အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) ထုတ်လုပ်ရေး လိုင်းကို ဝယ်မလို့လား
ဆွန်ဖုန်းသည် ကွန်ပျူတာ ပေါ်ရှိ သတင်းများကို ဆက်လက် ဖတ်ရှုနေစဉ် လျန်ယင်းက ရုံးခန်းထဲသို့ ဝင်လာကာ ပြောလိုက်လေသည်။ "အစ်ကိုဖုန်း... အပြင်မှာ အမေရိကန်လူမျိုး တစ်ယောက် ရောက်နေတယ်... ရှင်နဲ့ ကိစ္စလေးတစ်ခု ဆွေးနွေးစရာ ရှိလို့တဲ့..."
"ဘာကိစ္စလဲ... အရေးမကြီးရင် မတွေ့တော့ဘူး..."
ဆွန်ဖုန်းက ခေါင်းမော့ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။ သူ၏ သံမဏိစက်ရုံမှာ အမေရိကန်များနှင့် မည်သည့် အဆက်အသွယ်မှ မရှိခဲ့ချေ။
"ဒီကိစ္စက ကျွန်မလည်း ဘယ်လို ပြောရမှန်း မသိဘူး... သူတို့က ကျွန်မတို့ရဲ့ အထူးသံမဏိ ထုတ်လုပ်ရေး လိုင်းကို ဝယ်ချင်တယ်လို့ ပြောတယ်... ဒီကိစ္စက ကျွန်မ ဆုံးဖြတ်လို့ မရတော့ ရှင်နဲ့ လာတိုင်ပင်တာပါ..."
လျန်ယင်းသည်လည်း အစပိုင်းက အမေရိကန် လူမျိုးများ ရောက်လာပြီး ထုတ်လုပ်ရေး လိုင်းကို ဝယ်ယူလိုကြောင်း ပြောသောအခါ အနည်းငယ် အံ့ဩသွားခဲ့လေသည်။ ဤကဲ့သို့သော ကိစ္စကြီးကို သူမ ဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ဆွန်ဖုန်းကိုသာ လာရောက် အကြောင်းကြားရခြင်း ဖြစ်လေသည်။
"ထုတ်လုပ်ရေး လိုင်းကို ဝယ်မယ် ဟုတ်လား..."
ဆွန်ဖုန်း၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာပြီး လက်ချောင်းလေးများဖြင့် စားပွဲကို ခေါက်ကာ စဉ်းစားနေလေသည်။
လက်ရှိတွင် သူ၏ X မျိုးဆက် အထူးသံမဏိမှာ ဟိုင်ယန်မြို့တွင်သာ နာမည်ရနေသေးခြင်း ဖြစ်ပြီး နယ်ဝေး ဖောက်သည် ဆို၍လည်း လက်ချိုးရေတွက်၍ ရနိုင်လေသည်။ ထိုအထူးသံမဏိ၏ နာမည်မှာ နိုင်ငံခြားသားများ လာရောက် ဝယ်ယူချင်လောက်အောင် အထိ ကြီးမားနေပြီ မဟုတ်ချေ။
ထို့အပြင် တစ်ဖက်လူက ထုတ်လုပ်ရေး လိုင်းကို ဝယ်ယူလိုသည် ဆိုခြင်းမှာ အသေးအဖွဲ ကိစ္စ မဟုတ်တော့ချေ။ မူပိုင်ခွင့်ကို ဝယ်ယူခြင်းနှင့် အတူတူပင် ဖြစ်နေလေသည်။
"ဟုတ်တယ်... သူတို့က အမေရိကန် နိုင်ငံမှာ နာမည် အတော်အသင့် ရနေတဲ့ King Kong အထူးသံမဏိ ကုမ္ပဏီက လာတာလို့ ပြောတယ်..." လျန်ယင်းက ဆက်ပြောလေသည်။
"King Kong အထူးသံမဏိ ကုမ္ပဏီ ဟုတ်လား..."
