ဖုန်း အိပ်ရာမှ နိုးလာသောအခါ မီးဖိုချောင်မှ ပျံ့လွင့်လာသော မွှေးပျံ့သည့် အနံ့ကို ရလိုက်လေသည်။
"ဒီမနက် ဘာဟင်းတွေ ချက်ထားလဲ..." ဆွန်ဖုန်းသည် မီးဖိုချောင်သို့ သွားကာ အလုပ်များနေသော လျန်ယင်းကို ကြည့်ရင်း သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဒီနေ့ ဝက်ကလီစာ ဆန်ပြုတ်နဲ့ ခေါက်ဆွဲကြော် ချက်ထားတယ်... ရှင် အကြိုက်ဆုံးလေ..." လျန်ယင်းက လှည့်ကြည့်ကာ အပြုံးဖြင့် ပြန်ဖြေလေသည်။ သူမ၏ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသဖြင့် အလွန် လန်းဆန်းနေပုံရသည်။
"မင်းက ကိုယ့်အကြိုက်ကို အသိဆုံးပဲ... ကြည့်ရတာ ကိုယ် မင်းကို မယူလို့ မဖြစ်တော့ဘူး ထင်တယ်..." ဆွန်ဖုန်းက လျန်ယင်း၏ အနားသို့ သွားကာ ရယ်မော၍ ပြောလိုက်လေသည်။
"လျှောက်ပြောမနေနဲ့... မြန်မြန်သွား မျက်နှာသစ်တော့..." လျန်ယင်းက မျက်စောင်းထိုးကာ ဆွန်ဖုန်းကို မီးဖိုချောင် အပြင်သို့ တွန်းထုတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ချစ်သူလေး... အမိန့်အတိုင်းပါပဲ..." ဆွန်ဖုန်းက ခေါင်းယမ်းကာ မျက်နှာသစ်ရန် သွားလေတော့သည်။
ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း လျန်ယင်း၏ စိတ်ထဲတွင် ကြည်နူးမှုများ ဖြစ်ပေါ်လာလေသည်။ သူမ တကယ်ပင် ဆွန်ဖုန်းနှင့် အတူ နေထိုင်ချင်မိလေသည်။
နံနက်စာ စားပြီးနောက် ဆွန်ဖုန်းနှင့် လျန်ယင်းတို့သည် စက်ရုံသစ် တည်ဆောက်ရန် ရွေးချယ်ထားသော နေရာသို့ သွားရောက် စစ်ဆေးရန် ပြင်ဆင်ကြလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆွန်ဖုန်း ပြန်လာစဉ်က သံမဏိစက်ရုံ အသစ် တစ်ခု ထပ်မံ တည်ဆောက်ရန် စီစဉ်ခဲ့သည် မဟုတ်ပါလား။
ဤတစ်ကြိမ် တည်ဆောက်မည့် သံမဏိစက်ရုံမှာ အကြီးစား ဖြစ်ရမည် ဖြစ်ပြီး သံမဏိတုံး၊ သံမဏိပြားနှင့် အထူးသံမဏိ ထုတ်လုပ်ရေး လိုင်းများကိုလည်း နောင်တွင် ထပ်မံ တိုးချဲ့ရန် ရည်ရွယ်ထားသဖြင့် စက်ရုံမှာ အလွန် ကြီးမားရမည် ဖြစ်လေသည်။
မနေ့က လျန်ယင်းသည် ဟိုင်ယန်မြို့၏ စက်မှုဇုန်သစ်တွင် မြေဧက ၁၀၀၀ ခန့်ကို ဝယ်ယူခဲ့ပြီး ယနေ့ ဆွန်ဖုန်း သွားရောက် ကြည့်ရှုမည် ဖြစ်လေသည်။
ရှင်းရွေ့ စက်မှုဇုန် ဟု ခေါ်သော ဤဇုန်ကို ယမန်နှစ်ကမှ ဟိုင်ယန်မြို့တော်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ကုမ္ပဏီများစွာက ဤနေရာတွင် စက်ရုံများ လာရောက် တည်ဆောက်ကာ လုပ်ငန်းများ လုပ်ကိုင်နေကြပြီ ဖြစ်လေသည်။
