← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) ဒေါ်လာ ၁၀ ဘီလီယံ ပေးရင် ရောင်းမယ်

ဟယ်ရီဆင်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။ သူတို့ ကုမ္ပဏီက ယွမ် ၁ ဘီလီယံ အထိ ပေးမည်ဟု ပြောနေပါလျက်နှင့် တစ်ဖက်လူက လုံးဝ မတုန်လှုပ်ဘဲ တွေဝေမှု အနည်းငယ်မျှပင် မရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

တကယ်တော့ ဟယ်ရီဆင်၏ ကုမ္ပဏီမှာ ဤသို့ စီစဉ်ထားခြင်း ဖြစ်သည်။ ထုတ်လုပ်ရေး လိုင်းကို ဝယ်ယူပြီးပါက ကုမ္ပဏီ၏ ကြီးမားသော အင်အားကို အသုံးပြုကာ X မျိုးဆက် အထူးသံမဏိကို အခြေခံ၍ နောက်ထပ် အထူးသံမဏိ အသစ်များကို တီထွင်ရန် ဖြစ်လေသည်။

သူတို့၏ အကြံအစည်မှာ အတော်လေး ကောင်းမွန်သော်လည်း ဆွန်ဖုန်းက ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ယခုအခါ ဟယ်ရီဆင်မှာ ဘာဆက်ပြောရမည်ကို မသိအောင် ဖြစ်သွားလေသည်။

ဆွန်ဖုန်းက ဟယ်ရီဆင်ကို ပြုံး၍ ကြည့်နေလေသည်။ သူ၏ အဆင့်မြင့် X မျိုးဆက် အထူးသံမဏိ ထုတ်လုပ်ရေး လိုင်းများကို အခြား ကုမ္ပဏီများသို့ မည်သည့် အကြောင်းကြောင့် ရောင်းချရမည်နည်း။ အထူးသဖြင့် နိုင်ငံခြား ကုမ္ပဏီများကို ပို၍ပင် မရောင်းနိုင်ချေ။

သူသည် ပြည်တွင်း ကုမ္ပဏီများကို ရောင်းချမည် ဆိုလျှင်ပင် နိုင်ငံခြား ကုမ္ပဏီများကို ရောင်းချမည် မဟုတ်ချေ။ ဤသည်မှာ အလွန် အဆင့်မြင့်သော နည်းပညာများ ဖြစ်ရာ အခြားသူများကို ရောင်းချလိုက်ပါက မိမိ အတွက် ပြန်လည် ကုစား၍ မရနိုင်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည် မဟုတ်ပါလား။

ဆွန်ဖုန်း အနေဖြင့် အထူးသံမဏိ ထုတ်လုပ်ရေး လိုင်း တစ်ခုကို တည်ဆောက်ရန် ငွေကြေး များစွာ မကုန်ကျသော်လည်း ကုန်ကြမ်း ဖိုးလောက်သာ ကုန်ကျမည် ဖြစ်ပြီး ကျန်သည့် အရာ အားလုံးကို အသံလက်ထောက်က ကူညီ လုပ်ဆောင်ပေးမည် ဖြစ်လေသည်။

ပြောရမည် ဆိုလျှင် ဆွန်ဖုန်းကသာ ထုတ်လုပ်ရေး လိုင်းများကို ရောင်းချမည် ဆိုပါက အမြန်ဆုံး သူဌေး ဖြစ်လာမည် ဖြစ်သော်လည်း သူက ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုလားချေ။

"မစ္စတာဆွန်... ထုတ်လုပ်ရေး လိုင်း တစ်ခုကို ယွမ် ၁ ဘီလီယံ ပေးမယ် ဆိုတာကို သေချာ ထပ်စဉ်းစားကြည့်ပါဦးလား..."

