← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) ဂြိုလ်သား တွေလား

"ဘာ ရှေ့မှာ ဘာမှမမြင်ရဘဲနဲ့ တစ်ခုခုကို ဝင်တိုက်မိတယ် ဟုတ်လား ဒါ ဘယ်လိုဖြစ်ရတာလဲ သိပ္ပံရုပ်ရှင် ရိုက်နေတာလား ဒါမှမဟုတ် ဂြိုဟ်သားတွေနဲ့များ တွေ့နေတာလား"

ဂျက်စ်မှာ မှင်တက်သွားပြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကာ အလွန် အံ့ဩသွားလေသည်။

"မသိဘူး ဝီလျံတို့နဲ့ တွေ့မှ သေချာ မေးကြည့်ရမယ် အခု ဖုန်းထဲကနေ ပြောနေတာတော့ သေချာ နားမလည်ဘူး"

မိုက်ကယ်က ခေါင်းခါပြလိုက်လေသည်။

လက်ရှိအချိန်တွင် မိုက်ကယ်သည် အခြေအနေကို အသိချင်ဆုံးလူ ဖြစ်နေသော်လည်း ဝီလျံဘက်မှ ဆက်သွယ်ရေးမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသဖြင့် ဘာတွေပြောနေမှန်း သေချာ မရှင်းလင်းချေ။

"ဘော့စ် ကျွန်တော်တို့ ရေပေါ် ပြန်တက်လာပါပြီ အောက်ဘက်က အန္တရာယ်ရှိတယ် ကျွန်တော့် အကြံပေးချင်တာကတော့ ညီအစ်ကိုတွေ အားလုံးကို ရေပေါ် ပြန်တက်လာခိုင်းတာ အကောင်းဆုံးပဲ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုး ထပ်ကြုံလာရင် အရမ်း အန္တရာယ်များတယ်"

ထိုအချိန်တွင် ဝီလျံ၏ စိုးရိမ်တကြီး ပြောသံကို ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ကြားလိုက်ရလေသည်။

မိုက်ကယ်သည် ထိုစကားကို ကြားပြီးနောက် ခဏမျှ တိတ်ဆိတ်သွားလေသည်။

တကယ်တမ်းဆိုရလျှင် ဝီလျံတို့ ကြုံတွေ့ခဲ့ရသော အခြေအနေကို သူ အလွန် သိချင်နေသော်လည်း သူ၏ လက်အောက်ငယ်သားများ၏ အသက်ကို စတေး၍ စွန့်စားရန်မှာမူ မဖြစ်နိုင်ချေ။

"ကောင်းပြီလေ ဂျက်စ် ညီအစ်ကိုတွေကို ရေပေါ် ပြန်တက်လာဖို့ ပြောလိုက်တော့"

နောက်ဆုံးတွင် မိုက်ကယ်သည် လုံခြုံရေးကိုသာ ဦးစားပေးရန် ဆုံးဖြတ်လိုက်ပြီး ယနေ့ ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် ကိစ္စကို ရုံးချုပ်သို့ အစီရင်ခံကာ ရုံးချုပ်မှ လူလွှတ်၍ စုံစမ်းစစ်ဆေးစေရန်သာ ဆုံးဖြတ်လိုက်လေသည်။

ဤမျှ ထူးဆန်းသော ကိစ္စကြီးမှာ သူ ကိုင်တွယ်နိုင်စွမ်း ရှိသည့် အရာ မဟုတ်တော့ချေ။

"ကောင်းပါပြီ"

ဂျက်စ်က အဖြေပေးလိုက်ပြီး ကျန်သော ရေငုပ်သင်္ဘော နှစ်စင်းကို ဆက်သွယ်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော် ထိုအချိန်တွင် ဆက်သွယ်ရေးလိုင်းမှ နောက်ထပ် အလန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြန်လေသည်။

"အား ဖာ့ခ် ငါတို့ ဘာကြီးနဲ့ သွားတိုက်မိတာလဲ ရေငုပ်သင်္ဘောရဲ့ မှန်တွေ ကွဲအက်ကုန်ပြီ အမြန် ရေပေါ်တက် အမြန် ရေပေါ်တက် ရေတွေ ဝင်လာပြီ ရေတွေ ဝင်လာပြီ"

မိုက်ကယ်သည် ဆက်သွယ်ရေးလိုင်းမှ ကယ်လ်ဗင်၏ အလောတကြီး အော်ဟစ်သံကို ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် 'ဒိန်း' ခနဲ ဖြစ်သွားပြီး ရင်လေးသွားလေသည်။

