အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) မင်းနဲ့အတူ အောင်မြင်မှုတွေ ပြန်လည်တည်ဆောက်မယ်
"ဟားဟား..."
ဆွန်ဖုန်းက စူးမေး၏ ရှက်သွေးဖြာနေသော ပုံစံကို ကြည့်ပြီး ရယ်မောလိုက်သည်။
"မင်းက ငါနဲ့ ဖုန်းရေစိုခံမခံ စမ်းသပ်ကြည့်ချင်တယ်ဆို... ဒီည ရေချိုးခန်းထဲမှာ စမ်းကြည့်ကြမလား"
ဆွန်ဖုန်းက စူးမေး၏ ရှက်သွေးဖြာကာ ဒေါသထွက်နေသည့် ပုံစံကို သဘောကျသဖြင့် ဆက်လက် နောက်ပြောင်လိုက်သည်။
"ကျွန်မ ဘယ်တုန်းက အဲလိုပြောလို့လဲ... ရှင်က အိမ်ထောင်သည် တစ်ယောက်လေ... ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ"
စူးမေးမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီလာပြီး မျက်နှာလွှဲကာ နှုတ်ခမ်းဆူ၍ ပြောလိုက်သည်။
"အိမ်ထောင်သည်ဆိုတော့ကော ဘာဖြစ်လဲ... ငါကတော့ ဒီလိုပဲ..."
ဆွန်ဖုန်းက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
"ငါ့မှာ ရည်းစားလည်း ရှိတယ်... တတိယမယားလည်း ရှိတယ်... လစ်ဟာနေတာက အငယ်အနှောင်းလေး တစ်ယောက်ပဲ"
ဆွန်ဖုန်းက လက်ချိုးရေတွက်ရင်း ပြောလိုက်သည်။
"ရှင်..."
စူးမေးသည် ချက်ချင်း အရှုံးပေးလိုက်ရသည်။ ဒီလောက် မျက်နှာပြောင်တိုက်သော သူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။
သူမသည် ဆဲရေးတိုင်းထွာချင်စိတ်များ ပေါက်လာသော်လည်း မဝံ့ရဲသဖြင့် မျက်စောင်းသာ ထိုး၍ မကျေနပ်မှုကို ပြသလိုက်သည်။
"ညီမလေးမင်ယီက ရှင်နဲ့ ဘယ်လိုလုပ်ပြီး အတူတူ နေနိုင်ရတာလဲဆိုတာ ကျွန်မ တကယ် စဉ်းစားလို့ မရဘူး"
စူးမေးက နဖူးကို ကိုင်ကာ နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
"ဪ... အဲဒါက ငါ ရုပ်ချောလို့လေ... သူက ငါ့ကို ကြိတ်ပြီး ကြိုက်နေတာကိုး..."
ဆွန်ဖုန်းက ပြောရင်း ဆံပင်ကို သပ်လိုက်သည်။
"..."
"ထားလိုက်ပါတော့... ကျွန်မ ကော်ဖီသောက်ပြီးပဲ စိတ်ကို ငြိမ်အောင်ထားလိုက်ပါတော့မယ်..."
စူးမေးသည် ဆွန်ဖုန်းကို လုံးဝ အရှုံးပေးလိုက်ရသည်။
"ကဲပါ...မနောက်တော့ပါဘူး... မြန်မြန်သောက်... လေယာဉ်ပေါ် တက်ရအောင်..."
ဆွန်ဖုန်းက ခွက်ထဲမှ ကော်ဖီကို ကုန်အောင် သောက်လိုက်ပြီး စူးမေးအား ပြောလိုက်သည်။
"ဟုတ်..."
ဆယ်မိနစ်ခန့် အကြာတွင် သူတို့နှစ်ယောက်သည် နယူးဖောင်လန်သို့ သွားမည့် လေယာဉ်၏ ပထမတန်း အခန်းသို့ တက်ရောက်ခဲ့ကြသည်။
"ဘော့စ်... ဒီတစ်ခေါက် ရှင် ဘယ်လောက် ယုံကြည်မှု ရှိလဲ..."
