အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) ရေနံ ရေနံ
"တစ်ဖက်လူက ရေနံစပြီး မတူးရသေးဘူးဆိုတော့ ကျွန်တော်တို့ အရင်ဆုံး ဝင်ဆွဲလိုက်ကြတာပေါ့"
ဆွန်ဖုန်းသည် ဤတစ်ခေါက် လာရသည်မှာ လုံးဝ အချည်းနှီး မဖြစ်စေရဟု ဆုံးဖြတ်ထားလေသည်။
"သွား... ခုနက နေရာကို ပြန်သွားပြီး ရေနံ စတူးကြမယ်"
ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ ခုနက နေရာသို့ ပြန်သွားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ရေနံတူးဖော်ရန် အသင့်တော်ဆုံး နေရာဖြစ်ကြောင်း အသံလက်ထောက်က ပြောထားသောကြောင့် ဖြစ်သည်။
"ဒါနဲ့ ရေနံတူးဖော်တာနဲ့ တခြား သတ္တုတွင်းတွေ တူးဖော်တာ သုံးတဲ့ စက်ကိရိယာတွေက အတူတူပဲလား"
လမ်းတွင် ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်လေသည်။ သံသတ္တုတွင်း တူးဖော်ခြင်းနှင့် ရေနံ တူးဖော်ခြင်းမှာ မတူညီကြောင်း သူ သိထားသည်။ သံသတ္တုရိုင်းမှာ ကျောက်ခဲဖြစ်ပြီး ရေနံမှာမူ အရည် ဖြစ်လေသည်။
"ဘယ်တူပါ့မလဲ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ S အဆင့် ရေနံစုပ် စက်ကိရိယာတွေကို သုံးရမှာပေါ့"
အသံလက်ထောက်က ဖြေလိုက်လေသည်။
"S အဆင့် ရေနံစုပ် စက်ကိရိယာ ဟုတ်လား"
"ဟုတ်ပါတယ် ဒီကိရိယာက S အဆင့် တူးဖော်ရေး စက်တွေလိုမျိုး တွင်းတူးပြီးမှ အောက်ဆင်းရတဲ့ အလုပ်ရှုပ်တဲ့ အဆင့်တွေ မလိုပါဘူး သူ့ရဲ့ အလုပ်လုပ်ပုံက ခင်ဗျားတို့ ကမ္ဘာပေါ်က ခြင်တွေနဲ့ နည်းနည်း ဆင်တူတယ် ခဏနေကျရင် ကျွန်တော်တို့က သူတို့ကို ပင်လယ်ကြမ်းပြင်ပေါ်မှာ ချပေးလိုက်ရုံပဲ သူတို့က ရေနံစုပ်ပိုက်ကို မြေကြီးထဲ တိုက်ရိုက် ထိုးသွင်းပြီး ရေနံကြောထဲ ရောက်တာနဲ့ ရေနံတွေကို စုပ်ယူပေးမှာ ဖြစ်ပါတယ်"
"အော်... တကယ် မိုက်တာပဲ"
ဆွန်ဖုန်းမှာ အနည်းငယ် စိတ်ဝင်စားသွားပြီး ထိုစက်ကိရိယာများ မည်သို့ အလုပ်လုပ်သည်ကို သေချာ ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။ မကြာမီမှာပင် ဆွန်ဖုန်းသည် ခုနက နေရာသို့ ပြန်ရောက်သွားလေသည်။
"ငါတို့ ဒီလို ခိုးတူးနေတာကို သူများတွေ သိသွားနိုင်လား"
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ခြောက်နာရီ အရပ်၊ တစ်ကီလိုမီတာ အကွာတွင် ရေနံတူးဖော်ရေး စင်မြင့် တည်ဆောက်နေသူများ ရှိနေပြီး အကွာအဝေးမှာလည်း အလွန် နီးကပ်လွန်းနေသောကြောင့် ဖြစ်သည်။
ဤအချက်ကို ဆွန်ဖုန်း အနည်းငယ် စိုးရိမ်နေမိသည်။ ခဏနေ ရေနံတူးဖော်ပါက အသံဗလံများ ထွက်ပေါ်လာမည်မှာ သေချာလှပေသည်။
"စိတ်ချပါ ပိုင်ရှင် ခဏနေကျရင် ကျွန်တော်တို့ အကာအကွယ် စနစ်ကို ဖွင့်လိုက်မှာပါ ကျွန်တော်တို့ တိတ်တိတ်လေး လုပ်မှာဆိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး ပြီးတော့ ဒီနေရာက ရေအနက် ၈၀၀ မီတာ ရှိပါတယ် စိတ်ချလက်ချသာ နေပါ"
