အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) ထူးဆန်းသော ဖြစ်ရပ်
"ဘော့စ် ဒီကိစ္စကို အထက်ကို သတင်းပို့ရမလား"
ဂျက်စ်က ကျိန်ဆဲလိုက်ပြီးနောက် မျက်နှာပေါ်တွင် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများဖြင့် မိုက်ကယ်ကို မေးလိုက်လေသည်။
ဤတတိယအကြိမ် တုန်ခါမှုက လူတိုင်း၏ အာရုံကြောများကို တင်းမာသွားစေခဲ့သည်။
ထိုကျွမ်းကျင်ပညာရှင်များက ငလျင်လှုပ်မည့် အရိပ်အယောင်မရှိဟု ပြောခဲ့သော်လည်း ယခု သိသိသာသာပင် ထပ်မံတုန်ခါလာပြန်လေပြီ။ သူတို့က ဤနေရာတွင် အလုပ်လုပ်နေသူများဖြစ်ရာ အကယ်၍ တကယ်တမ်း ငလျင်လှုပ်ခဲ့လျှင် အကြီးအကျယ် နစ်နာရမည် မဟုတ်ပါလား။
ထိုကျွမ်းကျင်ပညာရှင်များက ဤနေရာတွင် အလုပ်လုပ်နေခြင်းမဟုတ်သဖြင့် သူတို့၏ လက်ရှိခံစားချက်ကို နားလည်နိုင်မည် မဟုတ်ချေ။
"ဟုတ်တယ် ဘော့စ် အရင်က ကျွန်တော်တို့ ဒီလို ထူးဆန်းတဲ့ကိစ္စမျိုး တစ်ခါမှ မကြုံဖူးဘူး ကိစ္စကို သေချာ မစုံစမ်းဘူးဆိုရင် ညီအစ်ကိုတွေ အလုပ်လုပ်ရတာ စိတ်အေးရမှာ မဟုတ်ဘူး"
"မှန်တယ် ဘော့စ် ကျွန်တော်တို့က ဒီမှာ အကြောင်းမဲ့ အသက်မသေချင်ဘူး"
ပတ်ဝန်းကျင်ရှိ လူများကလည်း ဆူညံပွက်လောရိုက်ကာ ညည်းတွားနေကြလေသည်။
မိုက်ကယ်၏ မျက်နှာမှာလည်း လေးနက်တည်ကြည်နေလေသည်။ ဤရေနံစင်မြင့် တည်ဆောက်ရေး၏ တာဝန်ခံတစ်ယောက်အနေဖြင့် လက်ရှိအခြေအနေကို သူ ကောင်းစွာ သိထားလေသည်။
'ဒါ ဘယ်လို အခြေအနေမျိုးလဲ ဒီတုန်ခါမှုက နည်းနည်း ပုံမှန်ဖြစ်နေသလိုပဲ အမြဲတမ်းမဟုတ်ဘဲ တစ်ပတ်ခြားပြီး တစ်ခါလောက် ဖြစ်တတ်တယ်'
မိုက်ကယ် စိတ်ထဲတွင် တွေးနေသော်လည်း ခေါင်းကွဲမတတ် စဉ်းစား၍မရနိုင်အောင် ဖြစ်နေလေသည်။ တကယ်တမ်း ဘာတွေဖြစ်နေသနည်း။ သူသည် ဤကိစ္စကို ထူးဆန်းသော ဖြစ်ရပ်တစ်ခုဟုသာ မှတ်ယူလိုက်ရတော့သည်။
"ကဲကဲ အားလုံး တိတ်တိတ်နေကြတော့ အလုပ်ဆက်လုပ်ကြ ငါ အထက်လူကြီးနဲ့ သွားပြောလိုက်ဦးမယ်"
မိုက်ကယ်၏ စိတ်ထဲတွင်လည်း အလွန် ရှုပ်ထွေးနေလေသည်။ ပတ်ဝန်းကျင်ရှိ အလုပ်သမားများကို လက်ဝှေ့ယမ်းပြပြီးနောက် အလုပ်ခန်းဆီသို့ လျှောက်သွားလေသည်။
"အားလုံး လူစုခွဲကြတော့ ဘော့စ်ဆီက သတင်းကောင်းကို စောင့်ကြတာပေါ့"
လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဖြစ်သော ဂျက်စ်က လူတိုင်းကို ဖျောင်းဖျလိုက်လေသည်။
မိုက်ကယ်သည် အလုပ်ခန်းထဲသို့ ရောက်သောအခါ တံခါးကို ပိတ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ဒီးလ် ရုံးချုပ်သို့ ဖုန်းခေါ်လိုက်လေသည်။
သူသည် ဤရေနံမြေ၏ အထွေထွေ မန်နေဂျာဖြစ်သူ အန်ဒါဆန်ထံသို့ ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။
မကြာမီ ဖုန်းဝင်သွားလေသည်။
"ဟလို မန်နေဂျာ အန်ဒါဆန်လား ကျွန်တော် မိုက်ကယ်ပါ"
မိုက်ကယ်က ပြောလိုက်လေသည်။
ဖုန်းတစ်ဖက်ခြမ်းတွင် မန်နေဂျာ အန်ဒါဆန်သည် မိုက်ကယ်ထံမှ ဖုန်းလာသည်ကို မြင်သောအခါ လက်ထဲရှိ အလုပ်များကို ချထားလိုက်ပြီး ပြောလိုက်လေသည်။
"မိုက်ကယ် ရေနံမြေဘက်မှာ ဘာတွေဖြစ်နေပြန်ပြီလဲ"
မိုက်ကယ် သူ၏ထံသို့ ဖုန်းခေါ်တိုင်း ပါလာဝမ်ကျွန်း ရေနံမြေဘက်မှ ကိစ္စများသာ ဖြစ်ကြောင်း သူ သိထားလေသည်။ ယခင်တစ်ခေါက်ကလည်း ရေနံမြေ ပင်လယ်ပြင်တွင် ငလျင်လှုပ်မည့် အန္တရာယ်ရှိသည်ဟု မိုက်ကယ်က သတင်းပို့ခဲ့သဖြင့် ကျွမ်းကျင်ပညာရှင် တစ်ဖွဲ့ကို သူ စေလွှတ်ခဲ့ရသေးသည်။
သို့သော် ဟိုစစ်ဒီစစ် လုပ်ပြီးနောက် မည်သည့်ကိစ္စမှ မရှိခဲ့သဖြင့် မိုက်ကယ်ကို အကြီးအကျယ် ဆူပူကြိမ်းမောင်းခဲ့ရသေးသည်။ ဘာမဟုတ်သည့် ကိစ္စကို အပိုတွေ တွေးပူကာ သံသယဝင်နေသဖြင့် လက်ရှိတွင် မိုက်ကယ်အပေါ် သူ၏ လေသံမှာ သိပ်မကောင်းလှချေ။
"မန်နေဂျာ ခုနကတင် ရေနံမြေဘက်က ရေနံစင်မြင့်ပေါ်မှာ နောက်ထပ် တုန်ခါမှုလေး တစ်ခု ထပ်ဖြစ်သွားပြန်တယ် အရင်တစ်ခေါက်က ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီမှာ ငလျင်အန္တရာယ် မရှိဘူးလို့ ပြောခဲ့ကြပေမယ့် ခုနက တုန်ခါမှုကတော့ တကယ်ကို အစစ်အမှန်ကြီးပါ ကျွန်တော် စိုးရိမ်တာက"
မိုက်ကယ်က နောက်ဆက်တွဲ စကားကို ဆက်မပြောတော့ဘဲ အန်ဒါဆန်၏ စကားကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
ဖုန်းတစ်ဖက်ခြမ်းတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိုက်ကယ်ကို လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။
"မိုက်ကယ် မင်း နောက်နေတာ မဟုတ်တာ သေချာတယ်နော်"
