အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) နောက်တစ်ကြိမ်
ရုံးခန်းသို့ ရောက်သောအခါ လျန်ယင်းသည် အလုပ်များနေဆဲ ဖြစ်လေသည်။
ဆွန်ဖုန်းက သံမဏိစက်ရုံသစ် တည်ဆောက်ရေး ကိစ္စများ အားလုံးကို သူမထံ လွှဲအပ်ထားခဲ့သည် မဟုတ်ပါလား။
"ကိုဖုန်း ရှင့်ကို မတွေ့ရတာ ရက်အတော်ကြာပြီ ဘယ်တွေသွားနေတာလဲ"
လျန်ယင်းက ဆွန်ဖုန်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားလေသည်။ လက်ရှိတွင် သူမသည်လည်း ဆွန်ဖုန်း၏ ဗီလာကြီးထဲတွင် နေထိုင်နေသော်လည်း ရက်အတော်ကြာ ဆွန်ဖုန်းကို မတွေ့ရဘဲ နှုတ်ဆက်ခြင်းလည်း မရှိဘဲ ယနေ့မှ ရုတ်တရက် ပေါ်လာသဖြင့် သူမ ဤသို့ မေးလိုက်ခြင်းမှာ အဆန်းမဟုတ်ပေ။
"ဘာမှမဖြစ်ပါဘူး တခြားမြို့တွေကို လျှောက်လည်နေတာပါ"
ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်းသို့ ရေနံသွားခိုးသည့် ကိစ္စကို လျန်ယင်းအား လုံးဝ ပြောပြမည် မဟုတ်ချေ။
ထို့အပြင် သူ့တွင် ပြိုင်ဘက်ကင်းစနစ် ရှိနေသည်ဆိုသည့် ကိစ္စကိုလည်း မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ကြောင်း ဆွန်ဖုန်း ကျိန်ဆိုထားလေသည်။
ဤကိစ္စကို သူ တစ်ယောက်တည်း သိလျှင် လုံလောက်ပြီ ဖြစ်လေသည်။
"ဒီရက်ပိုင်းအတွင်း ဘာကိစ္စ ထူးခြားသေးလဲ"
ဆွန်ဖုန်းက ထိုင်လိုက်ပြီး တာ့ကျုံးဟွာ စီးကရက်တစ်လိပ်ကို မီးညှိကာ လျန်ယင်းကို မေးလိုက်လေသည်။ သူသည် တာ့ကျုံးဟွာ စီးကရက်ကိုသာ သောက်လေ့ရှိပြီး အခြား မည်မျှ ဈေးကြီးသော စီးကရက်မျိုးကိုမဆို သဘောမကျချေ။
"ဘာကိစ္စမှ မရှိပါဘူး ကျွန်မ အခုတလော သံမဏိစက်ရုံသစ် ကိစ္စတွေနဲ့ပဲ အလုပ်များနေတာ ကုမ္ပဏီရဲ့ ကုန်ပစ္စည်း တင်ပို့မှုနဲ့ အော်ဒါ ကိစ္စတွေကိုတော့ ထောက်ပံ့ရေး ဒုမန်နေဂျာနဲ့ ဈေးကွက် အရောင်းမန်နေဂျာတို့က တာဝန်ယူထားပါတယ်"
လျန်ယင်းက ဖြေလိုက်လေသည်။
"ကောင်းပြီ စက်ရုံသစ်ဘက်ကိုတော့ အချိန်မီအောင် ကြိုးစားလုပ်လိုက်ပါ"
ဆွန်ဖုန်း သိထားလေသည်။ ဤစက်ရုံလေးကို စီမံခန့်ခွဲရာတွင် လျန်ယင်း တစ်ယောက်တည်း အားလုံးကို ဒိုင်ခံလုပ်နေစရာ မလိုချေ။ ထိုသို့သာဆိုလျှင် မန်နေဂျာများနှင့် ဌာနမှူးများကို ခန့်ထားစရာ အကြောင်းမရှိတော့ချေ။
ဆွန်ဖုန်းသည် ဤဘက်ရှိ ကိစ္စများကို အမြန်ဆုံး ရှင်းလင်းပြီးနောက် ကနေဒါသို့ ပြန်ရန် ရည်ရွယ်ထားလေသည်။ ဟယ်မင်ယီ မီးဖွားရန် လအနည်းငယ်သာ လိုတော့သည် မဟုတ်ပါလား။
