အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) မဝယ်နိုင်ဘူး
"ဟူး..."
လူတိုင်းက အနားသို့ ဝိုင်းအုံလာကြသည်။
ရွှေငွေရတနာ သေတ္တာ နှစ်လုံးထဲတွင် အကြီးအသေး အရွယ်အစားစုံ ပစ္စည်းပေါင်း ရာနှင့်ချီ ရှိနေသည်။
အများစုမှာ ပင်လယ်ရေစားပြီး ပျက်စီးနေသော်လည်း အနည်းငယ်မှာ အကောင်းအတိုင်း ရှိနေသေးသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဦးလေးဟော့ ရွေးထုတ်လိုက်သည့် ပစ္စည်းများမှာ အကောင်းအတိုင်း ရှိနေသည့် ပစ္စည်းများ ဖြစ်နေသည်။
ဆွန်ဖုန်းကလည်း ထိုရှေးဟောင်းပစ္စည်း စုဆောင်းသူ၏ အံ့ဩသံကို ကြားပြီး အနည်းငယ် အံ့ဩသွားသည်။
အကြောင်းမှာ သူ ပင်လယ်ကြမ်းပြင်မှ ထိုသေတ္တာ နှစ်လုံးကို ဆယ်ယူရရှိစဉ်က မင်မင်းဆက်မှ ပစ္စည်းများဟုသာ ထင်မှတ်ခဲ့သည်။
ထန်မင်းဆက်နှင့် ဆောင်းမင်းဆက်မှ ပစ္စည်းများ ပါဝင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကြည့်ရသည်မှာ ထိုသင်္ဘောပျက်သည် မင်မင်းဆက်မှ ကြွေထည်များသာမက ယခင်ခေတ်များမှ ရှေးဟောင်းပစ္စည်းအချို့ကိုပါ သယ်ဆောင်လာခဲ့ပုံရသည်။ သို့သော် ကံမကောင်းစွာဖြင့် ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်သွားခဲ့ရသည်။
"ဦးလေးဟော့... ကျွန်တော့်ကို ပြပါဦး"
လီချိုးယွင်က ဦးလေးဟော့ ပွေ့ဖက်ထားသည့် ထန်မင်းဆက် ကြွေထည်ကို ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးများကလည်း ကောက်ကျစ်စွာ တောက်ပနေသည်။
"အင်း... ကြည့်လို့တော့ ရတယ် ဒါပေမယ့် ဒါ ငါရွေးထားတာနော် မင်း လုဖို့ မစဉ်းစားနဲ့"
ဦးလေးဟော့က မကျေမနပ်ဖြင့် လီချိုးယွင်ကို ပေးလိုက်သည်။
လီချိုးယွင်က ဦးလေးဟော့၏ စကားကို ကြားသောအခါ နှုတ်ခမ်းမဲ့သွားသည်။
'ငါ့အကြံအစည်ကို တစ်ဖက်လူက အကုန်သိနေပါလား' ဟု သူ တွေးလိုက်သည်။
"အမယ်လေး... ဒါ ထန်မင်းဆက်နှောင်းပိုင်းက ကြွေဖြူ မဟုတ်လား"
လီချိုးယွင်က ဂရုတစိုက် ယူကြည့်ပြီးနောက် ခဏအကြာတွင် အံ့ဩတကြီး ပြောလိုက်သည်။
"ဟား... မင်းက နည်းနည်းတော့ မျက်စိလျှင်သားပဲ"
ဦးလေးဟော့က ချီးကျူးလိုက်ပြီး ထိုလှပသော ကြွေထည်ကို ပြန်ယူလိုက်သည်။
"ဒီမှာ ရတနာတွေ ရှိနေတာပဲ ငါ သေချာ ရှာကြည့်ရမယ်"
လျောင်ချွမ်းကျဲနှင့် လီချိုးယွင်တို့ကလည်း အလျော့မပေးဘဲ ကြွေထည် တစ်ရာကျော်ကို အကဲဖြတ်နေခြင်းကို ရပ်တန့်ကာ ထိုရွှေငွေရတနာ သေတ္တာ နှစ်လုံးထဲတွင် ရတနာများ ရှာဖွေနေကြသည်။
ဘာပဲဖြစ်ဖြစ် ကြွေထည်တွေက အများကြီးပဲလေ ခဏနေမှ ဖြည်းဖြည်းချင်း အကဲဖြတ်လို့ ရတာပဲ။
"ဝိုး... ဒီလက်စွပ်က တော်တော်ကြာနေပြီပဲ ယွမ်မင်းဆက်က ဖြစ်မယ်ထင်တယ်..."