ဆွန်ဖုန်းက တီးတိုး ရေရွတ်လိုက်လေသည်။ မိမိ၏ အထူးသံမဏိကို နိုင်ငံခြား ကုမ္ပဏီက မျက်စိကျနေပြီး ထုတ်လုပ်ရေး လိုင်းကိုပင် ဝယ်ယူလိုကြောင်း ကြားရသောအခါ သူ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။
"ကောင်းပြီလေ... ကိုယ် သွားတွေ့ကြည့်မယ်... သူတို့ ဘာတွေ လာလုပ်တာလဲ ဆိုတာ သိရတာပေါ့..."
ဆွန်ဖုန်းက မတ်တပ်ရပ်ကာ ထိုအမေရိကန်များနှင့် သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်လေသည်။
"ဟုတ်ပြီ... သူတို့ ဧည့်ခန်းမှာ စောင့်နေတယ်... ကျွန်မ လိုက်ပို့ပေးမယ်..."
ဆွန်ဖုန်းသည် ဧည့်ခန်းထဲသို့ ဝင်သွားသည်နှင့် တိတ်ဆိတ်စွာ ထိုင်နေသော အမေရိကန် သုံးဦးကို တွေ့လိုက်ရလေသည်။ အပြန်အလှန် မိတ်ဆက်ပြီးနောက် ထိုသုံးဦးစလုံးမှာ King Kong အထူးသံမဏိ ကုမ္ပဏီမှ ဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်ရလေသည်။
ခေါင်းဆောင် ဖြစ်ပုံရသော သူမှာ ဟယ်ရီဆင် အမည်ရသည့် မန်နေဂျာ တစ်ဦး ဖြစ်ပြီး ကျန်နှစ်ဦးမှာ သာမန် ဝန်ထမ်းများသာ ဖြစ်လေသည်။
"မစ္စတာဆွန်ဖုန်း... ကျွန်တော်က King Kong အထူးသံမဏိ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် အနေနဲ့ မစ္စတာဆွန် နဲ့ လာရောက် တွေ့ဆုံတာပါ... ခင်ဗျားတို့ ကုမ္ပဏီက ထုတ်လုပ်တဲ့ X မျိုးဆက် အထူးသံမဏိရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည် အချက်အလက် တွေဟာ လက်ရှိ အရပ်ဘက်သုံး အထူးသံမဏိ တွေထက် အများကြီး သာလွန် ကောင်းမွန်နေတယ် ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်..." ဟယ်ရီဆင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
သူတို့သည် X မျိုးဆက် အထူးသံမဏိ၏ အချက်အလက်များကို ရရှိခဲ့ပြီးနောက် ထိုအထူးသံမဏိမှာ ဘက်စုံသုံး အထူးသံမဏိ တစ်မျိုး ဖြစ်ကြောင်း သိရှိခဲ့လေသည်။
ဘက်စုံသုံး ဆိုသည်မှာ အရပ်ဘက်သုံး အထူးသံမဏိ အမျိုးမျိုး၏ ကောင်းမွန်သော လက္ခဏာရပ်များကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားခြင်းပင် ဖြစ်လေသည်။ ဤတွေ့ရှိချက်ကြောင့် သူတို့ ကုမ္ပဏီမှာ အလွန် စိတ်ဝင်စားသွားခဲ့လေသည်။
ဥပမာအားဖြင့် တန်စတင် သံမဏိ နှင့် မက်ဂနိစ် သံမဏိ တို့မှာ အလွန် မာကျောသဖြင့် သတ္တု အလုပ်လုပ်သည့် ကိရိယာများ၊ လယ်ထွန်စက် ဘီးများနှင့် ဝင်ရိုးများ ပြုလုပ်ရန် သင့်တော်သည်။
