အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) တန်ချိန် ၁၂ သန်း
တစ်ကီလိုမီတာ အကွာရှိ ရေနံတူးဖော်ရေး စင်မြင့်။
ရေနံတူးဖော်ရေး စင်မြင့်နှင့် မလှမ်းမကမ်းတွင် အမြန်ရေယာဉ်တစ်စင်းသည် ဧရာမ သင်္ဘောကြီးတစ်စင်းထံမှ ရိက္ခာများကို တင်ဆောင်ကာ စင်မြင့်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာလေသည်။
"ဟားဟား အလုပ်သိမ်းလို့ရပြီ ထမင်းပို့တဲ့လှေလာနေပြီ စားဖို့သောက်ဖို့ပြင်ကြစို့"
မိုက်ကယ်သည် ခေါင်းမော့ကြည့်လိုက်ရာ မလှမ်းမကမ်းမှ အမြန်ရေယာဉ်ကို မြင်လိုက်ရသဖြင့် သူ၏ တွန့်ကျေနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"အိုယေး အလုပ်သိမ်းပြီ ပင်ပန်းလိုက်တာကွာ နောက်ဆုံးတော့ ထမင်းစားရပြီ"
အနီးနားရှိ အလုပ်သမားများမှာ မိုက်ကယ်၏စကားကို ကြားသည်နှင့်တစ်ပြိုင်နက် အလုပ်များကို ချက်ချင်း ရပ်လိုက်ကြလေသည်။
"မင်းတို့ကောင်တွေ ညည်းမနေကြနဲ့ ဒီပရောဂျက်က အတော်များများ ပြီးနေပြီ သိပ်မကြာခင် ငါတို့ ဒီကနေ ပြန်လို့ရတော့မယ် အဲဒီကျရင် ပါလာဝမ်ကျွန်းပေါ်က မိန်းမချောလေးတွေဆီသွားပြီး ပျော်ပါးကြတာပေါ့"
မိုက်ကယ်က ရယ်မော၍ ပြောလိုက်လေသည်။
"ဟီးဟီး ဘော့စ် ကျွန်တော်တို့ကလည်း ပါးစပ်ကသာ ညည်းနေတာပါ ပါလာဝမ်ကျွန်းက ကောင်မလေးတွေက တကယ်ကို မိုက်တာပဲ"
"ဖာ့ခ် ဒီမှာ အလုပ်လုပ်နေတာ ခြောက်လတောင် ရှိနေပြီ ငါတော့ တော်တော်လေး ငတ်နေပြီကွ"
အလုပ်သမားအချို့က ညည်းတွားလိုက်ကြလေသည်။
မကြာမီမှာပင် အမြန်ရေယာဉ်သည် စင်မြင့်အနီးသို့ ဆိုက်ကပ်လာပြီး အစားအသောက်များကို ရေနံတူးဖော်ရေး စင်မြင့်၏ ကုန်းပတ်ပေါ်သို့ တင်ပေးလိုက်ကြလေသည်။
အလုပ်သမား ရာနှင့်ချီ၍ စုရုံးရောက်ရှိလာပြီး ဆူညံပွက်လောရိုက်သွားလေတော့သည်။
"အဖိုးကြီး ဝီလျံ ဒီနေ့ ဘာဟင်းတွေပါလဲ"
မိုက်ကယ်က ထမင်းလာပို့သော အဖိုးကြီး ဝီလျံကို မေးလိုက်လေသည်။
"အော် မင်းတို့ကောင်တွေ ဒီနေ့တော့ ကံကောင်းတာပဲ ကြက်ကြော် အီတလီခေါက်ဆွဲ အမဲသား ပြီးတော့ ငါးဟင်းချို ပါသေးတယ်"
အဖိုးကြီး ဝီလျံမှာ အသက် ၅၀ ကျော်ပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် တောင့်တင်းသန်စွမ်းဆဲ ဖြစ်ပြီး မျက်နှာပေါ်ရှိ အရစ်အကြောင်းများကြားမှ ရယ်မောကာ ပြန်ဖြေလိုက်လေသည်။
"ဟားဟား ဒီနေ့ ဟင်းတွေ တော်တော် ကောင်းတာပဲ"
"လာ လာ တန်းစီကြ ထမင်းယူမယ်"
အဖိုးကြီး ဝီလျံက အော်ဟစ်လိုက်လေသည်။