"မဟုတ်သေးဘူး လီကြီး... ငါထင်တာ ဆောင်းမင်းဆက်က ဖြစ်မယ် မင်း ကြည့်ကြည့် ဒီအစင်းကြောင်းတွေ ဒီဒီဇိုင်းတွေ ဒီကျောက်စိမ်းတွေ ပြီးတော့ ဒီ..."
လျောင်ချွမ်းကျဲနှင့် လီချိုးယွင်တို့က သူတို့၏ အကဲဖြတ်ပညာရှင် နှစ်ယောက်နှင့်အတူ သေတ္တာ နှစ်လုံးထဲတွင် မွှေနှောက်ရှာဖွေနေကြသည်။ ရံဖန်ရံခါ သူတို့ စိတ်ဝင်စားသည့် ရှေးဟောင်းပစ္စည်း အသေးလေးများကို ရှာတွေ့တတ်ကြသည်။
ထိုသေတ္တာ နှစ်လုံးထဲတွင် အများစုမှာ ကျောက်စိမ်းများ၊ လက်ဝတ်ရတနာများ၊ ရွှေငွေ အဆင်တန်ဆာများ ဖြစ်ကြပြီး ကြွေထည် အနည်းငယ်သာ ပါဝင်သည်။
"ဟားဟား... ရွှေတုံးလည်း ပါသေးတယ် ဒီရွှေတုံးက မင်မင်းဆက်က ဖြစ်မယ် တော်တော်တန်ဖိုးရှိမယ် ထင်တယ်"
"ဟေ့ ဟေ့ ဟေ့... မင်းတို့ နှစ်ယောက် ပစ္စည်းကောင်းတွေ အကုန်မယူသွားနဲ့ဦး မင်းတို့ မြန်မြန်သွားပြီး ကြွေထည်တွေကို အကဲဖြတ်ကြလေ"
ဦးလေးဟော့က အသက်ကြီးပြီဖြစ်ရာ လက်တွေ ခြေတွေ နှေးကွေးနေပြီး လျောင်ချွမ်းကျဲနှင့် လီချိုးယွင်တို့လို လူရွယ်များကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။
"ဦးလေးဟော့... ခင်ဗျား အဲဒီလို ပြောတာ မမှန်ဘူးလေ ညီလေးဆွန်က ပြောပြီးပြီပဲ ဒီက ပစ္စည်းတွေကို ကြိုက်သလို ရွေးလို့ရတယ် ဈေးတည့်ရင် ရပြီတဲ့ ဒါ့အပြင် ဟိုဘက်က ကြွေထည်တွေကို ခင်ဗျား စိတ်မဝင်စားဘူးလား ဟိုမှာ အလုံးတစ်ရာလောက် ရှိတာ ကျွန်တော်တို့ နှစ်ယောက်တည်း အကုန်မဝယ်နိုင်ဘူးလေ ခင်ဗျားရော နည်းနည်းပါးပါး ရွေးပြီး မသိမ်းထားချင်ဘူးလား"
လီချိုးယွင်က ပြောလိုက်သည်။
"အင်း ဟုတ်တာပဲ... ငါ့အိမ်မှာ ကြွေထည်က ခုနစ်လုံး ရှစ်လုံးလောက်ပဲ ရှိတာ ဒီတစ်ခေါက် ငါလည်း နည်းနည်းပါးပါး ထပ်ယူပြီး ကြွေထည် ပြပွဲလေး လုပ်ရမယ် ပြီးရင် ဟိုလူကြီးတွေကို ခေါ်ပြပြီး စိတ်တိုအောင် လုပ်ရမယ်... ဟီးဟီး..."