မက်ဂနိစ် ဆီလီကွန် သံမဏိ မှာ ပျော့ပျောင်းမှု အလွန်ကောင်းသဖြင့် စပရိန်များ၊ စပရိန်ကွင်းများ ပြုလုပ်ရန် သင့်တော်သည်။
မိုလစ်ဘဒီနမ် သံမဏိ မှာ အပူဒဏ်ကို ခံနိုင်ရည် ရှိသဖြင့် လေယာဉ် အင်ဂျင်များ၊ အလွန် မာကျောသော ကိရိယာများ ပြုလုပ်ရန် သင့်တော်သည်။
တန်စတင် ခရိုမီယမ် သံမဏိ မှာ မာကျောပြီး ပျော့ပျောင်းမှု ရှိသဖြင့် စက်ယန္တရား ဓားများနှင့် ပုံသွင်းခွက်များ ပြုလုပ်ရန် သင့်တော်လေသည်။
ယခု ဆွန်ဖုန်း ထုတ်လုပ်နေသော X မျိုးဆက် အထူးသံမဏိမှာ အထက်ပါ အထူးသံမဏိ အားလုံး၏ လက္ခဏာရပ်များကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့်ပင် ဆွန်ဖုန်း၏ အထူးသံမဏိကို အရပ်ဘက်သုံး အထူးသံမဏိများထဲတွင် အကောင်းဆုံးဟု ဟယ်ရီဆင်၏ ကုမ္ပဏီက မှတ်ယူထားခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဘက်စုံကောင်းမွန်သော အထူးသံမဏိကို ထုတ်လုပ်ရန်မှာ အလွန် ခက်ခဲသောကြောင့် ဖြစ်လေသည်။
သို့သော် ဆွန်ဖုန်း၏ ဖုန်းရွေ့ အထူးသံမဏိ ကုမ္ပဏီက ထုတ်လုပ်နိုင်ခဲ့ပြီး မူပိုင်ခွင့်ကိုလည်း လျှောက်ထားပြီး ဖြစ်ကြောင်း သူတို့ သိရှိထားလေသည်။ နိုင်ငံတကာ မူပိုင်ခွင့်ကိုမူ မရရှိသေးချေ။
ထို့အပြင် ဟယ်ရီဆင်သည် ဆွန်ဖုန်း၏ အထူးသံမဏိကို ဝယ်ယူ အသုံးပြုနေသော ဖောက်သည်များ ထံမှလည်း သတင်းအချက်အလက်များကို ရယူခဲ့ရာ အားလုံးက ဆွန်ဖုန်း၏ အထူးသံမဏိမှာ အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်းလည်း သက်သာကြောင်း ချီးကျူးထားသည်ကို တွေ့ရလေသည်။
ထိုဖောက်သည်များထဲတွင် အကြီးစား စက်ယန္တရားများ ထုတ်လုပ်သူများ၊ စက်ကိရိယာ ထုတ်လုပ်သူများနှင့် အင်ဂျင် ထုတ်လုပ်သူများ ပါဝင်လေသည်။ ထို့ကြောင့် ဟယ်ရီဆင်သည် သူရရှိထားသော အချက်အလက်များကို ပိုမို သေချာသွားပြီး ဆွန်ဖုန်း၏ ကုမ္ပဏီက အထူးသံမဏိ အမျိုးအစားသစ် တစ်ခုကို အမှန်တကယ် တီထွင် ထုတ်လုပ်နိုင်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ဤအထူးသံမဏိမှာ နာမည် သိပ်မကြီးသေးသော်လည်း တဖြည်းဖြည်း ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်ပြီး မူပိုင်ခွင့်လည်း လျှောက်ထားပြီး ဖြစ်ရာ ဥပဒေ အရ ကာကွယ်မှုလည်း ရရှိနေပြီ ဖြစ်လေသည်။
