အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) ဘာသီအိုရီလဲ
"အရှင် အရှင့်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် အကောင်းဆုံး အစီအစဉ်တစ်ခုကို ကျွန်တော် တကယ်ပဲ စဉ်းစားနေပါတယ် မကြာခင်မှာ အရှင့်ကို ပြောပြပါ့မယ် အရှင်က ဒီရေနံမြေရဲ့ တူးဖော်ခွင့်ကိုသာ ရအောင်ယူလိုက်ပါ"
အသံလက်ထောက်က ဆွန်ဖုန်းနှင့် နောက်ပြောင်မနေတော့ဘဲ အတည်အကျ ပြောလိုက်သည်။
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ အသံလက်ထောက်က အစီအစဉ်ရှိသည်ဟု ဆိုကာ အာမခံရဲသည်ဆိုလျှင် သူ့ကို လိမ်မည်မဟုတ်ကြောင်း သူ သိသည်။
ဆွန်ဖုန်းသည် ပတ်ဝန်းကျင်တွင် ခဏမျှ လမ်းလျှောက်ကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရသဖြင့် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ရေနံမြေကိုလည်း အတည်ပြုပြီးပြီဖြစ်ပြီး အသံလက်ထောက်ကလည်း သူ့အတွက် စူးစမ်းရှာဖွေပေးပြီးပြီဖြစ်ရာ လုံလောက်ပြီဖြစ်သည်။
ရေနံမြေ တူးဖော်ခွင့် ရရှိပြီးမှသာ ဆက်လက် စဉ်းစားရမည်ဖြစ်သည်။
"ဘာလို့ ထွက်လာတာလဲ နေကောင်းသွားပြီလား"
ဆွန်ဖုန်းက ယန်ရွှယ် သူ့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ လှပပြီး ဖြူဖွေးသော မျက်နှာလေးမှာ လေအေးများကြောင့် နီရဲနေပြီး အလွန် ချစ်စရာကောင်းလှသည်။
"နည်းနည်း သက်သာသွားပါပြီ ကားထဲမှာ ထိုင်နေရတာ ပျင်းလို့ အပြင်ထွက် လမ်းလျှောက်တာပါ"
ယန်ရွှယ်က ဆွန်ဖုန်း၏ လက်မောင်းကို ချိတ်လိုက်ရာ မွှေးပျံ့သော ရနံ့တစ်ခု ရလာသည်။
ဒီကာလအတွင်း အတူနေလာပြီးနောက် ယန်ရွှယ်က အများကြီး ပြောင်းလဲသွားကြောင်း ဆွန်ဖုန်း သတိထားမိသည်။
ပထမဆုံးအကြိမ် ယန်ရွှယ်နှင့် တွေ့ဆုံစဉ်က သူမမှာ ဆွဲဆောင်မှုရှိပြီး အနည်းငယ် ပေါ့ပျက်ပျက်နိုင်သော အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သူ သိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမက အိမ်ရာအရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်သည် မဟုတ်ပါလား။
သို့သော် ဒီကာလအတွင်း သူမသည် တကယ်တော့ တိတ်ဆိတ်ငြိမ်သက်သော မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။ သာမန်အားဖြင့် စကားသိပ်မပြောတတ်ပေ။ ဒါကသာ ယန်ရွှယ်၏ အစစ်အမှန်ပုံစံ ဖြစ်နိုင်ပေသည်။
ယခင်ပုံစံမှာ သူမ၏ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်နိုင်သည်။
သူမက ဧည့်ခံကျွေးမွေးတတ်ပြီး ချက်ပြုတ်ကျွမ်းကျင်သော ဇနီးကောင်း မိခင်ကောင်း တစ်ယောက်နှင့် ပိုတူလာသည်။
စိတ်သဘောထားကောင်းပြီး ဆွန်ဖုန်းကို အနည်းငယ် ကြောက်ရွံ့ကာ သာမန်အားဖြင့် ဆွန်ဖုန်း၏ စကားကို မလွန်ဆန်ရဲပေ။
ဟုတ်သည် အစေခံမလေး တစ်ယောက်လိုမျိုးပင်။
"ဒါက လူ့အဖွဲ့အစည်းပဲ လူတိုင်းက ကိုယ်နေထိုင်ရတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး ပြောင်းလဲနေကြတာပဲ" ဆွန်ဖုန်းက စိတ်ထဲတွင် တွေးလိုက်သည်။
"ဗိုက်ဆာပြီလား"
ဆွန်ဖုန်းက ယန်ရွှယ်၏ ခါးသေးသေးလေးကို ဖက်ကာ ကားဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
"နည်းနည်း"
ယန်ရွှယ်က တိုးတိုးလေး ဖြေလိုက်သည်။