ဟယ်ရီဆင်က လက်မလျှော့ချင်သဖြင့် ဆက်လက် တိုက်တွန်းလိုက်လေသည်။ သူ၏ စိတ်ထဲတွင် X မျိုးဆက် အထူးသံမဏိ၏ အနာဂတ် ဈေးကွက်မှာ ကမ္ဘာ တစ်ဝန်းလုံးကို လွှမ်းမိုးသွားနိုင်ကြောင်း မြင်ယောင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသံမဏိမှာ အလွန် ကောင်းမွန်ပြီး အဆင့်မြင့်လွန်းသောကြောင့် ဖြစ်လေသည်။

"မစဉ်းစားတော့ပါဘူး... တကယ်လို့ ခင်ဗျားက အထူးသံမဏိ လာဝယ်တာ ဆိုရင်တော့ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်... ဒါပေမယ့် ထုတ်လုပ်ရေး လိုင်းကို လာဝယ်တာ ဆိုရင်တော့ စိတ်မကောင်း ပါဘူး... ကျွန်တော်တို့ မရောင်းပါဘူး..."

ဆွန်ဖုန်းက ဟယ်ရီဆင်နှင့် ဆက်လက် စကားများ မနေချင်တော့ချေ။

ယခုအခါ ဆွန်ဖုန်း အနေဖြင့် သူ၏ အထူးသံမဏိကို အခြားသူများက ပထမဆုံး အကြိမ် မျက်စိကျလာပြီ ဖြစ်ကြောင်း သတိပြုမိသွားလေပြီ။

သို့သော် သူက ဂရုမစိုက်ချေ။ သူသည် မူပိုင်ခွင့်ကို ရရှိထားပြီး ဖြစ်ရာ တစ်ဖက်လူများက မည်သို့ပင် ကြိုးစားစေကာမူ သူ့ကို ဒုက္ခပေးနိုင်မည် မဟုတ်ချေ။

ဒုတိယ အချက် အနေဖြင့် ပြည်တွင်းရှိ အချို့သော အင်အားစုများက သူ့ကို အနှောင့်အယှက် ပေးလာမည် ဆိုလျှင်လည်း သူ မကြောက်ချေ။ အကြမ်းဖက် နည်းလမ်းများ သုံးလာမည် ဆိုလျှင် သူ တစ်ခါမှ မကြောက်ခဲ့ဖူးချေ။

သူသည် အခြေခံ အဆင့် အားဖြည့် ဆေးရည်ကို ထိုးနှံထားပြီး ဖြစ်ရာ သူ၏ ကိုယ်ခံစွမ်းအားမှာ လူသား တစ်ယောက်၏ အမြင့်ဆုံး အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်လေသည်။

အခြားသော ယုတ်မာသည့် နည်းလမ်းများ သုံးလာမည် ဆိုလျှင်လည်း လက်ရှိတွင် သူသည် ကနေဒါ နိုင်ငံသား ခံယူထားပြီး ဖြစ်လေသည်။

"မစ္စတာဆွန်... ကောင်းပြီ... ကောင်းပြီ..."

ဟယ်ရီဆင်သည် ဆွန်ဖုန်း၏ ဒုတိယ အကြိမ် အငြင်းခံရပြီးနောက် မျက်နှာ ပျက်သွားကာ ဆွန်ဖုန်းကို အေးစက်စက် ကြည့်ရင်း ပြောလိုက်လေသည်။

ဟယ်ရီဆင် သိလိုက်လေပြီ။ ဤတစ်ကြိမ် သူတို့ လာရောက်ခြင်းမှာ အချည်းနှီးသာ ဖြစ်သွားလေပြီ။ အကယ်၍ အမေရိကန် နိုင်ငံတွင် ဆိုပါက သူသည် ကုမ္ပဏီ၏ နောက်ခံ အင်အားကို အသုံးပြုကာ ဆွန်ဖုန်းကို ခြိမ်းခြောက်နိုင်မည် ဖြစ်သော်လည်း ဤနေရာမှာ တရုတ်နိုင်ငံ ဖြစ်နေသဖြင့် အခြား နည်းလမ်းများကို အသုံးပြု၍ မရနိုင်ချေ။

"ကျွန်တော် ကောင်းကောင်း နေပါရစေ..." ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"ယွမ် ၁ ဘီလီယံ နဲ့ ကျွန်တော့်ရဲ့ အဆင့်မြင့် ထုတ်လုပ်ရေး လိုင်းကို ဝယ်ချင်တယ် ဆိုတာက စျေး အရမ်း နည်းလွန်းမနေဘူးလား..."