ဒုတိယ ရေငုပ်သင်္ဘောသည်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့လိုက်ရပြန်ပြီ ဖြစ်လေသည်။

"ကယ်လ်ဗင် ဘာတွေဖြစ်တာလဲ အခြေအနေ ဆိုးလား"

မိုက်ကယ်က စိုးရိမ်တကြီး အော်မေးလိုက်လေသည်။

"ဘော့စ် ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ကျွန်တော်တို့က လမ်းကြောင်းအတိုင်း ရေအောက်မှာ တစ်နာရီ ၁၀ မိုင် နှုန်းလောက်နဲ့ ရှေ့ကို သွားနေတာ ရုတ်တရက်ကြီး ကျွန်တော်တို့ ရေငုပ်သင်္ဘောက တစ်ခုခုနဲ့ သွားတိုက်မိသလို ခံစားလိုက်ရတယ် ပြီးတော့ အဲ့ဒီ အရှိန်ကြောင့် မှန်တွေ ကွဲအက်ကုန်ပြီး အခု ရေတွေ ဝင်လာနေပြီ ကျွန်တော်တို့ ရေပေါ်ကို ပြန်တက်နေတယ်"

ကယ်လ်ဗင်မှာ ငိုသံပါကြီးဖြင့် ပြောနေပြီး အလွန် ကြောက်လန့်နေကြောင်း သိသာလှလေသည်။

"မင်းတို့ အမြန်ဆုံး ရေပေါ်တက်လာခဲ့ အရမ်း အန္တရာယ်များရင် ရေငုပ်သင်္ဘောကို စွန့်ပစ်လိုက်တော့"

မိုက်ကယ်က ကယ်လ်ဗင်ကို ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဘော့စ် ကျွန်တော်တို့ ဒီအနီးနားမှာ ဆက်ပြီး မရှာရဲတော့ဘူး တခြား ညီအစ်ကိုတွေပါ ကျွန်တော်တို့လို အဖြစ်မျိုး ကြုံရမှာကို စိုးရိမ်တယ် ဒီတစ်ခေါက် ကျွန်တော်တို့က တစ်နာရီ ၁၀ မိုင် နှုန်းလောက်နဲ့ သွားလို့သာ တော်သေးတယ် အရှိန်သာ နည်းနည်း ပိုများခဲ့ရင် ကျွန်တော်တို့ ရေငုပ်သင်္ဘောက ရေအောက်မှာတင် ပျက်စီးသွားလောက်တယ်"

"အင်း သိပြီ မင်းတို့ သတိထားကြ"

မိုက်ကယ်၏ မျက်နှာမှာ မည်းမှောင်နေလေသည်။ ယနေ့ ဤကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"အားလုံး ရေပေါ် ပြန်တက်ခဲ့ကြ အားလုံး ရေပေါ် ပြန်တက်ခဲ့ကြ"

မိုက်ကယ်သည် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် အော်ဟစ် အမိန့်ပေးလိုက်လေသည်။

"ဝုန်း"

ထိုစဉ် ကျယ်လောင်သော အသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် မိုက်ကယ်တို့ စီးနင်းလာသော ရေငုပ်သင်္ဘောသည်လည်း ထိုအခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရလေသည်။

သူတို့သည် အချိန်မီ ရေပေါ် မတက်နိုင်ခဲ့ဘဲ ဆွန်ဖုန်း၏ ရေငုပ်စစ်ဝတ်စုံက ဖွင့်ထားသော အကာအကွယ် စက်ကွင်းနှင့် သွားရောက် တိုက်မိခြင်း ဖြစ်လေသည်။

အကာအကွယ် စက်ကွင်းမှာ သံမဏိကဲ့သို့ မာကျောပြီး သာမန် မျက်စိဖြင့် မမြင်နိုင်ချေ။

မိုက်ကယ်သည် မှန်ပြတင်းပေါက်မှ တစ်ဆင့် ရှေ့သို့ ကြည့်လိုက်ရာတွင် ပင်လယ်ရေမှလွဲ၍ မည်သည့်အရာမျှ မမြင်ရသော်လည်း ဤသို့ အမည်မသိ အရာတစ်ခုနှင့် တိုက်မိသွားခဲ့ခြင်း ဖြစ်လေသည်။