လေယာဉ်ပေါ်တွင် စူးမေးက မျက်စိမှိတ်ကာ အနားယူနေသော ဆွန်ဖုန်းကို ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
စူးမေးသည် ဆွန်ဖုန်းအတွက် အလုပ်လုပ်ပေးခဲ့သော ကာလတစ်လျှောက်တွင် ဆွန်ဖုန်း လုပ်သမျှ ကိစ္စတိုင်း၌ သူ့အကြောင်းပြချက်နှင့် သူ ရှိနေကြောင်း သတိထားမိခဲ့သည်။
သို့သော် ဤရေနံလုပ်ငန်းသို့ ဝင်ရောက်မည့် ကိစ္စနှင့် ပတ်သက်၍မူ စူးမေးသည် လုံးဝ သဘောမတူပေ။
ရေနံလုပ်ငန်း၏ ရှုပ်ထွေးနက်နဲမှုကို အတွင်းလူများသာ သိကြသည်။ ထို့ကြောင့် စူးမေးက သဘောမတူရခြင်း ဖြစ်သည်။
သို့သော် သူမသည် ဘော့စ် မဟုတ်သလို ဘော့စ်၏ ပြတ်သားမှုကို မြင်တွေ့ရသောအခါ ကန့်ကွက်၍လည်း အကျိုးမရှိနိုင်ကြောင်း သိရှိခဲ့သည်။
"၈၀ ရာခိုင်နှုန်းလောက်ပေါ့"
ဆွန်ဖုန်းက အရင်ကလို အပြည့်အဝ ယုံကြည်မှု မရှိသလို ဖြစ်နေသည်။ တကယ်တော့ သူလည်း စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေပြီး ဒီတစ်ခေါက် အောင်မြင်ပါ့မလားဟု စိုးရိမ်နေမိသည်။
"တကယ်လို့ ငါ ဒီတစ်ခေါက် ကျရှုံးပြီး ဒေဝါလီခံရမယ် မိန်းမလည်း ထွက်ပြေးသွားမယ်ဆိုရင် မင်း ငါ့ကို ထားခဲ့မှာလား"
ဆွန်ဖုန်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် စူးမေးကို မေးလိုက်သည်။
"ဒေဝါလီခံရမယ်..."
စူးမေးသည် ဆွန်ဖုန်း၏ အကြည့်ကို ရင်ဆိုင်လိုက်သည်။ ဆွန်ဖုန်းက ဒီလောက် ထိလွယ်ရှလွယ်တဲ့ မေးခွန်းမျိုး မေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
စူးမေးသည် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် ဖြေလိုက်သည်။
"ကျွန်မ ရှင့်ဘေးနားမှာနေပြီး အောင်မြင်မှုတွေ ပြန်လည် တည်ဆောက်နိုင်အောင် ကူညီပေးပါ့မယ်"
"ကောင်းတယ်... ငါ လူရွေးမမှားပါဘူး..."
ဆွန်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ရှင်က ကျွန်မကို ယုံကြည်သလို ကျွန်မကလည်း ရှင့်ကို ယုံကြည်လို့ပါ..."
စူးမေးကလည်း အနည်းငယ် ပြုံးလိုက်သည်။ ဆွန်ဖုန်းက သူမကို အလုပ်ခန့်စဉ်က သူမ၏ စွမ်းဆောင်ရည်ကို မပြသရသေးခင်မှာပင် တစ်နှစ်ကို လစာ ယွမ် တစ်သန်း ပေးခဲ့သည်ကို သူမ ယခုထိ မှတ်မိနေသေးသည်။
ကနေဒါသို့ ရောက်သည်နှင့် ဆွန်ဖုန်းက ဒေါ်လာ သန်း ၁၀၀ ကို ထုတ်ပေးကာ သူမကို ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ တည်ထောင်စေခဲ့သည်။ ထို့နောက် မန်နေဂျာချုပ်အဖြစ် ရာထူးတိုးပေးကာ မားစ် သံသတ္တုတွင်း၏ အလုပ်အများစုကို သူမအား တာဝန်လွှဲပြောင်းပေးခဲ့သည်။
ဆွန်ဖုန်းက ဘာမှ မလုပ်ဘဲ နေနေသည်ဟု ထင်ရသော်လည်း ကုမ္ပဏီ၏ လည်ပတ်မှုကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။
"ယုံကြည်မှု..."