အသံလက်ထောက်က မျက်လုံးလှန်ကာ ပြောလိုက်လေသည်။
"မင်း အဲဒီလို ပြောရင်လည်း ပြီးတာပါပဲကွာ"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"အကာအကွယ် စနစ်ကို ဖွင့်လိုက်"
ဆွန်ဖုန်းက အမိန့်ပေးလိုက်လေသည်။
ရေငုပ်စစ်ဝတ်စုံက ဆွန်ဖုန်း၏ အမိန့်ကို လက်ခံရရှိပြီးနောက် သာမန် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းလုံးတစ်ခု ထွက်ပေါ်လာကာ ကီလိုမီတာ တစ်ဝက်ခန့် ကျယ်ဝန်းသော အကာအကွယ် စက်ကွင်းကြီး တစ်ခု ချက်ချင်း ပွင့်လာလေသည်။
ဤစက်ကွင်းမှာ အသံများကို တားဆီးပေးနိုင်စွမ်း ရှိသည့်အပြင် အပြင်ဘက်မှ ရှာဖွေမှုများနှင့် အမြင်အာရုံများကိုပါ ကာကွယ်ပေးနိုင်လေသည်။
ဆိုလိုသည်မှာ ဤစက်ကွင်းကို ဖွင့်လိုက်ပါက သင်သည် ပင်လယ်ကြမ်းပြင်တွင် ရှိနေစေကာမူ အတွင်းပိုင်း အခြေအနေကို လုံးဝ မြင်တွေ့ရမည် မဟုတ်ဘဲ ပင်လယ်ရေများကိုသာ မြင်တွေ့ရမည် ဖြစ်လေသည်။
"အကာအကွယ် စနစ် ဖွင့်ပြီးပါပြီ အခြေအနေ အားလုံး ပုံမှန်ပါပဲ"
"S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးနဲ့ အကူ ဉာဏ်ရည်တု စက်ရုပ် ၃၀၀ ကို ထုတ်လိုက်"
ဆွန်ဖုန်းက ဆက်လက် အမိန့်ပေးလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးနှင့် ဉာဏ်ရည်တု စက်ရုပ် ၃၀၀ တို့မှာ သိုလှောင်ရုံ အတွင်းမှ ထွက်ပေါ်လာလေသည်။
ဆွန်ဖုန်း၏ ရှေ့တွင် S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံး တန်းစီ၍ ရပ်နေကြလေသည်။
ဤစက်ကိရိယာများ၏ အရွယ်အစားမှာ ခရီးသည်တင် လေယာဉ်ပျံကြီး တစ်စီးထက် အဆအနည်းငယ်ခန့် ပိုမို ကြီးမားလှသည်။
စက်ရုပ်ခြေတံ ၈ ချောင်း၊ မီးမောင်းကြီး ၄ လုံး ပါရှိပြီး ပင်လယ်ကြမ်းပြင်ကို အလွန် လင်းထိန်နေအောင် ထွန်းလင်းပေးထားလေသည်။
၎င်း၏ ပုံသဏ္ဌာန်မှာ ဧရာမ ပင့်ကူကြီး တစ်ကောင်နှင့် ဆင်တူလှပြီး အထူးသဖြင့် စက်ရုပ်ခြေတံ ၈ ချောင်းမှာ ပို၍ပင် တူလေသည်။ ဤဧရာမ သံမဏိ သတ္တဝါကြီး၏ ဝမ်းဗိုက်တွင်မူ ရေနံစုပ်ပိုက် တစ်ခု ပါရှိလေသည်။
ထိုရေနံစုပ်ပိုက်မှာ မြေကြီးထဲသို့ တိုက်ရိုက် ထိုးသွင်းကာ ရေနံကြောထဲမှ ရေနံများကို စုပ်ယူရန် အသုံးပြုခြင်း ဖြစ်သည်။ ပိုက်လုံးမှာ အလွန် ကြီးမားပြီး အချင်း ၅ မီတာခန့် ရှိလေသည်။
အရှည်မှာမူ အသံလက်ထောက်၏ ရှင်းပြချက် အရ မီတာ ၁၀၀၀၀ အထိ ဆန့်ထွက်နိုင်သည်ဟု ဆိုလေသည်။ ဆိုလိုသည်မှာ မြေအောက် မီတာ ၁၀၀၀၀ အနက် အထိ ထိုးသွင်းနိုင်ပြီး ထိုအနက်ရှိ သယံဇာတများကို တူးဖော်နိုင်စွမ်း ရှိလေသည်။
"အမလေး... တကယ် မိုက်တာပဲ"
ဆွန်ဖုန်းမှာ ထိုအကြောင်းကို ကြားပြီး အံ့ဩသွားလေသည်။
"သတင်းပို့ပါတယ် ပိုင်ရှင် တူးဖော်မှု စတင်လို့ ရပါပြီ"
အသံလက်ထောက်က သတိပေးလိုက်လေသည်။
"ကောင်းပြီ... တူးဖော်ရေး စတင်လိုက်"
"ဝုန်း... ဝုန်း..."