"ဒါက ကိုယ်တို့ စက်ရုံ နေရာလား..." ဆွန်ဖုန်းက ကားပေါ်မှ ဆင်းကာ မြေဧက ၁၀၀၀ ခန့် ကျယ်ဝန်းသော မြေကွက်ကြီးကို ကြည့်ရင်း လျန်ယင်းကို မေးလိုက်လေသည်။
"ဟုတ်တယ်... ဒီနေရာလေး ဘယ်လိုနေလဲ..." လေညင်းများ တိုက်ခတ်နေသဖြင့် လျန်ယင်းက နဖူးပေါ်မှ ဆံပင်များကို သပ်တင်ရင်း မေးလိုက်လေသည်။
"အရမ်း ကောင်းတယ်... နေရာကလည်း ကျယ်တယ်... စက်မှုဇုန်ရဲ့ အလယ်ဗဟိုမှာ ရှိနေတော့ ကိုယ်တို့ သံမဏိစက်ရုံ အတွက် တကယ်ကို သင့်တော်တယ်..." ဆွန်ဖုန်းက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"စက်ရုံ နေရာရဲ့ အပြင်ဘက်မှာ ကားလမ်းမကြီး ရှိတော့ သယ်ယူပို့ဆောင်ရေး အတွက်လည်း အဆင်ပြေတယ်..." လျန်ယင်းက ရှင်းပြလေသည်။
"ကောင်းပြီ... ဒါဆိုရင် စက်ရုံ ဆောက်ဖို့ ပြင်ဆင်တော့... လိုအပ်တဲ့ ခွင့်ပြုချက်တွေကိုလည်း အမြန်ဆုံး ရအောင် လုပ်..."
"ဟုတ်ကဲ့..."
ဆွန်ဖုန်းသည် ဤနေရာကို အခြေခံ အဆောက်အအုံများ ပြည့်စုံသော သံမဏိစက်ရုံ အသစ် တစ်ခု အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားပြီး ယခင် သံမဏိစက်ရုံဟောင်းမှ လုပ်ငန်းများကိုလည်း ဤနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားလေသည်။ ထို့ကြောင့် ဤစက်ရုံသစ် ပြီးစီးရန် အနည်းဆုံး ၆ လခန့် ကြာမြင့်မည် ဖြစ်လေသည်။ သို့သော် ဆွန်ဖုန်း အနေဖြင့် လောနေစရာ မလိုဘဲ ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သွားမည် ဖြစ်လေသည်။
ယခင်က ဆွန်ဖုန်း ဝယ်ယူခဲ့သော သတ္တုလုပ်ငန်းစက်ရုံမှာ နေရာ ကျဉ်းမြောင်းပြီး အခြေခံ အဆောက်အအုံ အများအပြားမှာ သူ၏ လိုအပ်ချက်နှင့် မကိုက်ညီခဲ့ချေ။ ဤတစ်ကြိမ်တွင်မူ သူသည် အရာအားလုံးကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်မည် ဖြစ်လေသည်။
သို့သော် ဤသံမဏိစက်ရုံသစ်မှာ ဆွန်ဖုန်း အတွက် အသေးအဖွဲ လုပ်ငန်းတစ်ခုသာ ဖြစ်ပြီး နောင်တွင် သူ ကိုယ်တိုင် အချိန်ပေး၍ စီမံခန့်ခွဲမည် မဟုတ်ချေ။ လျန်ယင်းကိုသာ စီမံခန့်ခွဲစေမည် ဖြစ်ပြီး သူ၏ အဓိက အလုပ်မှာ ကနေဒါနိုင်ငံတွင်သာ ဖြစ်လေသည်။
ထိုနေရာရှိ မားလ် သံသတ္တုတွင်းနှင့် နောင်တွင် လုပ်ကိုင်မည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြား သတ္တုတူးဖော်ရေး လုပ်ငန်းများမှာသာ ဆွန်ဖုန်း အဓိက အချိန်ပေးရမည့် အလုပ်များ ဖြစ်လေသည်။