အန်ဒါဆန်၏ လေးနက်သော လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ရောယှက်နေလေသည်။ မိုက်ကယ်က ဤပြဿနာကို ထပ်မံ ထုတ်ဖော်ပြောဆိုရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"မန်နေဂျာ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး တကယ်ကြီးပါ ခင်ဗျား မယုံရင် ကုန်းပတ်ပေါ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ အားလုံးကို မေးကြည့်လို့ ရပါတယ်"
မိုက်ကယ်သည် အန်ဒါဆန်၏ မကျေနပ်မှုကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာလေသည်။ သူ့အနေဖြင့်လည်း မတတ်သာ၍သာ အထက်လူကြီးကို ဖုန်းခေါ်ရခြင်း ဖြစ်လေသည်။ ပုံမှန်ဆိုလျှင် သူသည် ဤအထက်လူကြီးနှင့် ဆက်ဆံရသည်ကို မနှစ်သက်ချေ။
အန်ဒါဆန်သည် မိုက်ကယ်၏ စကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။ မိုက်ကယ်အနေဖြင့် အဆူခံရအောင် တမင်တကာ ဖုန်းဆက်မည့် အရူးတစ်ယောက် မဟုတ်ကြောင်း သူ သိလေသည်။
သူ၏စကားအရ ပါလာဝမ်ကျွန်းဘက်တွင် တကယ်ပဲ ထူးဆန်းသော ပြဿနာများ ရှိနေသည်များလား ဟု တွေးမိလေသည်။ သို့သော် သူ စေလွှတ်ခဲ့သော ကျွမ်းကျင်ပညာရှင် အဖွဲ့၏ စစ်ဆေးချက်အရ ပါလာဝမ်ကျွန်းတွင် ငလျင်လှုပ်နိုင်ခြေ ရှိနိုင်သော်လည်း လတ်တလောတွင်မူ ငလျင်မလှုပ်နိုင်ကြောင်း သိရလေသည်။
သို့ဆိုလျှင် ရေနံစင်မြင့်ပေါ်တွင် ဖြစ်ပေါ်နေသော တုန်ခါမှုများက ဘာအကြောင်းကြောင့် ဖြစ်ရသနည်း။
တကယ်တမ်းတွင် သူတို့အားလုံး မသိခဲ့သည်မှာ ထိုတုန်ခါမှုများ အားလုံးက ဆွန်ဖုန်း၏ S အဆင့် ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ ကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်လေသည်။
"ပင်လယ်ကြမ်းပြင်မှာ စိုက်ထားတဲ့ ရေနံစင်မြင့်ရဲ့ အုတ်မြစ်ကို လူလွှတ်ပြီး စစ်ဆေးခိုင်းပြီးပြီလား အုတ်မြစ် ခိုင်ရဲ့လား အောက်ခြေမှာ ကျွံကျတာတွေ ဘာတွေ ဖြစ်နေသလား"
အန်ဒါဆန်က ဆက်မေးလိုက်လေသည်။
"မနေ့ကပဲ လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်ပါတယ် စုစုပေါင်း နှစ်ခေါက်တောင် စစ်ထားတာပါ အုတ်မြစ်ရော အုတ်မြစ်ချထားတဲ့ ပင်လယ်ကြမ်းပြင်က မြေကြီးပါ အလွန် ခိုင်မာပါတယ် ပြိုကျဖို့ မဖြစ်နိုင်ပါဘူး ပြီးတော့ ကျွန်တော်တို့ ရေနံစင်မြင့် ဆောက်ဖို့ ဒီနေရာကို ရွေးခဲ့တုန်းကလည်း သေချာ စဉ်းစားတွက်ချက်ပြီးမှ ရွေးချယ်ခဲ့ကြတာပါ"
