အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉) သံသယ
တစ်ကီလိုမီတာ အကွာရှိ ရေနံတူးဖော်ရေး စင်မြင့်ထက်တွင် ဖြစ်လေသည်။
မိုက်ကယ်နှင့် အလုပ်သမားတစ်စုသည် ကုန်းပတ်ပေါ်တွင် ဆောင်းဦးရာသီ၏ နေရောင်ခြည်ကို ခံယူရင်း ခပ်အေးအေး ပင်လယ်လေကို ရှူရှိုက်ကာ အရသာရှိသော အစားအသောက်များကို စားသောက်ရင်း စကားစမြည် ပြောဆိုနေကြလေသည်။
ရုတ်တရက် ကုန်းပတ်ပေါ်မှ နောက်ထပ် တုန်ခါမှု အနည်းငယ်ကို သူတို့ ခံစားလိုက်ကြရပြန်သည်။
ဤတစ်ကြိမ် တုန်ခါမှုမှာ ယခင်တစ်ခေါက်ကထက် အနည်းငယ်မျှ ပိုမို ပြင်းထန်လေသည်။
"ဟင်"
မိုက်ကယ်သည် မျက်မှောင်ကြုတ်သွားပြီး သူ၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှု တစ်ခု ဖြစ်ပေါ်လာလေသည်။
နှစ်ကြိမ် ဆက်တိုက် တုန်ခါသွားသည်ဆိုတော့ တကယ်ပဲ ငလျင်လှုပ်တာများလားဟု သူ တွေးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် မိုက်ကယ်အနေဖြင့် ငလျင်မှလွဲ၍ အခြား မည်သည့်အကြောင်းကြောင့်မျှ ဤသို့ တုန်ခါနိုင်မည်မဟုတ်ဟု တွေးမိသောကြောင့် ဖြစ်သည်။
ရေနံစင်မြင့်၏ အောက်ခြေ မခိုင်မာခြင်းကြောင့် မဟုတ်ကြောင်းကိုလည်း သူ သေချာပေါက် သိထားလေသည်။
တကယ်တမ်းတွင်မူ တစ်စုံတစ်ယောက်က ရေနံများကို ခိုးယူနေခြင်းဖြစ်ကြောင်း သူ မသိခဲ့ချေ။
"ဘော့စ် တကယ်ကြီး ငလျင်လှုပ်တာများလား"
ဆက်တိုက် ဖြစ်ပေါ်လာသော တုန်ခါမှုများကြောင့် ဤတစ်ကြိမ်တွင်မူ အလုပ်သမား အများစု၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာကြလေသည်။
ပင်လယ်ပြင်တွင် ငလျင်လှုပ်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်လေသည်။
"ဒီပင်လယ်ပြင်က တောင်တရုတ်ပင်လယ် ကျောက်လွှာနဲ့ ဖိလစ်ပိုင် ကျောက်လွှာတွေ ပွတ်တိုက်တဲ့ နေရာဖြစ်လို့ ငလျင် မကြာခဏ လှုပ်တတ်တယ် သမိုင်းမှာလည်း ဒီတောင်တရုတ်ပင်လယ်မှာ ဆူနာမီ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးတယ် ဒီနေရာမှာ တကယ်ပဲ ငလျင်လှုပ်တာလည်း ဖြစ်နိုင်တယ်"
မိုက်ကယ်သည် အတွေ့အကြုံရင့် ကမ်းလွန် ရေနံတူးဖော်ရေး အင်ဂျင်နီယာတစ်ယောက် ဖြစ်ရာ ဤအကြောင်းအရာများကို ကောင်းစွာ သိထားလေသည်။
မိုက်ကယ်၏စကားကြောင့် အနီးနားရှိ အလုပ်သမားများ၏ မျက်နှာများမှာ ပျက်ယွင်းသွားကြပြီး အချို့မှာ အကြောင်းမဲ့ ကြောက်ရွံ့လာကြလေသည်။
အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် ငလျင်လှုပ်ခြင်းမှာ အလွန် အန္တရာယ်ကြီးမားသော ကိစ္စတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။