လူတစ်ရာကျော်ခန့်မှာ တန်းစီကာ အရသာရှိသော နေ့လယ်စာကို စောင့်ဆိုင်းနေကြလေသည်။ တစ်နေ့လုံး ပင်ပန်းစွာ အလုပ်လုပ်ထားရသဖြင့် သူတို့ အလိုအပ်ဆုံးအရာမှာ အရသာရှိသော အစားအသောက် တစ်နပ်ပင် ဖြစ်လေသည်။
ထိုအချိန်တွင် ရုတ်တရက် ကုန်းပတ်ပေါ်၌ အနည်းငယ် တုန်ခါသွားသည်ကို သူတို့ ခံစားလိုက်ကြရလေသည်။ လူတိုင်းမှာ ထိုတုန်ခါမှုကြောင့် အနည်းငယ် လန့်သွားကြလေသည်။
"ဘာဖြစ်တာလဲ ဒီတုန်ခါမှုက ငလျင်လှုပ်တာများလား"
လူငယ်လေးတစ်ယောက်က ဘေးဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ပင်လယ်ပြင်မှာ အလွန် ငြိမ်သက်နေပြီး လှိုင်းလေပင် မရှိချေ။
"ရေနံစင်မြင့်အောက်မှာ ပြဿနာ တစ်ခုခု ရှိနေတာများလား"
မိုက်ကယ်မှာလည်း အနည်းငယ် အံ့ဩသွားလေသည်။ သို့သော် တုန်ခါမှုမှာ တစ်ခဏသာဖြစ်ပြီး ချက်ချင်း ပြန်လည်ငြိမ်သက်သွားသဖြင့် သူ၏အတွေ့အကြုံအရ ငလျင်မဟုတ်ကြောင်း သေချာလေသည်။
"တော်စမ်းပါကွာ ပါလာဝမ်ကျွန်း ပင်လယ်ပြင်မှာ ငလျင်မလှုပ်ပါဘူး လာ ထမင်းစားမယ် အပိုတွေ တွေးမနေနဲ့ ငါတို့စင်မြင့်ကို ဝေလငါး လာတိုက်သွားတာ ဖြစ်မှာပေါ့"
လူကောင်ကြီးကြီး အလုပ်သမားအချို့က ရယ်မောကာ ပြောလိုက်လေသည်။
"ဟားဟား"
လူတိုင်းက ဝိုင်းရယ်လိုက်ကြလေသည်။
"မိုက် မင်း အောက်ဆင်းပြီး တစ်ခုခု ပြဿနာရှိမရှိ သွားစစ်ကြည့်လိုက်စမ်း"
မိုက်ကယ်ကမူ မျက်မှောင်ကြုတ်ကာ တွေးနေလေသည်။ သူ၏စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသလို ခံစားနေရလေသည်။
မိုက်မှာ ထမင်းစားချိန်ကြီးတွင် အောက်ဆင်းစစ်ဆေးရသဖြင့် အလွန် မကျေမနပ် ဖြစ်သွားသော်လည်း မိုက်ကယ်က ဘော့စ်ဖြစ်နေသဖြင့် ဘာမှမပြောရဲဘဲ ညည်းတွားကာ ဆင်းသွားလေတော့သည်။
မကြာမီ မိုက်က ပြန်တက်လာပြီး အောက်ဘက်တွင် ဘာပြဿနာမှမရှိကြောင်း အစီရင်ခံလေသည်။
"ကောင်းပြီ ဘာမှမဖြစ်ရင်လည်း ပြီးတာပဲ ထမင်းစားကြစို့"
မိုက်ကယ်သည်လည်း ထိုကိစ္စကို ဆက်မတွေးတော့ချေ။
တကယ်တော့ ခုနက တုန်ခါမှုမှာ ဆွန်ဖုန်း၏ S အဆင့် ရေနံစုပ် စက်ကိရိယာ ၁၀ လုံးက မြေကြီးထဲသို့ တူးဖော်လိုက်ခြင်းကြောင့် ဖြစ်လေသည်။ မီတာ ၁၂၀ အနက်သို့ရောက်ရန် တစ်မိနစ်ပင် မကြာလိုက်သဖြင့် အနည်းငယ်သာ တုန်ခါသွားခြင်း ဖြစ်လေသည်။
"၃ ရက်ကို ရေနံ တန်ချိန် ၃ သန်းဆိုတာ နည်းလွန်းတယ် ဒီလိုဆိုရင် ဒီရေနံမြေကြီးတစ်ခုလုံး ကုန်အောင် အခေါက်ပေါင်း ဘယ်လောက် လာရမှာလဲ"
ဆွန်ဖုန်းသည် အလုပ်လုပ်နေသော ရေနံစုပ် စက်ကိရိယာ ၁၀ လုံးကို ကြည့်ရင်း မကျေမနပ် ပြောလိုက်လေသည်။