ရေငုပ်သင်္ဘော အတွင်းတွင် အကြီးအကျယ် တုန်ခါသွားပြီး မိုက်ကယ်နှင့် ဂျက်စ်တို့မှာ ဟိုဘက်ဒီဘက် လူးလှိမ့်သွားကြလေသည်။

မိုက်ကယ်၏ နဖူးမှာ အပေါ်မျက်နှာကြက်နှင့် ဆောင့်မိသွားပြီး သွေးများပင် ထွက်လာလေသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

မိုက်ကယ်က အလန့်တကြား အော်ဟစ်လိုက်လေသည်။

"ဘော့စ် ကျွန်တော်တို့လည်း တိုက်မိသွားပြီ ထင်တယ် ဒါပေမယ့် ဘာနဲ့ တိုက်မိလဲဆိုတာကို လုံးဝ မမြင်ရဘူး ပတ်ဝန်းကျင်မှာ ဘာမှမရှိဘူး ပင်လယ်ရေကလွဲရင် ဘာမှမရှိဘူး"

ဂျက်စ်မှာလည်း အံ့အားသင့်ကာ အော်ဟစ်နေပြီး အလွန် ကြောက်လန့်နေပုံ ရလေသည်။

"မြန်မြန် ရေပေါ်တက် ရေပေါ်တက်"

မိုက်ကယ်သည် လျင်မြန်စွာပင် တည်ငြိမ်သွားလေသည်။

မသိနိုင်သော အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ အန္တရာယ်၏ အကြောင်းရင်းကို ရှာဖွေရန် မဟုတ်ဘဲ မိမိ၏ အသက်ကို ကယ်တင်ရန်သာ ဖြစ်သည်။ ဤကျိန်စာသင့်နေသော နေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ ဖြစ်လေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့"

ရေငုပ်သင်္ဘော မောင်းနှင်သူမှာလည်း အလွန် လန့်သွားပြီး ကမန်းကတန်း မောင်းနှင်ရာ ရေငုပ်သင်္ဘောမှာ ရှေ့သို့ အနည်းငယ် ထပ်မံ တိုးသွားပြီးနောက်မှ အပေါ်သို့ ဒယိမ်းဒယိုင်ဖြင့် တက်သွားလေတော့သည်။

"ခုနက အခြေအနေအရဆိုရင် ငါတို့ရှေ့မှာ ငါတို့ သွားမယ့်လမ်းကို ပိတ်ဆို့ထားတဲ့ မမြင်ရတဲ့ နံရံကြီး တစ်ခု ရှိနေသလိုပဲ"

စိတ်တည်ငြိမ်သွားသောအခါ မိုက်ကယ်သည် လျင်မြန်စွာပင် သူ၏ ယူဆချက်ကို ပြောပြလိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ် ပထမတစ်ခါ တိုက်မိတုန်းကတော့ ကျွန်တော်တို့ သေချာ မသိလိုက်ဘူး ဒါပေမယ့် နောက်ပိုင်း တိုက်မိတဲ့ အကြိမ်တွေမှာတော့ ရေငုပ်သင်္ဘော မောင်းနှင်သူက လန့်ပြီး ရှေ့ကို ထပ်မောင်းလိုက်မိလို့ ထပ်တိုက်မိသွားတာ အဲ့ဒီတော့မှ ကျွန်တော်တို့ ရှေ့ကို ဆက်သွားလို့ မရတော့ဘူးဆိုတာ သိလိုက်ရတာ ရှေ့မှာ ငါတို့ကို ပိတ်ဆို့ထားတဲ့ နံရံတစ်ခု ရှိနေသလိုပဲ ဒါပေမယ့် ငါတို့ရှေ့မှာ ပင်လယ်ရေကလွဲရင် ဘာမှမရှိဘူးလေ တကယ်ကြီး ဂြိုဟ်သားတွေများ ရှိနေတာလား"

ဂျက်စ်က သံသယဝင်စွာဖြင့် မေးလိုက်လေသည်။

"ငါလည်း သေချာတော့ မသိဘူး ဒါပေမယ့် ငါတို့လူတွေကို ရေနံစင်မြင့်ပေါ်ကနေ အခုချက်ချင်း ဆုတ်ခွာခိုင်းလိုက် အားလုံး သင်္ဘောပေါ် ပြောင်းတက်ပြီး ဒီနေရာကနေ ထွက်သွားကြမယ် ပြီးတော့ အထက်ကို သတင်းပို့ရမယ်"

မိုက်ကယ်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်လေသည်။

"ကောင်းပါပြီ"

မိုက်ကယ်တို့ တစ်စုမှာ အလန့်တကြားဖြင့် ထွက်ပြေးသွားကြလေတော့သည်။

...

