အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) ပါလာဝမ် ကျွန်း
ရက်အနည်းငယ်ခန့် အလုပ်များနေပြီးနောက် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်သို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
နံနက်ခင်းတွင် လျန်ယင်း သေချာ ပြင်ဆင်ပေးထားသော နံနက်စာကို စားပြီးနောက် ဆွန်ဖုန်းသည် ဖာရာရီကားကို မောင်းနှင်ကာ ဟိုင်ယန်မြို့ရှိ အပန်းဖြေစခန်းသို့ သွားခဲ့လေသည်။ ဆယ်မိနစ်ကျော် အကြာတွင် ဆွန်ဖုန်းသည် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိသွားလေသည်။
"ပစ်မှတ်... တောင်တရုတ်ပင်လယ်က ပါလာဝမ် ကျွန်း အနောက်မြောက်ဘက် ပင်လယ်ပြင်..."
ဆွန်ဖုန်းက အသံလက်ထောက်အား တိုက်ရိုက် အမိန့်ပေးလိုက်လေသည်။
အသံလက်ထောက်က ဆွန်ဖုန်း၏ အမိန့်ကို လက်ခံရရှိပြီးနောက် ရေငုပ်စစ်ဝတ်စုံသည် တောင်တရုတ်ပင်လယ်ရှိ ပါလာဝမ် ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားလေတော့သည်။
၃ နာရီကျော် အကြာတွင် ဆွန်ဖုန်းသည် ပါလာဝမ် ကျွန်း၏ မြောက်ဘက် ပင်လယ်အော်သို့ ရောက်ရှိသွားလေသည်။ ရေငုပ်စစ်ဝတ်စုံ၏ အမြန်နှုန်းမှာ တကယ်ကို ချီးကျူးစရာ ကောင်းလှသည်။
ပါလာဝမ် ကျွန်းသည် ဖိလစ်ပိုင် နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိသော အရှည်လိုက် ကျွန်းတစ်ကျွန်း ဖြစ်ပြီး ၎င်း၏ သဘာဝ အလှအပများနှင့် စွန့်စားရသည့် နေရာများကြောင့် ကမ္ဘာလှည့် ခရီးသည် အများအပြားကို ဆွဲဆောင်လျက် ရှိလေသည်။
အမေဇုန် တောအုပ်နှင့် ဆင်တူသော ဤကျွန်း၏ အတွင်းပိုင်း ဒေသမှာ ဖိလစ်ပိုင် နိုင်ငံ၏ နောက်ဆုံး ကျန်ရှိနေသော ဂေဟစနစ် အသန့်ရှင်းဆုံး နေရာ တစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း ကျွန်းငယ်လေးများ တစ်ထောင်ကျော် ရှိသဖြင့် ပင်လယ်ဘေးရှိ နတ်ဘုံလေး တစ်ခုဟုပင် တင်စား ခေါ်ဝေါ်ကြလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဆွန်ဖုန်းသည် ဤပင်လယ်ပြင်တွင် တန်ချိန် သန်း ၃၀၀ ခန့်ရှိသော ရေနံမြေသေးသေး တစ်ခု ရှိကြောင်း သတင်းများမှ တစ်ဆင့် သိခဲ့ရသည်။
သို့သော် သတင်းများတွင် ပါလာဝမ် ကျွန်း အနောက်မြောက်ဘက် ပင်လယ်ပြင် အနီးတွင်ဟုသာ ဖော်ပြထားသဖြင့် တိကျသော နေရာကိုမူ ဆွန်ဖုန်း မသိချေ။
"ကြည့်ရတာ ငါ့ဘာသာ လိုက်ရှာရတော့မယ် ထင်တယ်..."
ဆွန်ဖုန်းသည် ရေထဲတွင် ငုပ်လျှိုးနေရင်း အဆုံးအစ မရှိသော ပင်လယ်ပြင်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။
"ရှာဖွေရေး စနစ်ကို ဖွင့်လိုက်... ရေနံမြေကို စရှာမယ်..."
ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ..."