"ငါတို့ ပြန်ကြရအောင်"
"ဟုတ်"
ယန်ရွှယ်က လိမ်မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ညနေ ၄ နာရီခန့်တွင် ဆွန်ဖုန်းသည် နယူးဖောင်လန် အနောက်ပိုင်းရှိ မြို့ငယ်လေးသို့ ပြန်ရောက်လာပြီး ကားငှားရမ်းသည့်နေရာသို့ ကားသွားပြန်အပ်လိုက်သည်။
ထို့နောက် ဆွန်ဖုန်းသည် ဗိုက်ဆာနေသော ယန်ရွှယ်ကို ခေါ်ကာ ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်သို့ သွား၍ ထမင်းစားခဲ့ကြသည်။
နယူးဖောင်လန်သို့ ရောက်မှတော့ ပင်လယ်စာ မစားဘဲ နေ၍ ရမည်လား။
နယူးဖောင်လန်က ကမ္ဘာ့အဆင့်မီ ငါးဖမ်းကွင်းကြီး တစ်ခုဖြစ်ပြီး ပင်လယ်စာ အမျိုးအစားစုံလင်စွာ အများအပြား ရှိကာ အလွန် လတ်ဆတ်လှသည်။
ယနေ့ ဆွန်ဖုန်း၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေသဖြင့် အရက်အနည်းငယ် သောက်ခဲ့ရာ နောက်ဆုံးတွင် အနည်းငယ် မူးသွားခဲ့သည်။ ယန်ရွှယ်၏ တွဲကူမှုဖြင့် ယခင်က ကြိုတင် ကြိုတင်ဘွတ်ကင်လုပ်ထားသော ဟိုတယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဆွန်ဖုန်းသည် အားဖြည့်ဆေးရည် ထိုးသွင်းပြီးကတည်းက ခန္ဓာကိုယ် ကျန်းမာရေး အလွန်ကောင်းမွန်လာပြီး အရက်သောက်နိုင်စွမ်းလည်း မြင့်မားလာခဲ့သည်။ သို့သော် အကန့်အသတ်တော့ ရှိသည်။
ဒီညတွင် သူသည် အရက်ပြင်း သုံးလေးပုလင်းခန့် သောက်လိုက်ရာ မူးသွားခဲ့ခြင်း ဖြစ်သည်။
ယန်ရွှယ်သည် ဆွန်ဖုန်းကို သနားကြင်နာစွာဖြင့် ကြည့်ကာ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရက်နံ့များကို ရှူရှိုက်ရင်း ဆွန်ဖုန်းကို ဟိုတယ် ဓာတ်လှေကားထဲသို့ ခက်ခက်ခဲခဲ တွဲခေါ်လာခဲ့သည်။
"ဘာလို့ အဲဒီလောက် အများကြီး သောက်ရတာလဲ"
ယန်ရွှယ်က တစ်ရှူးထုတ်ကာ ဆွန်ဖုန်း၏ မျက်နှာကို သုတ်ပေးလိုက်သည်။
"ဟီးဟီး ပျော်လို့လေ"
ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ပြီး ယန်ရွှယ်၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်တင်ကာ နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"မင်းက ကလေးတစ်ယောက်လောက် လိုချင်တယ်လို့ ခဏခဏ ပြောနေတာဆိုတော့ ဒီည မင်းကို အခွင့်အရေး တစ်ခုပေးရမလား"
ယန်ရွှယ်မှာ ဆွန်ဖုန်း၏ စကားကြောင့် အလွန် ရှက်သွားပြီး လှပသော မျက်နှာလေးမှာ နီမြန်းသွားသည်။ ဆွန်ဖုန်းက ဒီလောက်မြန်မြန် သဘောတူလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
စိတ်ထဲတွင် ဝမ်းသာသွားသည်။ ဤသည်မှာ သူမ၏ အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်သည်။
သို့သော် နောက်တစ်ခဏတွင် ယန်ရွှယ်က ရုတ်တရက် သတိရသွားသည်။ လက်ရှိတွင် ဆွန်ဖုန်းမှာ အရက်မူးနေရာ ဤစကားမှာ မူးပြီး ပြောသည့်စကားများ ဖြစ်နေနိုင်မည်လား။
"ဘယ်လိုလဲ စကားမပြောဘူးဆိုတော့ မင်း မလိုချင်တော့လို့လား"
ဆွန်ဖုန်းက ယန်ရွှယ်၏ မျက်နှာအနီးသို့ ကပ်သွားပြီး သူမ၏ ပါးပြင်ကို ပုတ်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး... ဒါပေမယ့် ဒီည အစ်ကိုက အရက်သောက်ထားတယ်လေ... ဒီလိုဆို သိပ်မကောင်းဘူး... အရက်ပါဝင်နေရင် နောက်မျိုးဆက်ရဲ့ မျိုးဗီဇအပေါ် သက်ရောက်မှု မကောင်းဘူးတဲ့..."
