← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) ဆွေးနွေးခြင်း

နောက်တစ်နေ့ နံနက် ၉ နာရီကျော်တွင် ဆွန်ဖုန်းသည် စူးမေးကို ခေါ်ကာ စိန့်ဂျွန်းမြို့တော်ခန်းမသို့ ထွက်ခွာလာခဲ့သည်။

၉ နာရီ ၅၀ မိနစ်တွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် မြို့တော်ခန်းမ၏ အစည်းအဝေးခန်း တစ်ခုအတွင်း၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

၁၀ နာရီ တိတိတွင် လူ ၃ ယောက် အခန်းထဲသို့ ဝင်လာသည်။ သုံးယောက်စလုံးမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်ကြပြီး ဝဝဖြိုးဖြိုးနှင့် ဗိုက်ရွှဲရွှဲများ ဖြစ်ကြသည်။

"ဟဲဟဲ မစ္စတာဆွန်ဖုန်း မင်္ဂလာပါ ကျွန်တော်က ဒီတစ်ကြိမ် နယူးဖောင်လန် ရေနံ တူးဖော်ရေး တင်ဒါကော်မတီ တာဝန်ခံတွေထဲက တစ်ယောက်ဖြစ်တဲ့ စတီဗင်ပါ"

ရှေ့ဆုံးမှ ဝင်လာသော လူလတ်ပိုင်းက ပြုံးရွှင်စွာဖြင့် ဆွန်ဖုန်းထံသို့ တိုက်ရိုက် လျှောက်လာကာ လက်ကမ်းပေးလိုက်သည်။

ဆွန်ဖုန်းနှင့် စူးမေးတို့လည်း မတ်တတ်ရပ်လိုက်ကြသည်။

"မင်္ဂလာပါ ကျွန်တော်က ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဆွန်ဖုန်းပါ"

ဆွန်ဖုန်းက ပြုံး၍ စတီဗင်နှင့် ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မစ္စတာဆွန်ဖုန်းက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပဲ အသက်ဒီလောက်ငယ်ငယ်နဲ့ သတ္တုတွင်း ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်ထားပြီး မားစ် သံသတ္တုတွင်းကိုလည်း ပိုင်ဆိုင်ထားတယ်"

စတီဗင်က ဆွန်ဖုန်းကို ချီးကျူးလိုက်သည်။ တကယ်တော့ သူက ဆွန်ဖုန်းကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားခဲ့သည်။

အကြောင်းမှာ ဆွန်ဖုန်းက အလွန် ငယ်ရွယ်လွန်းပြီး အသက် ၂၃၊ ၂၄ နှစ်ခန့်သာ ရှိပုံရသောကြောင့် ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် သတ္တုတွင်း ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်ထားပြီး ယခု ရေနံလုပ်ငန်းဘက်သို့ပါ ခြေဆန့်လာခြင်းမှာ တကယ်ကို အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။ ဤသို့သော လူမျိုးမှာ အလွန် ရှားပါးလှသည်။

"ကျေးဇူးတင်ပါတယ်"

ဆွန်ဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက ဟန်ဆောင်ပြီး ချီးကျူးနေခြင်း မဟုတ်ဘဲ ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။

"ဒီအမျိုးသမီးက ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီရဲ့ မန်နေဂျာချုပ် မစ်စူးမေး ဖြစ်ရမယ်"

စတီဗင်က ဆွန်ဖုန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆွန်ဖုန်းဘေးမှ စူးမေးကို ကြည့်ကာ မေးလိုက်သည်။

"ဟုတ်ပါတယ် မစ္စတာစတီဗင် မင်္ဂလာပါ"

စူးမေးက ရှေ့တိုးကာ လက်ကမ်းပေးလိုက်သည်။

"မစ်စူးမေးက တကယ်ကို လှပတာပဲ"

စတီဗင်က စူးမေးကိုလည်း ချီးကျူးလိုက်သည်။ ဤသို့သော အလကားရသည့် ချီးကျူးစကားများကို နိုင်ငံရေးသမားများက အမြဲတမ်း ပါးစပ်ဖျားတွင် ဆောင်ထားလေ့ရှိကြသည်။

"ကျေးဇူးတင်ပါတယ်"

ထို့နောက် ဆွန်ဖုန်းသည် အခြား တာဝန်ခံ နှစ်ဦးနှင့်လည်း အပြန်အလှန် နှုတ်ဆက်ကာ မိတ်ဆက်ကြပြီးနောက် အားလုံး နေရာယူလိုက်ကြသည်။