"သတင်းပို့ပါတယ် ပိုင်ရှင် တစ်ကီလိုမီတာ အကွာမှာ ကျူးကျော်သူတွေ ရောက်နေပါတယ် ကျူးကျော်သူတွေ ရောက်နေပါတယ် လူစီး ရေငုပ်သင်္ဘော ၄ စင်းက ကျွန်တော်တို့ရဲ့ အကာအကွယ် စက်ကွင်းကို လာတိုက်မိပါတယ် ဒါပေမယ့် လောလောဆယ် သူတို့ ဝင်လာလို့ မရပါဘူး အကာအကွယ် စက်ကွင်း အတွင်းက အခြေအနေတွေကိုလည်း သူတို့ မမြင်ရပါဘူး ပိုင်ရှင် စိုးရိမ်စရာ မလိုပါဘူး"

အသံလက်ထောက်က ရုတ်တရက် သတိပေးလိုက်လေသည်။

"လခွီး ငါ့ကို လန့်သွားအောင် လုပ်တယ်"

ဆွန်ဖုန်းမှာ ထိုသတင်းကို ကြားသောအခါ စိတ်ထဲတွင် လန့်သွားလေသည်။ သူ ခိုးတူးနေသည်ကို သူများတွေ သိသွားပြီလား။

'ပင်လယ်ကမ်းစပ်မှာ အမြဲ လမ်းလျှောက်နေမှတော့ တစ်နေ့ ဖိနပ် ရေစိုမှာပဲပေါ့' ဟု သူ တွေးလိုက်မိသည်။

သို့သော် အသံလက်ထောက် ပြောသည်မှာလည်း မှန်ပေသည်။ သူ ပေါ်သွားလျှင်ပင် တစ်ဖက်လူက သူတို့ ဘာနှင့် ကြုံတွေ့နေရသည်ကို သိမည် မဟုတ်ချေ။

အကာအကွယ် စက်ကွင်း ရှိနေသဖြင့် သူတို့ ဘာမျှ မြင်ရမည် မဟုတ်ဘဲ အကြောင်းမဲ့သက်သက် တစ်ခုခုကို ဝင်တိုက်မိသကဲ့သို့သာ ခံစားရမည် ဖြစ်ပြီး ရှေ့တွင်လည်း ပင်လယ်ရေသာ ရှိနေမည် ဖြစ်လေသည်။

"ဟားဟား ပိုင်ရှင် သူတို့က ဂြိုဟ်သားတွေနဲ့များ တွေ့နေပြီလားလို့တောင် ထင်နေလောက်ပြီ ဟီးဟီး"

အသံလက်ထောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"အင်း မင်းကလည်း ဂြိုဟ်သားတွေရဲ့ ပစ္စည်းပဲလေ"

ဆွန်ဖုန်းက အသံလက်ထောက်ကို မျက်စောင်းထိုးလိုက်လေသည်။

တကယ်တမ်းတွင် အသံလက်ထောက် ပြောသည်မှာ မှန်ပေသည်။ ယခုတစ်ကြိမ် ဆွန်ဖုန်း ပေါ်သွားသော်လည်း တစ်ဖက်လူက သူ၏ သတင်းအချက်အလက်များကို လုံးဝ မသိရှိနိုင်ချေ။

သူတို့အနေဖြင့် ပင်လယ်ကြမ်းပြင်တွင် တစ်ခုခုနှင့် အကြောင်းမဲ့ ဝင်တိုက်မိသော်လည်း ထိုအရာကို မမြင်ရ မထိတွေ့ရသဖြင့် ဂြိုဟ်သားများ သို့မဟုတ် နာမ်လောကနှင့် သက်ဆိုင်သော ဖြစ်ရပ်များ သိပ္ပံနည်းကျ ရှင်းပြ၍ မရသော ဖြစ်ရပ်များဟုသာ မှတ်ယူကြမည်မှာ အသေအချာပင် ဖြစ်လေသည်။

"ပိုင်ရှင် ကျွန်တော်တို့ အလုပ်သိမ်းကြစို့ ခဏနေရင် သူတို့ဆီက စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရောက်လာလောက်တယ်"