မူလက သူတို့ ကုမ္ပဏီသည် ဆွန်ဖုန်း ထံမှ မူပိုင်ခွင့်ကို ဝယ်ယူရန် စဉ်းစားခဲ့သော်လည်း ဤမျှ ကောင်းမွန်သော အထူးသံမဏိ မူပိုင်ခွင့်ကို မည်သူကမျှ လွယ်လွယ်ဖြင့် ရောင်းချမည် မဟုတ်ကြောင်း တွေးမိခဲ့လေသည်။ အလွန် မြင့်မားသော စျေးနှုန်း ပေးမှသာ တစ်ဖက်လူက ရောင်းချရန် စဉ်းစားမည် မဟုတ်ပါလား။
ထို့ကြောင့် ယခု တစ်ခေါက်တွင် ဟယ်ရီဆင်၏ ကုမ္ပဏီက ဆွန်ဖုန်း ထံမှ ထုတ်လုပ်ရေး လိုင်း အချို့ကိုသာ ဝယ်ယူရန် စီစဉ်ခဲ့လေသည်။ ဝယ်ယူပြီးပါက ထိုစက်များဖြင့် X မျိုးဆက် အထူးသံမဏိကို မည်သို့ ထုတ်လုပ်သည်ကို လေ့လာကာ မိမိတို့ ကိုယ်တိုင် ပြန်လည် ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
King Kong အထူးသံမဏိ ကုမ္ပဏီ၏ အကြံအစည်မှာ အတော်လေး ကောင်းမွန်လှပေသည်။
"ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..." ဆွန်ဖုန်းက မျက်နှာသေဖြင့် ပြန်ဖြေလိုက်လေသည်။
"ဒီလိုပါ မစ္စတာဆွန်... ကျွန်တော်တို့ ကုမ္ပဏီက မစ္စတာဆွန်ဆီကနေ X မျိုးဆက် အထူးသံမဏိ ထုတ်လုပ်ရေး လိုင်း ၃ ခု ဝယ်ချင်လို့ပါ... ရောင်းဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်..." ဟယ်ရီဆင်က ယဉ်ကျေးစွာဖြင့် ပြောလိုက်လေသည်။
"အော်... ကျွန်တော့်ရဲ့ အထူးသံမဏိ ထုတ်လုပ်ရေး လိုင်းကို ဝယ်ချင်တာလား... ခင်ဗျားတို့ King Kong ကုမ္ပဏီက အတော်လေး အင်အား ကြီးပြီး အဆင့်မြင့် အထူးသံမဏိ အမျိုးအစား အတော်များများလည်း ထုတ်လုပ်နေတယ်လို့ ကြားဖူးပါတယ်... ဘာလို့ ကျွန်တော့်ရဲ့ X မျိုးဆက် အထူးသံမဏိကိုမှ ဝယ်ချင်ရတာလဲ..." ဆွန်ဖုန်းက အံ့ဩဟန်ဖြင့် မေးလိုက်လေသည်။
"ဟီးဟီး... ဘာလို့လဲ ဆိုတော့ X မျိုးဆက် အထူးသံမဏိရဲ့ ကြီးမားတဲ့ ဈေးကွက်နဲ့ အလားအလာကို မြင်လို့ပါ..." ဟယ်ရီဆင်က မချိုမချဉ် ပြုံးကာ ဖြေလိုက်လေသည်။
"အော်... ခင်ဗျားကိုယ်တိုင်ကတောင် ကျွန်တော့် အထူးသံမဏိက ဈေးကွက် အလားအလာ အရမ်း ကောင်းတယ်လို့ ပြောနေမှတော့ ကျွန်တော်က ရောင်းပါ့မလား..." ဆွန်ဖုန်းက လှောင်ပြုံး ပြုံးကာ ပြောလိုက်လေသည်။
ယခုမှသာ ဆွန်ဖုန်း အနေဖြင့် သဘောပေါက်သွားလေပြီ။ ဤ King Kong ကုမ္ပဏီသည် သူ၏ X မျိုးဆက် အထူးသံမဏိ၏ အရည်အသွေးကို မျက်စိကျသဖြင့် ထုတ်လုပ်ရေး လိုင်းများကို လာရောက် ဝယ်ယူခြင်း ဖြစ်ပြီး ပြဿနာ ရှာရန် လာခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားလေသည်။
