အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) တစ်ဖက်လူ၏ အံ့ဩမှု
(မှတ်ချက် - ရေနံတစ်တန်မှာ ၆.၂၉ စည်နှင့် ညီမျှပါသည်။ အထက်တွင် ရေနံစည် သန်း ၁၀၀ ဟု ပြောထားသည်ကို မမှားကြပါနှင့်နော်။)
ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီမှ နယူးဖောင်လန် အနောက်ပိုင်းရှိ ရေနံစည် သန်း ၁၀၀ သိုလှောင်ထားနိုင်သော ရေနံမြေနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းလာခြင်းကို နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါကော်မတီမှ တာဝန်ရှိသူများက အလွန်အံ့ဩသွားကြသည်။
တကယ်တော့ ဆွန်ဖုန်း ခန့်မှန်းတာ မှန်ကန်ခဲ့သည်။
ဒီတစ်ကြိမ် နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါပွဲတွင် အဓိက အရေးပါသည်က အရှေ့ပိုင်းရှိ ရေနံမြေ နှစ်ခု၏ တူးဖော်ခွင့်ပင် ဖြစ်သည်။
အနောက်ပိုင်းက တူးဖော်ရခက်ခဲသည့် ရေနံမြေမှာ ကြုံလို့ ထည့်ထားခြင်းသာ ဖြစ်သည်။
နယူးဖောင်လန် အစိုးရဘက်မှ လူများက ရေနံကုမ္ပဏီကြီးများကို စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သည်။
နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာများအောက်တွင် ရှိနေသည့် ရေနံစည် ၃၅ ဘီလီယံအပေါ် သူတို့ စိတ်ဝင်စားမှု ရှိမရှိကို သိချင်ခြင်း ဖြစ်သည်။
နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာများအောက်တွင် ရေနံစည် ၃၅ ဘီလီယံ ရှိနေခြင်းက ဧရာမ ကိတ်မုန့်ကြီး တစ်ခုပင် ဖြစ်သည်။
အကယ်၍သာ တူးဖော်နိုင်ခဲ့လျှင် ကနေဒါနိုင်ငံအတွက် ကြီးမားလှသည့် ဘဏ္ဍာငွေများ ရရှိလာမည် ဖြစ်သည်။
သို့သော် အနောက်ပိုင်းတွင် ထိုမျှ ကြီးမားသော ရေနံသယံဇာတများ ရှိနေကြောင်း တွေ့ရှိပြီးကတည်းက မည်သူကမှ လာရောက်ရင်းနှီးမြှုပ်နှံလိုခြင်း မရှိကြပေ။
တစ်ခုတည်းသော အကြောင်းရင်းမှာ ကျောက်လွှာများအောက်ရှိ ရေနံသည် တူးဖော်ရန် အလွန်ခက်ခဲလွန်းသောကြောင့်ပင် ဖြစ်သည်။
မည်သည့် ရေနံကုမ္ပဏီကမှ ဒီလိုအန္တရာယ်မျိုးကို မစွန့်စားချင်ကြပေ။
အမေရိကတိုက်တွင်လည်း အလားတူ ရေနံသယံဇာတမျိုး ရှိခဲ့ဖူးသည်။
တချို့ ရေနံကုမ္ပဏီများက တူးဖော်ရန် ကြိုးစားခဲ့ကြသော်လည်း ကုန်ကျစရိတ် အလွန်ကြီးမားလွန်းလှသည်။
အများစုမှာ အရှုံးပေါ်သွားကြပြီး နောက်ဆုံးတွင် ဆက်မတူးဖော်နိုင်တော့ဘဲ ရပ်နားခဲ့ရသည်။
ထို့အပြင် ကနေဒါက ရေနံသယံဇာတ ပေါကြွယ်ဝသော နေရာတစ်ခု ဖြစ်သည်။
ထိုရေနံကုမ္ပဏီကြီးများအနေဖြင့် တူးဖော်ရန် လွယ်ကူသော ရေနံမြေများကိုထားခဲ့ပြီး တူးဖော်ရန်ခက်ခဲသည့် ရေနံမြေတွင် သွားရောက်ရင်းနှီးမြှုပ်နှံပါ့မလား။