မိုက်ကယ်သည် အလုပ်သမားများ၏ မျက်နှာအမူအရာများကို မြင်သောအခါ သူတို့၏စိတ်ကို တည်ငြိမ်အောင် လုပ်ပေးရန် လိုအပ်ကြောင်း သိလိုက်သဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"လန့်မနေကြပါနဲ့ ဒါက ငလျင် ဟုတ်ချင်မှလည်း ဟုတ်မှာပါ တကယ်လို့ ငလျင် ဆိုရင်တောင် ဒီလောက် တုန်ခါမှုလေးက ဘာမှမဟုတ်ပါဘူး ပြီးတော့ ငါတို့ရဲ့ ရေနံစင်မြင့်က အဆင့်မြင့် ဒီဇိုင်းနဲ့ တည်ဆောက်ထားတာပါ ရစ်ချတာ စကေး ၆ အောက် ငလျင်တွေကို ခံနိုင်ရည် ရှိပါတယ် တကယ်လို့ မခံနိုင်ရင်တောင် ငါတို့ဘေးမှာ သင်္ဘောတွေ ရှိနေတာပဲ ဘာကြောက်စရာ လိုလို့လဲ"
မိုက်ကယ်၏ နှစ်သိမ့်မှုကြောင့် အလုပ်သမားများ၏ စိတ်များ အနည်းငယ် သက်သာရာ ရသွားကြလေသည်။
"အားလုံးပဲ မြန်မြန် ထမင်းစားကြပါ စိတ်မပူကြနဲ့"
မိုက်ကယ်က စကားအနည်းငယ် ပြောပြီးနောက် ထွက်သွားလေသည်။
ယနေ့ ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် အခြေအနေကို အထက်လူကြီးများထံ အစီရင်ခံရန် သူ ဆုံးဖြတ်လိုက်လေသည်။
တောင်တရုတ်ပင်လယ်တွင် ငလျင်လှုပ်လေ့ရှိသဖြင့် ဤနေရာတွင် ငလျင်လှုပ်ခြင်း ဟုတ်မဟုတ်ကို သူ အတိအကျ မဆုံးဖြတ်ရဲချေ။ သို့သော် အားလုံး၏ လုံခြုံရေးအတွက် သူ သတိထားရန် လိုအပ်လေသည်။
မိုက်ကယ်သည် ဤသတင်းကို သူ၏ ကုမ္ပဏီ ရုံးချုပ်သို့ အစီရင်ခံလိုက်လေသည်။
ထိုကုမ္ပဏီမှာ အမေရိကန် ရေနံကုမ္ပဏီတစ်ခု ဖြစ်ပြီး ဒီးလ် ရေနံကုမ္ပဏီဟု ခေါ်လေသည်။
ဒီးလ် ရေနံကုမ္ပဏီမှ တာဝန်ရှိသူများမှာ ဤသတင်းကို ရရှိပြီးနောက် အလွန် အလေးထားကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
အကယ်၍ ငလျင်လှုပ်မည်ဆိုပါက သူတို့၏ ရှေ့ဆက် လုပ်ဆောင်မည့် ရေနံတူးဖော်ရေး လုပ်ငန်းများအတွက် သတင်းဆိုးတစ်ခု ဖြစ်လာမည် မဟုတ်ပါလား။
ဤရေနံမြေတွင် ဒီးလ် ကုမ္ပဏီက လုပ်အားနှင့် ငွေကြေးများ စိုက်ထုတ်ထားပြီး အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ဖိလစ်ပိုင်များကလည်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားလေသည်။
သို့သော် တူးဖော်ရေးအပိုင်းကိုမူ ဒီးလ် ရေနံကုမ္ပဏီက တာဝန်ယူရမည်ဖြစ်ပြီး ဤသည်မှာ သူတို့၏ စာချုပ်တွင် ကြိုတင် သဘောတူညီထားချက်များ ဖြစ်လေသည်။
ဆွန်ဖုန်းသည် သူ ဒုတိယအကြိမ် ထုတ်လွှတ်လိုက်သော S အဆင့် ရေနံစုပ် စက်ကိရိယာ ၃၀ လုံးကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကို အခြားသူများက အလေးထားနေကြကြောင်း မသိခဲ့ချေ။
တစ်ဖက်လူက ထိုတုန်ခါမှုကို ငလျင်ကြောင့်ဟု ထင်နေကြသော်လည်း သူ မသိခဲ့ပေ။
ကံကောင်းသည်မှာ ဆွန်ဖုန်းတွင် အကာအကွယ် စက်ကွင်း ရှိနေခြင်းပင် ဖြစ်သည်။ ဤစက်ကွင်းမှာ အသံများကို တားဆီးပေးနိုင်စွမ်း ရှိသည့်အပြင် အပြင်ဘက်မှ အရာများကိုလည်း ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်လေသည်။
အပြင်ဘက်မှ မည်သည့်အရာမှ အကာအကွယ် စက်ကွင်း အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ဟုပင် ဆိုနိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် အကာအကွယ် စက်ကွင်းတွင် မျက်မြင်မရသော စွမ်းအင်အလွှာ တစ်ခု ရှိနေပြီး အရောင်မဲ့ ဖန်သားပြင် တစ်ခုကဲ့သို့ အကာအကွယ် ပေးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဆွန်ဖုန်းအနေဖြင့် ဤမျှ ရဲတင်းစွာ ခိုးယူရဲခြင်း ဖြစ်လေသည်။