ဦးလေးဟော့က သူ၏ ပစ်မှတ်ကို ရှာတွေ့သွားပုံရသည်။ ဤနေရာတွင် သူ နှစ်သက်သော ပစ္စည်းအချို့ကို ရွေးချယ်ပြီးနောက် သူ ကြိုက်နှစ်သက်သော ကြွေထည်ကောင်းများကို သွားရောက် ရွေးချယ်တော့သည်။
ဦးလေးဟော့က သေတ္တာ နှစ်လုံးထဲမှ သူ နှစ်သက်သော ပစ္စည်း ခုနစ်ခု ရှစ်ခုခန့်ကို ရွေးချယ်ပြီးနောက် ကြွေထည်များကို သွားရွေးချယ်လေသည်။
သေတ္တာထဲတွင် ကျန်ရှိနေသော ရွှေငွေရတနာနှင့် ရှေးဟောင်းပစ္စည်းများကို လီချိုးယွင်နှင့် လျောင်ချွမ်းကျဲတို့က ခွဲဝေယူလိုက်ပြီး စတင် အကဲဖြတ်ကြတော့သည်။
ဆွန်ဖုန်းက သိပ်နားမလည်သဖြင့် စုန့်ကျဲက သူတို့ အကဲဖြတ်နေသည်ကို ဘေးမှ ကြည့်ကာ ဆွန်ဖုန်းအတွက် တိတ်တဆိတ် ကူညီစစ်ဆေးပေးနေသည်။
ထိုလူများက စုန့်ကျဲ၏ မိတ်ဆွေများ ဖြစ်သော်လည်း ဤမျှကြီးမားသော အကျိုးအမြတ်ရှေ့တွင် ဆွန်ဖုန်းကို လိမ်လည်မည် မလိမ်လည်မည်ကို သူ မသိပေ။
ကံကောင်းစွာဖြင့် စုန့်ကျဲကလည်း လက်ဝတ်ရတနာနှင့် ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသူ ဖြစ်ရာ ရှေးဟောင်းပစ္စည်း အများစုကို သူ နားလည်သည်။
ထို့ကြောင့် လီချိုးယွင်နှင့် လျောင်ချွမ်းကျဲတို့ သတ်မှတ်သော ဈေးနှုန်းများမှာ အလွန်အမင်း မကွာဟရဲဘဲ ဈေးကွက်ပေါက်ဈေးနှင့် အနည်းငယ်မျှသာ လျော့နည်းကြောင်း သူ တွေ့ရသည်။
ဘာပဲဖြစ်ဖြစ် ဆွန်ဖုန်းက အရေးပေါ် ရောင်းချချင်နေသူ ဖြစ်ရာ ဈေးကွက်ပေါက်ဈေးထက် အနည်းငယ် လျော့နည်းမည်မှာ သေချာသည်။ ဤအချက်ကို ဆွန်ဖုန်း နားလည်နိုင်သည်။
မကြာမီ သူတို့ နှစ်ယောက်က သေတ္တာ နှစ်လုံးထဲမှ ရှေးဟောင်းပစ္စည်းများနှင့် ကျောက်စိမ်းများကို ခွဲဝေယူပြီးသွားသည်။ တစ်ယောက်ကို တစ်ဝက်စီ ရရှိပြီး အချပ်ရေ လေးဆယ်ခန့်စီ ရရှိကြသည်။
တန်ဖိုးဖြတ်ခြင်းလည်း ပြီးစီးသွားသည်။ လျောင်ချွမ်းကျဲ၏ ရှေးဟောင်းပစ္စည်း အချပ်ရေ လေးဆယ်ကျော်က ယွမ် ၂၃ သန်းခန့် တန်ဖိုးရှိပြီး လီချိုးယွင်၏ ပစ္စည်းများမှာမူ သိပ်မရှားပါးသဖြင့် ယွမ် သန်း ၂၀ ခန့်သာ တန်ဖိုးရှိသည်။
ထိုပစ္စည်းများကို စာရင်းပြုစုပြီး ဈေးနှုန်းများ တပ်ထားလိုက်သည်။ ထိုဈေးနှုန်းများမှာ ဆွန်ဖုန်း သဘောတူထားသော ဈေးနှုန်းများ ဖြစ်သည်။ ဆိုလိုသည်မှာ ဈေးနှုန်း သတ်မှတ်ပြီးပြီ ဖြစ်ရာ ငွေပေးချေပြီး အရောင်းအဝယ် လုပ်ရုံသာ ရှိတော့သည်။
"ကောင်းပြီ... နောက်တစ်ဆင့်အနေနဲ့ ကြွေထည်တွေကို တန်ဖိုးဖြတ်ကြတာပေါ့"
ဆွန်ဖုန်းက ဤအပိုင်း ပြီးစီးသွားသည်ကို မြင်သောအခါ ကြွေထည် အလုံးတစ်ရာကျော်ကို အကဲဖြတ်ရန် ပြောလိုက်သည်။
"ဒီမင်မင်းဆက် ကြွေထည် အများစုက သာမန်မီးဖိုက ထွက်တာတွေပါ အစိုးရမီးဖိုက ထွက်တာ သုံးလေးလုံးလောက်ပဲ ပါတယ်"
အကဲဖြတ်ပညာရှင် နှစ်ယောက်နှင့် ဦးလေးဟော့တို့ သေချာစွာ အကဲဖြတ်ပြီးနောက် အသေးစိတ် အချက်အလက်များကို ပြောပြလာသည်။