စူးမေးက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
ရက်သတ္တပတ် အနည်းငယ်မျှသာ သိကျွမ်းခဲ့သော လူတစ်ယောက်အား ဒေါ်လာ သန်း ၁၀၀ ကို ပေးအပ်ကာ ကုမ္ပဏီ တည်ထောင်စေခြင်းမှာ မည်သို့သော ယုံကြည်မှုမျိုး ဖြစ်မည်နည်း။
စူးမေးသည် ယခင်က ဤသို့သော ယုံကြည်မှုကို မကြုံတွေ့ခဲ့ဖူးသလို အခြားသူများလည်း ကြုံတွေ့ဖူးမည် မဟုတ်ကြောင်း သူမ ယုံကြည်သည်။
ထို့ကြောင့် စူးမေးသည် ဆွန်ဖုန်းကို အလွန် လေးစားပြီး သစ္စာရှိခြင်း ဖြစ်သည်။
ဆွန်ဖုန်း ပြောသလို သူ ဒေဝါလီခံရလျှင်တောင် ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ အောင်မြင်မှုတွေ ပြန်လည် တည်ဆောက်နိုင်အောင် သူမ ကူညီပေးချင်သည်။
"ငါ ဒေဝါလီခံရလို့ မိန်းမမယူနိုင်တော့ရင် မင်း ငါ့ကို လက်ထပ်မလား..."
ဆွန်ဖုန်း၏ တည်ငြိမ်နေသော မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး စူးမေး၏ ရင်ဘတ်ကို လောဘတကြီး ကြည့်ကာ မေးလိုက်သည်။
"ဆွန်ဖုန်း ရှင်... ရှင် တော်တော် အလုပ်အားနေတာပဲ..."
စူးမေးသည် ဆွန်ဖုန်း၏ မျက်နှာ တစ်စက္ကန့်အတွင်း ပြောင်းလဲသွားပြီး သူမကို ပြန်လည် နောက်ပြောင်နေသည်ကို မြင်သောအခါ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့သွားသည်။
သူမသည် ဆွန်ဖုန်းကို လုံးဝ လက်မြှောက် အရှုံးပေးလိုက်ရသည်။ ဒီလူက တော်တော်လေး စိတ်ပျက်စရာ ကောင်းလွန်းသဖြင့် ထုရိုက်ပစ်ချင်စိတ်များပင် ပေါက်လာသည်။
"ငါ တကယ်ပြောနေတာ..."
ဆွန်ဖုန်းက စူးမေး၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
စူးမေးသည် ဆွန်ဖုန်း၏ လေးနက်သော ပုံစံကို မြင်သောအခါ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ တဒိတ်ဒိတ် ခုန်လာသည်။ သူမသည် အမြဲတမ်း စာကြိုးစားသူ တစ်ယောက်ဖြစ်ပြီး ရည်းစား တစ်ခါမှ မထားဖူးခဲ့ပေ။
ဆွန်ဖုန်း၏ ဤမျှ လေးနက်သော အမူအရာကို ပထမဆုံးအကြိမ် မြင်တွေ့ရချိန်တွင် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး လှပသော မျက်နှာလေးမှာလည်း နီမြန်းလာသည်။
"...ကျွန်မ... ရှင်... ရှင့်မှာ ချစ်သူ ရှိနေပြီလေ..."
စူးမေးမှာ စကားတွေ ထစ်အကာ ပထမဆုံးအကြိမ်အဖြစ် မိန်းမငယ်လေး တစ်ယောက်လို ဖြစ်သွားသည်။
"ဟားဟား... မင်းစကားကို နားထောင်ရတာ ငါ့မှာသာ ချစ်သူမရှိရင် မင်းက သဘောတူမယ့်ပုံပဲ..."
ဆွန်ဖုန်းက ရယ်မောလိုက်သည်။
"အဲ... အဲဒီလို မဟုတ်ပါဘူး... ကျွန်မက ရှင့်ကို မကြိုက်ပါဘူး..."
စူးမေးက ချက်ချင်း ငြင်းဆိုလိုက်သည်။
"ဟားဟားဟား..."
ဆွန်ဖုန်းက ဟားတိုက် ရယ်မောလိုက်ရာ ဘေးနားမှ ခရီးသည်များပင် လှည့်ကြည့်လာကြသည်။
"ရှင်... ရှင် ဘာလို့ ရယ်နေတာလဲ... ကျွန်မ ရှင့်ကို မလိမ်ပါဘူး..."
စူးမေးသည် တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရသကဲ့သို့ ခံစားလိုက်ရသည်။
"ကောင်းပြီ... ဒီအကြောင်း ဆက်မပြောတော့ဘူး... မနက်ဖြန် တစ်ဖက်လူက ဘယ်အချိန် တွေ့မယ်လို့ ချိန်းထားလဲ..."