အသံလက်ထောက်က ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေရေး စနစ်ကို ဖွင့်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ရေငုပ်စစ်ဝတ်စုံ၏ ဖန်သားပြင်ပေါ်တွင် ကီလိုမီတာ ၃၅၀ ပတ်လည် အတွင်းရှိ အချက်အလက်များ အားလုံး အသေးစိတ် ပေါ်လာလေသည်။
ယခင်က အာကာသ ဥက္ကာပျံ စွမ်းအင်တုံးကို တွေ့ရှိခဲ့သဖြင့် ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေနိုင်စွမ်းမှာ ကီလိုမီတာ ၅၀ မှ ၃၅၀ သို့ ပေါက်ကွဲထွက်မတတ် အဆင့်မြှင့်တင်နိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ယခုအခါ ကီလိုမီတာ ၃၅၀ ပတ်လည် အတွင်းရှိ အရေးကြီးသော အရာ အားလုံးကို တစ်ပြိုင်နက်တည်း ပြသပေးနိုင်နေပြီ ဖြစ်လေသည်။
"ကဲ... သွားမယ်... စပြီး ရှာကြစို့..."
ရှာဖွေရေး စနစ်ကို ဖွင့်ပြီးနောက် ဆွန်ဖုန်းသည် ဤပင်လယ်ပြင်တွင် လှည့်လည်ကာ ထိုရေနံမြေသေးသေးလေးကို စတင် ရှာဖွေလေတော့သည်။ သူသည် ထိုရေနံမြေကို တွေ့ရှိပါက တူးဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ ပင်လယ်ကြမ်းပြင်တွင် တစ်လက်မမကျန် လိုက်လံ ရှာဖွေနေလေသည်။ ဤပင်လယ်ပြင်တွင် ကျွန်းငယ်လေးများ အများအပြား ရှိပြီး ပါလာဝမ် ကျွန်း၏ ကမ်းလွန်ပင်လယ်ပြင် ဖြစ်သဖြင့် ရေအနက် သိပ်မရှိလှချေ။
"လခွီး... အခုထိ မတွေ့သေးဘူးလား..."
ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံဖြင့် တစ်ရက်နီးပါး ရှာဖွေခဲ့သော်လည်း သတင်းများတွင် ဖော်ပြထားသော ရေနံမြေသေးသေးလေးကို မတွေ့ရသေးသဖြင့် အနည်းငယ် စိတ်မရှည် ဖြစ်လာလေသည်။
ယခုအခါ ရှာဖွေရေး စနစ်မှာ အလွန် အစွမ်းထက်နေပြီ ဖြစ်ပြီး ကီလိုမီတာ ၃၅၀ ပတ်လည် အထိ ရှာဖွေနိုင်နေပြီ မဟုတ်ပါလား။
ဆွန်ဖုန်း လက်လျှော့တော့မည် အလုပ်တွင် သတိပေးသံ တစ်ခု ထွက်ပေါ်လာကာ သူ့ကို ကြီးမားသော အံ့အားသင့်မှု တစ်ခု ပေးလိုက်လေသည်။
"တီ... တီ... တီ... ရှေ့ဘက် ကီလိုမီတာ ၃၀၀ အကွာမှာ ရေနံမြေ တစ်ခုကို တွေ့ရှိပါတယ်... အသေးစိတ် စစ်ဆေးနေပါတယ်... စစ်ဆေးမှု ပြီးဆုံးပါပြီ... ရေနံ ဖြစ်ပါတယ်... သိုလှောင်ပမာဏ တန်ချိန် ၃၁၁.၂ သန်း ရှိပါတယ်..."
အသံလက်ထောက်၏ အစီရင်ခံသံကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း၏ ညှိုးနွမ်းနေသော မျက်နှာမှာ ချက်ချင်း ဝင်းလက်သွားလေသည်။
"တကယ်ကို ဖိနပ်ပေါက်မတတ် ရှာနေတာတောင် မတွေ့ဘဲ မတော်တဆ တွေ့သွားတာပဲ... နောက်ဆုံးတော့ ကိုယ်မင်းကို တွေ့ပြီပေါ့..."
ဆွန်ဖုန်းမှာ အော်ဟစ်ချင်စိတ်ပင် ပေါက်သွားလေသည်။
"သွား... အဲဒီကို တိုက်ရိုက် သွားမယ်..."
ဆွန်ဖုန်း၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေလေသည်။ သူတစ်ပါး ပစ္စည်းကို ခိုးယူရသည်မှာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်ပါလား။ သူတစ်ပါး ထမင်းက ပိုမွှေးပြီး သူတစ်ပါး မိန်းမက ပိုလှတယ် ဆိုတဲ့ စကားလည်း ရှိတယ်လေ။ ဟီးဟီး...