စတီဗင်သည် ရာထူးအမြင့်ဆုံးသူ ဖြစ်ပုံရကြောင်း ဆွန်ဖုန်း ရိပ်မိလိုက်သည်။ အနည်းဆုံးတော့ ဘေးနားရှိ သူ နှစ်ယောက်ထက် ရာထူး ပိုမြင့်ပုံရသည်။ အခြား နှစ်ယောက်၏ အမည်မှာ ရောဘတ်နှင့် ဂျွန်တို့ ဖြစ်ကြသည်။

စကားအနည်းငယ် ပြောပြီးနောက် ဤနိုင်ငံခြားသားများသည် အရှေ့တိုင်းသားများကဲ့သို့ စကားလမ်းကြောင်း လွှဲနေလေ့မရှိဘဲ ခေါင်းစဉ်သို့ တိုက်ရိုက် ဝင်လိုက်ကြသည်။

"မစ္စတာဆွန်ဖုန်း အရင်က ခင်ဗျားတို့ ကုမ္ပဏီရဲ့ မန်နေဂျာချုပ် မစ်စူးမေးက ကျွန်တော်တို့နဲ့ အကြိမ်အနည်းငယ် ဆက်သွယ်ခဲ့ဖူးပါတယ် နယူးဖောင်လန် အနောက်ပိုင်းက ရေနံစည် သန်း ၁၀၀ သိုလှောင်ထားတဲ့ ရေနံမြေရဲ့ တူးဖော်ခွင့်ကို ခင်ဗျားတို့ ကုမ္ပဏီက ရယူချင်တယ်ဆိုတာကိုလည်း သူမက ပြောပြခဲ့ပါတယ် ဟုတ်ပါသလား"

စတီဗင်က ဆွန်ဖုန်းကို မေးလိုက်သည်။

"ဟုတ်ပါတယ် ကျွန်တော်တို့ ကုမ္ပဏီက နယူးဖောင်လန် အနောက်ပိုင်းက ဒီရေနံမြေကို အရမ်း စိတ်ဝင်စားပါတယ်"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

စတီဗင်တို့ သုံးယောက်သည် ဆွန်ဖုန်း ကိုယ်တိုင် အတည်ပြုလိုက်သည်ကို မြင်သောအခါ မျက်နှာတွင် အပြုံးများ ပေါ်လာကြသည်။ နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာအောက်ရှိ ရေနံများကို တွေ့ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မည်သည့် ရေနံကုမ္ပဏီကမှ မတူးဖော်ခဲ့ကြပေ။ ယခု တစ်ကြိမ်တွင်မူ သူတို့က တစ်ယောက်ကို ဖမ်းမိသွားပြီ ဖြစ်သည်။

"ဟဲဟဲ မစ္စတာဆွန် နယူးဖောင်လန် အစိုးရ သယံဇာတ ဝန်ကြီးဌာနက ခင်ဗျားလို စီးပွားရေး လုပ်ငန်းရှင်တွေ ရေနံ လာရောက် ရင်းနှီးမြှုပ်နှံပြီး တူးဖော်တာကို အရမ်း ဝမ်းသာကြိုဆိုပါတယ် ဒီနှစ်ပိုင်းတွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူး အခွင့်အရေးတွေ အများကြီး ပေးထားပါတယ်"

ရောဘတ်က ဝင်ပြောလိုက်သည်။

နယူးဖောင်လန်၏ ရေနံကို လာရောက် ရင်းနှီးမြှုပ်နှံပြီး တူးဖော်မည်ဆိုပါက နယူးဖောင်လန်၏ ဘဏ္ဍာရေး ဝင်ငွေနှင့် အခွန်ငွေများ တိုးလာမည် ဖြစ်ရာ သူတို့က ကြိုဆိုရမည် မဟုတ်ပါလား။

"မစ္စတာဆွန် ဒီအနောက်ပိုင်းက ရေနံစည် သန်း ၁၀၀ ရှိတဲ့ ရေနံမြေက ရေနံမြေသေးသေးလေး တစ်ခုဆိုတာ ခင်ဗျားလည်း သိမှာပါ သူ့ရဲ့ တူးဖော်ခွင့်ကြေးက အမေရိကန်ဒေါ်လာ ၅၅၀ သန်းပါ ခင်ဗျားက ၅၅၀ သန်း ပေးလိုက်တာနဲ့ ဒီရေနံမြေရဲ့ တူးဖော်ခွင့်ကို ရရှိမှာဖြစ်ပြီး ဒီရေနံမြေရဲ့ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကိုလည်း ရရှိမှာပါ သေချာတာပေါ့ နယူးဖောင်လန် အစိုးရကလည်း ၅၀ ရာခိုင်နှုန်း ရရှိမှာပါ"