သူတို့ ဦးနှောက်ချို့ယွင်းနေမှသာ ထိုသို့ လုပ်ကြလိမ့်မည်။
ရေနံကုမ္ပဏီကြီးများက အလျင်မလိုကြသော်လည်း ကနေဒါအစိုးရကတော့ အလွန်အလျင်လိုနေသည်။
ရေနံစည် ၃၅ ဘီလီယံဆိုသည့် ပမာဏက နည်းလှသည်မဟုတ်ပေ။
သူတို့က ရင်းနှီးမြှုပ်နှံသူများကို အမြန်ဆုံး ရှာဖွေချင်နေကြသော်လည်း နှစ်အနည်းငယ် ကြာသွားသည်အထိ မည်သူကမှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
နယူးဖောင်လန် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမတစ်ခုထဲတွင် လူလတ်ပိုင်း နိုင်ငံခြားသား လေးငါးယောက် ထိုင်နေကြသည်။
သူတို့က ဒီတစ်ကြိမ် ရေနံမြေ တင်ဒါပွဲကို တာဝန်ယူရသည့် အဓိက တာဝန်ရှိသူများ ဖြစ်ကြသည်။
"စတီဗင် ခုနက ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ဆက်သွယ်လာတယ် ဒီကုမ္ပဏီက ငါတို့ အနောက်ပိုင်းက ရေနံစည် သန်း ၁၀၀ ရေနံမြေကို စိတ်ဝင်စားနေပုံပဲ" ဟု ဂျွန်က ဘေးနားရှိ စတီဗင်ကို ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ် ဒီကိစ္စက ငါ့ကို နည်းနည်း အံ့ဩသွားစေတယ် အနောက်ပိုင်းက ရေနံသယံဇာတတွေ များပြားပေမယ့် လက်ရှိနည်းပညာတွေအရ ကျောက်လွှာအောက်က ရေနံကို တူးဖော်ဖို့က အရမ်းခက်ခဲတယ် ဒီဖုန်းရွေ့ကုမ္ပဏီက စိတ်ဝင်စားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ငါတို့အတွက်တော့ တော်တော်လေး အံ့ဩစရာပဲ" ဟု စတီဗင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အင်း အဲဒါက ငါတို့ ဂရုစိုက်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီက တူးဖော်ချင်တယ်ဆိုရင် သူတို့ဘက်က ငါတို့ သဘောကျလောက်မယ့် တူးဖော်ခွင့်ကြေးနဲ့ သင့်တော်တဲ့ အကျိုးအမြတ်ခွဲဝေမှုကို ပေးနိုင်ဖို့ပဲ လိုတယ် နောက်ပိုင်း ဘယ်လိုရလဒ်ပဲထွက်ထွက် တူးဖော်ခွင့်ကြေး ရလိုက်တာနဲ့တင် ငါတို့က မရှုံးတော့ဘူး သူတို့ ရေနံ တူးဖော်နိုင်မလား မနိုင်ဘူးလား ဆိုတာကို ငါတို့ ဂရုစိုက်နေစရာ မလိုဘူး တကယ်လို့ တူးဖော်နိုင်ခဲ့ရင် အားလုံးအတွက် အကျိုးရှိတာပေါ့ ပြီးတော့ နယူးဖောင်လန် အနောက်ပိုင်းက ရေနံတွေကို တူးဖော်လို့ရတယ်ဆိုတာ တခြားရေနံကုမ္ပဏီတွေကိုပါ သက်သေပြနိုင်လိမ့်မယ် တကယ်လို့ မတူးဖော်နိုင်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ကုန်ကျစရိတ် အရမ်းများပြီး အရှုံးပေါ်သွားရင်တောင် ငါတို့အတွက် ဘာမှ ဆုံးရှုံးမှု မရှိဘူးလေ ဘာလို့လဲဆိုတော့ တူးဖော်တဲ့နေရာမှာ ငါတို့က ငွေတစ်ပြားမှ စိုက်ထုတ်ရတာ မဟုတ်ဘူး" ဟု ဂျွန်က အကြံပိုင်စွာဖြင့် ပြောလိုက်သည်။
"ဟားဟား အဲဒါကတော့ သေချာတာပေါ့"