ဆွန်ဖုန်းက ဟယ်ရီဆင်ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

ဆွန်ဖုန်း၏ စကားကို ကြားသောအခါ ဟယ်ရီဆင်၏ ဒေါသထွက်နေသော မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ပြောလိုက်လေသည်။

"မစ္စတာဆွန် ရဲ့ သဘောက စျေးနှုန်းက မစ္စတာဆွန် ကျေနပ်လောက်တဲ့ အထိ ဆိုရင် ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးလို့ ရတယ် ဆိုတဲ့ သဘောပေါ့..."

ဟယ်ရီဆင်မှာ မိုက်မဲသူ တစ်ယောက် မဟုတ်ချေ။ ဆွန်ဖုန်း၏ စကားကို သူ ကောင်းစွာ နားလည်လေသည်။

"ဟုတ်ပါတယ်..."

ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။ စျေးနှုန်း အဆင်ပြေပါက တစ်ဖက်လူကို ထုတ်လုပ်ရေး လိုင်း တစ်ခု ရောင်းလိုက်လျှင်လည်း ဘာဖြစ်မည်နည်း။

ဤနည်းပညာမှာ တစ်ဖက်လူကို ထုတ်လုပ်ရေး လိုင်း ရောင်းလိုက်လျှင်ပင် နောက်ထပ် ထုတ်လုပ်ရေး လိုင်း အသစ် တစ်ခုကို သူတို့ဘာသာ ကူးယူ တည်ဆောက်နိုင်မည် မဟုတ်ချေ။

အကယ်၍ တည်ဆောက်နိုင်မည် ဆိုလျှင်ပင် အနည်းဆုံး နှစ် ၂၀ ခန့် ကြာမြင့်မည် ဖြစ်ပြီး ထိုအချိန်မှာ အမြန်ဆုံး အချိန် ဖြစ်လေသည်။

"မစ္စတာဆွန် က စျေး ဘယ်လောက် ခေါ်ချင်လို့လဲ..."

ဟယ်ရီဆင်က ထပ်မံ မခန့်မှန်းချင်တော့ဘဲ ဆွန်ဖုန်းကို တိုက်ရိုက် မေးလိုက်လေသည်။ ဆွန်ဖုန်း၏ စျေးနှုန်းကို သူ သိချင်နေလေသည်။ အကယ်၍ တစ်ဖက်လူက အလွန်အမင်း စျေးကြီး မခေါ်ပါက သူတို့ ကုမ္ပဏီ အနေဖြင့် စဉ်းစားပေးနိုင်လေသည်။

ဆွန်ဖုန်းက ဘာမှ မပြောဘဲ လက်ညိုး တစ်ချောင်း ထောင်ပြလိုက်လေသည်။

"ယွမ် ၁ ဘီလီယံ အပြင် နောက်ထပ် ယွမ် ၁၀ သန်း ထပ်တိုးပေးရမလား..."

ဟယ်ရီဆင်က ဆွန်ဖုန်း၏ လက်ညိုးကို ကြည့်ကာ တိုးတိုးလေး မေးလိုက်လေသည်။

ဆွန်ဖုန်းက ခေါင်းခါပြလိုက်လေသည်။

"နောက်ထပ် ယွမ် သန်း ၁၀၀ ထပ်တိုးပေးရမလား..."

ဟယ်ရီဆင်က ဆွန်ဖုန်း ခေါင်းခါသည်ကို မြင်သောအခါ သွားကြိတ်ကာ မေးလိုက်လေသည်။ အကယ်၍ တစ်ဖက်လူက နောက်ထပ် ယွမ် သန်း ၁၀၀ ထပ်တိုးပေးရန် တောင်းဆိုပါက သူတို့ ကုမ္ပဏီ အနေဖြင့် လက်ခံနိုင်ဖွယ် ရှိလေသည်။

"No... No... No..."