စတီဗင်က ပြုံး၍ ဆွန်ဖုန်းကို ပြောလိုက်သည်။

နယူးဖောင်လန် အနေဖြင့် အမေရိကန်ဒေါ်လာ ၅၅၀ သန်းဖြင့် ဤရေနံစည် သန်း ၁၀၀ ရှိသော ရေနံမြေကို ဆွန်ဖုန်းအား အပြီးအပိုင် ရောင်းချမည် မဟုတ်ပေ။ ဤရေနံမြေ၏ အကျိုးအမြတ် အားလုံးကို ဝယ်ယူလိုပါက အမေရိကန်ဒေါ်လာ ၅၅၀ သန်းထက် များစွာ ပိုမို ပေးချေရမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ရေနံဆိုသည်မှာ မဟာဗျူဟာမြောက် သယံဇာတ တစ်ခု ဖြစ်ရာ ကနေဒါလူမျိုးများက မအပေ။

"ကျွန်တော် သိပါတယ်"

ဆွန်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။

ဆွန်ဖုန်းသည် ဤရေနံမြေကို အလွန် လိုချင်နေကြောင်း သူတို့ကို မပြသလိုပေ။ ထိုသို့ ပြသမိပါက နောက်ပိုင်း ဆွေးနွေးမှုများတွင် သူက အသာစီး ရမည်မဟုတ်တော့ပေ။

"ဟဲဟဲ ဒါဆို မစ္စတာဆွန်ရဲ့ သဘောထားက... ဒီတူးဖော်ခွင့်ကို ဝယ်ဖို့ ပြင်ဆင်ထားတာပေါ့"

ဂျွန်၏ မျက်လုံးများက အရောင်လက်သွားသည်။ အကယ်၍ ဤအရောင်းအဝယ် အောင်မြင်ပါက သူတို့၏ လုပ်ငန်းစွမ်းဆောင်ရည်တွင် အရေးပါသော မှတ်တမ်းတစ်ခု တိုးလာမည် ဖြစ်သည်။

"မစ္စတာဆွန် ဒီလိုပါ ခင်ဗျားက ဝယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ဒီနေရာမှာ သီးသန့် ဆွေးနွေးလို့ ရပါတယ် ဒါပေမယ့် ဒီရေနံမြေက လောလောဆယ် တင်ဒါပွဲမှာ ပါနေပြီဆိုတော့ ခင်ဗျား ဝယ်ချင်တယ်ဆိုရင်တောင် တင်ဒါပွဲမှာ တခြား ရေနံကုမ္ပဏီတွေ ဝင်ပြိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမယ် တကယ်လို့ ဝင်ပြိုင်တဲ့သူတွေ ရှိရင် ဈေးနှုန်းပိုင်းကို တင်ဒါပွဲမှာပဲ ဈေးပြိုင်ပြီး အတည်ပြုရမှာပါ"

ထိုအချိန်တွင် ရောဘတ်က ထပ်မံ ဝင်ပြောလိုက်သည်။

ဆွန်ဖုန်းသည် ရောဘတ်၏ စကားကို သဘောပေါက်သည်။ တစ်ဖက်လူ၏ သဘောမှာ တင်ဒါပွဲတွင် အခြား ရေနံကုမ္ပဏီများက ဤရေနံမြေကို ဝင်ပြိုင်ပါက တူးဖော်ခွင့်ကြေးကို လေလံဈေးနှုန်းအတိုင်း သတ်မှတ်မည် ဖြစ်သည်။ အကယ်၍ ဝင်ပြိုင်မည့်သူ မရှိပါက ဤဆွေးနွေးပွဲတွင် သတ်မှတ်ထားသော ဒေါ်လာ ၅၅၀ သန်းဖြင့်သာ သတ်မှတ်မည် ဖြစ်သည်။

အကယ်၍ အခြား ရေနံကုမ္ပဏီများ ဝင်ပြိုင်ပါက တူးဖော်ခွင့်ကြေးမှာ ဒေါ်လာ ၅၅၀ သန်းထက် သေချာပေါက် များမည်ဖြစ်သည်။

ဆွန်ဖုန်းသည် ရောဘတ်၏ စကားကို ကြားသောအခါ စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်သည်။ လက်ရှိတွင် အနောက်ပိုင်းရှိ ဤကျောက်လွှာအောက် ရေနံမြေကို မည်သည့် ရေနံကုမ္ပဏီကမှ စိတ်ဝင်စားမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။ ထို့အပြင် ရေနံမြေ အသေးလေးသာ ဖြစ်သည်။

"ဒီလိုပါ ကျွန်တော်ထင်တာက ဒီဒေါ်လာ ၅၅၀ သန်းဆိုတဲ့ တူးဖော်ခွင့်ကြေးက အရမ်းများနေတယ် ပြီးတော့ ကျွန်တော်က အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းပဲ ရမှာ ရေနံတူးဖော်တဲ့ အခါကျရင် ခင်ဗျားတို့က ဘာမှ မစိုက်ထုတ်ရဘဲ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို အလကား ရနေတာလေ"