အသံလက်ထောက်က ဆွန်ဖုန်းကို ပြောလိုက်လေသည်။

"ဟူး ကောင်းပြီလေ ပြန်ကြတာပေါ့"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "နှမြောစရာပဲ ဒီတစ်ခေါက် တန်ချိန် ၂ သန်းလောက်ပဲ ရသေးတယ် သူတို့ အနှောင့်အယှက်ပေးလို့ ရပ်လိုက်ရတာ ကြည့်ရတာ နောက်တစ်ခါ ဒီနေရာကို လာခိုးလို့ မရတော့ဘူး ထင်တယ်"

ဆွန်ဖုန်းက မကျေမနပ် ပြောနေသည်ကို မြင်သောအခါ အသံလက်ထောက်က ရယ်မော၍ ပြောလိုက်လေသည်။

"တော်ပါတော့ ပိုင်ရှင်ရယ် ဒီတစ်ခေါက်ဆိုရင် ခင်ဗျား ရေနံစိမ်း တန်ချိန် သန်း ၅၀ လောက်တောင် ရနေပြီပဲ ရောင့်ရဲလိုက်ပါတော့"

"ကောင်းပြီ အိမ်ပြန်ကြစို့"

ရေငုပ်စစ်ဝတ်စုံသည် တူးဖော်ရေး စက်ကိရိယာများနှင့် စက်ရုပ်များကို သိမ်းဆည်းလိုက်ပြီး အကာအကွယ် စက်ကွင်းကို ရုပ်သိမ်းကာ ဟိုင်ယန်မြို့သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားလေတော့သည်။

...

"ဘာ မင်းတို့ရဲ့ ရေငုပ်သင်္ဘောတွေ ရေနံစင်မြင့် အနီးအနား ပင်လယ်ကြမ်းပြင်မှာ အမည်မသိ အရာဝတ္ထုနဲ့ တိုက်မိပြီး သုံးစင်းတောင် ပျက်စီးသွားတယ် ဟုတ်လား"

အန်ဒါဆန်သည် ဖုန်းထဲမှ မိုက်ကယ်၏ စိုးရိမ်တကြီး ပြောသံကို ကြားသောအခါ မျက်မှောင် အလွန်ကြုတ်သွားလေသည်။

"ဟုတ်ပါတယ် မန်နေဂျာ ကျွန်တော်တို့ ရေငုပ်သင်္ဘော သုံးစင်းက အနီးနား ပင်လယ်ပြင်မှာ ရှာဖွေရေး လုပ်နေတုန်း အကြောင်းမဲ့သက်သက် အမည်မသိ အရာဝတ္ထု တစ်ခုနဲ့ သွားတိုက်မိတာပါ အင်း ရှေ့မှာ မမြင်ရတဲ့ နံရံကြီး တစ်ခုက ပိတ်ဆို့ထားသလိုမျိုး ခံစားရတယ် ကျွန်တော်တို့လည်း ဘာမှ မမြင်ရဘူး ဒီအတိုင်း ဝင်တိုက်မိသွားတာ"

မိုက်ကယ်က ရှင်းပြလေသည်။

"မိုက်ကယ် မင်း တော်တော် လိမ်တတ်နေပါလား ရေငုပ်သင်္ဘော သုံးစင်းကို ဖျက်ဆီးပစ်လိုက်ပြီး တာဝန်မယူချင်လို့ ဒီလို ယုံနိုင်စရာ မရှိတဲ့ လိမ်ဆင်ကြီးကို ဖန်တီးပြီး ငါ့ကို လာလိမ်နေတာလား မင်း ငါ့ကို ဘာမှတ်နေလဲ ဟမ် ငါက အရူးလား မင်း ဘာလို့ ပင်လယ်အောက်မှာ ဂြိုဟ်သားတွေရဲ့ စခန်းကို တွေ့ခဲ့တယ်လို့ မပြောလိုက်လဲ မင်းတို့က ဂြိုဟ်သားတွေရဲ့ အဆင့်မြင့် နည်းပညာတွေကြောင့် အထဲကို ဝင်လို့ မရဘူးလို့ကော ဘာလို့ မပြောလဲ အဲ့ဒီလို လိမ်လိုက်ရင် ပိုတောင် စိတ်ဝင်စားစရာ ကောင်းသေးတယ်"

အန်ဒါဆန်မှာ အလွန် ဒေါသထွက်သွားပြီး မိုက်ကယ်ကို အကြီးအကျယ် ဆဲဆိုတော့လေသည်။ မိုက်ကယ်၏ စကားများကို သူ ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်ချေ။ ၎င်းမှာ ယုတ္တိမတန်သော စကားများသာ ဖြစ်သည် မဟုတ်ပါလား။

All Chapters