မိုက်ကယ်က အတည်ပြုသည့် လေသံဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ထူးဆန်းနေပြီ"
အန်ဒါဆန်က တီးတိုးရေရွတ်လိုက်ပြီးနောက် မိုက်ကယ်ကို အေးစက်စွာ ပြောလိုက်လေသည်။
"အုတ်မြစ်လည်း ဘာမှမဖြစ်ဘူး ငလျင်လည်း မရှိဘူးဆိုရင် နောက်ဒီလိုကိစ္စမျိုး ဖြစ်ရင် သတင်းမပို့နဲ့တော့ မင်းအလုပ်ကို သေချာ လုပ်ပါ ငလျင်လည်း မဟုတ်ဘူး အုတ်မြစ် ပြဿနာလည်း မဟုတ်ဘူးဆိုရင် ဒီလို တုန်ခါမှု အသေးစားလေးက ဘာပြဿနာမှ မဟုတ်ဘူး"
အန်ဒါဆန်က မိုက်ကယ်၏ ဖုန်းကို တိုက်ရိုက် ချလိုက်လေသည်။
ဖုန်းချသွားသည့် အသံကို ကြားလိုက်ရသောအခါ မိုက်ကယ်၏ မျက်နှာမှာ မကောင်းလှချေ။
"ဟူး အလုပ်သမားတွေကိုပဲ သေချာ ပြန်ထိန်းထားရတော့မှာပေါ့"
အလုပ်ခန်းထဲမှ ထွက်လာပြီးနောက် ဂျက်စ်က မိုက်ကယ်ကို မြင်သောအခါ အမြန်ပြေးလာပြီး မေးလိုက်လေသည်။
"ဘော့စ် အထက်က ဘယ်လိုပြောလိုက်လဲ ကျွမ်းကျင်ပညာရှင်တွေ ထပ်လွှတ်ဦးမလား"
"ဟွန်း ကျွမ်းကျင်ပညာရှင်လည်း မလာဘူး ငလျင် မဟုတ်မှတော့ ငါတို့ အလုပ် သေချာ လုပ်ကြတာပေါ့ မင်း အလုပ်သမားတွေကို သေချာ ဖြေသိမ့်ထားလိုက် ဒီလို တုန်ခါမှုလေးနဲ့ ဘာမှမဖြစ်ပါဘူး"
မိုက်ကယ်က စကားတစ်ခွန်းသာ ပြောချခဲ့ပြီး ထွက်သွားလေတော့သည်။
"ဟင်"
ဂျက်စ်မှာ နေရာတွင်ပင် မှင်တက်သွားလေတော့သည်။
...
အပေါ်ဘက်တွင် ဖြစ်ပျက်နေသည်များကို ဆွန်ဖုန်း လုံးဝ မသိခဲ့ချေ။
လက်ရှိတွင် သူသည် ပင်လယ်ကြမ်းပြင်တွင် သီချင်းလေး ညည်းကာ မြေအောက်မှ ရေနံစိမ်းများကို အဆက်မပြတ် စုပ်ယူနေသော ရေနံစုပ် စက်ကိရိယာ အလုံး ၄၀ ကို ကြည့်ရင်း ပျော်ရွှင်နေလေသည်။
"ဟားဟား ၃ ရက်နေရင် ရေနံစိမ်း တန်ချိန် ၁၂ သန်း ထပ်ရပြန်ပြီ"
ဆွန်ဖုန်းက ကိုယ့်ဘာသာ ပြောလိုက်လေသည်။
"ဒီအလတ်စား ရေနံမြေရဲ့ သိုလှောင်ပမာဏက ရေနံစိမ်း တန်ချိန် ၃၁၁.၂ သန်းလောက် ရှိတာ ငါ တစ်ခေါက်လာမှ တန်ချိန် ၁၂ သန်းပဲ တူးနိုင်တယ်ဆိုတော့ ဒီရေနံမြေ ပြောင်သွားဖို့ဆိုရင် အခေါက်ပေါင်း ၂၀ ၃၀ လောက် လာရတော့မှာပဲ တကယ်တော့ နည်းနည်း အလုပ်ရှုပ်တယ်"