တကယ်တမ်းဆိုရလျှင် ၃ ရက်အတွင်း တန်ချိန် ၃ သန်း တူးဖော်နိုင်ခြင်းမှာ အလွန် မြန်ဆန်သော အမြန်နှုန်းပင် ဖြစ်လေသည်။ အကယ်၍ အခြားသူများသာ သိသွားပါက အံ့ဩလွန်း၍ သတိလစ်သွားနိုင်လေသည်။ သို့သော် ဆွန်ဖုန်းမှာ ထိုမျှနှင့် မကျေနပ်နိုင်ချေ။
လက်ရှိတွင် သူက သူတစ်ပါး၏ ရေနံများကို ခိုးယူနေခြင်းဖြစ်ပြီး မိမိပိုင် ရေနံမြေကို တူးဖော်နေခြင်း မဟုတ်ချေ။ ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ အန္တရာယ်များလှသည်။ ပြိုင်ဘက်ကင်းစနစ်ကို ပိုင်ဆိုင်ထားသော ဆွန်ဖုန်းအတွက် ထိုအန္တရာယ်ကို လျစ်လျူရှုထားနိုင်သော်လည်း သူက အမြန်ဆုံး ပြီးစီးချင်နေလေသည်။
အကယ်၍ အချိန်ကြန့်ကြာနေပါက ဤနေရာသို့ အခေါက်ပေါင်းများစွာ လာရမည်ဖြစ်သည်။ နှစ်ခေါက် သုံးခေါက်လောက်ဆိုလျှင် အခြားသူများ သတိမထားမိနိုင်သော်လည်း အကြိမ်များလာပါက သံသယဝင်လာနိုင်လေသည်။
တစ်ဖက်လူက ရေနံခိုးခံရမှန်း သိသွားလျှင်တောင် စနစ်ကြီး ရှိနေသဖြင့် ဆွန်ဖုန်းကို ရှာတွေ့မည် မဟုတ်သော်လည်း ထိုကဲ့သို့ ဖြစ်လာမည်ကို သူ သဘောမကျချေ။ ဤနေရာသို့ မကြာခဏ လာနေရသည်မှာလည်း အလုပ်ရှုပ်လှသည်။
"အသံလက်ထောက် အရှိန်မြှင့်လို့ မရဘူးလား"
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်လေသည်။
"ရပါတယ် ဒီလို S အဆင့် ရေနံစုပ် စက်ကိရိယာမျိုး ကျွန်တော်တို့ ရေအောက် တူးဖော်ရေး စနစ်ကြီးထဲမှာ နောက်ထပ် အလုံး ၃၀ ရှိပါသေးတယ် ပိုင်ရှင်က အဲဒါတွေ အားလုံးကို ထုတ်ပြီး ရေနံ တူးဖော်လို့ ရပါတယ်"
အသံလက်ထောက်က ဖြေလိုက်လေသည်။
"စောစောကတည်းက ပြောပါလား ဒီလောက် အများကြီး ရှိသေးတာကို"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"ခင်ဗျားမှ မမေးတာ ပြီးတော့ စက်တွေ အများကြီး ထုတ်လိုက်ရင် အရမ်း ကြပ်သွားမှာပေါ့ နောက်ထပ် အလုံး ၃၀ ထပ်ထုတ်မယ်ဆိုရင် အကာအကွယ် စက်ကွင်းကို နည်းနည်း ထပ်ချဲ့ရလိမ့်မယ်"
"အင်း ရတယ် ဒါဆို အဲဒီ S အဆင့် ရေနံစုပ် စက်ကိရိယာ အလုံး ၃၀ ကို ထုတ်လိုက်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
မကြာမီမှာပင် နောက်ထပ် S အဆင့် ရေနံစုပ် စက်ကိရိယာ ၃၀ လုံး ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အကူ ဉာဏ်ရည်တု စက်ရုပ် ရာပေါင်းများစွာလည်း ထွက်ပေါ်လာလေသည်။
စက်ကိရိယာ ၃၀ လုံးသည် နေရာများ အသီးသီး ယူလိုက်ကြပြီးနောက် ဧရာမ ရေနံစုပ်ပိုက်များကို ဖွင့်ကာ မြေကြီးထဲသို့ တစ်ပြိုင်နက်တည်း ထိုးသွင်းလိုက်ကြလေသည်။
"ဝုန်း ဝုန်း ဝုန်း"
ပင်လယ်ကြမ်းပြင်မှာ တစ်ဟုန်ထိုး တုန်ခါသွားပြီး ဝုန်းခနဲ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