နာရီဝက်ပင် မကြာလိုက်ချေ။ ဆွန်ဖုန်းသည် ပစ်မှတ် နေရာသို့ ရောက်ရှိသွားလေသည်။
ဤပင်လယ်ပြင်မှာ ကီလိုမီတာ ၃၀ ခန့် အကွာတွင် လူသူ ကင်းမဲ့သော ကျွန်းငယ်လေး တစ်ကျွန်း ရှိပြီး ရေအနက်မှာ မီတာ ၈၀၀ ခန့်သာ ရှိလေသည်။ အတော်လေး တိမ်သော ပင်လယ်ပြင်ဟု ဆိုရပေမည်။ ပါလာဝမ် ကျွန်း၏ ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၁၀၀ ကျော်ခန့် ဝေးကွာလေသည်။
ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ပြီးနောက် ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။ ဤနေရာမှာ လွန်ခဲ့သော ရက်အနည်းငယ်က သတင်းများတွင် ဖော်ပြထားသော ရေနံမြေသေးသေးလေးပင် ဖြစ်ကြောင်း သေချာသွားလေပြီ။
"ဒီရေနံမြေလေးကို အသေးစိတ် စစ်ဆေးကြည့်စမ်း..." ဆွန်ဖုန်းက အမိန့်ပေးလိုက်လေသည်။
"စစ်ဆေးနေပါတယ်... စစ်ဆေးမှု ပြီးဆုံးပါပြီ... ဒီရေနံမြေလေးရဲ့ သိုလှောင်ပမာဏ က တန်ချိန် ၃၁၁.၂ သန်း ရှိပါတယ်... မြေအောက် မီတာ ၁၂၀ အနက်မှာ တည်ရှိပြီး ၅ ကီလိုမီတာ ပတ်လည် ကျယ်ဝန်းပါတယ်... စတုဂံ ပုံစံ ရှိပါတယ်..."
အသံလက်ထောက်၏ အစီရင်ခံချက်ကို ကြားပြီးနောက် ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။ ဖန်သားပြင်ပေါ်ရှိ မြေပုံ အရ ဤပင်လယ်ပြင် အောက်တွင် ရေအောက် မြေနိမ့်ပိုင်းလေး တစ်ခု ရှိနေသဖြင့် ရေနံများ ဖြစ်ပေါ်နေခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
"ဟီးဟီး... ငါတို့ ရေနံ စတူးကြတာပေါ့... ပြောရမယ် ဆိုရင် ငါက ရေနံ တစ်ခါမှ မတူးဖူးသေးဘူး... တွေးကြည့်ရုံနဲ့တောင် စိတ်လှုပ်ရှားစရာပဲ..." ဆွန်ဖုန်းက ဝမ်းသာအားရ ပြောလိုက်လေသည်။
"ခဏလေးပါ... ခြောက်နာရီ အရပ်၊ တစ်ကီလိုမီတာ အကွာမှာ လူသားတွေရဲ့ ကမ်းလွန် ရေနံ တူးဖော်ရေး စင်မြင့် တစ်ခုကို တွေ့ရှိပါတယ်..."
အသံလက်ထောက်က သတိပေးလိုက်လေသည်။
"ဘာ... ကမ်းလွန် ရေနံ တူးဖော်ရေး စင်မြင့် ဟုတ်လား... ဒါဆို ဖိလစ်ပိုင်တွေနဲ့ အမေရိကန်တွေက စပြီး တူးဖော်နေကြပြီပေါ့..."
တစ်ကီလိုမီတာ အကွာတွင် ရေနံ တူးဖော်ရေး စင်မြင့် တစ်ခု ရှိနေသည်ကို ကြားသောအခါ ဆွန်ဖုန်းမှာ အလွန် အံ့ဩသွားလေသည်။ အဘယ်ကြောင့်ဆိုသော် သတင်းများ အရ ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှာ ယခုမှ စတင် ပူးပေါင်းခြင်း ဖြစ်ပြီး တူးဖော်ရေး မစတင်သေးကြောင်း သူ သိထားသောကြောင့် ဖြစ်လေသည်။ ယခု ဤနေရာသို့ ရောက်သောအခါ တစ်ဖက်လူတွင် ကမ်းလွန် ရေနံ တူးဖော်ရေး စင်မြင့်ပင် ရှိနေပြီ ဖြစ်ရာ သူ မအံ့ဩဘဲ နေမည်လား။
"သတင်းပို့ပါတယ်... တစ်ဖက်လူက စတင် တူးဖော်ခြင်း မရှိသေးပါဘူး... လက်ရှိမှာ ကမ်းလွန် တူးဖော်ရေး စင်မြင့် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာပါ..."