ယန်ရွှယ်က ဆွန်ဖုန်းကို အခန်းထဲသို့ တွဲခေါ်လာရင်း ရှင်းပြလိုက်သည်။
ဆွန်ဖုန်းက ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားသည်။ ငါက အားဖြည့်ဆေးရည် ထိုးသွင်းထားတဲ့ ယောက်ျားကွ လက်ရှိ ကမ္ဘာပေါ်မှာ အသန်မာဆုံး ယောက်ျားပဲ ဘယ်လိုလုပ်ပြီး မျိုးဗီဇ မကောင်းနိုင်ရမှာလဲ။
အရက်နည်းနည်း သောက်တာပဲကို ဒုက္ခပါပဲ။ ငါ့ကလေးက မျိုးဗီဇ အကောင်းဆုံး ဖြစ်ရမယ်လို့ ဆွန်ဖုန်း ရဲရဲဝံ့ဝံ့ အာမခံရဲသည်။
"ဘာသီအိုရီလဲ ဘယ်သူပြောတာလဲ"
ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းခါကာ မေးလိုက်သည်။ လက်ရှိတွင် သူ၏ ဦးနှောက်မှာ အနည်းငယ် ထိုင်းမှိုင်းနေပြီဖြစ်ပြီး စကားပြောသံလည်း ကျယ်လောင်လာသည်။
"ဆရာဝန် ပြောတာပါ"
ယန်ရွှယ်က သက်ပြင်းချကာ ခေါင်းခါပြီး ဆက်ပြောလိုက်သည်။ "အစ်ကို အရင် လှဲနေလိုက်ဦး ကျွန်မ အရက်ပြေအောင် လက်ဖက်ရည် တစ်ခွက် သွားဖျော်ပေးမယ်"
"ဘာဆရာဝန်လဲ..."
တစ်ညလုံး ဘာစကားမှ မပြောဖြစ်ခဲ့ကြပေ။
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ဗန်ကူးဗားသို့ အလျင်စလို မပြန်သေးဘဲ ယန်ရွှယ်ကို ခေါ်ကာ နယူးဖောင်လန်တွင် သုံးရက်ခန့် လည်ပတ်ခဲ့ပြီးမှ ဗန်ကူးဗားရှိ အိမ်သို့ ပြန်လာခဲ့သည်။
ဗန်ကူးဗားသို့ ပြန်ရောက်သောအခါ ဟွမ်ကျားချန် နိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်ရသည်။ ဤနေရာတွင် နှစ်လနီးပါးခန့် လည်ပတ်ခဲ့ပြီဖြစ်ရာ အတော်လေး ကြာမြင့်နေပြီဖြစ်သည်။
လျန်ရင်နှင့် ဝူမန်ရှင်းတို့က စူးမေးကို ကူညီရန် မားစ် သံသတ္တုတွင်းရှိရာသို့ သွားကြသည်။
ထို့ကြောင့် အိမ်တွင် သနားစရာကောင်းသော မမလေး ဟယ်မင်ယီသာ ကျန်ရှိနေတော့သည်။
သို့သော် ဆွန်ဖုန်းကို အနည်းငယ် အံ့ဩသွားစေသည်မှာ သူ အိမ်ပြန်ရောက်သောအခါ ယခင်က တွေ့ခဲ့ဖူးသော ရှန်ကွမ်ကျစ်ရှီ သူ၏အိမ်သို့ ရောက်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
တိုင်းပြည်ကိုတောင် ဖျက်ဆီးနိုင်လောက်အောင် လှပသော ဒီအမျိုးသမီးက သူ၏အိမ်သို့ ဘာလို့ ရောက်နေရတာလဲ။
"သေနာလေး ရှင် ပြန်လာပြီလား... မမရှန်ကွမ်က ဒီမှာ လာလည်ချင်တယ်ဆိုလို့ ငါတို့အိမ်မှာ ခဏလာနေတာ..."