"ပြီးစီးပါပြီ ရေနံ စတင် တူးဖော်လို့ ရပါပြီ"
အသံလက်ထောက်က အစီရင်ခံလေသည်။ S အဆင့် ရေနံစုပ် စက်ကိရိယာ ၃၀ လုံးသည် ရေနံများကို အလွန် လျင်မြန်သော အရှိန်ဖြင့် စတင် တူးဖော်နေကြပြီ ဖြစ်လေသည်။
"ကောင်းပြီ စလိုက်တော့"
"လက်ခံရရှိပါတယ်"
ယခုအခါ S အဆင့် ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ က တစ်ပြိုင်နက်တည်း အလုပ်လုပ်နေပြီ ဖြစ်ရာ ၃ ရက်အတွင်း ရေနံစိမ်း တန်ချိန် ၁၂ သန်းခန့် တူးဖော်နိုင်မည် ဖြစ်လေသည်။
၃ ရက်အတွင်း ရေနံစိမ်း တန်ချိန် ၁၂ သန်း တူးဖော်နိုင်သည်ကို မြင်သောအခါ ဆွန်ဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ရေအောက် တူးဖော်ရေး စနစ်ကြီးတွင် အဆင့်မြင့် စွမ်းအင်သာ ရှိပါက ဂြိုဟ်တစ်လုံးပေါ်ရှိ သယံဇာတ အားလုံးကို တစ်ပတ်အတွင်း တူးဖော်နိုင်သည် ဟူသော အသံလက်ထောက်၏ စကားမှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ကြောင်း သူ ယုံကြည်သွားလေပြီ။
လက်ရှိ ရေအောက် တူးဖော်ရေး စနစ်ကြီးသည် အဆင့်နိမ့် စွမ်းအင်ဟုပင် သတ်မှတ်၍ မရသော လျှပ်စစ်စွမ်းအင်ကို သုံးနေရသည်တောင် ၃ ရက်အတွင်း ရေနံစိမ်း တန်ချိန် ၁၂ သန်း တူးဖော်နိုင်နေပြီ ဖြစ်ရာ သူ အပြည့်အဝ ယုံကြည်သွားလေသည်။
"ဒီလောက် စွမ်းတဲ့ စနစ်ကြီးကို ပိုင်ဆိုင်ထားတာတောင် ဘာလို့ ငါ့မှာ သုံးစရာ အဆင့်မြင့် စွမ်းအင် မရှိရတာလဲ ဒီလောက် စွမ်းတဲ့ စနစ်ကြီး ပေးထားပြီးမှ ကမ္ဘာကြီးမှာ အဆင့်မြင့် စွမ်းအင် မရှိတာ ဘာသဘောလဲကွာ အနည်းဆုံး အခြေခံ စွမ်းအင်လောက်တော့ ရှိသင့်တာပေါ့"
ဆွန်ဖုန်းမှာ သက်ပြင်းချလိုက်မိလေသည်။ သူသည် အဆင့်မြင့် ကိုယ်ခံပညာ တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အသုံးပြုရန် အတွင်းအား မရှိသကဲ့သို့ ဖြစ်နေလေသည်။ ထိုအဆင့်မြင့် ကိုယ်ခံပညာ၏ အစွမ်းကို သူ ဘယ်တော့မှ အပြည့်အဝ ထုတ်သုံးနိုင်မည် မဟုတ်ချေ။
"ရောင့်ရဲလိုက်ပါ ပိုင်ရှင် ခင်ဗျားက ဘာဖြစ်ချင်နေသေးလို့လဲ နဂါးငွေ့တန်း ဂလက်ဆီကြီးကို စိုးမိုးချင်နေတာလား"
အသံလက်ထောက်က သက်ပြင်းချနေသော ဆွန်ဖုန်းကို မြင်သောအခါ လှောင်ပြောင်လိုက်လေသည်။
"အေးပါ အခုချိန်မှာ ငါလည်း တော်တော်လေး စွမ်းနေပြီပဲ ရောင့်ရဲနိုင်ရင် ချမ်းသာတယ်ဆိုတဲ့ စကားလည်း ရှိတာပဲ"
ဆွန်ဖုန်းက အသံလက်ထောက်၏ စကားကို ကြားသောအခါ အရာအားလုံးကို ရုတ်တရက် နားလည်သွားသကဲ့သို့ ပြောလိုက်လေသည်။ လူဆိုသည်မှာ ဘယ်သောအခါမှ မရောင့်ရဲနိုင်သော အရာများ ဖြစ်လေသည်။ အော်... အရာတွေတော့ မဟုတ်ဘူးပေါ့။