ဆွန်ဖုန်းက ရယ်မောကာ ခေါင်းခါပြရင်း ပြောလိုက်လေသည်။

"ဒါဆို မစ္စတာဆွန် ရဲ့ သဘောက ခင်ဗျားရဲ့ ထုတ်လုပ်ရေး လိုင်းက ဘယ်လောက် တန်တယ်လို့ ထင်လို့လဲ..."

ဟယ်ရီဆင်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားလေသည်။

"အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ..."

ဆွန်ဖုန်းက ဟယ်ရီဆင်ကို မာယာပါပါ ပြုံးပြရင်း ပြောလိုက်လေသည်။

"ရှူး... ဒေါ်လာ ၁၀ ဘီလီယံ... မစ္စတာဆွန်... ကျွန်တော် နားကြား မမှားဘူး မဟုတ်လား... ဒါမှမဟုတ် ခင်ဗျားက ငွေရူး ရူးနေတာလား..."

ဟယ်ရီဆင်၏ မျက်နှာတွင် ဒေါသ အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ သူတို့ ကုမ္ပဏီ တစ်ခုလုံး၏ တန်ဖိုးမှာပင် ဒေါ်လာ ၁၀ ဘီလီယံ မပြည့်ချေ။ တစ်ဖက်လူက ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုခြင်းမှာ သူ့ကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် ဖြစ်သည် မဟုတ်ပါလား။

"ခင်ဗျား နားကြား မမှားပါဘူး... စျေးက ဒါပဲလေ... ဝယ်ချင် ဝယ်... မဝယ်ချင် နေ... ကျွန်တော်က မရောင်းဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးနော်... ဟားဟား..."

ဆွန်ဖုန်းက ထိုအမေရိကန် လူမျိုး၏ မျက်နှာမှာ ချီးစားထားသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားလေသည်။

"မင်း..."

ဟယ်ရီဆင်သည် ဆွန်ဖုန်းက သူ့ကို စော်ကားလိုက်မှန်း သိလိုက်သဖြင့် ဒေါသထွက်လွန်း၍ စကားပင် ဆက်မပြောနိုင်အောင် ဖြစ်သွားလေသည်။

"Fk... သွားမယ်..."

ဟယ်ရီဆင်သည် တစ်ဖက်လူက ထုတ်လုပ်ရေး လိုင်းကို ရောင်းချမည် မဟုတ်ကြောင်း သေချာသွားသဖြင့် ဒေါသတကြီးဖြင့် သူ၏ လက်အောက်ငယ်သား နှစ်ဦးကို ခေါ်ကာ ထွက်သွားလေတော့သည်။

"အေး... ဒါနဲ့... နောက်တစ်ခါ ကျွန်တော့်ရဲ့ အထူးသံမဏိ လာဝယ်မယ် ဆိုရင် ဖိတ်ခေါ်ပါတယ်နော်... ခင်ဗျားတို့ ကုမ္ပဏီကို ဈေးကွက် ပေါက်ဈေးရဲ့ ၁၂၀ ရာခိုင်နှုန်း နဲ့ ရောင်းပေးပါ့မယ်..."

ဆွန်ဖုန်းက ဒေါသတကြီး ထွက်သွားသော ဟယ်ရီဆင်ကို နောက်မှ လှမ်းအော်ကာ သတိပေးလိုက်လေသည်။

"ဖူး..."

ဆွန်ဖုန်း၏ ဘေးတွင် ထိုင်နေသော လျန်ယင်းမှာ ထိုစကားကို ကြားသောအခါ ပါးစပ်ထဲရှိ ကော်ဖီများပင် သီးထွက်မတတ် ဖြစ်သွားလေသည်။ ဟယ်ရီဆင် မှာမူ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားလေသည်။

"ကိုဖုန်း... ရှင်ကတော့ တကယ်ကို ရက်စက်တာပဲ... သူ့ကို မရောင်းချင်ရင်တောင် ဒီလောက်ကြီး ဒေါသထွက်အောင် လုပ်စရာ မလိုပါဘူး..." လျန်ယင်းက ဆွန်ဖုန်းကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ဟီးဟီး... သူတို့က ကိုယ့်ရဲ့ အထူးသံမဏိကို အကြံအစည် ရှိနေမှတော့ သူတို့ ဒေါသထွက်ပြီး သေသွားပါစေတော့..." ဆွန်ဖုန်းက အပြစ်ကင်းစင်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။

"သွားမယ်... အလုပ်ဆင်းရင် ကိုယ် မင်းကို ရေပူစမ်း သွားစိမ်ဖို့ ခေါ်သွားမယ်..."