"ဟားဟား S အဆင့် စက်ကိရိယာ အလုံး ၄၀ နဲ့ဆိုတော့ မြန်လိုက်တာ အခုဆိုရင် ရေနံ တန်ချိန် ၃ သိန်းတောင် ရနေပြီ"
ဆွန်ဖုန်းသည် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း ဝမ်းသာလုံးဆို့နေလေသည်။ ဤအရာများ အားလုံးမှာ ငွေများပင် ဖြစ်လေသည်။
"သုံးရက်နေရင် ရေနံစိမ်း တန်ချိန် ၁၂ သန်း ရပြီ ဟီးဟီး"
ဆွန်ဖုန်း၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။
လက်ရှိ ရေနံစိမ်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀ နှုန်းဖြင့် တွက်ပါက တန်ချိန် ၁၂ သန်းကို ရောင်းချလိုက်လျှင် အလွန် ကြီးမားသော အမေရိကန် ဒေါ်လာများ ရရှိမည် ဖြစ်လေသည်။
ဆွန်ဖုန်းအနေဖြင့် အချမ်းသာဆုံး သူဌေးတစ်ယောက် ဖြစ်လာရန် အလွန် လွယ်ကူနေပြီဟု ခံစားရလေသည်။ သို့သော် ဧရာမ ကုမ္ပဏီကြီးများကို ယှဉ်ပြိုင်နိုင်ရန်မူ အလှမ်းဝေးနေသေးလေသည်။
တကယ်တမ်းဆိုရလျှင် ဤရေနံ တန်ချိန် ၁၂ သန်းမှာ ရေနံ လုပ်ငန်းရှင်ကြီးများအတွက်မူ အမွေးအမျှင်လေး တစ်ခုမျှသာ ဖြစ်လေသည်။
သူတို့၏ ရေနံမြေကြီးများမှာ တစ်နှစ်လျှင် တန်ချိန် သန်းပေါင်းများစွာ သို့မဟုတ် ထိုထက်မက ထွက်ရှိလေသည်။ သို့သော် သူတို့မှာ အလွန် ကြီးမားသော ကုန်ကျစရိတ်များ လိုအပ်ပြီး ဆွန်ဖုန်းမှာမူ မည်သည့် ကုန်ကျစရိတ်မှ မလိုအပ်ချေ။
ကုန်ကျစရိတ်ဟု ပြောရမည်ဆိုလျှင် ရေအောက် တူးဖော်ရေး စနစ်ကြီးကို အားသွင်းရမည့် ကုန်ကျစရိတ်သာ ရှိပြီး ဤငွေကြေး အနည်းငယ်မှာ ဘာမှ မဟုတ်ချေ။
ထို့ကြောင့် သတ္တုတွင်း လုပ်ငန်းတွင် ဆွန်ဖုန်းသည် အမြတ်အများဆုံး ရရှိသူ၊ ကုန်ကျစရိတ် လုံးဝ မရှိသူ တစ်ယောက် ဖြစ်လေသည်။
လက်ရှိတွင် ဆွန်ဖုန်းကို စိတ်အနှောင့်အယှက် ဖြစ်စေသော တစ်ခုတည်းသော အရာမှာ သူ၏ တူးဖော်ရေး စက်ကိရိယာများနှင့် စက်ရုပ်များ အားလုံးသည် အားအပြည့် သွင်းထားပါက သုံးရက်သာ အသုံးပြုနိုင်ပြီး သုံးရက် အကြာတွင် ပြန်လည် အားသွင်းရမည် ဖြစ်ခြင်းပင် ဖြစ်လေသည်။
ယခင်က ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ရရှိခဲ့သော အာကာသ ဥက္ကာပျံ စွမ်းအင်တုံးမှာ ရေငုပ်စစ်ဝတ်စုံအတွက်သာ ဖြစ်ပြီး ရေအောက် တူးဖော်ရေး စနစ်ကြီးအတွက် မဟုတ်ချေ။
ထိုစွမ်းအင်တုံးမှာ ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေရေး စနစ်ကို ချဲ့ထွင်ပေးသည့်အပြင် ရေငုပ်စစ်ဝတ်စုံကို တစ်နှစ်တိတိ အားသွင်းစရာမလိုဘဲ အသုံးပြုနိုင်စေလေသည်။
အခြား တူးဖော်ရေး စက်ကိရိယာများနှင့် စက်ရုပ်များမှာမူ လက်ရှိတွင် အားသွင်း၍သာ အသုံးပြုရသေးလေသည်။