'အခုချက်ချင်း ပါလာဝမ်ကျွန်း ပင်လယ်ပြင်ကို သွားပြီး ရေနံဆက်တူးချင်နေပြီ ကံဆိုးတာက အဲဒီ တူးဖော်ရေး စက်ကိရိယာတွေ အားပြည့်ဖို့ တစ်ပတ်တောင် အချိန်ယူရဦးမယ်'
ဆွန်ဖုန်းမှာ မတတ်နိုင်စွာ ခေါင်းခါလိုက်မိလေသည်။ ကမ္ဘာမြေပေါ်တွင် ရေအောက် တူးဖော်ရေး စနစ်ကြီးအတွက် လိုအပ်သော စွမ်းအင် မရှိသည်ကို မည်သို့ တတ်နိုင်မည်နည်း။
လူသားများ၏ နျူကလီးယား စွမ်းအင်ပင်လျှင် အဆင့်နိမ့် စွမ်းအင်စာရင်းတွင် မပါဝင်ချေ။ ထို့အပြင် ဆွန်ဖုန်းသည် လက်ရှိတွင် နျူကလီးယား စွမ်းအင်ကို အသုံးပြုရန် လုံးဝ မဝံ့ရဲသေးချေ။
စက်ကိရိယာများ အားပြည့်ရန် တစ်ပတ်ခန့် လိုသေးသဖြင့် ဆွန်ဖုန်းသည် ထိုအချိန်ကို အသုံးချကာ ဇာတိမြေသို့ ပြန်၍ မိဘများကို သွားရောက် ကန်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
ဆွန်ဖုန်းသည် တစ်ဦးတည်းသော သားဖြစ်ပြီး သူ၏ မိဘများမှာ တောင်ပေါ်ရွာလေးမှ မူလတန်းပြ ဆရာ ဆရာမများ ဖြစ်ကြကာ အလွန် ရိုးသားအေးချမ်းသော တောသူတောင်သားများ ဖြစ်ကြလေသည်။
ဤတစ်ကြိမ် အိမ်ပြန်ရာတွင် ဆွန်ဖုန်းသည် အယောင်အဝါများ မပြဘဲ အလွန် သာမန်ကာလျှံကာသာ ပြန်ခဲ့လေသည်။
အိမ်တွင် ရက်အနည်းငယ် နေထိုင်စဉ် ဟယ်မင်ယီ၏ အခြေအနေကို မိဘများအား ပြောပြရာ မိဘများက အလွန် ဝမ်းသာသွားကြလေသည်။
ယခင်တစ်ခေါက်က ဆွန်ဖုန်း၏ မိခင်သည် ဟိုင်ယန်မြို့သို့ သွားရောက်ကာ ဟယ်မင်ယီကို တွေ့ဆုံခဲ့ဖူးပြီး ဤချွေးမလေးအပေါ် အလွန် သဘောကျနေခဲ့လေသည်။
ယခင်က ဆွန်ဖုန်းသည် မိဘများကို ဟိုင်ယန်မြို့သို့ ခေါ်ယူကာ သက်တောင့်သက်သာ နေထိုင်စေရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ မိဘများမှာ အသက် ၄၀ ကျော်သာ ရှိသေးသဖြင့် အားနေရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် သူတို့က ငြင်းဆန်ခဲ့ပြီး တောင်ပေါ်ရွာလေးတွင်သာ ဆက်လက် စာသင်နေလိုကြောင်း ပြောခဲ့သဖြင့် ဆွန်ဖုန်းလည်း အတင်းအကျပ် မတိုက်တွန်းတော့ချေ။
အိမ်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် ပြန်ခါနီးတွင် ဆွန်ဖုန်းသည် ဖခင်အတွက် ယွမ် နှစ်သိန်းကျော်တန် ဗော့စ်ဝက်ဂွန် ကားတစ်စီး ဝယ်ပေးခဲ့ပြီး မိခင်အတွက် ယွမ် ၃ သန်း ပေးခဲ့ကာ သုံးစွဲရန် ထားရစ်ခဲ့လေသည်။
ဆွန်ဖုန်း ဟိုင်ယန်မြို့သို့ ပြန်ရောက်သောအခါ တစ်ပတ်တိတိ ပြည့်သွားပြီ ဖြစ်ပြီး စက်ကိရိယာများလည်း အားပြည့်နေပြီ ဖြစ်လေသည်။ ထို့ကြောင့် သူသည် ပါလာဝမ်ကျွန်း ပင်လယ်ပြင်သို့ သွားရောက်ကာ ရေနံ ဆက်လက် တူးဖော်ရန် ပြင်ဆင်လေတော့သည်။
...