တကယ်လို့ ပြဿနာ လာရှာလျှင်တောင် ဘာဖြစ်လဲ။ ထုတ်လုပ်ရေး လိုင်းတွေက အဲဒီမှာ ရှိနေတာပဲ။ လာစစ်ကြည့်လေ။ အများဆုံး သိသွားမှာက ထုတ်လုပ်ရေး လိုင်းတွေက အဆင့်မြင့်ပြီး သံမဏိ ကျိုချက်တဲ့ နည်းပညာက ခေတ်ရှေ့ပြေးနေတယ် ဆိုတာလောက်ပါပဲ။
ဆွန်ဖုန်း၏ စကားထဲတွင် ရောင်းချလိုစိတ် မရှိသည်ကို ရိပ်မိသောအခါ ဟယ်ရီဆင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားလုံး အံ့အားသင့်သွားစေမည့် စကားတစ်ခွန်းကို ပြောချလိုက်လေသည်။
"ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လုပ်ရေး လိုင်း တစ်ခုကို ယွမ် ၁ ဘီလီယံ ပေးပြီး ဝယ်ပါ့မယ်..."
ထိုစကားကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားလေသည်။ တစ်ဖက်လူမှာ အလွန် ရိုးသားပြီး စေတနာ ပါပုံရသည်။ ထုတ်လုပ်ရေး လိုင်း တစ်ခုကို ယွမ် ၁ ဘီလီယံ ပင် ပေး၍ ဝယ်ယူမည် ဟုတ်လား။ သူတို့က ဆွန်ဖုန်း အနေဖြင့် ထိုထုတ်လုပ်ရေး လိုင်း တစ်ခု တည်ဆောက်ရန် မည်မျှ ကုန်ကျသည်ကိုပင် မမေးမြန်းတော့ချေ။
"မစ္စတာဆွန်... ဘယ်လိုလဲ... ကျွန်တော်တို့ တကယ်ပဲ ဝယ်ချင်တဲ့ ဆန္ဒ ရှိတာပါ..." ဟယ်ရီဆင်က ပြုံး၍ ပြောလိုက်လေသည်။ သူ၏ အမြင်တွင် ဆွန်ဖုန်း ကဲ့သို့သော သံမဏိစက်ရုံငယ်လေး၏ ပိုင်ရှင် အနေဖြင့် ဤမျှ များပြားသော ငွေကြေးကို မြင်ပါက သေချာပေါက် လက်ခံမည်ဟု ယုံကြည်နေလေသည်။
"တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ ထုတ်လုပ်ရေး လိုင်းတွေကို အပြင်လူကို မရောင်းပါဘူး... တကယ်လို့ ခင်ဗျားတို့ ကုမ္ပဏီက အထူးသံမဏိ ဝယ်ချင်တယ် ဆိုရင်တော့ လိုသလောက် ရောင်းပေးပါ့မယ်..."
ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ 'နိုင်ငံခြားသားတွေကို ရောင်းရင်တော့ ပြည်တွင်း ဖောက်သည်တွေလို ၅ ရာခိုင်နှုန်း လျှော့ပေးမှာ မဟုတ်ဘူး... စျေးကို ၂၀ ရာခိုင်နှုန်း တင်ပြီး ရောင်းမှာ...' ဟု တွေးထားလေသည်။
"အပြင်လူကို မရောင်းဘူး ဟုတ်လား..."
ဟယ်ရီဆင်မှာ အလွန် အံ့ဩသွားလေသည်။ သူ မျှော်လင့်ထားသော ရလဒ်နှင့် လုံးဝ ကွဲလွဲနေပြီး တစ်ဖက်လူက သူ့ကို ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။