"ဒါပေမယ့် ခုနက ဖုန်းရွေ့ကုမ္ပဏီက ဆက်သွယ်လာတုန်းက သူတို့ဘက်က ရေနံမြေရဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်း အထက်ကို ရယူချင်တယ်လို့ ပြောလာတယ် အဲဒီအချက်က ငါ့ကို နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်" ဟု စတီဗင်က မကျေနပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ဟွန်း တကယ်လို့ ဖုန်းရွေ့ကုမ္ပဏီက ငါတို့ ကျေနပ်လောက်မယ့် တူးဖော်ခွင့်ကြေးကို ပေးနိုင်ရင် အကျိုးအမြတ်ကို လျှော့ပေးလို့ မရစရာ အကြောင်းမရှိပါဘူး သူတို့ ရေနံကို တူးဖော်နိုင်မလား မနိုင်ဘူးလား ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ တကယ်လို့ ကျောက်လွှာတွေကို မဖောက်နိုင်လို့ ရေနံ မထွက်လာခဲ့ဘူးဆိုရင်တောင် ငါတို့က တူးဖော်ခွင့်ကြေး အများကြီး ရလိုက်တာဆိုတော့ ငါတို့ဘက်က အမြတ်ကြီး ထွက်နေပြီလေ" ဟု စတီဗင်၏ ဘေးတွင် ထိုင်နေသော ရောဘတ်က ဝင်ပြောလိုက်သည်။
"ပြီးတော့ ဒီရေနံစည် သန်း ၁၀၀ ဆိုတဲ့ ရေနံမြေသေးသေးလေးက အနောက်ပိုင်း မြေအောက်မှာ ရှိနေတဲ့ ရေနံစည် ၃၅ ဘီလီယံနဲ့ ယှဉ်လိုက်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာ ဒီလိုရေနံမြေသေးသေးလေးအတွက် ငါတို့ ကျေနပ်လောက်မယ့် တူးဖော်ခွင့်ကြေးသာ ပေးနိုင်ရင် သူတို့ကို အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်းလုံး ပေးလိုက်လည်း ဘာဖြစ်လဲ" ဟု ရောဘတ်က ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်တယ် ဒါက ရေနံမြေကြီးမှ မဟုတ်တာ ရေနံစည် သန်း ၁၀၀ ဆိုတာ ရေနံတန်ချိန် ၁၆ သန်းလောက်ပဲ ရှိတာ ဒီလိုရေနံမြေသေးသေးလေး ပြီးတော့ တူးဖော်ရခက်တဲ့ နေရာမျိုးဆိုတော့ ငါတို့က သူတို့ကို အပြီးအပိုင် ရောင်းလိုက်တာက ပိုကောင်းမယ် အဲဒီအခါကျရင် ရေနံ မထွက်လာလည်း ငါတို့နဲ့ တစ်ပြားမှ မဆိုင်တော့ဘူးလေ ဘာပဲဖြစ်ဖြစ် ငါတို့က တူးဖော်ခွင့်ကြေး ရပြီးပြီပဲ ဟားဟား"
"ခုနက ငါ့အတွင်းရေးမှူးကို ဖုန်းရွေ့ကုမ္ပဏီအကြောင်း စုံစမ်းခိုင်းလိုက်တာ ဒီကုမ္ပဏီ ထောင်ထားတာ ခြောက်လတောင် မပြည့်သေးဘူး လက်ရှိမှာ ရီယာဒ်မြို့က တန်ချိန် သန်း ၉၀ ထွက်တဲ့ သံသတ္တုတွင်း တစ်ခုကို လုပ်ကိုင်နေတယ် ငါကြည့်ရသလောက်တော့ ဒီကုမ္ပဏီက ရေနံမြေ တူးဖော်ခွင့်ကို ရဖို့ အင်အားရှိချင်မှ ရှိလိမ့်မယ် သူတို့ကုမ္ပဏီရဲ့ ရေနံပရောဂျက်ကလည်း အခုမှ စတင်ဖွဲ့စည်းထားတာ ရေနံတစ်ခါမှ မတူးဖော်ဖူးသေးဘူး ငါကြည့်ရတာတော့ သူတို့က နည်းနည်း အ သလိုပဲ"
"ဟားဟား ထားလိုက်ပါတော့ အချိန်တန်လို့ သူတို့က ပိုက်ဆံလာပေးရင်လည်း ငါတို့က အားနာနေစရာ မလိုပါဘူး" ဟု စတီဗင်က ပြောလိုက်သည်။
...