ရေနံ လုပ်ငန်းသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဆွန်ဖုန်း အနေဖြင့် ကြီးမားသော ဖိအားများကို ရင်ဆိုင်ရမည် ဖြစ်ပြီး အခြားသော လုပ်ငန်းရှင်များနှင့် ကြီးမားသော အားပြိုင်မှုများ ဖြစ်လာနိုင်ကြောင်း သူ ကောင်းစွာ သိထားလေသည်။
စက်ရုံသစ် နေရာကို ကြည့်ရှုပြီးနောက် ဆွန်ဖုန်းနှင့် လျန်ယင်းတို့သည် ကုမ္ပဏီ ရုံးခန်းသို့ ပြန်လာခဲ့ကြလေသည်။ လျန်ယင်းက စက်ရုံသစ် တည်ဆောက်ရေး အတွက် အခြေခံ အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့် ခွင့်ပြုချက်များ တောင်းခံခြင်းကို စတင် လုပ်ဆောင်လေသည်။
ဆွန်ဖုန်းကလည်း အားနေသည် မဟုတ်ချေ။ ယခင်က လျန်ယင်းအား မှာယူထားသော အထူးသံမဏိ ထုတ်လုပ်ရေး လိုင်းများ အတွက် လိုအပ်သော ကုန်ကြမ်းများ ရောက်ရှိနေပြီ ဖြစ်ရာ သူသည် ကုန်လှောင်ရုံသို့ သွားကာ ထိုကုန်ကြမ်းများကို သိုလှောင်ရုံ စနစ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် အသံလက်ထောက်အား အထူးသံမဏိ ထုတ်လုပ်ရေး လိုင်း ၃ ခု တည်ဆောက်ရန် အမိန့်ပေးလိုက်လေသည်။
ဤကိစ္စများ အားလုံးကို ရေအောက် တူးဖော်ရေး စနစ်ကြီး အတွင်း၌သာ လုပ်ဆောင်ခြင်း ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် ပင်ပန်းခံစရာ မလိုချေ။
ထို့နောက် ဆွန်ဖုန်းသည် ရုံးခန်းအတွင်းရှိ လက်ပ်တော့ ကွန်ပျူတာ တစ်လုံးကို ယူကာ အင်တာနက်ပေါ်တွင် လတ်တလော ကမ္ဘာ့ သတ္တုတွင်း လုပ်ငန်းများနှင့် ပတ်သက်သော သတင်းများကို ဖတ်ရှုနေလေသည်။
လွန်ခဲ့သော ၃ ရက်ခန့်က ပင်လယ်ထဲသို့ နှစ်ကြိမ် ဆင်းခဲ့သော်လည်း မည်သည့် သတ္တုကြောမှ မတွေ့ခဲ့သဖြင့် ဆွန်ဖုန်းမှာ ကံမကောင်းဟု ခံစားနေရလေသည်။ ထို့ကြောင့် သူသည် အခြားသူများ၏ သတ္တုတွင်းများကို ခိုးယူရန် စဉ်းစားလိုက်လေသည်။ သူ့တွင် ပြိုင်ဘက်ကင်းသော စနစ်ကြီး ရှိနေပြီ ဖြစ်ရာ ခိုးယူလျှင်တောင် မည်သူမှ သိမည် မဟုတ်ချေ။
ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ် ဘက်သို့ အာရုံစိုက်လိုက်လေသည်။ လက်ရှိတွင် တောင်တရုတ်ပင်လယ်၌ သတ္တုကြော အများအပြား ရှိနေပြီး အထူးသဖြင့် ဖိလစ်ပိုင်၏ ပိုင်နက် အတွင်း ဖြစ်လေသည်။ သတင်းများ အရ သူတို့သည် အမေရိကန်များနှင့် သဘောတူညီချက်များ ရယူကာ သူတို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ တွေ့ရှိထားသော သတ္တုကြောများကို ပူးပေါင်း တူးဖော်နေကြကြောင်း သိရလေသည်။