ဟယ်မင်ယီသည် ရှန်ကွမ်ကျစ်ရှီနှင့်အတူ ဈေးဝယ်အိတ်များထဲမှ အဝတ်အစားများကို မွှေနှောက်ကြည့်ရှုနေသည်။ ကြည့်ရသည်မှာ သူတို့ ဈေးဝယ်ရာမှ ယခုမှ ပြန်ရောက်လာပုံရသည်။
"ဟဲဟဲ မစ္စတာဆွန် ရှင့်အိမ်မှာ လာနေရတာ အားနာပါတယ် ရှင့်ကို အနှောင့်အယှက် မဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်"
ရှန်ကွမ်ကျစ်ရှီက အလွန် ယဉ်ကျေးစွာဖြင့် ဆွန်ဖုန်းကို ပြုံးပြကာ ပြောလိုက်သည်။
"ရပါတယ် ခင်ဗျာ မင်ယီနဲ့က ညီအစ်မတွေပဲ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး နေပါ အားနာစရာ မလိုပါဘူး"
ဆွန်ဖုန်းက ရှန်ကွမ်ကျစ်ရှီကို သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။
အကြောင်းမှာ တစ်ဖက်လူ၏ သွေးကြောထဲတွင် အေးစက်ပြီး မာနကြီးမှုများ ကိန်းအောင်းနေကြောင်း သူ သတိထားမိသောကြောင့် ဖြစ်သည်။ နှစ်ကြိမ်တွေ့ဖူးသော်လည်း တစ်ဖက်လူက သူ့ကို ဖြောင့်ဖြောင့်တောင် မကြည့်ခဲ့ပေ။
ဆွန်ဖုန်းက အနည်းငယ် မျက်စိကျတတ်သော်လည်း မိန်းမချောလေး တွေ့တိုင်း လိုက်ပိုးပန်းမည့်သူမျိုးတော့ မဟုတ်ပေ။
"ယန်ရွှယ် ဟင်းသွားချက်တော့လေ"
ယခု ညနေစောင်းနေပြီဖြစ်ကြောင်း ဆွန်ဖုန်း သတိထားမိသဖြင့် ယန်ရွှယ်ကို ပြောလိုက်သည်။
"ဟုတ်"
ယန်ရွှယ်က လိမ်မာစွာဖြင့် ထွက်သွားလေသည်။
ဆွန်ဖုန်းက ဧည့်ခန်းထဲတွင် အမျိုးသမီး နှစ်ယောက် စကားပြောကောင်းနေသည်ကို မြင်သောအခါ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ဘဲ စာကြည့်ခန်းထဲသို့ ဝင်ကာ ကွန်ပျူတာဖြင့် ဂိမ်းကစားနေလိုက်သည်။
...