ဆွန်ဖုန်းက သာမန်လေသံဖြင့် ပြောလိုက်ပြီး မျက်နှာချင်းဆိုင်မှ လူ ၃ ယောက်ကို ပြုံး၍ ကြည့်လိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး မစ္စတာဆွန် ဒီတူးဖော်ခွင့်ကြေးက မများပါဘူး ကျွန်တော်တို့က ဒီနှစ် ရေနံဈေးနှုန်း အတက်အကျအပေါ် မူတည်ပြီး သတ်မှတ်ထားတာပါ လုံးဝ တရားမျှတတဲ့ ဈေးနှုန်းပါ ပြီးတော့ ကျွန်တော်တို့က ၅၀ ရာခိုင်နှုန်းကို အလကား ယူတာ မဟုတ်ပါဘူး ဒီရေနံမြေက ကျွန်တော်တို့ ကနေဒါနိုင်ငံပိုင်လေ ခင်ဗျားက ဒေါ်လာ ၅၅၀ သန်းတည်းနဲ့ ရေနံမြေ တစ်ခုလုံးကို အပြီးအပိုင် ဝယ်ချင်လို့ မရဘူးလေ"

ဂျွန်က ခေါင်းကို ခပ်သွက်သွက် ခါရမ်းကာ မျက်နှာပင် နီလာပြီး ပြောလိုက်သည်။

ဤဆွေးနွေးပွဲမှာ ယခုမှ အမှန်တကယ် စတင်ပြီး ဈေးဆစ်ရမည့် အချိန်ရောက်လာပြီဖြစ်ကြောင်း အစည်းအဝေးခန်းထဲရှိ လူတိုင်း သိကြသည်။

စူးမေးသည် ဆွန်ဖုန်း၏ ဘေးတွင် ထိုင်ကာ မိမိ၏ ဘော့စ်က တစ်ဖက်လူနှင့် ဈေးဆစ်နေသည်ကို ငြိမ်သက်စွာ ကြည့်နေသည်။ လက်ရှိတွင် ဆွန်ဖုန်း၌ လည်ပတ်ငွေ ဒေါ်လာ ၁.၂ ဘီလီယံသာ ရှိကြောင်း သူမ ကောင်းစွာ သိသည်။

တူးဖော်ခွင့်ကြေး ဒေါ်လာ ၅၅၀ သန်းတည်းကပင် ဆွန်ဖုန်း၏ ငွေတစ်ဝက်ခန့်ကို ယူသွားမည် ဖြစ်သည်။

နောက်ပိုင်း ဤရေနံမြေကို တူးဖော်မည်ဆိုပါက တူးဖော်ရေး ကိရိယာများ ဝယ်ယူခြင်း၊ အလုပ်သမားများ ငှားရမ်းခြင်း၊ အင်ဂျင်နီယာများ ငှားရမ်းခြင်း၊ ထောက်ပံ့ရေးနှင့် အခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရဦးမည် ဖြစ်ရာ ဤသည်မှာ ကြီးမားသော ငွေကြေး ပမာဏ ဖြစ်လာမည်ဖြစ်သည်။

"သေချာတာပေါ့ ဒေါ်လာ ၅၅၀ သန်းတည်းနဲ့ ရေနံမြေ တစ်ခုလုံးကို အပြီးအပိုင် ဝယ်ယူမယ်လို့ ကျွန်တော် မပြောပါဘူး ကျွန်တော် ဆိုလိုတာက ဒီတူးဖော်ခွင့်ကြေးကို နည်းနည်း ထပ်လျှော့ပေးလို့ ရမလားလို့ပါ"

ဆွန်ဖုန်းက ပြောလိုက်သည်။

လက်ရှိတွင် သူ့၌ အားသာချက် ရှိနေသည်။ သူမှလွဲ၍ အခြား မည်သည့် ရေနံကုမ္ပဏီကမှ အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေကို လာရောက် ရင်းနှီးမြှုပ်နှံမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

ဆိုလိုသည်မှာ ဒီရွာလေးကို ကျော်သွားလျှင် ဒီလိုဆိုင်မျိုး မရှိတော့ပြီမို့ တစ်ဖက်လူက သူ့ထက် ပို၍ စိုးရိမ်နေမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူ တစ်ယောက်တည်းကသာ ဤအနောက်ပိုင်း ရေနံမြေကို စိတ်ဝင်စားနေသောကြောင့် ဖြစ်သည်။

All Chapters