သေချာသည်မှာ ထိုသတ္တုကြောများမှာ ဖိလစ်ပိုင်ပိုင်ဆိုင်သော်လည်း သူတို့တွင် တူးဖော်ရန် နည်းပညာ မရှိသဖြင့် အမေရိကန်များကို အားကိုးနေရခြင်း ဖြစ်လေသည်။ ထို့ကြောင့် ယခုတလော ဖိလစ်ပိုင်နှင့် အမေရိကန်များမှာ ပျားရည်ဆမ်း ခရီးထွက်နေကြသကဲ့သို့ အလွန် ရင်းနှီးနေကြခြင်း ဖြစ်လေသည်။
ဆွန်ဖုန်း သတင်းများကို ဖတ်ကြည့်ရာ လတ်တလော သတင်း ၃ ပုဒ်သာ ရှိကြောင်း တွေ့ရလေသည်။ ပထမ သတင်းမှာ အမေရိကန်များက ဖိလစ်ပိုင်၏ ကမ်းလွန်ပင်လယ်ပြင်ရှိ သံသတ္တုတွင်း တစ်ခုကို တူးဖော်နေခြင်း ဖြစ်သည်။ ထိုသံသတ္တုတွင်းမှာ ယခင်က ဆွန်ဖုန်း တန်ချိန် သန်း ၄၀ ခန့် ခိုးယူခဲ့သော သံသတ္တုတွင်းပင် ဖြစ်ပြီး လက်ရှိတွင်လည်း ဆက်လက် တူးဖော်နေဆဲ ဖြစ်လေသည်။
ဆွန်ဖုန်းက ထိုသတင်းကို ကြည့်ပြီး ခေါင်းခါလိုက်လေသည်။ ထိုသံသတ္တုတွင်းမှာ ထပ်မံ ခိုးယူရန် မသင့်တော်တော့ချေ။ ထို့အပြင် သူ့တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ သံသတ္တုတွင်း တစ်ခု ရှိနေပြီ ဖြစ်ရာ သံသတ္တုကို ထပ်မံ ခိုးယူရန် မရည်ရွယ်တော့ချေ။
ဒုတိယ သတင်းမှာ ဖိလစ်ပိုင်၏ ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း တစ်ခု ဖြစ်သည်။ သို့သော် သိုလှောင်ပမာဏ သိပ်မများလှချေ။ ထို့အပြင် ဆွန်ဖုန်း အနေဖြင့် လက်ရှိတွင် သဘာဝဓာတ်ငွေ့ လုပ်ငန်းသို့ ဝင်ရောက်ရန် အစီအစဉ် မရှိသေးသဖြင့် ထိုသတင်းမှာလည်း သူ၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ခဲ့ချေ။
လက်ရှိ သူ အဝင်ရောက်ချင်ဆုံး လုပ်ငန်းမှာ ကမ္ဘာကြီး၏ အမည်းရောင် သွေးကြောဟု တင်စားခေါ်ဝေါ်ကြသော ရေနံ လုပ်ငန်းပင် ဖြစ်လေသည်။
"အင်း... ဒီသတင်းလေးကတော့ စိတ်ဝင်စားစရာပဲ..." ဆွန်ဖုန်းသည် ကွန်ပျူတာ ပေါ်ရှိ နောက်ဆုံး သတင်း တစ်ပုဒ်ကို ကြည့်ရင်း စိတ်ဝင်စားသွားလေသည်။
"ဖိလစ်ပိုင်နိုင်ငံက ပါလာဝမ် ကျွန်း အနောက်မြောက်ဘက် ပင်လယ်ပြင်မှာ ကမ်းလွန် ရေနံမြေသေးသေး တစ်ခုကို တွေ့ရှိခဲ့တယ်... လက်ရှိ ခန့်မှန်းချက် အရ ရေနံ သိုလှောင်ပမာဏ တန်ချိန် သန်း ၃၀၀ ခန့် ရှိတယ်... အခုချိန်မှာတော့ အမေရိကန်နိုင်ငံက ရေနံ တူးဖော်ရေး ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ လုပ်နေတယ်..."