"အစ်ကိုဖုန်း ဒီတစ်ခေါက် ရေနံတင်ဒါပွဲ တာဝန်ခံတွေက ပြောတယ် တင်ဒါမပြိုင်ခင် အချိန်ကြရင် ကျွန်မတို့ကို သူတို့နဲ့ သေချာဆွေးနွေးဖို့ အခွင့်အရေးပေးမယ်တဲ့" ဟု စူးမေးက ဆွန်ဖုန်းအနားသို့ ရောက်လာပြီး ပြောလိုက်သည်။
"အင်း ကောင်းတာပေါ့"
ဆွန်ဖုန်းက ထိုစကားကို ကြားပြီးနောက် တစ်ဖက်လူက သူနှင့် ဆွေးနွေးလိုကြောင်း သိလိုက်ရသဖြင့် အတော်လေး အဆင်ပြေသွားသည်။
ဒါက ပထမဆုံး ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဒီတစ်ကြိမ် တင်ဒါပွဲရက်က နောက်လ တစ်ရက်နေ့ ဖြစ်သည်။
ဆယ်ရက် နှစ်ဆယ်ရက်ခန့် အချိန်ကျန်သေးသည်။
ဆွန်ဖုန်းက ထိုအချိန်အတွင်း ရေနံလုပ်ငန်းသို့ ဝင်ရောက်မည့် ကိစ္စနှင့် ပတ်သက်၍ သေချာ စီစဉ်ရန် ရည်ရွယ်ထားသည်။
ပထမအချက်အနေဖြင့် ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီတွင် ရေနံတူးဖော်ရေး အဖွဲ့တစ်ဖွဲ့ကို ဦးစွာ ဖွဲ့စည်းရမည် ဖြစ်သည်။
ဒုတိယအချက်မှာ နယူးဖောင်လန် အနောက်ပိုင်းသို့ သွားရောက်ကာ ထိုနေရာရှိ ကျောက်လွှာများကို ကိုယ်တိုင် သွားရောက် လေ့လာရမည် ဖြစ်သည်။
တတိယအချက်မှာ မိမိကိုယ်ကို ပြင်ဆင်ရမည် ဖြစ်သည်။
ဆွန်ဖုန်းက လက်ရှိ သူ၏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံမှာ နည်းပါးနေသေးသည်ဟု ခံစားရသည်။
ထို့ကြောင့် ကျန်ရှိနေသည့် ကျောက်စိမ်းတုံး ရာဂဏန်းနှင့် ကြွေထည်များ ရှေးဟောင်းပစ္စည်းများကို စုန့်ကျဲထံ ဆက်သွယ်ကာ အားလုံး ရောင်းချပစ်ရန် စီစဉ်ထားသည်။
ဤကိစ္စသုံးခုလုံးမှာ ဆွန်ဖုန်း အမြန်ဆုံး လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။
"အစ်ကိုဖုန်း တကယ်ပဲ တင်ဒါသွားပြိုင်မှာလား လောလောဆယ် ကျွန်မတို့ကုမ္ပဏီက ဘာမှ မပြင်ဆင်ရသေးဘူးလေ ပြီးတော့ ရင်းနှီးငွေကလည်း" ဟု ယုံကြည်မှု အပြည့်ရှိနေသည့် ဆွန်ဖုန်းကို ကြည့်ကာ စူးမေးက စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။
ဆွန်ဖုန်းက စူးမေး သူ့အတွက် စိုးရိမ်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် နွေးထွေးသွားသည်။
သူက စူးမေး၏ ပခုံးကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။ "မပူပါနဲ့ ငါအလုပ်လုပ်ရင် အမြဲတမ်း အတိုင်းအတာတစ်ခုရှိတယ် ငါ အရှုံးပေါ်မယ့် အလုပ်မျိုး လုပ်ဖူးတာကို မင်း ဘယ်တုန်းက မြင်ဖူးလို့လဲ"
"အဲဒါကတော့"
စူးမေးသည် ထိုစကားကို ကြားပြီးနောက် မတတ်နိုင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
တကယ်တော့ အခြားသူများအမြင်တွင် ဆွန်ဖုန်း ရေနံလုပ်ငန်းသို့ ဝင်ရောက်မည့် အပြုအမူက စဉ်းစား၍မရနိုင်လောက်အောင် ထူးဆန်းနေသည်။
စိတ်လိုက်မာန်ပါ လုပ်နေသကဲ့သို့ ခံစားရစေသည်။
"ကဲပါ မင်း ဘာမှ ဆက်မပြောနဲ့တော့" ဟု ဆွန်ဖုန်းက ပြောလိုက်သည်။
ထို့နောက် ဆွန်ဖုန်းသည် ဖုန်းရွေ့ကုမ္ပဏီတွင် ရေနံဌာနခွဲ ဖွဲ့စည်းမည့် ကိစ္စများကို စူးမေးအား တာဝန်လွှဲအပ်လိုက်သည်။
ဒီကာလအတွင်း သူမ တော်တော်လေး အလုပ်များရတော့မည် ဖြစ်သည်။