S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးသည် ဉာဏ်ရည်တု နေရာရှာဖွေရေး စနစ်ဖြင့် ရေနံစုပ်ရန် အသင့်တော်ဆုံး နေရာများကို ရှာဖွေကာ ထိုနေရာများသို့ သွားရောက်ပြီး ရေနံ စတင် တူးဖော်ရန် ပြင်ဆင်ကြလေသည်။
အကူ ဉာဏ်ရည်တု စက်ရုပ် ၃၀၀ ကလည်း စတင် အလုပ်လုပ်ကြလေသည်။ သူတို့သည် သယ်ယူပို့ဆောင်ရေး ပိုက်လိုင်းများ လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို တာဝန်ယူရခြင်း ဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် သူတို့အတွက် အလုပ် သိပ်မရှိလှချေ။
S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံး၏ နောက်ပိုင်းတွင် ပိုက်လိုင်း တစ်ခုစီ ပါရှိပြီး ဆွန်ဖုန်း၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာလေသည်။ ထိုပိုက်လိုင်းများမှာ ရေနံများကို ဆွန်ဖုန်း၏ ရှေ့သို့ သယ်ယူလာပြီး သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းရန် ဖြစ်လေသည်။
စက်ရုပ်များသည် အလယ်အလတ် စခန်း ဟုခေါ်သော စက်တစ်လုံးကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤစက်မှာ ခရီးသည်တင် လေယာဉ်ပျံ တစ်စီးစာခန့် အရွယ်အစား ရှိပြီး ရေနံစုပ် စက်ကိရိယာ ၁၀ လုံး၏ သယ်ယူပို့ဆောင်ရေး ပိုက်လိုင်း ၁၀ ခုနှင့် ဆက်သွယ်ထားလေသည်။
ဆိုလိုသည်မှာ စက်ကိရိယာ ၁၀ လုံးမှ စုပ်ယူရရှိသော ရေနံများ အားလုံးသည် ဤအလယ်အလတ် စခန်းထဲသို့ ဝင်ရောက်လာမည် ဖြစ်လေသည်။
ဆွန်ဖုန်းသည် လက်ကောက်ဝတ်တွင် နာရီအဖြစ် ပြောင်းလဲထားသော ရေအောက် တူးဖော်ရေး စနစ်ကြီးကို ထိုအလယ်အလတ် စခန်းပေါ်တွင် တပ်ဆင်လိုက်လေသည်။
ထိုအခါ သိုလှောင်ရုံ စနစ် အလိုအလျောက် ပွင့်လာပြီး အလယ်အလတ် စခန်းထဲရှိ ရေနံများကို အလိုအလျောက် စုပ်ယူ သိမ်းဆည်းတော့မည် ဖြစ်လေသည်။
ဤအရာများ အားလုံးကို ပြင်ဆင်ပြီးနောက် ဆွန်ဖုန်း၏ S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးသည် ရေနံများကို တရားဝင် စတင် တူးဖော်တော့မည် ဖြစ်လေသည်။
"ဝုန်း... ဝုန်း..."
"ဇီး... ဇီး... ဇီး..."
စက်ကိရိယာ ၁၀ လုံးသည် ရေနံစုပ်ပိုက်များကို တစ်ပြိုင်နက်တည်း ဖွင့်ချလိုက်ပြီး မြေကြီးထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်လေသည်။ ဤမျှ ကြီးမားသော တူးဖော်မှုကြောင့် ချက်ချင်းပင် ငလျင်လှုပ်သကဲ့သို့ ဖြစ်သွားလေသည်။
စဉ်းစားကြည့်ပါ။ အချင်း ၅ မီတာခန့် ရှိသော ဧရာမ တူးစက် ၁၀ ခုက မြေကြီးကို တစ်ပြိုင်နက်တည်း တူးဖော်နေခြင်း ဖြစ်ရာ ထိုအင်အားမှာ အလွန် ကြီးမားလှပေသည်။
ဆွန်ဖုန်းသည် မြေပြင်မှနေ၍ ပြင်းထန်သော တုန်ခါမှုကြီး တစ်ခုကို သိသိသာသာ ခံစားလိုက်ရလေသည်။
တစ်မိနစ်ကျော် အကြာတွင် ရေနံစုပ်ပိုက် ၁၀ ခုသည် မြေအောက် မီတာ ၁၂၀ အနက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ ထိုပိုက်များနှင့် တွေ့သောအခါ ကျောက်လွှာများနှင့် မြေကြီးများမှာ လုံးဝ တားဆီးနိုင်ခြင်း မရှိဘဲ ချက်ချင်း ဖောက်ထွင်း ခံလိုက်ရလေသည်။
"ရေနံစုပ်ပိုက်တွေ ရေနံကြောထဲကို ရောက်ရှိသွားပါပြီ... အားလုံး အသင့်ဖြစ်နေပါပြီ... ရေနံ စတင် စုပ်ယူလို့ ရပါပြီ..."