ထိုသတင်းမှာ အလွန် တိုတောင်းပြီး ရေနံမြေ၏ တိကျသော တည်နေရာနှင့် ရေအနက် မည်မျှတွင် ရှိသည်ကို ဖော်ပြထားခြင်း မရှိချေ။ ရေနံမြေသေးသေး တစ်ခု ဖြစ်ကြောင်းကိုသာ သိရလေသည်။
"တန်ချိန် သန်း ၃၀၀ ဟုတ်လား... တော်တော်တော့ သေးတာပဲ..." ဆွန်ဖုန်းက စီးကရက် တစ်လိပ်ကို မီးညှိရင်း ကိုယ့်ဘာသာ ပြောလိုက်လေသည်။ လက်ရှိ အချိန်တွင် ကြီးမားသော ရေနံမြေကြီးများမှာ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် သန်းပေါင်းများစွာ ထွက်ရှိလေသည်။ သိုလှောင်ပမာဏ တန်ချိန် သန်း ၃၀၀ သာ ရှိသော ရေနံမြေသေးသေးလေးမှာ နှစ်အနည်းငယ် တူးဖော်ရုံဖြင့် ကုန်သွားမည် ဖြစ်လေသည်။
သေချာသည်မှာ ပင်လယ်ပြင်တွင် တူးဖော်ရသည်မှာ အခက်အခဲ ရှိသဖြင့် ၃ နှစ် ၄ နှစ်ခန့်တော့ ကြာနိုင်ပေသည်။
"ဟွန်း... အခုတလော ဖိလစ်ပိုင်တွေက တော်တော် ရက်ရောနေတာပဲ... သူတို့ အိမ်က သယံဇာတတွေကို အမေရိကန်တွေနဲ့ အမြဲတမ်း ပူးပေါင်း တူးဖော်နေကြတယ်... ဒါဆိုရင်လည်း ဟီးဟီး... ငါ အားတဲ့အခါ အဲဒီကို သွားလည်ရဦးမယ်..." ဆွန်ဖုန်းက မာယာပါပါဖြင့် ရယ်မောလိုက်လေသည်။
သတင်းများ အရ ထိုရေနံမြေကို မကြာသေးမီကမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက် ကုမ္ပဏီများမှာလည်း ယခုမှ စတင် ပူးပေါင်းခြင်း ဖြစ်ရာ တူးဖော်ရေး လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးချေ။ မှန်ပေသည်။ ပင်လယ်ပြင်တွင် တူးဖော်ရသည်မှာ ကမ်းလွန်ပင်လယ်ပြင် ဖြစ်စေကာမူ ချက်ချင်း စတင် တူးဖော်နိုင်သည် မဟုတ်ချေ။ ဆွန်ဖုန်းကဲ့သို့ ပြိုင်ဘက်ကင်းသော စနစ်ကြီး ရှိနေမှသာ အချိန်မရွေး တူးဖော်နိုင်မည် မဟုတ်ပါလား။
လက်ရှိတွင် ဆွန်ဖုန်း အနေဖြင့် ရေနံ လုပ်ငန်းသို့ တိုက်ရိုက် မဝင်ရောက်သေးသော်လည်း ထိုရေနံများကို ခိုးယူကာ သိုလှောင်ရုံ အတွင်း သိမ်းဆည်းထားမည် ဆိုပါကလည်း ဖြစ်နိုင်လေသည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ သိုလှောင်ရုံကြီးမှာ အလွန် ကျယ်ဝန်းလှသည် မဟုတ်ပါလား။