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။
"တကယ်ကို အလုပ်ရှုပ်ပါတယ် တကယ်လို့ ကြီးမြတ်တဲ့ ကျွန်တော့်မှာ ရေအောက် တူးဖော်ရေး စနစ်ကြီးအတွက် အဆင့်မြင့် စွမ်းအင် အသုံးပြုခွင့် ရမယ်ဆိုရင် အော် မဟုတ်ဘူး အလယ်အလတ် စွမ်းအင်ပဲ ဖြစ်ဖြစ် ရမယ်ဆိုရင်တောင် တစ်ရက်တည်းနဲ့ ဒီရေနံမြေကြီးကို ခန်းခြောက်သွားအောင် စုပ်ပစ်နိုင်တယ်"
အသံလက်ထောက်က ထွက်ပေါ်လာပြီး အလွန် ကြွားဝါသော လေသံဖြင့် ပြောလိုက်လေသည်။
"ဒါဆို အဆင့်နိမ့် စွမ်းအင်ဆိုရင်ကော"
ဆွန်ဖုန်းက မေးလိုက်လေသည်။
"အဆင့်နိမ့် စွမ်းအင်ဆိုရင်တော့ ၃ ရက်လောက်ဆို ပြောင်ပြီပေါ့"
အသံလက်ထောက်က ပြန်ဖြေလေသည်။
"ဒါဆို အဆင့်မြင့် စွမ်းအင်က လုံးဝ ပြိုင်ဘက်ကင်း ဖြစ်မနေဘူးလား"
ဆွန်ဖုန်းသည် အသံလက်ထောက်၏ စကားကို ကြားသောအခါ အလွန် စိတ်ဝင်စားသွားလေသည်။
"ဒါပေါ့ ကျွန်တော်တို့ရဲ့ ရေအောက် တူးဖော်ရေး စနစ်ကြီးမှာသာ အဆင့်မြင့် စွမ်းအင်ကို အသုံးပြုလို့ ရမယ်ဆိုရင် နာရီဝက်တည်းနဲ့ ဒီရေနံမြေကြီးကို ကုန်အောင် တူးဖော်ပစ်နိုင်တယ်"
"ဖူး ကောင်းတယ် အရမ်း အစွမ်းထက်တာပဲ"
ဆွန်ဖုန်းက နှုတ်ခမ်းသပ်ကာ ပြောလိုက်လေသည်။
"အဆင့်မြင့် စွမ်းအင် အဆင့်မြင့် စွမ်းအင် ငါ မင်းကို ဘယ်သွားရှာရမလဲ"
ဆွန်ဖုန်းက တီးတိုးရေရွတ်လိုက်လေသည်။
"အဆင့်မြင့် စွမ်းအင်က အဲ့ဒီလောက် ရှာရ လွယ်မလား ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ နေအဖွဲ့အစည်း ထဲမှာတော့ လုံးဝ ရှိမှာ မဟုတ်ဘူး အလယ်အလတ် စွမ်းအင်ကတော့ နေအဖွဲ့အစည်းထဲမှာ ရှိကောင်း ရှိနိုင်တယ် အဆင့်နိမ့် စွမ်းအင်ကတော့ တော်တော်များများ ရှိသင့်တယ် ဒါပေမယ့် ကမ္ဘာမြေပေါ်မှာတော့ တစ်ခုမှ မရှိဘူး"
အသံလက်ထောက်က ပြောလိုက်လေသည်။
"ကောင်းပြီလေ ငါတို့က ကမ္ဘာမြေ အပြင်ဘက်ကိုတောင် မထွက်နိုင်သေးဘဲ နေအဖွဲ့အစည်းထဲက အဲဒီ အဆင့်နိမ့် အလယ်အလတ် စွမ်းအင်တွေကို ဘယ်လို သွားရှာမလဲ"
ဆွန်ဖုန်းက မတတ်နိုင်စွာ သက်ပြင်းချလိုက်လေသည်။
"ပိုင်ရှင် ဘာမှမဖြစ်ပါဘူး ခင်ဗျားက အခုဆိုရင် တော်တော်လေး စွမ်းနေပါပြီ"
"......"