"ကောင်းပြီ... ရေနံ စတင် စုပ်ယူမယ်..."
ဆွန်ဖုန်းမှာ အလွန် စိတ်လှုပ်ရှားနေလေသည်။
‘ရေနံ... ရေနံ... အားလုံးက ငါ့ဟာတွေချည်းပဲ... ဟားဟား…’
လက်ရှိ ရေနံစိမ်း ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀ ခန့် ရှိရာ အကယ်၍ ဆွန်ဖုန်းသာ ဤရေနံ တန်ချိန် ၃၁၁.၂ သန်းကို အားလုံး တူးဖော်နိုင်မည် ဆိုပါက ငွေမည်မျှ ရရှိမည်နည်း။
"တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားပြီး အရသာ ရှိလွန်းလှတယ်..."
ဆွန်ဖုန်း၏ မျက်နှာမှာ နီရဲနေလေသည်။ ရေနံ တူးဖော်ရခြင်းမှာ သံသတ္တု တူးဖော်ရခြင်းထက် အဆပေါင်းများစွာ ပိုမို အမြတ်အစွန်း များကြောင်း သူ သိလိုက်ရလေသည်။
သေချာသည်မှာ ဆွန်ဖုန်း အနေဖြင့် ဤရေနံ တန်ချိန် ၃၁၁.၂ သန်းကို တစ်ခဏချင်း အတွင်း အားလုံး တူးဖော်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တန်ချိန် ပမာဏမှာ အလွန် များပြားလွန်းသောကြောင့် ဖြစ်လေသည်။
လက်ရှိ S အဆင့် ရေနံစုပ် စက်ကိရိယာများမှာ အားအပြည့် သွင်းထားပါက ၃ ရက်သာ အလုပ်လုပ်နိုင်ပြီး စက် ၁၀ လုံးဖြင့် ၃ ရက်အတွင်း ရေနံစိမ်း တန်ချိန် ၃ သန်းခန့်သာ တူးဖော်နိုင်မည် ဖြစ်ကြောင်း အသံလက်ထောက်က ဆွန်ဖုန်းကို ပြောပြလေသည်။
ဤသည်မှာ သံသတ္တု တူးဖော်ခြင်း မဟုတ်ဘဲ သဘာဝချင်း မတူညီသဖြင့် တူးဖော်နိုင်သော တန်ချိန် ပမာဏလည်း ကွာခြားလေသည်။
သို့သော် တန်ချိန် ၃ သန်း ဆိုသည်မှာလည်း မနည်းလှချေ။
ရေနံစိမ်း တန်ချိန် ၃ သန်းကို ရောင်းချမည် ဆိုပါက တစ်တန်လျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် တွက်လျှင် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံခန့် ရရှိမည် ဖြစ်လေသည်။
အခွန်များ နုတ်ပြီးလျှင်တောင်မှ အလွန် များပြားသော ငွေကြေး ပမာဏပင် ဖြစ်လေသည်။
သေချာသည်မှာ ရေနံများကို မရောင်းချမီ ဆွန်ဖုန်း အနေဖြင့် မိမိ အတွက် သေချာစွာ စီမံကိန်း ချမှတ်ရန် လိုအပ်လေသည်။ သူ၏ အစီအစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန် သူ ဆုံးဖြတ်လိုက်လေသည်။
"ရေနံ လုပ်ငန်းကို ဝင်ဖို့ အရှိန်မြှင့်ရတော့မယ် ထင်တယ်..."
ဆွန်ဖုန်းက ကိုယ့်ဘာသာ ပြောလိုက်လေသည်။
"အင်း... အဲဒီမတိုင်ခင် ရေနံ ခိုးတဲ့ အလုပ်ကို မြန်မြန် လုပ်ရမယ်... ခိုးနိုင်သလောက် ခိုးပြီးမှ ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်မယ်..."
ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်လေသည်။
S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးသည် သွေးစုပ်နေသော ခြင်များကဲ့သို့ မြေအောက် မီတာ ၁၂၀ အနက်ရှိ ရေနံစိမ်းများကို စုပ်ယူနေကြပြီး ပိုက်လိုင်းများမှ တစ်ဆင့် အလယ်အလတ် စခန်းသို့ ပို့ဆောင်ကာ သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းနေကြလေတော့သည်။