"မနက် ဆယ်နာရီပါ..."
စူးမေးက ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ဒီည စိန့်ဂျွန်းမှာ ဟိုတယ်တစ်ခု ရှာပြီး အိပ်ကြတာပေါ့..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
ညနေပိုင်းတွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် နယူးဖောင်လန်ရှိ စိန့်ဂျွန်းမြို့သို့ အချိန်မီ ရောက်ရှိလာခဲ့ကြသည်။ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် တက္ကစီငှားကာ ဟိုတယ်တစ်ခုသို့ သွားရောက် တည်းခိုခဲ့ကြသည်။
ညဘက်တွင် ဆွန်ဖုန်း ရေချိုးနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
"ဘယ်သူလဲ..."
ဆွန်ဖုန်းက သဘက်တစ်ထည်ကို ပတ်ကာ တံခါးသွားဖွင့်လိုက်ရာ စူးမေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာလုပ်မလို့လဲ... အတူတူ ရေလာချိုးမလို့လား..."
ဆွန်ဖုန်းသည် တံခါးပေါက်တွင် မှီရပ်ကာ ခေါင်းမှ ဆပ်ပြာမြှုပ်များကို ပွတ်သပ်ရင်း မေးလိုက်သည်။
"အို... ဘာလို့ အဝတ်အစား မဝတ်ထားတာလဲ..."
စူးမေးသည် ဆွန်ဖုန်း၏ ပုံစံကို မြင်သောအခါ ရှက်သွားပြီး မျက်နှာလွှဲကာ မကြည့်ရဲတော့ပေ။
"ဟေ့ ဟေ့ ဟေ့... ငါက သဘက် ပတ်ထားတာပါကွာ..."
ဆွန်ဖုန်းမှာ စကားပြောစရာ မရှိတော့ပေ။ ဘာတွေများ အံ့ဩစရာ ရှိနေလို့လဲ ငါက ပိုပြီး နစ်နာနေတာကို။
"မြန်မြန်ချိုး... ခဏနေရင် ကျွန်မ ရှင့်ကို လာခေါ်ပြီး ထမင်းထွက်စားမယ်... ဒီဟိုတယ်က အစားအစာတွေက သိပ်မကောင်းဘူး..."
စူးမေးက တစ်ခွန်းတည်း ပြောပြီး သူမ၏ အခန်းသို့ အမြန် ပြန်သွားလေသည်။
ရေချိုးပြီးနောက် ဆွန်ဖုန်းသည် စူးမေး၏ ဆွဲခေါ်မှုကြောင့် ထမင်းသွားစားခဲ့ရသည်။ စူးမေးသည်လည်း အစားအသောက် ကြိုက်သူ တစ်ဦးဖြစ်ရာ ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်ကို ရှာတွေ့ခဲ့ပြီး ပင်လယ်စာ အမြောက်အမြားကို တစ်ထိုင်တည်း မှာယူလိုက်သည်။
"ဒီက ပင်လယ်စာတွေက တကယ် ကောင်းတာပဲ..."
"ဒါပေါ့... နယူးဖောင်လန် ငါးဖမ်းကွင်းက ဒီမှာရှိတာပဲ... ပင်လယ်စာ မကောင်းဘဲ နေမလား..." ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟီးဟီး မင်း ပိုကောင်းတဲ့ ပင်လယ်စာ မစားဖူးသေးလို့ပါ တူနာငါးကော စားဖူးလား" ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။
"တူနာငါး... မစားဖူးဘူး ကြားဖူးတာကတော့ အရမ်းဈေးကြီးတယ်ဆို ဝယ်ချင်တိုင်းတောင် ဝယ်လို့မရဘူးတဲ့" စူးမေးက ပြောလိုက်သည်။
"နောက်တစ်ခါ ငါ ဒကာခံမယ်"
ဆွန်ဖုန်းက နောက်ပိုင်း အားရင် တူနာငါး တစ်ကောင်လောက် သွားဖမ်းပြီး စားဦးမည်ဟု ဆုံးဖြတ်လိုက်သည်။ ပြီးခဲ့သည့် တစ်ခေါက်က စားဖူးပြီးကတည်းက ယခုထိ မေ့မရနိုင်သေးဘဲ အရသာကို တမ်းတနေမိသည်။
"တကယ်လား"
"လိမ်စရာလား မင်းမှ ငါ့ကို လက်မထပ်တာ"
"..."