ဆွန်ဖုန်းမှာ စိတ်ခံစားချက် အလွန် ကောင်းမွန်နေလေသည်။ အမေရိကန် လူမျိုးများကို ဒေါသထွက်အောင် လုပ်လိုက်ရသဖြင့် သူ အလွန် ပျော်ရွှင်နေလေသည်။

"ဟေး... ကောင်းလိုက်တာ... အလုပ်ဆင်းတာနဲ့ သွားကြမယ်လေ..."

လျန်ယင်းက ဝမ်းသာအားရ ပြောလိုက်လေသည်။ တစ်နေ့လုံး အလုပ်လုပ်ပြီးနောက် ရေပူစမ်း စိမ်ရသည်မှာ တစ်နေ့တာ ပင်ပန်းသမျှ ပြေပျောက်သွားစေမည် မဟုတ်ပါလား။

လျန်ယင်းက အလုပ်များကို ဆက်လက် လုပ်ဆောင်နေပြီး ဆွန်ဖုန်းကမူ သတင်းများကို ဆက်လက် ဖတ်ရှုနေလေသည်။ နောက်ရက် အနည်းငယ် အကြာတွင် သူသည် တောင်တရုတ်ပင်လယ်သို့ သွားရောက်ကာ ပါလာဝမ် ကျွန်း အနောက်မြောက်ဘက်ရှိ ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ပူးပေါင်း တူးဖော်မည့် ကမ်းလွန် ရေနံမြေသေးသေးလေးကို သွားရောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။

ဤကဲ့သို့ ခိုးယူသည့် အလုပ်ကို ဆွန်ဖုန်းက အလွန် သဘောကျလေသည်။ သူ့တွင် ပြိုင်ဘက်ကင်းသော စနစ်ကြီး ရှိနေသည် မဟုတ်ပါလား။ ထို့အပြင် ထိုဖိလစ်ပိုင်များက အလုပ်မရှိ အလုပ်ရှာကာ ထိုသတင်းကို သတင်းစာထဲ ထည့်လိုက်သဖြင့် ဆွန်ဖုန်း အတွက် အလွန် အခွင့်ကောင်း ဖြစ်သွားလေသည်။

လတ်တလောတွင် ပင်လယ်ထဲ နှစ်ကြိမ် ဆင်းခဲ့သော်လည်း မည်သည့် သတ္တုကြောမှ မတွေ့ခဲ့ရသဖြင့် သူ ဒေါသထွက်နေသည်ကို ထိုဖိလစ်ပိုင်များ မသိကြချေ။ သူတို့ ကံမကောင်းတာပဲ ခံကြတော့ပေါ့။

ဆွန်ဖုန်းက ဆုံးဖြတ်လိုက်လေပြီ။ နောင်တွင် မည်သည့် သတ္တုတွင်း သူဌေးက သူ့ကို လာရောက် စော်ကားသည်ဖြစ်စေ သူ၏ သတ္တုတွင်းများကို ပြောင်သလင်းခါအောင် ခိုးယူပစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။

"ငါ့ကို လာမစမ်းနဲ့... ဟားဟားဟား..."

ဆွန်ဖုန်းက အလွန် မာယာပါပါဖြင့် ရယ်မောလိုက်လေသည်။

ညဘက်တွင် ဆွန်ဖုန်းနှင့် လျန်ယင်းတို့ ညစာ စားပြီးနောက် ရေပူစမ်း သွားစိမ်ကြလေသည်။ မိန်းမချောလေး တစ်ယောက်လည်း အဖော်ပါလာရာ ဘဝ၏ အရသာကို အပြည့်အဝ ခံစားနေရလေတော့သည်။

All Chapters