အသံလက်ထောက်၏ ရှင်းပြချက်ကို ကြားပြီးနောက် ဆွန်ဖုန်းမှာ သက်ပြင်းချလိုက်မိလေသည်။ မတူးဖော်ရသေးလျှင် တော်သေးသည်။ သူ့တွင် ရေအောက် တူးဖော်ရေး စနစ်ကြီး ရှိနေပြီ ဖြစ်ရာ ဤကဲ့သို့ ရေနံမြေသေးသေးလေးကို တူးဖော်ရန်မှာ ရက်အနည်းငယ်သာ ကြာမည် ဖြစ်လေသည်။
"သွား... အခြေအနေ ဘယ်လို ရှိလဲ သွားကြည့်ရအောင်..."
ဆွန်ဖုန်းက စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ..."
ထို့နောက် ရေငုပ်စစ်ဝတ်စုံသည် ပင်လယ်ကြမ်းပြင်မှနေ၍ ခြောက်နာရီ အရပ်၊ တစ်ကီလိုမီတာ အကွာရှိ နေရာသို့ ငုပ်လျှိုး သွားလေတော့သည်။
ရေနံ တူးဖော်ရေး အစောပိုင်း ကာလများတွင် မြေအောက် တူးဖော်ရေး တွင်းများ တူးဖော်လေ့ ရှိခဲ့ကြသည်။ အလွန် နက်ရှိုင်းသော ရေနံမြေများကို တူးဖော်ရန် အတွက် ရေနံတွင်းတူးစက်များကို အသုံးပြုရသည်။ ပင်လယ်ကြမ်းပြင် အောက်ရှိ ရေနံမြေများကိုမူ ရေနံ တူးဖော်ရေး စင်မြင့်များကို အသုံးပြု၍ တူးဖော်ရလေသည်။
ပင်လယ်ထဲတွင် ရေနံ တူးဖော်မည် ဆိုပါက ကမ်းလွန် တူးဖော်ရေး စင်မြင့်ကို အရင် တည်ဆောက်ပြီးမှသာ တူးဖော်နိုင်မည် ဖြစ်လေသည်။ ဤရေနံမြေမှာ ၃ ကီလိုမီတာခန့် ကျယ်ဝန်းပြီး စတုဂံ ပုံစံ ရှိသဖြင့် တစ်ဖက်လူက တစ်ကီလိုမီတာ အကွာတွင် စင်မြင့် တည်ဆောက်ခြင်းမှာလည်း သဘာဝကျလေသည်။
မကြာမီမှာပင် ဆွန်ဖုန်းသည် တည်ဆောက်ဆဲ ဖြစ်သော ရေနံ တူးဖော်ရေး စင်မြင့် အနီးသို့ ရောက်ရှိသွားပြီး ရေငုပ်စစ်ဝတ်စုံ၏ ဖန်သားပြင်မှ တစ်ဆင့် ထိုစင်မြင့်၏ အသွင်အပြင် အစစ်အမှန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
"အော်... တစ်ပိုင်းရေငုပ် ရေနံ တူးဖော်ရေး စင်မြင့်ပဲ... အခုဆိုရင် အတော်များများ တည်ဆောက်ပြီးနေပြီ..."
ဆွန်ဖုန်းက ဖန်သားပြင်မှ တစ်ဆင့် ဖိလစ်ပိုင်များနှင့် အမေရိကန်များ တည်ဆောက်နေသော စင်မြင့်ကို ကြည့်ရင်း ပြောလိုက်လေသည်။
"ကြည့်ရတာ နှစ်ဖက် ကုမ္ပဏီတွေက သဘောတူညီချက် ရထားတာ ကြာပြီ ထင်တယ်... စင်မြင့်တောင် အတော်များများ ပြီးနေပြီ... သတင်းစာထဲမှာ အခုမှ ပါလာတယ်..."
ဆွန်ဖုန်းက ကိုယ့်ဘာသာ ပြောလိုက်လေသည်။ သေချာသည်မှာ ပင်လယ်ထဲတွင် ရေနံ တူးဖော်ရေး စင်မြင့် တည်ဆောက်ရန်မှာ အရွယ်အစား မည်မျှပင် ဖြစ်စေ အချိန် အတော်ကြာ ယူရသည် မဟုတ်ပါလား။
အကြီးစား ကမ်းလွန် ရေနံ တူးဖော်ရေး စင်မြင့် တစ်ခု တည်ဆောက်ရန် ဆိုပါက နှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပြီး အသေးစား စင်မြင့် ဆိုလျှင်ပင် အချိန် အတော်ကြာ ယူရမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်မှာ အဆင့်မြင့် နည်းပညာများ လိုအပ်သောကြောင့် ဖြစ်လေသည်။