ဆွန်ဖုန်း အနားယူနေသော တစ်ပတ်အတွင်း ဒီးလ် ရေနံကုမ္ပဏီဘက်မှလည်း လှုပ်ရှားမှုများ ရှိနေခဲ့လေသည်။
ထိုကာလအတွင်း ဒီးလ် ရေနံကုမ္ပဏီသည် ငလျင်စူးစမ်းလေ့လာရေး ကျွမ်းကျင်ပညာရှင် တစ်ဖွဲ့ကို အထူး ဖိတ်ခေါ်ကာ ပါလာဝမ်ကျွန်း ပင်လယ်ပြင်ရှိ ရေနံစင်မြင့်သို့ သွားရောက်ပြီး ငလျင်လှုပ်ခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးစေခဲ့လေသည်။
ဤကိစ္စကို ဒီးလ် ကုမ္ပဏီက အလွန် အလေးထားလေသည်။ ဤသည်မှာ သူတို့၏ ရှေ့ဆက်လုပ်ဆောင်မည့် ရေနံတူးဖော်ရေး လုပ်ငန်းစဉ်ကြီးနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
အကယ်၍ ငလျင်လှုပ်မည်ဆိုပါက သူတို့၏ အစီအစဉ်များ အားလုံး ကမောက်ကမ ဖြစ်သွားနိုင်ပြီး ငလျင်ပြင်းထန်ပါက ရေနံတူးဖော်ရေး လုပ်ငန်းများပင် ရပ်ဆိုင်းသွားနိုင်လေသည်။
သို့သော် တစ်ပတ်နီးပါး စစ်ဆေးလေ့လာပြီးနောက် ကျွမ်းကျင်ပညာရှင်များက ဒီးလ် ရေနံကုမ္ပဏီသို့ အဖြေပေးခဲ့သည်မှာ ထိုနေရာတွင် ငလျင်လှုပ်ခြင်း မရှိခဲ့သလို ငလျင်လှုပ်မည့် အရိပ်အယောင်လည်း မရှိကြောင်းပင် ဖြစ်လေသည်။
ဤအဖြေကြောင့် ရေနံမြေ တာဝန်ခံမှာ အလွန် စိတ်သက်သာရာ ရသွားခဲ့ပြီး ကွင်းဆင်း တာဝန်ခံ ဖြစ်သော မိုက်ကယ်ကို အကြီးအကျယ် ဆူပူကြိမ်းမောင်းတော့လေသည်။ သတင်းအမှားများ ပေးသဖြင့် ကျွမ်းကျင်ပညာရှင်များကို အကုန်အကျခံကာ ခေါ်ယူခဲ့ရသည် မဟုတ်ပါလား။
ကျွမ်းကျင်ပညာရှင်များ ပြန်သွားပြီးနောက် မကျေမချမ်း ဖြစ်နေသော မိုက်ကယ်သည် အဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ ရေနံစင်မြင့် အောက်ခြေရှိ အုတ်မြစ်များကို သေချာစွာ ထပ်မံ စစ်ဆေးစေခဲ့လေသည်။
ယခင်က ဖြစ်ပေါ်ခဲ့သော တုန်ခါမှု နှစ်ကြိမ်မှာ အုတ်မြစ် မခိုင်မာခြင်း သို့မဟုတ် ကျွံကျခြင်းကြောင့်များ ဖြစ်နိုင်မလား ဟု သူ တွေးနေမိလေသည်။
သို့သော် ဤတစ်ကြိမ် အသေးစိတ် စစ်ဆေးပြီးနောက်တွင်လည်း ရေနံစင်မြင့်၏ အုတ်မြစ်များမှာ လုံးဝ လုံခြုံစိတ်ချရကြောင်း တွေ့ရှိရသဖြင့် ဤကိစ္စကို ထိုနေရာတွင်ပင် အဆုံးသတ်လိုက်ရလေတော့သည်။
'ငါ အပိုတွေ တွေးပူမိတာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်'
ရေနံစင်မြင့် ကုန်းပတ်ပေါ်တွင် အစီရင်ခံစာကို နားထောင်ပြီးနောက် မိုက်ကယ်သည် အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
...