"မင်ယီ နင် ဘယ်တော့ မင်္ဂလာဆောင်မှာလဲ"
ရှန်ကွမ်ကျစ်ရှီက ဟယ်မင်ယီ၏ လက်ကို ကိုင်ကာ တိုးတိုးလေး မေးလိုက်သည်။ ဟိုင်ထျန်းမြို့က သူငယ်ချင်းတွေထဲမှာ ဟယ်မင်ယီက အမြန်ဆုံး ကလေးရသွားသူ ဖြစ်သည်။
"နောက်ထပ် နှစ်လ သုံးလလောက် ကြာဦးမယ် အဲဒီလူဆိုးက ကလေးမွေးပြီးမှ အတူတူ လုပ်မယ်တဲ့"
ဟယ်မင်ယီက ပြောလိုက်သည်။
"မင်ယီ နားထောင်လို့ မကောင်းတဲ့ စကားတစ်ခွန်းလောက် ငါ ပြောပါရစေ ငါကြည့်ရတာ ဆွန်ဖုန်းက နည်းနည်း မျက်နှာများတဲ့ ပုံပဲ ဟို ယန်ရွှယ်ဆိုတဲ့ တစ်ယောက်က သူ့ရဲ့ တတိယမယား မဟုတ်လား"
ရှန်ကွမ်ကျစ်ရှီက မေးလိုက်သည်။
သူမ အမုန်းဆုံးမှာ ထိုသို့သော မျက်နှာများသည့် အမျိုးသားများကို ဖြစ်သည်။ ဤသည်မှာလည်း ဆွန်ဖုန်းကို သူမ အမြဲတမ်း အေးစက်စက် ဆက်ဆံရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဟယ်မင်ယီက သူမ၏ သူငယ်ချင်း ဖြစ်ရာ သူငယ်ချင်း အနိုင်ကျင့်ခံရသည်ကို မြင်သောအခါ သူမ စိတ်မချမ်းသာဖြစ်ရသည်။
"ဟူး... ဘာတတ်နိုင်မှာလဲ လင်နောက် လိုက်ရတာပဲပေါ့"
ဟယ်မင်ယီက သက်ပြင်းချလိုက်သည်။ ပြန်တွေးကြည့်တိုင်း ရင်နာစရာ ကောင်းသော ထိုကိစ္စကို တွေးမိသောအခါ သူမ ဒေါသထွက်မိသည်။
"ဒါဆိုရင် နင်က ဘာလို့ သူ့နောက် လိုက်ခဲ့သေးလဲ"
ရှန်ကွမ်ကျစ်ရှီက နားမလည်စွာဖြင့် မေးလိုက်သည်။
"ဟူး..."
ဟယ်မင်ယီက သက်ပြင်းချလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောလိုတော့ပေ။
ပျော်ရွှင်အောင် နေနိုင်ရင် လုံလောက်ပြီဖြစ်သည်။ ဆွန်ဖုန်းဆိုသည့် လူကို သူမ မထိန်းချုပ်နိုင်ကြောင်း သိသည်။ ဆွန်ဖုန်းက ဘယ်လိုလူမျိုးလဲဆိုတာကို သူမ သိသည်။ အမျိုးသမီးတစ်ယောက်ကသာ သူ၏ ခေါင်းပေါ်တက်ပြီး ပြဿနာရှာရဲပါက အခြေအနေ အလွန်ဆိုးရွားသွားမည် ဖြစ်သည်။
"ထားလိုက်ပါတော့ ဒါတွေ မပြောတော့ပါဘူး နင့်အကြောင်းပဲ ပြောကြရအောင် ဘာပဲဖြစ်ဖြစ် ငါ ပျော်နေရင် ရပါပြီ အဲဒီလူက ငါ့အပေါ် မဆိုးပါဘူး"
ဟယ်မင်ယီက ပြောလိုက်သည်။
"..."
ရှန်ကွမ်ကျစ်ရှီက ဟယ်မင်ယီ၏ ရင်ထဲမှ အမှန်တကယ် တွေးခေါ်မှုများကို နားမလည်နိုင်ပေ။
သူမ၏ သူငယ်ချင်းဖြစ်သူသည် ယခင်က ဘာကိုမှ ဂရုမစိုက်ဘဲ ရဲရင့်သူ တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဘာကြောင့် အလျှော့ပေးသွားရသနည်းဟု သူမ သံသယဖြစ်မိသည်။
တကယ်တော့ ဟယ်မင်ယီကို ဆွန်ဖုန်းက အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါကတော့ ဘာပြောစရာ ရှိမှာလဲ မိဘတွေက ငါနဲ့ ဟို ပေကျင်းက သူဌေးသားနဲ့ကို တစ်ချိန်လုံး သဘောတူစေချင်နေတာ ဒါကြောင့် ငါက စိတ်ပြေလက်ပျောက် လာအနားယူတာပါ"
ရှန်ကွမ်ကျစ်ရှီက သက်ပြင်းချကာ ပြောလိုက်သည်။
"ရပါတယ် နင် တကယ့်အချစ်စစ်ကို ရှာတွေ့ဖို့ ငါ အားပေးပါတယ်"
"..."