"သာမန်မီးဖိုက ထွက်တဲ့ ကြွေထည်တွေက နည်းနည်း ဈေးပေါပြီး အစိုးရမီးဖိုက ထွက်တာတွေကတော့ အများကြီး ပိုဈေးကြီးတယ်"
စုန့်ကျဲက ဘေးမှ ရှင်းပြသည်။
"အင်း..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ သူကလည်း ဒီအကြောင်းတွေကို နည်းနည်းပါးပါး သိထားသည်။
သတင်းများထဲတွင် အစိုးရမီးဖိုမှ ထွက်သော မင်မင်းဆက် ကြွေထည် တစ်လုံးကို ယွမ် ၅ သန်းဖြင့် ရောင်းချခဲ့ရပြီး သာမန်မီးဖိုမှ ထွက်သော ကြွေထည် တစ်လုံးကိုမူ ယွမ် တစ်သန်းခန့်သာ ရကြောင်း သူ မြင်ဖူးသည်။
ဤသည်မှာ အစိုးရမီးဖိုနှင့် သာမန်မီးဖိုတို့၏ ကွာခြားချက်ပင် ဖြစ်သည်။
သေချာသည်မှာ ကြွေထည်၏ ဈေးနှုန်းကို အမျိုးအစား၊ ဒီဇိုင်း၊ ပန်းပုလက်ရာ စသည်တို့အပေါ် မူတည်၍လည်း သတ်မှတ်ရသည်။
အစိုးရမီးဖိုက ထွက်တိုင်း သာမန်မီးဖိုက ထွက်သည်ထက် ဈေးကြီးမည်ဟု တပ်အပ် မပြောနိုင်ပေ။ အဘက်ဘက်မှ ခြုံငုံသုံးသပ်ရမည် ဖြစ်သော်လည်း ယေဘုယျအားဖြင့် အစိုးရမီးဖိုမှ ထွက်သော ကြွေထည်များက တန်ဖိုးပိုကြီးတတ်သည်။
အချိန်က ညနေ ၆ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာပြီး လူတိုင်း ဗိုက်ဆာလာကြသည်။
မွန်းလွဲပိုင်း တစ်ပိုင်းလုံး ရတနာ သေတ္တာ နှစ်လုံးကိုသာ အကဲဖြတ်နိုင်ခဲ့ပြီး ကြွေထည်များကိုမူ တစ်ဝက်ခန့်သာ အကဲဖြတ်နိုင်ခဲ့သည်။ ကျန်တစ်ဝက်မှာ ဈေးနှုန်း မသတ်မှတ်ရသေးပေ။
ဆွန်ဖုန်းက အချိန်ကို ကြည့်ပြီးနောက် အကြံပြုလိုက်သည်။
"ဒီနေ့တော့ မိုးချုပ်နေပြီ ကျွန်တော်တို့ အရင် ထမင်းသွားစားပြီး မနက်ဖြန်မှ ဆက်လုပ်ကြမလား"
"ကောင်းပြီ... စဉ်းစားကြည့်မှ ဗိုက်ဆာနေတာ ကြာပြီပဲ ဟီးဟီး..."
"သွား... ဒီနေ့ ကျွန်တော် ဒကာခံမယ်"
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
အရောင်းအဝယ် ပြီးစီးရန် မနက်ဖြန် တစ်ရက် ထပ်ကြာဦးမည်။ ကျောက်စိမ်းတုံး ရာပေါင်းများစွာကို ဘာမှ မလုပ်ရသေးပေ။
စုန့်ကျဲက သူ အကုန်မဝယ်နိုင်ကြောင်း ဆွန်ဖုန်းကို ပြောပြခဲ့သည်။
သူက ဖန်သားရည် ကျောက်စိမ်း ဆယ်တုံး၊ ရေခဲသား ကျောက်စိမ်း ရှစ်တုံးနှင့် အရည်အသွေး အမျိုးမျိုးရှိသော ကျောက်စိမ်းတုံး ဒါဇင်အနည်းငယ်ကိုသာ ဝယ်နိုင်မည်ဖြစ်သည်။
ကျန်သည့် ပစ္စည်းများကိုမူ သူ အမှန်တကယ် မဝယ်နိုင်တော့ပေ။
အကြောင်းမှာ ဖန်သားရည် ကျောက်စိမ်း ဆယ်တုံးနှင့် ရေခဲသား ကျောက်စိမ်း ရှစ်တုံးသည်ပင် ယွမ် သန်း လေးငါးရာခန့် တန်ဖိုးရှိနေသောကြောင့် ဖြစ်သည်။
စုန့်ကျဲက လုပ်ငန်းကြီးကျယ်ပြီး ချမ်းသာသော်လည်း ထိုငွေများအားလုံးက လက်ငင်းငွေများ မဟုတ်ပေ။
ဆွန်ဖုန်းက လူတိုင်းကို မြေအောက်ခန်းမှ ခေါ်ဆောင်လာပြီးနောက် အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ သေချာသည်မှာ ယန်ရွှယ်လည်း ပါလာခဲ့သည်။
ထမင်းစားပြီးနောက် ဆွန်ဖုန်းက သူတို့အတွက် ဟိုတယ်တစ်ခုတွင် အခန်းငှားပေးပြီးမှ ယန်ရွှယ်ကိုခေါ်ကာ အိမ်ပြန်လာခဲ့သည်။