"ဟားဟား ငါ ပြန်လာပြီကွ"
ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်း ပင်လယ်ပြင်ရှိ ရေနံမြေသို့ ထပ်မံ ရောက်ရှိလာပြီးနောက် ဝမ်းသာအားရ ရယ်မောကာ ပြောလိုက်လေသည်။
"အသံလက်ထောက် အကာအကွယ် စက်ကွင်းကို ဖွင့်လိုက် S အဆင့် ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ နဲ့ စက်ရုပ် ၅၀၀ ကို ထုတ်ပြီး ရေနံ စတူးကြစို့"
ဆွန်ဖုန်းက တိုက်ရိုက် အမိန့်ပေးလိုက်လေသည်။ အချိန်ဆိုတာ ငွေပဲ မဟုတ်ပါလား။
"လက်ခံရရှိပါတယ်"
အသံလက်ထောက်က ပြန်လည်ဖြေကြားလေသည်။
နောက်တစ်စက္ကန့်တွင် ရေငုပ်စစ်ဝတ်စုံသည် ကီလိုမီတာ နှစ်ဆယ် ပတ်လည် ကျယ်ဝန်းသော အကာအကွယ် စက်ကွင်းကြီးကို ဖွင့်ချလိုက်လေသည်။
ထို့နောက် သိုလှောင်ရုံ အတွင်းမှ စက်ကိရိယာ အလုံး ၄၀ နှင့် စက်ရုပ် ရာပေါင်းများစွာကို ထုတ်လွှတ်ကာ ရေနံများကို ထပ်မံ တူးဖော်စေလေသည်။
"ဟင်းဟင်း သုံးရက်နေရင် ရေနံစိမ်း တန်ချိန် ၁၂ သန်း ထပ်ရဦးမယ်"
ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်လေသည်။
"ဝုန်း ဝုန်း"
ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ သည် မြေကြီးကို ဖောက်ထွင်းကာ ရေနံများကို ထပ်မံ တူးဖော်ကြလေသည်။
ရေနံစုပ်ပိုက် ၄၀ ခုသည် ပင်လယ်ကြမ်းပြင်ရှိ ရွှံ့နွံများထဲသို့ တစ်ပြိုင်နက်တည်း ထိုးသွင်းလိုက်ကြလေသည်။
ထို့နောက် မြေအောက် ကျောက်လွှာများကို လျင်မြန်စွာ ဖောက်ထွင်းကာ မီတာ ၁၀၀ ကျော် အနက်ရှိ ရေနံကြောထဲသို့ ရောက်ရှိသွားကြလေသည်။
ရေနံစုပ် စက်ကိရိယာ ၄၀ လုံးသည် သွေးစုပ်နေသော ခြင်များကဲ့သို့ ရေနံကြောထဲမှ ရေနံများကို စတင် စုပ်ယူနေကြလေတော့သည်။
"ဝါးဟားဟား စုပ်စမ်း စုပ်စမ်း"
ဆွန်ဖုန်းသည် သီချင်းလေး ညည်းကာ အလွန် ပျော်ရွှင်နေလေသည်။
...