သုံးရက်တာ အချိန်မှာ အလွန် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ဆွန်ဖုန်းသည် စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အခြား ကိစ္စများ အားလုံးကို ပင်လယ်ကြမ်းပြင်တွင်သာ ဖြေရှင်းခဲ့ရသဖြင့် အတော်လေး ပင်ပန်းနေလေပြီ။
သို့သော် ရေနံစိမ်း တန်ချိန် ၁၂ သန်းအတွက် သူ ကြိုးစားခဲ့ခြင်းဖြစ်ရာ ဤမျှ ပင်ပန်းမှုမှာ ဘာမှ မဟုတ်ချေ။
"သတင်းပို့ပါတယ် ပိုင်ရှင် စက်ကိရိယာ အလုံး ၄၀ နဲ့ စက်ရုပ်တွေ အားကုန်တော့မှာမို့ ကျွန်တော်တို့ အလုပ်သိမ်းလို့ ရပါပြီ"
အသံလက်ထောက်က သတိပေးလိုက်လေသည်။
"ကောင်းပြီ သိမ်းကြစို့"
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် အသံလက်ထောက်၏ ထိန်းချုပ်မှုဖြင့် စက်ကိရိယာ အလုံး ၄၀ နှင့် စက်ရုပ်များ အားလုံး အလုပ်သိမ်းကြလေသည်။
အလုပ်မသိမ်းမီ ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ သည် သူတို့ တူးဖော်ခဲ့သော ရေနံတွင်းများကို ပြန်လည် ပိတ်ဆို့ခဲ့ကြလေသည်။ သို့မှသာ မြေအောက်မှ ရေနံများ ပန်းထွက်လာပြီး အလဟဿ မဖြစ်မည် ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် ရေနံ တန်ချိန် ၁၂ သန်းသာ တူးဖော်နိုင်ခဲ့ပြီး အောက်ဘက်တွင် ရေနံ တန်ချိန် သန်း ၃၀၀ နီးပါး ကျန်ရှိနေသေးလေသည်။
အားပြန်သွင်းပြီးနောက် ရေနံများကို ဆက်လက် ခိုးယူရန်... အော် မဟုတ်ဘူး တူးဖော်ရန် ပြန်လာဦးမည် ဖြစ်လေသည်။ ဘာခိုးတာလဲ နေ့ခင်းကြောင်တောင် ဗြောင်ကျကျ တူးဖော်တာပါ။
"ဟားဟား အလုပ်သိမ်းပြီ အိမ်ပြန်ကြစို့"
ဆွန်ဖုန်းသည် တူးဖော်ရေး စက်ကိရိယာ အလုံး ၄၀ နှင့် စက်ရုပ် ရာပေါင်းများစွာကို သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ ဟိုင်ယန်မြို့သို့ အမြန် ပြန်လာခဲ့လေသည်။
ဤအချိန်တွင် ဖိလစ်ပိုင်များနှင့် ဒီးလ် ရေနံကုမ္ပဏီတို့မှာ တစ်စုံတစ်ယောက်က သူတို့၏ ရေနံ တန်ချိန် ၁၂ သန်းကို ခိုးယူသွားကြောင်း လုံးဝ မသိကြချေ။ ထို့အပြင် ၃ ရက်တည်းသာ အချိန်ယူခဲ့သည်ကိုလည်း မသိကြပေ။
သုံးနာရီ အကြာတွင် ဆွန်ဖုန်းသည် ဟိုင်ယန်မြို့သို့ ပြန်လည် ရောက်ရှိသွားလေသည်။
သုံးရက်ဆက်တိုက် အလုပ်လုပ်ခဲ့ရသဖြင့် သူ အလွန် ပင်ပန်းနေလေပြီ။ အစားအသောက် အနည်းငယ် စားကာ ရေချိုးပြီးနောက် အိပ်ရာဝင်လိုက်လေတော့သည်။
ဆွန်ဖုန်းသည် နောက်တစ်နေ့ နေမြင့်သည် အထိ အိပ်ပျော်သွားလေသည်။
နိုးလာပြီးနောက် နံနက်စာ စားကာ သံမဏိစက်ရုံသို့ သွားပြီး ရေအောက် တူးဖော်ရေး စနစ်ကြီးကို အားသွင်းလိုက်လေသည်။ သေချာပြောရလျှင် S အဆင့် ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ နှင့် စက်ရုပ် ရာပေါင်းများစွာကို အားသွင်းခြင်းပင် ဖြစ်လေသည်။
နာရီကို ထိုနေရာတွင် အားသွင်းထားခဲ့ပြီးနောက် ဆွန်ဖုန်းသည် ကုမ္ပဏီ ရုံးခန်းသို့ သွားကာ လျန်ယင်းကို သွားရောက် ရှာဖွေလေတော့သည်။