ရေနံစင်မြင့်ပေါ်တွင် မိုက်ကယ်နှင့် အလုပ်သမားများ အလုပ်များနေကြစဉ် ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်ကို ထပ်မံ ခံစားလိုက်ကြရလေသည်။
ဤအချိန်တွင် ဆွန်ဖုန်း၏ ရေနံစုပ် စက်ကိရိယာ ၄၀ လုံးသည် နေရာအနှံ့ ဖြန့်ကျက်ထားပြီး အနီးဆုံး စက်တစ်လုံးမှာ ဒီးလ် ရေနံကုမ္ပဏီ၏ စင်မြင့်နှင့် မီတာ နှစ်ထောင်ပင် မကွာဝေးတော့ချေ။
သို့သော် အကာအကွယ် စက်ကွင်း ရှိနေသဖြင့် ဤမျှ နီးကပ်နေစေကာမူ ရေထဲတွင် ရှိနေလျှင်ပင် မည်သူမျှ မြင်တွေ့နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လုံခြုံရေးမှာ အပြည့်အဝ စိတ်ချရလေသည်။
'နောက်ထပ် တုန်ခါမှုလေး ထပ်ဖြစ်ပြန်ပြီ ဒါ ဘာသဘောလဲကွ'
မိုက်ကယ်၏ မျက်နှာမှာ ထူးဆန်းသွားပြီး သူ၏ စိတ်ထဲတွင် သံသယများ ဝင်လာလေသည်။
ဖိတ်ခေါ်ထားသော ဘူမိဗေဒ ပညာရှင်များက ဤနေရာတွင် ငလျင်မလှုပ်နိုင်ကြောင်း ပြောထားပြီး အနည်းဆုံး လတ်တလော အချိန်အတွင်း ငလျင်လှုပ်မည်မဟုတ်ဟု ဆိုထားလေသည်။
မနေ့ကလည်း ရေနံစင်မြင့် အောက်ခြေကို သူကိုယ်တိုင် လူလွှတ်ကာ စစ်ဆေးခိုင်းခဲ့ရာ ဘာပြဿနာမှ မရှိခဲ့ချေ။
သို့သော် တစ်ပတ်ကျော် အကြာတွင် ယခုကဲ့သို့ နောက်ထပ် တုန်ခါမှု ထပ်မံ ဖြစ်ပေါ်လာပြန်ရာ ရေအောက် သတ္တဝါကြီးများများ ရှိနေသလား ဟု သူ တွေးမိလေသည်။
မိုက်ကယ်အနေဖြင့် ထိုတုန်ခါမှုများကို ရေအောက် သတ္တဝါကြီးများကြောင့်ဟုသာ ကောက်ချက်ချလိုက်လေသည်။ ဤအချိန်တွင် ရေအောက်၌ တစ်စုံတစ်ယောက်က ရေနံလာတူးနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
စဉ်းစားကြည့်ပါ မည်သူက ထိုသို့ တွေးမိမည်နည်း ကမ္ဘာပေါ်တွင် ပင်လယ်ကြမ်းပြင် အောက်မှ ရေနံကို တိုက်ရိုက် တူးဖော်နိုင်သူ ရှိသည်လား ၎င်းမှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်လေသည်။
"ဘော့စ် ဟို ဘူမိဗေဒ ပညာရှင် ဆိုတဲ့ ကောင်တွေက ကုမ္ပဏီဆီက ငွေလိမ်စားချင်လို့ ငလျင်မရှိဘူး လျှောက်ပြောသွားတာတော့ မဟုတ်ပါဘူးနော် ဖာ့ခ် ခုနကတင် တစ်ခါ ထပ်တုန်သွားသေးတယ်"
မိုက်ကယ်၏ ဘေးမှ ဂျက်စ် အမည်ရ လူငယ်လေးက ပြောလိုက်လေသည်။
"ဟုတ်တယ် ဟုတ်တယ် ဒါနဲ့ဆို သုံးကြိမ် ရှိသွားပြီ"
"တကယ်ကြီး ငလျင်လှုပ်တာများလား"
ထိုအချိန်တွင် ကုန်းပတ်ပေါ်ရှိ အလုပ်သမားများ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေလေသည်။ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် မည်သူက တည်ငြိမ်စွာ နေနိုင်မည်နည်း။